အခန်း (၉၈၁-၉၈၂)
Vol. 82 Ch. 981-982
အခန်း ၉၈၁ - ပြိုင်ပွဲ၊ ကာဘိုင်ရိုင်ဖယ်၏ စွမ်းဆောင်ရည်နှင့် တော်ပီဒိုများ ဝယ်ယူခြင်း
ဆာရာ၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီနှင့် အခြားသူများအားလုံး ရယ်မောလိုက်ကြသည်။
“မင်းပြောတဲ့ ပင်ဖိုင်းယားရိုင်ဖယ်တွေမှာ အဲ့ဒီပြဿနာရှိနိုင်ပေမဲ့ ငါတို့လက်ထဲက သေနတ်တွေမှာတော့ အဲ့ဒီလိုပြဿနာမျိုး မရှိဘူး။”
ရှောင်းယီက သူ၏လက်ထဲရှိ ကာဘိုင်ရိုင်ဖယ်ကို လှုပ်ခါပြရင်း ပြန်လည်ဖြေကြားလိုက်သည်။
“အဲ့ဒီလိုပြဿနာမျိုး မရှိဘူး ဟုတ်လား။”
ဆာရာက မျက်မှောင်ကြုတ်လိုက်၏။
“ဂိမ်းတစ်ခုလောက် ကစားကြည့်ရအောင်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဘာဂိမ်းလဲ။”
ဆာရာ ခေတ္တမျှ ကြောင်အသွားပြီး ပြန်မေးလိုက်၏။
“ဒီမှာ ပစ်မှတ် စုစုပေါင်း အခုနှစ်ဆယ်ရှိတယ်။ မင်းက ဟိုဘက်အစကနေ စပစ်၊ ငါက ဒီဘက်အစကနေ စမယ်။ ဘယ်သူ ပိုမှန်အောင်ပစ်နိုင်မလဲ ကြည့်ကြတာပေါ့။ ငါက ဒါကိုသုံးမယ်။ မင်းကတော့ လေးနဲ့မြှားကို သုံးပေါ့။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ။”
ဆာရာက ချက်ချင်းပင် သဘောတူလိုက်သည်။ ဤကဲ့သို့သော ပြိုင်ပွဲမျိုးသည် မည်သူက ပိုမြန်သလဲဆိုသည်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး ဆာရာသည်လည်း သူမ၏ အမြန်နှုန်းအပေါ် အလွန်ယုံကြည်မှုရှိပေသည်။ ၎င်းအပြင် ဤပစ်မှတ်များသည် ငြိမ်နေသည့်အတွက် သူမအတွက် စိန်ခေါ်မှုပင် မရှိပေ။
ကျန်းရွှဲ့က ပြုံးလိုက်သည်။
“ကျွန်းပိုင်ရှင် အရင်ဆုံး စမ်းသပ်ပစ်ခတ်ပြီး အာရုံခံကြည့်တာ အကောင်းဆုံးပဲ။”
ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်သည် ပစ်ခတ်မှု တိကျမှုမြင့်မားသော်လည်း သေနတ်အသစ်ကို စတင်ကိုင်တွယ်ချိန်တွင် အသားကျရန် အချိန်အနည်းငယ် လိုအပ်ပေသေးသည်။
ထိုအခါ ရှောင်းယီက သေနတ်ကို မြှောက်လိုက်ပြီး မေးလိုက်သည်။
“တစ်ချက်လောက် စမ်းပစ်ကြည့်လို့ ရမလား။”
“ပစ်ကြည့်လေ။”
ဆာရာက ပြန်ဖြေ၏။
ရှောင်းယီသည် အဝေးရှိ ပစ်မှတ်ဆီသို့ ချက်ချင်းပင် တစ်ချက် ပစ်ခတ်လိုက်သည်။
ဒိုင်း
အလယ်ဗဟိုကို တည့်တည့်ထိမှန်သွား၏။
ထိုအခါ ရှောင်းယီက ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
“သေနတ်အရည်အသွေးက ကောင်းပါတယ်။ အနည်းဆုံးတော့ ချိန်ကွက်တွေက တိကျတယ်။”
ယခင်က သူမမြင်ဖူးသည့် သေနတ်ရှည်များ၏ အသံနှင့် ကွဲပြားနေသော သေနတ်သံကို ကြားလိုက်ရသဖြင့် ဆာရာသည် ကာဘိုင်ရိုင်ဖယ်ကို သံသယဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ထွေထွေထူးထူး မစဉ်းစားမိပေ။
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။ သေနတ်အသစ်ကို ရရချင်းမှာပင် ဗဟိုချက်ကို မှန်အောင်ပစ်နိုင်ခြင်းသည် သေနတ်၏ ချိန်ကွက်ကောင်းမွန်မှုအပြင် ပစ်ခတ်သူ၏ အာရုံခံစားမှု အလွန်အားကောင်းခြင်းကိုလည်း ပြသနေလေသည်။
“အဆင်သင့်ဖြစ်ပြီလား။”
ရှောင်းယီသည် စမ်းသပ်ပစ်ခတ်ပြီးနောက် စိတ်ကျေနပ်သွားပြီး ဆာရာကို မေးလိုက်သည်။ ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။
