← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း။ ၇၁

နံနက်ခင်း၌ ကုယွမ်သည် ကျောက်စိမ်းအိုးမျှော်စင်သို့ ရောက်ရှိလာပြီး ပင်မခန်းမကို ဖြတ်ကျော်ကာ ဒုတိယထပ်ရှိ သိုလှောင်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

သိုလှောင်ခန်းအဝင်ဝတွင်မူ အဖိုးကြီးချန်မှာ ယခင်အတိုင်းပင် ရောဂါသည်တစ်ဦးကဲ့သို့ နုနယ်အားနည်းနေပုံရပြီး ကုလားထိုင်ပေါ်တွင် မှီလျက်ရှိနေသည်။

ကုယွမ်ကို မြင်သောအခါ အဖိုးကြီးချန်မှာ မအံ့ဩသော်လည်း တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး... ဘာကိစ္စရှိလို့ ရောက်လာတာလဲ ဒါမှမဟုတ်... အင်း နေဦး"

သူ စကားပင် မဆုံးသေးမီမှာပင် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဝေဝါးနေသော သူ၏ မျက်လုံးအစုံဖြင့် ကုယွမ်ကို သေချာစိုက်ကြည့်လိုက်သည်။

သူ သတိမထားမိဘဲ ထုတ်ဖော်လိုက်သော စစ်မှန်သော ချီစွမ်းအင်တစ်စိတ်တစ်ပိုင်းကြောင့် သူထိုင်နေသော ကုလားထိုင်မှာ ဂျောက်ခနဲ အသံနှင့်အတူ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသော်လည်း အဖိုးကြီးချန်မှာမူ ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။

သူသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် ကုယွမ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာပြီး လက်ကိုဆန့်ကာ ကုယွမ်ကို ဖမ်းဆုပ်ရန် ကြိုးစားတော့သည်။

"ဒီအဖိုးကြီး ရူးသွားတာလား ငါ့ကို ဘာလို့ တိုက်ခိုက်နေတာလဲ..."

ကုယွမ်မှာ သတိရှိနေသဖြင့် အမြန်နောက်ဆုတ်လိုက်သော်လည်း သူ မည်မျှပင် မြန်ပါစေ ကောင်းကင်ဘုံလူသားအဆင့်ရှိသူတစ်ဦးထက် ဘယ်လိုမှမမြန်နိုင်ပေ။

အဖိုးကြီးချန်၏ အခြေခံမှာ ပျက်စီးနေပြီဆိုသော်လည်း သူ၏ ကျင့်စဉ်မှာ အတိုင်းအတာတစ်ခုအထိ အစွမ်းရှိနေဆဲပင်။ ကုယွမ် မည်သို့ပင် ရှောင်တိမ်းပါစေ အဖိုးကြီးချန်မှာ အရိပ်တစ်ခုကဲ့သို့ လိုက်ပါလာခဲ့သည်။

ကုယွမ်၏ ပုခုံးပေါ်သို့ အသာအယာ ဖိနှိပ်လိုက်သည်နှင့် ကုယွမ်၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားပြီး လှုပ်ရှား၍မရတော့ပေ။ ကြက်ခြေသည်းကဲ့သို့ ခြောက်ကပ်ပြီး ရုပ်ဆိုးလှသော အဖိုးကြီးချန်၏ လက်ဖြင့် ကုယွမ်၏ ပုခုံးကို ဆွဲညှစ်လိုက်သည့်အခါ ကုယွမ်မှာ အရိုးထဲအထိ စိမ့်အောင် နာကျင်သွားတော့သည်။

"အရေပြားက နူးညံ့ပြီး အရိုးတွေက ခိုင်မာတယ်။ ဇီဝခွန်အားတွေက အတွင်းထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေပြီး စိတ်ဝိညာဉ်ကလည်း တစ်သားတည်း ဖြစ်နေတယ်..."

အဖိုးကြီးချန်မှာ ကုယွမ်၏ ပုခုံးကို ညှစ်ကြည့်ရုံဖြင့် သူ၏ ခန္ဓာကိုယ်အခြေအနေကို သိရှိသွားပုံရပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်

"ကောင်လေး... မင်း တကယ်ပဲ နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ထဲကို ဝင်ရောက်သွားပြီလား"

ထိုသို့ပြောလိုက်ချိန်တွင် အဖိုးကြီးချန်၏ နှုတ်ခမ်းများမှာ တုန်ရင်နေပြီး သူ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ သူ ကုယွမ်ကို ဤကျင့်စဉ်လွှဲပြောင်းပေးခဲ့သည်မှာ ငါးရက်သာ ရှိသေးသည်။ ငါးရက်အတွင်းမှာပင် ဤကောင်လေးက ကျင့်စဉ်၏ အစီအစဉ်နှင့် အဆင့်ဆင့်ကို နားလည်သွားလျှင်ပင် ချီးကျူးစရာဟု သူ ထင်မှတ်ထားခဲ့ခြင်းပင်။

