ဆောင်းဦးပင်လယ်
Vol. 27 Ch. 367
စုမင် စကားဆုံးသည်နှင့် သူ့ဘယ်ဘက်လက်ထဲတွင် ရှာမန်သလင်းကျောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချက်ညှစ်လိုက်သည်နှင့် သလင်းကျောက်ထံမှ စူးရှတောက်ပသော အလင်းတစ်ဖြာ ချက်ချင်းတောက်ပလာသည်။ ကောင်းကင်ထက်တွင် အလင်းတစ်ချက် ပြိုးပျက်သွားပြီး ထိုအလင်းသည် စုမင်အထက်တွင် ဧရာမ ဖွတ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုဖွတ်ကြီးမှာ ဖွတ်ရှာမန်မျိုးနွယ်စု၏ ထွတ်မြတ်သားရဲကြီးပင် ဖြစ်သည်။
ရှာမန်သလင်းကျောက်များကို အသုံးချလို့ရသည့် အရာများစွာရှိသည်။ ထိုအသုံးပြုပုံများထဲမှ တစ်ခုဖြစ်သည့် ရှာမန်များအနေဖြင့် မရင်းနှီးသော နေရာတစ်ခုတွင် အခြားရှာမန်များနှင့် ထိပ်တိုက်ဆုံတွေ့ပါက ယဉ်ကျေးသမှုပြုပုံ တစ်ခုအနေဖြင့် ၎င်းတို့မျိုးနွယ်စု၏ ထွတ်မြတ်သားရဲကို ထုတ်ဖော်ပြသတတ်သည့် နည်းလမ်းတစ်ခုကို ဝူတုထံမှ စုမင် သင်ယူခဲ့ဖူးသည်။
အဆုံးတွင်တော့ သူသည် ဝူတု၏ရင်းမြစ်နှင့် ပက်သက်၍ သက်သေပြခြင်း မပြုခဲ့ပဲ ထိုအစား ရှာမန်တို့၏ ဓလေ့ထုံးတမ်းများနှင့် စရိုက်လက္ခဏာများကိုသာ စုံစမ်းရန် ဆုံးဖြတ်ဖြစ်ခဲ့သည်။ ဝူတုကလည်း သူ့ကို အလုံးစုံပြောပြခဲ့သည်။ သူသည်လည်း စုမင်ရည်ရွယ်ချက်ကို အနည်းငယ် ခန့်မှန်းမိခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦးမှာ မျိုးနွယ်စု မတူညီသော်ငြား တစ်လမ်းတည်း သွားနေသူများဖြစ်၍ စုမင်ကို မဖော်ထုတ်ခဲ့ပေ။
သူတို့နှစ်ဦးတွင် လေးနက်သော ခင်မင်မှုမျိုး မရှိခဲ့ကြသော်လည်း တိုက်ပွဲပေါင်းများစွာကို အတူတကွ တိုက်ခိုက်ခဲ့ပြီးနောက်တွင်တော့ သူတို့သည် တမူထူးခြားသော အပြန်အလှန် နားလည်မှုတစ်မျိုးကို ထူထောင်နိုင်ခဲ့ကြ၏။ ဤနည်းဖြင့်ပင် မတူညီသော မျိုးနွယ်စုများမှ လူနှစ်ဦးအကြား ခင်မင်ရင်းနှီးမှုတသ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
၎င်းသည် ကျိုးပျက်လွယ်သော ဆက်ဆံရေးတစ်ခု ဖြစ်နိုင်သလို ထိုမျှ လွယ်လွယ်မကျိုးပျက်နိုင်သော ဆက်ဆံရေးတစ်ခုလည်း ဖြစ်နိုင်၏။
အနည်းဆုံးတော့ ယခုအချိန်တွင် စုမင်သည် ရှာမန်သလင်းကျောက်၏ စွမ်းအားကို အသက်သွင်းရန် ဝူတုပြောပြခဲ့သော နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
အတိတ်တွင် သူမြင်ခဲ့ဖူးသော အရာနှင့် မှတ်မိနေသည်များကို အခြေခံ၍ ဖွတ်ရှာမန်မျိုးနွယ်စု၏ ထွတ်မြတ်သားရဲ ပုံရိပ်ယောင်ကို ထုတ်ဖော်လိုက်သည်နှင့် ကုန်းမြေကို ဖုန်တထောင်းထောင်း ထစေခဲ့သော ရှာမန်မျိုးနွယ်စုကြီးသည်လည်း ၎င်းတို့ကိုယ်ပိုင် ထွတ်မြတ်သားရဲ၏ ပုံရိပ်ယောင်ကို ကောင်းကင်ထက်တွင် ပုံဖော်ပြသလာခဲ့သည်။
