← Chapters

ရှာမန်တို့၏ သွေးများ

Vol. 27 Ch. 368

ရှာမန်တို့၏ သွေးများ

Vol. 27 Ch. 368

ဆောင်းဦးပင်လယ် မျိုးနွယ်စုသည် ရှာမန်နယ်မြေအတွင်းရှိ မျိုးနွယ်စုကြီးများထဲမှ တစ်ခုဖြစ်သည်။ ဤရွှေ့ပြောင်းနေသော အုပ်စုမှာ ၎င်း၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။ အဖွဲ့ကြီးမှာ ရှည်လျားလွန်းသဖြင့် အဝေးမှကြည့်လျှင် ၎င်းတို့က ချိတ်ဆက်နေပုံပေါ်သည်။ သူတို့သည် အချင်းချင်း နီးကပ်စွာ ခရီးဆက်နေကြပြီး ဆောင်းဦးပင်လယ် မျိုးနွယ်စုဝင်များ ထိုင်နေကြသော ဧရာမ သားရဲရိုင်းများစွာသည်လည်း ထူးခြားသော ပုံသဏ္ဍာန်ရှိသည့် အဆောက်အဦးအချို့ကို ၎င်းတို့နှင့်အတူ ဆွဲယူရင်း ဖြည်းညှင်းစွာ ရွေ့လျားနေကြသည်။

ကောင်းကင်ထက်တွင် ထောင်ပေါင်းများစွာသော မက်ကရယ်ငါးများ ကူးခတ်နေကြပြီး ၎င်းတို့ပုံစံက ကောင်းကင်ကို ချေမွဖျက်ဆီးနေသကဲ့သို့ပင်။ လေထုအတွင်း စူးရှသောအော်မြည်သံများ ပဲ့တင်ထပ်နေပြီး ပတ်ဝန်းကျင်ကို ကင်းလှည့်နေဟန်ဖြင့် အပြင်ဘက်နယ်နိမိတ်တစ်လျှောက် ဖြန့်ကျက်နေသော မက်ကရယ်ငါးများလည်း ရှိနေသည်။

စုမင်သည် ပေတစ်သိန်း အရွယ်အစားရှိသော လိပ်ကြီးတစ်ကောင်၏ ထိပ်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ့နံဘေးတွင် ဆောင်းဦးပင်လယ် မျိုးနွယ်ဝင် ကိုးဦး ထိုင်နေကြသည်။ ထိုလူကိုးဦး၏ ကျင့်ကြံဆင့်များမှာ သာမန်မျှသာဖြစ်ပြီး ၎င်းတို့အားလုံးမှာ အလယ်အလတ် ရှာမန်များဖြစ်သည်။

ထိုသူများသည် စုမင်ကို အလယ်တွင်ထား၍ ဘေးပတ်ပတ်လည်မှ ဝိုင်းရံထားကြ၏။ ထိုအရာက အဆုံးသတ်ရှာမန် ယောကျ်ားထံမှ အမိန့်ဖြစ်သည်။

စုမင်နံဘေးတွင် လဲလျောင်းနေသော လူတစ်ဦးရှိပြီး... ၎င်းက မာန်စွမ်းအားရှင်အိုကြီး ဖြစ်သည်။ သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်သော်လည်း သူ့စိတ်ကတော့ ကြည်လင်နေလေသည်။ ဤမတိုင်မီက မြင်ခဲ့ရသော အရာများကြောင့် သူ့နှလုံးသားမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နေခဲ့သည်။

စုမင်သည် စိတ်ဝိညာဉ်ဖမ်းစားသူ တစ်ယောက်ဖြစ်သည်ဟု သူမူလက မယုံကြည်ခဲ့သော်လည်း အဖြစ်အပျက်များ၏ ဆက်လက်တိုးတက်သွားမှုက သူ့ကို ချီတုံချတုံ ဖြစ်သွားခဲ့စေသည်။ ယခုအချိန်တွင်တော့ စုမင်သည် မည်သူမည်ဝါဖြစ်ကြောင်း သူလုံးဝ မသေချာတော့ပေ။