သူကိုယ်တိုင်တောင်မှ ဆရာသမား၏ လမ်းညွှန်မှုအောက်တွင် ဤကျင့်စဉ်၏ အခြေခံအဆင့်သို့ ရောက်ရန် နှစ်လကျော် အချိန်ယူခဲ့ရသည်။ ထိုစဉ်က သူ၏ ဂိုဏ်းရှိ ပညာပြန့်ပွားရေး အကြီးအကဲကပင် သူ့ကို ထူးချွန်သူဟု သတ်မှတ်ခဲ့ကြသည်။

"ဒါဆိုရင် ငါးရက်အတွင်းမှာတင် ကျင့်စဉ်ထဲ ရောက်သွားတဲ့ ကုယွမ်က ဘယ်လိုလူစားမျိုးလဲ။ နှိုင်းယှဉ်လို့မရတဲ့ ပါရမီရှင်လား ဒါမှမဟုတ် မိစ္ဆာကောင်တစ်ကောင်လား"

အမှန်စင်စစ် ကုယွမ်မှာ ငါးရက်ပင် မကြာဘဲ နာရီအနည်းငယ်သာ လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်းကိုသာ အဖိုးကြီးချန် သိခဲ့မည်ဆိုပါက ယခုထက်ပင် ပိုမို ထိတ်လန့်သွားပေလိမ့်မည်။ သို့သော် ၎င်းမှာ များသောအားဖြင့် အောင်းကြီးထံမှ ရရှိသော လိပ်အသက်ရှူခြင်းစွမ်းရည်ကြောင့်ပင်။

"ကျင့်စဉ်ထဲ ဝင်သွားတာက အဲဒီလောက်တောင် ထူးဆန်းလို့လား"

ကုယွမ်က ဘာမှမသိနားမလည်သလို ဟန်ဆောင်ကာ မေးလိုက်သည်။

"ထူးဆန်းတာထက်ကို ပိုတာပေါ့"

အဖိုးကြီးချန်က မုတ်ဆိတ်မွေးကြီး တလှုပ်လှုပ်နှင့် မျက်လုံးပြူးကြည့်ကာ ရှင်းပြချင်

သော်လည်း စကားလုံး ရှာမရဖြစ်နေသည်။ ခေတ္တကြာမှ သူက ဆက်ပြောသည်။

"နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ဆိုတာ ငါတို့ ဆေးဘုရင်တောင်တန်းရဲ့ အခြေခံတည်ဆောက်ရေး သိုင်းပညာတွေထဲက တစ်ခုပဲ။ သူ့ထက် အဆင့်မြင့်တဲ့ အထွတ်အထိပ် သိုင်းပညာတွေ ရှိပေမဲ့ ဒီလို ကိုယ်ခံပညာမျိုးက အားသာချက် တစ်ခုရှိတယ်။ အဲဒါကတော့ ဒီကျင့်စဉ်ကို ကျွမ်းကျင်သွားရင် နောက်ပိုင်း တာအိုအခြေခံတည်ဆောက်ပြီးတဲ့အခါ ရေဓာတ်သတ္တိရှိတဲ့ နတ်ဘုရားပညာရပ်တွေကို ကျင့်ကြံရာမှာ အများကြီး အထောက်အကူပြုတာပဲ"

"ဒါပေမဲ့ ကျင့်ရတာ ခက်ခဲပြီး အချိန်အများကြီး ပေးရလွန်းလို့ တပည့်အများစုက ဒါကို သိပ်ပြီး သဘောမကျကြဘူး"

"မင်းက ငါးရက်အတွင်းမှာ ကျင့်စဉ်ထဲကို ခြေလှမ်းစနိုင်တယ်ဆိုတာက... အနည်းဆုံးတော့ ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။ ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေနဲ့ ကျင့်ကြံခြင်း မျိုးစေ့ရှိတဲ့သူတွေတောင် ဒီလောက် မမြန်နိုင်ကြဘူး..."

အဖိုးကြီးချန် ဒီလောက်အထိ တုန်လှုပ်နေသည်ကို မြင်မှ ကုယွမ်လည်း သူ၏ တိုးတက်မှုက တကယ်ကို ထူးခြားနေကြောင်း နားလည်သွားသည်။ သို့သော် အဖိုးကြီးချန် ပြောပြနေသော ကောင်းကင်ဘုံလူသားအဆင့် ဗဟုသုတများကို ကြားရသောအခါ သူသည် နားစွင့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။

"အဖိုးကြီးချန်... အဖိုးပြောပုံအရဆိုရင် တာအိုအခြေခံ တည်ဆောက်ပြီးမှပဲ နတ်ဘုရားပညာရပ်တွေကို ကျင့်လို့ရတာလား။ ဒါပေမဲ့ ဝေချွမ်းနဲ့ အဘိုးမိုတို့တုန်းက သူတို့က ပင်ကိုယ်စွမ်းရည်ရှင် သိုင်းပညာရှင်အဆင့်မှာပဲ မှော်ပညာတွေကို သုံးနိုင်နေတာ မဟုတ်ဘူးလား"

