← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း ၁၆၁

"ဒီမှာ တခြားလူမရှိဘူးဆိုရင်တော့ ဟုတ်လောက်ပါတယ်"

ရဲချီယန်၏ စကားကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ပို၍ ဝမ်းသာအားရ ဖြစ်သွားလေ၏။ သူက ညစ်ပေနေသော လက်များကို ပွတ်သပ်လိုက်ကာ အဖြူရောင်ကုတ်အင်္ကျီအိတ်ကပ်ထဲမှ အဝတ်အိတ်လေးတစ်လုံးကို ထုတ်ယူပြီး ရဲချီယန်ရှေ့တွင် ဖွင့်ပြလိုက်သည်။

"မင်္ဂလာပါ ရထားမောင်းနှင်သူ၊ ကျွန်တော့်နာမည် လီဗိုင်းလို့ခေါ်ပြီး တန်ချန်းဆန်မြို့တော်က သိပ္ပံပညာရှင်တစ်ဦးပါ။ ဒါတွေက... ဒါတွေက ခင်ဗျားလိုနေတာ မဟုတ်လား"

သူက အဝတ်အိတ်ကို ယူလိုက်ပြီး အတွင်းမှ ရထားဒင်္ဂါးများကို လောင်းချကာ သေချာရေတွက်ကြည့်လိုက်ရာ ဆယ့်သုံးပြားသာ ရှိချေသည်။

အလွန်နည်းပါးလွန်းလှပေသည်။ စိတ်အာရုံထိန်းချုပ်နိုင်သော မင်းသမီးက တစ်ထိုင်တည်းနှင့် ဒင်္ဂါးလေးဆယ် ထုတ်ပေးခဲ့သည်နှင့် နှိုင်းယှဉ်လျှင် ဤပမာဏမှာ အတော်လေး သနားစရာကောင်းနေလေ၏။

သို့သော် ရဲချီယန်က ရထားဒင်္ဂါးများကို သိမ်းဆည်းလိုက်ပြီး အထင်သေးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဘာမှမရှိသည်ထက်စာလျှင် အနည်းငယ်ရရှိခြင်းက ပိုကောင်းသေးသည် မဟုတ်ပါလော။

"ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြောပြပါဦး"

ဤကိုဗိုင်းအမည်ရ သိပ္ပံပညာရှင်သည် ရထားမောင်းနှင်သူများ ရှိနေကြောင်းကို သိထားသည်ဖြစ်ရာ ရှင်သန်ရေးကမ္ဘာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာကို သိရှိထားသည်မှာ သေချာနေပေသည်။ သာမန် ဘူတာရုံကမ္ဘာများရှိ ဒေသခံများနှင့် နှိုင်းယှဉ်ပါက သူသည် အတော်လေး ထူးခြားနေလေ၏။

"သခင်.. ကျွန်တော်တို့ရဲ့ မြို့စားကြီးကို တားဆီးပေးဖို့ ခင်ဗျားကို အကူအညီတောင်းချင်ပါတယ်။ သူ ရူးသွပ်နေပါပြီ။ ဒီအတိုင်းသာ ဆက်သွားနေရင် တန်ချန်းဆန်မြို့တော်ကြီး သေချာပေါက် ပျက်စီးသွားရပါလိမ့်မယ်"

ထို့နောက် ကိုဗိုင်းက သူ၏ဇာတ်ကြောင်းကို စတင်ပြောပြလေတော့သည်။

သူ၏စကားများအရ ကျောက်လင်နှင့် သူရောက်ရှိနေသော ဘူတာရုံအဆင့်များ အဘယ်ကြောင့် ကွာခြားနေရသနည်းဆိုသည်ကို ရဲချီယန် နားလည်သွားလေ၏။ ထို့အပြင် အဆင့်မြှင့်တင်ထားသော ဘူတာရုံဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်းကိုပါ သဘောပေါက်သွားချေပြီ။

ယခင်က တန်ချန်းဆန်မြို့တော်သည် သာမန် အဆင့်နိမ့် ဘူတာရုံကမ္ဘာတစ်ခုသာ ဖြစ်ခဲ့ပြီး မြို့စားနှင့် မြို့သူမြို့သားများမှာ ရှင်သန်ရေးကမ္ဘာအကြောင်းကို မသိရှိခဲ့ကြပေ။ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ဒဏ်ရာအပြင်းအထန်ရကာ သေလုမျောပါးဖြစ်နေသော ရထားမောင်းနှင်သူတစ်ဦး ဤကမ္ဘာသို့ ရောက်ရှိလာပြီး မကြာမီမှာပင် သေဆုံးသွားခဲ့ချိန်အထိ ဖြစ်လေ၏။

ထိုသူ၏ ပေါ်ပေါက်လာမှုက တန်ချန်းဆန်မြို့တော်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ အလောင်းကို ပြန်လည်သယ်ဆောင်သွားပြီးနောက် ရထားကိုပါ လေ့လာစူးစမ်းခဲ့ကြသည်။ တိုက်ဆိုင်စွာပင် ထိုရထားမောင်းနှင်သူ၏ ရထားတွင် သေဆုံးသူ၏ မှတ်ဉာဏ်များကို ပုံဖော်ပြသနိုင်သော တစ်ခါသုံး စက်ကိရိယာတစ်ခု ပါရှိနေခဲ့၏။

