အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း။ ၇၃
"အင်း..."
ရှရှို့ရွှယ်က စိတ်ကိုပြန်ထိန်းလိုက်ပြီး "ရှင်က... ဘာလာလုပ်တာလဲ" ဟု မေးလိုက်သည်။
"အော်... ကျွန်တော် အဖိုးကြီးချန်ဆီမှာ တိုင်ပင်စရာလေးတစ်ခု ရှိလို့ပါ"
ကုယွမ်က ပြောလိုက်သည်။
"အဖိုးကြီးချန်"
ရှရှို့ရွှယ် အံ့ဩသွားမိသည်။ ကုယွမ်ကို ကြည့်သော သူမ၏ အကြည့်တို့မှာ အနည်းငယ် ပြောင်းလဲသွား၏။ သူမသည် အဖိုးကြီးချန်၏ နောက်ကြောင်းကို အတိုင်းအတာတစ်ခုအထိ သိထားသူဖြစ်သည်။
သူသည် ဆေးဘုရင်တောင်တန်း၏ အတွင်းစည်းတပည့်တစ်ဦးဖြစ်ပြီး သူမ၏ ဖခင်ကိုယ်တိုင်ပင်လျှင် သူ့ကို လေးလေးစားစား ဆက်ဆံရသည်။ သူမကိုယ်တိုင်ပင် အဖိုးကြီးချန်နှင့် ရင်းနှီးအောင် ကြိုးစားခဲ့ဖူးသော်လည်း ထိုအဘိုးကြီးမှာ သူမအပါအဝင် မည်သူ့ကိုမဆို အေးစက်စက်နှင့် ပျင်းရိပျင်းတွဲသာ ဆက်ဆံတတ်ပြီး မည်သူ့ကိုမျှ စိတ်မဝင်စားခဲ့ပေ။
ယခု ကုယွမ်က အဖိုးကြီးချန်နှင့် အတန်ကြာ စကားပြောနိုင်ခဲ့ပြီး အမောင်းထုတ်မခံရခြင်းကပင် အများကြီး သက်သေပြနေ၏
သူ့မှာ သံမဏိအရိုးပါရမီရှိနေလို့များလား။
မည်သို့ပင်ဖြစ်စေ ကုယွမ်သည် အဖိုးကြီးချန်၏ အာရုံစိုက်မှုကို ရရှိထားသဖြင့် သူ၏ တန်ဖိုးမှာ ယခင်ကထက် များစွာ မြင့်မားသွားပြီဖြစ်သည်။ အနည်းဆုံးတော့ သူမအနေဖြင့် သူ့ကို သာမန်လူတစ်ယောက်ကဲ့သို့ ကြည့်၍ မရတော့ပေ။
ရှရှို့ရွှယ်က အတွေးအချို့ ရှိနေသော်လည်း အပြင်ပန်းတွင်မူ ပြုံးလျက် "အဖိုးကြီးချန်က လူထူးလူဆန်းပါ။ သူ့ကို အနှောင့်အယှက် သိပ်မပေးတာ အကောင်းဆုံးပဲ။ နောက်ပိုင်းမှာ သိပ်မကြီးမားတဲ့ သိလိုတာတွေရှိရင် ကျွန်မဆီကိုလည်း လာမေးလို့ ရပါတယ်" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် တတိယသခင်မ"
ကုယွမ်သည် ဤမိန်းကလေး၏ အမူအရာ ပြောင်းလဲသွားခြင်းမှာ အဖိုးကြီးချန်ကြောင့်
ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။
ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော်လည်း လူကဲခတ် အလွန်တော်ပြီး အခြေအနေကို လိုက်၍ ဆက်ဆံရေး တည်ဆောက်တတ်ခြင်းမှာ တကယ့်ကို အံ့ဩစရာပင်။