“ကျည်ဆန်အရင် မထည့်တော့ဘူးလား။”
ရှောင်ယီ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ပြုံးလိုက်၏။
“မလိုပါဘူး။ မင်းအဆင်သင့်ဖြစ်ရင် စကြတာပေါ့။”
ဆာရာတစ်ယောက် ဇဝေဇဝါဖြစ်သွားခဲ့သည်။
“ကျွန်းပိုင်ရှင်က ကျည်ဆန်လဲတဲ့နေရာမှာ သာမန်စစ်သားတွေထက် အများကြီး ပိုမြန်လောက်အောင်အထိ စွမ်းအားကြီးနေတာလား။”
သူမ တွေးတောနေမိသည်။
သူမကိုယ်တိုင်လည်း ယခင်က စမ်းသပ်မှုများ ပြုလုပ်ဖူး၏။ ပင်ဖိုင်းယားရိုင်ဖယ်ကို အလွန်ကျွမ်းကျင်သည့် စစ်သားများပင် ကျည်တစ်တောင့်ပစ်ပြီး နောက်တစ်တောင့်ပြန်မဖြည့်မီ အချိန်အတွင်း သူမက မြှားသုံးလေးစင် ပိုပစ်နိုင်သည်။
သို့သော် ရှောင်းယီ၏ ခိုင်မာသော အကြည့်ကို မြင်သောအခါ ဆာရာ ဘာမှထပ်မပြောတော့ဘဲ “စရအောင်” ဟု ဆိုလိုက်၏။
ထိုအခါ ကျန်းရွှဲ့က ရှေ့တက်လာပြီး အချက်ပေးလိုက်သည်။
“အသင့်ပြင်... ၃...၂... ၁... စ...။”
ဆာရာသည် ချက်ချင်းပင် မြှားတစ်စင်ကို ထုတ်ယူကာ လေးကြိုးတွင် တပ်ဆင်ပြီး ပစ်ခတ်လိုက်တော့သည်။
သူမ၏မြှား လေးကြိုးမှ မထွက်ခွာမီမှာပင်...ဘေးဘက်မှ ဒိုင်းဒိုင်းဒိုင်းဆိုသည့် အသံများ စဉ်ဆက်မပြတ် ထွက်ပေါ်လာသည်ကို သူမ ကြားလိုက်ရ၏။
ဆာရာသည် ဟိုဘက်တွင် ဘာဖြစ်နေသလဲဆိုသည်ကို ကြည့်မနေတော့ဘဲ ထိုမြှားကို ပစ်ပြီးသည်နှင့် နောက်ထပ်မြှားတစ်စင်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြန်သည်။
သို့သော် သူမ၏ ဒုတိယမြောက် ပစ်မှတ်၌ ကျည်ဆန်ထိမှန်ပြီးသား ဖြစ်နေလေပြီ။
ဆာရာသည် ရှောင်းယီလက်ထဲမှ ကာဘိုင်ရိုင်ဖယ်ကို အံ့အားသင့်တုန်လှုပ်သော အမူအရာဖြင့် ကြည့်နေမိပြီး ဆွံအသွားတော့သည်။
ကာဘိုင်ရိုင်ဖယ်၏ သီအိုရီအရ ပစ်ခတ်မှုနှုန်းမှာ တစ်မိနစ်လျှင် ကျည် ၇၀၀ မှ ၉၀၀ ကြားရှိပြီး ဆီမီးအော်တို စနစ်တွင်မူ သင်၏ လက်ချောင်းက မောင်းတံကို မည်မျှအမြန်ဆွဲနိုင်သလဲဆိုသည့်အပေါ်တွင် မူတည်ပေသည်။
ရှောင်းယီ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အမြင့်ဆုံးအဆင့်ဖြစ်သော SSS အဆင့်ဖြစ်ရာ သူသည် ဤဆီမီးအော်တို ကာဘိုင်ကို သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ ပစ်ခတ်နိုင်ခြင်းဖြစ်သည်။
“မဆိုးဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဒီလက်နက်ကို လူတိုင်းကို အမြန်ဆုံး တပ်ဆင်ပေးလိုက်ပါ။ ပင်ဖိုင်းယားရိုင်ဖယ်တွေကိုတော့ အချို့တစ်ဝက် ချန်ထားခဲ့ကြ။”
အမှန်စင်စစ် အကွာအဝေး ဝေးဝေးမှ ပစ်ခတ်သတ်ဖြတ်ရန်အတွက်မူ ပင်ဖိုင်းယားရိုင်ဖယ်များက အားသာချက် အနည်းငယ် ရှိနေဆဲပင်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ငါလည်း စမ်းပြီး အချက်အနည်းငယ်လောက် ပစ်ကြည့်ပါရစေဦး။”
ထို့နောက် ကျန်းယွင်ထျန်းသည် သူ၏လက်ထဲမှ ကာဘိုင်ရိုင်ဖယ်ကို မြှောက်ကာ ရှေ့ရှိပစ်မှတ်ဆီသို့ ကျည်ဆန်များကို အဆက်မပြတ် ပစ်ခတ်လိုက်တော့သည်။
ရှောင်းယီက သူ့ကို လက်မထောင်ပြလိုက်၏။ ကျန်းယွင်ထျန်း ပစ်လိုက်သော ကျည်ဆန်ပေါက်များအားလုံးသည် ပစ်မှတ်၏ ဗဟိုချက်တည့်တည့်တွင် စုပြုံနေပြီး ဗဟိုချက်မှာ အပေါက်ကြီးဖြစ်သွားသည်အထိ ပွင့်ထွက်သွားလေသည်။
