အခန်း (၂၈၇-၂၈၈)
Vol. 29 Ch. 287-288
အခန်း ၂၈၇- ခွန်အားနှင့် အဆင့်အတန်း။
သူမ၏အခန်းထဲတွင် နားနေသော ဖုန်းလီသည် ရုတ်ရုတ်သဲသဲ အသံများကို ကြားရသဖြင့် ထိတ်လန့်တကြား ပြေးထွက်လာခဲ့သည်။ သို့သော် လုပေါင်၏ ဘေးပတ်လည်တွင် ငိုယိုညည်းညူရင်း လဲကျနေသည့် သန်မာသော လူကြီးများကို မြင်လိုက်ရသောအခါ သူမ မှင်သက်သွားရသည်။
သူမ၏ဦးလေးမှာ တုံ့ပြန်မှု အလွန်ပင် လျင်မြန်လှသည်။ သူသည် နောက်သို့ ဆုတ်လိုက်ပြီး ဖုန်းလီ၏ လည်ပင်းကို ဖမ်းချုပ်ကာ လုပေါင်ကို ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း... ရှေ့ကို ထပ်မတိုးနဲ့ မဟုတ်ရင် ငါ ဒီကောင်မလေးကို သတ်ပစ်မယ်။”
သူသည် သွားကို တင်းတင်းစေ့ကာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေးဖြင့် လုပေါင်ကို အော်ဟစ်လိုက်သည်။
ဖုန်းလီမှာ ဘေးအန္တရာယ်မှ လွတ်မြောက်လာပြီးကာစ အိပ်ရာမှ နိုးလာကာစ ဖြစ်သဖြင့် ခုခံနိုင်စွမ်း မရှိပေ။ သူမသည် အသက်မရှူမွန်းကျပ်စေရန် သူမ၏လည်ပင်းကို အသာအယာ မော့ထားရုံသာ တတ်နိုင်ရှာသည်။
“ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုအခြေအနေမျိုး ရောက်အောင် လုပ်နေတာလဲ။ ဒီလိုလုပ်တာ မကောင်းပါဘူး။”
လုပေါင်က မတတ်သာသလို ပြောလိုက်သည်။ သူ၏လက်တစ်ဖက်မှာ နောက်ကျောတွင် ရှိနေပြီး လက်ချောင်းထိပ်များတွင် ရွှေရောင် လျှပ်စီးဂါထာ များမှာ လျှပ်ခနဲ လက်နေပြီဖြစ်သည်။
“ဒါတွေ ငါ့ကို လာမပြောနဲ့။ အခု ဒီကောင်မလေးမှာ တစ်ပြားမှ မရှိတော့ဘူး။ ဒီအိမ်ကလည်း ငါ့နာမည်နဲ့ ဖြစ်သွားပြီ။ သူ့ကို ကူညီလို့ မင်းအတွက် ဘာမှ အကျိုးအမြတ် ရမှာမဟုတ်ဘူး။”
လုပေါင်က ရှေ့မတိုးရဲဘဲ တုံ့ဆိုင်းနေသည်ဟု ထင်မှတ်ကာ ဖုန်းလီ၏ဦးလေး မျက်နှာတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
“မင်း အခုထိ အခြေအနေကို နားမလည်သေးဘူး ထင်တယ်။”
လုပေါင်က မျက်လုံးကို မှေးလိုက်သည်။ သူသည် တစ်ဖက်လူ၏ အစိတ်အပိုင်းကို ပစ်မှတ်ထားပြီးသား ဖြစ်သည်။ ဤလျှပ်စီးဂါထာကိုသာ ထုတ်လွှတ်လိုက်ပါက သာမန်လူတစ်ဦးအနေဖြင့် သူသည် ချက်ချင်း ထုံကျင်သွားပြီး မည်သည့် လှုပ်ရှားမှုမျှ ထပ်မံလုပ်နိုင်တော့မည် မဟုတ်ပေ။
“မင်းက တိုက်ခိုက်တာ တော်တယ်ပေါ့လေ။တိုက်ခိုက်တာ တော်တော့ ဘာဖြစ်လဲ။ပိုက်ဆံကမှ အရေးကြီးတာ။ မင်းသာ ငါ့အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ငါ အာမခံပါတယ်...”
