← Chapters

အခန်း (၉၈၅-၉၈၆)

Vol. 82 Ch. 985-986

အခန်း (၉၈၅-၉၈၆)

Vol. 82 Ch. 985-986

အခန်း (၉၈၅) - ရေနွေးငွေ့တာဘိုင်သင်္ဘောနှင့် ဝဲဂယက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခြင်း

ယခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် လက်မှတ်ထိုးဝင်၍ ရရှိထားသော ရေနွေးငွေ့တာဘိုင်သင်္ဘောပုံစံခွက်ကို အသုံးပြုရန် ကြည့်ရှုစဉ်က သံချပ်ကာစစ်သင်္ဘော အရွယ်အစားရှိသော ဤသင်္ဘောသည် သတ္တုအမြောက်အမြား လိုအပ်သည်ကို တွေ့ခဲြရသဖြင့် ရှောင်းယီသည် ၎င်းကို ဘေးဖယ်ထားခဲ့ရ၏။

အကယ်၍ မဟာမိတ်အဖွဲ့အတွင်းရှိ သံချပ်ကာစစ်သင်္ဘော အားလုံးကို ဖျက်ဆီးပြီး ကုန်ကြမ်းပြန်ယူမည်ဆိုပါက အချို့ကို ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း မကြာသေးမီက တိုက်ပွဲများမှာ မကြာခဏဆိုသလို ဖြစ်ပွားနေသဖြင့် ရှောင်းယီသည် သံချပ်ကာစစ်သင်္ဘောများကို အလွယ်တကူ မဖျက်ဆီးရဲခဲ့ပေ။

ထုတ်လုပ်ရန်မှာ ခဏချင်းသာ ကြာမြင့်သော်လည်း စစ်သည်များအနေဖြင့် အသားကျရန် အချိန်လိုအပ်ပေသည်။ အကယ်၍ ဤအပြောင်းအလဲကြောင့် တိုက်ပွဲရှုံးနိမ့်သွားပါက ရှောင်းယီအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။

ယခုမူ စိုးရိမ်စရာ မလိုတော့ချေ။ အချို့ကို ထုတ်လုပ်ကာ စစ်သည်များကို အရင်ကျင့်သားရအောင် လုပ်ခိုင်းထားနိုင်သည်။ အားလုံး ကျွမ်းကျင်သွားပြီဆိုမှ သင်္ဘောဟောင်းများနေရာတွင် အစားထိုးလဲလှယ်ပြီး ချောမွေ့သော အကူးအပြောင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။

လက်ရှိတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အဓိကစစ်သင်္ဘောမှာ ရတနာမြေပုံကို အသုံးပြု၍ တူးဖော်ရရှိထားသော သံချပ်ကာစစ်သင်္ဘော ဖြစ်သည်။ ယခု လက်မှတ်ထိုးဝင်ခြင်းမှ ရရှိထားသော အဆင့်မြင့် ရေနွေးငွေ့တာဘိုင်သင်္ဘောသည် ရှောင်းယီကို အံ့ဩဝမ်းသာစရာများ ပေးစွမ်းနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။

ထိုသို့စဉ်းစားရင်းဖြင့် ရှောင်းယီသည် လက်ဝယ်ရှိသော ကုန်ကြမ်းများကို အသုံးပြု၍ ရေနွေးငွေ့တာဘိုင်သင်္ဘောတစ်စီးကို ချက်ချင်း ထုတ်လုပ်လိုက်တော့သည်။

ထုတ်လုပ်ပြီးနောက် ရှောင်းယီသည် ၎င်းကို စစ်ဆိပ်ကမ်းသို့ ပို့လွှတ်လိုက်၏။ ထို့နောက် မြို့ပြန်ကျောက်ကို အသုံးပြု၍ စစ်ဆိပ်ကမ်းသို့ တိုက်ရိုက်သွားလိုက်သည်။

ထိုနေရာတွင် သံချပ်ကာစစ်သင်္ဘောထက်ပင် ပိုမိုကြီးမားသော ရေနွေးငွေ့တာဘိုင်သင်္ဘောကြီးကို သူ မြင်လိုက်ရသည်။

“ရေနွေးငွေ့တာဘိုင်သင်္ဘော (SSS အဆင့်): အစွမ်းထက်သော သင်္ဘောကြီးဖြစ်ပြီး လှုပ်ရှားနိုင်စွမ်းနှင့် အရှိန်နှုန်းတို့တွင် သံချပ်ကာစစ်သင်္ဘောထက် သာလွန်သည်...”

