အဆုံးအစမရှိ နက်ရှိုင်းလှသော ကျားနဂါး အနှစ်သာရ
Vol. 101 Ch. 1001
"ဒီမြင်းများရဲ့ကံကြမ္မာက သေမျိုးလောကကလာတဲ့ ကမ္မကုသိုလ်ကျင့်ကြံသူပါ။ ကောင်းမှုကုသိုလ်တွေနဲ့ မသေမျိုးဖြစ်လာတာ၊ သူ့ရဲ့နောက်ခံ ဂိုဏ်းအကြောင်းကတော့မသေချာဘူး။ မသေမျိုးခုံရုံးကို ရောက်လာပြီးကတည်းက သူ့ဆီကိုလာလည်တဲ့ မိတ်ဆွေဆိုတာလည်း မတွေ့ဖူးဘူး၊ လွတ်လပ်တဲ့ကျင်ကြံသူ တစ်ယောက်နဲ့ တူတယ်"
အချိန်တိုလေးအတွင်းမှာပင် စစ်သူကြီး ဟုန်ကျင်းင သတင်းအချက်အလက်များကို အတော်လေး ပြည့်စုံစွာ စုဆောင်းနိုင်ခဲ့လေသည်။
မြင်းများ၏ကံကြမ္မာ ရာထူးဆိုသည်မှာ မူလကတည်းက အလုပ်မများသော ရာထူးတစ်ခု ဖြစ်ပေသည်။ ထို့အပြင် ဤသူက မည်သူတစ်ဦးတစ်ယောက်၏မြှောက်စားမှုဖြင့် တက်လာခြင်း မဟုတ်ဘဲ၊ မိုးမြေ၏ သဘာဝကောင်းမှုကုသိုလ်များကို အားကိုး၍ ကောင်းကင်ဘုံသို့ တက်လှမ်းလာခြင်း ဖြစ်ရာ၊ မည်သည့် နောက်ခံရာဇဝင်ကိုမျှ စုံစမ်းစစ်ဆေးရန် မလိုအပ်ခဲ့ပေ။
ထို့ကြောင့် ဤကဲ့သို့သတင်းအချက်အလက် အနည်းငယ်သာရှိနေခြင်း ဖြစ်လေသည်။
"စစ်သူကြီး ပြန်ရောက်လာရင် ကျစ်လင် တိုင်တောတာကိုနားထောင်ပြီး သူ့ကို လက်စားချေမှာ စိုးရိမ်လို့၊ ကျစ်လင်အခမ်းအနားကို တက်ရောက်ဖို့ သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လူတွေရဲ့မျက်စိကိုလှည့်စားဖို့ သေမျိုးလောကမှာ တစ်ခုခု ကြံစည်ခဲ့တယ်လို့ စစ်သူကြီးက သံသယဝင်နေတာလား"
စစ်သူကြီး ဟုန်ကျင်းမှာ ပြောရင်းဆိုရင်းနှင့် သူ၏ စကားကိုသူပင် ရယ်ချင်သွားခဲ့၏။
ကျစ်လင်နတ်သမီးဟူသော ဤအမျိုးသမီးက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး၊ မသေမျိုးခုံရုံးတွင် အခြားသူများနှင့် ရန်ငြိုးဖွဲ့လေ့ မရှိသော်လည်း၊ ယခုအချိန်တွင် ပဋိပက္ခဖြစ်ဖူးသည်ဟု ဆိုနိုင်သော တစ်ဦးတည်းသောသူမှာ ဤမြင်းများ၏ကံကြမ္မာသာ ရှိလေသည်။