သူသည် ခက်ထန်သော မျက်နှာဖြင့် လုပေါင်ကို စည်းရုံးရန် ကြိုးစားနေသည်။ သို့သော် သူ၏စကားမှာ တစ်ဝက်ပင် မကျသေးမီ လုပေါင်၏နောက်ကွယ်တွင် ရွှေရောင်အလင်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။ ထို့နောက် ချက်ချင်းပင် ရွှေရောင်လျှပ်စီးတစ်ခုမှာ သူ၏ကိုယ်ထည်ဆီသို့ လျှပ်တစ်ပြက်အတွင်း ကျရောက်သွားတော့သည်။
စကားပင် မဆုံးလိုက်ဘဲ သူ၏ခန္ဓာကိုယ်မှာ တုန်တက်သွားပြီး မြေပြင်ပေါ်သို့ လဲကျကာ ပါးစပ်မှ အမြှုပ်များ ထွက်လာတော့သည်။ လုပေါင်က ခေါင်းခါလိုက်ပြီး မှင်သက်နေသော ဖုန်းလီထံသို့ လျှောက်သွားလိုက်သည်။
“ဒါ... ဒါ ခုနက အလင်းက ဘာကြီးလဲ။”
ဖုန်းလီက ပါးစပ်အဟောင်းသားဖြင့် လုပေါင်ကို မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး နင် ကောင်းကောင်း အနားမယူရသေးလို့ မျက်စိမှားတာပါ။ ပြန်သွားအိပ်လိုက်တော့ ဒီကိစ္စကို ငါ ရှင်းလိုက်မယ်။”
လုပေါင်က အနည်းငယ် ချောင်းဟန့်လိုက်ပြီး အများကြီး ရှင်းမပြဘဲ နေလိုက်သည်။
ဖုန်းလီက မျက်တောင်ခတ်ရင်း လုပေါင် တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားမိသည်။ သို့သော် ဤအခိုက်အတန့်တွင် လုပေါင်၏ အံ့ဖွယ်စွမ်းဆောင်မှုများကြောင့် သူမသည် လုပေါင်အပေါ် ဖော်မပြနိုင်သော ယုံကြည်မှုမျိုး ရှိသွားပြီဖြစ်သည်။ လုပေါင်က မပြောပြချင်သဖြင့် သူမလည်း ထပ်မမေးတော့ဘဲ ခေါင်းညိတ်ကာ သူမ၏အခန်းထဲသို့ မူးဝေစွာဖြင့် ပြန်ဝင်သွားတော့သည်။
လုပေါင်သည် အခန်းတွင်းကို စတင်ရှာဖွေတော့သည်။ ဖုန်းလီ၏ဦးလေးနှင့် အပေါင်းအပါများ ပြန်နိုးလာချိန်တွင် မနက်မိုးလင်းနေပြီဖြစ်သည်။
“ဒါ ဘာအနံ့ကြီးလဲ။”
ဖုန်းလီ၏ဦးလေးက ဇဝေဇဝါဖြင့် ရေရွတ်ကာ မျက်လုံးဖွင့်လိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ သူနှင့် သူ၏အဖော်များမှာ စုတ်ပြဲနေသော အိပ်ရာခင်းများဖြင့် အိမ်သာခွက်တွင် ချည်နှောင်ခံထားရသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။ ထို့ပြင် အိမ်သာမှာ ပျက်နေပုံရပြီး အနံ့အသက်ဆိုးများမှာ တောက်လျှောက် လျှံထွက်နေသည်။
“အော်... နိုးလာကြပြီလား။”
ထိုစဉ် လုပေါင်သည် ရေချိုးခန်းတံခါးဝတွင် ပြုံးလျက် ပေါ်လာပြီး ၎င်းတို့ကို နှုတ်ဆက်လိုက်သည်။ လူမိုက်များ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လုပေါင်မှာ အစွမ်းထက်မှန်း သိသော်လည်း ၎င်းတို့မှာ သူ့ကို ပြန်လည်တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒ ရှိနေသေးသည်။
“ကောင်လေး... မင်းမှာ သတ္တိရှိရင် ငါ့ကို သတ်ပစ်လိုက်။ မဟုတ်ရင် ငါ ဒီကနေ ထွက်သွားတာနဲ့ မင်းနဲ့ ငါနဲ့ မပြီးသေးဘူး။”