စနစ်မှ ပေးထားသော အချက်အလက်များကို ကြည့်ရှုရာတွင် ရှောင်ယီသည် ဤသင်္ဘော၏ အမြင့်ဆုံးအရှိန်မှာ တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

“ဒီသင်္ဘောက အဝေးပြေးလမ်းမပေါ် တက်မလို့လား။”

ရှောင်းယီ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

သူ၏ ယခင်ကမ္ဘာတွင်ဆိုပါက ဤသင်္ဘောကြီးများအနေဖြင့် ဤမျှအရှိန်ရရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့်အရာပင်။

ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းမှာပင် အကောင်းဆုံး သံချပ်ကာစစ်သင်္ဘောတောင်မှ တစ်နာရီကို အမြင့်ဆုံး ကီလိုမီတာ ၉၀ သာ သွားနိုင်ခြင်းဖြစ်သည်။

ဤသင်္ဘောအမျိုးအစားကြောင့် မဟာမိတ်အဖွဲ့၏ ရေတပ်အင်အားမှာ သိသိသာသာ ထပ်မံတိုးတက်သွားပြန်ပြီဖြစ်သည်။ အရှိန်နှင့် လှုပ်ရှားနိုင်စွမ်းမှာ ယခင်သင်္ဘောများထက် အဆပေါင်းများစွာ ပိုကောင်းသဖြင့် ရေတပ်တိုက်ပွဲများတွင် ဗျူဟာမြောက် လုပ်ဆောင်နိုင်စွမ်းများ ပိုမိုများပြားလာမည်ဖြစ်သည်။

ရှောင်းယီသည် သူ့ရှေ့ရှိ သင်္ဘောကြီးကို ကြည့်ရင်း ကျန်းယွင်ထျန်းထံ ဖုန်းဆက်လိုက်တော့သည်။

“အစ်ကိုကျန်း...စစ်ဆိပ်ကမ်းကို လာခဲ့ပါဦး။ ရေတပ်တစ်ဖွဲ့ကိုလည်း တစ်ခါတည်း ခေါ်လာခဲ့။”

ရှောင်းယီက ပြောလိုက်၏။ သူသည် ဖုန်းထဲမှတစ်ဆင့် သေနတ်ပစ်သံများကို သဲ့သဲ့လေး ကြားနေရလေသည်။

ကျန်းယွင်ထျန်းသည် သေနတ်ပစ်ကွင်းတွင် သေနတ်ပစ်လေ့ကျင့်နေသည်မှာ သေချာပေသည်။

“ဟုတ်ကဲ့ ကျွန်းပိုင်ရှင် စစ်ဆိပ်ကမ်းမှာ တစ်ခုခု ဖြစ်လို့လား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“မင်း ကျည်ဆန်တွေ ထပ်ဖြုန်းနေပြန်ပြီလား။ မင်းရဲ့ အဆင့်နဲ့ဆိုရင် ထပ်လေ့ကျင့်နေဖို့ မလိုတော့ဘူး မဟုတ်ဘူးလား။”

“ကျည်ဆန် ဖြုန်းနေတာ မဟုတ်ပါဘူး။ ငါ စစ်သည်တွေကို သေနတ်ပစ်နည်း သင်ပေးနေတာပါ။”

ကျန်းယွင်ထျန်းက ချက်ချင်းပင် ခိုင်လုံသော ဆင်ခြေတစ်ခု ပေးလိုက်၏။

“ထားတော့...မင်းနဲ့ ဒါတွေကို ငြင်းမနေတော့ဘူး။ မြန်မြန် လူတွေခေါ်ပြီး လာခဲ့တော့။ ငါ သင်္ဘောအမျိုးအစားသစ် တစ်စီး ရထားတယ်။ မင်းတို့ ဒါနဲ့ အမြန်ဆုံး ကျင့်သားရဖို့ လိုတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ကျန်းယွင်ထျန်းမှာ ချက်ချင်း တက်ကြွသွား၏။

“အခုချက်ချင်း လာခဲ့မယ်။”

မကြာမီမှာပင် ကျန်းယွင်ထျန်းသည် သူ၏တပ်ဖွဲ့တစ်ဖွဲ့နှင့်အတူ ရောက်ရှိလာခဲ့သည်။ လက်ရှိ သံချပ်ကာစစ်သင်္ဘောထက် တစ်ဝက်ခန့် ပိုကြီးသော သင်္ဘောကြီးကို မြင်လိုက်ရသောအခါ အားလုံးမှာ အံ့အားသင့်သွားကြတော့သည်။

“အံ့ဩမနေကြနဲ့တော့။ သင်္ဘောအသစ်နဲ့ အသားကျအောင် မြန်မြန် တက်ကြတော့။”

ရှောင်းယီက တိုက်တွန်းလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် တပ်ဖွဲ့ကို ဦးဆောင်ကာ သင်္ဘောပေါ်တက်သွားပြီး ရှောင်းယီလည်း နောက်မှ လိုက်သွားခဲ့သည်။