သို့သော် ဘေးတွင် ရပ်နေသော ယန်ကျန့်ဖေးကမူ ရှရှို့ရွှယ်၏ စကားကို ကြားသောအခါ ချက်ချင်းပင် အထင်လွဲသွားတော့သည်။ သူသည် ကုယွမ်တွင် သံမဏိအရိုးပါရမီရှိကြောင်းနှင့် အားလုံး၏ အရေးပေးခြင်းကို ခံနေရကြောင်း ကြားသိပြီးဖြစ်သည်။
၎င်းမှာ ကုယွမ်ကို မကြည်ဖြူသော ယန်ကျန့်ဖေးအတွက် ပို၍ပင် မကျေမနပ်ဖြစ်စရာ ဖြစ်လာခဲ့သည်။
ဘာလို့လဲ။
ဘာကြောင့် ဒီလို တောသားတစ်ယောက်၊ ဆင်းရဲသားတစ်ယောက်က သံမဏိအရိုးလို ပါရမီမျိုးကို ပိုင်ဆိုင်ရတာလဲ။ ဒီကောင်နဲ့ မတန်ဘူး။
ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိသော မိသားစုမှ မွေးဖွားလာသော သူကပင် ထိုတောသားထက် ပါရမီ နိမ့်ကျနေခြင်းမှာ သူကဲ့သို့ ဘဝင်မြင့်သူအတွက် လက်ခံနိုင်စရာ မရှိပေ။
ယခုလည်း သူအသည်းအသန် လိုက်နေရသော ရှရှို့ရွှယ်က ကုယွမ်ကို ဖော်ဖော်ရွေရွေ ဆက်ဆံနေသည်ကို မြင်သောအခါ သူ၏ မနာလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး အသိဉာဏ်ကို ဖုံးလွှမ်းသွားတော့သည်။
သူက မဲ့ပြုံးပြုံးရင်း "ရှို့ရွှယ်... ဒီကောင်ကို ဘာလို့ ဂရုစိုက်နေတာလဲ။ တောကလာတဲ့ ဆင်းရဲသားတစ်ယောက်က မင်းရဲ့ အချိန်တွေကို ပေးရလောက်တဲ့အထိ တန်ဖိုးမရှိပါဘူး" ဟု ခနဲ့လိုက်သည်။
"မင်းရဲ့ ဓားသိုင်းက အဆင့်မတက်ဘဲ တစ်ဆို့နေတာ ငါသိပါတယ်။ ငါ့မိသားစုမှာ မင်းလေ့ကျင့်နေတဲ့ ငှက်ပျံဓားသိုင်းနဲ့ ဆင်တူတဲ့ အဆင့်မြင့် ကရဝိက်ဓားသိုင်းဆိုတာ ရှိတယ်။ မနက်ဖြန်ကျရင် အဲဒါကို မင်းဆီ ယူလာပေးမယ်လေ ဘယ်လိုလဲ"
ဤစကားကို ကြားလိုက်ရချိန်တွင် ရှရှို့ရွှယ်၏ မျက်နှာမှ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ သူမသည် ယန်ကျန့်ဖေးကို မယုံကြည်နိုင်သလို ကြည့်လိုက်မိပြီး ဤလူမှာ သူမသိသော လူစိမ်းတစ်ယောက်ကဲ့သို့ပင်။
သူမသည် ယန်ကျန့်ဖေး၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိသည်။ သူမ သူ့ကို မကြိုက်သော်လည်း ယန်မိသားစု၏ သြဇာမှာ မသေးလှသဖြင့် သူမဖခင်ကလည်း အရေးပေးထားရသည်။