ဖုန်းလီ၏ဦးလေးသည် မျက်လုံးများ နီမြန်းကာ လုပေါင်ကို ဟိန်းဟောက်လိုက်သည်။
သို့သော် လုပေါင်က လက်ဝှေ့ယမ်းကာ နောင်တရသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ရည်မှန်းချက် ကောင်းတာပဲ ဒါပေမဲ့ မင်းမှာ အခွင့်အရေး ရှိလိမ့်မယ်လို့ ငါမထင်ဘူး။”
စကားပြောရင်း လုပေါင်သည် သူ၏အိတ်ကပ်ထဲမှ စာရွက်အချို့ကို ထုတ်လိုက်သည်။
“ဖုန်းဟွေး... သူ့နာမည်နဲ့ရှိတဲ့ စက်ရုံတွေနဲ့ အိမ်ရာမြေကွက်တွေ အားလုံးဟာ တရားမဝင် သိမ်းပိုက်ထားတာ ဖြစ်ကြောင်း တွေ့ရှိရလို့ အခု သိမ်းဆည်းပြီး မူလပိုင်ရှင် ဖုန်းလီထံ ပြန်လည် ပေးအပ်လိုက်ပြီ။”
လုပေါင်သည် စာရွက်များကို မြေပြင်ပေါ်သို့ ပစ်ချရင်း ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။
ဖုန်းဟွေး၏ မျက်လုံးများမှာ ထိုအခိုက်တွင် ပြူးကျယ်သွားပြီး မယုံနိုင်သော အမူအရာဖြင့် ပြည့်နှက်သွားသည်။
“လူကြီးမင်းတို့... ဒီလူတွေကို ခင်ဗျားတို့ပဲ တာဝန်ယူလိုက်ပါတော့။”
တစ်ဖက်လူ၏ မျက်နှာတွင် ယခင်နှင့်မတူသော ထိတ်လန့်မှုများကို မြင်လိုက်ရသဖြင့် လုပေါင်သည် ပုခုံးတွန့်ကာ လှည့်ထွက်လာခဲ့သည်။
လုပေါင် စကားဆုံးသည်နှင့် ရဲအရာရှိအချို့မှာ နှာခေါင်းရှုံ့ကာ အနံ့ဆိုးကို အောင့်ခံရင်း ဝင်လာကြသည်။ သူတို့သည် ထိုလူများကို အိမ်သာမှ ဖြုတ်ချကာ လက်ထိတ်ခတ်၍ အပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။
“ရဲဘော်တို့... ဒီလူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်နော်။ ဒီလောက်လူအများကြီး အိမ်ထဲကို အတင်းဝင်လာတာ ကျွန်တော်တောင် သေမလောက် လန့်သွားတာပဲ။”
တံခါးဝတွင် ထိုလူအုပ်စုကို ခေါ်ထုတ်သွားသည်ကို မြင်သောအခါ လုပေါင်က ကြောက်ရွံ့နေသည့် အမူအရာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
လုပေါင်၏ စကားကို ကြားသောအခါ ဖုန်းဟွေးနှင့် အခြားသူများ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။
‘မင်းက ကြောက်တယ် ဟုတ်လား။ မင်းပဲ ငါတို့ကို တိုက်ဖို့ အားမရှိဘူးလို့ လှောင်ခဲ့တာ မဟုတ်လား။’
ရဲအရာရှိများလည်း ခါးသီးစွာ ပြုံးလျက် ခေါင်းညိတ်လိုက်ကြသည်။ ဤလူများ၏ အခြေအနေကို ကြည့်ရုံနှင့် လုပေါင်ဆီမှ ဘာအကျိုးအမြတ်မှ ရခဲ့ပုံမရကြောင်း သူတို့ သိသည်။ မကြာမီ ထိုလူများကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားကြသည်။ ချန်ချုံရှန်း၏ ဖိအားပေးမှုနှင့်ဆိုလျှင် ဤလူများမှာ သူတို့၏ တစ်သက်တာတွင် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ချန်ချုံရှန်းသည် ဧည့်ခန်း ဆိုဖာပေါ်တွင် ထိုင်နေသည်။ ဖုန်းလီကမူ စက်ရုံသို့ တာဝန်များ လွှဲပြောင်းယူရန် သွားနှင့်ပြီဖြစ်သည်။ ဤအတွေ့အကြုံကြောင့် သူမ၏ စိတ်ဓာတ်မှာ ယခင်ကဲ့သို့ ဝေခွဲမရ ဖြစ်နေတော့မည် မဟုတ်ပေ။ အနည်းဆုံးတော့ ဖုန်းဟွေး စီစဉ်ထားသော သူများကို သူမ အားလုံး အလုပ်ထုတ်ပစ်ပေလိမ့်မည်။
