ဘယ်သူက သူမကို ဒီလောက်ယုံကြည်မှုတွေ ပေးလိုက်တာလဲ ၂
Vol. 101 Ch. 1007
"သူမက ဆေးဖော်နေတာလား။"
"ဘိုးဘေးယဲ့ ဘာဆေးလုံးတွေ လိုအပ်လဲဆိုတာ သွားမေးခိုင်းလိုက်။ ဘာပဲဖြစ်ဖြစ် သူ့ဆီ ချက်ချင်း ပို့ပေးလိုက်ပြီး ဒီကပ်ဆိုးမကြီးကို ရှင်းထုတ်လိုက်စမ်း။သူမက မြင်ရတာ မျက်စိနောက်တယ်။"
လျိုရွေ့ဖုန်းသည် လှောင်ပြောင်လိုက်၏။ အကယ်၍ ယဲ့လန်တွင်သာ ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိခဲ့ပါက၊ သူ၏အဖေက အစပိုင်းကတည်းက ပဉ္စမတောင်ထွတ်၏စီမံခန့်ခွဲမှုကို လွှဲပြောင်းယူရန် လိုအပ်ခဲ့မည် မဟုတ်ချေ။
နေပါဦး
အကယ်၍ ယဲ့လန်က ဆေးဖော်စပ်ခြင်းကို တတ်ကျွမ်းခဲ့မည်ဆိုလျှင်၊ သူမကကံဆိုးသော သူမ၏ဆရာနှင့်အတူ သေဆုံးသွားလောက်ပြီ ဖြစ်ရာ၊ပြဿနာများစွာ သက်သာသွားပေလိမ့်မည်။
"တပည့် နာခံပါ့မယ်။"
စောင့်ကြပ်နေသော တပည့်အချို့က လက်ယှက်ကာ အရိုအသေပေးလိုက်ကြလေသည်။
ယခုအခါ ပဉ္စမတောင်ထွတ် တစ်ခုလုံးကို ဆရာရွေ့ဖုန်းက စီမံခန့်ခွဲနေပြီး၊သူက ဆေးလုံးတောင်ထွတ်၏ တရားဝင် တောင်ထွတ်သခင်အဖြစ်ထိုက်တန်သူ ဖြစ်လေသည်။
သူ၏ကျင့်ကြံခြင်းက ဆဋ္ဌမအဆင့် ကောင်းကင်ဘုံမသေမျိုးနယ်ပယ်တွင် တစ်ဆို့နေပြီး တာအိုအနှစ်သာရကို မဆွတ်ခူးနိုင်သေးခြင်းသာ မဟုတ်ပါက၊ ဆရာမုယန်က ဤကိစ္စကို အစီအစဉ်များထဲတွင် ထည့်သွင်းစဉ်းစားပြီးလောက်ပြီဖြစ်လေသည်။
လူတိုင်းက ဆေးဖော်စပ်ရာ အခန်းထဲသို့ အလျင်စလို ဝင်ရောက်သွားကြလေသည်။
မည်းမှောင်နေသော ထိုဆေးမီးဖိုကို မြင်လိုက်ရသောအခါ၊ ဤသာမန် တပည့်များပင်လျှင် မနေနိုင်ဘဲ ရယ်မောလိုက်ကြလေသည်။
"ဟက်။"
လျိုရွေ့ဖုန်းက သူ၏ လက်ချောင်းဖြင့် ဆေးဖို၏ အစွန်းကို ပွတ်ဆွဲလိုက်ပြီး၊ သူ၏ လက်ချောင်းထိပ်ရှိ အနက်ရောင် ပြာများကို မထီမဲ့မြင်ဟန်ဖြင့် ကြည့်လိုက်ရာ၊ သူ၏ နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုများ နောက်ဆုံးတွင် အနည်းငယ် သက်သာသွားသည်ဟု ခံစားလိုက်ရလေသည်။
ဤကဲ့သို့သော စွမ်းရည်မျိုးဖြင့်၊ အရှက်အနည်းငယ် ရှိသူတိုင်းသည် မိမိကိုယ်ကို အရှက်ခွဲရန် ပဉ္စမတောင်ထွတ်သို့ ပြန်လာမည် မဟုတ်ချေ။
"ကောင်းပြီ..."