ထို့ကြောင့် သူမက နည်းလမ်းအမျိုးမျိုးဖြင့် ငြင်းပယ်ခဲ့သော်လည်း ယန်ကျန့်ဖေးမှာ နားမလည်ဟန်ဆောင်ကာ သူမနောက်သို့ တကောက်ကောက် လိုက်နေခဲ့ခြင်းပင်။
ရှရှို့ရွှယ်မှာ အဖိုးကြီးချန်နှင့် အကြိမ်ကြိမ် အဆင်မပြေဖြစ်ခဲ့ရသည့်ကြား ယခုကဲ့သို့ အသေးအဖွဲကိစ္စများဖြင့် ထပ်မံနှောင့်ယှက်ခံရသောအခါ အတော်ပင် စိတ်တိုသွားတော့သည်။
ယန်ကျန့်ဖေး၏ စကားများကို ကြားရသောအခါ ရှရှို့ရွှယ်မှာ သူ့ကို နားမလည်နိုင်အောင် ဖြစ်သွားမိသည်။ သူက ကုယွမ်ကို မနာလိုဖြစ်ပြီး ရန်ငြိုးထားနေခြင်းဖြစ်သော်လည်း ထွက်ပေါ်လာသော စော်ကားမှုမှာမူ တခြားသူတစ်ဦးထံသို့ ဦးတည်နေခြင်းကြောင့်ပင်။ မိန်းကလေးတစ်ဦး၏ အနာဂတ်လက်တွဲဖော် အိမ်မက်ထဲတွင် အနည်းဆုံးတော့ ယဉ်ကျေးပျူငှာမှုရှိသော အမျိုးသားတစ်ဦး ဖြစ်သင့်သည်။ ယန်ကျန့်ဖေး၏ ယုတ်ညံ့သော အမူအရာများမှာ သူမကို လုံးဝ စိတ်ပျက်သွားစေကာ စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားစေခဲ့သည်။
"ကရဝိက်ဓားသိုင်းကို ရှင့်ဘာသာရှင်ပဲ သိမ်းထားလိုက်ပါ။ ပြီးတော့ အစ်ကိုယန်... ရှင်တစ်ခုတော့ အထင်လွဲနေပြီ။ ကျွန်မနဲ့ ကုယွမ်ကြားမှာ ဘာမှမရှိဘူး ရှိခဲ့ရင်တောင် ဒါက ရှင့်နဲ့မဆိုင်
သလို ရှင့်မှာ တခြားသူတွေကို နှိမ့်ချပြောဆိုခွင့်လည်း မရှိဘူး"
ရှရှို့ရွှယ်၏ လှပသောမျက်နှာလေးမှာ အေးစက်သွားပြီး နှင်းခဲကဲ့သို့သော အသံဖြင့် ဆက်ပြောသည်။
"ဒါ့အပြင် ကျွန်မတို့က အဲဒီလောက်လည်း မရင်းနှီးဘူး။ ဒါကြောင့် နောက်ဆိုရင် ကျွန်မကို တတိယသခင်မလို့ပဲ ခေါ်ပါ"
စကားအဆုံးတွင် သူမသည် ဖြူဖျော့လိုက်၊ နီမြန်းလိုက်ဖြစ်နေသော ယန်ကျန့်ဖေး၏ မျက်နှာကို လုံးဝဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားတော့သည်။ ယခုအခါ ထိုနေရာတွင် ယန်ကျန့်ဖေးနှင့် ကုယွမ်တို့နှစ်ဦးသာ ကျန်ရစ်တော့၏။
"သခင်လေးယန်... ကျွန်တော့်ရဲ့ တောသားပါရမီက မင်းထက်သာနေပြီး တတိယသခင်မရဲ့ အရေးပေးမှုကိုလည်း ပိုရနေတော့ မင်းတော်တော်လေး စိတ်မသက်မသာ ဖြစ်နေမှာပဲနော်"
ကုယွမ်က ခပ်ပြုံးပြုံးဖြင့် ခနဲ့လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ ဤကောင်ကို ဘာမှအရေးမလုပ်ပေ။