“မစ္စတာလု။”
လုပေါင် ထွက်လာသည်ကို မြင်သောအခါ ချန်ချုံရှန်းက မတ်တတ်ရပ်၍ နှုတ်ဆက်လိုက်သည်။
လုပေါင် ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဒီတစ်ခါ ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
ချန်ချုံရှန်းသည် ပြုံး၍ ခေါင်းခါလိုက်ပြီးနောက် လုပေါင်အား တိုးတိုးလေး ပြောသည်။
“ဒီလိုကိစ္စမျိုးတွေမှာ ကျွန်တော် ခင်ဗျားကို ဒီတစ်ခါပဲ ကူညီပေးနိုင်လိမ့်မယ် ထင်တယ်။”
အထူးစစ်ဆင်ရေးအဖွဲ့ မှာ အထူးတာဝန်များ ရှိကြပြီး လွန်ခဲ့သော ရက်များအတွင်း လုပေါင်၏ ကိစ္စများကို ကူညီပေးနေရခြင်းနှင့် လုံခြုံရေး ပေးခြင်းမှသည် ယခုကဲ့သို့သော အရပ်ဘက် အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်းအထိမှာ အဆင့်အတန်း နိမ့်ကျနေသလို ခံစားရသည်။ ချန်ချုံရှန်းက မကူညီချင်၍ မဟုတ်ဘဲ ဤကဲ့သို့သော အလုပ်များ အလွန်အကျွံ လုပ်ပေးခြင်းကြောင့် အထက်လူကြီးများထံမှ သတိပေးချက်အချို့ ရရှိထားသောကြောင့် ဖြစ်သည်။
ချန်ချုံရှန်း ဤသို့ပြောသည်ကို ကြားသည်နှင့် လုပေါင်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ သူသည် နောင်တွင် ချန်ချုံရှန်း၏ အကူအညီကို အများကြီး မျှော်လင့်ထားခြင်း ဖြစ်သည်။ ယခုဆိုလျှင် သူသည် အားကိုးရာတစ်ခုကို အလကား ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
သို့သော် ထိုစဉ် ချန်ချုံရှန်းက လုပေါင်ကို မျက်စိတစ်ချက် မှိတ်ပြကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဒါက အဓိကအားဖြင့် အဆင့်အတန်း ကိစ္စကြောင့်ပါ။ အကယ်၍ ခင်ဗျားသာ ဂုဏ်ထူးဆောင် ဆရာကြီး တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားကို ကျွန်တော်တို့ ကူညီပေးတာက လုံးဝ ကျိုးကြောင်းဆီလျော်မှု ရှိသွားပါလိမ့်မယ်။”
“ဂုဏ်ထူးဆောင် ဆရာကြီး။ကျွန်တော်က ဂုဏ်ထူးဆောင် ဆရာကြီး မဟုတ်သေးဘူးလား။”
လုပေါင်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ နောက်နေတာလား။သူ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် ဂုဏ်ထူးဆောင် ဆရာကြီး နှစ်ယောက်၊ သုံးယောက်ကိုပင် အေးဆေး ကိုင်တွယ်နိုင်သည်မှာ ပြဿနာ မဟုတ်ပေ။ ဤမျှအထိ အစွမ်းထက်နေခြင်းကပင် ဂုဏ်ထူးဆောင် ဆရာကြီး အဆင့်သို့ မရောက်သေးဘူးလား။
“ခွန်အားက ခွန်အားပါ၊ အဆင့်အတန်းက အဆင့်အတန်းပါ။ နှစ်ခုက ကွဲပြားပါသေးတယ်။”
