← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း ၂၈၉- သနားစဖွယ် ပေါင်ရှင်းကျီ။

ဆရာကြီးသည် အလွန်ပင် ရိုသေလေးစားမှုကို ခံရဆဲဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည်မှာ လူတိုင်းက ဝန်ထမ်းများကဲ့သို့ပင် တွေးနေကြခြင်းဖြစ်သည်။ဆရာကြီး ကိုယ်တိုင် ထောက်ခံထားသူဖြစ်သဖြင့် ဤသူသည် သေချာပေါက် ဆရာကြီးအဆင့်သစ် သို့မဟုတ် အနည်းဆုံးတော့ ဆရာကြီးတစ်ဦး၏ ခွန်အားမျိုး ရှိပေလိမ့်မည်။ သူတို့ကိုယ်တိုင် ဆရာကြီးများ ဖြစ်ကြသော်လည်း ဤကဲ့သို့ အဆင့်အတန်းတူသူတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်ခွင့်ရခြင်းမှာ မဆိုးလှပေ။

ထို့ပြင် ဤဆရာကြီးများမှာ အခြေခံအားဖြင့် ပေါင်ရှင်းကျီ နှင့် တစ်ပုံစံတည်းပင်။ ကျင့်ကြံမှု အထစ်အငေါ့ဖြစ်နေချိန်တွင် နေရာအနှံ့ ရတနာလိုက်ရှာရင်း အချိန်ကုန်လွန်တတ်ကြသူများ ဖြစ်သည်။ ဂိုဏ်းရှိသူများမှာ တပည့်များကို စာသင်ပေးတတ်သော်လည်း အများစုမှာ အေးအေးဆေးဆေးပင် နေထိုင်တတ်ကြသည်။

မကြာမီ ဒုတိယမြောက် ဆရာကြီး ရောက်လာသည်။ ဤသူမှာ လုပေါင်၏ အသိဟောင်းဖြစ်သော ချင်းပိုင်လျဲ့ပင် ဖြစ်သည်။ သူသည် နွားသိုးခွန်အား ကို ကျင့်ကြံထားသူဖြစ်ပြီး လုပေါင်ကို အမျိုးသားကိုယ်ခံပညာခန်းမသို့ ပထမဆုံး ဖိတ်ခေါ်ခဲ့သူလည်း ဖြစ်သည်။

“ညီအစ်ကိုလျဲ့... ကျွန်တော် ပြောပြမယ်။ ခဏနေရင် ခင်ဗျားက...”

အခြားတစ်ယောက် ဝင်လာသည်ကို မြင်သောအခါ အဘိုးကြီးက ရုတ်တရက် ထရပ်လိုက်ပြီး လုပေါင်ကို လှောင်ပြောင်သော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ချင်းပိုင်လျဲ့ထံသို့ လျှောက်သွားသည်။ သူ၏ ပုံစံအရ ခဏနေလျှင် လုပေါင်ကို အစွမ်းပြနိုင်ရန် အခြားဆရာကြီးများနှင့် ပေါင်းကြံရန် ကြိုးစားနေခြင်း ဖြစ်သည်။

“ဟားဟားဟား... ငါ သိသားပဲ။ မင်းပါလား ကောင်လေး။ မင်းက ဒီစမ်းသပ်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီနေတာ ကြာလှပြီ၊ ဘာလို့ အခုမှ ပေါ်လာတာလဲ။”

သို့သော် ချင်းပိုင်လျဲ့မှာ ထိုအဘိုးကြီးကို လုံးဝ ဂရုမစိုက်ဘဲ လုပေါင်ထံသို့ တိုက်ရိုက် လျှောက်သွားကာ လုပေါင်၏ ရင်ဘတ်ကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။

သူ၏ စရိုက်မှာ အမြဲတမ်း ပွင့်လင်းရိုးသားသူ ဖြစ်သည်။ ရင်ဘတ်ကို လက်သီးဖြင့် ထိုးခြင်းမှာ သူနှင့် အလွန်ရင်းနှီးသူများအတွက်သာ ပြုလုပ်လေ့ရှိသော နှုတ်ဆက်နည်း ဖြစ်သည်။ သို့သော် သူသည် နွားသိုးခွန်အား ကို ကျင့်ကြံထားသူ ဖြစ်သဖြင့် သာမန်နှုတ်ဆက်လက်သီးမှာပင် လူတစ်ယောက်ကို အသက်ရှူရပ်သွားစေနိုင်သည်။ ထို့ကြောင့် အခြားဆရာကြီးများမှာ သူ့ကို နှုတ်ဆက်လျှင် လက်သီးချင်း ပြန်လည်တိုက်ခိုက်၍သာ နှုတ်ဆက်လေ့ရှိကြသည်။

