အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း ၁၆၉
[ရထားမောင်းနှင်သူ အဆင့်မြင့် မော်ဂျူးကတ်ပြား] [အသက်သွင်းမည်လား] [မဟုတ်ပါ]
ရဲချီယန်က လှဲလျောင်းနေရာမှ ထထိုင်လိုက်ပြီး ကတ်ပြားကို ကစားကာ စိတ်အခြေအနေကို ဖြည်းညှင်းစွာ တည်ငြိမ်စေရန် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေ၏။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း" သူက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
အနီရောင်နှင့် အပြာရောင်တို့က ရောယှက်သွားလေသည်။ ကတ်ပြားလေးက လေထဲသို့ တဖြည်းဖြည်း လွင့်မျောသွားပေသည်။
နက်ရှိုင်းသော အပြာရောင်အလင်းတန်းက အပြင်ဘက်သို့ အဆက်မပြတ် ပြန့်ကားသွားလေ၏။ ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားချိန်တွင်တော့ ဝုန်းခနဲ ပေါက်ကွဲသွားချေပြီ။ မီးစုန်းကောင်လေးများကဲ့သို့ အပြာရောင် အလင်းစက်လေးများက ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။ ကတ်ပြားက ရဲချီယန်၏ လက်ဖဝါးထဲသို့ ပြန်လည်ကျဆင်းလာလေ၏။
[ကိုယ်ခံစွမ်းအား: ၁၇၀ -> ၁၃၀] [စိတ်စွမ်းအား: ၁၆၀ -> ၁၃၀] [ရထားမောင်းနှင်သူ အဆင့်မြင့် မော်ဂျူးကတ်ပြား -> အထူး မော်ဂျူးကတ်ပြား]
အဆင့်မြင့်ကနေ အထူးကို ပြောင်းသွားတာလား။
ဟင်... သူ ပထမဆုံး ရရှိခဲ့သော မော်ဂျူးကတ်ပြားမှာ ရထား အမြန်ဆုံး အဆင့်မြှင့်တင်မှု စံချိန်အတွက် ဆုလာဘ်တစ်ခုဖြစ်ကြောင်း သူ မှတ်မိနေသေးလေ၏။ ထိုအချိန်က အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် ၎င်းသည် အထူးမှနေ၍ သီးသန့်ကံကြမ္မာ လမ်းဆုံလမ်းခွအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဆင့်မြင့် ကတ်ပြားတစ်ခုကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ခြင်းက အထူး မော်ဂျူးကတ်ပြားတစ်ခု ရရှိလာစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ဟူး..."
"ကုန်ကျစရိတ်က ငါထင်ထားတာထက် အများကြီး သက်သာတယ်၊ ငါ တကယ်ကို ဘယ်လို မော်ဂျူးမျိုး ရနိုင်မလဲ ဆိုတာ ကြည့်ရအောင်"
လက်များကို ပွတ်သပ်လိုက်ကာ သူ၏ရှေ့ရှိ အလင်းမျက်နှာပြင်ပေါ်မှ အသုံးပြုမည်ဟူသော ရွေးချယ်စရာကို နောက်ဆုံးတွင် သူ နှိပ်လိုက်လေတော့သည်။
[အထူး မော်ဂျူးကတ်ပြားကို အသုံးပြုပါမည်]
[ဂုဏ်ယူပါတယ်.. အထူး မော်ဂျူးကို ရရှိပါသည် - ကုန်ကျစရိတ် အများအပြား လျှော့ချခြင်း]
[ကုန်ကျစရိတ် အများအပြား လျှော့ချခြင်း - ပစ္စည်းများအတွက် လိုအပ်သော ရထားဒင်္ဂါး သုံးစွဲမှုကို သုညအထိ လျှော့ချပေးသည်]
"အင်း... ဟင်"
ရဲချီယန်က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူဖတ်တာ မမှားကြောင်း အတည်ပြုပြီးနောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေတော့သည်။ ဤမော်ဂျူးက အချို့လူများအတွက် ထိုမျှလောက် အားကောင်းချင်မှ အားကောင်းပေလိမ့်မည်။
သို့သော် သူ့အတွက်တော့ လုံးဝ ကွဲပြားခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေ၏။