ချန်ချုံရှန်းက မတတ်သာသည့် အပြုံးဖြင့် အလေးအနက် သတိပေးလိုက်သည်။ သူ့ရှေ့မှ လူငယ်ဆရာကြီးမှာ ဤရှုပ်ထွေးသော ကိစ္စရပ်များကို မသိသေးပုံရသည်။
“အာ... ဒါဆို အဲဒီ အဆင့်အတန်းဆိုတာ... ဘယ်လိုမျိုးလဲဗျ။”
လုပေါင်က စူးစမ်းလိုစိတ်ဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည်။ ယခင်က သူ့ကို ဤအကြောင်း ဘယ်သူမှ မပြောပြဖူးခဲ့ပေ။
အခန်း ၂၈၈- ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲ။
ချန်ချုံရှန်းသည် အသက်တစ်ချက်ပြင်းပြင်းရှူလိုက်ပြီး အလေးအနက် စတင်ပြောကြားတော့သည်။ အမှန်စင်စစ် ဂုဏ်ထူးဆောင်ဆရာ တစ်ဦး၏ တည်ရှိမှုသည် ဤကမ္ဘာလောကအပေါ် သြဇာသက်ရောက်မှု အလွန်ကြီးမားလှသည်။
ထို့ကြောင့်ပင် ရှန်ကျင်း မြို့တွင် အမျိုးသားကိုယ်ခံပညာခန်းမဟူ၍ ရှိနေခြင်းဖြစ်သည်။ လုပေါင် အရင်က နားလည်ထားသကဲ့သို့ပင် ဤအမျိုးသားကိုယ်ခံပညာခန်းမ၏ ရည်ရွယ်ချက်မှာ ဤဂုဏ်ထူးဆောင်ဆရာကြီးများကို စီမံခန့်ခွဲရန် ဖြစ်သည်။ ၎င်းသည် အတင်းအဓမ္မ ချုပ်ကိုင်နိုင်စွမ်း မရှိသယောင် ထင်ရသော်လည်း။
အကယ်၍ ဤဆရာကြီးများသည် လုပေါင် ယနေ့ကြုံတွေ့ခဲ့ရသည့်အတိုင်း ကိစ္စရပ်မျိုးနှင့် ကြုံလာပါက သူတို့ကိုယ်တိုင် အကူအညီတောင်းခံရန်ပင် မလိုပေ။ အထူးကျွမ်းကျင်သူများက သဘာဝအတိုင်း ရှေ့ထွက်လာပြီး ပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂုဏ်ထူးဆောင်ဆရာကြီးများသာ တိုက်ခိုက်ကြမည်ဆိုလျှင် လူတစ်ယောက် နှစ်ယောက် သေရုံနှင့် ပြီးဆုံးသွားမည့်ကိစ္စ မဟုတ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဂုဏ်ထူးဆောင်ဆရာကြီးများ၏ တောင်းဆိုချက်အမျိုးမျိုးမှာ အလွန်အကျွံ မဖြစ်သရွေ့ အခြေခံအားဖြင့် ဖြည့်ဆည်းပေးကြစမြဲဖြစ်သည်။ သို့သော် ဤကဲ့သို့ ရက်ရောသော အခြေအနေများကြောင့်ပင် လူအများက ဆရာကြီးအတု လုပ်မည်ကို ကာကွယ်ရန်အတွက် ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲ ကို ကျော်ဖြတ်ပြီးမှသာ ထိုအဆင့်အတန်းကို ရရှိမည်ဖြစ်သည်။
စမ်းသပ်ပွဲ၏ အကြောင်းအရာမှာ ရိုးရှင်းပါသည်။ရှန်ကျင်း အမျိုးသားကိုယ်ခံပညာခန်းမသို့ သွားရောက်ပြီး ရောက်ရှိလာမည့် ဂုဏ်ထူးဆောင်ဆရာကြီးများ၏ စမ်းသပ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။ အကယ်၍ အောင်မြင်ပါက ဆရာကြီးအဆင့်အတန်းကို ရရှိမည်ဖြစ်သည်။ ဤဆရာကြီးများမှာ တစ်ဦးနှင့်တစ်ဦး မတူညီသော စရိုက်ထူးများ ရှိကြသဖြင့် သူတို့ကြားတွင် ပေါင်းကြံထားမည်ကိုလည်း စိုးရိမ်စရာမလိုပေ။
“ဒုက္ခများလိုက်တာ...”