သို့သော် ပြဿနာမှာ၊ ဤသူ၌ထိုသို့သော စိတ်ကူးရှိလျှင်ပင်၊ ထိုသို့လုပ်နိုင်စွမ်းရှိရန် လိုအပ်သေး၏။
ကျစ်လင် ကိုယ်တိုင်က အဆင့်ခြောက် ကောင်းကင်ဘုံမသေမျိုးနယ်ပယ်တွင်ရှိသော နဂါးနတ်ဆိုးတစ်ကောင်ဖြစ်ပြီး၊ သူမ၏ကိုယ်ပေါ်တွင် ချင်းလွမ် ပေးသနားထားသော အသက်ကယ် အကာအကွယ်ပစ္စည်းများ သေချာပေါက် ရှိနေမည် ဖြစ်လေသည်။
၎င်းအပြင် သူ၏ခြင်္သေ့ကျားသားရဲမှာ တစ်ချိန်က ဗောဓိဂိုဏ်းတွင်အသီးအဆင့်ကို ဆွတ်ခူးခဲ့ဖူးသော အာဟတ်တစ်ပါးဖြစ်ခဲ့ဖူးလေရာ၊ယခုအခါ အနှစ်သာရအဆင့်ရုပ်သိမ်းခံထားရလျှင်ပင်၊ အနှစ်သာရ၏ဆေးကြောသန့်စင်မှုကို ခံယူထားပြီးဖြစ်သော သူ၏ကြံ့ခိုင်သော နတ်ဆိုးခန္ဓာကိုယ်မှာ သာမန်ကောင်းကင်ဘုံမသေမျိုးများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်အရာမျိုး လုံးဝမဟုတ်ပေ။
ကောင်းကင်ဘုံမသေမျိုးအထက်ကဆိုလျှင်၊ ထိုက်ယီမသေမျိုးသာ ဖြစ်ပေတော့မည်။
ထိုအဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများက မည်သူကများ ရှင်းလင်းသောနောက်ခံဆရာသမား ဂိုဏ်းမရှိဘဲနေမည်နည်း။ ဘုန်းကြီးက ပြေးနိုင်သော်လည်း ကျောင်းက ပြေး၍မရနိုင်ချေ။
မသေမျိုးအမိန့်စာကို ကိုင်ဆောင်၍ သေမျိုးလောကသို့ ဆင်းသွားသူအား တိုက်ခိုက်ရန် ရဲဝံ့သူသည်၊ မသေမျိုးခုံရုံး၏မိစ္ဆာအဖြစ် သတ်မှတ်ခြင်းခံရပြီးဂိုဏ်းဝင်များအားလုံးပါ ရှင်းလင်းဖျက်ဆီးခံရမည်ကို လိုလားနေသူသာဖြစ်ပေလိမ့်မည်။
ထို့ပြင် အကယ်၍ ထိုက်ယီမသေမျိုးတစ်ပါးပါးကသာ သူ့ကိုကျောထောက်နောက်ခံ ပေးထားမည်ဆိုလျှင်၊ ဤကဲ့သို့သော ကိစ္စမျိုးအတွက် စားသောက်ပွဲတစ်ခုပြင်ဆင်ပြီး အနည်းငယ် ဖြေရှင်းလိုက်ရုံဖြင့် အဆင်ပြေသွားမည် မဟုတ်ပါလော။
ဤကဲ့သို့ သေးငယ်သည့်ကိစ္စလေးအတွက် လူသတ်မည်ဆိုလျှင် လွန်စွာအားယားနေသူသာဖြသ်မည်ဟု သူ တွေးလိုက်မိလေသည်။
"..."