ထိုစက်ကိရိယာမှတစ်ဆင့် မြို့စားကြီးသည် ရထားကမ္ဘာနှင့် ပတ်သက်သော အကြောင်းအရာများစွာကို သိရှိသွားခဲ့သည်။ ထိုအချိန်မှစ၍ တန်ချန်းဆန်မြို့တော်သည် တစ်မြို့လုံး၏ အဆင့်ကို မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်လာခဲ့ကြလေ၏။ ထိုရထားမောင်းနှင်သူ၏ အမွေအနှစ်များမှတစ်ဆင့် ရထားဒင်္ဂါးများကို အသုံးပြုကာ အခြားသော ရထားမောင်းနှင်သူများကို ဆင့်ခေါ်ပြီး အသုံးဝင်သော ဗဟုသုတများကိုပါ ဖလှယ်ခဲ့ကြသည်။

ဤဘူတာရုံကမ္ဘာ၏ အဆင့်သည် အဆင့် ၇ သို့ အောင်မြင်စွာ ရောက်ရှိရန် နှစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့ပေသည်။ သို့သော် နောက်ထပ် ဆယ်နှစ်ကြာသည့်တိုင် ဤကမ္ဘာ၏ အဆင့်မှာ လုံးဝ တိုးတက်လာခြင်း မရှိတော့ပေ။ ဤကမ္ဘာကြီး ရှေ့ဆက်မတိုးနိုင်အောင် မျက်မြင်မရသော အတားအဆီးတစ်ခုက တားဆီးထားသကဲ့သို့ ဖြစ်နေချေပြီ။

တစ်နေ့တွင်တော့ မြို့စားကြီးသည် ရထားဒင်္ဂါးများကို အလုံအလောက် ထပ်မံစုဆောင်းနိုင်ခဲ့ပြီး ဤကမ္ဘာဆီသို့ ထူးဆန်းသော ရထားမောင်းနှင်သူတစ်ဦးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သူတို့နှစ်ဦး မည်သည်တို့ကို ဆွေးနွေးခဲ့ကြသနည်းဆိုတာကို မည်သူကမျှ မသိရှိခဲ့ကြသော်လည်း ထိုရထားမောင်းနှင်သူသည် ဤကမ္ဘာမှ ဘယ်တော့မှ ထွက်ခွာမသွားတော့ပုံပင်။

ထို့နောက်တွင် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ခဲ့ပြီး မြို့သူမြို့သားများကို အတင်းအဓမ္မ ပစ်ချကာ သွေးများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ကြလေ၏။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်တွင် အဆင့်နိမ့် ရထားမောင်းနှင်သူ အများအပြားလည်း ဤကမ္ဘာဆီသို့ ပုံမှန် ရောက်ရှိလာခဲ့ကြပြီး မြို့သူမြို့သားများနည်းတူ သွေးအဖြစ်သို့ ပြောင်းလဲကာ ပစ်ချခံခဲ့ကြရသည်။

ဤကမ္ဘာကြီးသည် နောက်တစ်ကြိမ် ရှေ့သို့ ထပ်မံရွေ့လျားလာခဲ့ပြန်လေပြီ။ အဆင့် ၈ ဘူတာရုံကမ္ဘာတစ်ခု ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

ထိုခြေတစ်လှမ်းမှာ နောက်ထပ် ရထားမောင်းနှင်သူ ၁၀ ဦး၏ အသက်ကို စတေးခြင်းဖြင့် အဆင့်မြှင့်တင်ရေး အခမ်းအနားကို စတင်နိုင်မည်ဖြစ်ပြီး ဤဘူတာရုံကမ္ဘာ၏ အဆင့်ကို ၈ သို့ မြှင့်တင်ပေးနိုင်မည် ဖြစ်လေ၏။

ကိုဗိုင်းသည် ထိုရထားကို ဖြုတ်ချကာ ရထားမောင်းနှင်သူ၏ မှတ်ဉာဏ်များကို မြင်တွေ့ခဲ့ရသော သိပ္ပံပညာရှင်ပင် ဖြစ်သည်။ သူကလည်း ဤကမ္ဘာကြီး ဆက်လက် အဆင့်မြှင့်တင်ခံရသည်ကို မြင်တွေ့ချင်ခဲ့ပေသည်။ သို့သော် မြို့သူမြို့သားများကို စတေးခြင်းမျိုးဖြင့် မဟုတ်သလို ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းမျိုးဖြင့်လည်း လုံးဝ မဟုတ်ပေ။

ထို့ကြောင့် သူသည် ဆန်မြို့တော် မြို့စားကြီး၏ ဘဏ္ဍာတိုက်ထဲမှ နောက်ဆုံးကျန်နေသည့် ရထားဒင်္ဂါးဆယ့်သုံးပြားကို ခိုးယူကာ သူလျှို့ဝှက်တည်ဆောက်ထားသော ဤဘူတာရုံငယ်လေးဆီသို့ လာခဲ့ပြီး ဤအဖြစ်အပျက်များအားလုံးကို တားဆီးပေးနိုင်မည့် ရထားမောင်းနှင်သူတစ်ဦးအား ဆင့်ခေါ်နိုင်ရန် မျှော်လင့်ခဲ့လေ၏။

ထို့ကြောင့်ပင် ရဲချီယန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

"အဆင့်မြှင့်တင်ထားတဲ့ ဘူတာရုံဆိုတာ အဲဒီလို အဓိပ္ပာယ်မျိုးကိုး"

