အခန်း (၉၈၉-၉၉၀)
Vol. 82 Ch. 989-990
အခန်း ၉၈၉ - လန်ယုံ ရောက်ရှိလာခြင်း၊ အားပြန်ဖြည့်ချင်သလား...လျှော့ဈေးရှိတယ်
ကျန်းယွင်ထျန်း၏ ညွှန်ကြားချက်အတိုင်း အကျဉ်းထောင်မှ လေပြာအင်ပါယာ၏ စစ်သားတစ်ဦးကို ချက်ချင်းလွှတ်ပေးလိုက်ပြီး တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် လေပြာအင်ပါယာသို့ ပြန်လွှတ်လိုက်တော့သည်။ အချိန်အခါ သင့်တော်ခြင်း ရှိ၊ မရှိကို ဂရုမစိုက်ဘဲ ထိုစစ်သားကို လေပြာအင်ပါယာ၏ နန်းတော်သို့ ချက်ချင်း ခေါ်ဆောင်သွားကြသည်။
ဒေါက် ဒေါက် ဒေါက်
“အရှင်မင်းကြီး... ယီရန်ပင်း မဟာမိတ်အဖွဲ့က စစ်သားတစ်ယောက် ပြန်လွှတ်လိုက်ပါတယ်။”
တံခါးအပြင်ဘက်မှ အစောင့်က တိုးတိုးလေး လျှောက်တင်လိုက်သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့ဟူသော အမည်ကို ကြားသည်နှင့် လန်ယုံသည် ချက်ချင်း အိပ်ချင်ပြေသွားပြီး အမြန်ထကာ တံခါးဖွင့်၍ “သူ ဘယ်မှာလဲ။” ဟု မေးလိုက်၏။
“အပြင်မှာပါ အရှင်မင်းကြီး။”
“အခုချက်ချင်း ခေါ်ခဲ့။”
“ဒီနေရာကိုပဲလား အရှင်မင်းကြီး။”
အစောင့်မှာ ခဏမျှ ကြောင်သွားပြီး မသေချာသလို မေးလိုက်သည်။
“ဒါပေါ့ကွ။”
လန်ယုံက သူ၏အဝတ်အစားများကို ပြင်ဆင်ရင်း ပြန်ဖြေလိုက်သည်။
“အမိန့်အတိုင်းပါ။”
ထို့နောက် အစောင့်သည် စစ်သားကို အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
“အရှင်မင်းကြီး။”
စစ်သားသည် ချက်ချင်းပင် ဒူးထောက်ဦးချကာ ဂါရဝပြုလိုက်၏။ လန်ယုံသည် ရှေ့တိုးကာ သူ့ကိုထူပေးပြီး မေးလိုက်သည်။
“ရှောင်းယီက ဘာပြောလိုက်လဲ။”
“သူတို့က သတင်းစကားပါးလိုက်ပါတယ်...။ ကျွန်တော်မျိုးတို့ လေပြာအင်ပါယာအနေနဲ့ အရင်က သဘောတူထားတဲ့ အုတ်မြစ်ကျောက်တွေနဲ့ လဲလှယ်ဖို့ ဒီနေ့တစ်ရက်ပဲ အချိန်ရှိတယ်တဲ့။ တကယ်လို့ အုတ်မြစ်ကျောက်မလုံလောက်ရင်ဖြစ်ဖြစ်၊ ဒီနေ့အတွင်း မသွားရင်ဖြစ်ဖြစ် အရောင်းအဝယ်ကို ဖျက်သိမ်းမယ်လို့ ပြောလိုက်ပါတယ်။”
ထိုစစ်သားက တုန်တုန်ရင်ရင်ဖြင့် ပြန်ပြောပြလိုက်သည်။ လန်ယုံင ခေါင်းညိတ်ကာ ခဏမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။
“ထန်လုံကို နန်းတော်ထဲ အခုချက်ချင်း ခေါ်ခဲ့။”
“အမိန့်အတိုင်းပါ။”
အနီးရှိ အစောင့်က ချက်ချင်း တုံ့ပြန်ကာ ထွက်ခွာသွားခဲ့သည်။
မကြာမီတွင် ထန်လုံသည်လည်း နွေးထွေးသော အိပ်ရာထဲမှ အတင်းခေါ်ထုတ်ခံရကာ နန်းတော်သို့ အပြေးအလွှား ရောက်ရှိလာခဲ့ရလေသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
ထန်လုံက ဒူးထောက်ကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
“အခမ်းအနားတွေ လုပ်မနေနဲ့တော့။ အခု ယီရန်ပင်း မဟာမိတ်အဖွဲ့က အုတ်မြစ်ကျောက်တွေကို ဒီနေ့ အရောက်ယူလာဖို့ တောင်းဆိုနေပြီ။ မင်း ဘယ်လိုထင်လဲ။”
လန်ယုံက တည်ကြည်သော လေသံဖြင့် မေးလိုက်သည်။ ထန်လုံ အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ ပြန်လည်လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး ဆုံးဖြတ်ပြီးသား မဟုတ်ဘူးလား။ ဘာလို့ ထပ်မေးနေရတာလဲ။”
“ငါဆိုလိုတာက... ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ထားပေမဲ့ ပိုပြီး အကျိုးအမြတ်ရှိဖို့ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ခွင့်တွေ ပိုရအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာပဲ။”