ချင်းလွမ်က မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ၊ အင်ပါရီယာမြင်းစောင်းအတွင်းသို့ဖြည်းညှင်းစွာ ဝင်ရောက်သွားလေသည်။
ယုတ္တိဗေဒကို အားကိုး၍ တစ်စုံတစ်ရာကို ခန့်မှန်းတွက်ချက်ခြင်းထက်၊ သူသည် သူ၏ ကိုယ်ပိုင် မျက်လုံးများကိုသာ ပို၍ ယုံကြည်လေသည်။
လူတစ်ယောက်သည် ပြန်လာသင့်သော အချိန်တွင် ပြန်မလာပါက၊ ပြဿနာတစ်ခုခု ဖြစ်နေခြင်းသာ ဖြစ်ပေသည်။
ပြဿနာ ရှိနေပြီဆိုမှတော့ သေချာပေါက် အကြောင်းရင်း ရှိနေမည်ဖြစ်လေသည်။
တစ်ခုပြီးတစ်ခု လိုက်လံ စစ်ဆေးသွားရုံသာ ဖြစ်လေသည်။
"ဟူး"
ထိုအခြေအနေကို မြင်သောအခါ စစ်သူကြီး ဟုန်ကျင်းသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်လေသည်။
ဤသို့ ဦးနှောက်ချို့ယွင်းနေသကဲ့သို့ ဖြစ်နေသော ကျင့်ကြံသူတစ်ဦးသည် အဆင့်လေးကဲ့သို့သော မြင့်မားသည့် ရာထူးနေရာသို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သနည်းဟု သူ တွေးမိလေသည်။
သို့သော်... တစ်ဖက်လူသည် ထိုနေ့က မြင်တွေ့ခဲ့ရသကဲ့သို့ ကျစ်လင်ကို အရေးမစိုက်ဘဲ နေသည်မျိုး မဟုတ်ပုံပေါ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယနေ့ ချင်းလွမ် ကိုယ်တိုင် သူ၏ စံအိမ်သို့ လာရောက်ခဲ့သော ပုံမှန်မဟုတ်သည့် လုပ်ရပ်အရဆိုလျှင်..
ထိုနဂါးမလေးက ဤမသေမျိုးစစ်သူကြီး၏ နှလုံးသားထဲတွင် သာမန်မဟုတ်သော နေရာတစ်ခု ရရှိထားသည်မှာ သေချာလှပေသည်။
တူဖြစ်သူနှင့် ဤကျစ်လင်နတ်သမီးတို့၏ ဆက်ဆံရေးကို အားကိုးခြင်းဖြင့်... ကျွတ်၊ ဟုန်ကျင်းက ခြေလှမ်းကျဲကြီးဖြင့် လိုက်ပါသွားလိုက်ပြီး၊ ဤစစ်သူကြီး ချင်းလွမ်နှင့် မိတ်ဆွေဖွဲ့နိုင်ရန် သူ၏ ယုံကြည်မှုမှာ ရုတ်တရက် များစွာ တိုးပွားလာခဲ့လေသည်။
မသေမျိုးစစ်သူကြီး နှစ်ဦး အင်ပါရီယာမြင်းစောင်းသို့ ရောက်ရှိလာခြင်းဖြစ်ရာ၊ သဘာဝကျကျပင် လာရောက်ကြိုဆိုသူ ရှိသင့်ပေသည်။
သို့သော် ၎င်းတို့နှစ်ဦး၏ အငွေ့အသက်ကို အာရုံခံမိပြီးနောက်
ကြီးကြပ်ရေးမှူးနှင့် ဒု-ကြီးကြပ်ရေးမှူးတို့မှာ အချင်းချင်းဖေးမထားရပြီး၊ ဒူးများ ယိုင်နဲ့နေသဖြင့် ခန်းမဆောင်ကြီး အပြင်ဘက်သို့ပင် မထွက်နိုင်တော့ချေ။
စစ်သူကြီး ချင်းလွမ်က ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာပြီးနောက်၊ မည်သည့်နေရာသို့မျှ မသွားဘဲ ပထမဆုံးအနေဖြင့် အင်ပါရီယာမြင်းစောင်းသို့ လာရောက်ခဲ့ခြင်းဖြစ်ရာ၊ ၎င်းတွင် ပါဝင်နေသော အဓိပ္ပာယ်မှာ ပို၍ ရှင်းလင်းရန်ပင် မလိုအပ်တော့ချေ။
၎င်းတို့၏ မြင်းများ၏ကံကြမ္မာမှာ ဤတစ်ကြိမ်တွင် တကယ့်ကို ကြီးမားသော ဘေးဒုက္ခကြီးနှင့် ကြုံတွေ့ရတော့မည် ဖြစ်လေသည်။
