အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
အခန်း ၁၆၃
တန်ချန်းဆန်မြို့တော်။
မြို့တော်အတွင်း။
ရှန်ကွမ်းရင်းရွှယ်က သူမ၏ ရှေ့ရှိ မြင့်မားသောအဆောက်အအုံကို ကြည့်ရင်း သူမ၏ စိတ်နှလုံးထဲတွင် ရှင်းပြ၍မရနိုင်သော သဟဇာတမဖြစ်မှုကို ခံစားနေရလေ၏။ လေထုထဲတွင် အလွန် သဲ့သဲ့မျှသာရှိသော သံချေးနံ့တစ်ခုက လွင့်ပျံနေပေသည်။
ယင်းမှာ တစ်စုံတစ်ယောက်က လူသတ်မှုကျူးလွန်ထားသော နေရာကို လေဝင်လေထွက်ကောင်းစေသော အနံ့ဆိုးပျောက်ဆေးများ အသုံးပြုကာ ဖုံးကွယ်ထားသကဲ့သို့ပင်။ ဤရှင်သန်ရေးကမ္ဘာသို့ မရောက်လာမီက ရဲအရာရှိတစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် သူမသည် သေဆုံးမှု မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ဖူးလေ၏။
ထို့ကြောင့် သူမသည် ဤကဲ့သို့သော အနံ့မျိုးကို အတော်လေး အကဲခတ်မိပေသည်။
အဆောက်အအုံအပြင်ဘက်သို့ ရောက်ရှိလာချိန်တွင်တော့ ဤသံချေးနံ့၏ အရင်းအမြစ်မှာ ဤနေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းကို ရှန်ကွမ်းရင်းရွှယ် လုံးဝ သေချာသွားခဲ့လေ၏။
"ဒီနေရာက..."
သူမက ခြေလှမ်းများကို ရပ်တန့်လိုက်ရာ သူမ၏ မျက်နှာတွင် တွေဝေတုံ့ဆိုင်းမှုများ ပြည့်နှက်နေပေပြီ။
သူတို့ကို ဦးဆောင်လာသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက နောက်သို့လှည့်ကာ ရှန်ကွမ်းရင်းရွှယ်ကို အပြုံးဖြင့် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ.. လေးစားရပါသော ရထားမောင်းနှင်သူ"
ရှန်ကွမ်းရင်းရွှယ်က ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။ ယခင်က သူမ သိပ်သတိမထားမိခဲ့သော်လည်း ယခုအခါတွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ဤအဖြူရောင်ဝတ်စုံနှင့် လူများ၏ မျက်နှာအမူအရာများမှာ လူတစ်ယောက် ဖန်တီးနိုင်သည့် အရာမျိုးနှင့် မတူကြောင်းကို သူမ ခံစားလိုက်ရလေ၏။
အရမ်း အတုအယောင်ဆန်လွန်းနေတယ်...