သို့သော် လုပေါင်မှာမူ မျက်နှာတွင် အပြုံးတစ်ခုဖြင့် မရှောင်သလို မခုခံဘဲ ချင်းပိုင်လျဲ့၏ လက်သီးကို အမိအရ ခံယူလိုက်သည်။ လက်သီးထိမှန်သွားသောအခါ ချင်းပိုင်လျဲ့၏ မျက်နှာမှာ အံ့အားသင့်သွားသည်။ သူ၏ လက်သီးမှာ ဂွမ်းကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မည်သည့် အင်အားမျှ သုံး၍မရတော့ပေ။

“ဆရာကြီးက မင်းကို နူးညံ့သော ခွန်အားကိုတောင် သင်ပေးလိုက်တာလား။”

ချင်းပိုင်လျဲ့က အံ့အားသင့်စွာ မေးလိုက်ရင်း လက်သီးကို တိတ်တဆိတ် ပြန်ရုပ်လိုက်သည်။

“နူးညံ့သော ခွန်အား။ ကျွန်တော် အဲဒီအကြောင်း မကြားဖူးပါဘူး။”

လုပေါင်က စဉ်းစားကြည့်သော်လည်း ထိုအမည်ကို တစ်ခါမှ မကြားဖူးပေ။ ဘာပဲဖြစ်ဖြစ် ခုနက တုံ့ပြန်မှုမှာ ကိုယ်စောင့်အကာအကွယ်၏ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းသာ ဖြစ်ပြီး ၎င်းကို ဘာခေါ်မှန်း သူကိုယ်တိုင်လည်း မသိပေ။

ချင်းပိုင်လျဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး လုပေါင်ကို မတွေ့ရသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း ဤမျှအထိ တိုးတက်လာသည်ကို အံ့သြရင်း ဘေးတွင် ထိုင်လိုက်သည်။ လုပေါင်ကို နှုတ်ဆက်ပြီးမှသာ သူသည် အဘိုးကြီးကို ယဉ်ကျေးစွာ လက်ပြနှုတ်ဆက်လိုက်သည်။ ချင်းပိုင်လျဲ့နှင့် လုပေါင်မှာ ရင်းနှီးနေကြသည်ကို မြင်သောအခါ အဘိုးကြီးမှာ ဆက်ပြောရန် အကျိုးမရှိတော့မှန်း သိသဖြင့် ခေါင်းတစ်ချက်ညိတ်ကာ ဘာမှ မပြောတော့ပေ။

“မင်း သူ့ကို ပြဿနာ ရှာထားလို့လား။ ဒီအဘိုးကြီးက တော်တော် စိတ်ပုတ်တာ။ နောက်မှ သတိထားနော်။”

အဘိုးကြီး၏ အမူအရာကို ကြည့်ပြီး ချင်းပိုင်လျဲ့က လုပေါင်ကို တိုးတိုးလေး သတိပေးလိုက်သည်။ သို့သော် လုပေါင်က ထိုအဘိုးကြီးကို လုံးဝ ဂရုမစိုက်ဘဲ ပြုံးလျက် ခေါင်းညိတ်ပြရုံသာ ပြုလုပ်ခဲ့သည်။

ဆရာကြီးများမှာ သတင်းရရချင်း အလျင်အမြန် လာခဲ့ကြသော်လည်း လုပေါင်ကဲ့သို့ ပျံသန်းနိုင်သော အဖော်မရှိကြသဖြင့် လေယာဉ်ဖြင့်သာ လာခဲ့ကြရသည်။ မနက်မှစ၍ ညနေအထိ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ ပထမဆုံး ရောက်လာသူမှာ ပေါင်ရှင်းကျီ ဖြစ်သော်လည်း ဖြူကြီးမှာမူ ပါမလာခဲ့ပေ။

“ပေါင်ရှင်းကျီ... ဒီကောင်လေးနဲ့ ခင်ဗျားနဲ့က...”