ရှာမန်သလင်းကျောက် တစ်ခုထံမှနေ၍ ဧရာမသားရဲရိုင်းကြီးတစ်ကောင် ခေါ်ထုတ်ခံလိုက်ရလေသည်။
၎င်းမှာ စုမင်နှင့် ရင်းနှီးနေသော သူယခင်က မြင်တွေ့ခဲ့ဖူးသည့် ဧရာမ မက်ကရယ်ငါးကြီး ဖြစ်သည်။
ကောင်းကင်ထက်တွင် မက်ကရယ်ငါးကြီး၏ ပုံရိပ်ယောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းနှင့်စာလျှင် ဖွတ်ကြီးမှာ အလွန်အမင်း သေးငယ်နေခဲ့၏။
သို့ရာတွင် မျိုးနွယ်စုတစ်ခုက ထွတ်မြတ်သားရဲ ပုံရိပ်ကို ထုတ်ဖော်ပြသခဲ့လျှင် ၎င်းတို့သည် စုမင်စကားများကို အသိအမှတ်ပြုပြီး စုမင်၏ ရှာမန်ကျင့်ဝတ် စွမ်းဆောင်မှုကို လက်ခံလိုက်သဖြင့် ပြန်လည်နှုတ်ခွန်းဆက်လာခြင်း ဖြစ်သည်ဟု ဆိုလိုနေသည်။
ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းက ထွက်ပြေးနေသော မာန်စွမ်းအားရှင်အိုကြီး၏ မျက်လုံးများကို မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားစေသည်။ ဤကဲ့သို့ ရှာမန်ကျင့်ဝတ်မျိုးရှိကြောင်း သူမသိပါချေ။
အမှန်စင်စစ် ဤကျင့်ဝတ်မျိုးမှာ တစ်ကယ် အရေးမပါလှသဖြင့် ရှာမန်နယ်မြေထဲမှာပင် ဤကျင့်ဝတ်မျိုးကို သိသူ များများစားစား မရှိပေ။ အကယ်၍ လူတို့အနေဖြင့် ထွတ်မြတ်သားရဲများကို ခေါ်ထုတ်နိုင်ခဲ့လျှင်တောင် အများအားဖြင့်တော့ အခြားသူများသည် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ၎င်းတို့မှာ ရှာမန်ဟုတ်မဟုတ် သိနိုင်ပေသည်။
အထင်ရှားဆုံး လက္ခဏာရပ်မှာ ထိုလူ၏ စိတ်စွမ်းအင် ခွန်အားသာဖြစ်သည်။
ထိုအခိုက်အတန့်တွင် စုမင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ရန် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားပြီးဖြစ်သည်။ ထို့အပြင် သူ့လက်ထဲတွင် ဖုံးကွယ်ထားသော ဝိညာဉ်လုယက်ထံမှ ဖြန့်ကျက်ထွက်ပေါ်နေသည့် ထူးခြားဆန်းကြယ်သော လေထုကြောင့် စုမင်သည် ကောက်ရိုးခါးမောက် ဆောင်းထားသော်လည်း ပတ်ဝန်းကျင်ရှိ လူအားလုံးကို သူသည် စိတ်ဝိညာဉ်ဖမ်းစားသူတစ်ယောက် ဖြစ်သည်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
ထွက်ပြေးနေသော မာန်စွမ်းအားရှင်အိုကြီးသည် ဤထုံးတမ်းအကြောင်း မသိသော်လည်း စုမင်မှာ ရှာမန်မျိုးနွယ်စုမှ မဟုတ်ကြောင်းကိုတော့ သေချာပေါက် သိနေခဲ့သည်။