အမဲလိုက် စက်ယန္တရားနဂါး၏ အကန့်အသတ်ကျော်လွန် မုဒ်ကို အသက်သွင်းရန် ရထားဒင်္ဂါး ၈၀ အပြည့် ကုန်ကျပေသည်။ ပုံမှန်အားဖြင့် ရထားဒင်္ဂါး ရှစ်ဆယ် စုဆောင်းမိလျှင်တောင်မှ သူ၏ ပထမဦးစားပေးမှာ ရထားကို အဆင့်မြှင့်တင်ရန်နှင့် အဆင့်မြှင့် ရွေးချယ်စရာများကို ဝယ်ယူရန်သာ ဖြစ်လေသည်။
ထို့ကြောင့် ၎င်းတို့ကို စုဆောင်းရန် ခက်ခဲပေသည်။
သို့သော် ဤမော်ဂျူးဖြင့်ဆိုလျှင်တော့ ကွဲပြားသွားပြီ ဖြစ်လေ၏။ အကန့်အသတ်ကျော်လွန်မုဒ် သာမက အမဲလိုက် စက်ယန္တရားနဂါး၏ အခြားပုံစံများအတွက်ပါ ရထားဒင်္ဂါး သုံးစွဲမှုနှင့် ပတ်သက်၍ ထပ်မံစဉ်းစားနေစရာ လိုအပ်မည် မဟုတ်တော့ပေ။
ထို့အပြင် ရထား လက်နက်ကိရိယာများနှင့် ဘူတာအတွင်း စတင်လည်ပတ်ခြင်းများအတွက် ယခင်က ရထားဒင်္ဂါးများ သုံးစွဲရန် လိုအပ်သောကြောင့် သူ အလွယ်တကူ အသုံးမပြုရဲခဲ့ပေ။ ဤမော်ဂျူးတစ်ခုတည်းက ပြဿနာများစွာကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ဟား.. ငါ့ကံက တော်တော်ကောင်းတာပဲ"
အမဲလိုက် စက်ယန္တရားနဂါးကို ဆင့်ခေါ်ရန် လက်ဖျစ်တီးလိုက်ပြီး ရဲချီယန်က ရထားဒင်္ဂါး သုံးစွဲရန် မလိုအပ်တော့သောကြောင့် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ၎င်း၏ ပုံစံများကို ပြောင်းလဲပစ်လိုက်လေ၏။
"ဟက်.. မဆိုးဘူး၊ ဒီမော်ဂျူးကို စောစောလေး မရလိုက်တာ နှမြောစရာပဲ၊ မဟုတ်ရင် ငါ ရထားဒင်္ဂါးတွေ အများကြီး စုမိနေလောက်ပြီ" သူက လောဘတကြီးဖြင့် တွေးလိုက်လေသည်။
ထွက်ခွာရန် အချိန်အနည်းငယ် ကျန်သေးလေ၏။ မော်ဂျူးကတ်ပြားအတွက် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း၏ ကုန်ကျစရိတ်မှာ သူထင်ထားသလောက် မမြင့်မားခဲ့ပေ။ နောက်ထပ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း တစ်ခုကို ပြုလုပ်နိုင်သေးသည်ဟု ရဲချီယန် ခံစားလိုက်ရသည်။
ပစ်မှတ်ကတော့ သဘာဝကျကျပင် အသစ်ရရှိထားသော သတ္တမမြောက် ရထားတွဲပင် ဖြစ်လေ၏။
အတွင်းသို့ လျှောက်ဝင်သွားလိုက်ရာ ရထားတွဲအတွင်းရှိ ရေသိုလှောင်ရန် နေရာလွတ်တွင် ရေအရင်းအမြစ် မရှိသေးပေ။ အပြင်ဘက်တွင် မိုးရွာနေစဉ်က ရေအချို့ စုဆောင်းရန် သူ မတွေးခဲ့မိသည် မဟုတ်ချေ။
သို့သော် ထိုမိုးရေများမှာ မျက်ရည်နီ နတ်ဆိုးက ဆင့်ခေါ်ထားခြင်းဖြစ်ပြီး သာမန် ရေချိုမဟုတ်ပေ။ သန့်စင်ပြီးနောက်တွင်ပင် ၎င်းတို့က မျက်ရည်နီ နတ်ဆိုး၏ စွမ်းအားအနည်းငယ်ကို ဆွဲကပ်ထားဆဲပင် ဖြစ်သည်။ အခြေခံအားဖြင့် ၎င်းတို့ကို သောက်သုံး၍မရသလို အသုံးပြု၍လည်း မရနိုင်ချေ။
ဤရထားတွဲကို ဖြည့်တင်းရန်အတွက် ရေအရင်းအမြစ်ကို ဖြည့်တင်းပေးနိုင်သည့် ကမ္ဘာတစ်ခုသို့ သူ ဝင်ရောက်နိုင်မည်လားဆိုသည်ကို နောက်ဘူတာရုံများအထိ စောင့်ကြည့်ရပေလိမ့်မည်။
"ဟူး... နောက်တစ်ကြိမ်၊ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"
သူက နောက်တစ်ကြိမ် တီးတိုးရေရွတ်လိုက်လေ၏။ ရေသိုလှောင်ရေး ရထားတွဲတစ်ခုလုံး မျက်စီဖြင့်မမြင်ရသော စွမ်းအားတစ်ခုဖြင့် လွှမ်းခြုံသွားလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အလင်းတန်းများ ပျောက်ကွယ်သွားချေပြီ။
ရထားတွဲအတွင်းရှိ မူလက မီးခိုးရောင်နှင့် မှုန်မှိုင်းနေသော နေရာလွတ်မှာ သန့်ရှင်းပြီး တောက်ပလာခဲ့လေ၏။