"ကျွန်မ.. တစ်ခုခု သတိရလိုက်လို့၊ ရထားပေါ်မှာ ပစ္စည်းတစ်ခု ကျန်ခဲ့လို့ သွားယူရဦးမယ်၊ ဒါကြောင့်... ရှင့်ဘာသာ အရင် ဝင်သွားနှင့်ပါ၊ ကျွန်မ ခဏနေရင် ရောက်လာခဲ့ပါ့မယ်"
ထိုသို့ပြောပြီးနောက် သူမက ထွက်သွားရန် လှည့်လိုက်လေ၏။
သို့သော် ထိုအချိန်မှာပင်။
ဦးဆောင်လာသော အဖြူရောင်ဝတ်စုံနှင့် လူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေတော့သည်။
သူက လက်ကိုမြှောက်ကာ ကောင်းကင်ယံသို့ မီးရှူးမီးပန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ အရပ်မျက်နှာ အသီးသီးမှ အဖြူရောင်ဝတ်စုံနှင့် လူအများအပြား ပြေးဝင်လာကြလေ၏။ သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးတွင် အဆင့်အမျိုးမျိုးရှိသော စက်ယန္တရား လက်တုခြေတုများကို တပ်ဆင်ထားကြပေသည်။
အချိန်တိုလေးအတွင်းမှာပင် သူတို့တစ်စုလုံး ဝိုင်းရံခံလိုက်ရချေပြီ။
"မင်း.. မင်းတို့ ဘာလုပ်နေတာလဲ၊ ငါတို့က မင်းတို့ မြို့စားကြီးရဲ့ ဧည့်သည်တွေလေ"
တစ်စုံတစ်ယောက်က အခြေအနေကို နားမလည်နိုင်သေးဘဲ ဤမျှ မိုက်မဲသော စကားများကို အမှန်တကယ်ပင် ရမ်းတုတ်လိုက်လေ၏။
ရှန်ကွမ်းရင်းရွှယ်မှာ သူမ၏ လက်ထဲရှိ လေးရှည်ကို ဆုပ်ကိုင်ထားရင်း မျက်မှောင်ကြုတ်သွားကာ မကြာမီက ရထားပေါ်မှ ဆင်းရန် ငြင်းဆန်ခဲ့သော ကျောက်လင်ကို သတိရသွားသည်။ သူမက အဲဒီတုန်းကတည်းက တစ်ခုခု မှားယွင်းနေမှန်းကို သတိထားမိပြီးသားများလား။
"လေးစားရပါသော ရထားမောင်းနှင်သူများခင်ဗျာ... ခင်ဗျားတို့ ဝင်သွားလိုက်ပါ"
ယခင်က အတုအယောင် လေးစားမှုများမှာ ပျောက်ကွယ်သွားလေပြီ။
အဖြူရောင်ဝတ်စုံနှင့် လူ၏ အမူအရာမှာ ဒေါသထွက်နေသည့် ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ စက်ယန္တရားများနှင့် ပေါင်းစပ်ထားသော သူတို့၏ ခန္ဓာကိုယ်များမှာ ထိုမျက်နှာကို ဖယ်ရှားလိုက်ပါက လူသားဆန်မှု တစ်စက်လေးမျှပင် ကျန်ရှိနေတော့မည် မဟုတ်ပေ။
"မင်းတို့ ဘာတွေ လုပ်ဖို့ ကြိုးစားနေတာလဲ၊ သောက်ပဲ.. ငါလည်း ပြန်သွားတော့မယ်"
ရထားမောင်းနှင်သူ တစ်ဦးက ကြောက်ရွံ့မှုများ ထကြွလာခဲ့သည်။ သူက အိတ်ကပ်ထဲမှ ဗုံးများနှင့် မီးခိုးဗုံးအချို့ကို ဆွဲထုတ်လိုက်ကာ မီးခိုးများနှင့် ပေါက်ကွဲမှုများကို အသုံးပြု၍ ထွက်ပြေးရန် ရည်ရွယ်လိုက်လေ၏။
သို့သော် ထိုကောင်က အချက်တစ်ချက်ကို မေ့လျော့နေခဲ့သည်။ မီးခိုးများက လူသားများ၏ အမြင်အာရုံကို ဖုံးကွယ်ထားနိုင်သော်လည်း ဤစက်ရုပ်လူသားများအပေါ်တွင် အလုပ်ဖြစ်မည်ဟု မဆိုလိုပေ။
သူ၏ လည်ပင်းတွင် ကြိုးကွင်းတစ်ခု စွပ်ခံလိုက်ရပြီး မီးခိုးများထဲမှ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရသည်။ ကျောက်အန်းနှင့် သူဦးဆောင်လာသော ရထားမောင်းနှင်သူများ အားလုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြလေ၏။
ယခုအချိန်တွင်တော့ အမိုက်မဲဆုံး လူတစ်ယောက်ပင်လျှင် ဤနေရာတွင် တစ်ခုခု မှားယွင်းနေကြောင်းကို မြင်တွေ့နိုင်ပေပြီ။
"ထွက်ပြေးဖို့ နည်းလမ်းရှာကြ"
ကျောက်အန်းက အော်ဟစ်လိုက်ကာ အိတ်ကပ်ထဲမှ မျိုးစေ့တစ်ဆုပ်ကို ယူ၍ ပစ်ပေါက်လိုက်သည်။ သူ၏ စိတ်စွမ်းအားများကို ရူးသွပ်စွာ စားသုံးလိုက်ရာ မြေကြီးထဲမှ အပင်တစ်ပင်ပြီးတစ်ပင် ရိုင်းစိုင်းစွာ ပေါက်ရောက်လာကာ စက်ယန္တရားလူသား အုပ်စုကို တိုက်ခိုက်လေတော့သည်။
ခဏတာမျှတော့ သူတို့ကို အမှန်တကယ်ပင် ဖိနှိပ်ထားနိုင်ခဲ့လေ၏။ လူတိုင်းက လူစုခွဲကာ ထွက်ပြေးကြလေသည်။
သို့သော်...
