အခန်း (၂၈၅-၂၈၆)
Vol. 29 Ch. 285-286
အခန်း ၂၈၅- ဓားပြတိုက်တာလား။
ထိုလူနှစ်ယောက်မှာ လန့်သွားကြပြီး မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် သူတို့၏ လည်ပင်းနောက်ဘက်တွင် အေးစက်စက် အာရုံတစ်ခုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ချက်ချင်းပင် သတိလစ်လဲကျသွားတော့သည်။
အိတ်ကို မကာ ဆွဲတင်လိုက်သူမှာ သဘာဝအတိုင်း ရုပ်ဆိုးသော လင်းနို့ကြီးပင် ဖြစ်သည်။ လုပေါင်က ထိုလူနှစ်ယောက်ကို သတိလစ်အောင် လုပ်လိုက်သည်ကို မြင်သောအခါမှ လင်းနို့ကြီးသည် အောက်သို့ ဆင်းသက်လာခဲ့သည်။
လုပေါင်သည် ပထမဆုံးအနေဖြင့် လင်းနို့ကြီးကို အောက်ခြေမဲ့တွင်း ထဲသို့ ပြန်ထည့်လိုက်ပြီးမှ ရှေ့သို့လှမ်းကာ ချည်နှောင်ထားသော အိတ်ကို အင်အားသုံး၍ ဆွဲဖြဲလိုက်သည်။
အိတ်အတွင်း၌မူ ဆံပင်များ ရှုပ်ပွနေပြီး မျက်နှာပေါ်တွင် မျက်ရည်များ စိုရွှဲနေကာ ဆံပင်အချို့မှာ ပါးပြင်တွင် ကပ်နေသော မိန်းကလေးတစ်ဦး ရှိနေသည်။ ထိုသို့ဆိုလျှင်တောင် သူမ၏ တက်ကြွသော မျက်လုံးများနှင့် လှပပြီး သနားစဖွယ်ကောင်းသော မျက်နှာကို မြင်တွေ့နိုင်ပါသေးသည်။
“လု... လုပေါင်။”
ထိုမိန်းကလေးမှာ ရုတ်တရက် ကယ်တင်ခြင်းခံလိုက်ရသဖြင့် မှင်သက်နေသော်လည်း သူမရှေ့မှ လူကို မှတ်မိသွားသောအခါ ကြောင်အသွားသည်။
“ဟေး... မတွေ့တာ ကြာပြီနော်။”
ထိုမိန်းကလေးကို ကြည့်ပြီး လုပေါင်က ရယ်လျက် နှုတ်ဆက်လိုက်သည်။
ဤမိန်းကလေးမှာ လုပေါင်၏ အတန်းခေါင်းဆောင် ဖုန်းလီဖြစ်သည်။ သူမ၏ အလုပ်အများဆုံးမှာ ပျင်းရိသော လုပေါင်ကို အိမ်စာတင်ရန် တဂျောက်ဂျောက် လိုက်ပြောရခြင်း ဖြစ်သည်။ ထို့ကြောင့် လုပေါင်သည် သူမ၏ အသံကို အလွန်ပင် ရင်းနှီးနေခြင်း ဖြစ်သည်။
“ဝါး...”