ငါက မင်းကို ဘာမှမလုပ်ဘဲနဲ့ မင်းက ငါ့ကို လာတိုက်ခိုက်နေတာလား။ ငါ့ကို နှိမ့်ချလိုက်လို့ မင်းက ပိုပြီး မြင့်မြတ်သွားမှာမို့လို့လား။
အရည်အချင်းလည်းမရှိ၊ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုလည်း မဖမ်းစားနိုင်ဘဲနဲ့ အောက်တန်းကျတဲ့ မနာလိုစိတ်တွေကိုပဲ သုံးနေတာ ကိုယ့်အမှားကိုယ်မမြင်ဘဲ ကိုယ့်နေရာကိုယ် မသိတာကတော့ တကယ်ကို ရယ်စရာကောင်းပြီး ရွံစရာကောင်းလွန်းတယ်။
"ကောင်လေး... သိပ်ပြီး ဘဝင်မမြင့်နဲ့ဦး"
ဤစကားကို ကြားသောအခါ ယန်ကျန့်ဖေး၏ မျက်လုံးများမှာ နီမြန်းလာပြီး ကုယွမ်ကို ဒေါသတကြီး စိုက်ကြည့်ကာ "မကြာခင်မှာ မင်းသိစေရမယ် ငါတို့ကြားက ကွာဟချက်ဆိုတာ ပါရမီတစ်ခုတည်းနဲ့ ကျော်ဖြတ်လို့ရတဲ့ အရာမဟုတ်ဘူးဆိုတာကို" ဟု ကြိမ်းဝါးလိုက်သည်။
သူ၏အမြင်တွင် ကုယွမ်သည် သံမဏိအရိုးပါရမီကြောင့်သာ ဂိုဏ်းချုပ်နှင့် ရှရှို့ရွှယ်တို့၏ အာရုံစိုက်မှုကို ရနေခြင်းပင်။ ပါရမီ မည်မျှပင်ကောင်းစေကာမူ ၎င်းမှာ အလားအလာရှိရုံသာ ရှိသေးသည်။
အသက်ရှင်နေတဲ့ ပါရမီရှင်မှသာ တကယ့်ပါရမီရှင်ဖြစ်ပြီး သေသွားတဲ့ ပါရမီရှင်ဆိုတာ အပုပ်ကောင်တစ်ကောင်ထက် မပိုဘူး။
ကုယွမ်ကဲ့သို့ နောက်ခံမရှိသော တောသားတစ်ယောက်ကို ချေမှုန်းရန်မှာ သူ့အတွက် အလွန်လွယ်ကူလိမ့်မည်ဟု သူ တွေးနေတော့သည်။
ငါ့ကို လက်စားချေဖို့ ကြံစည်နေတာပေါ့...
ကုယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အခြေအနေအားလုံးကို ဆင်ခြင်လိုက်သည်။ ဤကဲ့သို့သော လူမျိုးနှင့် စကားပြောနေခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သဖြင့် သူသည် ထိုရူးကြောင်ကြောင်ခွေးကို လျစ်လျူရှုကာ ချက်ချင်းပင် လှည့်ထွက်လာခဲ့သည်။
ကုယွမ်၏ ကျောပြင်ကို ကြည့်ရင်း ယန်ကျန့်ဖေး၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ဖျတ်ခဲသွားသည်။
"ဟွန့် နိမ့်ကျတဲ့ ရွှံ့နွံထဲက ကြွက်တစ်ကောင်က ငါ့အထက်ကို တက်ချင်နေတာလား... မင်းကို နောင်တအကြီးအကျယ် ရစေရမယ်"
...