"ဒေသခံတွေက ဒေသခံတွေပါပဲ၊ ပြုပြင်မွမ်းမံပြီးရင်တောင်မှ အရမ်း အသုံးမကျသေးတာပဲ၊ ဟမ့်"
အဆောက်အအုံဘက်မှ လှောင်ပြောင်သရော်သည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။ အဆောက်အအုံထက်တွင် မျက်မှန်တပ်ကာ အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက သူတို့ကို လှောင်ပြောင်သည့်အကြည့်ဖြင့် ငုံ့ကြည့်နေပေသည်။
"ဟေး.. ဂျူနီယာလေးတို့.. ဆက်မပြေးကြပါနဲ့တော့၊ မင်းတို့ ထွက်ပြေးလို့ လွတ်မှာမဟုတ်ဘူး"
လေထဲတွင် လျှပ်စစ်ဓာတ်အား ဖြည့်တင်းထားသော ကြိုးများက အပင်များကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေကာ ထွက်ပြေးမည့်လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့လိုက်လေ၏။
ကျောက်အန်းက နောက်ဆုံးအနေဖြင့် ရုန်းကန်ရန် ကြိုးစားနေသေးသည်။ သူ၏ စိတ်စွမ်းအားကို ခံစားရင်း သွားကိုကြိတ်ကာ သူ၏ ပါရမီစွမ်းရည်ကို အသုံးပြုရန် စိတ်စွမ်းအားများကို ဆက်လက် စားသုံးနေလေ၏။ သူက နောက်ထပ် မျိုးစေ့တစ်ဆုပ်ကို ပစ်ဲဖို့ ပြင်လိုက်ချိန်မှာပင် သူ၏ စိတ်နှလုံးထဲတွင် စကားတစ်ခွန်းက အနှောင့်အယှက် ပေးလာခဲ့သည်။
"မကြိုးစားပါနဲ့တော့၊ မင်းတို့က အများဆုံးမှ အဆင့် ၄ လောက်ပဲရှိတဲ့ အဆင့် ၃ အမှိုက်ကောင်တွေပဲ၊ ဒီပလက်ဖောင်းမှာ ငါ့ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူး"
အမျိုးသားက အမြင့်မှ ခုန်ချလာကာ သူ၏ရှေ့ရှိ လူအနည်းငယ်ကို အကဲခတ်လိုက်လေ၏။
"တစ်၊ နှစ်၊ သုံး... ကိုး၊ တကယ့် ပြဿနာပဲ၊ တစ်ယောက် လိုနေသေးတာလား၊ ဟင်... ဘာလို့ အဲဒီ စက်ယန္တရားလူသားတွေနဲ့ အဆက်အသွယ် ပြတ်သွားရတာလဲ၊ ထားလိုက်ပါတော့.. မလောပါဘူး"
သူက သိပ်အရေးမကြီးလှဟု တွေးလိုက်ရာ သံကြိုးများက ဆက်လက် တင်းကျပ်လာကာ ထွက်ပြေးလိုစိတ် ရှိနေသေးသူ အားလုံးကို ချည်နှောင်လိုက်လေ၏။ အထူးသဖြင့် ကျောက်အန်းပင်။ သူ့ပါရမီကို အတင်းအဓမ္မ အသုံးပြုပြီးနောက်တွင် သူ၏ စိတ်စွမ်းအားမှာ ယခုအခါတွင် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သော ၁ မှတ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ရူးသွပ်ခြင်း...