ဘေးတွင်ရှိနေသော ဆာရာသည် နောက်ဆုံးတွင်မှ သတိပြန်ဝင်လာပြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဒါက ဘာလဲ...။”
“ဒါက ငါတို့မဟာမိတ်အဖွဲ့ရဲ့ လက်နက်သစ် ဆီမီးအော်တို ကာဘိုင်ရိုင်ဖယ်ပဲ။ နောက်ကျရင် ဒါကို အကျွမ်းကျင်ဆုံးဖြစ်တဲ့ အစ်ကိုကျန်းနဲ့ အစ်မရွှဲ့တို့ကို မင်းကို သင်ပေးဖို့ ငါပြောထားလိုက်မယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ဆာရာက ခေါင်းငြိမ့်လိုက်သည်။ ထိုအခါ ရှောင်းယီက လေသံအေးအေးဖြင့် ဆက်ပြောလိုက်သည်။
“လူသားတွေက သတ်ဖြတ်နိုင်တဲ့ စက်ကိရိယာ အများကြီးကို တီထွင်ခဲ့ကြတယ်။ ပင်ဖိုင်းယားရိုင်ဖယ်က ခေတ်နောက်အကျဆုံး အမျိုးအစားထဲမှာ ပါဝင်နေတာမို့လို့ လူသားတွေ တီထွင်လိုက်တဲ့ ဘယ်လက်နက်ကိုမှ လျှော့မတွက်နဲ့။”
“ဟုတ်ကဲ့ပါ။ ကျွန်မ နားလည်ပါပြီ။”
ဆာရာက လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုစဉ်မှာပင် ရှောင်းယီ၏ ဖုန်းမှ အသံမြည်လာခဲ့လေသည်။
“ကျွန်းပိုင်ရှင် လူတစ်ယောက်က တော်ပီဒိုတွေ ဝယ်ဖို့ တောင်းဆိုနေပါတယ်။”
အခြားတစ်ဖက်မှ ဆုဝမ်၏ အသံထွက်ပေါ်လာခဲ့သည်။
“တစ်ဖက်လူရဲ့ နာမည်က ဘယ်သူလဲ။”
ရှောင်းယီက တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။
“လေထဲက မီးတိမ်လို့ ခေါ်ပါတယ်။”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
ထိုအမည်ကို ကြားလိုက်ရသောအခါ ရှောင်းယီ၏ နှုတ်ခမ်းအစုံ တွန့်ကွေးသွား၏။
“ငါ အခုချက်ချင်း ပြန်လာခဲ့မယ်။”
မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်အရ မကြာမီတွင် မသေမျိုးသတ္တဝါများ အကြီးအကျယ် တိုက်ခိုက်လာတော့မည်ကို ရှောင်းယီ နားလည်ထားသည်။ ထို့ကြောင့် သူသည် တော်ပီဒိုများကို အသုံးပြုရန် လူလွှတ်နေမည့်အစား အရေအတွက် ကန့်သတ်ချက်ဖြင့် တိုက်ရိုက်ရောင်းချရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ‘လေထဲက မီးတိမ်’ ကို ချက်ချင်း ဆက်သွယ်လိုက်ပြီး မေးလိုက်သည်။
“တော်ပီဒိုတွေကို ဘာအတွက် သုံးမှာလဲ။”
“ကျုပ်တို့ မဟာမိတ်အဖွဲ့က ဧရာအသတ္တဝါကြီးတစ်ကောင်ကို ရှာတွေ့ထားလို့ပါ။”
တစ်ဖက်လူက ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“မင်းတို့ အဖွဲ့ထဲမှာ SSS အဆင့်ကို ရောက်တဲ့သူ ရှိနေပြီလား။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ဟုတ်ကဲ့ ဒါက သူဌေးရဲ့ လမ်းညွှန်ချက်ကြောင့်ပါပဲ။ မဟုတ်ရင် အခုလို လွယ်လွယ်ကူကူ ဖြစ်လာမှာ မဟုတ်ဘူး။”
တစ်ဖက်လူက အနည်းငယ် အလျင်စလို ဖြစ်နေပုံရသည်။
“သူဌေး တော်ပီဒိုတွေကို အရင်ရောင်းပေးလို့ ရမလား။ သတ္တဝါကြီးကို ရှင်းလင်းပြီးတာနဲ့ သူဌေးမေးချင်တာမှန်သမျှကို ကျုပ်တို့ ဖြေပေးပါ့မယ်။”
“တခြားမေးစရာ မရှိတော့ဘူး။ လဲလှယ်ကြရအောင်။”
ထို့နောက် ရှောင်းယီသည် တော်ပီဒို ၅ လုံးကို တစ်ဖက်လူထံ လဲလှယ်ပေးလိုက်တော့လေသည်။
တော်ပီဒိုများကို လက်ခံရရှိပြီးနောက် SSS အဆင့်သို့ တက်လှမ်းထားသော လူငယ်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