နောက်ရက်များတွင် ကုယွမ်သည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ သူသည် ရွှေနဂါး ဝိညာဉ်စုပ်ကျင့်စဉ်၊ နက်မှောင်လိပ်ချပ်ဝတ်ကျင့်စဉ်၊ ဝိညာဉ်မြွေဓားသိုင်း၊ မိုးမခမြှီးဓားသိုင်း၊ မြွေလိမ်ခြေလှမ်း၊ ကျောက်တုံးပစ်လက်ဝါးနှင့် ယင်လေဓားသိုင်းစသည့် သိုင်းပညာများစွာကို လေ့လာနေခဲ့သည်။
သိုင်းပညာတစ်ခုချင်းစီမှာ ကျင့်ကြံရန် အချိန်အများကြီး လိုအပ်သဖြင့် ကုယွမ်သည် သူ၏ အဓိကကျင့်စဉ်များဖြစ်သော ရွှေနဂါး၊ နက်မှောင်လိပ်နှင့် မြွေလိမ်ခြေလှမ်းတို့အပြင် ဓားသိုင်းနှစ်ခုကိုသာ အဓိကထား လေ့ကျင့်နေခဲ့သည်။
မြွေရစ်ပတ်ခြင်းနှင့် လိပ်အသက်ရှူခြင်းပါရမီများကြောင့် သူ၏ တိုးတက်မှုနှုန်းမှာ အလွန်ပင် လျင်မြန်လှသည်။ အရိုးသန့်စင်ခြင်းဖြစ်စေ ကိုယ်ခံပညာဖြစ်စေ နေ့စဉ် သိသိသာသာ တိုးတက်နေခဲ့သည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေပြီး နှင်းကျတော့မည့်အလား ချမ်းစိမ့်သော လေကြမ်းများ တိုက်ခတ်နေသည်။
ကုယွမ်သည် ထုံးစံအတိုင်း သူ၏ သွေးသားခွန်အားကို နှိုးဆွ၍ အရိုးများကို သန့်စင်ပြီးနောက် ဓားသိုင်းကို လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ပြီးနောက် သူသည် အိမ်၏ ထုပ်တန်းပေါ်မှ ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ယူလိုက်သည်။
ထိုအထဲတွင် ဓားရှည်တစ်စင်း၊ အဝတ်အစား အလဲအလှယ်အချို့နှင့် ဆေးပုလင်းအချို့ ပါရှိသည်။
အဘက်ဘက်မှ သေချာစွာ ပြင်ဆင်ပြီးနောက် သူသည် အိမ်ထဲမှ ထွက်ခွာလာခဲ့တော့သည်။
အခန်း။ ၇၄
ယန်ကျန့်ဖေးသည် ညိုမှောင်သော မျက်နှာထားဖြင့် ကျောက်စိမ်းအိုးမျှော်စင်ထဲမှ ထွက်လာခဲ့သည်။
ဒီရက်ပိုင်းအတွင်း သူ လုံးဝစိတ်မချမ်းသာခဲ့ပေ။ ပထမအချက်မှာ ရှရှို့ရွှယ်က သူ့ကို တစ်နေ့ထက်တစ်နေ့ ပို၍ ရွံရှာမုန်းတီးလာပြီး အေးစက်စက် ဆက်ဆံလာခြင်းပင်။ ဒုတိယအချက်မှာ သူသည် သူ၏ဦးလေးဖြစ်သူ ယန်ဟန်ကို အကူအညီတောင်း၍ ကုယွမ်ကို အထူးတာဝန်တစ်ခု ပေးအပ်ခိုင်းကာ တစ်သက်စာ မှတ်လောက်သားလောက်အောင် ပညာပေးရန် ကြံစည်ခဲ့သည်။
သို့သော် သူ၏ဦးလေးက သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းထုတ်ခဲ့ပြီး ကုယွမ်သည် ယခုအခါ ဂိုဏ်းချုပ်နှင့် အထွေထွေမန်နေဂျာတို့၏ အသိအမှတ်ပြုမှုကို ရရှိထားသူဖြစ်ကြောင်း ကုယွမ်ကို သတ်ဖြတ်ခြင်းက သူ့အတွက် ဘာအကျိုးမှ မရှိသည့်အပြင် ပေါ်ပေါက်သွားပါက ဂိုဏ်းချုပ်ကိုပင် ရန်သူဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။
ရန်ငြိုးထားမည့်အစား မိတ်ဆွေဖွဲ့ရန်ပင် တိုက်တွန်းခဲ့သေးသည်။
ထိုအရာကို ယန်ကျန့်ဖေး လုံးဝ မကျေနပ်နိုင်ပေ။
သူ၏ဦးလေးက ထိုသို့ပြောလေလေ သူက ပို၍ မခံမရပ်နိုင် ဖြစ်လေလေပင်။ တစ်လောကလုံးနှင့် သူ၏ဦးလေးပါ ကုယွမ်ဘက်က ရပ်တည်နေကြသည်ဟု သူ ခံစားနေရသည်။
သူ ကြုံတွေ့နေရသော အရှက်ရမှုနှင့် မကျေနပ်မှု အားလုံးအတွက် ကုယွမ်ကိုသာ အပြစ်တင်နေမိသည်။
"ကုယွမ် သေကိုသေရမယ် ဘယ်သူမှ ငါ့ကို မကူညီရင် ငါ့ဘာသာငါပဲ လုပ်မယ်..."