လန်ယုံက ပြန်ပြောလိုက်သည်။
ထိုအခါ ထန်လုံ ခဏကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ မင်းသားကို အရင်ဆုံး လဲလှယ်ယူရပါမယ်။ ကျန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်၊ မလုပ်ဆိုတာကတော့ တစ်ဖက်လူရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။”
လန်ယုံ ခေါင်းညိတ်လိုက်သည်။
“မင်း ဒီနေ့ ငါနဲ့အတူလိုက်ခဲ့။ အဲ့ဒီ ရှောင်းယီဆိုတဲ့လူနဲ့ သွားတွေ့မယ်။”
“အမိန့်အတိုင်းပါ။”
လန်ယုံသည် လူများကို အုတ်မြစ်ကျောက်များ ပြင်ဆင်ခိုင်းပြီးနောက် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြု၍ ယီရန်ပင်း မဟာမိတ်အဖွဲ့သို့ ချက်ချင်း ထွက်ခွာလာခဲ့သည်။ သူတို့ ရောက်ရှိချိန်တွင် မနက် ၅ နာရီ တိတိ ရှိနေပြီဖြစ်သည်။
“ကျွန်းပိုင်ရှင်... လေပြာအင်ပါယာကလူတွေ ရောက်နေပါပြီ။”
ရှောင်းယီ ထိုမက်ဆေ့ဂျ်ကို မြင်သောအခါ ခဏမျှ အံ့သြသွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ကြည့်ရတာ လန်ရှမ့်နဲ့ ထန်လော့က တော်တော်လေး တန်ဖိုးရှိပုံပဲ။”
“ဟုတ်တယ်၊ ဒီလောက်အမြန် ပြေးလာကြတာကြည့်ရင် ငါတို့ တောင်းတာ နည်းသွားသလားတောင် မသိဘူး။”
ကျန်းယွင်ထျန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“သွားကြစို့။ ဒီမှာတော့ တခြားလူတွေကို စောင့်ကြည့်ခိုင်းထားလိုက်ပါ။ ငါတို့ လေပြာအင်ပါယာက ဧည့်သည်တွေကို သွားတွေ့ရအောင်။”
ရှောင်းယီက ခေါ်လိုက်သည်။ ကျန်းယွင်ထျန်း ခေါင်းညိတ်ကာ ရှောင်းယီနောက်သို့ လိုက်ပါသွားခဲ့သည်။ သူတို့သည် မြို့ပြန်ကျောက်ကို အသုံးပြုကာ မြောက်ဘက်ကျွန်းသို့ သွားရောက်ပြီးနောက် ကားတစ်စီးပေါ်သို့ တက်လိုက်ကြသည်။
လေပြာအင်ပါယာနှင့် အရောင်းအဝယ်ပြုလုပ်ရာ၌ အဆင်ပြေစေရန်အတွက် လန်ရှမ့် အပါအဝင် အကျဉ်းသားအားလုံးကို မြောက်ဘက်ကျွန်းတွင်ပင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ နေခဲ့စဉ်က လန်ရှမ့်သည် သူ၏အဖွဲ့ကို ဦးဆောင်ကာ မြောက်ဘက်ကျွန်းကို တိုက်ခိုက်ခဲ့သည် မဟုတ်ပါလော။
ဤအရောင်းအဝယ်ကိုလည်း မြောက်ဘက်ကျွန်းတွင်ပင် ပြုလုပ်မည်ဖြစ်သည်။ ပြုပြင်မွမ်းမံထားသော စစ်သည်တင်ယာဉ်သည် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ကို လန်ရှမ့်နှင့် အပေါင်းအပါများ ချုပ်နှောင်ထားရာ အကျဉ်းထောင်ဆီသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့သည်။
ဤအကျဉ်းထောင်သည် ပင်လယ်ကမ်းစပ်နှင့် အနီးတွင်ရှိပြီး ထိုနေရာတွင် လေပြာအင်ပါယာပိုင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်ထားခဲ့သည်။ သင်္ဘောကြီးပေါ်မှ သေတ္တာများကို အဆက်မပြတ် ချနေကြသည်။
ရှောင်းယီ လာနေသည်ကို မြင်သောအခါ ထန်လုံသည် ချက်ချင်း ရှေ့တက်ကာ နှုတ်ဆက်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း မတွေ့ရတာ ကြာပြီနော်။ နေကောင်းကျန်းမာမယ်လို့ မျှော်လင့်ပါတယ်။”
ရှောင်းယီက ပြုံးပြီး ထန်လုံကို ခေါင်းညိတ်ပြလိုက်ကာ သူ၏အကြည့်က လန်ယုံထံသို့ ကျရောက်သွားတော့သည်။
[လန်ယုံ (SS အဆင့်): လေပြာအင်ပါယာ၏ အရှင်မင်းကြီး၊ လန်ရှမ့်၏ဖခင်...]