အဘိုးကြီးက ထပ်မံ ထရပ်လိုက်ပြီး ပေါင်ရှင်းကျီနှင့် လုပေါင်တို့၏ ပတ်သက်မှုကို မေးရန် ပြင်လိုက်သည်။ သို့သော် ပေါင်ရှင်းကျီမှာလည်း သူ့ကို လုံးဝ လျစ်လျူရှုကာ လုပေါင်၏ ဘေးသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

“ဖြူကြီးက ဘယ်မှာလဲ။”

လုပေါင်က ပတ်ဝန်းကျင်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ လုပေါင်၏ စကားကို ကြားသောအခါ ပေါင်ရှင်းကျီသည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး မျက်နှာမှာ ခါးသီးသော အမူအရာများဖြင့် ပြည့်နှက်သွားသည်။

“ဘာဖြစ်လို့လဲ။”

သူ့ပုံစံကို မြင်သောအခါ လုပေါင် ပို၍ စိတ်ဝင်စားသွားသည်။

“အင်း... ဖြူကြီးက လူသားမှ မဟုတ်တာ။ သူက လူစကား ပြောတတ်အောင် ကျင့်ကြံထားပေမဲ့ တိရစ္ဆာန်ပဲလေ... သူတို့မှာ မိတ်လိုက်တဲ့ ရာသီဆိုတာ ရှိတယ်လေ။ တကယ် တစ်ခုခု ဖြစ်သွားမှာကို ငါ ကြောက်လို့ သူ့ကို မျောက်အုပ်စုဆီ ပြန်သွားကြည့်ဖို့ နည်းလမ်းရှာပြီး လှည့်စားလွှတ်လိုက်ရတယ်။ ဒီရက်တွေ ကုန်သွားမှပဲ သူ့ကို သွားရှာတော့မယ်...”

ပေါင်ရှင်းကျီက အနည်းငယ် ချောင်းဟန့်ကာ လုပေါင်၏ နားနားသို့ ကပ်လျက် ခါးသီးသောအသံဖြင့် တိုးတိုးလေး ပြောပြသည်။

ထိုစကားကို ကြားသည်နှင့် လုပေါင်မှာ အော်ဟစ်ကာ ရယ်မောတော့သည်။ စဉ်းစားကြည့်စရာပင် မလိုပေ။ ပေါင်ရှင်းကျီ၏ မျက်နှာကို ကြည့်ရုံနှင့် သူသည်ဖြူကြီး၏ အတင်းအဓမ္မ ပြုကျင့်မှုကို ခံရလုနီးပါး ဖြစ်ခဲ့ပုံရသည်...။

လုပေါင်က သူ့ကို ကိုယ်ချင်းစာမည့်အစား လှောင်ပြောင်နေသည်ကို မြင်သောအခါ ပေါင်ရှင်းကျီသည် သက်ပြင်းချလိုက်ပြီးမှ ချင်းပိုင်လျဲ့နှင့် အဘိုးကြီးကို နှုတ်ဆက်လိုက်သည်။ အဘိုးကြီးမှာလည်း ယခု ကြောင်အသွားသည်။ ဤဆရာကြီးများမှာ အမြဲတမ်း အေးစက်စက်နှင့် မာနကြီးကြသူများ မဟုတ်ပါလား။ ဘာကြောင့် အသက် ၂၀ ကျော် အရွယ် လူငယ်လေးတစ်ဦးက ဤမျှ ဆရာကြီးအများအပြားနှင့် ရင်းနှီးနေရသနည်း။သူ ဘာလို့ ဤအကြောင်းကို တစ်ခါမှ မကြားဖူးရသနည်း။

အမှန်စင်စစ် သူသည် ယခင်တစ်ခေါက်က ဆရာကြီးများ စုဝေးပွဲကို မတက်ရောက်ခဲ့သောကြောင့် ဖြစ်သည်။ မဟုတ်လျှင် လုပေါင်၏ လက်ထဲတွင် ချီလင်လေးကို မြင်ရကတည်းက လုပေါင်ကို ဤကဲ့သို့ ပြောရဲမည် မဟုတ်ပေ။

ပေါင်ရှင်းကျီ ဝင်လာပြီးနောက်တွင် ဆရာကြီးများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ ဤလူများမှာ အခြေခံအားဖြင့် ယခင်တစ်ခေါက် စုဝေးပွဲကို တက်ရောက်ခဲ့ကြသူများ ဖြစ်သဖြင့် လုပေါင်၏ နောက်ခံကို ကောင်းကောင်း သိထားကြသည်။ လက်ရှိ လုပေါင်၏ လက်ထဲတွင် ချီလင်လေး မပါသော်လည်း ဤလူသည် ဘယ်နေရာကနေ ချီလင်လေးကို ထုတ်လာဦးမလဲဆိုသည်ကို သူတို့ မသေချာကြပေ...။ ထို့ကြောင့် လုပေါင်နှင့် သိပ်မရင်းနှီးသော ဆရာကြီးများမှာ နှုတ်ဆက်ကာ အားပေးစကား ပြောပြီးနောက် တိတ်တဆိတ် ဝေးဝေးတွင်သာ ထိုင်နေလိုက်ကြသည်။