စက်နှိုးပြီး အရှိန်ကို တဖြည်းဖြည်း မြှင့်တင်လိုက်သောအခါ ဤဧရာမသင်္ဘောကြီးသည် လေးကြိုးမှ လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ရေပြင်ထက်တွင် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

မဟာမိတ်အဖွဲ့၏ ပြည်တွင်းရေပိုင်နက်အတွင်း ကင်းလှည့်နေသော လှေများမှာ စစ်ဆိပ်ကမ်းမှ ဝူးခနဲ ထွက်ပေါ်လာသော ထိုသင်္ဘောကြီးကို မြင်ပြီး မှင်တက်သွားကြ၏။ သူတို့အနေဖြင့် အဆက်အသွယ်လုပ်ရန် မကြိုးစားရသေးခင်မှာပင် အကြောင်းကြားစာတစ်စောင် လက်ခံရရှိလိုက်လေသည်။

“ငါနဲ့ နည်းပြကျန်းနဲ့ သင်္ဘောအသစ်ကို စမ်းသပ်နေတာ။ စိုးရိမ်စရာမလိုဘူး။”

ရှောင်းယီက သူ့ဖုန်းကိုသုံးပြီး လူတိုင်းဆီ အကြောင်းကြားစာ တစ်စောင် ပို့လိုက်သည်။

ရှောင်းယီ၏ အကောင့်သည် အတည်ပြုပြီးသား နာမည်ရင်းအကောင့် ဖြစ်သောကြောင့် ရှောင်းယီ ပြောသည်ကို မြင်လိုက်ရသည်နှင့် လူအများသည် အရေးတယူ လုပ်မနေတော့ဘဲ သူတို့အလုပ်များကို ဆက်လုပ်လိုက်ကြသည်။

တစ်ခါက လူတစ်ယောက်သည် “တစ်စုံတစ်ယောက်က ရှောင်းယီရဲ့ အကောင့်ကို ခိုးယူပြီး အမိန့်တွေ ပေးရင် ဘယ်လိုလုပ်မလဲ” ဟု အကြံပြုဖူးခဲ့၏။

ထိုစဉ် ရှောင်းယီက “လောလောဆယ်မှာ ငါ့အကောင့်ကို ခိုးနိုင်တဲ့စွမ်းရည်ရှိတဲ့သူ အတော်ကြာတဲ့အထိ ပေါ်လာဦးမှာ မဟုတ်ဘူး။” ဟု အပြုံးတစ်ခုဖြင့် ပြန်ပြောခဲ့ဖူးသည်။

အဘယ်ကြောင့်ဆိုသော ဖုန်းသုံးသည့် အခြေစိုက်စခန်းရော ဤချက်တင်ဆော့ဖ်ဝဲ၏ ဆာဗာရောသည် ရှောင်ယီ လက်မှတ်ထိုးဝင်၍ ရထားသောအရာများ ဖြစ်သောကြောင့်ပင်။ အနည်းဆုံးတော့ ယခုအချိန်၌ လုံခြုံရေးက အပြစ်ပြောစရာမရှိအောင် ခိုင်မာလွန်းလှပေသည်။

ရေနွေးငွေ့တာဘိုင်သင်္ဘောကြီး ဖြတ်မောင်းသွားပြီးနောက် ကင်းလှည့်သင်္ဘောများပေါ်ရှိ စစ်သည်များမှာ စတင်ဆွေးနွေးကြတော့သည်။

“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ သင်္ဘောတွေ ထပ်ပြီး အဆင့်မြှင့်သွားပြန်ပြီလား။”

“ဖြစ်နိုင်တယ်။ ဒီသင်္ဘောအသစ်ရဲ့ အရှိန်က အရင်သင်္ဘောတွေထက် အများကြီး ပိုမြန်နေတာ သိသာတယ်။”

“ငါတို့ မဟာမိတ်အဖွဲ့ တိုးတက်တာ အရမ်းမြန်တာပဲ။ နေ့တိုင်း ပြောင်းလဲနေသလိုပဲ။”

“စကားမများနဲ့တော့။ သေချာကင်းလှည့်ကြစမ်း။”

တပ်စုမှူးက အော်ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ဘေးတစ်ဖက်တစ်ချက်က ရှုခင်းများ အနောက်၌ အရှိန်နှင့် ကျန်ရစ်နေခဲ့သည်ကို ကြည့်ပြီး ကျန်းယွက်ထျန်းက မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီသင်္ဘောက မြန်လွန်းမနေဘူးလား။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“တစ်နာရီကို အမြင့်ဆုံး ကီလိုမီတာ ၁၂၀ အထိ သွားနိုင်တယ်။ အဝေးပြေးလမ်းပေါ်က ကားလေးတစ်စီးလိုပေါ့။”

“အဲ့ဒီလောက်တောင်လား။ ငါ့မှတ်ဉာဏ်အရ ဒီလိုအရွယ်အစားရှိတဲ့ သင်္ဘောတွေက ဒီလိုအရှိန်မျိုး မရနိုင်ဘူး။”