ကျောက်အန်း၏ မျက်လုံးထဲရှိ ကမ္ဘာကြီးမှာ သွေးရောင်လွှမ်းနေသော အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေပေပြီ။
"မင်းရဲ့ ပါရမီက အတော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ နှမြောစရာပဲ.. စောလွန်းနေသေးတယ်"
စက်ယန္တရားလူသားများက ဆက်လက် တိုးဝင်လာကာ ရထားမောင်းနှင်သူများကို အဆောက်အအုံဘက်သို့ အတင်းတွန်းပို့လေတော့သည်။ ဤသူက သူတို့ကို မသတ်ချင်ကြောင်းကို မြင်တွေ့ရန် မခဲယဉ်းလှပေ။
အဆောက်အအုံတစ်ခု... မဟုတ်ဘူး၊ ပိုတိတိကျကျ ပြောရရင် ဒါက ယဇ်ပလ္လင်တစ်ခုပါပဲ။
ယဇ်ပလ္လင်၏ အတွင်းပိုင်းသို့ သူတို့ ဝင်ရောက်သွားချိန်မှာပင် ပြင်းထန်သော သွေးနံ့များက သူတို့၏ အာရုံခံစားမှုများကို ထိုးနှက်လာခဲ့လေ၏။ လူသားများ... လူသား အစိတ်အပိုင်းများ... သွေးနှင့် အသားစများ။
ဤယဇ်ပလ္လင်အတွင်းတွင် စက်ယန္တရားများနှင့် အသားစများက ရောနှောတည်ရှိနေကြပေသည်။ သိပ္ပံပညာရှင်နှင့်တူသော အမျိုးသားက နှုတ်ခမ်းကို သပ်လိုက်သည်။
"နောက်နည်းနည်းလေးပဲ.. နောက်နည်းနည်းလေးဆိုရင် ကြီးမြတ်တဲ့ ဘုရားသခင်ရဲ့ မျက်နှာသာပေးမှုကို ငါ ရနိုင်တော့မယ်၊ ဒီနှစ်တွေ အားလုံးက အလကား မဖြစ်ခဲ့ပါဘူး၊ နောက်ဆုံး တစ်ယောက်... နောက်ဆုံး တစ်ယောက်ပဲ လိုတော့တယ်၊ မင်းတို့ အားလုံး ဒီမှာ လိမ်လိမ်မာမာလေး စောင့်နေကြ"
အမျိုးသား၏ ခန္ဓာကိုယ်မှ စက်ယန္တရား ဂျက်လေယာဉ် အတောင်ပံတစ်စုံ ထွက်ပေါ်လာလေ၏။ သူ၏ စက်ယန္တရားလူသားများ အဘယ်ကြောင့် အဆက်အသွယ် ပြတ်တောက်သွားသနည်းဆိုသည်ကို ကြည့်ရန်နှင့် ထိုနောက်ဆုံးလူကို ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် လေထဲသို့ ပျံတက်သွားချိန်တွင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။
သေနတ်တစ်ချက် ပစ်ခတ်သံ ထွက်ပေါ်လာ၏။
ကျည်ဆန်တစ်တောင့်က သူ၏ စက်ယန္တရားလက်မောင်းကို တိကျစွာ မှန်ကန်သွားလေသည်။ ထို့နောက်တွင် ဒုတိယတစ်ချက်၊ တတိယတစ်ချက်။ သေနတ်သံနှင့်အတူ နောက်ထပ် စက်ယန္တရားလူသားများ မြေပြင်ပေါ်သို့ လဲကျသွားကြပြန်သည်။