"အရှင်"
ကြီးကြပ်ရေးမှူးက ခန်းမအတွင်းသို့ နောက်လှည့်ကြည့်လိုက်ရာ၊ ထိုခမ်းနားထည်ဝါသော ရွှေရောင်ကိုယ်ထည်မှာ တည်ငြိမ်စွာထိုင်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့်၊ အလွန်အမင်း စိုးရိမ်ပူပန်မှုကြောင့် သူ၏ အသံပင် အက်ကွဲသွားခဲ့လေသည်။
သူတို့နှစ်ဦးသည် နောက်ထပ် ဖျောင်းဖျစကား ပြောရန် ပြင်လိုက်ချိန်မှာပင်၊ စကားသံမထွက်မီ ပုံရိပ်နှစ်ခုသည် ရှေ့ဆင့်နောက်ဆင့်ခန်းမအတွင်းသို့ ဝင်ရောက်လာကြသည်ကို မြင်လိုက်ရလေသည်။
ပြီးပြီပဲ။
ကြီးကြပ်ရေးမှူးနှင့် ဒု-ကြီးကြပ်ရေးမှူးတို့က အပြုံးတုများဖြင့် အရိုအသေပေးရန် ပြင်လိုက်ကြသော်လည်း၊ ခြေထောက်များ ယိုင်နဲ့ကာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားကြပြီး၊အလောတကြီး ပြန်ထလာရသဖြင့် ၎င်းတို့၏ ပုံစံမှာ အလွန် ရယ်စရာကောင်းနေလေသည်။
"ကျွန်တော်မျိုးတို့က ချင်းလွမ် မဟာစစ်သူကြီးကို ကြိုဆိုပါတယ်"
"စစ်သူကြီး ဟုန်ကျင်းကို ကြိုဆိုပါတယ်"
သူတို့နှစ်ဦးသည် ခေါင်းငုံ့ကာ နှုတ်ဆက်ပြီးနောက် မြင်းများ၏ကံကြမ္မာကို ခိုးကြည့်လိုက်ရာ၊ ၎င်းတို့၏အမူအရာများတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့်အတူ ဝမ်းနည်းမှု အနည်းငယ်လည်း ပါဝင်နေပြီး သေလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ဖြစ်နေကာ၊ ၎င်းတို့ထံသို့ ကူးစက်လာမည်ကိုသာ မလိုလားကြချေ။
စစ်သူကြီး ချင်းလွမ်က ထိုလူနှစ်ဦး၏ပုံစံကို လုံးဝ ဂရုမစိုက်ဘဲ၊ စားပွဲခုံရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလေသည်။
"ကျွန်မမျိုးမက စစ်သူကြီးကို ဂါရဝပြုပါတယ်"
ချင်းဟွာသည် မတ်တတ်ရပ်ကာ စနစ်တကျ အရိုအသေပေးလိုက်လေသည်။
"..."
ချင်းလွမ်သည် မကြားသကဲ့သို့ နေပြီး၊ ရွှေရောင်ကိုယ်ထည်ကိုသာ တိတ်ဆိတ်စွာစိုက်ကြည့်နေလေ၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ မည်သည့် ပိုလျှံသော စကားကိုမျှ မဆိုဘဲ ခံစားချက်ကင်းမဲ့စွာ မေးလိုက်သည်။
"မင်း ငါ့ကို ကြောက်လား"
ထိုစကားကို ကြားသောအခါ၊ စစ်သူကြီး ဟုန်ကျင်း အပါအဝင် ခန်းမအတွင်းရှိ အခြားသူများ အားလုံးမှာ အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာကြလေသည်။
ဒါက အဓိပ္ပာယ်မရှိတဲ့ စကားပဲ။ မင်းရဲ့ စီးတော်ယာဉ်ကို အနိုင်ကျင့်ထားပြီး၊ မင်းက ဒီလောက် အလောတကြီး ရောက်လာတယ်၊ ပြီးတော့ မသေမျိုးခုံရုံးမှာ မျက်နှာပန်းလှသူဖြစ်တဲ့အပြင် ရာထူးလည်း အသစ်တက်ထားသေးတယ်၊ ဘယ်သူက မကြောက်ဘဲ နေမှာလဲ။