[ကိုယ်ခံစွမ်းအား: ၁၃၀ -> ၁၀၀]
[စိတ်စွမ်းအား: ၁၃၀ -> ၁၁၀]
[ရေသိုလှောင်ခြင်းနှင့် ရေသတ္တဝါ မွေးမြူရေး ရထားတွဲ (အဆင့် ၅) -> သန့်စင်သော · အလိုအလျောက် ရေအရင်းအမြစ် ရထားတွဲ (အဆင့် ၆)]
[ရေကုဗမီတာ ၂,၅၀၀ သိုလှောင်နိုင်စွမ်း ရှိပြီး နေရာလွတ်များကို စိတ်ကြိုက်ခွဲခြားနိုင်သည်၊ ခွဲခြားထားသော နေရာများကို ရေသတ္တဝါ မွေးမြူရေး၊ ရေနေ အိမ်မွေးတိရစ္ဆာန် မွေးမြူရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး၊ ရေကူးခြင်း၊ ရေချိုးခြင်း၊ ရေပူစမ်း... စသည်တို့အတွက် အသုံးပြုနိုင်ပါသည်]
[လျှပ်စစ်ဓာတ်အား လိုအပ်သည်၊ နာရီတိုင်း အလိုအလျောက် သန့်ရှင်းရေး ပြုလုပ်ပေးမည်ဖြစ်ပြီး အမှိုက်များအားလုံးကို စုစည်းစီစဉ်ပေးမည် ဖြစ်သည်]
[ရထားတွဲတွင် ကိုယ်ပိုင် အလင်းရောင်စနစ် ပါရှိပြီး ခွဲခြားထားသော နေရာများအားလုံးအတွက် သင့်လျော်သော ဗဟိုလေအေးပေးစနစ် တည်ဆောက်ရန် စက်ယန္တရား အစိတ်အပိုင်း ၃၀၀ နှင့် သတ္တု ကီလိုဂရမ် ၅၀ ကို အပိုသုံးစွဲနိုင်ပါသည်]
[ဤရထားတွဲအတွင်း သိုလှောင်ထားသော အရည်များအားလုံး ပုပ်သိုးသွားမည် မဟုတ်ပါ]
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် ပြောင်းလဲမှုများမှာ သိပ်မသိသာသော်လည်း လိုအပ်သော နေရာများတွင် ပြောင်းလဲသွားခြင်း ဖြစ်လေ၏။ သူက ဗဟိုလေအေးပေးစနစ် တည်ဆောက်ရန် ပစ္စည်းများကို သုံးစွဲလိုက်ပြီး အပေါ်တည့်တည့်တွင် ချိတ်ဆွဲလိုက်သည်။
ရထားတွဲတစ်ခုလုံး၏ အပူချိန်ကို သင့်လျော်သော အဆင့်တစ်ခုတွင် ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။
"မဆိုးဘူး၊ အခုတော့ ရေနဲ့ ငါးတွေပဲ လိုတော့တယ်"
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း အားလုံးကို ပြီးဆုံးသွားပြီဖြစ်ရာ ဤမှတ်တိုင်မှာလည်း နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိသွားချေပြီ။ ဤနေရာတွင် သူရရှိခဲ့သမျှကို တွက်ချက်ကြည့်လိုက်လေ၏။
ပထမဆုံးအနေဖြင့် ရထားဒင်္ဂါးများ ရှိလေသည်။ အားလုံးပေါင်းပြီး ကုန်ကျစရိတ်များကို နုတ်လိုက်ရာ သူ၏ ရထားဒင်္ဂါး စုစုပေါင်းပမာဏမှာ ၁၀၇ ပြားသို့ ရောက်ရှိသွားပေသည်။
၎င်းသာမကသေးပေ။
မှောင်ခိုဈေးကွက်တွင် တင်ထားသော မျိုးနွယ်စု အသွင်ပြောင်းလဲရာတွင် သုံးသည့် ပစ္စည်းမှာလည်း လေလံပွဲ ပြီးဆုံးသွားခဲ့ပြီး နောက်ဆုံး အရောင်းအဝယ်စျေးနှုန်းမှာ ရထားဒင်္ဂါး ၁၀၀ တိတိ ဖြစ်လေ၏။ မှောင်ခိုဈေးကွက်မှ ကောက်ခံသော ဝန်ဆောင်ခ ၅% ကို နုတ်လိုက်ပါက ၉၅ ပြား ဖြစ်ပေသည်။
ယခုအခါ သူ၏ ရထားဒင်္ဂါး စုစုပေါင်းပမာဏမှာ ၂၀၃ ပြားသို့ ရောက်ရှိသွားချေပြီ။ ယင်းမှာ အမြင့်ဆုံး စံချိန်သစ်ပင် ဖြစ်လေ၏။
အခြားရရှိမှုများမှာ မော်ဂျူးအသစ်၊ ရထားတွဲအသစ်နှင့် ဝေါလီ ယူဆောင်လာသော အဆုံးအစမဲ့ ဆန်အိတ်တို့ ဖြစ်ကြသည်။
ရုပ်ပိုင်းဆိုင်ရာ ရရှိမှုများအပြင် ရဲချီယန်သည် ထို စက်ယန္တရားနှင့် သွေး ဘုရားသခင်ကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းကြောင့် ဤကမ္ဘာကြီးကို ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့လေ၏။ ဘုရားသခင်များနှင့် ရထားစနစ်တို့မှာ သေသည်အထိ တိုက်ခိုက်ကြရမည့်အထိပင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေကြပေသည်။