“ဒါတွေကို သတ္တဝါကြီးနဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာကို အခုချက်ချင်း ပို့လိုက်။”
“ဟုတ်ကဲ့ပါ။”
ထိုစဉ် ဘေးတွင်ရှိနေသော အဘိုးအိုက ပြောလိုက်သည်။
“ဒီယီရန်ပင်းရဲ့ ဗူးထဲမှာ ဘာဆေးတွေ ထည့်ထားလဲဆိုတာ ကျုပ် တကယ် စဉ်းစားလို့ မရဘူး။”
လူငယ်လည်း မျက်မှောင်ကြုတ်နေ၏။
ရှောင်းယီသည် အဆင့်မြှင့်တင်မှု အတွေ့အကြုံများကို လူတိုင်းအား အသိပေးခဲ့ခြင်းမှာ လူအများ အင်အားမြန်မြန် တိုးတက်လာစေရန်အတွက် ဖြစ်သည်မှာ သိသာလှသည်။ သို့သော် SSS အဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ သတ္တဝါကြီးများ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်ကြောင်း လူငယ်က နားလည်ထားပြီးသားဖြစ်၏။
အကယ်၍ ရှောင်းယီက လူတိုင်းကို သတ္တဝါကြီးများ၏ တိုက်ခိုက်မှုကို ခံစားစေချင်၍ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့သည်ဆိုပါက ယခု သူက ဘာကြောင့် တော်ပီဒိုများကို ထုတ်ရောင်းနေရသနည်း။
ယခင်က တော်ပီဒိုများကို ရောင်းချလျှင်ပင် ရှောင်းယီသည် ၎င်းတို့ကို အသုံးပြုပုံအား စောင့်ကြည့်ရန် လူလွှတ်လေ့ရှိသည်။ သို့သော် ယခုအကြိမ်တွင်မူ မည်သည့် ကန့်သတ်ချက် သို့မဟုတ် တောင်းဆိုချက်မှမရှိဘဲ တိုက်ရိုက် လဲလှယ်ပေးလိုက်ခြင်းဖြစ်ပေသည်။
သိသာသည်မှာ... ၅ လုံးတည်းသာ ဖြစ်သော်လည်းပေါ့။
လူငယ်က သူ၏ အနည်းငယ် နာကျင်နေသော ဦးခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“သူ ဘာလုပ်ချင်နေလဲဆိုတာ ငါတို့ မသိနိုင်ပေမဲ့ ငါတို့ဘက်က ဘာမှ ဆုံးရှုံးတာ မရှိဘူး။ အဲ့တော့ စောင့်ကြည့်ကြတာပေါ့။”
အဘိုးအိုကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
ရှောင်းယီအနေဖြင့် တစ်ဖက်လူသည် ရှေးဟောင်းသိုင်းပညာ မိသားစုတစ်ခု ဖြစ်နိုင်ကြောင်း သိထားသော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်ဖက်မိသားစု၏ သိုင်းပညာရပ်များကို အတင်းအဓမ္မ မတောင်းဆိုခဲ့ပေ။
ယခင်က သူသည် ကျိမိသားစုနှင့် ပဋိပက္ခရှိခဲ့သဖြင့် သူတို့ကို အခက်အခဲဖြစ်အောင် လုပ်ခြင်းမှာ လက်စားချေခြင်းဟု ဆိုနိုင်သော်လည်း အခြားသူများနှင့် အထူးတလည် ပဋိပက္ခမရှိလျှင် ရှောင်းယီသည် ရှေးဟောင်းသိုင်းမိသားစု တိုင်းကို ခြိမ်းခြောက်ငွေညှစ်နေမည် မဟုတ်ပေ။
သိုင်းပညာအကြောင်း ပြောရလျှင် ရှောင်းယီသည် မနေ့က ကျိမိသားစုထံမှ ရရှိထားသော အခြေခံလက်သီးသိုင်းကိုပင် လေ့လာရန် အချိန်မရသေးပေ။
အခန်း ၉၈၂ - လက်သီးသိုင်းကို ပြုပြင်မွမ်းမံခြင်း၊ မသေမျိုးများ ရောက်မလာသေးခြင်း
ရှောင်းယီသည် သူ၏ စားပွဲပေါ်ရှိ ပါးလွှာသော စာရွက်များကို ရှာဖွေပြီးနောက် စတင်ဖတ်ရှုလေတော့သည်။
“ဒီအချက်ကတော့ နည်းနည်းလွဲနေသလိုပဲ။ သဘာဝမကျဘူး။ ငါသာ ဒီလိုမျိုး ပြောင်းလဲလိုက်ရင် ပိုကောင်းသွားလိမ့်မယ်။”
“ဒီလှုပ်ရှားမှုက ရှေ့ကလှုပ်ရှားမှုနဲ့ လုံးဝ အဆက်အစပ်မရှိဘူး။ ပြောင်းလဲဖို့ လိုတယ်။”
“ဒီအသက်ရှူနှုန်း ရစ်သမ်က မှားနေတယ်။ ချိန်ညှိရမယ်။”
......