စုမင်သည် လိပ်ကြီးပေါ်တွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူ့အမူအယာမှာ အေးဆေးတည်ငြိမ်နေပြီး သူ့နှလုံးသားအတွင်း မည်သို့ အမှန်တစ်ကယ် ခံစားနေရကြောင်း အရိပ်အမြွက်ပင် မမြင်တွေ့နိုင်ချေ။ သူသည် လိပ်ကိုးကောင်အနက် ဒုတိယမြောက်လိပ်ကြီးပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ အရှေ့တည့်တည့်ရှိ ပထမဆုံးလိပ်ကြီးသည်တော့ အဆုံးသတ်ရှာမန် ယောကျ်ား၏ အစီးအနင်းဖြစ်၏။

စုမင်ရှိနေသော နေရာမှဆိုလျှင် အဝေးရှိ ပထမဆုံးလိပ်ပေါ်မှ သူရှိရာဘက်သို့ ကျောပေးထိုင်နေသော ဆံပင်ရှည်ယောကျ်ားကို မြင်တွေ့နိုင်သည်။ ထိုဆံပင်အရှည်မှာ စုမင်ယခင်က တစ်ခါမှ မမြင်ဖူးသော အရာဖြစ်သည်။ ထို့အပြင် သူသည် စုမင်ပထမဆုံး တွေ့ဖူးသော အဆုံးသတ်ရှာမန်လည်း ဖြစ်သည်။

အဆုံးသတ်ရှာမန်တစ်ဦးတွင် ရှိသောစွမ်းအားသည် မာန်ဝိညာဉ်နယ်ပယ် ပြည့်စုံဆင့်ရှိ လူများနှင့် တူညီကြောင်း သတိရမိသောအခါ စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ရသည်။

'ရှာမန်တွေထဲမှာ အဆုံးသတ်ရှာမန် ဘယ်နှယောက်လောက် ရှိနေတာလဲ... အများကြီးတော့ မဖြစ်နိုင်ဘူး။ မာန်ဝိညာဉ်နယ်ပယ် ပြည့်စုံဆင့်ကို ရောက်တဲ့ မာန်စွမ်းအားရှင် နည်းနည်းပဲ ရှိသလိုမျိုးပဲ နေမယ်'

အဆုံးသတ် ရှာမန်များနှင့် မာန်ဝိညာဉ်နယ်ပယ် ပြည့်စုံဆင့်ရောက် မာန်စွမ်းအားရှင်များအပေါ် စုမင်၏ နားလည်သဘောပေါက်မှုက အလွန်အကန့်အသတ် ရှိနေသည်။ ဤသည်က ရိုးရှင်းစွာပင် သူ့အတွက် အလွန်ဝေးကွာလွန်းနေ၏။

'အဲဒါက အကြည့်လေးတစ်ချက်ပဲဆိုပေမယ့် မာန်ဝိညာဉ်နယ်ပယ် ကနဦးဆင့်မှာရှိနေတဲ့ မာန်စွမ်းအားရှင်တစ်ယောက်ကို ပြိုလဲလုနီးပါး ဖြစ်သွားစေခဲ့တယ်... ပြီးတော့ သူ့ကို ဒီအတိုင်းလေးပဲ ဘာမှမဟုတ်သလို ဖမ်းဆီးလိုက်တာဆိုတော့ အဆုံးသတ်ရှာမန်တစ်ယောက်ရဲ့ ခွန်အားဟာ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှာ အထွတ်အထိပ်လို့ ယူဆနိုင်လောက်တယ်'

'အဆုံးသတ် ရှာမန်... သူ့နာမည် ဘယ်သူလဲဆိုတာ ငါသိချင်မိတယ်။ သူက ရှာမန်နဲ့ မာန်စွမ်းအားရှင် မျိုးနွယ်နှစ်ခုလုံးမှာ ကျော်ကြားတဲ့သူပဲ ဖြစ်ရမယ်' စုမင်သည် သူ့ဆီသို့ မည်သည့် အာရုံစိုက်မှုမျိုးကိုမှ ဆွဲဆောင်ခြင်းမပြုပဲ ပတ်ဝန်းကျင်ကို စတင်စစ်ဆေးနေလိုက်သည်။