"ဒါဆို ကျောက်အန်း ရထားတဲ့ တည်နေရာအမှတ်အသားတွေက တကယ်တော့ ထောင်ချောက်တစ်ခုပေါ့၊ ဒီမြို့က မြို့စားကြီးက မြို့ရဲ့ ဘူတာရုံအဆင့်ကို မြှင့်တင်ဖို့ သူတို့ကို ယဇ်ကောင်တွေအဖြစ် အသုံးပြုချင်နေတာလား"

"ကျွတ်"

ရဲချီယန်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း အေးစက်လာလေ၏။ သူက ကိုဗိုင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဆင့်ခေါ်ခံရတဲ့ အဆင့်နိမ့် ရထားမောင်းနှင်သူတွေ ဘယ်မှာလဲ"

"သူတို့က မြို့ထဲက ဘူတာရုံမှာပါ၊ ဒီကနေဆိုရင်တော့ တော်တော်လေး ဝေးတယ်၊ အခုထွက်သွားရင်တော့ မီလောက်သေးတယ်"

"အရပ်မျက်နှာ၊ တည်နေရာ၊ မြေပုံ.. အဲဒါ ဘယ်မှာရှိလဲဆိုတာ ပြောစမ်း"

ကိုဗိုင်းက အရပ်မျက်နှာတစ်ခုကို လက်ညှိုးထိုးပြလိုက်ရာ နောက်ထပ်စကားတစ်ခွန်းမျှပင် မဆိုနိုင်ခင်မှာပင် သူ၏ရှေ့ရှိ ရထားကြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချေပြီ။ သူ သတိပြန်ဝင်လာချိန်တွင်တော့ ရဲချီယန်မှာ CVO လမ်းသရဲပေါ်သို့ တက်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ခွာသွားလေပြီ။

တန်ချန်းဆန်မြို့တော်၊ ဗဟိုဘူတာရုံ။

ကျောက်လင်က ရထားပေါ်မှ ဆင်းမလာဘဲ အပြင်ဘက်ရှိ ပြုံးရွှင်နေသော လူများကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေ၏။ ရဲချီယန်၏ သတိပေးစကားမှာ သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲပင် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဤပူးပေါင်းဆောင်ရွက်မှုကို စီစဉ်ခဲ့သော ကျောက်အန်းကမူ ရထားပေါ်မှ ပထမဆုံး ထွက်ခွာလာခဲ့ပေသည်။ သူက အမျိုးသားတစ်ဦးထံသို့ လျှောက်သွားကာ လက်ကမ်းပေးရင်း စကားစမြည် စတင်လိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဒီမှာ ဘာတွေ လုပ်ပေးဖို့ လိုအပ်မလဲ"

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားကလည်း ပြုံးရွှင်နေလေ၏။ ပလက်ဖောင်းပေါ်ရှိ ရထားဆယ်စင်းကို အကဲခတ်ကြည့်လိုက်ရာ သူ၏အပြုံးမှာ အနည်းငယ် ပို၍ ကျယ်ပြန့်လာခဲ့သည်။

"လေးစားရပါသော ရထားမောင်းနှင်သူများခင်ဗျာ.. ကျွန်တော်တို့ တန်ချန်းဆန်မြို့တော်က မြို့စားကြီးဟာ ဒီကမ္ဘာအတွက် ခင်ဗျားတို့ရဲ့ အလွန်အရေးကြီးတဲ့ အကူအညီကို ရိုးသားစွာ လိုအပ်နေပါတယ်။ ခင်ဗျားတို့အနေနဲ့ တာဝန်တစ်ခုကို ပြီးမြောက်အောင် ထမ်းဆောင်ပေးရုံနဲ့ အကျိုးဆောင်ခအဖြစ် ရထားဒင်္ဂါး အမြောက်အများကို ပေးအပ်သွားမှာပါ။ ဆက်လက်ပြီး မြို့စားကြီးနဲ့ တွေ့ဆုံဖို့ ရထားပေါ်ကနေ ဆင်းပေးကြပါဦး"

အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသော်လည်း ကျောက်လင် တစ်ဦးတည်းကမူ လှုပ်ရှားခြင်း အလျဉ်းမရှိပေ။

"ဟင်.. ဘာလို့ ကိုးယောက်ပဲ ရှိနေရတာလဲ"

အမျိုးသား၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ ဦးဆောင်နေသော ကျောက်အန်းကို ကြည့်ရင်း အပြုံးဖြင့် ဆိုလိုက်သည်။

"ကျေးဇူးပြုပြီး နောက်ဆုံးကျန်နေတဲ့ လေးစားရပါသော ရထားမောင်းနှင်သူကို ခေါ်ပေးပါဦး၊ မြို့စားကြီးက ခင်ဗျားတို့အားလုံးအတွက် အစားအသောက်တွေ ပြင်ဆင်ပြီး ရောက်ရှိလာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်"

"ကောင်းပါပြီ.. အခုပဲ သွားခေါ်လိုက်ပါ့မယ်"

ကျောက်အန်းကမူ မည်သည့်အရာများ ဖြစ်ပျက်တော့မည်ကို လုံးဝ သိမနေခဲ့ပေ။ သူက လူများကို ရေတွက်ကြည့်လိုက်ရာ ရထားပေါ်မှ ဆင်းမလာသူမှာ ကျောက်လင်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့နောက် သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော ရှန်ကွမ်းရင်းရွှယ်ထံသို့ အကြည့်ရွှေ့လိုက်ပြီး ပြောလိုက်လေ၏။

"သခင်မလေး ရှန်ကွမ်း.. သူမကို သွားရှာပေးဖို့ ဒုက္ခပေးရပါဦးမယ်"

"...."