ကျန်းယွင်ထျန်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။

“ဒီကမ္ဘာကြီးကိုယ်တိုင်ကတောင် ထူးဆန်းနေတာပဲ။ အဲ့ဒါတွေကို အများကြီး စဉ်းစားမနေနဲ့။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါက ထိပ်တန်းအဆင့် သင်္ဘောတစ်စီးပဲလေ။”

“ဒီသင်္ဘောက SSS အဆင့်လား။”

ကျန်းယွင်ထျန်း နောက်တစ်ကြိမ် အံ့ဩသွားပြန်သည်။

“ဒါဆို သံချပ်ကာစစ်သင်္ဘောထက်တောင် ပိုပြီး အဆင့်မြင့်တာပေါ့။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“တကယ်တော့ ငါက သံချပ်ကာစစ်သင်္ဘောရဲ့ ဒီဇိုင်းကို အခြေခံပြီး နည်းနည်း ချဲ့လိုက်တာ။ ငါတို့ဆီမှာ ခေတ်မီသင်္ဘောတွေကို ဒီဇိုင်းဆွဲနိုင်တဲ့ ပညာရှင်တွေရှိရင် သူတို့ ဒီဇိုင်းဆွဲတာကို ငါ ထုတ်လုပ်ပေးလို့ရတယ်။”

“အင်း... ဒါပေမဲ့ ဒီလိုပညာရှင်မျိုး ရှာဖို့အတွက်တော့ ဦးလေးအန်းရဲ့ အကူအညီတော့ လိုလိမ့်ဦးမယ်။”

“အင်း... ငါ အခု သူ့ကို လှမ်းပြောလိုက်မယ်။”

ရှောင်းယီက အခန်းထဲမှာ ထိုင်နေရင်း အန်းယွဲ့ဆီသို့ စာပို့လိုက်တော့သည်။

“ဦးလေးအန်း ကျုပ်တို့ဆီမှာ သင်္ဘောဒီဇိုင်း ပညာရှင်တွေ လိုအပ်နေတယ်။ လက်ရှိ လူတွေထဲမှာ အဲ့ဒီလို ပညာရှင် ပါသလားဆိုတာ စစ်ဆေစပေးပါဦး။”

“ရှိတယ်။ သင်္ဘောဒီဇိုင်းကို အထူးပြုတဲ့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက် ရှိတယ်။”

အန်းယွဲ့က ချက်ချင်းပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို အခုချက်ချင်း သင်္ဘောဒီဇိုင်းဌာနတစ်ခု တည်ထောင်လိုက်ပါ။ သူ့ကို သင်္ဘောဒီဇိုင်းတွေ အမြန်ဆုံး စဆွဲခိုင်းလိုက်တော့။ အစပိုင်းမှာတော့ လက်ရှိ သံချပ်ကာစစ်သင်္ဘောကိုပဲ အခြေခံပြီး ပြုပြင်မွမ်းမံခိုင်းလိုက်ပါ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် သင်္ဘောမောင်းသူများကို စတင်ညွှန်ကြားပြီး ရေနွေးငွေ့တာဘိုင်သင်္ဘောကို အမျိုးမျိုး စမ်းသပ်မောင်းနှင်တော့သည်။ အရှိန်မြှင့်ခြင်း၊ အရှိန်လျှော့ခြင်း၊ ကွေ့ခြင်း၊ နောက်ဆုတ်ခြင်း စသည်ဖြင့်...။

တစ်ချိန်တည်းမှာပင် သင်္ဘောပေါ်ရှိ တိုက်ခိုက်ရေးစစ်သည်များကလည်း ပင်လယ်ပြင်ပေါ်ရှိ ပစ်မှတ်တုများကို သေနတ်အစစ်၊ ကျည်အစစ်များဖြင့် စတင်လေ့ကျင့်လိုက်ကြသည်။ အလိုအလျောက်ပစ်ခတ်မှုစနစ် မရှိသေးသောကြောင့် သူတို့ဘာသာ အသားကျအောင် အချိန်ယူနေရဆဲ ဖြစ်သည်။ ပထမဆုံး ပစ်ချက်အချို့ လွဲချော်သွားသော်လည်း နောက်ပိုင်းတွင် ပစ်မှတ်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။ နေဝင်သွားပြီးနောက် လူတိုင်း၏ စိတ်အခြေအနေများမှာ တင်းမာလာကြ၏။ ညမှောင်လာလျှင် မသေမျိုးမျိုးနွယ်စုများ၏ တိုက်ခိုက်မှုများ စတင်လာနိုင်ချေရှိသည်ကို လူတိုင်း သိထားကြပေသည်။