မျိုးနွယ်စုကြီးမှာ အလျင်အမြန် ရွေ့လျားနေခြင်း မဟုတ်ပေ။ နေဝင်ရီတရော အချိန်ရောက်လာသောအခါ ရွှေ့ပြောင်းမျိုးနွယ်စုကြီး၏ အရှိန်က စတင်လျော့ကျသွားခဲ့သည်။ ဆောင်းဦးပင်လယ် မျိုးနွယ်ဝင်များသည် လူသူကင်းမဲ့သော ကျတ်တီးမြေပေါ်မှာပင် သားရဲအရေတဲများ တည်ဆောက်ခြင်း၊ မီးပုံများ ပြုလုပ်ခြင်းတို့ကို ကျွမ်းကျွမ်းကျင်ကျင် စတင်လုပ်ဆောင်လိုက်ကြသည်။ အရာအားလုံးကို အစီအစဉ်တကျ လုပ်ဆောင်သွားပြီး သူတို့လှုပ်ရှားမှုများအတွင်း ဖြစ်ကတတ်ဆန်း အရိပ်အယောင်တစ်ခုလေးပင် မရှိခဲ့ချေ။ လူတိုင်းသည် မိမိတို့လုပ်ဆောင်ရမည့်အရာကို အတိအကျ သိနေသလိုမျိုးပင် ဖြစ်သည်။

မှောင်ရီဖြိုးဖျ အချိန်ကုန်ဆုံးသွားပြီး ညအမှောင်ထု ကြီးစိုးလာသောအခါ မီးပုံများမှ အလင်းရောင်က ဧရိယာတစ်ဝိုက် ထွန်းလင်းနေချေပြီ။ ၎င်းတို့သည် ထိုအချိန်တွင် အနားယူစတည်းချနေသော ရွှေ့ပြောင်းမျိုးနွယ်စုတစ်ခု ဖြစ်နေလျှင်ပင် သူတို့သိမ်းပိုက်အသုံးပြုထားသော ဧရိယာမှာ အလွန်အမင်း ကြီးမားနေဆဲ ဖြစ်သည်။ အနည်းဆုံးတော့ စုမင် မတ်တပ်ရပ်ကာ အဝေးသို့ကြည့်လိုက်ချိန်မှာပင် လူတန်းကြီး၏ အဆုံးသတ်ကို ဝေဝါးဝါးသာ မြင်တွေ့နိုင်ပြီး ဤယာယီမျိုးနွယ်စုရွာကြီး ဘယ်လောက်ကြီးမားကြောင်း ဆုံးဖြတ်ရန် မဖြစ်နိုင်ပါချေ။

လမင်းကြီးသည် တိမ်စိုင်များကြားမှ တစ်ဖြည်းဖြည်း ထွက်ပြူလာပြီး မြေပြင်ထက်တွင်လည်း မီးပုံအလင်းတို့ ထွန်းလင်းတောက်ပနေသည်။ အဝေးတွင် မှောင်မည်းနေသော်လည်း မျိုးနွယ်စုမှာတော့ အတော်ပင် လင်းထိန်နေခဲ့သည်။ အနီးအနားတွင် ကလေးငယ်တစ်ချို့ ဆော့ကစားနေကြပြီး ရံဖန်ရံခါဆိုသလို လေထဲသို့ ပျော်ရွှင်စွာ ရယ်မောသံများ ပျံ့လွင့်လာတတ်သည်။ ဆောင်းဦးပင်လယ် မျိုးနွယ်ဝင်များသည် အစားအစာများကို ထုတ်ယူလိုက်ကြပြီး အချို့က မီးပုံများပေါ်တွင် အသားကင်များ စတင်ပြုလုပ်လိုက်ကြသည်။ လေထုထဲတွင် မွှေးပျံ့သော အစားအသောက်ရနံ့တို့နှင့်အတူ လှုပ်လှုပ်ရှားရှား ဆူညံသံများ ပြည့်နှက်နေခဲ့၏။

စုမင်သည် မီးပုံတစ်ခု နံဘေးတွင်ထိုင်၍ အရာအားလုံးကို လေ့လာနေလိုက်သည်။ အကယ်၍ တက်တူးများကိုသာ မကြည့်မိလျှင် သူသည် ရှာမန်များကြားတွင် ထိုင်နေခြင်းမဟုတ်ပဲ မာန်စွမ်းအားရှင်များကြား၌ ရောက်နေခြင်းဖြစ်သည်ဟုပင် မှားယွင်းခံစားနေရလေသည်။