ဘုရားသခင်များမှာ ရထားစနစ်၏ အောက်တွင်ရှိပြီး ၎င်းကိုပင် ကြောက်ရွံ့နေကြလေ၏။ သို့တိုင်အောင်ပင် သူတို့သည် ရထားဒင်္ဂါးများနှင့် ရထားမောင်းနှင်သူများ၏ ယုံကြည်ကိုးကွယ်မှုကို ရယူရန် လိုအပ်နေသေးပေသည်။
ယင်းအပြင် အဆင့် ၈ အထက်ရှိသော ဘူတာရုံသို့ အဘယ်ကြောင့် မဝင်ရောက်နိုင်သေးသနည်း ဆိုသည်ကိုလည်း သူ နားလည်သွားခဲ့သည်။ အဆင့် ၈ ဘူတာရုံသို့ ဝင်ရောက်ရန် ရပ်နားချိန် ၂၄ နာရီ လိုအပ်လေ၏။ လက်ရှိတွင် သူ၏ ရပ်နားချိန်မှာ ၁၇ နာရီဖြစ်ရာ ကွာဟချက်မှာ သိပ်မကြီးမားတော့ချေ။
"မနက်ဖြန်ကျရင် ငါ ရထားကို နောက်တစ်ခါ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်လို့ရပြီ"
ရထားဒင်္ဂါး ၂၀၃ ပြား။
အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် အဆင့်မြှင့် ရွေးချယ်စရာများမှာ ယခင်ကထက် ပိုမို စျေးကြီးကောင်း ကြီးနိုင်ပေသည်။ သို့သော်... သူ့ကို ဘာမှမကျန်အောင်တော့ လုပ်မှာမဟုတ်ပါဘူးလေ.. ဟုတ်တယ်မလား။
ဒါက ရထားဒင်္ဂါး ၂၀၀ တောင်လေ။ ရဲချီယန်က ကိုယ့်ဘာသာ တွေးလိုက်မိသည်။
အိတ်ဆောင်နာရီပေါ်ရှိ အချိန်မှာ VIP အခွင့်အရေးများ အသက်ဝင်မည့်အချိန်သို့ ရောက်ရှိသွားချေပြီ။ ထွက်ခွာမည့် ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက်...
အဆုံးအစမရှိသော လွင်တီးခေါင်ပြင်သို့ ပြန်လည်ရောက်ရှိသွားသော ဗလာကျင်းမှု အရိပ်တစ်ခုက ရထားရှေ့တွင် ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။ ရထားလမ်းများက ရှေ့သို့ ဆန့်ထွက်သွားလေ၏။
အရှိန်တင်သည် — ရှေ့သို့ရွေ့လျားသည် — ထွက်ခွာသည်
ရထားက လွင်တီးခေါင်ပြင်ဆီသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
ရထားပြတင်းပေါက် အပြင်ဘက်တွင်တော့... မိုးကုတ်စက်ဝိုင်းမှာ မီးခိုးရောင်သန်းကာ မှုန်မှိုင်းနေပေသည်။
ထိုစဉ် ရထား၏ အသံလွှင့်စနစ်က ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
[ကျေးဇူးပြုပြီး သတိထားပါ.. ယနေ့ ရာသီဥတု — မီးခိုးရောင် မြူခိုးများ]
အသံလွှင့်စနစ်က ဤစကားလုံး အနည်းငယ်ကိုသာ ပြောပြီးနောက် တိတ်ဆိတ်သွားလေတော့သည်။
မီးခိုးရောင် မြူခိုးများ။ အဲဒါက ဘာအဓိပ္ပာယ်လဲ။
ရထားစနစ်၏ အသံလွှင့်စနစ်ကိုတောင် ဤကဲ့သို့ ကြီးလေးသော သတိပေးချက်မျိုး အသုံးပြုရအောင် လုပ်နိုင်တာလား။
လွင်တီးခေါင်ပြင်သို့ ပြန်လည်ရောက်ရှိခါစဖြစ်ပြီး ဂိမ်းစက်ကိုဖွင့်ကာ အနားယူရန် ရည်ရွယ်ထားသော ရဲချီယန်သည် မီးခိုးရောင်ပြောင်းသွားပြီး ရှင်းပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသော နေသာသော အရုပ်လေး ကို လှမ်းကြည့်လိုက်လေတော့သည်။
အခန်း ၁၇၀
[ရာသီဥတု · မီးခိုးရောင် မြူခိုးများ]
[မိုးကုတ်စက်ဝိုင်း အလွန်မှ မီးခိုးရောင် မြူခိုးများ လွင်တီးခေါင်ပြင် ထဲသို့ ဝင်ရောက်လာသည်]
[ကျေးဇူးပြု၍ သတိထားပါ၊ မီးခိုးရောင် မြူခိုးများထဲတွင် လမ်းမပျောက်ပါစေနှင့်]
[ဤရာသီဥတုတွင် အန္တရာယ် မရှိ?]