လူအများသည် တစ်နာရီ ကီလိုမီတာ ၆၀ မောင်းနိုင်သည့် သယ်ယူပို့ဆောင်ရေးယာဉ်မျာစ အားလုံးကို ဖြန့်ကြက်ထားပြီး မသေမျိုးများ၏ တိုက်ခိုက်မှု အရိပ်အယောင်များကို ကြိုတင်ရှာဖွေနေကြသည်။

“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင်...မဟာမိတ်အဖွဲ့ရဲ့ မြောက်ဘက်ကျွန်းကနေ ကီလိုမီတာ ၅၀ လောက်အကွာမှာ ကောင်းကင်မှာ လွင့်မျောနေတဲ့ ဧရာမ ဝဲဂယက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်။”

အခန်း ၉၈၆ - တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါး၊ သေမင်းမျိုးနွယ်စု ရောက်ရှိလာမည်ကို စောင့်ဆိုင်းခြင်း

ထိုသတင်းကို ကြားလိုက်ရချိန်တွင် ရှောင်းယီမှာ ဆွံ့အသွားခဲ့၏။ သူ ပြန်မဖြေနိုင်သေးမီမှာပင် အခြားအရပ်မျက်နှာ အသီးသီးရှိ ကင်းလှည့်သင်္ဘောများသည်လည်း ဝေဟင်တွင် လွင့်မျောနေသည့် ဧရာမ ဝဲဂယက်ကြီးများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

“ဝဲဂယက်တွေလား...။”

ဘေးနားရှိ ကျန်းယွင်ထျန်းသည်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

မသေမျိုးမျိုးနွယ်စု အုပ်စုလိုက်ကြီး ပေါ်လာရမှာ မဟုတ်ဘူးလား။ ဘာလို့ ဝဲဂယက်တွေ ဖြစ်နေရတာလဲ။

ရှောင်းယီ ခဏမျှ စဉ်းစားပြီးနောက် မြို့ပြန်ကျောက် တစ်ခုကို ချက်ချင်းတောင်းယူကာ အသုံးပြုလိုက်သည်။ အဖြူရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ရှောင်းယီသည် မဟာမိတ်မြောက်ဘက်ကျွန်း၏ ပြင်ပတွင် စူးစမ်းလေ့လာနေသော သံချပ်ကာစစ်သင်္ဘောပေါ်သို့ ရောက်ရှိသွားတော့သည်။

“ကျွန်းပိုင်ရှင်...။”

ကင်းထောက်တစ်ဦးက ရှောင်းယီကို အလေးပြုရင်း သတင်းပို့လိုက်သည်။

“တွေ့ရှိထားတဲ့ ဝဲဂယက်က ရှေ့ဘက် သုံးကီလိုမီတာလောက်မှာ ရှိပါတယ်။”

ရှောင်းယီသည် မှန်ပြောင်းကိုယူကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။ အမှန်တကယ်ပင် ဧရာမဝဲဂယက်ကြီးတစ်ခု ထိုနေရာတွင် ပေါ်ပေါက်နေ၏။

[တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါး: အပြင်ပန်းကြည့်လျှင် အမြဲတစေ လည်ပတ်နေသော ဝဲဂယက်တစ်ခုနှင့် တူသော်လည်း အဖွဲ့အစည်း အမြောက်အမြားကို တစ်ပြိုင်နက် သယ်ယူပို့ဆောင်ပေးနိုင်သည်။]

“တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါး။”

ရှောင်းယီက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။ ကျန်းယွင်ထျန်း၏ ပုံရိပ်သည်လည်း ထိုစကားလုံး လေးလုံးကို ကြားလိုက်ရချိန်တွင်မှ ပေါ်လာခဲ့သည်။

“ဝေဟင်မှာ လွင့်မျောနေတဲ့ ဝဲဂယက်ဆိုတာ ဒါလား။”

ကျန်းယွင်ထျန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ အနီးရှိ ကင်းထောက်က သူ့ကိုလည်း မှန်ပြောင်းတစ်လက် ကမ်းပေးလိုက်သည်။

“အံ့ဩစရာပဲ။”

ကျန်းယွင်ထျန်းသည်လည်း ထိုဝဲဂယက်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

“ကင်းထောက်အဖွဲ့တွေ အားလုံးကို အမိန့်ပေးလိုက်။ ဒီ လေဟာနယ်တံခါးနဲ့ အနည်းဆုံး ငါးကီလိုမီတာ အကွာအဝေးမှာပဲ နေကြ။”

ရှောင်းယီက တင်းမာစွာ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ဖုန်းဆက်သွယ်မှုများ ပြုလုပ်တော့သည်။

ရှောင်းယီသည် မျက်မှောင်ကြုတ်ကာ အဝေးက ဝဲဂယက်ကို စိုက်ကြည့်ရင်း တစ်ဦးတည်း ရေရွတ်နေမိသည်။