၎င်းတို့၏ အစားအသောက်နှင့် နေထိုင်မှုပုံစံများပင် ဖြစ်စေ လူမျိုးနှစ်ခုကြားရှိ အရာအားလုံးမှာ ဆင်တူလွန်းလှသည်။ ၎င်းတို့ကြားရှိ ခြားနားချက်မှာ သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် ကျင့်စဉ်ပညာရပ်များသာ ဖြစ်သည်။

စုမင်သည် ငေးမောတွေဝေနေရင်းမှ မီးပုံ၏ တစ်ဖက်ခြမ်းတွင် ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်ရှိသော ကလေးငယ်သုံးဦးကို တွေ့လိုက်ရသည်။ ၎င်းတို့သည် သားရဲအရေများကို ဝတ်ဆင်ထားပြီး သူတို့ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေကြသည်။ သူတို့သည် ပြေတမ်းလိုက်တမ်း ကစားနေခြင်းဖြစ်သည်။ ကလေးတစ်ဦးတွင် မျက်လုံးဝိုင်းကြီးများနှင့် ပန်းရောင်သန်းနေသော ပါးဖောင်ဖောင်းလေးများ ရှိသဖြင့် သူ့ပုံစံက အတော်လေး ချစ်စရာကောင်းနေလေသည်။

ကောင်လေးသည် ပျော်ရွှင်စွာရယ်မောလျက် အရှေ့မှ ပြေးလွှားနေခဲ့ပြီး သူ့သူငယ်ချင်းနှစ်ဦးက သူ့နောက်သို့ လိုက်နေကြသည်။

"မင်းတို့နှစ်ယောက်က အရမ်းနှေးတာပဲ။ ငါ သုံးအထိ ရေမယ်။ မင်းတို့ငါ့ကို မဖမ်းနိုင်သေးဘူးဆိုရင်တော့ မင်းတို့နှစ်ယောက်ကို ဒီပလုတ်တုတ်တုတ် ဗုံနဲ့ မဆော့ခိုင်းတော့ဘူး"

အရှေ့မှပြေးနေသော ကောင်လေး၏လက်ထဲတွင် လက်ကိုင်တစ်ခုပါသော လုံးဝိုင်းဝိုင်း ပလုတ်တုတ်တုတ် ဗုံလေးတစ်ခု ကိုင်ဆောင်ထားသည်။ သို့သော်လည်း မြေပြင်ညီမဟုတ်သဖြင့် ခေါင်းလှည့်ကာ စကားပြောနေစဉ်မှာပင် တစ်စုံတစ်ရာကို ခလုတ်တိုက်၍

မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားတော့သည်။

သူလဲကျသွားသည်နှင့် အနောက်မှ သူငယ်ချင်းနှစ်ဦးမှာ သူ့ကိုချက်ချင်းဖမ်းမိသွားပြီး သုံးဦးသား အတူတကွ စတင်ကစားနေကြလေသည်။

သို့သော်ငြား ၎င်းတို့သုံးဦးသည် ဝိုင်းဝန်းကစားနေရင်းမှပင် ရန်ဖြစ်သံများ စတင်ထွက်ပေါ်လာသဖြင့် စုမင်အား ထိုနေရာသို့ လှမ်းကြည့်မိသွားစေသည်။

"ဒါ မင်းအပြစ်ပဲ။ ပလုတ်တုတ်တုတ် ဗုံက မင်းကြောင့် ပျက်စီးသွားတာ။ အဲဒါ မင်းကြောင့်"

"ငါ့ပါးပါးက ဒါကို ငါ့အတွက် လုပ်ပေးခဲ့တာ။ ပြန်လုပ်ပေးကွာ"

ထိုအချိန်တွင် ယခင်က ချော်လဲကျထားသော ကောင်လေးသည် ခေါင်းကိုငုံ့ထားပြီး ငိုတော့မည့်ပုံ ပေါ်နေသည်။ သူ့လက်များထဲတွင် ဆုပ်ကိုင်ထားသော ပလုတ်တုတ်တုတ် ဗုံလေးပေါ်တွင်တော့ စုတ်ပြဲရာတစ်ခု ရှိနေလေသည်။