အဖိုးကြီးချန်က ကုယွမ်၏ အတွေးကို ရိပ်မိသော်လည်း စိတ်ထဲမထားဘဲ အေးစက်စက် ပြန်ပြောသည်။

"ဟွန့်... မင်းက ဘာသိလို့လဲ။ ငါ မေးပါရစေဦး။ မှော်ပညာဆိုတာ ဘာလဲ။ နတ်ဘုရားပညာဆိုတာ ဘာလဲ။ အဲဒီနှစ်ခုရဲ့ ကွာခြားချက်ကို မင်း သိလား"

ကုယွမ်က မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ဘာမှပြန်မဖြေနိုင်ပေ။ ဤမေးခွန်းများကို သူ တကယ်ပင် ရှင်းရှင်းလင်းလင်း မသိဘဲ နတ်ဘုရားပညာက မှော်ပညာထက် ပိုအဆင့်မြင့်သည်ဟုသာ စာအုပ်ထဲတွင် ဖတ်ဖူးသည်။

ကုယွမ်၏ တုံ့ပြန်မှုကို မြင်သောအခါ အဖိုးကြီးချန်က နှာတစ်ချက်မှုတ်ပြီး ဆက်ပြောသည်။

"မှော်ပညာဆိုတာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်ကို အခြေခံပြီး မြေကမ္ဘာရဲ့ ဝိညာဉ်ချီစွမ်းအင်တွေကို လှုံ့ဆော်အသုံးပြုတာပဲ။ သူတို့မှာ စနစ်တွေ၊ ဂုဏ်သတ္တိတွေ ကွဲပြားနိုင်ပေမဲ့ အဓိကကတော့ တိုက်ခိုက်ဖို့၊ ကာကွယ်ဖို့ ဒါမှမဟုတ် အထောက်အကူပြုဖို့ပဲ သုံးတာ။ လျှို့ဝှက်ချက်ကို သိတဲ့သူတိုင်း သာမန်မှော်ပညာတွေကို သုံးလို့ရတယ်။ တကယ်တော့ သာမန်လူတွေတောင် ကိုယ့်ရဲ့ သွေးသားခွန်အားကို အရင်းအနှီးပြုပြီး အခြေခံ မှော်အတတ်လေးတွေကို လုပ်ဆောင်နိုင်ကြတယ်"

"ဒါပေမဲ့ နတ်ဘုရားပညာရပ်တွေကတော့ မတူဘူး။ အဲဒါတွေကို တာအိုအခြေခံ တည်ဆောက်ပြီးမှပဲ ကျင့်ကြံနိုင်တာ။ အဲဒါတွေက ကျင့်ကြံသူတစ်ယောက်ရဲ့ တာအိုအခြေခံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး ထုံးစံတွေကို ကျော်လွန်တဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်သွားတာပဲ။ ကျင့်ကြံသူရဲ့ အဆင့်တက်လာလေလေ ဒီပညာရပ်တွေကလည်း ပိုပြီး အစွမ်းထက်လာလေလေပဲ"

"ယေဘုယျအားဖြင့် ပြောရရင် မှော်ပညာက ပိုပြီး တွေ့ရတာများတယ်။ နတ်ဘုရားပညာကတော့ ကောင်းကင်ဘုံလူသားအဆင့်အထက်ကသူတွေပဲ ကျင့်ကြံနိုင်တာ"

ကုယွမ်က အာရုံစိုက် နားထောင်နေသည်ကို မြင်သဖြင့် အဖိုးကြီးချန်လည်း သင်ကြားပြသပေးလိုစိတ် ဖြစ်ပေါ်လာပြီး ထပ်ပြောပြသည်။

"နတ်ဘုရားပညာရပ်တွေမှာလည်း အဆင့်တွေရှိတယ်။ အဆင့်နိမ့်၊ အလယ်၊ အထက်နဲ့ အထွတ်အထိပ်ဆိုပြီးပေါ့"

"နတ်ဘုရားပညာရပ်တွေရဲ့ အထက်မှာ မဟာနတ်ဘုရားပညာရပ်တွေ ရှိတယ်လို့ ဆိုကြတယ်။ တချို့သော ပါရမီရှင်တွေ၊ တာအိုမျိုးစေ့နဲ့ မွေးဖွားလာတဲ့သူတွေဟာ ယင်ဝိညာဉ်ကို သန့်စင်ပြီး နဂါးတံခါးကို ကျော်ဖြတ်ပြီး စစ်မှန်သော မသေမျိုးအဆင့်ကို ရောက်နိုင်ကြတယ်။ အဲဒီလိုလူမျိုးတွေက မဟာနတ်ဘုရားပညာရပ်တစ်ခုကို ကျွမ်းကျင်သွားရင် မသေနိုင်တဲ့အပြင် လွတ်လပ်မှုအစစ်အမှန်ကို ရရှိကြတာပဲ"