အဘိုးကြီးမှာ သူ၏ နေရာတွင် ထိုင်ရင်း ပို၍ ပို၍ ဇဝေဇဝါ ဖြစ်လာသည်။ ဤဆရာကြီးများမှာ လုပေါင်ကို သိနေကြရုံသာမက လုပေါင်အပေါ်တွင် အနည်းငယ် ကြောက်ရွံ့နေသည့် အရိပ်အယောင်များပင် ရှိနေသည်ကို သူ သတိထားမိလိုက်သည်။ သို့သော် သူ သတိထားမိသော်လည်း သူကိုယ်တိုင်က စကားနာ ထိုးထားပြီးသား ဖြစ်သဖြင့် အရှက်မကွဲစေရန် အေးစက်စက် ပုံစံဖမ်းကာ ထိုင်စောင့်နေလိုက်တော့သည်။

နောက်ဆုံးတွင် အပြင်ဘက်မှ ခြေသံများနှင့်အတူ နတ်ဆရာကြီး ရောက်ရှိလာခဲ့ပြီဖြစ်၏။ ထောက်ခံသူအနေဖြင့် နတ်ဆရာကြီးသည်စမ်းသပ်ပွဲ စတင်ရန် သေချာပေါက် ရှိနေရမည် ဖြစ်သည်။

“ဆရာကြီး... ဘာလို့ အခုမှ ရောက်လာတာလဲ။ ကျွန်တော် တစ်နေကုန် စောင့်နေရတာ။”

နတ်ဆရာကြိီး ဝင်လာသည်ကို မြင်သောအခါ လုပေါင်က မတတ်သာသည့် အမူအရာဖြင့် လှမ်းပြောလိုက်သည်။ နတ်ဆရာကြီး၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း လုပေါင်ကို လျစ်လျူရှုကာ သူ့ကို ပြောနေခြင်း မဟုတ်သလို ဟန်ဆောင်နေလိုက်သည်...။

ထိုအခိုက်တွင် ဆရာကြီးအချို့မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

‘ရယ်ချင်ကြတယ်ဟုတ်လား။ ငါက မင်းတို့ကို သတိပေးချင်လို့ပါ။ဒါပေမဲ့ မင်းတို့က ရယ်ချင်နေမှတော့ ငါ ဘာမှ မပြောတော့ဘူး။ နောက်မှ မင်းတို့ဘာသာ လုပေါင်နဲ့ သွားတိုက်ကြပေါ့။’

သူတို့၏ ပြုံးရယ်နေသော မျက်နှာများကို ကြည့်ကာ နတ်ဆရာကြီးက စိတ်ထဲမှ ကြိတ်တွေးရင်း အဓိက နေရာတွင် ထိုင်လိုက်သည်။

အဘိုးကြီးမှာမူ ယခုဆိုလျှင် လုံးဝ ဆွံ့အသွားတော့သည်။ နတ်ဆရာကြီးမှာ မည်သူနည်း။ သူသည် မိမိကိုယ်မိမိ နံပါတ်တစ် ဆရာကြီးဟု ပြောလျှင်ပင် မည်သူမျှ ငြင်းပယ်ရဲမည် မဟုတ်ပေ။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို လုပေါင်က အဘိုးကြီး ဟု ခေါ်နေသည်ကို သူက ဘာမှ ပြန်မပြောသည်လား။ လုပေါင်က သူ ထောက်ခံထားသူ ဖြစ်လျှင်ပင် ဤကဲ့သို့ မဖြစ်သင့်ပေ မဟုတ်ပါလား။

“ကဲ... လုပေါင် အလယ်ကို လာရပ်လိုက်တော့။”

နတ်ဆရာကြီးသည် သက်ပြင်းတစ်ချက်ချကာ လုပေါင်ကို ကြည့်လျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ စကားပြောနေစဉ် အပြင်ဘက်မှ အခြားလူတစ်ယောက် ဝင်လာသည်။ လုပေါင် တွေ့ဖူးသော အမျိုးသားကိုယ်ခံပညာခန်းမ၏ ဒုတိယဥက္ကဋ္ဌ ကျိုးထျန်းပင် ဖြစ်သည်။