သူ့အရှေ့တွင် ရပ်နေသော အခြားကလေးငယ်နှစ်ဦးမှာ စိတ်ဆိုး ဒေါသထွက်နေပုံရသည်။ ထို့နောက် သုံးယောက်သား အချင်းချင်း စတင်အော်ဟစ်နေကြလေသည်။

ဤလို အဖြစ်အပျက်မျိုးမှာ ကလေးများကြားတွင် မကြာခဏ ဖြစ်ပျက်တတ်သဖြင့် ယခုလို ရန်ပွဲမျိုး ဖြစ်ပေါ်လာသောအခါ အနီးဝန်းကျင်ရှိ ရှာမန်အများစုမှာ

၎င်းကို လျစ်လျူရှုရန်သာ ရွေးချယ်လိုက်ကြသည်။ အပြစ်ကင်းစင်သော ကလေးငယ်များနှင့် စာလျှင် ရင့်ကျက်သော ရှာမန်များမှာတော့ စိတ်နှလုံး လေးလံနေကြရလေသည်။ အဘယ်ကြောင့်ဆိုသော် များမကြာမီမှာပင် ၎င်းတို့သည် စစ်ပွဲသို့ ပူးပေါင်းပါဝင်ရတော့မည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့အထဲမှ လူနည်းစုသာ အသက်ရှင်ကျန်ရစ်နိုင်မှာ ဖြစ်သောကြောင့် ဖြစ်သည်။

စုမင်သည် ကလေးငယ်သုံးဦးကို ကြည့်နေရာမှ ထိုကောင်လေး၏ လက်ထဲရှိ ပလုတ်တုတ်တုတ်ဗုံကို စိုက်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ မတ်တပ် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ဝိုင်းရံထားသော အလယ်အလတ်ရှာမန် ကိုးဦး၏ အကြည့်များမှာ သူ့အပေါ်သို့ ချက်ချင်းကျရောက်လာပြီး ၎င်းတို့မျက်ဝန်းများထဲတွင်လည်း သတိချပ်သော အမူအယာများ ပေါ်လာခဲ့သည်။

စုမင်သည် သူ့အပေါ် ကျရောက်နေသော ထိုအကြည့်များကို လျစ်လျူရှုကာ အော်ဟစ်ရန်ဖြစ်နေသော ကလေးငယ်သုံးဦးဆီသို့ စတင်လျှောက်သွားလိုက်သည်။

အလယ်အလတ်ရှာမန် ကိုးဦးသည် စုမင်လုပ်ရပ်များကြောင့် မျက်မှောင်ကြုတ်လိုက်မိကြ၏။  စုမင်နှင့် ကလေးငယ်သုံးဦးကြားတွင်ရှိနေသော ၎င်းတို့ကိုးဦးထဲမှ တစ်ဦးဆိုလျှင် စုမင် သူ့ဘက်သို့ လျှောက်လှမ်းလာသောအခါ မတ်တပ်ပင် ထရပ်လိုက်မိချေ၏။ သူသည် စုမင်ကို စိုက်ကြည့်လိုက်ပြီး ပါးစပ်ဟရန် ပြင်လိုက်ချိန်မှာပင် သူ့အမြင်အာရုံက ဝေဝါးသွားခဲ့သည်။ သူ့မျက်စိရှေ့ရှိ လောကကြီး တစ်ဖန် ပြန်လည်ကြည်လင်သွားသောအခါ စုမင်က သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့ချေပြီ။

ထိုလူသည် ခဏတာ ထိတ်လန့်မင်သက်နေပြီးနောက် ခေါင်းကို အလျင်အမြန် လှည့်ကြည့်လိုက်ရာ သူ့ကိုကျောပေး၍ ကလေးငယ်သုံးဦးဆီသို့ လျှောက်သွားနေသော စုမင်ကို တွေ့လိုက်ရသည်။

ထိုလူ၏ ပြောင်းလဲသွားသော အမူအယာလိုပင် အခြားရှစ်ဦးသည်လည်း အလားတူ တုန့်ပြန်ခဲ့မိကြသည်။