လျိုရွေ့ဖုန်းက လက်ဝှေ့ယမ်းကာ လူများကို လွှတ်လိုက်ရန် ပြင်လိုက်သော်လည်း၊ သူ၏ မျက်လုံးထောင့်မှ အခြား ဆေးမီးဖိုတစ်ခုကို သတိပြုမိလိုက်လေသည်။
သူ မျက်မှောင်ကျုံ့လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်သွားကာ ၎င်းအတွင်းသို့ ငုံ့ကြည့်လိုက်လေသည်။
ထိုဆေးမီးဖိုမှာ တစ်ခါမျှ အသုံးမပြုဖူးသကဲ့သို့ သန့်ရှင်းနေပြီး၊အတွင်းတွင် ဆေးမြူခိုး အကြွင်းအကျန် အရိပ်အယောင်မျှပင် မရှိသော်လည်း၊ကျန်ရစ်နေသော စိတ်ဝိညာဉ်မြူခိုး အနည်းငယ်ကိုမြင်လိုက်ရချိန်တွင် လျိုရွေ့ဖုန်း၏ မျက်ခွံများ ရုတ်တရက်ပြင်းထန်စွာ လှုပ်ခတ်သွားလေ၏။
သူ သင်းပျံ့နေသောဆေးလုံးများ၏ရနံ့ကို ရှူရှိုက်လိုက်ပြီးနောက်၊ နောက်တစ်ခဏတွင် သူ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားလေတော့သည်။
အဆင့်ခုနစ် မသေမျိုးဆေးလုံးတစ်လုံးကို ဤအဆင့်အထိ ဖော်စပ်နိုင်ခြင်းမှာ... တကယ့်ကို မလိုလားအပ်သောကိစ္စပင်။
ထိုကျိန်စာသင့် အမျိုးသမီးက၊ မကောင်းသော ရည်ရွယ်ချက်များဖြင့် အမှန်တကယ်ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
သာမန် ဆေးဆရာတစ်ယောက်က ပြဿနာရှာနိုင်မယ်လို့ ထင်နေတာလား၊ ယဲ့လန်၊ မင်း အိပ်မက်မက်နေတာပဲ။
"သွား၊ အဲဒီ လူသစ်ကို စောင့်ကြည့်ထား၊ အရာအားလုံးကို ငါ့ဆီ သတင်းပို့စမ်း။"
လျိုရွေ့ဖုန်းက ဒေါသတကြီး အံကြိတ်လိုက်ပြီး လျင်မြန်စွာနောက်လှည့်ကာ ဆဋ္ဌမတောင်ထွတ်ဆီသို့ ဦးတည်သွားလေတော့သည်။
ဤကိစ္စကို ဖခင်ထံသို့ ချက်ချင်း သတင်းပို့ရမည် ဖြစ်လေသည်။
...
ရှန်းရွှီတောင်၊ ဆေးလုံးတောင်ထွတ်
ကျမ်းစာတိုက် အဆောက်အအုံ အတွင်း၌
တပည့်အုပ်စုတစ်စုက ဆေးကျမ်းများကို လှန်လှောဖတ်ရှုနေပုံပေါ်သော်လည်း၊ ၎င်းတို့၏ အကြည့်များမှာ ထောင့်တစ်နေရာရှိ ပုံရိပ်အပေါ်သို့ တစ်ညီတစ်ညွတ်တည်း ကျရောက်နေလေသည်။
ဝတ်ရုံနက်နှင့် ချောမောသော လူငယ်က နံရံကို မှီလျက်ရပ်နေပြီး၊ သူ၏သွယ်လျသော လက်ချောင်းများက စာမျက်နှာများကို လျင်မြန်စွာ လှန်လှောနေလေသည်။ စာအုပ်တစ်အုပ်စီ ဖတ်ပြီးတိုင်း၊ သူသည် မျက်လုံးများကို မှိတ်ကာ ခေတ္တမျှတရားရှုမှတ်နေ၏။
သူ၏မျက်နှာအမူအရာမှာ သိမ်မွေ့စွာ ပြောင်းလဲနေလေသည်။
သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ၊ စာအုပ်စင်ဆီသို့ပြန်လျှောက်သွားပြီး အခြား ဆေးကျမ်းတစ်အုပ်ကို ကောက်ယူလေသည်။
"သူ ဘာလုပ်နေတာလဲ။"
စောင့်ကြပ်နေသော တပည့် အချို့က အချင်းချင်း ကြည့်လိုက်ကြပြီး မသေချာဖြစ်နေကြလေသည်။ ဆရာလျိုက အသေးစိတ် သတင်းပို့ရန် ပြောထားသော်လည်း၊၎င်းတို့ရှေ့ရှိ အခြေအနေကို ၎င်းတို့ အမှန်တကယ် နားမလည်နိုင်ကြချေ။