ရှန်ကွမ်းရင်းရွှယ်က ကျောက်လင်၏ ရထားဆီသို့ လျှောက်သွားကာ ရထားတံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ ကျောက်လင်က ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ပြီး ရထားထဲမှနေ၍ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေလေ၏။

"ဘာဖြစ်လို့လဲ"

ဤထူးဆန်းသော အပြုအမူကြောင့် ရှန်ကွမ်းရင်းရွှယ်မှာ အံ့သြသွားရသည်။

"ကျွန်မ နေလို့သိပ်မကောင်းဘူး.. ဒါကြောင့် ဆင်းမလာတော့ဘူး၊ ရှင်တို့အကုန်လုံး သွားပြီး ကိုယ့်အလုပ်ကိုယ် လုပ်ကြပါ၊ ဒီဘူတာရုံက ရလာဒ်တွေကိုလည်း ကျွန်မ မလိုချင်ပါဘူး"

ကျောက်လင်၏ စကားများမှာ အတော်လေး ပြတ်သားနေလေ၏။ ရိုးရိုးသားသား ဆိုရလျှင် ဤဘူတာရုံသို့ ဝင်ရောက်လာကတည်းက ရှင်းပြ၍မရနိုင်သော သက်သောင့်သက်သာမရှိမှုကို သူမ ခံစားနေရခြင်း ဖြစ်သည်။ အသံတစ်သံက သူမကို မြန်မြန်ထွက်သွားရန် တိုက်တွန်းနေသကဲ့သို့ပင်။

ဒီနေရာမှာ တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပေပြီ။

အစ်ကိုချီယန် ပြောခဲ့တာတွေက အမှန်တွေချည်းပဲ။

ထိုသို့ တွေးလိုက်ပြီးနောက်တွင် ရထားတံခါးကို သော့ခတ်လိုက်ပြီး ပြတင်းပေါက်များကိုပင် ကျောက်လင်က အမည်းရောင် အလင်းပိတ်စများဖြင့် ဖုံးအုပ်ထားလေ၏။ ရှန်ကွမ်းရင်းရွှယ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း နောက်ထပ် မေးခွန်းများ ဆက်မမေးတော့ပေ။

လူအုပ်ဆီသို့ ပြန်ရောက်လာချိန်တွင် သူမက ဆိုလိုက်သည်။

"သူမ နေလို့သိပ်မကောင်းဘူးတဲ့.. အခုလောလောဆယ်တော့ ဆင်းမလာချင်သေးဘူး၊ နောက်မှပဲ ဖြစ်လိမ့်မယ်"

"...."

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားမှာ တိတ်ဆိတ်နေပြီး အခြားသူများကို အကြည့်များဖြင့် အချက်ပြ ဆက်သွယ်လိုက်လေ၏။ ခဏအကြာတွင် သူက နောက်ဆုံး၌ ပြောလိုက်သည်။

"ရပါတယ်.. ဒါဆိုရင်လည်း ခင်ဗျားတို့ ကိုးယောက်ပဲ သွားကြတာပေါ့၊ ဒီဘက်ကို ကြွပါခင်ဗျာ"

ကျောက်အန်းက အခြားသူများကို ဦးဆောင်ကာ ရှေ့သို့ ထွက်သွားလေ၏။ ရှန်ကွမ်းရင်းရွှယ်ကမူ နောက်ဆုံးတွင် ကျန်ရစ်နေခဲ့သည်။ သူမက ခဏမျှ တုံ့ဆိုင်းသွားပြီး ကျောက်လင်၏ တင်းကျပ်စွာ ပိတ်ထားသော ရထားတံခါးကို တစ်ချက်လှမ်းကြည့်ကာ နောက်ဆုံးတွင် သူတို့နောက်သို့ လိုက်သွားလေတော့သည်။

"အဆင့် ၄ ဘူတာလောက်ကတော့ ကြီးကြီးမားမား ပြဿနာရှိမှာ မဟုတ်ပါဘူးလေ"

သူမကိုယ်သူမ တွေးလိုက်မိလေသည်။

အခန်း ၁၆၂

ကျောက်အန်း၊ ရှန်ကွမ်းရင်းရွှယ်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် အချိန်အတိုင်းအတာတစ်ခု ကြာမြင့်လာခဲ့၏။

ပလက်ဖောင်းပေါ်တွင် ကျန်ရစ်နေခဲ့သော ကျောက်လင်က ရထားပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် အပြင်ဘက်ကို စောင့်ကြည့်နေပေသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသား၊ အမျိုးသမီးများသည် ရထားအနီးတွင် သွားလာလှုပ်ရှားနေကြလေ၏။

သူတို့မှာ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံရကာ တွေဝေတုံ့ဆိုင်းနေကြပုံပေါ်သည်။ ရထားကို ကြည့်နေကြသော သူတို့၏အကြည့်များမှာ စဉ်းတီတုံးပေါ်မှ အသက်ရှင်နေသော ငါးတစ်ကောင်ကို ကြည့်နေသည့်အလားပင်။

"ဒေါက်... ဒေါက်... ဒေါက်"

ရထားတံခါးကို ခေါက်လိုက်သံနှင့်အတူ အပြင်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာချေပြီ။