ချန်ချုံရှန်း၏ စကားကို နားထောင်ရင်း လုပေါင်က မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားလိုက်သည်။ လုပ်ငန်းစဉ်မှာ အနည်းငယ် ရှုပ်ထွေးပုံရသော်လည်း ရရှိမည့် အကျိုးကျေးဇူးအမျိုးမျိုးမှာ တော်တော်လေး ကောင်းမွန်ပုံရသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏လက်ရှိအခြေအနေနှင့်ဆိုလျှင် ငြိမ်ငြိမ်ရပ်နေလျှင်ပင် ဘယ်သူမှ သူ့ကို အန္တရာယ်မပြုနိုင်ပေ။ ထို့ကြောင့် ဤစမ်းသပ်ပွဲကို ဝင်ရောက်ခြင်းမှာ သူ့အတွက် အခက်အခဲရှိပုံမရပေ။
ထိုသို့တွေးရင်း လုပေါင်က ဆက်မေးလိုက်သည်။
“ဒါဆို အဲဒီစမ်းသပ်ပွဲကို ကျွန်တော် ဘယ်လို ပါဝင်ရမလဲ။”
“ဂုဏ်ထူးဆောင်ဆရာကြီး တစ်ယောက်ရဲ့ ထောက်ခံချက်ပဲ လိုပါတယ်။ ဒါက ခင်ဗျားအတွက် မခက်ခဲဘူး မဟုတ်လား။”
ချန်ချုံရှန်းက လုပေါင်ကို ပြုံးလျက် ပြောလိုက်သည်။ သူ၏ အထူးစစ်ဆင်ရေးအဖွဲ့၏ သတင်းကွန်ရက်အရ လုပေါင်သည် ယခုအခါ နဂါးကျားတောင်၏ နတ်ဆရာကြီး တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်ကို သူသိပြီးသားဖြစ်သည်။ ထို့ကြောင့် ထောက်ခံချက်ပေးမည့် ဆရာကြီးတစ်ဦးကို ရှာရန်မှာ သဘာဝအတိုင်း ပြဿနာမရှိပေ။
“ရပါတယ် သတိပေးတဲ့အတွက် ကျေးဇူးပဲ။”
လုပေါင်က ပြန်ဖြေပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကိစ္စတွေ ပြေလည်သွားပြီဆိုတော့ ကျွန်တော် ပြန်ပါရစေဦး။ ဂုဏ်ထူးဆောင်ဆရာကြီး အဆင့်အတန်း ရတော့မှာမို့ ကြိုတင်ပြီး ဂုဏ်ပြုပါတယ်ဗျာ။”
ချန်ချုံရှန်းသည် လုပေါင်အား လက်အုပ်ချီ နှုတ်ဆက်ကာ ပြုံးလျက် ထွက်ခွာသွားတော့သည်။
ချန်ချုံရှန်း ထွက်သွားပြီးနောက် လုပေါင်သည် သူ၏ဖုန်းကို ထုတ်ကာ နဂါးကျားတောင်သို့ ဖုန်းခေါ်လိုက်သည်။
“ဟယ်လို... ဘယ်သူလဲဗျ။”
ဖုန်းဝင်သွားသည်နှင့် တာအိုဘုန်းကြီးတစ်ပါး၏ အသံ ထွက်ပေါ်လာသည်။
“ငါပါ နတ်ဆရာကြီးဘယ်မှာလဲ။သူ့ကို ဖုန်းကိုင်ခိုင်းလိုက်ဦး။”
လုပေါင်က ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“အာ... ဂါရဝပြုပါတယ် နတ်ဆရာလေး ခဏလောက် စောင့်ပေးပါဦး။”
ထိုစကားကို ကြားသည်နှင့် ဖုန်း၏အခြားတစ်ဖက်မှ အနည်းငယ် ထိတ်လန့်သွားသံကို ကြားလိုက်ရသည်။
မကြာမီမှာပင် နတ်ဆရာကြီးဖုန်းလာကိုင်ပြီး လုပေါင်က သူသည် ဆရာကြီးစမ်းသပ်ပွဲတွင် ပါဝင်ချင်ကြောင်း ရှင်းပြလိုက်သည်။
“ကျွန်တော် မေးပါရစေဦး ဆရာကြီး ဒီကိစ္စမှာ ထောင်ချောက်တွေ ဘာတွေ မရှိဘူး မဟုတ်လား။”
လုပေါင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ အခွင့်အရေးရှိလျှင် တာဝန်လည်း ရှိမည်ကို သူကောင်းကောင်း သိသည်။ အကယ်၍ နောင်တွင် သူ့ကို ကျွန်ကဲ့သို့ ခိုင်းစေမည်ဆိုလျှင် သူလုပ်မည် မဟုတ်ပေ။
“အဟမ်း... မင်းနဲ့ ငါနဲ့က နတ်ဆရာ အဆင့်တူတွေ ဆိုပေမဲ့လည်း...”