သူတို့အားလုံး စုမင်အနီးသို့ ချဉ်းကပ်တော့မည့် အချိန်မှာပင် စုမင်သည် ကလေးငယ်သုံးဦး၏ နံဘေးသို့ ရောက်ရှိသွားကြောင်း မြင်လိုက်ရသည်။ ထို့နောက် သူသည် ရပ်တန့်၍ ဆောင့်ကြောင့်ထိုင်ချလိုက်ချေသည်။

"ဦး ကြည့်ပါရစေ။ အဲဒါကို ဦး ပြန်ပြင်ရင် ပြင်ပေးနိုင်မှာပေါ့" စုမင်သည် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသော်လည်း သူ့မျက်လုံးများထဲမှ ကြင်နာသော အကြည့်နှင့် နူးညံ့သော သူ့လေသံတို့ကတော့ နေ့အချိန်သဖွယ် ရှင်းလင်းကြည်လင်နေခဲ့သည်။

ကလေးငယ်သုံးဦးသည် အံ့အားသင့်သွားပြီး စုမင်အား မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လာကြသည်။

"ဦးဦး ပလုတ်တုတ်တုတ် ဗုံကို ပြန်ပြင်ပေးနိုင်လားဟင်"

"ဖေဖေက ဒါကို သားအတွက် လုပ်ပေးခဲ့တာ။ အဲဒါ ပျက်သွားတာ သူ့ကြောင့်ပဲ"

"ဦးဦး အဲဒါကို ပြင်ပေးပါနော်။ အဲဒါ သားကြောင့် ပျက်သွားလို့ပါ"

အနီးသို့ ချဉ်းကပ်ချင်ခဲ့သော စုမင်အနောက်ရှိ အလယ်အလတ် ရှာမန်ကိုးဦးမှာ ရုတ်ခြည်း ရပ်တန့်သွားမိကြသည်။ သူတို့သည်လည်း စုမင်၏ စကားနှင့် လုပ်ရပ်များကို ကြားသိမြင်တွေ့ခဲ့ရလေသည်။

စုမင်သည် ကောင်လေးလက်ထဲမှ ပလုတ်တုတ်တုတ် ဗုံငယ်လေးကို ယူကာ စစ်ဆေးကြည့်လိုက်သည်။ ထိုတစ်ခဏမှာပင် သူ့မျက်ဝန်းများအတွင်း အတိတ်သို့ လွမ်းဆွတ်တမ်းတမှုများ ထွက်ပေါ်လာခဲ့သည်။ ရှာမန်နှင့် မာန်စွမ်းအားရှင် မျိုးနွယ်များအကြားရှိ တူညီမှုများကြောင့် ကလေးကစားစရာများသည်ပင် တူညီလုနီးပါး ဖြစ်နေစေသည်။

ဥပမာအားဖြင့် ဤပလုတ်တုတ်တုတ် ဗုံလေးပင်ဖြစ်သည်။

သူငယ်စဉ်အခါက သူ့အကြီးအကဲသည်လည်း သူ့အတွက် ဤကဲ့သို့ တစ်ခုလုပ်ပေးခဲ့ဖူးကြောင်း စုမင် သတိရမိသွား၏။ ၎င်းက သားရဲအရေများကိုသုံး၍ ပြုလုပ်ထားသော ပလုတ်တုတ်တုတ် ဗုံငယ်လေးဖြစ်ပြီး ဗုံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်တုံးသေးသေးလေး တစ်ခုစီကို ကြိုးဖြင့် ချည်နှောင်ထားသည်။ အကယ်၍ ၎င်းကို သူ့လက်ထဲတွင် ကိုင်၍ လက်ကောက်ဝတ်ကိုသာ အနည်းငယ် လှည့်ပတ်လှုပ်ရှားလိုက်မည်ဆိုလျှင် ကြိုးဖြင့်ပတ်ထားသော ကျောက်တုံးလေးများသည် ဗုံ၏ မျက်နှာပြင်ကို ထိခတ်ကာ တုန်ခါသံများ ထွက်ပေါ်လာပေလိမ့်မည်။