"ရထားမောင်းနှင်သူ.. နေထိုင်ရတာ သက်သာသွားပါပြီလားလို့ မေးပါရစေ၊ ကျွန်တော်တို့ရဲ့ မြို့စားကြီးက အရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ခင်ဗျားတို့ ရောက်လာမယ့်အချိန်ကို စောင့်မျှော်နေပါတယ်၊ ဒါကြောင့် သူ့ရဲ့စံအိမ်ကို လာရောက်ဖို့ ရိုးသားစွာ ဖိတ်ခေါ်ပါတယ်"

ကျောက်လင်မှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေရင်း လက်နှစ်ဖက်ကို ယှက်ထားကာ အနည်းငယ် ကြောက်ရွံ့နေမိလေ၏။

"ကျွန်မ.. ကျွန်မ နေလို့သိပ်မကောင်းလို့ ရထားပေါ်က မဆင်းချင်ဘူးလို့ ပြောပြီးသားပါ၊ ကျွန်မကို လာမနှောင့်ယှက်ပါနဲ့"

ဘန်း—

အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက ကျယ်ဝန်းသော အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသည့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ယင်းမှာ လူတစ်ယောက်၏ လက်မဟုတ်ဘဲ ထက်မြက်သော စက်ယန္တရား လက်တုတစ်ခု ဖြစ်နေလေ၏။

သံမဏိလက်သည်းများက ရထားတံခါးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ အဆင့် ၄ သို့ အဆင့်မြှင့်တင်ထားပြီးဖြစ်သော တံခါးမှာ ထိုတိုက်ခိုက်မှုအောက်တွင် စူးရှသော မြည်သံကြီးကို ထွက်ပေါ်စေခဲ့ပေသည်။

"ရထားမောင်းနှင်သူ.. ကျွန်တော်တို့ရဲ့ တန်ချန်းဆန်မြို့တော်မှာ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ရှိပါတယ်၊ ခန္ဓာကိုယ် ဘယ်လောက်ပဲ နာကျင်နေပါစေ မြို့လယ်ခေါင်ကို ရောက်သွားတာနဲ့ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ရထားပေါ်ကနေ ဆင်းပေးပါ"

ထိုသူ၏အသံမှာ ပိုမို အေးစက်လာကာ စကားအဆုံးတွင် ဟာလာဟင်းလင်းဖြစ်နေသော စက်ယန္တရားသံများပင် သဲ့သဲ့မျှ ပါဝင်လာလေတော့သည်။

ထို့ကြောင့် ကျောက်လင်မှာ ပို၍ပင် ကြောက်လန့်လာကာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့၏။

ကံဆိုးခြင်းတွေ ပျောက်ကွယ်သွားပြီ မဟုတ်ပါလော၊ သူမ ဘာကြောင့် ဒီလို အန္တရာယ်များတဲ့ အရာတွေနဲ့ ကြုံတွေ့နေရသေးတာလဲ။

နောင်တရခြင်းများစွာက သူမကို လွှမ်းခြုံလာခဲ့သည်။ အကယ်၍ အခြားသူများနှင့်အတူ ဤဘူတာသို့ လာရန် သဘောမတူခဲ့လျှင် အခုလို ဖြစ်လာမည် မဟုတ်ပေ။

ရထားတံခါးမှာ ဆုတ်ဖြဲခံနေရလေပြီ။

အဆင့် ၄ သို့ အဆင့်မြှင့်တင်ပြီးနောက် ရထားကိုယ်ထည်၏ ကြံ့ခိုင်မှုက အဆင့် ၃ ထက် များစွာ ပိုမိုကောင်းမွန်လာသောကြောင့်သာ တော်သေး၏။ သို့မဟုတ်ပါက ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် ထိုလူ၏ ဆုတ်ဖြဲမှုကြောင့် တံခါးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားပေလိမ့်မည်။

ဘန်း... ဘန်း... ဘန်း။

အဖြူရောင်ဝတ်စုံနှင့် လူများ ပိုမို စုရုံးရောက်ရှိလာကြသည်။

တူများ၊ သစ်သားတုတ်များနှင့် ထက်မြက်သော သံမဏိလက်သည်းများ။ သူတို့က လက်နက်များကို မြှောက်ကာ ကျောက်လင်၏ ရထားကို အဆက်မပြတ် ရိုက်နှက် ဖျက်ဆီးနေကြလေ၏။ ပျက်စီးနေသော အက်ကွဲကြောင်းများမှတစ်ဆင့် ဖြာကျနေသည့် လရောင်ကို ကြည့်ရင်း သူမ သက်ပြင်းချမိသည်။

ကျောက်လင်က နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး အလွန်အမင်း ကံဆိုးနေချိန်တွင် သူမ၏အသက်ကို အဆုံးသတ်ရန် ကြိုတင်ပြင်ဆင်ထားသော ဗုံးတစ်လုံးကို ယူကာ ရင်ခွင်ထဲတွင် ပိုက်ထားလိုက်လေတော့သည်။ သူမ၏ စိတ်နှလုံးထဲတွင်တော့ နောက်ဆုံးကျန်ရှိနေသော စိတ်ကူးယဉ်မျှော်လင့်ချက်လေး တစ်ခုကို ဆုပ်ကိုင်ထားဆဲပင်။

"ဘယ်သူပဲဖြစ်ဖြစ်... တစ်ယောက်ယောက်များ ကျွန်မကို ကယ်နိုင်မလား... အစ်ကိုချီယန်"

ရဲချီယန်၏ အေးတိအေးစက် ပုံရိပ်လေးက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ အကယ်၍သာ အစ်ကိုချီယန် ဒီမှာရှိနေခဲ့မယ်ဆိုရင်...