သို့သော်လည်း ထိုအခိုက်တွင် ဖုန်းလီသည် ရုတ်တရက် ငိုချလိုက်ပြီး လုပေါင်ကို တိုက်ရိုက်ဖက်ကာ ရှိုက်ကြီးတငင် ငိုတော့သည်။ လုပေါင်မှာ ကြောင်အသွားပြီး မသိစိတ်ဖြင့် လက်များကို မြှောက်ထားကာ အနည်းငယ် မတတ်သာသလို ခံစားလိုက်ရသည်။
သုံးမိနစ် လေးမိနစ်ခန့် ကြာပြီးနောက် ငိုရလွန်း၍ မောဟိုက်သွားပုံရကာ ဖုန်းလီသည် နောက်ဆုံးတွင် သူမ၏ စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ သတိလစ်နေသော သန်မာသည့် လူနှစ်ယောက်ကို ချက်ချင်း မြင်လိုက်ရသည်။
“ဒါ နင် လုပ်တာလား။”
ထို့နောက် သူမသည် ပတ်ဝန်းကျင်ကို ကြည့်ကာ အခြားသူ မရှိကြောင်း အတည်ပြုပြီးနောက် မယုံနိုင်သလို မေးလိုက်သည်။
“အင်း။ နင် ငါ့ကို အကြွေးတစ်ခါ တင်သွားပြီနော်။ ငါ အခု သွားတော့မယ်။ နင် သူတို့ကားကိုပဲ အိမ်ပြန်မောင်းသွားလိုက်တော့။”
လုပေါင် ခေါင်းညိတ်ပြပြီး စကားဆုံးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်သည်။
နောက်တာ မဟုတ်ပေ။ ဘေးဒုက္ခရောက်နေသော ချောမောသည့် မိန်းကလေးတစ်ဦးကို မြင်ရသည်မှာ ကောင်းသော်လည်း ဤကိစ္စတွင် ဒုက္ခများစွာ ပါဝင်နေမည်ကို လုပေါင်က ကြည့်ရုံနှင့် သိသည်။ သူတို့၏ ပတ်သက်မှုအရ သူမကို ကယ်တင်လိုက်ခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။ ဤရှုပ်ထွေးသော ကိစ္စထဲတွင် ထပ်မံပါဝင်ရန် သူ အစီအစဉ်မရှိပေ။ သူ live လွှင့်ရန် ရှိသေးသည်မဟုတ်ပါလား။
“နင်... မသွားနဲ့ဦး။”
သို့သော်လည်း ထိုစဉ်မှာပင် ဖုန်းလီသည် လုပေါင်၏ အင်္ကျီထောင့်ကို အသည်းအသန် လှမ်းဆွဲလိုက်သည်။
“ငါ ပြောပြီးပြီလေ။ နင် အခု ဘေးကင်းသွားပြီ မဟုတ်လား။ ငါ့ကို ဘာလို့ မလွှတ်ပေးတာလဲ။”
လုပေါင်သည် မတတ်သာသည့် အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
“နင်... နင်က ငါ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။ နင် မဆုံးဖြတ်ခင် ငါ့စကားကို အရင် နားထောင်ပေးလို့ ရမလား။”
ဖုန်းလီက တိုးလျှိုးသော အမူအရာဖြင့် လုပေါင်ကို ကြည့်ကာ လည်ချောင်းသံဖြင့် ပြောလိုက်သည်။
သို့သော် ရတနာနတ်ဘုရားက ဘယ်သူလဲ။သူသည် ချောမောသော မိန်းကလေးများ ရင်ခွင်ထဲ တိုးဝင်လာလျှင်ပင် မည်သို့မျှ မတုံ့ပြန်တတ်သော သံမဏိလူသားတစ်ဦး ဖြစ်သည်။ ထိုအခိုက်တွင် သူသည် ပုခုံးတွန့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“အဲ... ငါက နင့်ရဲ့ မျှော်လင့်ချက်လို့ တစ်ခါမှ မပြောခဲ့ဘူးနော် ဟုတ်ပြီလား။”
လုပေါင်၏ စကားကို ကြားသောအခါ ဖုန်းလီ၏ မျက်နှာမှာ တောင့်တင်းသွားသော်လည်း သူမ ခံစားခဲ့ရသည်များကို ဂရုမစိုက်ဘဲ စတင်ပြောပြတော့သည်။
“ဟေး... အစ်မကြီး နင့်ရဲ့ ဝမ်းနည်းစရာ အတိတ်တွေကို ငါ နားထောင်ချင်တယ်လို့ မပြောမိပါဘူး။”
လုပေါင်က လက်လျှော့လိုက်သည့် အမူအရာဖြင့် ကြားဖြတ်ပြောရန် ကြိုးစားလိုက်သည်။