[ဤရာသီဥတုမှာ လွင်တီးခေါင်ပြင် တွင်သာ ရှိပါသည်]
တကယ့်ကို တစ်လှိုင်းပြီး တစ်လှိုင်းပါပဲ။
ပလက်ဖောင်းမှ ထွက်ခွာလာပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ် ထူးဆန်းမှုတစ်ခုက ရောက်ရှိလာပြန်သည်။ ဘူတာရုံကမ္ဘာ တွင်ဖြစ်စေ၊ လွင်တီးခေါင်ပြင် တွင်ဖြစ်စေ အမြဲတမ်း ဒီလိုကြီးပါပဲ။
"အန္တရာယ် မရှိဘူး၊ ဒါပေမဲ့ မေးခွန်းသင်္ကေတနဲ့ ဟုတ်လား"
ယခင်က အပြုံးမျက်နှာနဲ့လူ ရှိခဲ့သော ရှေ့တန်း ဘူတာရှိ သတိပေးချက်နှင့် အတူတူပင်။
ဒါဆို ဒီမီးခိုးရောင် မြူခိုးတွေက ဘုရားသခင်တစ်ပါးနဲ့ ပတ်သက်နေတာများလား။
လွင်တီးခေါင်ပြင် ၏ ကောင်းကင်ယံတွင် တောက်ပနေသင့်သော လမင်းကြီးမှာ မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းခံလိုက်ရလေ၏။ ထိုမီးခိုးရောင် မြူခိုးများက မိုးကုတ်စက်ဝိုင်း အလွန်မှနေ၍ ရထားဆီသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။ ရထားတစ်ခုလုံးကို လုံးဝ လွှမ်းခြုံသွားသည်အထိပင်။
ပြတင်းပေါက် အပြင်ဘက်ရှိ ကမ္ဘာကြီးမှာ အမှောင်ထုနှင့် သေမင်းတမန် တိတ်ဆိတ်မှုအတွင်းသို့ ကျဆင်းသွားချေပြီ။ ယင်းမှာ အဆုံးအစမရှိသော မြေအောက် ဥမင်လိုဏ်ခေါင်း တစ်ခုအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
မှော်ဝင်၊ စိတ်အာရုံချောက်ချားစေသော စောင့်ကြည့်ရေးစက် နှင့် နိုးကြားသော ကင်းစောင့် တို့ နှစ်ခုစလုံးကို အသက်သွင်းလိုက်လေ၏။ အမဲလိုက် စက်ယန္တရားနဂါး ကို တိုက်ရိုက် ဆင့်ခေါ်လိုက်ကာ ရထားခေါင်မိုးပေါ်တွင် ပုံမှန်အခြေအနေဖြင့် တွယ်ကပ်နေစေသည်။ ကျီးကန်းနတ်ဆိုး က ရထား၏ အနောက်ဘက်တွင် သတိထားစောင့်ကြည့်နေလေ၏။
ဤအမှောင်ထုအတွင်းတွင် အချိန်ဆိုသော သဘောတရားမှာ ပျောက်ကွယ်သွားသကဲ့သို့ပင်။
အမြဲတမ်း တိကျမှန်ကန်သော အိတ်ဆောင်နာရီ က နောက်တစ်ကြိမ် ၎င်း၏တန်ဖိုးကို သက်သေပြခဲ့ပြန်သည်။ လွင်တီးခေါင်ပြင် သို့ ပြန်လည်ရောက်ရှိလာချိန်မှစ၍ တစ်မိနစ်... နှစ်မိနစ်...။
တိတ်ဆိတ်မှုမှလွဲ၍ တိတ်ဆိတ်မှုသာ ရှိနေလေ၏။
ဤမီးခိုးရောင် မြူခိုးများအတွင်းတွင် ဘာမှဖြစ်လာမည် မဟုတ်သကဲ့သို့ပင်။
သုံးမိနစ်...
ဒုတ်...
ဒုတ်...
နှလုံးခုန်သံလား။
ရထားအပြင်ဘက်မှ ထွက်ပေါ်လာသော အသံတစ်ခုကို သူ ကြားလိုက်ရလေ၏။ သူက ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။
အမှောင်ထုအတွင်း မည်သည့်အချိန်ကမှန်းမသိ သေးငယ်သော အဖြူရောင် အစက်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအဖြူရောင် အစက်လေးမှာ အရှိန်အဟုန်ဖြင့် နီးကပ်လာနေပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်း၏ ပုံသဏ္ဌာန်အပြည့်အစုံကို မြင်တွေ့လိုက်ရချေပြီ။
အဲဒါက... မျက်လုံးတစ်လုံးလား။
မီးခိုးရောင်သန်းနေသော အဖြူရောင် အတောင်ပံများနှင့် မျက်လုံးတစ်လုံး ဟုတ်လား။
ဝီ...
ရုတ်တရက် ပစ္စည်းတစ်ခုက ရထား၏ သိုလှောင်ခန်းထဲမှ အလိုအလျောက် ပျံထွက်လာပြီး ရဲချီယန် ၏ လက်ထဲသို့ ကျဆင်းလာခဲ့လေ၏။
"ဒါက..."