ဒေါင်—

ရထားတံခါး ပွင့်သွားလေ၏။ ကျောက်လင်က နားနှစ်ဖက်ကို ပိတ်ထားလိုက်ပြီး မည်သည့်အချိန်တွင်မဆို ဗုံးခွဲရန် အသင့်ဖြစ်နေပေပြီ။ ထိုအချိန်မှာပင်။

"ဟေး.. ရင်ခွင်ထဲက ဟာကို လွှင့်ပစ်လိုက်စမ်းပါ၊ မင်းကိုကယ်ဖို့ နောက်ထပ် ပစ္စည်းတစ်ခုကို ထပ်မဖြုန်းတီးချင်တော့ဘူး"

ဟင်... သူမ ထင်ယောင်ထင်မှား ဖြစ်နေတာလား။ ဒါမှမဟုတ် သေတောင်သွားခဲ့ပြီလား။ အာ.. ဒါက နောက်ဆုံးအချိန်လေးမှာ မြင်ရတဲ့ ဘဝနောက်ကြောင်းပြန် ပုံရိပ်တွေလား။ တကယ်ထူးဆန်းတာပဲ၊ သူမမြင်ရတာက အတိတ်က ကမ္ဘာကြီးမဟုတ်ဘဲ အစ်ကိုချီယန် ဖြစ်နေပါလား။

ကျောက်လင်က တခစ်ခစ် ရယ်မောလိုက်ကာ သူမရှေ့ရှိ လူကို ကြည့်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ မျက်နှာပေါ်သို့ ညင်သာစွာ တင်လိုက်ပြီးနောက် ခပ်ပြင်းပြင်း ဆွဲညှစ်လိုက်လေ၏။

"သောက်ကျိုးနည်း... မင်း ဘာဖြစ်နေတာလဲ"

"အယ်... ဘဝနောက်ကြောင်းပြန် ပုံရိပ်ထဲက လူတွေက ဒီလောက်တောင် အစစ်နဲ့တူတာလား... ပြောရမယ်ဆိုရင် ဒါက နည်းနည်းတော့ ကြာမနေဘူးလား"

ရဲချီယန်က စိတ်ရှုပ်စွာဖြင့် နဖူးကို ပွတ်သပ်လိုက်ကာ သစ်သားတုံးများဖြင့် စီစီရီရီ ပြုလုပ်ထားသော ခံတပ်ငယ်လေးထဲတွင် ပုန်းအောင်းနေပြီး အရူးတစ်ယောက်လို ဖြစ်နေသော ကျောက်လင်ကို ကြည့်ကာ လက်ကို မြှောက်ပြီး သူမ၏ ခေါင်းကို ခပ်နာနာ ခေါက်ချလိုက်လေတော့သည်။

"အာ... နာလိုက်တာ၊ ဟင်... ဘဝနောက်ကြောင်းပြန် ပုံရိပ်က ဘာလို့ နာနေရတာလဲ"

"ဘဝနောက်ကြောင်းပြန် ပုံရိပ် ဟုတ်လား၊ နိုးစမ်း"

ဗိုက်စင်သီးတစ်လုံး သူ၏ လက်ထဲသို့ ရောက်ရှိလာရာ ခပ်ပြင်းပြင်း ဆွဲညှစ်လိုက်ပြီး ကျောက်လင်၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးသိပ်ထည့်လိုက်လေ၏။

"အင်း..."

ဗိုက်စင်သီး၏ ချိုမြိန်သော အရသာက သူမ၏ အရသာခံဖုများကို လှုံ့ဆော်ပေးလိုက်ပြီး အေးမြသော ခံစားမှုတစ်ခုက ဦးရေပြားဆီသို့ တဟုန်ထိုး စီးဆင်းသွားပေသည်။

နောက်ဆုံးတွင်တော့ ကျောက်လင်၏ အသိစိတ်များ အနည်းငယ် ပြန်လည်ကြည်လင်လာခဲ့သည်။ သူမက ရှေ့ရှိ လူငယ်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေရင်း ကိုယ့်ပေါင်ကိုယ် ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်လေ၏။

"နာလိုက်တာ... အိပ်မက် မဟုတ်ဘူးပေါ့၊ အစ်ကိုချီယန်လား၊ တကယ်ကြီး ရှင်ပဲကိုး... ဝါး... ကျွန်မတော့ သေရပြီလို့ ထင်နေတာ၊ ရှင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"အပြင်ရောက်မှပဲ ပြောကြတာပေါ့"

ရဲချီယန် ဆန့်ထုတ်ပေးထားသော လက်ကို ကြည့်ကာ ကျောက်လင်က မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူမ၏လက်ကို သူ၏လက်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ ရထားတွဲထဲမှ ထွက်လာချိန်တွင်တော့ လုံးဝမေ့ပျောက်၍ မရနိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေ၏။

ရထားအပြင်ဘက်တွင် အဖြူရောင်ဝတ်စုံနှင့် လူများ ပျောက်ကွယ်နေခဲ့ပြီး မြေပြင်ပေါ်တွင်တော့ အသားစများနှင့် စက်ယန္တရား အစိတ်အပိုင်းများ ရောပြွမ်းနေသည့် အရာများ ပြန့်ကျဲနေချေပြီ။ ရထားခေါင်မိုးပေါ်တွင်တော့ ကျီးကန်းနတ်ဆိုးတစ်ကောင် ထိုင်နေပေသည်။ ကျီးကန်းနတ်ဆိုးက အရသာသိပ်မရှိလှသော အစားအစာများကို ထိုးဆိတ်စားသောက်နေလေ၏။