ရှောင်းယီသည် သူ၏ ကိုယ်ပိုင်ပင်ကိုသိစိတ်ကို အသုံးပြု၍ ကျိမိသားစု၏ အခြေခံလက်သီးသိုင်းကို စတင်ပြုပြင်မွမ်းမံတော့သည်။
ယခုအခါ သူသည် ထိုအခြေခံလက်သီးသိုင်းကို လေ့ကျင့်နေသကဲ့သို့ သူ၏ ဦးနှောက်ထဲတွင် လုံးဝပုံဖော်ကြည့်နိုင်၏။ အကယ်၍ မသင့်တော်သောအချက် တစ်ခုခုတွေ့ရှိပါက ပြုပြင်လိုက်သည့် အခြေအနေကိုပင် ဦးနှောက်ထဲ၌ တိုက်ရိုက်ပုံဖော် စမ်းသပ်ကြည့်နိုင်လေသည်။
ဤစွမ်းရည်များအားလုံးသည် တာအိုကျမ်းမှ ဆင်းသက်လာခြင်းဖြစ်သည်။
သူ ပြုပြင်မွမ်းမံမှုများ ပြီးစီးသွားချိန်တွင် မွန်းလွဲတစ်နာရီကျော်နေပြီ ဖြစ်သည်။ သူသည် ပြုပြင်ပြီးသား လက်သီးသိုင်းကို စနစ်တကျ စီစဉ်လိုက်၏။
[အခြေခံလက်သီးသိုင်း (S အဆင့်): သင်ယူရန် ခက်ခဲမှုအတားအဆီးများကို လျှော့ချထားသည့် ဂရုတစိုက် ပြုပြင်မွမ်းမံထားသော အခြေခံလက်သီးသိုင်းဖြစ်သည်။ ၎င်းကို လေ့ကျင့်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်။ ဤသိုင်းကို မသင်ယူမီ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အဆင့် S အဆင့် သို့မဟုတ် ထို့ထက်မြင့်မားရန် အကြံပြုထားသည်။]
စနစ်၏ အချက်ပေးချက်ကို ကြည့်ပြီး ရှောင်းယီက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်မိသည်။
သိုင်းပညာရပ်များစွာသည် သာမန်လူများ သင်ယူရန် မသင့်တော်ကြောင်း စနစ်က ယခင်က သတိပေးခဲ့ဖူးသည်ကို သိထားသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် စောစောစီးစီး သင်ယူခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
ထို့ကြောင့်လည်း ရှောင်းယီ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု SSS အဆင့်သို့ ရောက်ရှိချိန်မှသာ စနစ်က သိုင်းပညာနှင့် ဆက်စပ်သည့် ဆုလာဘ်ဖြစ်သော တာအိုကျမ်းကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်မှ ရှောင်းယီသည် အောက်ထပ်သို့ဆင်းကာ အားအင်ဖြည့်တင်းရန် ပြင်ဆင်လိုက်တော့သည်။ မည်သို့ပင်ဆိုစေကာမူ သူ နေ့လယ်စာ မစားရသေးသဖြင့် အနည်းငယ် ဆာလောင်နေပြီဖြစ်သည်။
ရှောင်းယီ အောက်ထပ်ဆင်းလာသည်ကို မြင်သောအခါ အန်းရန်သည် နွေးထားသော အစားအစာများကို သယ်ဆောင်ရန် မီးဖိုချောင်ထဲသို့ အလျင်အမြန် ဝင်သွားလိုက်၏။
ရှောင်းယီသည် ထမင်းစားပွဲတွင် ထိုင်ကာ အစားအစာများကို အငမ်းမရ စားသောက်တော့လေသည်။
“ဒီနေ့ ဘာတွေဖြစ်နေလို့ နေ့လယ်စာ ထွက်စားဖို့တောင် အချိန်မရဖြစ်နေရတာလဲ။”
အန်းရန်က ဘေးမှနေ၍ မေးလိုက်သည်။
“ကျိမိသားစုဆီကနေ လက်သီးသိုင်းတစ်ခု ခြိမ်းခြောက်ပြီး ယူထားတယ်လေ။ အဲ့ဒါကို အချိန်ရတုန်း လေ့လာနေတာ။ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ နောက်ကျရင် မင်းတို့အားလုံး ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ ဒီလက်သီးသိုင်းကို သုံးလို့ရပြီ။”