"ဘာ"
အမျိုးသားက ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် သေနတ်သံများ ထွက်ပေါ်လာရာ အရပ်သို့ ကြည့်လိုက်မိလေ၏။ သူ မည်သည့်အချိန်က ရောက်လာမှန်း မသိသော လူငယ်တစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
"မင်းက ဘယ်သူလဲ၊ ဆယ်ယောက်မြောက်လူလား၊ မဟုတ်ဘူး၊ ဆယ်ယောက်မြောက် ယဇ်ကောင်က မိန်းမတစ်ယောက် ဖြစ်ရမှာလေ၊ မင်း.. မင်းက ဘယ်သူလဲ"
မြင့်မားသော ပလက်ဖောင်းထက်တွင်တော့ ရဲချီယန်၏ လက်ဖဝါးထဲတွင် အီဘိုနီက ကခုန်နေပေသည်။ ဤမေးခွန်းကို သူ ဘယ်လိုဖြေသင့်သနည်း။
သူ၏ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း တွန့်ကွေးသွားလေ၏။ သူ အဖြေရသွားပြီ။
"ခန့်မှန်းကြည့်လေ"
"ခန့်မှန်းရမှာလား.. သူ့ကို ဖမ်းစမ်း"
အမျိုးသားက ခလုတ်တစ်ခုကို နှိပ်လိုက်ရာ သွေးရောင်ယဇ်ပလ္လင်မှ စက်ယန္တရားလူသား ရာပေါင်းများစွာ ထွက်ပေါ်လာပြီး ရဲချီယန်ထံသို့ ပြေးဝင်လာကြလေတော့သည်။
"စက်ယန္တရားနဲ့ အသားစတွေ ပေါင်းထားတာလား၊ မင်းရဲ့ အကြိုက်က တကယ်ကို ဆိုးရွားလွန်းပါတယ်"
သူက လက်ကိုဆန့်ထုတ်ကာ လက်ဖျစ်တီးလိုက်သည်။ သူ၏ဘေးတွင် မျက်ရည်နီ နတ်ဆိုးက တိတ်ဆိတ်စွာ ရပ်နေလေ၏။
"မင်းရဲ့ဓားကို ဆွဲထုတ်လိုက်"
ကွေ့ရှီး ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
ထို့နောက်။
ခုတ်ပိုင်းမှုတစ်ခု။
အနက်ရောင် သွေးရောင် ဓားစွမ်းအင်များက အောက်ဘက်သို့ ပြန့်နှံ့သွားလေ၏။ ယဇ်ပလ္လင်ပေါ်တွင် ကြီးမားချောမွေ့သော ဓားဒဏ်ရာကြီးတစ်ခု ပေါ်လာခဲ့သည်။ ယဇ်ပလ္လင်မှာ ရွေ့လျားသွားပြီး အမှန်တကယ်ပင် ပြိုကျလာတော့သည်။
"သောက်ပဲ.. မင်း.. မင်း ဘာလုပ်လိုက်တာလဲ၊ မင်း ဘာလုပ်နေလဲဆိုတာ မင်း သိလား၊ မင်းက ဘုရားသခင်ကို စော်ကားနေတာပဲ၊ မင်းက သေလမ်းကို ရှာနေတာပဲ"
ဟင်...
ဘုရားသခင်ကို စော်ကားတာလား။
အဲဒါက နားထောင်လို့...
...အတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ။
"ဒါကို ဘုရားသခင်ကို စော်ကားတယ်လို့ သတ်မှတ်မယ်ဆိုရင် မင်းပြောတဲ့ ဘုရားသခင်ဆိုတာ အရမ်းကို အဆင့်အတန်းနိမ့်လွန်းနေပြီ"
ဝီ~
နာမည်ကျော် ဓားတစ်လက်ဖြစ်သော လရိပ်ဓားကို လက်နက်တပ်ဆင်မှု မော်ဂျူးထဲမှ ဆွဲထုတ်လိုက်လေ၏။ ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပြာရောင် ဓားစွမ်းအင်နှင့် ကွေ့ရှီး၏ အနီရောင် ဓားစွမ်းအင်တို့မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ပံ့ပိုးပေးနေကြပေသည်။ ယခင်က ဒေါင်လိုက် ခုတ်ပိုင်းမှုတစ်ခုတည်းသာ ဖြစ်ခဲ့သောအရာမှာ ကြက်ခြေခတ် ပုံစံသို့ ပြောင်းလဲသွားချေပြီ။
"တကယ့် စွမ်းရည်အစစ်ကို ပြစမ်းပါ.. စီနီယာ"
အခန်း ၁၆၄
မြေကြီးက တုန်ခါနေ၏။
ယဇ်ပလ္လင်မှာ ပြိုကျနေပေသည်။ အမျိုးသား၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေလေ၏။
"မင်းက သေလမ်းကို ရှာနေတာပဲ.. ထွက်ခဲ့စမ်း"
သူက လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ သူ၏နောက်တွင် စက်ယန္တရားများနှင့် အသားစများက ပေါင်းစပ်သွားပြီး တံခါးပေါက်တစ်ခု၏ ပုံရိပ်ကို ဖန်တီးလိုက်လေသည်။ ထိုအထဲမှ ဧရာမ လူသားပုံစံ သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာခဲ့၏။ ၎င်း၏ စက်ယန္တရား ကိုယ်ထည်ပေါ်တွင် ငိုကြွေးနေသော လူမျက်နှာ အမြောက်အမြား ရှိနေပေသည်။
အပေါ်ဆုံးတွင် ရှိနေသော မျက်နှာမှာမူ နောင်တတရားများ စွဲထင်နေသော သက်ကြီးရွယ်အို တစ်ဦး၏ မျက်နှာဖြစ်လေ၏။
"ငါ့ကို သတ်ပေးပါ.. ငါ့ကို သတ်ပေးပါ"
"ပါးစပ်ပိတ်ထားစမ်း အဘိုးကြီး.. ဒါက မင်းလိုချင်တဲ့ ထာဝရအသက်ရှင်ခြင်းပဲ မဟုတ်လား"
အမျိုးသားက လူသားပုံစံ မကောင်းဆိုးဝါးကြီး၏ ခေါင်းပေါ်သို့ ခုန်တက်သွားကာ ထိုမျက်နှာကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားပြီး ရဲချီယန်ကို ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ကြည့်လိုက်လေ၏။
"ကောင်လေး.. သေချာကြည့်ထား၊ သူက ဒီမြို့ရဲ့ မြို့စားကြီးပဲ၊ မင်းက ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ ငါ ချိတ်ပိတ်ထားတဲ့ ဒီပလက်ဖောင်းကမ္ဘာထဲကို မင်း ဘာလို့ ဝင်လာနိုင်ခဲ့သလဲ ဆိုတာလည်း ဂရုမစိုက်ဘူး၊ မင်းက ငါ့ရဲ့ ယဇ်ပူဇော်ပွဲကို နှောင့်ယှက်ချင်နေမှတော့ မင်းပါ အဲဒီယဇ်ပူဇော်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရမယ်"
ယဇ်ပူဇော်ပွဲ
နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်း က တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။
အမျိုးသားက မကောင်းဆိုးဝါးကြီးကို ထိန်းချုပ်ကာ တိုက်ခိုက်မှု စတင်ရန် ပြင်နေချိန်မှာပင် ရဲချီယန်က စကားစလိုက်လေ၏။
"တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်၊ ကျွန်တော်က ဒီကမ္ဘာထဲကို မတော်တဆ ဝင်လာမိတာပါ၊ ခင်ဗျား ဘာလုပ်နေလဲဆိုတာလည်း မသိပါဘူး၊ ဒီလိုလုပ်ရင် ဘယ်လိုလဲ.. ခင်ဗျားက ဒီကမ္ဘာရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာရယ်၊ ခင်ဗျားက ဘယ်သူလဲ၊ ဘာလုပ်ချင်တာလဲ ဆိုတာရယ် ပြောပြလေ.. အားလုံးကို ပြောပြ၊ ခင်ဗျားပြောပြပြီးတာနဲ့ ကျွန်တော်က ထွက်သွားပြီး ခင်ဗျားရဲ့ ယဇ်ပူဇော်ပွဲကို မနှောင့်ယှက်တော့ဘူး၊ ဘယ်လိုလဲ.. ဒါက တရားမျှတတယ် မဟုတ်လား"
ဖြားယောင်းသွေးဆောင်ခြင်း...