ဤဆရာဦးလေးအသစ်က ဆေးဖော်စပ်ခြင်း တာအိုကို သေချာစွာ လေ့လာနေပုံမပေါ်ပေ။ စီနီယာများ၏အနှစ်သာရများ ပြည့်နှက်နေသော၊ နားလည်ရခက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် ထိုဆေးကျမ်းများက သူ၏လက်ထဲတွင် ဆယ့်ငါးမိနစ်ခန့်ပင် မခံချေ။
သူက အပျော်သဘော လှန်လှောကြည့်နေရုံသာဟု ဆိုရမည်ဆိုလျှင်လည်း၊ သူ၏စဉ်းစားတွေးတောနေသော အမူအရာမှာ အစစ်အမှန်ဖြစ်ပုံရလေသည်။
"သူ တစ်ခုခုကို ရှာနေတာ ဖြစ်နိုင်တယ်။"
တပည့်တစ်ဦး ရုတ်တရက် နားလည်သွားလေ၏။ မည်သို့ပင်ဆိုစေကာမူ ပဉ္စမတောင်ထွတ်က တစ်ချိန်က ဘိုးဘေးယဲ့လန်၏စံအိမ်ဖြစ်ခဲ့ပြီး၊ ဘိုးဘေးယဲ့လန်တစ်ဦးတည်းသာ သိရှိသော အဖိုးတန် ဆေးဖော်စပ်နည်း အချို့ ရှိနေနိုင်ပေသည်။
ဤလုပ်ရပ်က သူ၏အစစ်အမှန် ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်နိုင်ပေသည်။
ဤအချက်ကို တွေးမိသောအခါ၊ ထိုတပည့်က ခြေဖျားထောက်ကာ လျှောက်သွားပြီး ရှန်းယီ လှန်လှောကြည့်ပြီးသော ဆေးကျမ်းများ အားလုံးကို စုဆောင်းကာ၊ ၎င်းတို့ကို ယူဆောင်သွားပြီး ဆရာလျိုထံ သတင်းပို့ရန် စီစဉ်လိုက်လေသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သတိပြုမိသွားလေသည်။
စာအုပ်များကို လှန်လှောကြည့်နေသော လူငယ်လေး၏လုပ်ရပ်တွင် လျှို့ဝှက်ချက်ဟူ၍ မည်သို့မျှ မရှိချေ။ သူသည် တစ်အုပ်ပြီးတစ်အုပ် ကောက်ယူနေခြင်းသာ ဖြစ်လေသည်။
အကယ်၍ ၎င်းတို့က သူ့နောက်မှ လိုက်၍ စုဆောင်းနေမည်ဆိုပါက... ၎င်းတို့အနေဖြင့် ကျမ်စားတိုက်အဆောက်အအုံ တစ်ခုလုံးကို ဆဋ္ဌမတောင်ထွတ်သို့ ပြောင်းရွှေ့လိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
"လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်နေတယ်။"
စောင့်ကြပ်နေသော တပည့်က အံကြိတ်လိုက်ပြီး ဤစကားလုံးအနည်းငယ်ကို စာအုပ်ငယ်လေး တစ်အုပ်ပေါ်တွင် ချန်ရစ်ခဲ့လေသည်။
"..."
ကျမ်းစာတိုက်အဆောက်အအုံ၏တစ်နေရာတွင်၊ လူနှစ်ဦးသည် ယှဉ်တွဲလျက် ရပ်နေကြလေသည်။
တစ်ဦးမှာ တတိယတောင်ထွတ်သခင်ဖြစ်သော ဆရာချန်းဖုန်းဟု ခေါ်ပြီး၊ အခြားတစ်ဦးမှာ ယခင်က ဖော်ပြခဲ့သောလှပသည့် အမျိုးသမီးပင်။
သူတို့နှစ်ဦးက အခြားသူများ လုံးဝသတိမထားမိသကဲ့သို့ ကျမ်းစာတိုက်အဆောက်အအုံ အတွင်း၌ ရပ်နေကြလေသည်။
"ဂျူနီယာညီမကျင်းရွှီ၊ ဒီတစ်ခေါက် သူမ ပြန်လာတာ တကယ်ကိုဘာလိုချင်လို့လဲလို့ မင်း ထင်လဲ။"
ဆရာချန်းဖုန်းက ဝတ်ရုံနက်နှင့် လူငယ်အား တိတ်ဆိတ်စွာ စောင့်ကြည့်နေသော်လည်း၊ သူ၏စိတ်အာရုံမှာ ထိုလူငယ်အပေါ်တွင် အာရုံစိုက်နေခြင်း မဟုတ်ပေ။