“ဒီနေ့ လူစုံနေပြီဆိုတော့ အားလုံးကို ဘေးက တိုက်ခိုက်ရေးကွင်း ထဲကို စမ်းသပ်ပွဲအတွက် ရွှေ့ပေးဖို့ အကူအညီတောင်းပါရစေ။ ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲဆိုတာ တွေ့ရခဲသလို လူငယ်ပညာရှင်တွေအတွက်လည်း အတွေ့အကြုံသစ်တွေ ရစေဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ။”

ကျိုးထျန်းက ဝင်လာသည်နှင့် ရိုရိုသေသေ ပြောလိုက်တော့သည်။

အခန်း ၂၉၀- စမ်းသပ်ပွဲ စတင်ခြင်း။

ကျိုးထျန်း က ထိုသို့ပြောလိုက်သောအခါ မည်သည့် ဂုဏ်ထူးဆောင်ဆရာကြီးမှ ကန့်ကွက်ခြင်း မရှိကြပေ။

အမှန်စင်စစ် ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲ မကျင်းပဖြစ်သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိနေပြီဖြစ်သည်။ ဤလူငယ်မျိုးဆက်သစ်များကို သူတို့၏ ခွန်အားအား မျက်မြင်ကိုယ်တွေ့ ဖြစ်ခွင့်ပေးခြင်းမှာလည်း မဆိုးလှသော အကြံတစ်ခုပင် ဖြစ်သည်။

စမ်းသပ်ခံရသူ ဖြစ်သောကြောင့် လုပေါင်သည်လည်း ဤအခြေအနေတွင် ကန့်ကွက်စရာမရှိဘဲ သူတို့နောက်သို့သာ လိုက်ပါခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဂုဏ်ထူးဆောင်ဆရာကြီးတစ်ဦး ဖြစ်လာပါက အကျိုးကျေးဇူးများစွာ ရရှိမည် မဟုတ်ပါလား။

သူတို့ရှိနေသော ခြံဝင်း၏ ဘေးတွင် ရှေးဟောင်းဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသော အလတ်စား တိုက်ခိုက်ရေးကွင်းတစ်ခု ရှိသည်။ အတွင်းတွင် လူတစ်ဆယ်ကျော်ခန့် ထိုင်နှင့်နေကြပြီ ဖြစ်သည်။ ဤလူများမှာ ဆရာကြီးအဆင့် ခွန်အားမျိုး မရှိကြသော်လည်း သူတို့၏ ဟန်ပန်နှင့် အမူအရာကို ကြည့်ရုံနှင့် တော်တော်လေး စွမ်းအားကြီးပုံရသည်။

ဆရာကြီးများ အုပ်စုလိုက် ဝင်လာသည်ကို မြင်သောအခါ ထိုလူများမှာ ချက်ချင်း မတ်တတ်ရပ်ကာ လက်အုပ်ချီ၍ ဂါရဝပြုကြသည်။ လုပေါင်ကမူ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို စိတ်မဝင်စားသော်လည်း ကံကောင်းသည်မှာ သူကိုယ်တိုင် ပါဝင်လုပ်ဆောင်ရန် မလိုခြင်းပင်။

တပည့်များမှာ စမ်းသပ်ခံရမည့် လုပေါင်သည် ဤမျှအထိ ငယ်ရွယ်နေသည်ကို မြင်သောအခါ အားလုံး မှင်သက်သွားကြတော့သည်။

တိုက်ခိုက်ရေးကွင်း၏ ပတ်လည်တွင် လက်ဖက်ရည်စားပွဲများနှင့် ကုလားထိုင် ဆယ်လုံးကျော်ကို စက်ဝိုင်းပုံစံ စီထားပြီး အလယ်တွင် စတုရန်းပုံစံ စင်မြင့်တစ်ခု ရှိသည်။ လုပေါင်သည် ဤစင်မြင့်ပေါ်တွင် စမ်းသပ်ခံရမည်မှာ ထင်ရှားလှသည်။

“ဒုဥက္ကဋ္ဌကျိုး... ဒီစမ်းသပ်ပွဲက တကယ်တမ်း ဘာတွေလုပ်ရမှာလဲ။ကျွန်တော် အခုထိ သေချာမသိသေးဘူး။”

လူတိုင်း နေရာယူနေကြစဉ် လုပေါင်က ကျိုးထျန်း၏ ဘေးတွင်ရပ်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