လိမ်လည်ခြင်း စွမ်းအားများက တိတ်တဆိတ် ပြန့်နှံ့သွားလေ၏။ အနီးအနားရှိ လူတိုင်းက တစ်ချိန်တည်းမှာပင် ရဲချီယန်၏ စကားများကို ယုံကြည်သွားကြပေသည်။ သူတို့က သံသယကင်းရှင်းစွာဖြင့် ယုံကြည်သွားကြခြင်း ဖြစ်သည်။
အမျိုးသား၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေ၏။
မကြာမီက မျက်ရည်နီ နတ်ဆိုးနှင့် ရဲချီယန်တို့ထံမှ ဓားချက်နှစ်ချက်က သူ့ကို တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။ အကယ်၍ တကယ်သာ တိုက်ခိုက်ရမည်ဆိုပါက သူ အနိုင်ရလိမ့်မည်ဟု သေချာပေါက် မခံစားရပေ။ သူ၏ရှေ့ရှိ လူငယ်လေး၏ ရထားမောင်းနှင်သူ အဆင့်မှာ သေချာပေါက် မနိမ့်နိုင်သလို တိုက်ခိုက်ရေး ကျွမ်းကျင်သည့် အမျိုးအစားနှင့်လည်း တူနေလေ၏။
အဖြေအချို့ကို ပေးပြီး ငြိမ်းချမ်းရေးနှင့် လဲလှယ်မည်ဆိုလျှင်...
သူ၏ အတွေးက အနည်းငယ် မိုက်မဲနေကြောင်းကို ထိုအမျိုးသား သတိမထားမိခဲ့ပေ။
"မတော်တဆ ဟုတ်လား ငါ ဒါကို ချိတ်ပိတ်ထားတာ ကြာလွန်းသွားလို့ ရထားစနစ် က တွေ့သွားတာပဲ ဖြစ်ရမယ်၊ ကောင်လေး.. ငါက စက်ယန္တရားနဲ့ အသားစ ဘုရားသခင်ရဲ့ နောက်လိုက် ချောင်ကျဲ ပဲ၊ အရင်ကတော့ ငါလည်း ရထားမောင်းနှင်သူ တစ်ယောက်ပါပဲ၊ ဒီအဘိုးကြီးက ငါ့ကို ဒီကမ္ဘာဆီ ဆင့်ခေါ်ပြီး ဒီပလက်ဖောင်းကမ္ဘာကြီးရဲ့ အဆင့်မြှင့်တင်ရေးကို ကူညီပေးဖို့ တောင်းဆိုခဲ့တာ၊ ငါကလည်း ကူညီပေးခဲ့တာပဲ"
ချောင်ကျဲက မြေပြင်ပေါ်ရှိ လူကိုးယောက်ကို ကြည့်လိုက်သည်။
"ငါ ဒီကမ္ဘာမှာ ရှိနေတာ ဆယ်နှစ်ရှိပြီ၊ ဒီကမ္ဘာရဲ့ တည်နေရာ အမှတ်အသားတွေကို အပြင်ဘက်ကို အများကြီး ပေးပို့ခဲ့တယ်၊ တည်နေရာ အမှတ်အသားတွေကို ရသွားတဲ့ ဒီလူသစ် ရထားမောင်းနှင်သူတွေက ဒီနေရာကို အဆင့် ၄ ကမ္ဘာလို့ပဲ ထင်ခဲ့ကြတာ၊ ဟားဟား... ဒီကမ္ဘာရဲ့ အဆင့်က တကယ်တော့ အဆင့် ၇ ကို ရောက်နေပြီဆိုတာ သူတို့ မသိကြဘူးလေ။ နောက်ထပ် ဆယ်ယောက်ပဲ၊ နောက်ဆုံး ဆယ်ယောက်ပဲ။ သူတို့ကို ကြီးမြတ်တဲ့ စက်ယန္တရားနဲ့ အသားစ ဘုရားသခင်ဆီကို ယဇ်ပူဇော်လိုက်ရင် ဒီနေရာက သူ့ရဲ့ အဆင့်မြှင့်တင်ရေးကို အဆုံးသတ်နိုင်ပြီ။ အဆင့် ၇ ပလက်ဖောင်းကမ္ဘာရဲ့ အတားအဆီးတွေကို ချိုးဖျက်နိုင်ပြီ။ ဒါက ငါ့ရဲ့ ရည်မှန်းချက်ပဲ.. ကောင်လေး၊ မင်း..."