သို့သော်၊ ချင်းဟွာက ခေါင်းခါလိုက်လေသည်။
"မကြောက်ပါဘူး"
ပြီးခဲ့သည့်အကြိမ်က ကျစ်လင်၏ရှေ့တွင် အကြောက်အလန့် ဖြစ်ခဲ့ရပြီးနောက်၊ သူမက များစွာ တိုးတက်လာခဲ့ပြီး၊ ယခုအခါ အဆင့်လေး စစ်သူကြီးတစ်ဦးကို ရင်ဆိုင်ရချိန်တွင်ပင် နှိမ့်ချလွန်းခြင်း သို့မဟုတ် မာနထောင်လွှားခြင်း မရှိဘဲ တည်ငြိမ်စွာ ရပ်တည်နိုင်လေပြီ။
"ဘာဖြစ်လို့လဲ"
ချင်းလွမ်က မျက်နှာအမူအရာ မပြောင်းလဲဘဲ မေးလိုက်လေသည်။
"ဘာလို့လဲဆိုတော့ ကျွန်မမျိုးမက မသေမျိုးခုံရုံးရဲ့ ဥပဒေတွေအတိုင်း လုပ်ဆောင်ခဲ့လို့ပါ၊ ဘာအမှားအယွင်းမှ မရှိခဲ့ဘူး၊ အမှားမလုပ်ထားတော့ မကြောက်ပါဘူး"
ချင်းဟွာသည် သူ့ကို တည်ငြိမ်စွာ ပြန်လည် စိုက်ကြည့်လိုက်လေသည်။
ဤစကားသည် ရုတ်တရက် နားထောင်လျှင် အလွန် ယုတ္တိတန်ပုံရသော်လည်း၊ သူမက အဆင့်ခုနစ် မြင်းများ၏ကံကြမ္မာသာ ဖြစ်ပြီး သူမရှေ့ရှိလူက အဆင့်လေး မဟာစစ်သူကြီးဖြစ်နေချိန်တွင်မူ၊ ၎င်းမှာ အနည်းငယ် အားနည်းပြီး အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေလေသည်။
ရာထူးတစ်ဆင့်ကြီးခြင်းကပင် လူကို ဖိနှိပ်သတ်ဖြတ်နိုင်သည် ဆိုစကား ရှိလေသည်။
သူတို့နှစ်ဦးကြားတွင် အဆင့်လေးဆင့်တိတိ ကွာဟနေပြီး၊ ကျော်လွှားရန် ခက်ခဲသော ဧရာမ ချောက်ကမ်းပါးကြီး တစ်ခုအလား ဖြစ်နေလေသည်။
ကြီးကြပ်ရေးမှူးနှင့် ဒု-ကြီးကြပ်ရေးမှူးတို့ မနည်း ပြန်ထထားရသော ခန္ဓာကိုယ်များမှာ ချက်ချင်းပင် ထပ်မံ ယိုင်နဲ့ကျသွားလေတော့သည်။
သို့သော် နောက်တစ်ခဏတွင် စစ်သူကြီး ချင်းလွမ်သည် ခေါင်းကိုသာ ညိတ်ပြလိုက်လေသည်။
"ကောင်းပြီ"
သူသည် လှည့်ကာ ခန်းမအပြင်ဘက်သို့ တိုက်ရိုက် လျှောက်သွားပြီး၊ ဟုန်ကျင်း၏ အနီးမှ ဖြတ်သွားချိန်တွင် ခံစားချက်ကင်းမဲ့သော စကားတစ်ခွန်းကို ချန်ရစ်ခဲ့လေသည်။
"သူမကို အဆင့်ခြောက်အောက်အဖြစ် ရာထူးတိုးပေးပြီး ငါ့လက်အောက်ကို ပြောင်းရွှေ့ဖို့ ခွင့်ပြုချက်စာရွက်တွေ လုပ်ခိုင်းလိုက်ပါ"
စကားသံပင် မဆုံးသေးမီမှာပင်၊ ဤမဟာစစ်သူကြီးသည် အင်ပါရီယာမြင်းစောင်းမှ ထွက်ခွာသွားခဲ့လေပြီ။
"ဟင်"
သူတို့နှစ်ဦး ယနေ့ ဤမျှ ဒေါသတကြီးဖြင့် ရောက်လာခဲ့ကြပြီး၊ နောက်ဆုံးတွင် ဤမြင်းများ၏ကံကြမ္မာအား ရာထူးတိုးပေးရန် ဖြစ်လာလိမ့်မည်ဟု ဟုန်ကျင်းသည် အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။
ကြီးကြပ်ရေးမှူးနှင့် ဒု-ကြီးကြပ်ရေးမှူးတို့မှာလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး၊ ချင်းဟွာကို ပြန်ကြည့်လိုက်ချိန်တွင် ၎င်းတို့၏ မျက်လုံးများထဲ၌ မှင်တက်နေမှုများသာ ကျန်ရစ်တော့လေသည်။
"..."