သူ့အနောက်တွင် ရှာမန်အုပ်စုတစ်ခု ပေါ်လာသောအခါ ကြက်သီးများထသွားသော်လည်း အရှေ့သို့ ဆက်လက်ဦးတည်ပြေးလွှားနေရင်းမှ ဆိုးယုတ်သော ရည်ရွယ်ချက်တစခုဖြင့် စတင်ပြောဆိုလိုက်သည်။ "စိတ်ဝင်စားစရာပဲ၊ ပထမမာန်နတ်ဘုရားရဲ့မျိုးဆက်၊ မာန်စွမ်းအားရှင်မျိုးနွယ်စုရဲ့ လေမာန်စွမ်းအားရှင် အစစ်အမှန် စစ်နတ်ဘုရားတစ်ပါးက ဘယ်အချိန်ကစပြီးတော့များ ရှာမန်တစ်ယောက် ဖြစ်သွားရတာလဲ။ ဒီအကြောင်းနဲ့ ပက်သက်ပြီး ငါဘာလို့ မသိခဲ့ရတာပါလိမ့်"
အဘိုးအိုထံမှ ထိုစကားများ ထွက်ပေါ်လာသည်နှင့် စုမင် အေးစက်စက်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူ့ကိုယ်သူ ရှင်းပြမနေတော့ပဲ ညာဘက်လက် လက်သီးဆုပ်ကို ဖြေလျော့လိုက်ပြီး လက်ထဲမှ ဝိညာဉ်လုယက်ကို သူ့ခေါင်းထက်တွင် လွင့်မျောစေလိုက်သည်။ ၎င်းသည် ကမ္ဘာလောကမှ အရာအားလုံးကို စုပ်ယူပစ်ချင်ဟန်ဖြင့် စူးရှမှောင်မိုက်သော အလင်းတစ်ဖြာ တောက်ပနေခဲ့သည်။
မာန်စွမ်းအားရှင် နယ်မြေထဲတွင် သူသတ်ဖြတ်ခဲ့သော စိတ်ဝိညာဉ်ဖမ်းစားသူ လူငယ်လေးသည် ဤပုလဲကို မြင်သောအခါ ၎င်းက အဆုံးသတ်ရှာမန်များသာ ဖန်တီးနိုင်သည့် ဝိညာဉ်စုဆောင်းပုလဲ ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း စုမင် ထူးထူးခြားခြား မှတ်မိနေသည်။
ဤပုလဲမှာ ရှာမန်မျိုးနွယ်စုအတွင်း အတော် ကျော်ကြားပုံပေါ်သည်... ထို့အပြင် ဖွတ်ရှာမန်မျိုးနွယ်စုထဲတွင် သူ၏ ဝိညာဉ်လုယက်ကို ထုတ်ယူခဲ့စဉ်က ထိုမျိုးနွယ်စု၏ ဘိုးဘေးသည်လည်း ဤပစ္စည်းမှာ ရှာမန်များနှင့်သာ သက်ဆိုင်သော အရာတစ်ခုဖြစ်ကြောင်း သတိပြုမိခဲ့ပြီး စုမင်က အဘယ်ကြောင့် ၎င်းကို ပိုင်ဆိုင်အသုံးပြုနေရသနည်းဟု စိတ်ရှုပ်ထွေးသွားခဲ့ဖူးကြောင်း သူမှတ်မိလိုက်သည်။
"ဝိညာဉ်စုဆောင်း ပုလဲ"
စုမင် ကြိုတင်ခန့်မှန်းထားသလိုပင် ပုလဲ ထွက်ပေါ်လာသည်နှင့် သူတို့အနောက်ရှိ ရွှေ့ပြောင်းရှာမန်မျိုးနွယ်စုထဲမှ တစ်စုံတစ်ဦးက ချက်ချင်းဆိုသလို အံ့သြတကြီး အော်ဟစ်လိုက်သည်။
မာန်စွမ်းအားရှင်အိုကြီးမှာ အံ့အားသင့်မင်သက်သွားပြီး စုမင်အနောက် ကောင်းကင်ရှိ ထောင်ပေါင်းများစွာသော မက်ကရယ်ငါးများထံမှ အဘွားအိုတစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အဘွားအို၏ ဆံပင်များမှာ ဖြူဖွေးနေပြီး သူမအရေပြားမှာလည်း အရေးအကြောင်းများဖြင့် ပြည့်နေသည်။ သူမမျက်နှာပေါ်တွင် မက်ကရယ်ငါးပုံ တက်တူးဆေးမင်ကြောင်တစ်ခု ရှိနေသည်။ သူမလက်ထဲတွင် ငါးရိုးဖြင့် ပြုလုပ်ထားသော ကြိမ်တစ်ချောင်း ကိုင်ဆောင်ထားပြီး ခြေတစ်လှမ်းတည်းဖြင့် မာန်စွမ်းအားရှင်အိုကြီး၏ အနောက်ဘက် ပေသိန်းပေါင်းများစွာ အဝေးရှိ စုမင်ရှေ့တွင် ပေါ်လာခဲ့သည်။