လုပေါင်၏ မေးခွန်းကို ကျိုးထျန်းက တိုးတိုးလေး ရှင်းပြသည်။ စမ်းသပ်ပွဲက ရိုးရှင်းပါသည်။ လုပေါင်၏ အရည်အချင်းကို သံသယရှိသူ မည်သူမဆို စင်မြင့်ပေါ်သို့ တက်လာပြီး လုပေါင်နှင့် လက်ရည်စမ်းနိုင်ပါသည်။ တိုက်ခိုက်မှု၏ ရလဒ်မှာ အဓိက မဟုတ်ပေ။ တိုက်ခိုက်ပုံကို ကြည့်ရုံနှင့် တစ်ဖက်လူ၏ ခွန်အားကို ခန့်မှန်းရန် လုံလောက်ပါသည်။ လုပေါင်ကို ကန့်ကွက်သူအားလုံး တိုက်ခိုက်ပြီးသွားသောအခါ ဆရာကြီးများအားလုံး စုပေါင်း မဲပေးကြမည်ဖြစ်သည်။ မဲအရေအတွက် တစ်ဝက်ကျော် ရရှိပါက လုပေါင်သည် ဂုဏ်ထူးဆောင်ဆရာကြီး အသစ်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

“တစ်ဝက်ကျော်ရုံပဲလား။”

လုပေါင်က မျက်တောင်ခတ်ရင်း နားမလည်သလို မေးလိုက်သည်။

“တစ်ဝက်ကျော်ဖို့ ဆိုတာကလည်း တော်တော်လေး အထင်ကြီးစရာ ကောင်းတာပါ။ ဒီဆရာကြီးတွေက အားလုံး မာနကြီးကြတာ။ မင်းမှာ ခွန်အားရှိရင်တောင် သူတို့က မင်းကို အထင်မကြီးရင် မဲပေးမှာ မဟုတ်ဘူး။”

ကျိုးထျန်းက လုပေါင်ကို အလေးအနက် ရှင်းပြသည်။ ယခုအချိန်တွင် သူသည် လုပေါင်ကို ဂုဏ်ထူးဆောင်ဆရာကြီး တစ်ဦးကဲ့သို့ပင် ဆက်ဆံနေပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယခင်တစ်ခေါက်က လုပေါင်၏ စွမ်းဆောင်ရည်ကို သူကောင်းကောင်း မှတ်မိနေပြီး လုပေါင် သေချာပေါက် အောင်မြင်မည်ကို သူသိနေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် စည်းကမ်းများစွာ ရှိပြီး စမ်းသပ်ပွဲကို စိတ်ထင်တိုင်း စတင်၍ မရပေ။ ဝန်ထမ်းများက ဆရာကြီးများကို လက်ဖက်ရည်ဖြင့် သေသေချာချာ ဧည့်ခံနေကြသည်။ လက်ဖက်ရည်များ အားလုံး စုံလင်ပြီး လူတိုင်း နေရာတကျ ရှိမှသာ စမ်းသပ်ပွဲ စတင်နိုင်မည် ဖြစ်သည်။

ထိုအချိန်လေးအတွင်း လုပေါင်သည် နတ်ဆရာကြီးထံသို့ လျှောက်သွားလိုက်သည်။

“မင်း... နောက်ဆိုရင် ငါ့ကို နည်းနည်းတော့ ရိုသေဦး မဟုတ်ရင် ငါ တကယ်...”

လုပေါင် လာသည်ကို မြင်သောအခါ ဆရာကြီးအိုကြီးက အသံကိုနှိမ့်ကာ မတတ်သာသလို ပြောလိုက်သည်။ သို့သော် သူ စကားမဆုံးမီမှာပင် လုပေါင်သည် တွင်းနက်ထဲမှ အပြာရောင် ပန်းသီးတစ်လုံးကို ထုတ်လိုက်သည်။

“အပြာရောင် ဝိညာဉ်သီး။ဒါကို မင်း ဘယ်က ရလာတာလဲ။”

သစ်သီးကို မြင်လိုက်ရသောအခါ နတ်ဆရာကြီး၏ မျက်လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်သွားသည်။ ဤသစ်သီးတွင် ထူးခြားသော အာနိသင် တစ်ခုသာ ရှိသည်။၎င်းကို စားသုံးသူ၏ သက်တမ်းကို အနှစ် ၂၀ တိုးစေခြင်းပင် ဖြစ်သည်။ သို့သော် ၎င်းသည် လူတစ်ယောက်၏ ဘဝတွင် ပထမဆုံးအကြိမ် စားသုံးမှသာ အကျိုးရှိမည် ဖြစ်သည်။ မဟုတ်လျှင် လုပေါင်တွင် နှစ်လုံးရှိပါက ဆရာကြီးအိုကြီးကို နှစ်လုံးစလုံး ပေးပြီးသား ဖြစ်ပေလိမ့်မည်။