သို့သော် ဖုန်းလီက သူ့ကို ဂရုမစိုက်ဘဲ လုပေါင်၏ အင်္ကျီကို ဆွဲထားကာ ဆက်လက်ပြောပြသည်။ လုပေါင်၏ လက်ရှိခွန်အားနှင့်ဆိုလျှင် သူမ၏ လက်ကို အတင်းအဓမ္မ ဆွဲဖယ်ရန် မခက်ခဲသော်လည်း သူမကို နာကျင်စေနိုင်သည်။ ထို့ကြောင့် လုပေါင်သည် မတတ်သာဘဲ ရပ်နေရင်း ဖုန်းလီ၏ စကားများကို နားထောင်ပေးလိုက်ရသည်။
လုပေါင်တို့ ကျောင်းသို့ တက်နိုင်သူများမှာ စာအလွန်တော်သော ကျောင်းသားအနည်းငယ်မှလွဲလျှင် အများစုမှာ သူဌေးသားသမီးများ ဖြစ်ကြသည်။ ဖုန်းလီသည်လည်း ခြွင်းချက်မဟုတ်ပေ။ သူမ၏ မိသားစုတွင် ကုန်ထုတ်လုပ်ငန်း စက်ရုံအများအပြား ရှိပြီး ငွေကြေးအင်အားမှာလည်း မသေးလှပေ။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်းလီ၏ ဖခင်မှာ ရုတ်တရက် ပြင်းထန်သောရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ သူမ၏ မိခင်မှာလည်း ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့သူ ဖြစ်သည်။ ကြီးမားသော စက်ရုံများစွာ၏ တာဝန်မှာ သူမ၏ ပုခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာသောအခါ ဖုန်းလီတစ်ယောက် လွန်စွာ အခက်တွေ့ခဲ့ရသည်။
ထိုအချိန်မှာပင် ဖုန်းလီ၏ ဝေးကွာသော ဦးလေးတစ်ဦးမှာ ရုတ်တရက် ရောက်ရှိလာပြီး သူကူညီနိုင်ကြောင်း ပြောဆိုခဲ့သည်။ ထိုစဉ်က ဖုန်းလီမှာ ဘာလုပ်ရမှန်း မသိဖြစ်နေသဖြင့် အမျိုးတစ်ယောက်၏ အကူအညီမှာ သူမကိုယ်တိုင် တာဝန်ယူရသည်ထက် သေချာပေါက် ပိုကောင်းလိမ့်မည်ဟု ထင်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူမ၏ဦးလေးမှာ မိမိ၏ သြဇာအာဏာကို တည်ဆောက်နေပြီး မန်နေဂျာတိုင်းကို သူ၏လူများနှင့် အစားထိုးနေသည်ကို ဖုန်းလီ သတိပြုမိလာသည်။ ဖုန်းလီက ပြန်လည်ခုခံခဲ့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူမ၏ဦးလေးမှာလည်း ယခင်က ဖော်ရွေသော အမူအရာကို ဖျောက်ပစ်လိုက်ပြီး သူမ၏ လစဉ်သုံးစရိတ်ကို မလျှော့စေရဟု ကတိပေးကာ ဝင်မစွက်ဖက်ရန် တိုက်ရိုက် ခြိမ်းခြောက်လာတော့သည်။
သို့သော် ဤအရာများသည် သူမ၏ဖခင် ချန်ထားခဲ့သော စက်ရုံများ ဖြစ်သဖြင့် ဖုန်းလီ မည်သို့ ဝင်မပါဘဲ နေနိုင်ပါမည်နည်း။ သူမသည် အလုပ်ထုတ်ခံရသော စီမံခန့်ခွဲမှု ဝန်ထမ်းများနှင့်အတူ ထိန်းချုပ်ခွင့် ပြန်ရရန် အကြိမ်ကြိမ် ပြဿနာရှာခဲ့သည်။ သို့သော် သူမ၏ဦးလေးက ဤမျှအထိ ရက်စက်ကာ သူမကို ဖမ်းဆီးခိုင်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
ယခုဆိုလျှင် တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ သူမ၏ မိသားစုစက်ရုံများမှာ တစ်ဖက်လူ၏ လက်အောက်သို့ လုံးဝ ရောက်ရှိလုနီးပါး ဖြစ်နေပြီဟု ဖုန်းလီက တွက်ဆထားသည်။ သူမကိုယ်တိုင်မှာလည်း အနှောင့်အယှက်တစ်ခု ဖြစ်လာသဖြင့် ယနေ့ည ဖြစ်ရပ်များ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“နင်က သနားစရာကောင်းပေမဲ့ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။”