သူမမှာ နှောင်းပိုင်းရှာမန်တစ်ဦး ဖြစ်သည်။
ဦးခေါင်းကို ဖုံးအုပ်ထားသော ကောက်ရိုးခါးမောက်အောက်ရှိ စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ အဘွားအို သူ့အားဖြတ်ကျော်သွားစဉ် အဘွားအို၏ ခန္ဓာကိုယ်ထံမှ သူ့ကို စစ်ဆေးလေ့လာနေသည့် နတ်ဘုရားစိတ်အာရုံနှင့် တူညီသော စွမ်းအားတစ်မျိုးကို စုမင်ခံစားမိလိုက်၏။
မြေပြင်ပေါ်မှ လိပ်ကြီးကိုးကောင်၏ အလယ်ရှိ လိပ်တစ်ကောင်၏ ဦးခေါင်းပေါ်တွင် ဆယ်ပေခန့်ရှည်လျားသော ဆံပင်ရှည်များနှင့် ယောကျ်ားတစ်ဦး ထိုင်နေလေသည်။
ထိုလူ၏ပုံစံမှာ အသက်လေးဆယ်ခန့်သာ ရှိသေးသော်လည်း သူ့အရေပြားပေါ်တွင်တော့ အသက်အရွယ် ကြီးရင့်သူများ၏ အရေပြားကို ဖုံးအုပ်ထားတတ်သည့် ဇရာ၏ အစက်အပြောက်များ ရှိနေသည်။ သူသည် မူလက မျက်လုံးများကို မှိတ်ထားသော်လည်း အဘွားအို ထွက်ပေါ်လာသည်နှင့် တစ်ချိန်တည်းလိုလိုပင် သူ့မျက်လုံးများမှာလည်း ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ ၎င်းမျက်လုံးများထဲတွင် တစ်စုံတစ်ဦးအား ရိုးတွင်ခြင်ဆီထိတိုင်အောင် ထိတ်လန့်ခြောက်ချား သွားစေနိုင်သည့် အလင်းရောင်တစ်ခုရှိနေသည်။
၎င်းက အကြည့်တစ်ချက်မျှသာ ဖြစ်သော်လည်း စုမင်တစ်ကိုယ်လုံးကို တုန်လှုပ်ချောက်ခြားသွားစေရန် လုံလောက်နေခဲ့ပြီးဖြစ်သည်။ ၎င်းသည် အရှေ့မှ ထွက်ပြေးနေသော မာန်စွမ်းအားရှင်အိုကြီးကိုလည်း ၎င်း၏ စိတ်ဝိညာဉ် လွင့်ပါးသွားတော့မလို ခံစားလိုက်ရစေသည်။
သူ့ခန္ဓာကိုယ်မှာ တုပ်နှောင်ခံလိုက်ရပြီး ရှေ့ဆက်မတိုးနိုင်တော့ဟန်ဖြင့် ရုတ်ခြည်း ရပ်တန့်သွားခဲ့ရသည်။
"အဆုံးသတ်... စိတ်ဝိညာဉ် ဖမ်းစားသူ"
မာန်စွမ်းအားရှင်အိုကြီး၏ မျက်နှာအမူအယာမှာ အလွန်အမင်း ခါးသီးဆိုးရွားသွားသည်။ သူ့ဝိညာဉ်ကို ဖမ်းချုပ်ခံလိုက်ရသကဲ့သို့ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ ထိုမျှသာမဟုတ် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း ပျောက်ဆုံးသွားပြီး ဖြည်းဖြည်းချင်း ပြန်လှည့်လာခဲ့သည်။ ထို့နောက် အဘွားအိုဆီသို့ ရုပ်သေးတစ်ကောင်သဖွယ် စတင်လျှောက်လှမ်းလာခဲ့လေသည်။
သူ့မျက်လုံးများအတွင်း ထိတ်လန့်ကြောက်ရွံ့မှုများကိုပင် အထင်းသား တွေ့မြင်နိုင်၏။
"မင်းရဲ့ ကောက်ရိုးခါးမောက်ကို ချွတ်လိုက်"