ယန်ကျန့်ဖေးသည် ကုယွမ်ကို ပြန်ပေးဆွဲပြီး သူ၏ အကြောအဆစ်များကို ဖြတ်တောက်ကာ အရိုးအားလုံးကို ရိုက်ချိုးပစ်ရန် ဆုံးဖြတ်လိုက်သည်။
ကုယွမ်မှာ သံမဏိအရိုးပါရမီ ရှိသည်ဆိုပါက ထိုအရိုးများ ကျိုးပဲ့သွားပြီး ဒုက္ခိတဖြစ်သွားချိန်တွင် ဂိုဏ်းချုပ်နှင့် ရှရှို့ရွှယ်တို့က အရေးပေးဦးမလား သူ သိချင်မိသည်။
ထိုသို့ ကြံစည်တွေးတောရင်း သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ချိန်မှာပင် တစ်ကိုယ်လုံး စိမ့်ခနဲ အေးသွားတော့သည်။
ချလွမ်း…
ထိုအချိန်တွင် သူ၏ဘေး၌ ရှိနေသော သာမန်ကာလျှံကာ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက ဓားရှည်တစ်စင်းကို ဆွဲထုတ်ကာ သူ့ကို လွှဲခုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ဓားသွားမှာ ဆီးနှင်းကဲ့သို့ ဖြူဖွေးတောက်ပနေပြီး လေထုကို ဖြတ်သန်းလာသော အအေးဓာတ်မှာ ယန်ကျန့်ဖေးကို ရေခဲအိမ်ထဲ ရောက်သွားသည့်အလား ခံစားလိုက်ရစေသည်။ တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်းလှသဖြင့် သူ လုံးဝ သတိမထားမိခဲ့ပေ။
"အား"
သေရေးရှင်ရေး အခြေအနေတွင် ယန်ကျန့်ဖေး၏ ဦးရေပြားများပင် ထူပူသွားတော့သည်။ သူသည် အလန့်တကြား အော်ဟစ်လိုက်ပြီး အသည်းအသန် နောက်သို့ ဆုတ်လိုက်သည်။ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားမည့် ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သော်လည်း ဓားဦးမှာ သူ၏ အဝတ်အစားများကို ဖောက်ထွက်ကာ ဝမ်းဗိုက်ကို ထိမှန်သွားခဲ့သည်။ သူ၏ ခါးတွင် သွေးစိမ်းရှင်ရှင် ထွက်လာသော ဒဏ်ရာတစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ယန်ကျန့်ဖေးသည် ဒဏ်ရာကိုလည်း ဂရုမစိုက်နိုင်သလို ပတ်ဝန်းကျင်မှ လူအုပ်ကြီး၏ အော်ဟစ်သံများကိုလည်း မကြားနိုင်တော့ပေ။
အကြောင်းမှာ တိုက်ခိုက်သူသည် ပထမတစ်ချက် လွဲချော်သွားသော်လည်း နောက်ထပ် တစ်
ချက်ကို ထပ်မံ လွှဲခုတ်လိုက်သောကြောင့်ပင်။
ဤတစ်ကြိမ် ခုတ်ချက်မှာ ပို၍ အင်အားပြင်းလှပြီး ဓားသွားမှာ လေထုကို ဖြတ်သန်းစဉ် "ဝူး... ဝူး..."ဟူသော အသံပင် ထွက်ပေါ်နေသည်။
ယန်ကျန့်ဖေးသည် ပျာပျာသလဲနှင့် သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ ရှေ့မှ ကာကွယ်လိုက်သော်လည်း
ချလွမ်း…
ပြတ်သားသော အသံနှင့်အတူ သူ၏ တောက်ပသော ဓားရှည်မှာ ထက်ပိုင်းပြတ်တောက်၍ မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။ သူ၏လက်ထဲတွင် ကျိုးပဲ့နေသော ဓားတစ်ဝက်သာ ကျန်ရစ်တော့၏။