"ဒါတွေ... အားလုံးက အစ်ကိုချီယန်ရဲ့ လက်ချက်တွေလား"

"ဒါမှမဟုတ်ရင် ဘယ်သူဖြစ်ရမလဲ"

"သိပ်အံ့သြဖို့ကောင်းတာပဲ"

ရဲချီယန်က လက်ဖျစ်တီးလိုက်ပြီး ကျီးကန်းနတ်ဆိုးကို စက်ယန္တရားများဖြင့် ပြုပြင်ဖန်တီးထားသော ထိုလူများ၏ အလောင်းများအားလုံးကို စုဆောင်းရန် ညွှန်ကြားလိုက်လေတော့သည်။ သူက အိတ်ဆောင်နာရီကို ထုတ်ယူကာ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။

ဘူတာရုံထဲသို့ ဝင်ရောက်လာသည်မှာ နာရီဝက်ခန့်သာ ရှိသေးပြီး ခရီးစဉ်အတွက် ကုန်ကျစရိတ်က ဤစက်ရုပ်များကို ရှင်းလင်းရသည်ထက် များစွာ ပိုမိုကုန်ကျနေခဲ့ပေသည်။

"အစ်ကိုချီယန်.. ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ"

ရဲချီယန်က ကျောက်လင်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် နောက်ပြောင်ချင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်း ကံကောင်းလွန်းလို့ ငါက မင်းအသက်ကို ကယ်ဖို့ ဒီကမ္ဘာကို ရောက်လာတာ ဖြစ်မယ်ထင်တယ်"

"...."

မဟုတ်သေးဘူး၊ ခဏလေး။ သူက အဲဒီလိုပြောလိုက်ရင်တောင်မှ ဒါက မဖြစ်နိုင်စရာအကြောင်း မရှိဘူးလို့ သူ တကယ်ကြီး ခံစားမိသွားလေ၏။ ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အရေးမကြီးပါဘူး။ သူ ဤဘူတာရုံသို့ လာရန် ရွေးချယ်ခဲ့ခြင်းမှာ ကျောက်လင်၏ ကံကောင်းမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမကို ကယ်တင်ရန် သူ၏ နောက်ဆုံး ဆုံးဖြတ်ချက်မှာတော့ သူ၏ စစ်မှန်သော ခံစားချက်များကို လိုက်နာခဲ့ခြင်းသာ ဖြစ်ပေသည်။

"ကံကောင်းတာ ဟုတ်လား... ဟီးဟီး၊ ဒါဆို ကျွန်မရဲ့ ပါရမီက တကယ်ကို အရမ်းကောင်းလာပုံပဲ၊ အစ်ကိုချီယန်ကိုတောင် တိုက်ရိုက် ဆင့်ခေါ်နိုင်တယ်ဆိုတော့လေ... ဒါက သာမန် ကံကောင်းတာမျိုး မဟုတ်ဘူး" ကျောက်လင်က ပြုံးလျက် ဆိုလိုက်သည်။

"မင်း ဘာတွေတွေးနေတာလဲ.. မှတ်ထား.. မင်း ငါ့ကို ရထားဒင်္ဂါးတွေ ထပ်ပေးစရာ အကြွေးတင်သွားပြီဆိုတာ နားလည်လား"

လူကိုလည်း ကယ်ရမည်ဖြစ်ပြီး ငွေကိုလည်း တောင်းရမည်သာ။ ညီအစ်ကိုအရင်းတွေတောင် စာရင်းရှင်းတာ ရှင်းလင်းပြတ်သားရမည်ဖြစ်ရာ တစ်ဖက်လူက မိန်းမတစ်ယောက်ဖြစ်နေလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

"အာ... အိုး... လူယုတ်မာကြီး"

"ဟင်... မင်း ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ပါဘူး.. ဘာမှမပြောပါဘူး.. ကျေးဇူးတင်ပါတယ် အစ်ကိုချီယန်လို့ ပြောတာပါ၊ နောက်မှ ရတနာသေတ္တာတွေ့ရင် အထဲက ရထားဒင်္ဂါးတွေကို ရှင့်ကို သေချာပေါက် ပေးပါ့မယ်"

ကျောက်လင်၏ ပွစိပွစိပြောနေမှုများကို ဂရုမစိုက်ချင်တော့ဘဲ အပြင်ဘက်ရှိ ကောင်များကို ရှင်းလင်းရန် အာရုံစိုက်လွန်းနေသဖြင့် ပတ်ဝန်းကျင် အခြေအနေကို သူ သတိမထားမိခဲ့ပေ။

ဤနေရာရှိ အခြားရထားအားလုံးမှာ အဆင့်အနိမ့်ဆုံး ရထားတွဲများသာဖြစ်ပြီး ကျောက်လင်၏ ရထားမှလွဲ၍ တစ်စီး၊ နှစ်စီးခန့်သာ အကြည့်ခံနိုင်လေ၏။

"ရထားတွေ အများကြီးပဲ၊ ကျွတ် ကျွတ်.. နှမြောစရာကောင်းတာက အထူးရထားတွဲတွေ မရှိဘူး"

သူသည် အခြေခံ သယံဇာတများ လိုအပ်နေသေးသော လူသစ် မဟုတ်တော့ချေ။ ဤသာမန် အဆင့်အနိမ့်ဆုံး ရထားတွဲများမှာ နေရာယူရုံမှလွဲ၍ သူ့အတွက် မည်သည့်အဓိပ္ပာယ်မျှ မရှိတော့ပေ။