[အိပ်မက်စားသုံးသူ၏ အိပ်မက်ပုံဆောင်ခဲ]
အိပ်မက်စားသုံးသူ ဟုတ်လား။ ဒါက ဘာလို့ ဒီမှာ ပေါ်လာရတာလဲ။
မဟုတ်သေးဘူး၊ ခဏလေး... ဒီခံစားချက်က အရမ်းကို ရင်းနှီးနေတယ်လေ။
ရဲချီယန် ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကာ အလိုအလျောက် လက်ဖဝါးကို ဖြန့်လိုက်လေ၏။ နေရာရွှေ့ပြောင်းအမှတ်အသား က သူ၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သော်လည်း...
"ငါ ထင်တဲ့အတိုင်းပဲ"
နောက်ဆုံး ဘူတာရုံမှ မထွက်ခွာမီ နေရာရွှေ့ပြောင်းအမှတ်အသားကို တစ်ကြိမ် အသုံးပြုခဲ့ပြီး တန်ချန်းဆန်မြို့တော် တွင် တည်နေရာတစ်ခု ချန်ထားခဲ့လေ၏။ သို့သော် ယခုအခါ နေရာရွှေ့ပြောင်းအမှတ်အသား ၏ တည်နေရာမှ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ချေ။
မဟုတ်ဘူး၊ တုံ့ပြန်မှု မရှိတာမဟုတ်ဘူး...
ဒါက အစစ်အမှန်လောက မဟုတ်ဘူး။
ဒီနေရာက အိပ်မက်တစ်ခုပဲ။
ဒါက သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်ချေ။ ဤခံစားချက်က သေချာပေါက် အိပ်မက်တစ်ခုပင် ဖြစ်လေသည်။
"အိပ်မက်စားသုံးသူ ထပ်ရောက်လာတာများလား၊ ငါ အရင်ဆုံး နိုးထဖို့ လိုတယ်"
ဒွန်ကီဟိုတေး၏ ကမ္ဘာရှိ ဘီလူးကြီး၏ အလောင်းမှ သူရရှိခဲ့သော အတုအယောင် ပုံဆောင်ခဲ ကလည်း ဤအချိန်တွင် ထွက်ပေါ်လာခဲ့လေ၏။ ပုံဆောင်ခဲမှာ ကွဲကြေသွားပြီး အလင်းစက်လေးများအဖြစ် ပြောင်းလဲကာ သူ့ကို လွှမ်းခြုံသွားပေသည်။
အိပ်မက်က အဆုံးသတ်သွားပြီ။
ဝီ...
အိပ်မက်စားသုံးသူ
ဂျယ်လီငါးနှင့်တူပြီး အိပ်မက်ဆန်သော ထိုအံ့သြဖွယ် သက်ရှိလေးက သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းက ရဲချီယန် ၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့လိုက်လေ၏။
ပတ်ဝန်းကျင်ရှိ မီးခိုးရောင် အမှောင်ထုများမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားချေပြီ။ အရာအားလုံးက ငြိမ်းချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
"ဟူး... ဟာ..."
သူက မျက်လုံးများကို ဖွင့်လိုက်သည်။ ပြတင်းပေါက် အပြင်ဘက်တွင် တောက်ပသော လမင်းကြီးက ညကောင်းကင်ယံ၌ မြင့်မားစွာ သာယာနေလေ၏။
မျက်ရည်နီ နတ်ဆိုး နှင့် ကျီးကန်းနတ်ဆိုး တို့က သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြပေသည်။ ဝေါလီ ကလည်း ကုတင်ဘေးတွင် ငြိမ်သက်စွာဖြင့် လျှပ်စစ်အား သွင်းနေလေသည်။
လက်ဖဝါးကို ဖြန့်လိုက်ရာ ဘုရားစူး ကတ်ပြား ထွက်ပေါ်လာခဲ့သည်။ နေရာရွှေ့ပြောင်းအမှတ်အသားက တုံ့ပြန်မှု ပေးလာလေ၏။
"ခုနက ဘာကြီးလဲ"
ဒင်—
စနစ်၏ အသံက ဤအချိန်တွင် ထွက်ပေါ်လာခဲ့သည်။
[ဂုဏ်ယူပါတယ်.. သင်သည် မီးခိုးရောင် မြူခိုးများ စမ်းသပ်မှု ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ]
[ရထား၏ ရပ်နားချိန် ၂၄ နာရီသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သင်သည် အဆင့် ၈ အထက် အဆင့်မြင့် ပလက်ဖောင်းများသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်၊ သင့်အား ဆက်လက်၍ တိုးတက်မှုများ ရရှိစေရန် ဆုတောင်းပေးပါသည်... ယခု မီးခိုးရောင် မြူခိုးများနှင့် ပတ်သက်သော မှတ်ဉာဏ်များကို ရှင်းလင်းပါမည်]
[အမှားအယွင်း]
[ရထားမောင်းနှင်သူ အမှတ် E-3-1102၊ ရဲချီယန် ၏ မီးခိုးရောင် မြူခိုးများ စမ်းသပ်မှု မှတ်ဉာဏ်များကို ရှင်းလင်း၍ မရပါ]
[အမှားအယွင်း.. အမှားအယွင်းဖြစ်နေသည်]
[...]