ဤသို့ပြောနေချိန်တွင် အဖိုးကြီးချန်၏ မျက်နှာတွင် အားကျတောင့်တမှုများ ပေါ်လာသည်။ ထို့နောက် သူက စကားလမ်းကြောင်းပြောင်းကာ ဆက်ပြောသည်။

"ဒါပေမဲ့ အဲဒီလိုလူမျိုးတွေက အရမ်းရှားပါတယ်။ ပြီးတော့ လောကမှာ အကန့်အသတ်ဆိုတာ မရှိဘူး။ တချို့သော မှော်အတတ်တွေက နတ်ဘုရားပညာရပ်တွေထက်တောင် ပိုပြီး အံ့ဩဖို့ကောင်းတာတွေ ရှိသေးတယ်"

"အခု မင်းကျင့်နေတဲ့ နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်ကလည်း ကျွမ်းကျင်သွားရင် နောက်ပိုင်းမှာ ရေဓာတ်သတ္တိရှိတဲ့ တာအိုကျင့်စဉ်တွေနဲ့ ဆက်စပ်လို့ရတယ်။ ဒါကြောင့်လည်း လူအများကြီးက ဒီကျင့်စဉ်ကို စိတ်ဝင်စားကြတာပေါ့"

ထိုအချိန်တွင် အဖိုးကြီးချန်က ကုယွမ်ကို ကြည့်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်

"ငါ စစ်ဆေးကြည့်တုန်းက မင်းရဲ့ အရိုးတည်ဆောက်ပုံက သာမန်ပဲလို့ ထင်ခဲ့တာ။ ဒါပေမဲ့ မင်းက ဒီလောက်မြန်မြန် ကျင့်စဉ်ထဲ ဝင်နိုင်တယ်ဆိုတော့ မင်းမှာ တစ်ခုခုတော့ ထူးခြားတဲ့ ပါရမီ ရှိနေတာပဲ။ နောက်ပိုင်းမှာ တကယ့် တာအိုကျင့်စဉ်ကောင်းကောင်းသာ ရရင် မင်းလည်း ကောင်းကင်ဘုံလူသားအဆင့်ကို ရောက်ဖို့ အခွင့်အရေး ရှိနိုင်တယ်"

"ရှမင်ယန်တို့က မင်းကို အထင်သေးခဲ့ကြတာ။ သံမဏိအရိုးတို့၊ နူးညံ့တဲ့အကြောတို့ ဆိုတာက သာမန်ပါရမီပဲ ရှိတာပါ။ မင်းရဲ့ အလားအလာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး"

"ငါသာ အခုထက် နည်းနည်းလောက် ပိုငယ်ဦးမယ်ဆိုရင် မင်းကို တပည့်အဖြစ် လက်ခံမိမှာပဲ။ မင်းရဲ့ ပါရမီနဲ့ဆို ငါတို့ ဆေးဘုရင်တောင်တန်းရဲ့ အတွင်းစည်းတပည့် ဖြစ်ဖို့က လုံလောက်တာထက်တောင် ပိုသေးတယ်။ ဒါပေမဲ့ ကံမကောင်းတာက..."

အဖိုးကြီးချန်က ခေါင်းယမ်းလိုက်ပြီး နောင်တရသလို ပြောလိုက်သည်။ သူသာ ဆယ်နှစ်လောက် ပိုငယ်ပြီး အခြေခံလည်း မပျက်စီးသေးဘူးဆိုလျှင် ကုယွမ်ကဲ့သို့ ပါရမီရှင်တစ်ဦးကို လက်လွှတ်ခံမည် မဟုတ်ပေ။

သို့သော် ယခုမူ သူက အိုမင်းနေပြီဖြစ်ကာ လက်စားချေဖို့သာ အာရုံစိုက်နေရသဖြင့် တပည့်တစ်ယောက်ကို လေ့ကျင့်ပေးရန် အချိန်နှင့် အင်အား မရှိတော့ပေ။

အခန်း။ ၇၂

"နောင်တရစရာ ဘာမှမရှိပါဘူး"

အဖိုးကြီးချန် ဘာကို နှမြောတသဖြစ်နေသည်ကို ကုယွမ် ကောင်းကောင်းကြီး နားလည်

ပါသည်။ ၎င်းမှာ သူကဲ့သို့ ပါရမီရှင်တစ်ယောက် လမ်းဆုံးသွားပြီဟု ထင်နေခြင်းဖြစ်ပြီး ဆေးဘုရင်တောင်တန်းကဲ့သို့ ဂိုဏ်းကြီးများတွင် တပည့်သစ်လက်ခံရန် စည်းကမ်းချက်များစွာ ရှိနေသောကြောင့်ပင်။