“ဒါက နောက်ထပ် သယ်ယူပို့ဆောင်ရေးကိရိယာတစ်ခု ထပ်ပေါ်လာတာလား။”

အခြားကင်းထောက်အဖွဲ့များသည် ကျန်းယွင်ထျန်း၏ အမိန့်ကို ရရှိသည်နှင့် လေဟာနယ်တံခါးများကို ဝိုင်းရံမထားတော့ဘဲ ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။ လေဟာနယ်တံခါးများ ပေါ်ပေါက်လာပြီ ဖြစ်သော်လည်း မသေမျိုးမျိုးနွယ်စုဝင်များမူ ပေါ်မလာသေးပေ။

ရှောင်းယီသည် ဂရုချက်ထဲတွင် သတင်းအသစ်များ ရှိ၊ မရှိ ကြည့်ရှုရန် သူ၏မိုဘိုင်းဖုန်းကို ထုတ်ယူလိုက်တော့သည်။

“မှောင်တောင် မှောင်နေပြီ။ မသေမျိုး မျိုးနွယ်စုက ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ။”

“အဟုတ်ပဲ...။ ငါတို့ သန်းခေါင်ယံအထိ ထပ်စောင့်ရဦးမှာလား။”

“ဘယ်သူသိမှာလဲ။ သူဌေးကို မေးကြည့်ကြမလား။”

ရှောင်းယီက သူတွေ့ရှိထားသည်များကို ပြောပြရန် ပြင်နေစဉ်မှာပင် လူတစ်ဦးက မက်ဆေ့ချ်တစ်ခု တင်လာခဲ့လေသည်။

“ငါတို့ မဟာမိတ်ကျွန်းခွဲရဲ့ ကီလိုမီတာ ၅၀ အကွာမှာ လွင့်မျောနေတဲ့ ဝဲဂယက်ကြီးတစ်ခု တွေ့ခဲ့တယ်။ တကယ် ထူးဆန်းတယ်။”

“လွင့်မျောနေတဲ့ ဝဲဂယက်ကြီးဟုတ်လား။ လာနောက်နေတာလား။ လေထဲမှာ ဝဲဂယက်က ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”

“တောက်...ဒီချက်တင်ဆော့ဖ်ဝဲက ညံ့လွန်းလို့ ဓာတ်ပုံတင်လို့မရဘူး။ အသက်ရှင်ကျန်ရစ်သူများ ဖိုရမ်မှာ သွားကြည့်လိုက်ကြ။ ငါညာပြောနေတာဆိုရင် ငါ့မိသားစုဝင်အားလုံး သေပါစေကွာ...။”

“ဟဲဟဲ...အခုချိန်မှာ အိမ်ထောင်စုစာရင်းတွေမှ မရှိတော့တာ။”

“ငါ ဖိုရမ်မှာ သွားကြည့်ပြီးပြီ။ ဓာတ်ပုံတွေ တွေ့တယ်။ တကယ်ကြီး လေထဲမှာ လွင့်နေတာဟ။”

“မင်း သေချာလား။ ဒါက Photoshop နဲ့ ပြင်ထားတာတော့ မဟုတ်ဘူးမလား။ ဒီဖုန်းတွေက လုပ်ဆောင်ချက်တွေ တအားကောင်းတာနော်။”

“အင်း... ဖြစ်နိုင်ပေမဲ့ အခုလိုအချိန်မှာ ဒါမျိုးလုပ်နေဖို့ မလိုဘူး။”

“ဟုတ်တယ် အာရုံစိုက်ခံရရုံနဲ့ အကျိုးအမြတ်မှ ရမှာမှ မဟုတ်တာ။ အဓိပ္ပာယ်မရှိဘူး။”

ထိုအချိန်တွင် ရှောင်းယီက ဝင်ပြောလိုက်သည်။

“အဲဒီ ဝဲဂယက်က တကယ် ရှိတယ်။ မဟာမိတ်အဖွဲ့တိုင်းရဲ့ ကျွန်းခွဲတွေရဲ့ အရှေ့ဘက် ၅၀ ကီလိုမီတာ အကွာအဝေးမှာ အဲ့ဒီဝဲဂယက်တွေ ရှိနေလိမ့်မယ်။”

“ဟာ...သူဌေး ပြောပြီဟေ့။ တကယ်ကြီး ရှိတာပဲ။”

“ငါပြောသားပဲ။ မယုံတဲ့သူတွေ ဆက်ပြီး သံသယဝင်နေလိုက်ကြ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အဲ့ဒါက တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးပဲ။ အပြင်က ကြည့်ရင်တော့ ဝဲဂယက်နဲ့ တူတယ်။ ဒါက မသေမျိုး မျိုးနွယ်စုတွေကို သယ်ယူပို့ဆောင်ဖို့ သုံးတာလို့ ငါ ခန့်မှန်းထားတယ်။ အားလုံးပဲ အဲ့ဒီနားကို သိပ်မကပ်ကြပါနဲ့။ ဒါမှ မသေမျိုး မျိုးနွယ်စုတွေ ထွက်လာတဲ့အခါ တုံ့ပြန်ဖို့ အချိန်ရလိမ့်မယ်။”