“ဒီလောက် အရေးကြီးတဲ့ပုဂ္ဂိုလ်ကို ဘာလို့ ငါ့ကို မိတ်မဆက်ပေးတာလဲ။”
ရှောင်းယီက လန်ယုံကို ကြည့်ရင်း ပြောလိုက်သည်။
ထန်လုံမှာ အတော်လေး အံ့အားသင့်သွား၏။ ရှောင်းယီက လန်ယုံသည် အရေးကြီးသောပုဂ္ဂိုလ်ဖြစ်ကြောင်း သိနိုင်လောက်အောင် အကဲခတ်တော်လိမ့်မည်ဟု သူ မထင်ထားမိပေ။
“မဟာမိတ်ခေါင်းဆောင်ရှောင်း လူထဲကလူ၊ ထူးချွန်ထက်မြက်သူတစ်ယောက်လို့ ထန်လုံပြောတာ ကြားဖူးပါတယ်။ တကယ်လည်း ထူးခြားတာပဲ။”
လန်ယုံက ပြုံးကာ ရှေ့သို့လှမ်းလာပြီး ရွှင်ရွှင်ပျပျပင် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ငါက လေပြာအင်ပါယာရဲ့ အရှင်မင်းကြီး လန်ယုံပါ။”
“အရှင်မင်းကြီးလန်ကိုယ်တိုင် ရောက်လာတာ တကယ် ကောင်းတယ်။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
ထန်လုံ၏ အာဏာမှာ မနည်းလှသော်လည်း အရာရာကို သူတစ်ယောက်တည်း ဆုံးဖြတ်၍မရပေ။ အရှင်မင်းကြီးဖြစ်သူ လန်ယုံကိုယ်တိုင် ရှိနေခြင်းက အခြေအနေကို ပို၍ထူးခြားသွားစေသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း အခု ငါ့သားတော် လန်ရှမ့်ကို လွှတ်ပေးလို့ ရပြီလား။”
လန်ယုံက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
“ဒါပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီစတို့ဘက်က အုတ်မြစ်ကျောက်တွေ အဆင်သင့်ဖြစ်နေသရွေ့ပေါ့။”
လန်ယုံက သူ၏နောက်ရှိ သေတ္တာများကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒါတွေက ငါတို့ယူလာတဲ့ အုတ်မြစ်ကျောက်တွေပဲ။ စုစုပေါင်း သန်းပေါင်း နှစ်သိန်းတစ်သောင်း ရှိတယ်။”
“ဟင်...။”
ထိုအရေအတွက်ကို ကြားသောအခါ ရှောင်းယီ အံ့အားသင့်သွား၏။
“ပိုနေတဲ့ သန်းတစ်သောင်းကိုတော့ ကျုပ်တို့ရဲ့ တောင်းပန်မှုအဖြစ် မှတ်ယူပေးပါ။”
လန်ယုံက ရှင်းပြလိုက်သည်။ ရှောင်းယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“အရမ်းကောင်းတယ်။ အရှင်မင်းကြီးလန်က တကယ်ကို ပွင့်လင်းပြတ်သားတဲ့သူပဲ။ ဟေ့...လေပြာအင်ပါယာကလူတွေ အားလုံးကို လွှတ်ပေးလိုက်တော့။ သူတို့ရဲ့ မပျက်စီးသေးတဲ့ သင်္ဘောတွေကိုပါ ပြန်ပေးလိုက်။”
“ကျွန်းပိုင်ရှင် အုတ်မြစ်ကျောက်အရေအတွက်ကို မစစ်ဆေးရသေးဘူးလေ။”
အနီးရှိ စစ်သားက သတိပေးလိုက်သည်။ ထိုအခါ ရှောင်းယီက လက်ကာပြကာ ပြောလိုက်သည်။
“မလိုဘူး။ လေပြာအင်ပါယာက ငါတို့ကို လိမ်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။”
သူက အပြောကောင်းနေခြင်းဖြစ်သော်လည်း လက်တွေ့တွင်မူ အုတ်မြစ်ကျောက်အရေအတွက် မှန်ကန်ကြောင်း စနစ်၏ အသိပေးချက်ကို မြင်တွေ့ပြီးသားဖြစ်သည်။
ရှောင်းယီ၏ စကားကို ကြားသောအခါ လန်ယုံမှာ အလွန်ပင် စိတ်ကျေနပ်သွား၏။
“မဟာမိတ်ခေါင်းဆောင်ရှောင်းနဲ့ အခုထက် စောစောစီးစီး မတွေ့ဆုံနိုင်ခဲ့တာ တကယ်ကို နှမြောစရာပဲ။”
“အခုတွေ့တာလည်း အချိန်မနှောင်းသေးပါဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ နောက်ဆုံးတော့ သူတို့က သန်းတစ်သောင်းတောင် ပိုပေးထားသည်မဟုတ်ပါလော။ သူကလည်း မျက်နှာသာပေးရပေမည်။