ဥပမာအားဖြင့် အသက်အရွယ် ကန့်သတ်ချက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းသာ လက်ခံခြင်း၊ ကျင့်စဉ်တစ်ခုခု ကြိုတင်မကျင့်ထားရခြင်း အခြေခံ သန့်စင်စေရန် နှင့် နေရာအကန့်အသတ်ရှိခြင်းတို့ကြောင့် ကုယွမ်အတွက် အခွင့်အလမ်း နည်းပါးနေခြင်းပင်။

ထို့ပြင် ဂိုဏ်းက ငါးနှစ်တစ်ကြိမ်သာ တပည့်သစ်ခေါ်ယူရာ ပြီးခဲ့သည့်နှစ်ကမှ ခေါ်ယူထားသဖြင့် နောက်တစ်ကြိမ်ဆိုလျှင် ကုယွမ်မှာ အသက် ၂၀ ကျော်သွားပေလိမ့်မည်။ အဖိုးကြီးချန်၏ အမြင်တွင် ဆေးဘုရင်တောင်တန်းသို့ မဝင်နိုင်ခြင်းမှာ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက် နှမြောစရာပင်။

သို့သော် ကုယွမ်ကမူ ဂရုမစိုက်ဘဲ ပြုံးလျက် ပြောလိုက်သည်။

"ဒီလို ပါရမီမျိုး ရှိနေတာတင်ပဲ ကျွန်တော်က တခြားလူတွေထက် အများကြီး ကံကောင်းနေပါပြီ။ ဆေးဘုရင်တောင်တန်းထဲ မဝင်နိုင်ရင်တောင် နောက်ပိုင်းမှာ ကျွန်တော်နဲ့ ကိုက်ညီတဲ့ တကယ့် တာအိုကျင့်စဉ်တစ်ခုခု မတွေ့နိုင်ဘူးလို့မှ မပြောနိုင်တာပဲ"

ဂိုဏ်းထဲဝင်ရခြင်းက ကောင်းသည်မှာ မှန်သော်လည်း ကုယွမ်၏ အစစ်အမှန် အခြေခံမှာ သံမဏိအရိုးသို့မဟုတ် လိပ်အသက်ရှူခြင်းစွမ်းရည်မဟုတ်ဘဲ သူ၏ ဝိညာဉ်သားရဲစနစ်သာ ဖြစ်သည်။ ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော အရာတစ်ခု ရှိနေခြင်းကပင် သူ့ကို ကမ္ဘာပေါ်ရှိ လူ ၉၉ ရာခိုင်နှုန်းထက် ပို၍ ကံကောင်းစေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းထဲ မဝင်ရခြင်းမှာ သူ့အတွက် အရေးမကြီးလှပေ။ သူလိုအပ်သည်မှာ နောက်ဆက်တွဲ ကျင့်စဉ်များနှင့် ဗဟုသုတများသာ ဖြစ်ပြီး ၎င်းတို့ကို အခြားနည်းလမ်းများဖြင့် ရယူနိုင်သည်ဟု သူ ယုံကြည်သည်။

အဖိုးကြီးချန်မှာ လူအမျိုးမျိုးကို မြင်ဖူးသူ ဖြစ်သည်။ ကုယွမ်၏ စကားများမှာ အပြောသက်သက်လား၊ တကယ် စိတ်ထဲကလား ဆိုသည်ကို သူ ချက်ချင်း သိရှိနိုင်သည်။ ကုယွမ်သည် ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ပွင့်လင်းရိုးသားပြီး ဘာကိုမှ ပူပန်မနေသည်ကို မြင်ရသောအခါ အဖိုးကြီးချန် အံ့အားသင့်သွားမိသည်။

အကယ်၍ တခြားသူသာဆိုလျှင် ဤကဲ့သို့ အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရသဖြင့် ရင်ဘတ်ကို ထုကာ သွေးအန်မတတ် နောင်တရနေကြမည်မှာ သေချာသည်။

အနည်းဆုံးတော့ ဤလူငယ်၏ စိတ်ဓာတ်နှင့် တည်ငြိမ်မှုမှာ သူ၏ ရွယ်တူများထက် အပြတ်အသတ် သာလွန်နေ၏။

ဤကဲ့သို့သော စိတ်ထားနှင့် ပါရမီမျိုးရှိသူမှာ ဂိုဏ်းထဲ မဝင်နိုင်လျှင်ပင် အနာဂတ်မှာ အတိုင်းအတာမရှိ တိုးတက်မည်မှာ ဧကန်ပင်။

အဖိုးကြီးချန် စိတ်လှုပ်ရှားသွားပြီး ကုယွမ်ကို ပိုမိုလေးစားသွားကာ တိုက်ရိုက်ပင် မေးလိုက်တော့သည်။