ဆရာကြီးအိုကြီးက တစ်စုံတစ်ခုကို အရိပ်အမြွက်ပြသကဲ့သို့ အနည်းငယ် ချောင်းဟန့်လိုက်သည်။ နတ်ဆရာကြီးကစကားဆုံးသည်နှင့် ဖုန်းထဲမှ လူအချို့ တိုးတိုးလေး ရယ်မောသံများကို ကြားလိုက်ရသည်။
လုပေါင် ချက်ချင်း သတိထားမိသွားသည်။ တာအိုဘုန်းကြီးလေးများမှာ ဖုန်းကို ခိုးနားထောင်နေကြခြင်း ဖြစ်သည်။
“အော်... အပြင်လူတွေ ရှိနေရင်တော့ ကျွန်တော် ခင်ဗျားကို ရိုရိုသေသေ ဆက်ဆံပေးပါ့မယ်။ ဟုတ်ပြီလား။ အခု မေးတာကို မြန်မြန် ဖြေစမ်းပါ။”
လုပေါင်က ရယ်မောရင်း အတင်းအကျပ် မေးလိုက်သည်။
လုပေါင် ဤသို့ပြောသည်ကို ကြားသောအခါ ဆရာကြီးအိုကြီးသည် ကျေနပ်စွာ ရယ်မောလိုက်ပြီး ရှင်းပြသည်။
“တာဝန်တွေ ရှိတာတော့ မှန်ပေမဲ့ အမျိုးသားကိုယ်ခံပညာခန်းမက ငါတို့အပေါ်မှာ အမိန့်ပေးနိုင်စွမ်း မရှိဘူးဆိုတာ မင်း နားလည်ထားရမယ်။ အကယ်၍ မင်း မလုပ်ချင်တဲ့ အလုပ်ဆိုရင် ဒီအတိုင်း လျစ်လျူရှုလိုက်ရုံပဲ။”
ဆရာကြီး၏ ရှင်းပြချက်ကို ကြားသောအခါ လုပေါင်၏ မျက်လုံးများ လင်းလက်သွားသည်။ ရိုးသားစွာ ပြောရလျှင် ဆရာကြီးသည် အလေးအနက်ထားတတ်သူဟု ထင်ရသော်လည်း ဤကဲ့သို့သော ကိစ္စများတွင်မူ လုံးဝ ဝေဝေဝါးဝါး မရှိလှပေ။
“ကောင်းပြီ၊ ဒါဆို ခင်ဗျားပဲ စီစဉ်ပေးလိုက်တော့။ ကျွန်တော် အခု ရှန်ကျင်းကို သွားနေပြီ။”
လုပေါင်က ပြန်ပြောပြီးနောက် ဖုန်းချလိုက်သည်။
ယေဘုယျအားဖြင့်ဆိုလျှင် ဂုဏ်ထူးဆောင်ဆရာကြီး အသီးသီးကို စုစည်းရန်မှာ အချိန်အတန်ကြာ ပေးရတတ်သည်။ သို့သော် ဆရာကြီးတွင် မျက်နှာပန်း သာလှသည်။ သူကိုယ်တိုင် ရှေ့ထွက်စီစဉ်ပေးသဖြင့် သဘာဝအတိုင်း အချိန်အကြာကြီး စောင့်ရန် မလိုတော့ပေ။
ဖုန်းချပြီးနောက် လုပေါင်သည် ဖုန်းလီ ထံသို့ အလုပ်ကိုသာ အာရုံစိုက်ထားရန် စာပို့လိုက်သည်။ ထို့နောက် သူသည် လင်းနို့ကြီးကို ဆင့်ခေါ်ကာ ရှန်ကျင်းသို့ တိုက်ရိုက် ဦးတည်ပျံသန်းခဲ့သည်။
လင်းနို့ကြီး၏ အရှိန်ကြောင့် တစ်နာရီခန့်အတွင်းမှာပင် လုပေါင်သည် မြို့ပြင်ရှိ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဆင်းသက်နိုင်ခဲ့သည်။ ထို့နောက် သူသည် တက္ကစီတစ်စီးကို ငှားကာ အမျိုးသားကိုယ်ခံပညာခန်းမဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။
အမျိုးသားကိုယ်ခံပညာခန်းမ အပြင်ဘက်။
လူအုပ်စုတစ်စုမှာ အပြင်အဆင်များကို ပြင်ဆင်နေကြသဖြင့် အလုပ်ရှုပ်နေကြသည်။ ဤသည်မှာ မကြာမီ ကျင်းပမည့် ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲအတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ အဓိကမှာ ဤလူသည် ဆရာကြီးကိုယ်တိုင် ထောက်ခံထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ မတော်တဆမှု မရှိပါက သူသည် ဆရာကြီးအသစ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူတို့ဘက်က အထင်ကြီးစရာ ဖြစ်အောင် ပြင်ဆင်ရမည် ဖြစ်သည်။
“မင်္ဂလာပါ... နောက်ရက်အနည်းငယ်အထိ ပိတ်ထားပါတယ်ခင်ဗျာ။ ဧည့်သည်တွေ ဝင်ခွင့်မရှိပါဘူး။”