ရှောင်းယီက သူပြုပြင်ထားသော လက်သီးသိုင်းစာအုပ်ကို ဘေးတွင် ချပေးလိုက်၏။
အန်းရန်က စူးစမ်းချင်စိတ်ဖြင့် လက်သီးသိုင်းစာအုပ်ကို ဖွင့်ကြည့်လိုက်သည်။ ခဏမျှ ကြည့်ပြီးနောက် သူမက သံသယဖြင့် မေးလိုက်သည်။
“ဒါကို လေ့ကျင့်ရုံနဲ့ တကယ်ပဲ ရုပ်ခန္ဓာ ထိရောက်မှုရှိမှာလား။”
“သေချာတာပေါ့။”
ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။
“မယုံရင် စမ်းကြည့်လိုက်လေ။ ငါ အာမခံတယ်။ နောက်ဆို ညဘက်တွေမှာ မင်း အရမ်းအလွယ်တကူ လက်လျှော့အရှုံးပေးတော့မှာ မဟုတ်ဘူး။”
အန်းရန် ခဏမျှ ကြောင်အသွားပြီးနောက် သူ့ကို ရိုက်ကာ ဆူပူလိုက်၏။
“မုန်းစရာကြီး...နေ့ခင်းကြောင်တောင်ကြီးကို နှာဘူးထနေတာပဲ။”
စကားပြောပြီးနောက် အန်းရန်သည် လက်သီးသိုင်းစာအုပ်ကို ယူကာ အပြင်သို့ ထွက်သွားတော့လေသည်။ သူမသည် ဓာတ်ခွဲခန်းသို့သွားကာ မိတ္တူများစွာ ကူးယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အနည်းဆုံးတော့ ကျန်းယွင်ထျန်းနှင့် အခြားသူများအတွက် လိုအပ်မည်မဟုတ်ပါလော။
ရှောင်းယီ တဟားဟား ရယ်မောလိုက်ပြီးနောက် အစားအစာများကို အမြန်လက်စသတ်ကာ သိမ်းဆည်းပြီး ကျန်းယွင်ထျန်းထံသို့ ဖုန်းခေါ်လိုက်တော့သည်။
“အစ်ကိုကျန်း ထူးထူးခြားခြား လှုပ်ရှားမှုရှိလား။”
ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။
“ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်ကများ မှားနေတာလား။”
သူက ပြန်ဖြေလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်က မှားနေရင်တောင် သူတို့ကတော့ မှန်တယ်ဆိုပြီး လာကြမှာပဲ။ စိတ်မပူနဲ့။ မသေမျိုးတွေ သေချာပေါက် ရောက်လာလိမ့်မယ်။ အရေအတွက်လည်း မနည်းဘူးလို့ ငါခန့်မှန်းထားတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“အရင်က အစဉ်အလာအရဆိုရင်တော့ ညဘက်မှ လာဖို့များတယ်။ ဒါပေမဲ့ နေ့ဘက်မှာလည်း သတိမလွတ်ဖို့ လိုသေးတယ်။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းနှင့် ဖုန်းပြောပြီးနောက် ရှောင်းယီသည် ချက်တင်ဆော့ဖ်ဝဲကို ဖွင့်ကြည့်လိုက်ရာ စာတိုများမှာ 99+ ဖြစ်နေသဖြင့် စိတ်ပျက်သွားမိသည်။ သူသည် စာဟောင်းများကို လိုက်ဖတ်ရန် ပျင်းနေလေသည်။
အန်းယွဲ့သည် အဖွဲ့လိုက်စကားပြောခန်းများကို စောင့်ကြည့်ရန် သီးသန့်ဝန်ထမ်းများကို စီစဉ်ထားပြီးသားဖြစ်သည်။ အကယ်၍ ထူးခြားသည့် သတင်းများရှိပါက ၎င်းတို့က သီးခြားသိမ်းဆည်းထားပြီး အန်းယွဲ့ထံ အစီရင်ခံကြမည်ဖြစ်သည်။
ထို့ကြောင့် ရှောင်းယီ အနေဖြင့် လူတိုင်း၏ အပြန်အလှန်စကားပြောခန်းများကိုသာ လှည့်ပတ်ကြည့်ရှုရန် လိုအပ်သည်။