"ကဲ... ကောင်လေး မင်းက အရေးကြီးကိစ္စ မရှိဘဲနဲ့တော့ ငါ့ဆီ ရောက်လာမှာ မဟုတ်ဘူး။ ဒီနေ့ ဒီအဖိုးကြီးဆီကို ဘာကိစ္စနဲ့ လာတာလဲ ပွင့်ပွင့်လင်းလင်းသာ ပြောစမ်း"

သူ၏ စကားလုံးများမှာ ယခင်ကဲ့သို့ ရိုင်းပျသလို ရှိနေသော်လည်း လေသံမှာမူ ယခင်ကကဲ့သို့ အေးစက်မနေတော့ဘဲ သိသိသာသာ နူးညံ့ပျော့ပြောင်းသွားခဲ့သည်။

"ဟင် ဒီအဖိုးကြီးရဲ့ အမူအရာက အရင်တစ်ခေါက်နဲ့ မတူတော့ဘူးပဲ... ဒါပေမဲ့ ဒါကလည်း သဘာဝကျပါတယ်။ ကျင့်ကြံသူတွေကြားမှာ ခွန်အားကပဲ အဆင့်အတန်းကို သတ်မှတ်တာကိုး။ ငါ့ရဲ့ လက်ရှိခွန်အားက အားနည်းသေးပေမဲ့ ငါ့ရဲ့ အလားအလာက မြင့်မားနေတော့ အဖိုးကြီးချန်က ငါ့ကို ပိုပြီး တန်ဖိုးထားလာတာ ဖြစ်မှာပေါ့"

ကုယွမ်သည်လည်း ထိုအပြောင်းအလဲကို သတိပြုမိလိုက်သော်လည်း ဘာမှမသိသလိုပင် နေလိုက်ပြီး မနေ့ညက ဖြစ်ရပ်ကို စတင်ပြောပြတော့သည်။

"အဖိုးကြီးချန်... ဖြစ်ပုံက ဒီလိုပါ။ မနေ့ညက ကျွန်တော် ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတယ်..."

ကုယွမ်သည် မနေ့ညက အဖြစ်အပျက်မှ အချို့သော အသေးစိတ်အချက်အလက်များကို ချန်လှပ်ထားခဲ့သော်လည်း သူ တိုက်ခိုက်ခံရပုံနှင့် ထိုတစ္ဆေမိစ္ဆာ၏ အခြေအနေကိုမူ အသေးစိတ် ပြောပြလိုက်သည်။ သူ ပြောပြနေစဉ်မှာပင် အဖိုးကြီးချန်၏ မျက်နှာမှာ တဖြည်းဖြည်း ညိုမှောင်လာသည်ကို သူ သတိပြုမိလိုက်သည်။

သူပြောပြီးသောအခါ အဖိုးကြီးချန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်

လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"အသက်ရှိတဲ့သူတွေ ဒါမှမဟုတ် အလောင်းကောင်တွေကို ပူးကပ်နိုင်တယ်။ အရှိန်အဟုန်နဲ့ ပြေးနိုင်တယ်။ ဓားနဲ့ကျည်ဆန် မတိုးတဲ့ ခန္ဓာကိုယ်ရှိပြီး အသွေးအသားတွေ အထူးသဖြင့် သွေးသားခွန်အား ပြည့်ဝတဲ့ သိုင်းဆရာတွေကို စားသုံးရတာ ဝါသနာပါတာလား... ဒါဆိုရင်တော့ ဒါက အငြိုးအတေး တစ္ဆေတစ်ကောင်ပဲ ဖြစ်ရမယ်"

"အငြိုးအတေး တစ္ဆေ ဟုတ်လား"

ကုယွမ်သည် ဇဝေဇဝါဖြစ်သွားပြီး အဖိုးကြီးချန်၏ ရှင်းပြချက်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

အဖိုးကြီးချန်က "အငြိုးအတေးတစ္ဆေဆိုတာက ယင်မိစ္ဆာချီစွမ်းအင်နဲ့ မွေးမြူထားတဲ့ ထူးခြားတဲ့ တစ္ဆေမျိုးနွယ်တွေပဲ။ သူတို့က နေရောင်ခြည်ကိုလည်း မကြောက်ဘူး။ သာမန်တစ္ဆေနှိမ်နင်းတဲ့ မက်မွန်သားတို့၊ ခွေးနက်သွေးတို့နဲ့လည်း တားဆီးလို့မရဘူး။ သေမှာကိုလည်း မကြောက်သလို လူတွေကို ပူးကပ်ပြီး သတ်ဖြတ်နိုင်စွမ်း ရှိတယ်"