၎င်းသည် ငယ်စဉ်က စုမင်၏ အနှစ်သက်ဆုံး ကစားစရာများထဲမှ တစ်ခုဖြစ်သည်။ သူ့လက်ထဲရှိ ပလုတ်တုတ်တုတ်ဗုံကို ကြည့်ရင်း မျက်နှာဖုံးအောက်ရှိ စုမင်မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဗုံ၏ တစ်ဖက်က စုတ်ပြဲသွားသဖြင့် မည်သည့်အသံမှ မထုတ်နိုင်တော့ခြင်း ဖြစ်သည်။

စုမင် လက်ကိုမြှောက်ကာ ဗုံပေါ်မှ သားရဲအရေကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက် ကောင်လေး၏ အင်္ကျီထောင့်စွန်းတစ်ခုကို ဆုတ်ဖြဲယူကာ ဗုံပေါ်တွင် ပြန်လည်တပ်ဆင်လိုက်သည်။ ၎င်းကို နေရာတကျ တပ်ဆင်ပြီးသည်နှင့် ဗုံကိုင်ထားသော လက်ကောက်ဝတ်ကို လှည့်လိုက်ရာ လေထဲတွင် ပလုတ်တုတ်တုတ် သံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

ကလေးငယ်သုံးဦးသည် ချက်ချင်းပင် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအယာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့သည် ပြန်လည်ပြင်ဆင်ပြီးသွားသော ပလုတ်တုတ်တုတ် ဗုံလေးကို စုမင်ထံမှ ပြန်ယူပြီးသည်နှင့် ကလေးငယ်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အဝေးသို့ ပြေးထွက်သွားကြသည်။

"ကျေးဇူးပါ ဦးဦး။ သားက အားဟူပါ" ယခင်က လဲကျချိန်တွင် ဗုံကိုကွဲသွားစေခဲ့သော ကောင်လေးသည် စုမင်ကို လက်ဝှေ့ယမ်းပြကာ သူငယ်ချင်းများဆီသို့ ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။

ထိုအချိန်တွင်တော့ စုမင်သည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ မာန်စွမ်းအားရှင်များနှင့် ရှာမန်များကြားမှ သွေးကြွေးကိုဖြစ်စေ၊ မည်မျှ အချိန်ကြာမြင့်မည်မှန်း မသိသည့် ကောင်းကင်မြူခိုးမြို့တော်ဆီမှ နှစ်ဖက်ကြား စစ်ပွဲကိုဖြစ်စေ ဂရုမစိုက်မိတော့ပေ။

သူသည် အပြစ်ကင်းစင်သော ကလေးငယ်များကိုသာ ကြည့်၍ သက်ပြင်းချလိုက်မိသည်။

"ညီနောင် မော့၊ မင်းက ကလေးတွေကို ပလုတ်တုတ်တုတ်ဗုံ ကူပြင်ပေးလိမ့်မယ်လို့ ငါမထင်ထားမိဘူး။ သူတို့ဆီမှာ မင်းရဲ့အတိတ်ကို ပြန်မြင်ခဲ့မိတာပဲ ဖြစ်မယ်" စုမင် အနောက်မှနေ၍ ရွှင်မြူးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုစကားသံနှင့်အတူ ခါးထိရောက်နေသော ဆံပင်ရှည်များရှိသည့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရောက်ရှိလာလေသည်။ အသားဖြူဖြူနှင့် ထိုလူငယ်၏ မျက်ခုံးများအလယ်တွင် မက်ကရယ်ငါးပုံ တက်တူးတစ်ခု ရှိနေ၏။

သူ့ပုံစံသည် အခြားရှာမန်များနှင့် ယှဉ်လျှင် အနည်းငယ် ကွဲပြားနေသည်။ အချိန်အများစုတွင် ရှာမန်တို့၏ တက်တူးများသည် ၎င်းတို့၏ မျက်နှာတစ်ပြင်လုံးကို ဖုံးအုပ်ထားတတ်သော်လည်း ယခု ဤလူ၏ တက်တူးကတော့ ၎င်း၏ မျက်ခုံးများအလယ်ရှိ နေရာလေးကိုသာ ဖုံးအုပ်ထားလေသည်။ သူ့မျက်နှာပေါ်ရှိ အခြားနေရာများတွင်တော့ တက်တူးအရိပ်အယောင် တစ်ခုတစ်လေပင် ရှိမနေချေ။