လုပေါင်က လက်ကိုမြှောက်ကာ နှာခေါင်းကိုပွတ်ရင်း မတတ်သာသည့် အမူအရာဖြင့် မေးလိုက်သည်။
ဖုန်းလီသည် မျက်လုံးပြူးကာ လုပေါင်ကို ကြည့်လိုက်သည်။ လုပေါင်က ဤကဲ့သို့ ပြောလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။ လုပေါင်မှာ လုံးဝကို လက်တွေ့ကျကျ တွေးတောနေခြင်း ဖြစ်သည်။ သူတို့မှာ အသိများ ဖြစ်ကြသော်လည်း အကျိုးအမြတ်မရှိသော ကိစ္စတစ်ခုကို သူ အဘယ်ကြောင့် ကူညီရမည်နည်း။
“နင်... နင့်မှာ ငါ့ကို ကူညီနိုင်မယ့် နည်းလမ်း မရှိဘူးလား။”
ဖုန်းလီက သွားကိုတင်းတင်းစေ့ကာ လုပေါင်ကို မော့ကြည့်လိုက်သည်။
လုပေါင်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ဒီကိစ္စက တကယ်ကို ဒုက္ခများပြီး ဘာအကျိုးမှလည်း မရှိဘူး။ ငါ့အထင်တော့ မေ့လိုက်တာ ပိုကောင်းမယ်။ နင် သူတို့ကို ဘယ်လိုမှ အနိုင်မရနိုင်ဘူး။ အဲဒီတော့ သူ့စကားကိုပဲ နားထောင်ပြီး လစဉ်ပေးတဲ့ ပိုက်ဆံနဲ့ပဲ အေးအေးဆေးဆေး နေလိုက်ပါ။”
“ဒီလိုဆိုရင်ရော... နင်သာ ငါ့ကို ကူညီမယ်ဆိုရင် ငါ့ရဲ့ စက်ရုံတွေနဲ့ ဖြန့်ချိရေးလမ်းကြောင်းတွေကို သုံးနှစ်တိုင်တိုင် အခမဲ့ သုံးခွင့်ပေးမယ်။”
ဖုန်းလီသည် လုပေါင်ကို ကြည့်ကာ ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ အလေးအနက် ပြောလိုက်သည်။ စကားပြောပြီးနောက် ဖုန်းလီမှာ လုပေါင် ခေါင်းညိတ်လိမ့်မည်ဟု မျှော်လင့်တကြီး စောင့်နေသော်လည်း လုပေါင်မှာမူ လုံးဝ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။
“ငါးနှစ်”
“ဆယ်နှစ်။”
လုပေါင်မှာ မည်သို့မျှ မလှုပ်ရှားသည်ကို မြင်သောအခါ ဖုန်းလီသည် ကမ်းလှမ်းမှုကို တဖြည်းဖြည်း မြှင့်တင်လာသော်လည်း လုပေါင်မှာ စိတ်ဝင်စားပုံ မပြပေ။
“ထားလိုက်ပါတော့... နင် သွားလို့ ရပါပြီ...”
ဖုန်းလီသည် နောက်ဆုံးတွင် လုံးဝ လက်လျှော့လိုက်ပြီး ခါးသီးစွာ ပြုံးလျက် လုပေါင်၏ အင်္ကျီထောင့်ကို တိတ်တဆိတ် လွှတ်ပေးလိုက်သည်။
သို့သော် သူမ လွှတ်ပေးလိုက်ပြီးနောက် လုပေါင်မှာ ထွက်မသွားဘဲ မေးစေ့ကို ပွတ်ကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ ခဏကြာမှ လုပေါင်သည် ဖုန်းလီကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်။ ကိစ္စတွေ ပြေလည်သွားတဲ့အခါ စက်ရုံရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ငါ့ကိုပေး၊ ဒါဆို ငါ နင့်ကို ကူညီမယ်။”
“၉၀ ရာခိုင်နှုန်းးးး”
ဖုန်းလီ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မယုံနိုင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ သူမ၏ဦးလေးမှာပင် သူမကို ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပေးမည်ဟု ကတိပေးခဲ့သည်။ ဤသည်မှာ ဓားပြတိုက်နေခြင်း မဟုတ်ပါလား။