လုပေါင် ဝင်ပေါက်သို့ ရောက်သည်နှင့် ဝန်ထမ်းတစ်ဦးက လာရောက် နှုတ်ဆက်သည်။
“ကျွန်တော်က ဂုဏ်ထူးဆောင်ဆရာကြီး စမ်းသပ်ပွဲမှာ ပါဝင်ဖို့ လာတာပါ။”
လုပေါင်က မျက်ခုံးပင့်ကာ ပြုံးလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ဝန်ထမ်း၏ မျက်နှာမှာ ကြောင်အသွားသည်။ လုပေါင် ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သူသည် ချက်ချင်းပင် အပြုံးမျက်နှာဖြင့် လုပေါင်ကို ခန်းမအတွင်းသို့ အမြန် လမ်းပြခေါ်ဆောင်သွားတော့သည်။ လုပေါင်ကို ခေါ်ဆောင်သွားသော နေရာမှာ ယခင်တစ်ခေါက်က ဂုဏ်ထူးဆောင်ဆရာကြီးများ စုဝေးခဲ့သော နေရာပင် ဖြစ်သည်။
“ဒီမှာ ခဏ စောင့်ပေးပါဦး။ တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို ခေါ်လိုက်ပါ။ ဒါနဲ့... ဒီနေ့ လူစုံနိုင်မလားဆိုတာတော့ ကျွန်တော် မသေချာဘူးခင်ဗျာ။ အကယ်၍ လူမစုံရင်တော့ ခင်ဗျားအတွက် တည်းခိုခန်း စီစဉ်ပေးပါ့မယ်။”
လုပေါင်ကို ထိုနေရာတွင် ထားခဲ့ပြီးနောက် ထိုသူမှာ ရိုရိုသေသေ ပြောဆိုကာ အလုပ်ပြန်လုပ်ရန် ထွက်သွားသည်။
လုပေါင်မှာ အလျင်လိုနေသော်လည်း ဘာမှမတတ်နိုင်ပေ။ သူသည် နေရာတွင် ထိုင်ကာ မျက်လုံးမှိတ်ထားပြီး အချိန်ကုန်စေရန် ချီပညာလမ်းညွှန်ကို လှည့်ပတ်ကျင့်ကြံနေလိုက်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိရသော်လည်း လုပေါင်၏ မျက်မှောင်များ တွန့်သွားကာ သူသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ လုပေါင်၏ ရှေ့တွင် ဆံပင်ဖြူဖြူနှင့် အဘိုးကြီးတစ်ယောက် မတ်တတ်ရပ်နေသည်။ ဤအဘိုးကြီးမှာ ယခင်တစ်ခေါက်က မလာခဲ့သဖြင့် လုပေါင် မမှတ်မိပေ။
“မင်းနဲ့ ပေါင်ရှင်းကျီ နဲ့ ဘာပတ်သက်တာလဲ။ မဟုတ်သေးပါဘူး... မင်းက ကျင့်ကြံသူ တစ်ယောက်ဆိုရင် ဆရာကြီးက ဘာလို့ မင်းကို ထောက်ခံပေးရတာလဲ။”
အဘိုးကြီးသည် လုပေါင်ကို စူးစမ်းလိုစိတ်ဖြင့် အပေါ်စီးမှ ကြည့်ကာ စစ်ဆေးမေးမြန်းရန် ပြင်နေသည်။
“ခင်ဗျားနဲ့ မဆိုင်ပါဘူး။”
လုပေါင်က သူ့ကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
အကယ်၍ တစ်ဖက်လူက သူ့ကို ရိုသေလေးစားပါက လုပေါင်ကလည်း သဘာဝအတိုင်း ပြန်လည် ရိုသေမည် ဖြစ်သည်။ သို့သော် ဤလူက ရောက်ရောက်ချင်း သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေပြီး အပေါ်စီးမှ ဆက်ဆံချင်နေသည်။ လုပေါင်က သူ့ကို ဘာလို့ မျက်နှာသာ ပေးရမည်နည်း။
“မင်း... ဟွန့် ခဏနေရင် ကျင်းပမယ့် စမ်းသပ်ပွဲမှာ မင်း အောင်နိုင်မလားဆိုတာ ငါ ကြည့်ဦးမယ်။”
ဤအဘိုးကြီးမှာလည်း တစ်ပါးသူ၏ ပြန်ပြောခြင်းကို ခံရခဲပုံပေါ်သည်။ လုပေါင်၏ ရိုးရှင်းသော အဖြေကြောင့် သူသည် မျက်လုံးပြူးကာ ဒေါသတကြီး ပြောလိုက်တော့သည်။
လုပေါင်ကမူ နှုတ်ခမ်းတစ်ချက်မဲ့လိုက်ပြီး သူ့ကို အဖက်လုပ်မနေတော့ပေ။ လုပေါင်၏ အမူအရာကို မြင်သောအခါ အဘိုးကြီးမှာ ပို၍ပင် ဒေါသထွက်သွားပြီး လုပေါင်၏ မျက်စိရှေ့တွင်ပင် မကျေမနပ်ဖြင့် ထိုင်ချလိုက်တော့သည်။