“ဒါက သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေထဲကလိုလား။ လေဟာနယ်တံခါးတွေတောင် ပေါ်လာပြီပေါ့။”

“ဒါက အကြီးစား တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုနဲ့ မတူဘူးလား။”

“ဖြစ်နိုင်တယ်။ ငါတို့သာ ဒီလို လေဟာနယ်တံခါး နည်းပညာကို ပိုင်ဆိုင်မယ်ဆိုရင် စစ်တပ်အင်အား အမြောက်အမြားကို သယ်ယူပို့ဆောင်နိုင်မှာပဲ။”

“အဲ့ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခုက အဲ့ဒါကို စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။”

“ဒီ လေဟာနယ်တံခါးကို ဖျက်ဆီးပစ်လိုက်ရင်ရော မရဘူးလား။ ဒါဆို ရန်သူတွေ ကူးလာလို့ မရတော့ဘူးလေ။”

“အကြံကောင်းပဲ။ ဒါပေမဲ့ အဲ့ဒီဝဲဂယက်က လေထဲမှာ လွင့်နေတာလေ။ ဘာစက်ပစ္စည်းမှလည်း မတွေ့ရဘူး။ ဘယ်နေရာကနေ စဖျက်ဆီးရမှန်းတောင် သိမှာမဟုတ်ဘူး။”

“မှန်တယ်။ ငါတို့ အဲ့ဒီဝဲဂယက်နားကို အကြိမ်ကြိမ် ပတ်ကြည့်ပြီးပြီ။ ဘာကိရိယာမှ မတွေ့ဘူး။ ဝဲဂယက်ထဲကို ကိုယ်တိုင် ဝင်မကြည့်ရသေးတာပဲ ရှိတယ်။”

“ဒါဆို မင်းကိုယ်တိုင် အထဲဝင်ကြည့်ပြီး အခြေအနေကို စစ်ဆေးကြည့်ပါလား။”

“သွားစမ်းပါ...ဝင်ချင်ရင် မင်းဘာသာဝင်။ ငါတို့ မဟာမိတ်အဖွဲ့က စစ်သည်တွေ ဒီလို အသေခံလို့ မဖြစ်တော့ဘူး။”

“ဟုတ်တယ်။ အရင်တုန်းက မသေမျိုးမျိုးနွယ်စု ခံစစ်တိုက်ပွဲမှာ ငါတို့ စစ်သည်တချို့ ဆုံးရှုံးခဲ့ရတယ်။ အရင်က ဒေသခံတွေကို ပိုပြီး သိမ်းသွင်းထားခဲ့သင့်တာ။ အခုတော့ အင်အားနည်းနေသလို ခံစားရတယ်။”

“အရပ်မျက်နှာ ရှစ်ခုလုံးမှာ လေဟာနယ်တံခါးတွေ ရှိနေတာပဲ။ ဒီတစ်ခါ မသေမျိုးမျိုးနွယ်စုတွေရဲ့ စစ်တပ်က အရေအတွက် ကန့်သတ်ချက် ရှိမလားမသိဘူး။ အများကြီး ရောက်မလာဖို့ပဲ ဆုတောင်းရမယ်။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အချက်ပေးချက်အရဆိုရင်တော့ အများကြီး ဖြစ်မှာ သေချာတယ်။ အင်း... သူဌေးဆီကနေ ခဲယမ်းတွေ မြန်မြန် ထပ်ဝယ်ထားမှ ဖြစ်တော့မယ်။ နောင်လာမယ့် တိုက်ပွဲတွေက တော်တော် ခက်ခဲမယ့်ပုံပဲ။”

ရှောင်းယီသည် အဖွဲ့ထဲမှ ဆွေးနွေးမှုများကို ကြည့်နေရင်း အဝေးက လေဟာနယ်တံခါးကို ပြန်ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ငါတို့မှာသာ ဒရုန်းတစ်စင်းရှိရင် ဒီလေဟာနယ်တံခါးရဲ့ ဟိုဘက်အခြမ်းမှာ ဘယ်လိုကမ္ဘာမျိုး ရှိမလဲဆိုတာ သွားကြည့်လို့ ရမှာပဲ။”

ဒရုန်းကို ထားပါဦး၊ ပုံမှန် လေယာဉ်ပျံတောင် မတီထွင်ရသေးပေ။ အသက်ရှင်ကျန်ရစ်သူများ အရင်က ရရှိခဲ့သော လေယာဉ်များသည် ကီလိုမီတာ ဆယ်ဂဏန်းမျှသာ ပျံသန်းနိုင်ပေသည်။