“ဟဲဟဲ... ကျွန်တော် ခင်ဗျားကို ဘယ်လောက် ဂရုစိုက်လဲဆိုတာ တွေ့ပြီလား။ ခင်ဗျား သက်တမ်းကုန်ပြီး သေသွားမှာကို ကြောက်လို့ ကျွန်တော် ဒါကို အထူးတလည် ရှာလာတာ။ မြန်မြန်စားလိုက်။”

လုပေါင်က ရယ်မောရင်း ဆရာကြီးအိုကြီး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှိနေသူအားလုံး၏ အကြည့်မှာ သူတို့ထံသို့ ရောက်လာကြပြီး အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကြသည်။ မျိုးသုဉ်းသွားပြီဟု ယူဆထားသော ဤကဲ့သို့သော ထိပ်တန်း ကောင်းကင်နှင့်မြေကြီး ရတနာမျိုးကို လုပေါင်က မည်သို့ ရှာတွေ့ခဲ့သည်ကို သူတို့ နားမလည်နိုင်ကြပေ။ ပေါင်ရှင်းကျီ တစ်ဦးတည်းသာ လုပေါင်ကို မတတ်သာသလို ကြည့်နေသည်။ ဤကောင်လေးဆီတွင် ကောင်းမွန်သော အရာများ အလွန်များပြားလွန်းလှသည်။

နတ်ဆရာကြီးသည် လုပေါင်၏ စကားကို ပြန်လည်ချေပရန် ပြင်ဆင်နေသော်လည်း ယခု အပြာရောင် ဝိညာဉ်သီးကို မြင်သောအခါ စိတ်လှုပ်ရှားသွားရသည်။

‘နတ်ဆရာကြီးကိုယ်တိုင်ရွေးချယ်ထားတဲ့သူဆိုတော့ တကယ်ပဲ ငါတို့ဂိုဏ်းအတွက် အကောင်းဆုံး စိတ်စေတနာ ရှိတာပဲ။’

အကယ်၍ လုပေါင်က နတ်ဆရာကြီးကို သက်တမ်းရှည်စေချင်ခြင်းမှာ သူကိုယ်တိုင် ဆရာကြီးနေရာကို ဆက်မယူချင်၍ ဖြစ်ကြောင်းသာ သိသွားလျှင် ဆရာကြီးအိုကြီး ဘာတွေးမည်လဲ မသိပေ...။ ဆရာကြီးအိုကြီးက အားနာမနေတော့ဘဲ သစ်သီးကို ယူကာ အငမ်းမရ စားလိုက်သည်။ ချက်ချင်းပင် သူ၏ အသားအရေမှာ သိသိသာသာ ပိုမို နုပျိုလာပြီး တင်းရင်းလာသည်။ ခဏအကြာတွင် ဆရာကြီးအိုကြီးမှာ ၁၀ နှစ်ခန့် ပိုမို နုပျိုသွားပုံရပြီး မျက်လုံးများမှာလည်း ပိုမို တောက်ပလာတော့သည်။

“အဘိုးကြီးချင်း... ရော့ ဒါ ယူလိုက်။”

ထိုစဉ် လုပေါင်သည် ချင်းပိုင်လျဲ့ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။ ချင်းပိုင်လျဲ့မှာလည်း ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေမိခြင်း ဖြစ်သည်။

စကားပြောရင်း လုပေါင်သည် ချယ်ရီသီးနှင့် တူသော ငွေရောင်သစ်သီးလေး တစ်လုံးကို အိတ်ထဲမှ ထုတ်ပေးလိုက်သည်။ ဤသစ်သီးမှာ အတွင်းဒဏ်ရာများကို ကုသရာတွင် အထူးစွမ်းဆောင်နိုင်ပြီး မည်မျှပင် ဟောင်းနွမ်း နက်ရှိုင်းသော ဒဏ်ရာဖြစ်ပါစေ ချက်ချင်း ပျောက်ကင်းစေနိုင်သည်။ ချင်းပိုင်လျဲ့သည် ယခင်က ချီလင်လေးကို ရန်စခဲ့ဖူးသဖြင့် သူ၏ကိုယ်ထဲတွင် မီးအဆိပ်များ ကျန်ရှိနေသေးသည်။

“လိမ္မာတဲ့ ကောင်လေးပဲ။ မင်း အောင်မြင်မယ်ဆိုတာ ငါ ပထမဆုံး မြင်ကတည်းက သိသားပဲ။”