“တစ်နေ့လုံး ငါ့အာရုံကြောတွေ တင်းနေတာပဲ။ ဒီမသေမျိုးတွေက ဘယ်တော့မှ လာမှာလဲ။”
“ဟုတ်ပတ်။ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက ငါတို့ကို နောက်ပြောင်နေတာများလား။ မသေမျိုးတွေက တကယ်လာတိုက်မှာ မဟုတ်ဘူးထင်တယ်။”
“အဲ့ဒါလည်း ဖြစ်နိုင်တာပဲ။ ဘယ်သူမှ ဒီကမ္ဘာကြီး ဘယ်လိုဦးတည်ချက်ကို သွားနေလဲဆိုတာ မသိကြဘူးလေ။”
“ဟမ့် အဲ့ဒီမသေမျိုးတွေ တိုက်ခိုက်ဖို့ သေချာပေါက် လာလိမ့်မယ်လို့ ငါ အာမခံရဲတယ်။”
“ဟုတ်တယ်။ အရင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပေးခဲ့တဲ့ သတိပေးချက်တွေ အားလုံးက မှန်ခဲ့တာပဲ။ အခုတစ်ကြိမ်လည်း ခြွင်းချက်ရှိမှာ မဟုတ်ဘူး။ မသေမျိုးတွေ ရောက်မလာသေးတာက နေပူလွန်းလို့ ဖြစ်လိမ့်မယ်။”
“အခုက နွေဦးရာသီလေ။ လေပြည်လေး တိုက်ပြီး သာယာနေတာကို။ မင်းက ဘယ်နေပူတာကို ပြောနေတာလဲ။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အပေါ်ကလူ ပြောတာမှန်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မသေမျိုးတွေ တိုက်ခိုက်တာကို မှတ်မိလား။ အားလုံးက ညဘက်တွေချည်းပဲ။”
“အမ်... ငါ ဒါကို ဘာလို့ မတွေးမိပါလိမ့်။ ငါ့ဦးနှောက်က အလုပ်မလုပ်တော့ဘူးထင်တယ်။ အားလုံးပဲ တပ်သားတွေကို မြန်မြန် အနားယူခိုင်းလိုက်တော့။ ဒီညလည်း အိပ်ရေးပျက်ရဦးမယ့်ည ဖြစ်မယ်လို့ ငါထင်တယ်။”
“ဟုတ်တယ်။ မြန်မြန် အနားယူကြတော့။”
ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီက ဝင်ရောက်သတိပေးလိုက်သည်။
“အရင်က အစဉ်အလာက အဲ့ဒီလို ဖြစ်ခဲ့ပေမဲ့ နေ့ဘက်မှာလည်း ဂရုစိုက်ဖို့ လိုအပ်နေတုန်းပဲနော်။”
“သူဌေး ပြောပြီဟေ့။ အားလုံး မြန်မြန် သတိထားကြ။”
“ငါတို့တွေ စိတ်လျှော့လိုက်တဲ့ အချိန်ကျမှ ဒီကမ္ဘာကြီးက တိုက်ခိုက်လာနိုင်တာ။”
“ငါတော့ တကယ်ပဲ ခက်ခဲနေပါပြီကွာ... ဟင်း...။”
ထိုအချိန်တွင် လူပုဘုရင်ထံမှ သီးသန့်စာတစ်စောင် ရောက်လာ၏။
“မင်းတို့ဆီမှာ အဆင့်မြင့်သေနတ်အသစ် တစ်မျိုး ထပ်ထွက်လာတယ်လို့ ငါကြားထားတယ် ဟုတ်လား။”
“ဟုတ်တယ်။ အရှင်မင်းကြီး စိတ်ဝင်စားရင် စစ်စခန်းကို တိုက်ရိုက်သွားကြည့်လိုက်လေ။ သူ့ရဲ့ အားကောင်းတဲ့ စွမ်းဆောင်ရည်ကို မြင်ရပါလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့ဒါကို ငါတို့ လူပုနိုင်ငံက အစောင့်တပ်တွေကိုပါ တပ်ဆင်ပေးလို့ ရမလား။”
လူပုဘုရင်က သူ၏တောင်းဆိုချက်ကို တိုက်ရိုက်ပြောဆိုလိုက်၏။ ရှောင်းယီ ခေတ္တမျှ ကြောင်အသွားပြီးမှ ပြန်မေးလိုက်သည်။
“အရှင်မင်းကြီးရဲ့ နိုင်ငံသားတွေရဲ့ သစ္စာရှိမှုကို အရှင်မင်းကြီး အာမခံနိုင်လား။”
“ဒါပေါ့...။”
လူပုဘုရင်က ပုံမှန်ထက် ပိုမိုယုံကြည်မှုရှိနေ၏။