“ဒါဆိုရင် ကျုပ်တို့ လေပြာအင်ပါယာအနေနဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပူးပေါင်းလို့ ရမလား။”
လန်ယုံက အခွင့်အရေးကို အရယူကာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။
“ရတာပေါ့...။”
ထို့နောက် ရှောင်းယီသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဆက်ပြောလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဒီနေ့ ကျုပ်တို့ အဆင့်မြင့်လက်နက်အချို့ကို ရောင်းဖို့ရှိတယ်။ အကယ်၍ စိတ်ဝင်စားရင် ကြည့်သွားလို့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ငွေသွင်း လျှော့ဈေးတွေလည်း ရှိတယ်။ အလွယ်ပြောရရင် ငွေများများဖြည့်လေ၊ အပိုဆု များများရလေပေါ့။ အသေးစိတ်ကို ရှင်းပြပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးပါ့မယ်။”
လန်ယုံနှင့် ထန်လုံတို့မှာ ငွေဖြည့်ခြင်းဆိုသော စကားလုံးကို တစ်ခါမျှ မကြားဖူးကြပေ။
မကြားဖူးသဖြင့် ရှောင်းယီ၏ စကားနောက်သို့ အလွယ်တကူ လိုက်ပါရန် တွန့်ဆုတ်နေကြပြီး ငြင်းဆိုရန် ပြင်လိုက်ကြသည်။ ထိုစဉ်မှာပင် ရှောင်းယီ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။
ရှောင်းယီက လန်ယုံကို ခဏစောင့်ရန် အချက်ပြပြီးနောက် ဖုန်းဖြေလိုက်သည်။
“သတင်းပို့ပါတယ်။ မသေမျိုးတပ်ဖွဲ့တွေဘက်ကနေ အဖွဲ့အမြောက်အမြား ရုတ်တရက် ကူးပြောင်းပြီး ရောက်လာနေပါတယ်။”
“ကောင်းပြီ။ မင်းတို့ အစွမ်းကုန် ခုခံထားကြ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ငါတို့ အခုချက်ချင်း လာခဲ့မယ်။”
ဖုန်းချပြီးနောက် ရှောင်းယီက အားနာဟန်ဖြင့် ပြောလိုက်သည်။
“ရောင်းမယ့်ပစ္စည်းတွေနဲ့ ငွေ့ဖြည့် လျှော့ဈေးတွေအကြောင်း မိတ်ဆက်ပေးဖို့ တစ်ယောက်ယောက်ကို ကျုပ် စီစဉ်ပေးခဲ့ပါ့မယ်။ ဟိုဘက်မှာ မသေမျိုးတွေ တိုက်ခိုက်နေလို့ ကျုပ် အခုချက်ချင်း သွားရတော့မယ်။”
လန်ယုံက ခေါင်းညိတ်ပြသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း အလုပ်ရှိရင် သွားပါ။ အားမနာပါနဲ့။”
ထိုစဉ် အနီးတွင် ရပ်နေသော ထန်လုံက ရုတ်တရက် ဝင်ပြောလာခဲ့သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တိုက်ပွဲကို သွားကြည့်ရင် မကောင်းဘူးလား။ မဟာမိတ်ခေါင်းဆောင်ရှောင်း ပြောတဲ့ အဆင့်မြင့်လက်နက်တွေကိုလည်း အဲ့ဒီတိုက်ပွဲမှာ သုံးလောက်မယ်လို့ ကျွန်တော်မျိုး ထင်တယ်။”
အခန်း ၉၉၀ - အလွန်မြန်သော အရှိန်၊ မသေမျိုးတပ်ဖွဲ့များကို အနားကပ်ခွင့်ပြုခြင်း
ထန်လုံ၏ စကားကို ကြားသောအခါ လန်ယုံ အနည်းငယ် မှင်တက်သွားခဲ့သည်။ ထို့နောက် သူ၏ မျက်ဝန်းများ တောက်ပလာပြီး ရှောင်းယီကို ကြည့်ကာ မေးလိုက်၏။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်တို့ မင်းတို့ရဲ့ မဟာမိတ်အဖွဲ့ တိုက်ပွဲဝင်နေတာကို လေ့လာကြည့်ရှုခွင့်ပြုဖို့ သဘောတူနိုင်မလားလို့ သိချင်မိပါတယ်။”