ချင်းပိုင်လျဲ့မှာ စိတ်လှုပ်ရှားစွာဖြင့် သစ်သီးကို ယူကာ မျိုချလိုက်တော့သည်။

လုပေါင်က ဤအရာနှစ်ခုကို ပေးရခြင်းမှာ သူတို့နှင့် ရင်းနှီးသောကြောင့် ဖြစ်သလို အနည်းငယ် ကြွားဝါချင်သော စိတ်လည်း ပါဝင်နေသည်။ ထိုအခါ ဆရာကြီးများအားလုံးမှာ သူတို့၏ ထိုင်ခုံများတွင် မတ်မတ် ထိုင်လိုက်ကြတော့သည်။ သူတို့အားလုံး၏ အကြည့်မှာ လုပေါင်ထံတွင်သာ ရှိနေပြီး လုပေါင်က သူတို့ကိုလည်း ရတနာတစ်စုံတစ်ရာ ပေးမလားဟု မျှော်လင့်နေကြသည်။

သို့သော် ထိုအရာနှစ်ခု ပေးပြီးနောက် လုပေါင်က မည်သူ့ကိုမျှ ဘာမှ ထပ်မပေးတော့ပေ။ ပေါင်ရှင်းကျီမှာမူ သူတို့၏ ရင်းနှီးမှုအရ လုပေါင်က ဘာမှ ထူးထူးခြားခြား ပေးရန် မလိုဟု တွေးထားသည်။ ဘာပဲဖြစ်ဖြစ် ပေါင်ရှင်းကျီ တောင်းလျှင် လုပေါင်တွင် ရှိပါက သေချာပေါက် ပေးမည်သာ ဖြစ်သည်။

ယခင်က လုပေါင်ကို စကားနာထိုးခဲ့သော အဘိုးကြီးမှာမူ ယခု အလွန် နောင်တရနေတော့သည်။

‘ဒီကောင်ကတကယ့်သူဌေးလေးပဲ! ငါ ဘာလို့ သူ့ကို ရန်စမိပါလိမ့်။သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့ရင် ငါလည်း တစ်ခုခု ရနိုင်တာပဲ။’

သို့သော်သူသည် ယခု အရှက်ကို မခွဲနိုင်ပေ။ လုပေါင်ကို ကြည့်ရင်း သူ ပို၍ ပို၍ ဒေါသထွက်လာသည်။

ဤအဘိုးကြီး၏ စိတ်ပုတ်မှုကို လုပေါင်က မသိနိုင်သော်လည်း သဘာဝအတိုင်း သူ မကြောက်ပေ။ မကြာမီ လက်ဖက်ရည်များ အဆင်သင့်ဖြစ်သွားပြီး လုပေါင်သည် စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားလိုက်သည်။

“အားလုံးပဲ... ဒီနေ့က ကျွန်တော့်ရဲ့ ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲပါ။ ကျွန်တော့်ရဲ့ အရည်အချင်းကို သံသယရှိသူ ဘယ်သူမဆို စင်ပေါ်တက်ပြီး စမ်းသပ်နိုင်ပါတယ်။”

စင်ပေါ်တွင် ရပ်ရင်း လုပေါင်က လည်ချောင်းဟန့်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။

ထိုစကားကို ကြားသည်နှင့် အဘိုးကြီးက မတ်တတ်ရပ်ကာ သူ၏ အသက်အရွယ်နှင့် မလိုက်အောင် လျင်မြန်သော အရှိန်ဖြင့် စင်ပေါ်သို့ ခုန်တက်လာခဲ့သည်။

“ဟွန့်... လက်ဆောင်တွေပေးပြီး မျက်နှာသာရအောင် လုပ်ရုံနဲ့ ဂုဏ်ထူးဆောင်ဆရာကြီး ဖြစ်လာမယ်လို့ မထင်နဲ့။ ဆရာကြီးဖြစ်ဖို့ဆိုတာ ခွန်အားပေါ်မှာ မူတည်တာ။အဆက်အသွယ်ပေါ်မှာ မူတည်တာ မဟုတ်ဘူး။”

စင်ပေါ်ရောက်သည်နှင့် ထိုအဘိုးကြီးက လုပေါင်ကို အော်ဟစ် ဆူပူလေတော့သည်။ လုပေါင်ကမူ နှုတ်ခမ်းမဲ့ကာ ထိုအဘိုးကြီး ဘာကြောင့် သူ့အပေါ် ဤမျှ ရန်လိုနေရသည်ကို နားမလည်နိုင် ဖြစ်နေတော့သည်။

All Chapters