“ငါက ရှယ်ယာကိုပဲ လိုချင်တာ။ ငါ နင့်ကို တစ်ခါတလေ အော်ဒါတွေ ပေးမယ်။ ငါ့အော်ဒါတွေက ဦးစားပေး ဖြစ်ရမယ်။ စက်ရုံကိုတော့ နင်ပဲ အရင်အတိုင်း စီမံခန့်ခွဲရမယ်။ငါ ဝင်မစွက်ဖက်ဘူး။”
သို့သော် လုပေါင်က သူ၏ သတ်မှတ်ချက်များကို ချက်ချင်း ပြန်လည်ရှင်းပြလိုက်သည်။
ထိုအချိန်တွင် ဖုန်းလီ စိတ်လှုပ်ရှားသွားသည်။ သူမအတွက် ပိုက်ဆံမှာ ဒုတိယဖြစ်သည်။ အဓိကမှာ ဤအရာမှာ သူမဖခင် ချန်ထားခဲ့သော အမွေဖြစ်သဖြင့် သူမကိုယ်တိုင် ကောင်းကောင်း စီမံခန့်ခွဲချင်ခြင်း ဖြစ်သည်။ ယခု လုပေါင်က သူမ၏ ထိန်းချုပ်ခွင့်ကို လုယူရန် ကြိုးစားနေခြင်း မဟုတ်ဘဲ ၉၀ ရာခိုင်နှုန်းသော ရှယ်ယာမှာ အမြတ်ခွဲဝေမှု အတွက်သာ ဖြစ်သည်။
“ကောင်းပြီ။ သဘောတူတယ်။”
ဖုန်းလီက သွားကို တင်းတင်းစေ့ကာ အလေးအနက် ခေါင်းညိတ်လိုက်တော့သည်။
အခန်း ၂၈၆- ပြိုင်ဘက်ကင်းခြင်း၏ အထီးကျန်မှု။
လုပေါင်တွင် ဤသို့လုပ်ဆောင်ရန် ကိုယ်ပိုင်အကြောင်းပြချက်များ ရှိပါသည်။
သူ၏သစ်သီးများကို တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကြော်ငြာပြီးသားဖြစ်ပြီး ရွှေရောင်ကမ်းခြေတွင်လည်း နောက်ပိုင်း၌ အခြားအရာများကိုပါ စိုက်ပျိုးရန် သေချာပေါက် လိုအပ်လာမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းစက်ရုံကို ကြိုတင်သိမ်းပိုက်ထားခြင်းမှာလည်း ပြဿနာမဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူ့ဘက်က ဘာမှရင်းနှီးစရာမလိုဘဲ ရှယ်ယာများကိုပင် ရရှိနိုင်ဦးမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ဖုန်းလီသည် စိတ်အားထက်သန်စွာဖြင့် စက်ရုံကို ပြန်လည်စီမံခန့်ခွဲပေးမည်ဖြစ်ရာ သူ့အနေဖြင့် ဘာမှလုပ်စရာမလိုဘဲ အေးအေးဆေးဆေး လက်ခုပ်တီးနေရုံသာ ဖြစ်သည်။
ယခု ဖုန်းလီက သဘောတူလိုက်ပြီဖြစ်၍ လုပေါင်သည် သူ၏ဖုန်းကို ထုတ်လိုက်သည်။ သူသည် ဤကဲ့သို့သော စီမံခန့်ခွဲမှုကိစ္စများတွင် မကျွမ်းကျင်သော်လည်း ချန်ချုံရှန်း ထံသို့သာ လွှဲပြောင်းပေးလိုက်ပါက သေချာပေါက် ပြဿနာရှိမည်မဟုတ်ပေ။
“ဟယ်လို... အခြေအနေက ဒီလိုဗျ...”
ဖုန်းဝင်သွားသည်နှင့် လုပေါင်သည် သူကြုံတွေ့နေရသော ပြဿနာကို ချက်ချင်းပင် ရှင်းပြလိုက်သည်။
“ဒါက ရိုးရှင်းပါတယ်။ အခုတော့ နောက်ကျနေပြီဆိုတော့ မနက်ဖြန် မနက်စောစောကျရင် အားလုံးပြေလည်သွားစေရမယ်လို့ ကျွန်တော် အာမခံပါတယ်။”
ဖုန်း၏အခြားတစ်ဖက်မှ ချန်ချုံရှန်းသည် မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
သူ၏အဆင့်အတန်းနှင့်ဆိုလျှင် ဤကဲ့သို့သော ပြဿနာကို ဖြေရှင်းရန်မှာ အလွန်ပင် လွယ်ကူလှသည်။ သို့သော်လည်း သူ၏အဆင့်အတန်းနှင့်ပင် လုပေါင်မှာ သူ့ကို ဤကဲ့သို့ အမိန့်ပေးနိုင်သော ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောသူ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သူသည် လုပေါင်ခိုင်းသမျှကို လုပ်ပေးရသော လုပေါင်၏ ကိုယ်ပိုင်အိမ်စေတစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