[စမ်းသပ်မှု မှတ်ဉာဏ်များကို ရှင်းလင်း၍ မရပါ၊ တာဝန်တစ်ခု ပေးအပ်ပါမည်]
[တာဝန်အမည်]
[ရှူး.. ကျေးဇူးပြု၍ မီးခိုးရောင် မြူခိုးများအကြောင်း မပြောပါနှင့်]
[ရှူး.. ဒါက အရမ်း အရေးကြီးပါတယ်]
[တာဝန် ဆုလာဘ် - ရထားဒင်္ဂါး ၃၀ ပြား]
"...ဟင်"
မီးခိုးရောင် မြူခိုးများက အတုအယောင် မဟုတ်ပေ။
သို့သော် ဤရှင်းပြ၍မရနိုင်သော စမ်းသပ်မှုကလည်း အတုအယောင် မဟုတ်ချေ။ အဆင့် ၈ ပလက်ဖောင်းသို့ ဝင်ရောက်ပြီး အဆင့်မြင့် ရထားမောင်းနှင်သူ တစ်ဦး ဖြစ်လာရန် ဤစမ်းသပ်မှုကို မဖြစ်မနေ ပြီးမြောက်ရမည်လား။
သို့သော် ဤအကြောင်းကို သူ မည်သူ့ထံမှ ယခင်က မကြားခဲ့ဖူးပေ။ ဒါဆို သူတို့ရဲ့ မီးခိုးရောင် မြူခိုးတွေနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေက ရှင်းလင်းခံလိုက်ရတာလား။
ငါကျတော့ရော..။ ရှင်းလင်းလို့ မရဘူးဆိုတာက ဘာသောက်အဓိပ္ပာယ်လဲ။
"စနစ်.. အဲဒီအိပ်မက်ထဲကနေ ငါသာ မနိုးလာနိုင်ခဲ့ဘူးဆိုရင် ဘာဖြစ်သွားမှာလဲ၊ ပြီးတော့ အဲဒီအိပ်မက်ကမ္ဘာထဲကို ငါ ဘယ်တုန်းက ဝင်သွားတာလဲ"
[...ဤမလိုလားအပ်သော အမှားအယွင်း ဖြစ်ရပ်ကို ထောက်ထား၍ ရထားစနစ် က ဤစမ်းသပ်မှုနှင့် ပတ်သက်ပြီး သင့်မေးခွန်း သုံးခုကို ဖြေကြားပေးပါမည်]
[ဘာမှ ဖြစ်သွားမည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် သင်သည် နောက်ဆုံးတွင် နိုးထလာမည် ဖြစ်သောကြောင့်ပါ၊ စမ်းသပ်မှု၏ ရည်ရွယ်ချက်မှာ ရထားမောင်းနှင်သူ ကို သတ်ဖြတ်ရန် သို့မဟုတ် စွမ်းအင်များ စားသုံးရန် မဟုတ်ဘဲ ပါရမီရှင်များ၏ စိတ်စွမ်းအား ခိုင်မာမှု ရှိမရှိနှင့် ၎င်းသည် အိပ်မက်တစ်ခုဖြစ်ကြောင်း လျင်မြန်စွာ သတိပြုမိနိုင်ခြင်း ရှိမရှိကို စမ်းသပ်ရန်သာ ဖြစ်ပါသည်၊ သို့သော် နိုးထရန် အချိန်ကြာလွန်းပါက အများဆုံး စိတ်စွမ်းအား နှင့် ကိုယ်ခံစွမ်းအား ကို လျော့ကျသွားစေမည် ဖြစ်သည်၊ အိပ်မက်ထဲသို့ ဝင်ရောက်သွားသော အချိန်မှာ သင် လွင်တီးခေါင်ပြင် သို့ ပြန်လည်ရောက်ရှိလာသော အချိန်ပင် ဖြစ်သည်၊ ထိုအချိန်တွင် မီးခိုးရောင် မြူခိုးများက သင့်ကို သတိထားမိသွားခြင်း ဖြစ်ပါသည်]
[ဒင်— ရထားကမ္ဘာ စတင်ချိန်မှစ၍ သင်သည် တစ်ရက်အတွင်း နိုးထနိုင်ခဲ့သော ဒုတိယမြောက် ရထားမောင်းနှင်သူ ဖြစ်ပါသည်]
"ဆုလာဘ် မရှိဘူးလား"
[မရှိပါ]
"ကျွတ်.. ကပ်စေးနဲလိုက်တာ"
[...]
"အတောင်ပံနဲ့ အဲဒီမျက်လုံးကကော၊ အဲဒါက ဘာကြီးလဲ"
[အဲဒါက.. မီးခိုးရောင် မြူခိုးများပါ]
"?"