ထန်လုံ၏ အကြံပြုချက်နှင့် လန်ယုံ၏ မေးခွန်းကို ကြားလျှင်ပင် ရှောင်းယီက ဝမ်းသာအားရဖြင့် ချက်ချင်း ပြန်ပြောလိုက်လေသည်။
“ဒါပေါ့။ အခုလို လာရောက်လေ့လာတာဟာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ။”
ဤသည်မှာ လေပြယအင်ပါယာအား မဟာမိတ်အဖွဲ့၏ အင်အားကို ပြသဖို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် ပထမဦးစွာ သူတို့အနေဖြင့် လက်တွေ့မကျသော အကြံအစည်ငယ်များ ရှိမလာစေရန် သတိပေးရာရောက်ပြီး ဒုတိယအချက်မှာ မဟာမိတ်အဖွဲ့တွင် မည်မျှကောင်းမွန်သော ပစ္စည်းများ ရှိသည်ကို သိသွားစေမည်ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းတို့ကို ရောင်းချရန် အချိန်ကျလာလျှင် စကားအများကြီး ပြောနေစရာ မလိုတော့ပေ။
နောက်ဆုံးတော့ သူတို့သည် ထိုပစ္စည်းများကို လက်တွေ့အသုံးပြုနေသည်ကို မြင်တွေ့ခဲ့ရပြီ မဟုတ်ပါလော။
“ကောင်းပါပြီ။ ဒါဆိုရင် မဟာမိတ်ခေါင်းဆောင်ရှောင်းကို ကျေးဇူးအများကြီး တင်ပါတယ်။”
လန်ယုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အစ်ကိုကျန်း မင်း အရင်သွားနှင့်လိုက်ပါ။ ငါ သူတို့ကို ခေါ်ပြီး တိုက်ပွဲကို ဘေးကနေ ကြည့်နိုင်အောင် လုပ်ပေးလိုက်မယ်။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီး ချက်ချင်း ထွက်ခွာသွားတော့သည်။
ထိုစဥ် လန်ယုံက ခဏစဉ်းစားပြီး မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း လန်ရှမ့်နဲ့ ထန်လော့တို့ကိုပါ ကျုပ်တို့နဲ့အတူ လိုက်ခွင့်ပြုလို့ ရမလား။”
“ရတာပေါ့။ ပြဿနာမရှိပါဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်ပြီး လန်ရှမ့်နှင့် ထန်လော့တို့ကို အကျဉ်းခန်းမှ လွှတ်ပေးရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
ထို့နောက် အဖွဲ့သားအားလုံးသည် ရှောင်းယီ အသစ်ထုတ်လုပ်ထားသော ရေနွေးငွေ့သုံး တာဘိုင်သင်္ဘောပေါ်သို့ တက်လိုက်ကြတော့သည်။
ထိုအချိန်တွင် အခုလေးတင် လွတ်လာသော လန်ရှမ့်က တိုးတိုးလေးနှင့် ဇဝေဇဝါ မေးလိုက်သည်။
“ခမည်းတော် ကျုပ်တို့ ဘာလုပ်နေကြတာလဲ။”
“ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လေ့လာနေတာလေ။”
လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်သည်။ ထိုအခါ နောက်က လိုက်လာသော ထန်လော့ကလည်း အသံတိုးတိုးဖြင့် မေးလိုက်သည်။
“အဖေ ဘာတွေဖြစ်နေတာလဲ။ သူတို့ကို အုတ်မြစ်ကျောက် ဘယ်လောက်ပေးလိုက်ရလဲ။”
“သန်းပေါင်း နှစ်သိန်းတစ်သောင်း။”
ထန်လုံက အေးဆေးပင် ပြန်ဖြေလိုက်၏။
“တကယ်ကြီး အဲ့ဒီလောက်တောင် ပေးလိုက်ရတာလား။ ဘာလို့ သန်းတစ်သောင်း ပိုပေးလိုက်တာလဲ။”
ထန်လော့သည် ရှောင်းယီ တောင်းဆိုခဲ့သည့် ဈေးနှုန်းကို သိထား၏။
“ဘယ်သူက ညှိနှိုင်းတာလဲ။”
လေပြာအင်ပါယာဘက်က ဈေးမဆစ်သည့်အပြင် သန်းတစ်သောင်းတောင် ပိုပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအခါ ထန်လုံက သူ့ကို စိုက်ကြည့်လိုက်၏။
“မင်းအဖေ ငါကိုယ်တိုင်ပဲလေ။ ဘာဖြစ်လို့လဲ။”