သို့သော်လည်း ချန်ချုံရှန်းသည် အိပ်ယာဘေး စားပွဲပေါ်တွင် ခွေယောင်အိပ်ပျော်နေသော ကျောက်တုန်းုဘုရင် ကို မော့ကြည့်လိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် တန်ဖိုးရှိလှပေသည်။
“မနက်ဖြန်ကျရင် စက်ရုံက နင့်လက်ထဲ ပြန်ရောက်လာလိမ့်မယ် စိတ်မပူနဲ့တော့။”
ဖုန်းချလိုက်ပြီးနောက် လုပေါင်သည် ဖုန်းလီကို စိတ်ချစေရန် ပြောလိုက်သည်။
“နင်... နင်က ဒါက အရမ်းဒုက္ခများတယ်လို့ ပြောခဲ့တယ် မဟုတ်လား။”
ဖုန်းလီသည် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်ရင်း မေးလိုက်သည်။
သူမ၏မျက်လုံးထဲတွင် ဤကိစ္စမှာ ကျော်ဖြတ်ရန်မဖြစ်နိုင်သော အတားအဆီးကြီးတစ်ခု ဖြစ်သော်လည်း လုပေါင်ကမူ ဖုန်းတစ်ချက်ဆက်ရုံနှင့် မနက်ဖြန်တွင် ပြေလည်သွားမည်ဟု အာမခံရဲသည်လား။ အဓိကမှာ ဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့်ပင် သူမထံမှ ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ယူလိုက်ခြင်းဖြစ်သည်။ ခဏမျှတော့ ဖုန်းလီတစ်ယောက် သူမကိုယ်သူမ ဓားပြတိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်...။
“သွားကြစို့ သွားကြစို့။ ငါ နင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်။”
လုပေါင်သည် စိတ်ပေါ့ပါးစွာဖြင့် ဖုန်းလီတို့ စီးလာသောကားကို မောင်းနှင်ကာ ဖုန်းလီ၏အိမ်သို့ ဦးတည်ထွက်ခွာခဲ့သည်။
လမ်းတွင် ဖုန်းလီသည် ဘေးခုံမှ ထိုင်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်မှ ညမြင်ကွင်းကို ကြည့်နေကာ သူမ၏ မျက်လုံးများမှာ အရောင်တောက်နေသည်။ သူမ အိမ်မက်မက်နေသလို ခံစားနေရသည်။ လွန်ခဲ့သော မိနစ်ပိုင်းကပင် သူမ သေလုနီးပါးဖြစ်ခဲ့ရသော်လည်း အကြောင်းပြချက်မရှိဘဲ လုပေါင်က ဘယ်ကနေမှန်းမသိ ပေါ်လာပြီး သူမကို ကယ်တင်ခဲ့သည်။ ထို့နောက် သူမသည် သေခါနီးမြင်းကို အရှင်ပြန်ဖြစ်အောင် ကုသသကဲ့သို့ လုပေါင်ကို သူမ၏ နောက်ဆုံးမျှော်လင့်ချက်အဖြစ် တောင်းဆိုခဲ့သည်။ ရလဒ်မှာ လုပေါင်က ဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် အရာအားလုံးကို ဖြေရှင်းလိုက်ပုံရသည်။
“နင် ဘယ်တုန်းက ဒီလောက်အထိ အစွမ်းထက်သွားတာလဲ။”
သူမ ခေါင်းလှည့်ကာ ကားမောင်းနေသော လုပေါင်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါက အမြဲတမ်း ဒီလောက်အစွမ်းထက်တာပါ နင်ပဲ အရင်က သတိမထားမိခဲ့တာ။”
လုပေါင်က ပြုံးလျက် ပြန်ဖြေပြီး အများကြီး ရှင်းပြရန် ဆန္ဒမရှိပေ။ ဖုန်းလီသည် ခေတ္တမျှ ငြိမ်သွားပြီးမှ ခေါင်းညိတ်ကာ ခုံကို မှီလိုက်သည်။