လုံးဝ အဓိပ္ပာယ်မရှိသော ရှင်းပြ၍မရနိုင်သည့် အဖြေတစ်ခုပင်။
နောက်ဆုံး မေးခွန်းတစ်ခု ကျန်သေးလေ၏။ ရဲချီယန် က မျက်မှောင်ကြုတ်ကာ သေချာ စဉ်းစားနေလိုက်သည်။ ထိုစဉ် သူ၏ခြေရင်းရှိ အိပ်မက်စားသုံးသူ၏ အိပ်မက်ပုံဆောင်ခဲ တွင် အက်ကွဲကြောင်းအချို့ ဖြစ်ပေါ်နေသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်လေ၏။
သူက ၎င်းကို ကောက်ယူရန် လက်ဆန့်တန်းလိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ စိတ်မကောင်းမဖြစ်ရသေးခင်မှာပင် အက်ကွဲကြောင်းများက ပိုမို ကြီးမားလာခဲ့ပေသည်။
ခွပ်...
ပုံဆောင်ခဲက ကွဲကြေသွားလေ၏။ မွေးကင်းစကလေးငယ်၏ လက်ဖဝါးအရွယ်အစားခန့်သာရှိပြီး ဂျယ်လီငါးနှင့်တူသော အိပ်မက်ဆန်သည့် သက်ရှိလေးတစ်ကောင် သူ၏ လက်ထဲသို့ ကျဆင်းလာခဲ့သည်။
"???"
[အိပ်မက်စားသုံးသူ (အကောင်ပေါက်)]
[အိပ်မက်စားသုံးသူ မျိုးနွယ်က သင့်အနံ့ကို နှစ်သက်သည်၊ သူတို့က ရပ်တန့်၍ မရနိုင်သော်လည်း သူတို့၏ ကလေးငယ်ကတော့ ရပ်တန့်နိုင်ကောင်း ရပ်တန့်နိုင်လိမ့်မည်...]
"ဒါဆို အဲဒါက တကယ်တော့ ဥတစ်လုံးပေါ့"
သေးငယ်သော အိပ်မက်စားသုံးသူ ကို ထိတွေ့လိုက်ရာ နူးညံ့ပြီး အနည်းငယ် အေးမြသော ခံစားချက်ကို ရရှိလေ၏။ ၎င်းက ရဲချီယန် ၏ လက်ချောင်းကို ချစ်ခင်စွာ တွယ်ကပ်နေပြီး ပင်ပန်းနေသည့်အလား သူ၏ အင်္ကျီရင်ဘတ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။
သူက ငုံ့ကြည့်လိုက်သည်။
ဤအကောင်ပေါက်လေးမှာ သူ၏ နှလုံးသားပေါ်သို့ တိုက်ရိုက် ဖိကပ်ထားလေ၏။ ၎င်းကို ထိတွေ့လိုက်ချိန်တွင် ၎င်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပေါင်းစပ်သွားသကဲ့သို့ပင်။
"ငါ သိပ်နားမလည်ပေမယ့်.. စနစ်.. နောက်ဆုံး မေးခွန်းတစ်ခု၊ ဒီစမ်းသပ်မှုက ဘာလို့ ရှိနေရတာလဲ၊ ဒါက ဘုရားသခင်နဲ့ သက်ဆိုင်နေလို့လား"
စနစ်က လျင်မြန်စွာ ပြန်ဖြေလေ၏။
[ဒါက မီးခိုးရောင် မြူခိုးများရဲ့ ရွေးချယ်မှုပါ၊ ဘုရားသခင်က ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါ]
[ဖြေကြားခြင်း ပြီးဆုံးပါပြီ၊ တာဝန် ပေးအပ်ပါမည်၊ ဆုလာဘ်ကို ခွဲဝေပေးပါမည်]
အမည်းရောင်သန်းနေသော ရွှေရောင် အလင်းစက်လေးများက ရဲချီယန် ၏ ရှေ့တွင် ရထားဒင်္ဂါး ၃၀ ပြားအဖြစ်သို့ ပေါင်းစည်းသွားလေ၏။ ထို့နောက် စနစ်၏ အသံမှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက လုံးဝ မဖြစ်ခဲ့ဖူးသကဲ့သို့ပင်။
"ဒီနေ့က တကယ်ကို ထူးဆန်းတာပဲ... ငါ အများကြီး သိလာရတယ်လို့ ခံစားရပေမယ့် တစ်ချိန်တည်းမှာပဲ ငါ လုံးဝ နားမလည်တာတွေ အများကြီး ရှိသေးတယ်လို့လည်း ခံစားရတယ်"
"ဟာ..."
သူက သက်သာရာရမှုဖြင့် အကြောဆန့်လိုက်ကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း နှုတ်ခမ်းထောင့်များကို ကွေးညွတ်ကာ မျက်နှာကြက်ကို ကြည့်နေလိုက်လေ၏။
ဤပြဿနာများအကြောင်းကို တွေးတောနေမည့်အစား...
ကောင်းကောင်း အနားယူပြီး သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာမည့် အချိန်ကို စောင့်ဆိုင်းခြင်းက ပိုကောင်းပေလိမ့်မည်။
ရထားကို နောက်ထပ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမည့် အချိန်ရောက်လာချေပြီ။ ရထားဒင်္ဂါး ၃၀ ပြား အလကားရလိုက်သည် မဟုတ်ပါလော။
နောက်တစ်ခါ အဆင့်မြှင့် ရွေးချယ်စရာတွေက...
...သူ့ကို စိတ်ပျက်မစေဖို့ မျှော်လင့်ရတာပဲ။