မာန်စွမ်းအားရှင်အိုကြီးမှာ ခန္ဓာကိုယ် ထိန်းချုပ်ခံလိုက်ရပြီး ခုခံနိုင်စွမ်းမရှိပဲ စတင်လျှောက်လှမ်းလာခဲ့စဉ် မြေပြင်ထက်ရှိ လိပ်ကြီးပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသော ယောကျ်ား၏ မျက်လုံးများက စုမင်ပေါ်သို့ စူးစိုက်ကျရောက်နေခဲ့သည်။ ထိုသူ၏ အကြည့်မှာ လေးနက်နေပြီး သူ့စကားသံက ထူးဆန်းသော လေသံစည်းချက်တစ်မျိုးဖြင့် ထွက်ပေါ်လာခဲ့သည်။
ထိုလူ၏ မျက်လုံးများမှ သန်မာသည့်စိတ်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်ကို စုမင် ချက်ချင်း ခံစားမိလိုက်၏။ တစ်ခဏအတွင်းမှာပင် ၎င်းက သူ၏ ဖြန့်ကျက်ထားသော နတ်ဘုရားစိတ်အာရုံကို ထိတွေ့သွားပြီး သူ့ကို ယိမ်းယိုင်သွားစေသော အားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ထိုလူက ၎င်း၏နတ်ဘုရားစိတ်အာရုံကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် စုမင်ကို ထိခိုက်စေခြင်း မရှိခဲ့ပေ။
စုမင်ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ကောက်ရိုးခါးမောက်ကို ဖြည်းညှင်းစွာ ဖယ်ချလိုက်ပြီး အနက်ရောင် မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကာထားသော မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။
ထိုမျက်နှာဖုံးက ဟန်တောင်တန်းဘိုးဘေး ပိုင်ဆိုင်ခဲ့သော အရာဖြစ်သည်။
မျက်နှာဖုံး တပ်ဆင်ထားသော်လည်း စုမင်မျက်လုံးများကတော့ နက်နဲသိမ်မွေ့မှုဖြင့် စူးရှတောက်ပနေခဲ့သည်။ သူ၏ မျက်နှာအစစ်ကို ပြသထားခြင်း မရှိလျှင်တောင် ရိုးရေစတေးနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူရရှိခဲ့သော ထူးခြားသည့် အရှိန်အဝါက သူ့ကိုယ်ပေါ်တွင် သိသိသာသာ ထင်ဟပ်နေသည်။
ထိုလေးနက်သော အကြည့်၊ လွင့်မျောနေသော ဝိညာဉ်လုယက်နှင့် ခန္ဓာကိုယ်တစ်ဝိုက် ဖြန့်ကျက်ထားသော နတ်ဘုရားစိတ်အာရုံတို့က စုမင်အား ယခုအခါတွင် စစ်မှန်သော အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူတစ်ဦး အဖြစ် မြင်သွားစေသည်။
ထိုအခိုက်အတန့်တွင် သူ့အရှိန်အဝါသည် လိပ်ကြီးပေါ်မှ လူ၏ အရှိန်အဝါနှင့် အတော်လေး တူညီနေခဲ့၏။
၎င်းက စိတ်ဝိညာဉ်ဖမ်းစားသူများ ကြားတွင်သာ ဖြစ်နိုင်သော တူညီမှုတစ်ခု ဖြစ်သည်။
မာန်စွမ်းအားရှင်အိုကြီး၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်ခံထားရသည် ဆိုလျှင်ပင် ထိုအခိုက်အတန့်တွင် စုမင်ပုံစံမှာ မည်သို့ဖြစ်နေကြောင်း သူမြင်နိုင်နေဆဲ ဖြစ်သည်။ သူ့နှလုံးသားအတွင်း အကြောက်တရားများဖြင့် ပြည့်နေသော်လည်း ဤအတွေးက သူ့ခေါင်းထဲတွင် ပေါ်လာဆဲ ဖြစ်၏။
'သူက တစ်ကယ်ပဲ စိတ်ဝိညာဉ်ဖမ်းစားသူတစ်ယောက်... ဖြစ်နေမလား....'