ထန်လော့ ကြောင်အသွားပြီးနောက် ဖားယားသည့် အပြုံးဖြင့် ချက်ချင်းပြောလိုက်သည်။
“အဖေကလည်း နောက်နေပြန်ပြီ။ အဖေရဲ့ အရည်အချင်းနဲ့ဆိုရင် အနည်းဆုံး တစ်ဝက်လောက်တော့ လျှော့နိုင်ရမှာပေါ့။”
ထန်လုံက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
“သူက တော်တော်လေး တင်းမာတယ်။ ဈေးဆစ်ဖို့ လုံးဝ နေရာမပေးဘူး။”
ထန်လော့ မျက်မှောင်ကြုတ်လိုက်၏။
“ဈေးဆစ်လို့ မရရင်တောင်မှ အနည်းဆုံးတော့ ပိုမပေးသင့်ဘူးလေ။”
“အဲ့ဒီ ပိုပေးတဲ့ သန်းတစ်သောင်းက အရှင်မင်းကြီးကိုယ်တိုင် စေတနာအရင်းခံနဲ့ ကမ်းလှမ်းခဲ့တာပဲ။”
ထန်လုံက ပြန်ဖြေလိုက်သည်။
ထန်လော့ မျက်လုံးပြူးသွားပြီး တိုးတိုးလေး မေးလိုက်သည်။
“အရှင်မင်းကြီးက ယီရန်ပင်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ရည်ရွယ်နေတာလား။”
ထန်လုံက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒါထက်တောင် ပိုနိုင်သေးတယ်။”
သူရ အသံကိုနှိမ့်ကာ ပြောပြလိုက်၏။
ထန်လော့မှာ လုံးဝ အံ့အားသင့်သွားပြီး ဖခင်ဖြစ်သူနောက်မှ ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်သို့ တိတ်တဆိတ်သာ လိုက်ပါလာခဲ့လိုက်သည်။
သင်္ဘောပေါ်ရောက်သောအခါ လန်ရှမ့်သည် ဤသင်္ဘောမှာ သူယခင်က မြင်တွေ့ခဲ့ရသော ယီရန်ပင်းသင်္ဘောများထက် ပိုမိုကြီးမားနေသည်ကို တွေ့ရသဖြင့် အံ့သြသွားခဲ့သည်။
“ခမည်းတော် ဒီသင်္ဘောက ကျုပ်တို့ သူတို့ကို အရင်က တိုက်ခိုက်တုန်းက တွေ့ခဲ့ရတဲ့ သင်္ဘောတွေထက် ပိုကြီးနေသလိုပဲ။”
လန်ရှမ့်က တိုးတိုးလေး ပြောလိုက်သည်။လန်ယုံက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
သူတို့ရှေ့က ရှောင်းယီက ထိုစကားကို ကြားလိုက်ပုံရပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။
“အမှန်ပဲ။ ဒါက ငါတို့ မဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးပေါ် သင်္ဘောမော်ဒယ်ပဲ။”
သင်္ဘောပေါ်ရောက်သည်နှင့် ရှောင်းယီက “တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးဆီ ဦးတည်သွား။” ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...။”
သင်္ဘောပေါ်ရှိ စစ်သားများသည် အင်ဂျင်ကို ချက်ချင်းနှိုးကာ အရှိန်အမြင့်ဆုံးဖြင့် အမြန်မောင်းနှင်လိုက်ကြတော့သည်။
ရေနွေးငွေ့တာဘိုင်သင်္ဘော၏ ကြီးမားလှသော ကုန်းပတ်ထက်တွင် ထိုင်ခုံအချို့ကို ပြင်ဆင်ထား၏။ ရှောင်းယီက ပထမဆုံး လျှောက်သွားကာ ထိုင်လိုက်သည်။
“အားလုံးပဲ ထိုင်ကြပါဦး။ ခဏနေရင် ရောက်တော့မှာပါ။”
ရှောင်းယီက လန်ယုံနှင့် တခြားသူများကို ဖိတ်ခေါ်လိုက်သည်။
လူတိုင်း သူတို့နေရာတွင် သူတို့ ဝင်ထိုင်လိုက်ကြ၏။ သူတို့ရှေ့တွင် မှန်လေကာပြတင်းတစ်ခု ရှိနေခဲ့လေသည်။ လန်ယုံနှင့် တခြားသူများသည် ဘေးတစ်ဖက်တစ်ချက်စီမှ ဖြတ်တိုက်သွားသော ပင်လယ်လေပြင်းများကိုသာ ခံစားနေရသည်။
“ဒီသင်္ဘောရဲ့ အရှိန်က တော်တော်မြန်တာပဲ။”
လန်ယုံက အံ့အားသင့်စွာ ပြောလိုက်သည်။