ယန်ကျန့်ဖေးမှာမူ တစ်နေရာတည်းတွင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းနေပြီး သူ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ အေးခဲနေတော့သည်။
သူ၏ ခန္ဓာကိုယ်အလယ် တည့်တည့်တွင် နဖူးမှသည် မျက်ခုံး၊ နှာခေါင်း၊ ရင်ညွန့်နှင့် ဝမ်းဗိုက်အောက်ပိုင်းအထိ နီရဲသော မျဉ်းကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။ ထိုနီရဲသော မျဉ်းကြောင်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ဘယ်ညာ နှစ်ခြမ်းကွဲအက်ကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။ သွေးစိမ်းရှင်ရှင်များနှင့် ကိုယ်တွင်းအင်္ဂါများမှာ လမ်းမပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲသွားခဲ့ပြီ ဖြစ်သည်။
"အား လူသတ်မှု လူသတ်မှု"
ဤရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကို မြင်လိုက်ရသူများမှာ အလန့်တကြား အော်ဟစ်ကာ ထွက်ပြေးကြသဖြင့် ခဏချင်းမှာပင် ယန်ကျန့်ဖေး၏ အလောင်းဘေးတွင် မည်သူမျှ မရှိတော့ပေ။
"ဂိုဏ်းချုပ်ရှ... အစ်ကိုဝေချွမ်းက သူ့ကိုယ်စား နှုတ်ဆက်ခိုင်းလိုက်ပါတယ်။ ဒါက အမြည်းသဘောပဲ ရှိပါသေးတယ်။ မကြာခင်မှာ သူက ခင်ဗျားအတွက် ပိုကြီးမားတဲ့ လက်ဆောင်တစ်ခု ပေးပို့လာပါလိမ့်မယ်"
လူသတ်သမားသည် ထူးဆန်းသော သတိပေးချက်တစ်ခုကို ချန်ထားခဲ့ကာ လူအုပ်ထဲသို့ လျင်မြန်စွာ တိုးဝင်၍ ပျောက်ကွယ်သွားတော့သည်။ ဓားဆွဲထုတ်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ထွက်ပြေးခြင်းတို့မှာ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။ ကျောက်စိမ်းအိုးမျှော်စင်ထဲမှ လူအချို့ ပြေးထွက်လာချိန်တွင်မူ လူသတ်သမားမှာ အရိပ်ပင် မမြင်ရတော့ပေ။
"ကျန့်ဖေး"
ကြီးကြပ်ရေးမှူး ယန်ဟန်သည် သူ့တူ၏ အလောင်းကို မြင်လိုက်ရသောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဆွံ့အသွားသည်။ သူ၏ မျက်နှာတွင် ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသတို့မှာ အတိုင်းအတာမဲ့စွာ ပေါက်ကွဲထွက်လာခဲ့သည်။ ဤတူမှာ သူကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသူဖြစ်သဖြင့် သံယောဇဉ်မှာ အလွန်ပင် နက်ရှိုင်းလှသည်။
"ဒီလူရဲ့ ဓားသိုင်းက အခြေခံလောက်ပဲ ရှိပေမဲ့ အင်အားက အလွန်ကြီးမားပြီး ခုတ်ချက်တွေက တကယ့်ကို ရက်စက်လွန်းတယ်။ သတ်ဖို့ သက်သက်ကိုပဲ ရည်ရွယ်ထားတာ"
အဘိုးမိုက ရှေ့သို့တိုးကာ သွေးသံရဲရဲ ဒဏ်ရာကို သေချာစစ်ဆေးပြီး လေးလေးနက်နက် သုံးသပ်လိုက်သည်။
"ဒါ ဘာဓားသိုင်းလဲဆိုတာ ခန့်မှန်းလို့ရလား"