"စိတ်ဝင်စားစရာပဲ။ မင်းကိုယ်ပေါ်မှာ မာန်စွမ်းအားရှင်၊ ရှာမန်နဲ့ အင်မော်တယ် အရှိန်အဝါတွေကို ငါခံစားမိနေတယ်..." ဆယ်ပေခန့်ရှိသော ဆံပင်ရှည်များဖြင့် ယောကျ်ားမှာ အမှန်တစ်ကယ်ပင် မယုံနိုင်လောက်အောင် ချောမောခန့်ညားသူတစ်ဦး ဖြစ်သည်။ သူ့ထံတွင် ဇရာ၏ အစက်အပြောက်တို့ ရှိနေလျှင်တောင် ၎င်းက သူ၏ ကောင်းမွန်သော ရုပ်ရည်ကို ဖျက်စီးနိုင်ခြင်း မရှိချေ။ ထိုအစား ၎င်းတို့က အသက်အရွယ်အလိုက် ဆွဲဆောင်မှုတစ်ခုပင် ပေးစွမ်းနေသေး၏။
"မင်းက ငါ အမြင်နဲ့တင် မဆုံးဖြတ်နိုင်တဲ့ ပထမဆုံးလူပဲ။ မင်းက တစ်ကယ်တမ်း ဘယ်မျိုးနွယ်ကလဲ ဆိုတာကိုသာ ပြောလိုက်ပါ။ မင်းက စိတ်ဝိညာဉ် ဖမ်းစားသူတစ်ယောက်နဲ့ တူတယ်။ ပြီးတော့ တစ်ခြား ရှာမန်တွေသာ မင်းကိုမြင်ခဲ့မယ်ဆိုရင် မင်းက စိတ်ဝိညာဉ် ဖမ်းစားသူတစ်ယောက်လို့ပဲ သူတို့ထင်ကြလိမ့်မယ်။ ဒါပေမယ့်... မင်းက စိတ်ဝိညာဉ်ဖမ်းစားသူတစ်ယောက် မဟုတ်ဘူး"
"မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်" ထိုလူသည် ခေါင်းကို အသာအယာ ခါရမ်းလျက် အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်သည်။
စုမင်နှလုံးသားမှာ ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်သွားသည်။ သူ့နားထဲတွင် အနှီလူ၏ စကားများ ပဲ့တင်ထပ်သွားသောအခါ စုမင် မျက်လုံးများအတွင်း စူးရှသော အလင်းတစ်ခု ဖြစ်ပေါ်လာပြီး တစ်စုံတစ်ရာကို ရဲရင့်စွာ လုပ်ဆောင်လိုက်သည်။ သူ့ကိုယ်ထဲရှိ ဟန်တောင်တန်းခေါင်းလောင်း အတွင်း၌ ထိုထူးဆန်းသော တုတ်ချောင်းပုံမြွေလေးရှိနေသည်။
စုမင်သည် စစ်ပွဲအတွင်း တိုက်ပွဲများတွင် ထိုတုတ်ချောင်းပုံမြွေလေးကို ထုတ်လွှတ်ခဲ့ဖူးသည့် အပြင် ၎င်းသည် မာန်စွမ်းအားရှင်အိုကြီး၏ လက်ဖဝါးကိုလည်း ထိုးဖောက်ခဲ့ဖူးသည်။ ၎င်းမြွေလေးသည် တစ်ခါက စိတ်ဝိညာဉ်ဖမ်းစားသူငယ်လေး၏ မျက်လုံးများဖွင့်လိုက်ချိန်တွင် ထွက်ပေါ်လာခဲ့သော ပုံရိပ်ယောင် မီးတောက်နဂါးကို ဝါးမြိုခဲ့ကြောင်း သူရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
မီးတောက်နဂါးကို ဝါးမြိုလိုက်သည့် တစ်ခဏ၌ ၎င်း၏ စိတ်လှုပ်ရှားမှုနှင့် တောင့်တမှု အာသီသကို စုမင် သေသေချာချာ ခံစားမိခဲ့၏။
စုမင်သည် မျက်နှာဖုံးကို မချွတ်ခဲ့ပဲ ထိုအစား သူ့အတွေးများအားလုံးကို လည်ပင်းတွင်ဆွဲထားသော အနက်ရောင်ကျောက်တုံး အပိုင်းအစလေး အတွင်းသို့ သွန်းလောင်းထည့်လိုက်သည်။ ဤထူးဆန်းသော လောကအတွင်းသို့ ဝင်ရောက်ခြင်းက အန္တရာယ်အားလုံးမှ လွတ်မြောက်နိုင်ရန် သူ၏ နောက်ဆုံး နည်းလမ်းဖြစ်သည်။