“အရှိန်ကတော့ အတော်အသင့်ပါပဲ။”
ရှောင်းယီက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ ရှောင်းယီက အသေးစိတ်အချက်အလက်များကို မပြောသဖြင့် လန်ယုံကလည်း ထပ်မမေးတော့ပေ။ ထို့အစား သူက စကားလမ်းကြောင်းလွှဲလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ဟိုဘက်က စစ်သင်္ဘောတွေရဲ့ အရှိန်ကရော ဘယ်လောက်ရှိမလဲလို့ သိချင်မိတယ်။”
လန်ယုံ ညွှန်ပြနေသည့် ပင်လယ်ပြင်ထက်က သံချပ်ကာ စစ်သင်္ဘောများကို ကြည့်ရင်း ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဘွိုင်လာ တပ်ဆင်ပုံပေါ် မူတည်ပြီး အရှိန်တွေက ကွဲပြားတယ်။ အမြင့်ဆုံးအဆင့်ဆိုရင် တစ်နာရီကို ကီလိုမီတာ ၉၀ အထိ သွားနိုင်ပါတယ်။”
“တစ်နာရီ ကီလိုမီတာ ၉၀ ဟုတ်လား။”
ထန်သားအဖနှစ်ယောက်မှာ နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားကြပြန်သည်။
လေပြာအင်ပါယာ၏ သင်္ဘောများသည် လက်ရှိတွင် တစ်နာရီလျှင် အများဆုံး ကီလိုမီတာ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်သာ သွားနိုင်သည်ကို သိထားရမည်ဖြစ်သည်။ ထို့အပြင် လန်ယုံ ယခုညွှန်ပြနေသည်မှာ သံချပ်ကာစစ်သင်္ဘောများကိုသာ ဖြစ်ပြီး သူတို့ယခုစီးနင်းနေသော သင်္ဘောကို မဆိုလိုပေ။
သူတို့၏ ဟောင်းနွမ်းသော စစ်သင်္ဘောများပင် တစ်နာရီ ကီလိုမီတာ ကိုးဆယ် သွားနိုင်လျှင် ယခု သူတို့စီးနေသော သင်္ဘောမှာ မည်မျှမြန်မည်နည်း။ သူတို့သင်္ဘောက ရှေ့က သံချပ်ကာသင်္ဘော အတော်များများကို ကျော်တက်လာသည်ကို ကြည့်ခြင်းအားဖြင့် ပိုမြန်မည်မှာ သေချာပေသည်။
ပင်လယ်ပြင်ကျယ်ကြီးထဲတွင် တိကျသော အမှတ်အသားများ မရှိဘဲ အရှိန်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။ ထို့ကြောင့် ရှောင်းယီက တိကျသော ကိန်းဂဏန်းကို ပြောပြလိုက်သောအခါ လန်ယုံတို့တစ်ဖွဲ့လုံး မှင်တက်သွားရခြင်း ဖြစ်သည်။
လန်ယုံက ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
“ဒါဆိုရင် မင်းတို့ မဟာမိတ်အဖွဲ့က အဲ့ဒီလို စစ်သင်္ဘောဟောင်းတွေကို အပြင်လူတွေကိုရော ရောင်းပေးလား။”
“ဒါပေါ့...။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
ဘေးတွင် ရပ်နေသော ထန်လော့မှာ အနည်းငယ် စိတ်လှုပ်ရှားသွား၏။ အကယ်၍ လေပြာအင်ပါယာအနေဖြင့် ထိုကဲ့သို့သော စစ်သင်္ဘောများကို အမှန်တကယ် ရရှိနိုင်မည်ဆိုပါက အင်ပါယာ၏ အင်အားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်မည်မှာ ဧကန်မလွဲပင်။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် ရှောင်းယီတို့ စီးလာသော သင်္ဘောကြီးသည် တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးအနီးသို့ ရောက်ရှိလာခဲ့ကြလေသည်။ ထိုနေရာတွင်တော့ အမြောက်သံများမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေခဲ့သည်။