သူသည် အဝေးမှ လျှောက်လှမ်းလာနေပြီး ထိုသူ နီးကပ်လာသည်နှင့် အမျှ စုမင်အား အနီးကပ်စောင့်ကြည့်နေခဲ့သော အလယ်အလတ် ရှာမန်ကိုးဦး၏ မျက်နှာများပေါ်တွင် လေးစားမှုများ ထွက်ပေါ်လာခဲ့သည်။ လူငယ်သည် လက်ကိုမြှောက်၍ ဝှေ့ယမ်းပြလိုက်ရာ ၎င်းတို့ကိုးဦးသည် အနောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားကြ၏။

"အတိတ်ဆိုတာ ဒီနေရာမှာ မရှိတော့တာ ကြာခဲ့ပါပြီ" စုမင်သည် နောက်သို့လှည့်ကာ လူငယ်အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

"အတိတ်က ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပေမယ့် ကျုပ်တို့က လက်ရှိပစ္စုပ္ပန်ကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသင့်တယ်။ ဘာလို့ဆို မင်းသိထားတဲ့ အရာက မင်းရဲ့ အနာဂါတ်ကို အဆုံးအဖြတ်ပေးမှာ မို့လို့ပဲ" လူငယ်လေးသည်လည်း စုမင်ကို ပြန်ကြည့်လိုက်သည်။ သို့သော် သူ့နှုတ်ခမ်းများထက်တွင်တော့ ခပ်ရေးရေး အပြုံတစ်ခု ရှိနေလေသည်။

ထိုအခိုက်အတန့်မှာပင် သူတို့ အကြည့်များ ဆုံတွေ့သွားကြသည်။

"ကျုပ်က ယာမူပါ။ ဆောင်းဦးပင်လယ် မျိုးနွယ်စုရဲ့ အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူတစ်ယောက် ဆိုပါတော့" လူငယ်သည် အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်ပြီး စုမင်ထံမှ အကြည့်လွှဲကာ မီးပုံနံဘေးတွင် ထိုင်ချလိုက်သည်။

"ညီနောင် မော့၊ တစ်ခွက်လောက်များ သောက်ချင်လား" လူငယ်၏ စကားဆုံးသည်နှင့် သူ့အနောက်မှ တစ်စုံတစ်ဦးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် ခပ်သွက်သွက် လှမ်းလာပြီး သူ့နံဘေးတွင် ဝိုင်နှစ်အိုးကို ချပေးပြီးနောက် အနောက်သို့ တလေးတစား ပြန်ဆုတ်သွားခဲ့သည်။

စုမင်သည် အနီးတွင် ထိုင်ချလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။

လူငယ်သည် ဝိုင်တစ်အိုးကို ယူကာ ၎င်းကိုဖွင့်၍ ပါးစပ်အပြည့် တစ်ငုံခန့်သောက်ချလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။

လူငယ်သည် ဝိုင်အိုးကို ပြန်ချလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလာခဲ့သည်။ "ညီနောင်မော့၊ မင်း စစ်မြေပြင်က လာခဲ့တာမလား"

"မင်း ဘာလို့ အဲဒီလိုပြောတာလဲ" စုမင် တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

"မင်းကိုယ်ပေါ်က ရှာမန်တွေရဲ့ သွေးနံ့ကို ငါအနံ့ခံနိုင်တယ်။ မင်းလက်ထဲမှာ သေဆုံးခဲ့တဲ့ ရှာမန်တွေ အများကြီး ရှိခဲ့လိမ့်မယ်။ ပြီးတော့ မင်းက... အစစ်အမှန် လေမာန်စွမ်းအားရှင် စစ်နတ်ဘုရား ဆိုတဲ့သူလည်း ဖြစ်လိမ့်မယ်" လူငယ်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သော်လည်း သူ့စကားဆုံးသည်နှင့်  ပျားပန်းခပ်လှုပ်ရှားနေသော မျိုးနွယ်စုအတွင်းမှ အေးစက်စက် လက်ကြီးတစ်ဖက်သည် စုမင်ထံ ချဉ်းကပ်လာသကဲ့သို့ပင် ဖြစ်လေသည်။

***

All Chapters