ထိုအချိန်တွင် ထူးခြားသောအရှိန်အဝါရှိသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ရောက်ရှိလာသည်။ သူသည် ငြိမ်သက်စွာ ရပ်နေရုံနှင့်ပင် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်သည့် အရှိန်အဝါမျိုး ရှိနေ၏။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
ယန်ဟန်သည် ဝမ်းနည်းမှုများကို အောင့်အည်းကာ ထိုသူကို ချက်ချင်း ဦးညွှတ်နှုတ်ဆက်
လိုက်သည်။ သူကား ကျောက်စိမ်းအိုးမျှော်စင်၏ ဂိုဏ်းချုပ် ရှမင်းယန်ပင်။
"မသိနိုင်ဘူး"
အဘိုးမိုက ခေါင်းယမ်းလိုက်ပြီး "သူက စစ်မှန်သောချီစွမ်းအင်ကို မသုံးဘဲ လူအားသက်သက်နဲ့ပဲ ခုတ်သွားတာ။ အရိပ်အယောင် လုံးဝမကျန်ခဲ့ဘူး"
ရှမင်းယန်က တည်ငြိမ်သော မျက်နှာထားဖြင့် ယန်ဟန်ကို ကြည့်ကာ ပြောလိုက်သည်။
"ကြီးကြပ်ရေးမှူးယန်... မင်းတူရဲ့ ကိစ္စတွေကို စီစဉ်ဖို့ မင်းကို ရက်သတ္တပတ် နှစ်ပတ် အချိန်ပေးမယ်။ စိတ်ချပါ ဒီကိစ္စအတွက် ငါ အနှေးနဲ့အမြန် အဖြေတစ်ခု ပြန်ပေးမယ်"
ယန်ဟန်သည် လူသတ်သမား ပြောသွားသော စကားများကို ပြန်ပြောချင်သော်လည်း ဂိုဏ်းချုပ်၏ ရှေ့တွင် မဝံ့မရဲဖြစ်ကာ ခေါင်းညိတ်၍သာ နာခံလိုက်ရတော့သည်။
ရှမင်းယန်သည် တည်ငြိမ်နေသော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာမူ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ပြင်းထန်နေ၏။ သူနှင့် ရင်းနှီးသူများကမူ ဂိုဏ်းချုပ်သည် ယခုအခါ အမြင့်ဆုံးသော ဒေါသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်ကြသည်။
သူ၏ အိမ်တံခါးဝတွင် သူ့လူကို သတ်ဖြတ်သွားခြင်းမှာ သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှမင်းယန်က ဆက်ပြောသည်။
"ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ရပ်တွေ အများကြီး ပေါ်နေတယ်။ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဝေချွမ်းပဲဖြစ်ဖြစ် မြို့ထဲမှာ သောင်းကျန်းနေတဲ့ ယန်ရှီစန်းပဲဖြစ်ဖြစ် ညဘက်မှာ သွေးစုပ်နေတဲ့ မိစ္ဆာပဲဖြစ်ဖြစ်... ပိုင်လျန်မြို့ကတော့ မုန်တိုင်းထန်တော့မယ် ထင်တယ်။ အားလုံး အရမ်းအန္တရာယ်များနေပြီ"
"ငါတို့မှာ ဆေးဘုရင်တောင်တန်းရဲ့ နောက်ခံရှိပေမဲ့ သတိထားဖို့ လိုတယ်။ အပြင်ထွက်ရင် အနည်းဆုံး နှစ်ယောက် တစ်တွဲ သွားကြ။ ပြီးတော့ အခုကစပြီး လူသတ်သမားကို ရှာဖွေဖို့ အင်အားအားလုံးကို သုံး။ ဘယ်သူပဲ တားတား ခုခံရင်တော့ တိုက်ရိုက်သတ်ပစ်"
"ဟုတ်ကဲ့ပါ"
အစောင့်အရှောက်များနှင့် ဆေးစုဆောင်းသူ အားလုံးက လေးနက်သော အသံများဖြင့် ပြန်လည်ထူးလိုက်ကြတော့သည်။