"ဒီတစ္ဆေတွေကို မွေးမြူတဲ့နည်းလမ်းက အနှံ့အပြားရှိပေမဲ့ သာမန်အဆင့်တွေကိုတော့ ပင်ကိုယ်စွမ်းရည်ရှင်သိုင်းပညာရှင်တွေက ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဟို ရွှမ်ယိုမိစ္ဆာအိုကြီးကတော့ နည်းလမ်းမတူဘူး။ သူက နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ လက်ပံပင်ရဲ့ အသည်းတို့၊ တစ္ဆေမျက်နှာရှိတဲ့ ပင့်ကူအိတ်တို့ကို သုံးပြီး ဝိညာဉ်သတ်အလံကို ဖန်တီးထားတာ။ အဲဒီအလံထဲမှာ အငြိုးအတေးတစ္ဆေ ရာနဲ့ချီပြီး မွေးမြူထားပြီးတော့ အစွမ်းထက်တဲ့ မှော်လက်နက်တစ်ခုအဖြစ် သန့်စင်ထားတာပဲ"

"တစ္ဆေ ရာနဲ့ချီပြီးတော့ ဟုတ်လား"

ကုယွမ် အံ့ဩတုန်လှုပ်သွားရသည်။ မနေ့ညက တစ္ဆေတစ်ကောင်တည်းနှင့်ပင် ခဲရာခဲဆစ် တိုက်ခဲ့ရသည်ကို ပြန်တွေးကြည့်လျှင် ထိုကဲ့သို့သော တစ္ဆေရာပေါင်းများစွာ သူ့ဆီသို့ အုပ်စုလိုက် တိုးဝင်လာမည့်အရေးကို တွေးကြည့်ရုံနှင့်ပင် ကျောချမ်းသွားမိသည်။

ဤမျှအင်အားမျိုးဆိုလျှင် သူသာမက ပင်ကိုယ်စွမ်းရည်ရှင်သိုင်းပညာရှင် အများအပြားကိုပင် အစိမ်းလိုက် ဝါးမြိုသွားနိုင်ပေလိမ့်မည်။ ကောင်းကင်ဘုံလူသားအဆင့်ရှိ ကျင့်ကြံသူများမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ငါ့ခန့်မှန်းချက်အရတော့ အဲဒီမြေခွေးအိုကြီး ရွှမ်ယိုက သူ့ရဲ့ ဝိညာဉ်သတ်အလံထဲက တစ္ဆေတွေကို သိုးတွေလွှတ်သလို မြို့ထဲကို လွှတ်ထားပုံပဲ။ သူတို့ကို သွေးရှာခိုင်းနေတာဖြစ်မယ်။ သူတို့ သွေးတွေ၊ အသက်ဓာတ်တွေ အများကြီး စုပ်ယူနိုင်လေလေ အဲဒီမှော်လက်နက်က ပိုပြီး အစွမ်းထက်လာလေလေပဲ"

အဖိုးကြီးချန်က အေးစက်စက် သုံးသပ်ပြပြီး နိဂုံးချုပ်လိုက်သည်။

"ရွှမ်ယိုကိုယ်တိုင်ကတော့ ပိုင်လျန်မြို့ရဲ့ တစ်နေရာရာမှာ ပုန်းနေမှာပဲ။ အခုလောလောဆယ် လူလုံးမပြသေးပေမဲ့ ဒါတွေအားလုံးကို သူ စောင့်ကြည့်နေမှာ သေချာတယ်။ အတိုချုပ်ပြောရရင်တော့ ကောင်လေး... မင်း သတိထားတာ အကောင်းဆုံးပဲ"

ထို့နောက် အဖိုးကြီးချန်က ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်စိမ်းဖြူ အဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။

"ဒါက ဝိညာဉ်ဆက်သွယ်ရေးအဆောင်ပဲ။ အရေးကြုံရင် ဒါကို အားနဲ့ ချေဖျက်လိုက်ရုံနဲ့ မင်းရဲ့ တည်နေရာကို ငါ သိနိုင်ပြီး ချက်ချင်း ရောက်လာလိမ့်မယ်။ အကယ်၍ ရွှမ်ယိုမိစ္ဆာအိုကြီးနဲ့ တည့်တည့်တိုးလို့ အခြေအနေပေးခဲ့ရင် ဒါကိုသုံးပြီး ငါ့ကို အကြောင်းကြားလိုက်"

ပါရမီရှိတာ တကယ်ပဲ အကျိုးရှိတာပဲ။ အရင်တစ်ခေါက်ကဆိုရင် ဒီအဖိုးကြီးက ဆက်

သွယ်ရေးအဆောင်အကြောင်း တစ်လုံးမှ မဟခဲ့ဘူး...

ကုယွမ်သည် ကျောက်စိမ်းအဆောင်ကို လက်ခံရယူပြီး ဂရုတစိုက် သိမ်းဆည်းလိုက်ကာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ"

ဤအရာသည် အဖိုးကြီးချန်ကို ဆင့်ခေါ်နိုင်သော ရတနာတစ်ခုဖြစ်ပြီး ရွှမ်ယိုနှင့် ထိပ်တိုက်တွေ့ပါက အသက်ဘေးမှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်ပေလိမ့်မည်။ ယနေ့ခရီးစဉ်မှာ တကယ်ပင် အကျိုးရှိလှသည်။

...