ချင်းဟွာသည် ထိုမသေမျိုးစစ်သူကြီး ထွက်ခွာသွားသော လမ်းကြောင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
သူမ၏ လက်ဖဝါးများကို ဖြည်းညှင်းစွာ တင်းကျပ်စွာ ဆုပ်ထားလိုက်လေသည်။
စောစောက အပြန်အလှန် စိုက်ကြည့်မှုမှတစ်ဆင့်၊ သူမက အရာများစွာကို သတိပြုမိလိုက်လေသည်။
စစ်သူကြီး ချင်းလွမ်က သူမကို သံသယမဝင်ခဲ့သလို ယုံကြည်မှုလည်း မရှိခဲ့ပေ။ သူက ခံစားချက်မရှိအသက်မဲ့ အရာဝတ္ထုတစ်ခုအလား၊ တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုခြင်းသာ ဖြစ်လေသည်။
ရာထူးတိုးပေးခြင်း ဆိုသည်မှာ၊ သူမကို စောင့်ကြည့်ရန် လွယ်ကူစေရန်အတွက် သူ၏ မျက်စိအောက်သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားခြင်းသာ ဖြစ်လေသည်။
ဤကဲ့သို့သော လူမျိုးသည် အကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူက ပြင်ပအကြောင်းတရားများ၏ လွှမ်းမိုးမှုကို လုံးဝ ခံရခြင်း မရှိသောကြောင့် ဖြစ်လေသည်။
ဤကပ်ဘေးသည်... ကျော်လွှားရန် ထိုမျှလွယ်ကူမည် မဟုတ်ပေ။
...
ကျန်းယန်စီရင်စု၊ နတ်ဆိုးသုတ်သင်ရေးအရာရှိ၏ စံအိမ်
ခြောက်ကပ်နေသော ခြံဝင်းအတွင်း၌။
ရှန်းယီက မျက်လုံးများကို မှိတ်လျက် ထိုင်နေပြီး၊ သူ၏ မျက်နှာပေါ်တွင် ဝမ်းမြောက်မှု အရိပ်အယောင်အနည်းငယ် ရှိနေလေသည်။
ကျားနဂါး အနှစ်သာရ၏အားနည်းချက်ကို ဖြည့်ဆည်းပေးမည့် မှန်ကန်သော လမ်းကြောင်းကို သူ ရှာတွေ့သွားသကဲ့သို့ဖြစ်နေလေသည်။
မူလက တစ်ကိုယ်တည်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့ပြီးနောက်၊ ကပ်ဘေးဒုက္ခ ရှစ်ဆယ့်တစ်ခုကို ဖြတ်သန်းပြီးချိန်တွင် ပိတ်ဆို့မှုတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့လေသည်။ ကပ်ဘေးဒုက္ခများ၏စစ်မှန်သော အနှစ်သာရကို ဝေဝါးစွာမြင်တွေ့ပြီးနောက်၊ ရတနာကျမ်းစာ၏ အကာအကွယ် မပါလျှင်ပင်၊ ယခင်ကဲ့သို့ကပ်ဘေးကို အနည်းငယ် လှမ်းကြည့်လိုက်ရုံဖြင့် အပြည့်အဝနစ်မြုပ်သွားမည့် အန္တရာယ်မျိုးမရှိတော့ချေ။