သို့သော် ထိုသို့လုပ်ဆောင်ရာတွင် အားနည်းချက်များ ရှိနေသည်။ ဤသည်က စုမင်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး လုံးဝမလိုအပ်သေးသရွေ့တော့ သူ၎င်းကို အသုံးမပြုချင်ပေ။
ကျောက်တုံးကို အသက်သွင်းရန် ပြင်ဆင်မှုများ စတင်ပြုလုပ်လိုက်သည့် တစ်ချိန်တည်းမှာပင် စုမင်သည် သူ့ကိုယ်ထဲရှိ ဟန်တောင်တန်းခေါင်းလောင်းပေါ်တွင် အက်ရာသေးသေးလေး ဟကာ ထူးဆန်းသော တုတ်ချောင်းပုံမြွေလေး၏ အရှိန်အဝါကို ထုတ်လွှတ်ပေးလိုက်သည်။
ထိုအရှိန်အဝါသည် စုမင်ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဝန်းရံသွားခဲ့၏။ သို့သော်လည်း အရှိန်အဝါမှာ သိသိသာသာပင် အလွန် အားပျော့နေသဖြင့် ၎င်းကို သတိပြုမိခဲ့သူ များများစားစား မရှိပေ။ သားရဲရိုင်းများ၏ သဘာဝအလျောက် အလိုလိုသိစိတ်ကသာ ၎င်းကို သတိပြုမိနိုင်ခဲ့ပြီး ထူးခြားသော အာရုံခံနိုင်စွမ်းရှိသူ အချို့ကသာ ၎င်းကို ခံစားမိနိုင်ကြသည်။
စုမင်ခန္ဓာကိုယ်မှ ထိုအရှိန်အဝါ ပျံ့နှံ့လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ရှိ မက်ကရယ်ငါးများ အားလုံးမှာ စူးစူးဝါးဝါး အော်ဟစ်လျက် နောက်သို့ ဆုတ်ခွာသွားကြသည်။ ကြောက်မက်ဖွယ် တစ်စုံတစ်ရာကို ခံစားလိုက်မိဟန်ဖြင့် ၎င်းတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့သာ ထိုသို့ တုန့်ပြန်လိုက်ခြင်း မဟုတ်ပေ။ မြေပြင်ပေါ်မှ သတ္တဝါအားလုံးသည်လည်း အလားတူပြုမူလိုက်ကြသည်။ ပေတစ်သိန်းခန့် အရွယ်အစားရှိသော လိပ်ကြီးကိုးကောင်သည်ပင် စတင်၍ အပြင်းအထန် တုန်လှုပ်သွားခဲ့ကြသည်။ ၎င်းတို့အနက် ရှစ်ကောင်မှာ စတင်ဟိန်းဟောက်လာကြပြီး ထိုဟိန်းဟောက်သံများမှာလည်း တစ်စုံတစ်ရာနှင့် တိုက်ခိုက်နေရသကဲ့သို့ မဟုတ်ပဲ ထိုအစား ကြောက်လန့်တကြား ဟိန်းဟောက်သံများသာ ဖြစ်နေခဲ့သည်။
ဆံရှည်ယောကျ်ား၏ အောက်ရှိ လိပ်ကြီးမှာ ဟိန်းဟောက်ခြင်း မပြုသော်ငြားလည်း အဆက်မပြတ် တုန်ယင်နေခဲ့သည်။ ၎င်းအပေါ်တွင် ထိုင်နေသော ဆံရှည်လူသည် အံ့အားသင့်မင်သက်သွားပြီး သူ့မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားသဖွယ် ပြူးကျယ်သွားခဲ့သည်။ သူ့မျက်လုံးများအတွင်း နက်မှောင်သော အလင်းတစ်ဖြာ တောက်ပလာပြီး စုမင်ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာအမူအယာမှာ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
"မီးတောက်နဂါး"