"ကျွန်မ မသိဘူး၊ ကျွန်မ သိတာက သူ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင်၊ ဂျူနီယာညီလေးမုယန်ကတော့ သေချာပေါက်ငြိမ်ထိုင်နေနိုင်မှာ မဟုတ်ဘူးဆိုတာပဲ။"
ကျင်းရွှီက အကူအညီမဲ့စွာ ပြုံးလိုက်လေသည်။ ဤလူငယ်လေးမှာ အစစ်အမှန်မသေမျိုးတစ်ပါးသာဖြစ်ပြီး၊ သူ၏လုပ်ရပ်အားလုံးကို ယဲ့လန်က ညွှန်ကြားထားခြင်း ဖြစ်နိုင်ပေသည်။
သူ၏အပြုအမူက၊ ဆေးဖော်စပ်ခြင်းတာအိုကို လေ့ကျင့်နေခြင်းထက် ရန်စနေခြင်းနှင့် ပိုတူနေလေသည်။
ဤကိစ္စနှင့် ပတ်သက်၍ သူမ တွေးတောနေမိပါသည်။
ဂျူနီယာညီလေးမုယန်ကို ရန်စခြင်းက ဘာအဓိပ္ပာယ်ရှိမည်နည်း။ သူ၏ကျင့်ကြံခြင်း တိုးတက်လာပြီး မုယန်ကို လှုပ်ရှားလာစေရန် ရန်စနေခြင်းများဖြစ်နိုင်မည်လော။ ဆေးဖော်စပ်ခြင်း တာအိုမှတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက်တိုက်ပွဲမှတစ်ဆင့်လော။
ဂျူနီယာညီလေးမုယန်က နှစ်ပေါင်းများစွာ တောင်ထွတ်နှစ်ခုကို စီမံခန့်ခွဲခဲ့သည်ကို မဆိုထားနှင့်၊ သူက ဤကဲ့သို့သောအပေါ်ယံ ရန်စမှုမျိုးအောက်သို့ ကျရောက်သွားမည် းမဟုတ်ချေ။
သာမန် တာအိုအနှစ်သာရနှင့် ထိပ်တန်း တာအိုအနှစ်သာရအကြားရှိ ကွာဟချက်ကို အလွယ်တကူ ကျော်လွှား၍ မရနိုင်ချေ။
လန်အာက ထိုက်ရွှီဓားအနှစ်သာကကို နားလည်သဘောပေါက်ပြီး စတုတ္ထအဆင့် နယ်ပယ်သို့ ရောက်ရှိနေပြီလော၊ထိုမှသာ သူမဂျူနီယာညီလေးမုယန်အားစိန်ခေါ်ရန် စွမ်းဆောင်ရည် ရှိကောင်းရှိနိုင်ပေလိမ့်မည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ဆေးလုံးတောင်ထွတ်ကတော့ ပုံမှန်အတိုင်း ဆက်လည်ပတ်နေရမှာပဲ။"
"ငါ့ဆရာလိုအပ်နေတဲ့ ကပ်ဘေးဆေးလုံးတွေ တစ်လုံးမှ လျော့နေလို့ မရဘူး။"
ဆရာချန်းဖုန်းက အသက်ကို မှုတ်ထုတ်လိုက်လေသည်။ တောင်ထွတ် ရှစ်ခုအနက်၊ ဆေးလုံးတောင်ထွတ် တစ်ခုတည်းသာ မည်သည့် အနှောင့်အယှက်မျှ မရှိစေရပေ။
အကယ်၍တစ်စုံတစ်ရာ အမှန်တကယ် မှားယွင်းသွားပါက၊ ထိုက်ရွှီတာအိုအနှစ်သာရကို အမွေဆက်ခံထားသော သူ၏တပည့်များအတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာပေလိမ့်မည်။
ရှန်းရွှီ...ရှန်းရွှီ၏အကြောက်စရာအကောင်းဆုံး အပိုင်းမှာ ရွှီဟူသော စာလုံးပင် ဖြစ်လေသည်။
၎င်းသည် ထိုက်ရွှီကို ဖြတ်သန်းကာ တာအိုကို စူးစမ်းရှာဖွေခြင်းကို ကိုယ်စားပြုနိုင်သလို၊ လွတ်မြောက်၍မရနိုင်ဘဲ အမှားအယွင်းများထဲသို့ နစ်မြုပ်သွားခြင်းအဖြစ်သို့လည်း ပြောင်းလဲသွားနိုင်လေသည်။
နောက်တစ်ခဏတွင်၊ ဆရာချန်းဖုန်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ မျက်ခုံးပင့်လိုက်လေသည်။
"ကျွတ်၊ တောင်ထွတ်ရှစ်ခု အစည်းအဝေးတဲ့၊ တကယ်ကို ငြိမ်ထိုင်မနေနိုင်ကြတော့ဘူးပဲ။"