“ဒီသေနတ်အမျိုးအစားက အရမ်းအစွမ်းထက်တယ်။ အကယ်၍ အတွင်းလူတွေကို ဒီလက်နက်တပ်ဆင်ပေးမယ်ဆိုရင် အရှင်မင်းကြီး သေချာပေါက် ထိန်းချုပ်ထားနိုင်ဖို့ လိုလိမ့်မယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ကောင်းပါပြီ။ ငါနားလည်ပါတယ်။”
ရှောင်းယီ၏ လေးနက်သော လေသံကို ကြားလိုက်ရသောအခါ ဤလက်နက်သည် မရိုးရှင်းကြောင်း လူပုဘုရင် သိရှိသွားပုံရ၏။
“အရှင်မင်းကြီးတို့နိုင်ငံအတွက် အရင်ဆုံး သေနတ် အလက်ငါးဆယ် လျှောက်ထားနိုင်တယ်။ အဲ့ဒီထက်တော့ ပိုလို့မရဘူး။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ငါ ဒီသေနတ်တွေအတွက် လျှောက်ထားပြီးရင် ဒါကို သုံးမယ့်သူတွေကိုလည်း သေချာ ကြပ်မတ်စစ်ဆေးသွားမယ်။”
လူပုဘုရင်က ပြန်ပြောလိုက်သည်။
“အိုကေ။ ဟိုဘက်က အစ်ကိုကျန်းဆီမှာ လျှောက်ထားလိုက်ပါ။”
ထိုအကြောင်းကို ပြောရင်း ရှောင်းယီ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
“အရှင်မင်းကြီးတို့ဆီမှာ ခေတ်မမှီတော့တဲ့ လက်နက်တွေ၊ ကိရိယာတွေ ဒါမှမဟုတ် စက်ပစ္စည်းတွေ အများကြီး ရှိလား။”
“ရှိတာပေါ့၊ ပစ္စည်းအသစ်တွေ ရောက်လာတိုင်း အဟောင်းတွေကို ငါတို့ ဖယ်ရှားပစ်တာပဲလေ။”
လူပုဘုရင်က ပြန်ဖြေလိုက်သည်။
“အဲဒီ စွန့်ပစ်ပစ္စည်းတွေကို အရှင်မင်းကြီးတို့ ဘာလုပ်လဲ။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“ပြန်သုံးလို့ရတာတွေကိုတော့ ငါတို့ အစိတ်အပိုင်းတွေ ဖြုတ်ယူတယ်။ ကျန်တာတွေကိုတော့ အဟောင်းအတိုင်း ထားလိုက်ရတာပေါ့။ ဒါပေမဲ့ အများစုက နှစ်ပေါင်းများစွာ သုံးထားတာဆိုတော့ အကုန်လုံးက အသုံးမရတော့တဲ့ အမှိုက်တွေ ဖြစ်နေပါပြီ။”
လူပုဘုရင်က အနည်းငယ်စဉ်းစားပြီး ဖြေလိုက်သည်။
“အဲ့ဒါတွေကို ကျုပ်ကို ရောင်းလိုက်ပါ။”
ရှောင်းယီက ဆိုသည်။
“မင်းကို ရောင်းရမယ်ဟုတမယ်လား။ ဒီလို ခေတ်မမှီတော့တဲ့ အရာတွေကို မင်း တကယ်ဝယ်ချင်လို့လား။”
လူပုဘုရင်မှာ အနည်းငယ် ကြောင်သွားပြီးမှ ပြန်မေးလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒီလို အဟောင်းအစုတ်တွေကို ကျုပ်တို့ ဝယ်ချင်တယ်။ ဒါပေမဲ့ ဈေးကတော့ အများကြီး နည်းလိမ့်မယ်နော်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ရပါတယ်။ ဈေးဘယ်လောက်နည်းနည်း ရောင်းမှာပဲ။ အဲ့ဒီမှာ ထားထားလည်း နေရာယူတာပဲရှိတယ်။ သိမ်းဆည်းဖို့ကလည်း လူအင်အား ဖြုန်းတီးရာကျတယ်။ နည်းနည်းပါးပါး ဖြစ်ဖြစ် ပိုက်ဆံပြန်ရတာပေါ့။”
လူပုဘုရင်က ဆိုသည်။
“ကောင်းပြီ။ အန်းယွဲ့ကို လူလွှတ်ပြီး အရှင်မင်းကြီးတို့ဆီကနေ ဝယ်ယူဖို့ ကျုပ်စီစဉ်လိုက်မယ်။ အရှင်မင်းကြီးဘက်ကလည်း ပြန်လည် ဆက်သွယ်ဆောင်ရွက်ပေးမယ့်သူ တစ်ယောက် စီစဉ်ထားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်လေသည်။