စက်ခေါင်းတွဲများနှင့် ပတ်သက်၍မူ.. မြို့တော်သို့ ပြန်သယ်သွားနိုင်ပါက တစ်စီးလျှင် ရထားဒင်္ဂါး ၁၀ ပြားဖြင့် ရောင်းချနိုင်သော်လည်း ပြန်သယ်သွားနိုင်မှသာ ဖြစ်လေ၏။ အကယ်၍ မှောင်ခိုဈေးကွက်တွင် ချထားပါက ပြန်လည်ဝယ်ယူသည့် စျေးနှုန်းမှာ ပို၍ပင် ဆိုးရွားနေသေးသည်။ ရထားဒင်္ဂါး ငါးပြားသာ ရမည်ဖြစ်သည်။ ရောင်းဈေးကတော့ မြို့တော်၏ အရောင်းအဝယ်ဌာနကဲ့သို့ပင် ဒင်္ဂါး ၁၀၀ ဖြစ်လေ၏။

"ရထား ကိုးစီးဆိုတော့ မှောင်ခိုဈေးကွက်ထဲ ပစ်ထည့်လိုက်ရင်တောင် ရထားဒင်္ဂါး လေးဆယ့်ငါးပြား ရမှာပဲ.. အင်း.. ဒါပေမဲ့ မှောင်ခိုဈေးကွက်ထဲ မထည့်ခင် သူတို့ သေတဲ့အထိ စောင့်ရဦးမှာပဲ.. အင်း" ရဲချီယန်က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

ဤလူများမှာ ယဇ်ပူဇော်ရန် ခေါ်ဆောင်သွားခံရခြင်း ဖြစ်ကြောင်းကို သူ သိထားပြီး ဤဘူတာရုံရှိ သူ၏ ပစ်မှတ်မှာ တန်ချန်းဆန်မြို့တော် မြို့စားကြီး ဖြစ်ကြောင်းကိုလည်း သိရှိထားပေသည်။ ဒါဆို နည်းနည်းလောက် နောက်ကျပြီးမှ သွားသင့်သလား။ ဤနေရာရှိ လူတိုင်းသေဆုံးသွားသည့်အထိ စောင့်ဆိုင်းပြီးနောက် သူတို့၏ ရထားများကို ရထားဒင်္ဂါးများအဖြစ် ပြောင်းလဲပစ်ရမည်လား။

"ဒါပေမဲ့ ငါ သိတဲ့လူတစ်ယောက် ပါနေတယ်"

ယခင်က သူ့အား ရေရောင်းခဲ့သော အမျိုးသမီး ရှန်ကွမ်းရင်းရွှယ်မှာ ထိုနေရာသို့ သွားရန် လှည့်စားခံခဲ့ရပုံပေါ်ပြီး သွေးယဇ်ပူဇော်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့မည် ဖြစ်လေ၏။ သူက တန်ချန်းဆန်မြို့တော် ဗဟိုချက်ဆီသို့ ကြည့်လိုက်ရာ အခြားအဆောက်အအုံများ ဝန်းရံထားပြီး လရောင်အောက်တွင် ညှို့ယူဖမ်းစားနိုင်သော အလင်းရောင်များ တောက်ပနေသည့် ဧရာမ အဆောက်အအုံကြီးကို မြင်လိုက်ရသည်။

သူ၏ စိတ်စွမ်းအားများ တိုးလာပြီးနောက်တွင် အရာများစွာအပေါ် သူ၏ သိမြင်နားလည်နိုင်စွမ်းက အတော်လေး ထက်မြက်လာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဤဘူတာရုံကမ္ဘာသည် အရေးပါသော အခြေအနေတစ်ခုတွင် ရှိနေပြီး ၎င်း၏ အတားအဆီးများကို ချိုးဖျက်ရန်အတွက် နောက်ဆုံး စွမ်းအားတစ်ရပ်သာ လိုအပ်တော့ကြောင်းကို ရဲချီယန် ရှင်းလင်းစွာ ခံစားသိရှိနိုင်လေ၏။ ထိုစွမ်းအားမှာ ယဇ်ပူဇော်ခံရမည့် နောက်ဆုံး ရထားမောင်းနှင်သူ ဆယ်ဦးပင် ဖြစ်ပေသည်။

ရုတ်တရက်ဆိုသလိုပင် ဤဘူတာရုံတွင် သူ ဘာလုပ်ရန် လိုအပ်သည်ကို ရဲချီယန် အနည်းငယ် နားလည်သွားခဲ့သည်။ ဤနေရာကို တာဝန် ပလက်ဖောင်းဟု မခေါ်ဘဲ အဆင့်မြှင့်တင်ရေး ပလက်ဖောင်းဟု ခေါ်ဆိုထားသည် မဟုတ်ပါလော။

ထိုသို့ဆိုလျှင် သူ၏ ရည်မှန်းချက်မှာ ကိုဗိုင်းထံမှ ထိုရထားဒင်္ဂါး ဆယ့်သုံးပြားကို ရယူရန် မဟုတ်ဘဲ အဆင့်မြှင့်တင်ရေး အခမ်းအနားကို ၎င်းတို့ ပြီးမြောက်အောင် မလုပ်နိုင်ခင် နှောင့်ယှက်ဖျက်ဆီးပစ်ရန်သာ ဖြစ်လေတော့သည်။

All Chapters