သို့သော် ကပ်ဘေးများကို မိမိ၏ ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲရန်မှာလည်း အလွန် ခက်ခဲနေခဲ့လေသည်။
သို့သော် ယခုအခါတွင်မူ ကွဲပြားသွားခဲ့ပြီ ဖြစ်လေသည်။
မိမိ၏အနီးတွင် ကျားတစ်ကောင်နှင့် နဂါးတစ်ကောင် အမြဲတစေအတူရှိနေခြင်းက၊ ကပ်ဘေးဒုက္ခသုံးခုကို တစ်ပြိုင်နက်တည်း ခံနိုင်ရည်ရှိစေပြီး၊ အမြင့်ဆုံး ကန့်သတ်ချက်ကို ရုတ်တရက် မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
ထို့ပြင် မိမိကိုယ်တိုင် ဆင်းရဲဒုက္ခ ခံစားရန် မလိုအပ်တော့ချေ။ တစ်ခုတည်းသော ပြဿနာမှာ တစ်ခါတစ်ရံတွင် ထိုနတ်ဆိုးဝိညာဉ်နှစ်ခုကို ထုတ်လွှတ်ကာ၊ ၎င်းတို့ ဝိညာဉ်ကွဲကြေပျက်စီးမသွားစေရန် နတ်ဆိုးမူလဖြင့် ပြုစုပျိုးထောင်ပေးရန် လိုအပ်သဖြင့်၊ အချိန်ပိုမိုကြာမြင့်ခြင်းသာ ဖြစ်လေသည်။
ဗောဓိဂိုဏ်း၏အနှစ်သာရ မဟာကျမ်းစာ ပီသပါပေသည်။
အဆင့် သုံးဆယ့်တစ်တွင်ရှိသော ကျားနဂါး အနှစ်သာရကပင် ဤမျှထိအားကောင်းနေပါက၊ ထိုထိုက်ရွှီတာအိုအနှစ်သာရက မည်မျှနက်ရှိုင်းဆန်းကြယ်မှု ရှိမည်နည်း။
"နှမြောစရာကောင်းတာက၊ နတ်ဆိုးသက်တမ်းကို အရမ်း ကုန်စေတာပဲ"
ရှန်းယီသည် မျက်လုံးများကို ဖွင့်ကာ ဗလာဖြစ်နေသော စနစ်မျက်နှာပြင်ကို ကြည့်လိုက်လေသည်။ ကျန်ရှိနေသော ကပ်ဘေးဒုက္ခ ၈၈ခုမှာ ကျားနဂါး အနှစ်သာရ၏အစိတ်အပိုင်းတစ်ခုအဖြစ် အကုန်အစင် ပြောင်းလဲသွားခဲ့လေပြီ။
သူ၏လက်ရှိ ခွန်အားမှာ ယခင်ကထက် တစ်ဆကျော်မျှ တိုးတက်လာခဲ့ပြီဖြစ်သည်။
ဤလမ်းကြောင်းက အဆုံးအစမရှိသကဲ့သို့ ဖြစ်နေပြီး၊ နတ်ဆိုးသက်တမ်း မည်မျှပင်ရှိစေကာမူ အားလုံးကို ဝါးမြိုသွားနိုင်လေသည်။
ဤတွင်းကြီးကို ဖြည့်ဆည်းရန် နတ်ဆိုးသက်တမ်းကို မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်ကို ရှန်းယီ စဉ်းစားနေစဉ်မှာပင်၊ သူက ခေါင်းကို အနည်းငယ်မော့ကာ စံအိမ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
ယဲ့လန် ပြန်ရောက်လာလေပြီ။