"ကျုပ်က ရှာမန်နယ်မြေတစ်လျှောက် လှည့်လည်သွားလာနေတဲ့ ဖွတ်ရှာမန်မျိုးနွယ်စုက အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက်ပါ။
ကျုပ်မွေးဖွားလာချိန်တည်းက မီးတောက်နဂါးရဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားခဲ့တယ်။ စီနီယာ၊ ခင်ဗျားကလည်း စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက်ပါပဲ။ ဒီအရှိန်အဝါက အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ ခင်ဗျားပြောနိုင်မှာပါ"
"ကိုယ်ရေးကိုယ်တာ အကြောင်းကိစ္စတွေကြောင့် ကျုပ် မျက်နှာဖုံးကို ချွတ်မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျုပ်အတွက် ဒါကို ခက်ခဲအောင် မလုပ်ပါနဲ့" စုမင် ဖြည်းညှင်းစွာဖြင့် တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။
သူ့စကား ဆုံးသွားပြီး တုတ်ချောင်းပုံမြွေလေး၏ အရှိန်အဝါကို ဖြန့်ကျက်ပြီးသွားချိန်မှာပင် ကျောက်တုံးအတွင်းရှိ လောကဆီသို့ လမ်းကြောင်းကို အသက်သွင်းခြင်းမှာလည်း ပြီးမြောက်သွားခဲ့လေသည်။
ယခုအချိန်တွင် ၎င်းအတွင်းသို့ သူအလိုရှိချိန်တိုင်း ဝင်ရောက်နိုင်နေပြီ ဖြစ်သည်။
သူတို့ပတ်ဝန်းကျင်၌ ရုတ်ရုတ်သဲသဲဖြစ်မှုများ အုံကြွလာသည်။ သတ္တဝါများက ဟိန်းဟောက်အော်မြည်လာသည်နှင့်အမျှ ၎င်းတို့အပေါ်တွင် ရပ်နေသောရှာမန်များမှာ စုမင်ကို မတူကွဲပြားစွာ ရှုမြင်လာကြသည်။ သူတို့အတွက်တော့ မျက်နှာဖုံးမှအပ စုမင်သည် သူ၏မျက်လုံးများ အပါအဝင် ခေါင်းမှခြေဖျားအထိ သူတို့ယခင်က ဆုံတွေ့ခဲ့ဖူးသော ကြောက်မက်ဖွယ် စိတ်ဝိညာဉ်ဖမ်းစားသူများနှင့် တစ်ထပ်တည်း တူညီနေခဲ့လေသည်။
အောက်ဘက်ရှိ လူအုပ်ထဲတွင်ရပ်နေသော စိတ်ဝိညာဉ်ဖမ်းစားသူများသည်ပင် အလားတူ ခံစားနေရလေ၏။
ဆံရှည်လူသည် စုမင်ကို တစ်ခဏတာ စိုက်ကြည့်နေခဲ့ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ "ဖွတ်ရှာမန်မျိုးနွယ်စုက ကျုပ်တို့ရဲ့ မျိုးနွယ်စုဝင် ညီနောင်၊ ငါတို့က အခု စစ်ပွဲကာလအတွင်း ရောက်နေတာ။ အခုချက်ချင်း ထွက်မသွားပါနဲ့ဦး။ ဆောင်းဦးပင်လယ် မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး ကျုပ်တို့မျိုးနွယ်စုရဲ့ စိတ်ဝိညာဉ်ဖမ်းစားသူ ဖြစ်လာပေးပါ"
စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျုပ် ပူးပေါင်းလို့ရပါတယ်... ဒါပေမယ့် အဲဒီလူကိုတော့ ကျုပ်ကိုပေးရမယ်။ ကျုပ်သူ့ကို ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းပြီး ထာဝရရှင်သန်ခြင်း အဆင့်အတန်းကို ပေးအပ်ချင်တယ်"
***