လုပေါင်က ဖုန်းတစ်ချက်နှင့် အရာအားလုံးကို အမှန်တကယ် ဖြေရှင်းနိုင်မည်ဟု သူမ လုံးဝမယုံကြည်သော်လည်း သူမတွင် ယခု ဘာမှမကျန်တော့ပေ။ မနက်ရောက်လျှင် အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။ သူမ၏ စိတ်များမှာ အလွန်အမင်း တင်းမာနေခဲ့သော်လည်း ယခု လုံးဝစိတ်လျှော့လိုက်သောအခါ လုပေါင်ကို သူမ၏အိမ်လိပ်စာ ပြောပြပြီးနောက် ကားပေါ်မှာပင် ချက်ချင်း အိပ်ပျော်သွားတော့သည်။
လုပေါင်နှင့် ဖုန်းလီတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် သတိလစ်နေသော လူနှစ်ယောက်ထဲမှ တစ်ဦးမှာ ဖုန်းမြည်သံကြောင့် မူးဝေစွာ နိုးလာသည်။ သူတို့မှာ သာမန်လူများသာ ဖြစ်သဖြင့် လုပေါင်က ၎င်းတို့ကို သေအောင် မလုပ်ခဲ့ပေ။ နိုးလာသောအခါ သူသည် ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီးမှ ဘာဖြစ်ခဲ့သည်ကို ရုတ်တရက် သတိရကာ ဖုန်းကို အမြန်ထုတ်လိုက်သည်။
“ကိစ္စပြတ်သွားပြီ မဟုတ်လား။ကောင်းကောင်းပုန်းနေကြ။ ငါ ပိုက်ဆံကို မကြာခင် လွှဲပေးလိုက်မယ်။”
ဖုန်းဝင်သွားသည်နှင့် တစ်ဖက်မှ ပြုံးရွှင်သောအသံ ထွက်ပေါ်လာသည်။
“မ... မဟုတ်ဘူး ဘာမှမလုပ်ရသေးဘူး။ ခုနက ပျံသန်းနိုင်တဲ့ အရာတစ်ခုက အဲဒီလူကို ကယ်သွားတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်လုံး သတိလစ်သွားတာ။”
ထိုစကားကို ကြားသောအခါ ဖုန်းထဲမှလူသည် ခေတ္တတိတ်သွားပြီးမှ ရုတ်တရက် သတိဝင်လာကာ ဒေါသတကြီး အော်ဟစ်တော့သည်။
“ပျံသန်းနိုင်တဲ့အရာ ဟုတ်လား။ ဘာတွေ လာပေါက်ကရ ပြောနေတာလဲ။ မင်းတို့နှစ်ယောက် အခုချက်ချင်း ပြန်လာခဲ့ကြစမ်း။”
ထိုလူသည် အမြန်ပြန်ဖြေကာ ဖုန်းချလိုက်သည်။ သို့သော်လည်း ထိုအချိန်မှပင် ကားပါ ပျောက်ဆုံးနေသည်ကို သူ သတိထားမိတော့သည်။ ဤနေရာမှ မြို့ထဲသို့ရောက်ရန် ၁၀ ကီလိုမီတာခန့် လိုသေးသည်...။
လုပေါင်သည် ဖုန်းလီကို သူမ၏ အိမ်ရာဝင်းသို့ ပို့ဆောင်ပေးခဲ့သည်။ သူမ၏အိမ်မှာ လုပေါင်တို့အိမ်နှင့် မဝေးဘဲ လမ်းတစ်ဖက်မှာပင် ရှိသည်။ ဖုန်းလီ၏ မိသားစုနောက်ခံမှာ တော်တော်လေး ကောင်းမွန်ပြီး ကြီးမားသော ဗီလာအိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုအိမ်ကြီးမှာ လူမလာသည်မှာ ကြာပြီဖြစ်ပုံရကာ ခြောက်ကပ်နေသည်။
အိမ်ရှေ့တွင် ကားရပ်လိုက်ပြီးနောက် လုပေါင်သည် ဖုန်းလီကို နှိုးလိုက်သည်။ မူးဝေနေသော ဖုန်းလီကို သူမ၏အခန်းထဲအထိ လိုက်ပို့ပေးပြီးနောက် လုပေါင်မှာ ထွက်မသွားဘဲ ဧည့်ခန်းထဲတွင် တိုက်ရိုက် ထိုင်နေလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် တင်းလင် ကဲ့သို့ပင် သူ၏စက်ရုံကို စီမံခန့်ခွဲပေးမည့်သူ ဖြစ်လာမည်ဖြစ်သည်။ သူမကို တစ်စုံတစ်ခု ထပ်မံဖြစ်ပွားရန် သူခွင့်မပြုနိုင်ပေ။ တစ်ညတည်းသာ ဖြစ်သဖြင့် လုပေါင်သည် ဧည့်ခန်းထဲတွင်ပင် စောင့်နေပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယခု သူ၌ ချီလမ်းညွှန်ပညာ ရှိနေပြီဖြစ်ရာ မအိပ်ဘဲ နေရန်မှာ လုပေါင်အတွက် မခက်ခဲပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး မိုးသောက်ချိန်သို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ တစ်နေ့တာတွင် အမှောင်ဆုံး အချိန်ပင် ဖြစ်သည်။ ကျင့်ကြံနေသော လုပေါင်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး မျက်လုံးထဲတွင် အပြုံးအရိပ်အယောင်များ ရှိနေသည်။ ဗီလာခြံဝင်း အပြင်ဘက်တွင် တိုးညှင်းသော အသံတစ်ခု ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က နံရံကို ကျော်တက်နေခြင်း ဖြစ်သည်။
မကြာမီ ထိုလူများသည် အိမ်ရှေ့တံခါးဝသို့ ရောက်ရှိလာကြသည်။ သူတို့တွင် တူညီသောသော့များ ရှိပုံရပြီး တံခါးကို ညင်သာစွာ ဖွင့်ကာ အခန်းထဲသို့ အုပ်စုလိုက် ဝင်လာကြသည်။
“ဒိုင်း”
သို့သော် သူတို့ တံခါးဖွင့်ဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့ မပိတ်ရသေးသော တံခါးမှာ ရုတ်တရက် ဝုန်းခနဲ ပိတ်သွားတော့သည်။ ထို့နောက် ချက်ချင်းပင် ဧည့်ခန်းမီးများ ပွင့်လာသည်။
“လူကြီးမင်းတို့... တစ်ယောက်ယောက်ကို ရှာနေတာလား။”
လုပေါင်သည် တံခါးကို မှီရပ်ရင်း ခိုးဝင်လာသောသူများကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
ထိုလူတိုင်းမှာ ကြွက်သားအမြောင်းမြောင်းနှင့် တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝပုံရသော လူမိုက်များ ဖြစ်ကြသည်။ အလယ်တွင်မူ ဖုန်းလီနှင့် ၃၀ ရာခိုင်နှုန်းခန့် တူညီသော လူတစ်ယောက် ရှိနေသည်။ ထိုသူမှာ ဖုန်းလီ၏ ဦးလေး ဖြစ်ပေလိမ့်မည်။
“ဘာရပ်ကြည့်နေတာလဲ။ သူ့ကို ဖမ်းစမ်း။”
ထိုလူသည် ခေတ္တကြောင်သွားပြီးမှ အော်ဟစ်ခိုင်းစေလိုက်သည်။ လူမိုက်များမှာ ခေါင်းညိတ်ကာ လုပေါင်ထံသို့ ပြေးဝင်သွားကြသည်။ သို့သော် ထိုလူများ တိုက်ခိုက်လာသည်ကို ကြည့်ရင်း လုပေါင်မှာ မလှုပ်မယှက်ဘဲ ပြုံးလျက်သာ ရပ်နေသည်။
“ခွပ်”
အနီးဆုံးလူက လုပေါင်၏မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည့် တစ်ခဏမှာပင် ရွှေရောင်အလင်းတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဘာဖြစ်တာလဲ။ မနက်စာ မစားလာကြဘူးလား။ လူတစ်ယောက်ကို ထိုးဖို့တောင် အားမရှိကြဘူးလား။”
လုပေါင်သည် နှာခေါင်းကိုပွတ်ရင်း ရွှေရောင်အလင်း ဂါထာတော်၏ တုံ့ပြန်မှုကြောင့် ဒဏ်ရာရကာ မြေပြင်ပေါ်တွင် လူးလှိမ့်ငိုယိုနေသော လူမိုက်များကို ကြည့်ကာ ပြုံးလိုက်သည်။
“မင်း... မင်း... မင်းက...”
ဖုန်းလီ၏ဦးလေးမှာ ခြေထောက်များ ပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ လုပေါင်၏ ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းမှာ ကွယ်ပျောက်မသွားသေးဘဲ ပြင်းထန်သော ဖိအားကြောင့် သူသည် စကားတစ်ခွန်းကိုပင် ပြည့်စုံအောင် မပြောနိုင်တော့ပေ။
လုပေါင်က ခေါင်းခါလိုက်သည်။ခန္ဓာကိုယ်အကာအကွယ် ရှိနေသဖြင့် ယခု သူ့အတွက် ဒဏ်ရာရရန်မှာ အလွန်ပင် ခက်ခဲသော အလုပ်တစ်ခု ဖြစ်နေပေတော့သည်။