“တစ်ယောက်ယောက်ကို သွားစစ်ဆေးခိုင်းလိုက်ရမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

ရှောင်းယီက ခေါင်းယမ်းပြလိုက်သည်။ မဟာမိတ်အဖွဲ့ထဲတွင် အသေခံတပ်ဖွဲ့ဝင်များ ရှိသော်လည်း အကျိုးမရှိသော အလုပ်အတွက် အသေခံခိုင်းရန် မလိုအပ်ပေ။

ယခုအချိန်တွင် မသေမျိုးမျိုးနွယ်စုများသည် လေဟာနယ်တံခါးနား၌ စုဝေးနေလောက်ချေပြီ။ အခြားသူများကို မဆိုထားနှင့် ရှောင်းယီကိုယ်တိုင် သွားလျှင်ပင် အသာစီးရရန် ခက်ခဲပေလိမ့်မည်။ သူတို့ တကယ်သွားကြည့်ချင်လျှင် စောင့်ရပေမည်။ အခုတော့ လုံးဝ မဟုတ်သေး။

“စစ်ပွဲအတွက် အချိန်မရွေး အသင့်ပြင်ထားဖို့ အားလုံးကို ပြောထားလိုက်။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“အမြဲအသင့်ပါပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

လေဟာနယ်တံခါးကို တွေ့ရှိပြီး သုံးနာရီခန့် ကုန်လွန်သွားခဲ့၏။ ရှောင်းယီနှင့် အခြားသူများသည် သင်္ဘောပေါ်တွင်ပင် ညစာစားခဲ့ကြသည်။

“ဒီလေဟာနယ်တံခါးက မတည်ငြိမ်သေးလို့ ပို့ဆောင်ရေး လုပ်လို့မရသေးတာလား။”

ကျန်းယွင်ထျန်းက ဝဲဂယက်ကို ကြည့်ရင်း ခန့်မှန်းလိုက်သည်။

“ဘုရားပဲ သိလိမ့်မယ်။”

ရှောင်းယီက အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။

သည်အတိုင်း လေဟာနယ်တံခါးတစ်ခုကို ဝိုင်းစိုက်ကြည့်နေရသည်မှာ အရူးအုပ်စုကြီးကဲ့သို့ ခံစားရသည်။ အမှန်စင်စစ် ယီရန်ပင်း မဟာမိတ်အဖွဲ့သာမက အခြားမဟာမိတ်အဖွဲ့အားလုံးသည်လည်း ထိုနည်းအတိုင်းပင်။ သူတို့ ဂရုမစိုက်မိချိန်တွင် ထူးဆန်းသော သတ္တဝါကြီးများ ထွက်ပေါ်လာမည်ကို စိုးရိမ်သဖြင့် လေဟာနယ်တံခါးကို စေ့စေ့ကြည့်နေကြ၏။

ရှောင်းယီက ခေါင်းယမ်းလိုက်ပြီးနောက် ဂရုချက်ထဲတွင် မေးလိုက်သည်။

“မျိုးနွယ်ခြားတွေရော အသင့်ဖြစ်ပြီလား။”

“အသင့်ဖြစ်ပါပြီ။”

ဂရုထဲရှိ မျိုးနွယ်ခြားများနှင့် ဆက်သွယ်ရန် တာဝန်ယူထားသူက ချက်ချင်းပြန်ဖြေလိုက်သည်။

အချိန်ကို စစ်ဆေးပြီးနောက် ရှောင်းယီက ပြောလိုက်သည်။

“အစ်ကိုကျန်း အခြေအနေကို စောင့်ကြည့်ပေးထားပါဦး။ ကျုပ် ခဏလောက် သွားမှေးလိုက်ဦးမယ်။”

“အင်း... စိတ်မပူနဲ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် သင်္ဘောအခန်းထဲသို့ ပြန်သွားကာ အနားယူဆောင်တစ်ခုတွင် နားနေလိုက်သည်။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ တံခါးခေါက်သံကြောင့် သူ နိုးလာခဲ့သည်။ ရှောင်းယီ ချက်ချင်းပင် ထထိုင်လိုက်ပြီး အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ယံ အတိအကျပင် ဖြစ်နေ၏။

တံခါးဖွင့်လိုက်သောအခါ အပြင်တွင်ရှိနေသော ကျန်းယွင်ထျန်းက ပြောလာခဲ့သည်။

“ကျွန်းပိုင်ရှင် သူတို့ ပေါ်လာပြီ။”

ရှောင်းယီ ခေါင်းညိတ်ပြကာ သင်္ဘောကုန်းပတ်ဆီသို့ ချက်ချင်း လျှောက်သွားလိုက်တော့သည်။

All Chapters