အဓိကကိစ္စများ ပြီးဆုံးသွားသော်လည်း ကုယွမ်သည် ချက်ချင်း မပြန်သေးဘဲ အဖိုးကြီးချန်နှင့် ခေတ္တမျှ စကားစမြည် ဆက်ပြောနေခဲ့သည်။ သူသည် ရွှမ်ယိုမိစ္ဆာအိုကြီး၏ အကြောင်း၊ သူကျွမ်းကျင်သော မှော်ပညာရပ်များ၊ သူ၏ ပုံပန်းသဏ္ဌာန်နှင့် အခြားသော ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများကို မျက်နှာပြောင်တိုက်၍ မေးနေခဲ့သည်။

နောက်ဆုံးတွင် အဖိုးကြီးချန် စိတ်မရှည်တော့ဘဲ ကုယွမ်ကို မြေပြင်ပေါ်သို့ ရိုက်ချကာ "အဝေးကို လစ်တော့" ဟု မောင်းထုတ်မှသာ ကုယွမ်လည်း ရှက်ရွံ့ခြင်းမရှိဘဲ နှုတ်ဆက်ကာ ထွက်လာခဲ့တော့သည်။

သို့သော် ပထမထပ်သို့ ဆင်းလာသည့်အခါတွင်မူ ထူးဆန်းသော အခြေအနေတစ်ခုနှင့် တိုးတော့သည်။

"ရှို့ရွှယ်... ကိုယ့်ရှင်းပြတာကို နားထောင်ပါဦး... ကိုယ် အဲဒီမိန်းကလေးကို မသိပါဘူး။ ကိုယ်က..."

"အစ်ကိုယန်... ကျွန်မ အကြိမ်ကြိမ် ပြောပြီးပါပြီ ရှင် ဘာလုပ်လုပ် ကျွန်မနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ကျွန်မတို့ ကျောက်စိမ်းအိုးမျှော်စင်ရဲ့ ဂုဏ်သိက္ခာကိုတော့ မညှိုးနွမ်းစေနဲ့။ ပြီးတော့ ကျွန်မကို တတိယသခင်မဒါမှမဟုတ် မိန်းကလေးရှလို့ပဲ ခေါ်ပါ။ ရှို့ရွှယ် ဆိုတဲ့ နာမည်က ကျွန်မနဲ့ အရင်းနှီးဆုံးသူတွေအတွက်ပဲ... စကားပြောတာ ဆင်ခြင်ပေးပါ"

"ရှို့ရွှယ်... မင်း စိတ်ဆိုးနေတာမလား ကိုယ် ကတိပေးပါတယ်။ ဒီလိုမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရဘူး"

"ယန်ကျန့်ဖေး... ရှင်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျွန်မ စိတ်မဝင်စားသလို ရှင်းပြချက်တွေကိုလည်း မကြားချင်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ"

လှေကားထစ်များအနီးတွင် ကုယွမ်သည် ရင်းနှီးသူ နှစ်ယောက်နှင့် ဆုံလိုက်သည်။ ရှေ့နောက် လျှောက်လာကြသော အမျိုးသားနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသမီးမှာ တတိယသခင်မ ရှရှို့ရွှယ် ဖြစ်ပြီး သူမ၏ ခါးတွင် လခြမ်းပုံစံ ဓားတစ်စင်းကို ချိတ်ဆွဲထားသည်။ အမျိုးသားမှာမူ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး ကျောက်စိမ်းဆွဲသီး တလက်လက်နှင့် ဓားရှည်တစ်စင်းကို ကိုင်ထားသော ယန်ကျန့်ဖေးပင်။

သို့သော် ယခုအချိန်တွင် သခင်လေးယန်မှာ ရှရှို့ရွှယ်နောက်မှ ပျာပျာသလဲ လိုက်ပါရင်း တစ်ခုခုကို အသည်းအသန် ရှင်းပြနေပုံပင်။ လှေကားပေါ်မှ ဆင်းလာသော ကုယွမ်နှင့် အကြည့်ချင်း ဆုံမိသောအခါမှ သူ၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

ကုယွမ်သည် ပြဇာတ်တစ်ပုဒ်ကို အမှတ်မထင် ကြည့်လိုက်ရသကဲ့သို့ အနည်းငယ် အနေရခက်သော်လည်း ယဉ်ကျေးပျူငှာသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ သူသည် ယန်ကျန့်ဖေးကို ကျော်လွန်၍ အနည်းငယ် မျက်နှာပျက်နေသော ရှရှို့ရွှယ်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"နှုတ်ခွန်းဆက်သပါတယ် တတိယသခင်မ"

All Chapters