ရှောင်းယီသည် စစ်မြေပြင်တစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်စေရန် သင်္ဘောကို တစ်ဖက်သို့ ကပ်မောင်းခိုင်းလိုက်၏။ ထိုအချိန်တွင် တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါးအတွင်းမှ အသေးစား တိုက်ခိုက်ရေးလှေငယ်လေးများ အဆက်မပြတ် ထွက်ပေါ်လာနေသည်။
လေဟာနယ်တံခါးထဲမှ ထွက်လာသည်နှင့် ထိုလှေငယ်များသည် အရပ်မျက်နှာအနှံ့သို့ ချက်ချင်း လှော်ခတ်သွားကြတော့လေသည်။ သို့သော်လည်း ယီရန်ပင်းအဖွဲ့၏ အမြောက်ကျည်များမှာ အလွန်ပင် စိပ်လှသဖြင့် ထိုလှေငယ်များ လွတ်ထွက်သွားရန်မှာ မဖြစ်နိုင်ပေ။
ဤအတိုင်းသာ ဆက်သွားနေလျှင် တခြားလက်နက်များကို ပြသရန် အခွင့်အရေးရှိတော့မည်မဟုတ်။ ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ကျန်းယွင်ထျန်းထံသို့ ဖုန်းခေါ်လိုက်လေသည်။
“အစ်ကိုကျန်း သူတို့ထဲက အချို့ကို အပြင်လွှတ်ပေးလိုက်ရင် မင်း ထိန်းနိုင်မလား။”
“ထိန်းနိုင်တာပေါ့။”
ကျန်းယွင်ထျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။ ဒါဆို အချို့ကို လွှတ်ပေးပြီး မင်းလက်ထဲမှာရှိတဲ့ လက်နက်တွေနဲ့ ကိုင်တွယ်လိုက်။”
ရှောင်းယီက ဆက်လက် ညွှန်ကြားလိုက်သည်။
“လေပြာအင်ပါယာကလူတွေကို ငါတို့ရဲ့ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်ကို တစ်ခါတည်း ပြပေးလိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဖုန်းချပြီးနောက် ကျန်းယွင်ထျန်းသည် အမြောက်ဖြင့် ပစ်ခတ်နေမှုကို ချက်ချင်း ရပ်တန့်ခိုင်းလိုက်၏။ အမြောက်တပ်သားများမှာ ကျန်းယွင်ထျန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိကြသည်။
ထိုစဉ် ဘေးမှ ကြည့်နေသော လန်ယုံက အံ့သြတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
“ဘာလို့ ရပ်လိုက်တာလဲ။ မသေမျိုးတွေ တက်လာတော့မှာလေ။”
“ဟုတ်တယ်...အနီးကပ် တိုက်ပွဲဆိုရင် လူသားတွေဘက်က အများကြီး အရှုံးပေါ်နိုင်တယ်။”
ထန်လုံကလည်း မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ဒီအတိုင်း အမြောက်နဲ့ပဲ ပစ်နေရင် တခြားလက်နက်တွေကို ပြခွင့်မရမှာစိုးလို့ ကျုပ် ရပ်ခိုင်းလိုက်တာပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
လန်ယုံမှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားခဲ့၏။
ဒီလိုရပ်လိုက်လို့ မင်းရဲ့စစ်သည်တွေ မသေမျိုးတွေလက်မှာ အရေးနိမ့်သွားရင် ဘယ်လိုလုပ်မလဲ။ ငါတို့ကို သတိပေးချင်ရုံနဲ့ ဒီလောက်အထိ အဆုံးရှုံးခံတာက မတန်ဘူးလေကွ။
လန်ယုံ စိုးရိမ်နေစဉ်မှာပင် အမြောက်သံများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာ၏။ သို့သော်လည်း လှေငယ် အစီးသုံးလေးဆယ်ခန့်မှာ အမြောက်ကျည်ထိခိုက်နိုင်သော ဇုန်အတွင်းမှ လွတ်ထွက်လာပြီး ဖြစ်သည်။
“အမြောက်ဇုန်ကို အမြန် နောက်ဆုတ်လိုက်တော့။ မဟုတ်ရင် သူတို့ကို ထိတော့မှာ မဟုတ်ဘူး။”
ထန်လုံက စိုးရိမ်တကြီး အကြံပြုလိုက်သည်။
“အေးဆေးပါ။ ဆက်သာကြည့်နေလိုက်။”
ရှောင်းယီက အလွန်ပင် တည်ငြိမ်နေသော အမူအရာဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။