"အတားအဆီးဆိုတာ ဘာတွေလဲ၊ ကျွန်တော် နည်းနည်း သိချင်နေလို့ ပြောပြပါဦး.. ပြောပြရင် ကျွန်တော် ထွက်သွားပေးမယ်၊ ပြီးတော့ ခင်ဗျားက အရင်က ရထားမောင်းနှင်သူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ၊ အခုတော့ မဟုတ်တော့ဘူးလား"
"ဘာလို့ ငါက ဖြေရမှာလဲ.. ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါပြောပြပြီးရင် မင်း ထွက်သွားမှာပဲလေ၊ ငါ့ကို ထပ်မနှောင့်ယှက်နဲ့တော့"
ချောင်ကျဲက အနည်းငယ် မသက်မသာဖြစ်နေသော နားထင်ကို ကိုင်ကာ ရဲချီယန်၏ မေးခွန်းများကို ဆက်လက် ဖြေကြားပေးလေတော့သည်။
"ငါ အရင်ကတော့ ဟုတ်ခဲ့ပါတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်က နောက်ဆုံး ယဇ်ပူဇော်ပွဲကို ပြီးဆုံးအောင် လုပ်ပြီးတဲ့နောက်မှာ ငါက အဲဒီ ကျိန်စာသင့်နေတဲ့ သရုပ်မှန်ကို စွန့်ပစ်လိုက်ပြီး ဘုရားသခင်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့တယ်၊ ဟားဟား... ကောင်လေး.. ရထားမောင်းနှင်သူဆိုတဲ့ သရုပ်မှန်ကနေ လွတ်မြောက်သွားရတာ ဘယ်လောက်တောင် ကောင်းတဲ့ ခံစားချက်မျိုးလဲ ဆိုတာ မင်း သိလား၊ ဆက်ပြီး ရှေ့ဆက်သွားနေစရာ မလိုတော့ဘူး။ အသက်ရှင်ဖို့အတွက် ဆက်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး။ ဘုရားသခင်ဆီကို ယဇ်ကောင်တွေ ပူဇော်ပေးနေသရွေ့ ဒီပလက်ဖောင်းကမ္ဘာမှာ နေပြီး ဇိမ်ကျကျ နေလို့ရပြီ။ ဒီနောက်ဆုံး ယဇ်ပူဇော်ပွဲကို ပြီးဆုံးအောင် လုပ်ပြီးသွားတာနဲ့ ဘုရားသခင်က ငါ့ကို သူ့ရဲ့ တမန်တော် အဖြစ် ခန့်အပ်လိမ့်မယ်။ ဆော်လမွန် မြို့တော် က အဲဒီ ကျိန်စာသင့် စစ်ဆေးရေးမှူး တွေတောင် ငါ့ရဲ့ ပြိုင်ဘက်တွေ ဖြစ်လာတော့မှာ မဟုတ်ဘူး"
"အတားအဆီးဆိုတာကတော့ ရှင်းပါတယ်၊ အဆင့် ၈ ပလက်ဖောင်းကမ္ဘာတွေက စပြီး သူတို့ရဲ့ ခွန်အားက အရင်အဆင့်တွေထက် အများကြီး သာလွန်သွားပြီ၊ ဆုလာဘ်တွေက သိပ်မများပေမယ့် အန္တရာယ်ကတော့ နှစ်ဆတိုးသွားတယ်၊ အဲဒီ ကျိန်စာသင့် ရထားစနစ်က ငါတို့ ရထားမောင်းနှင်သူတွေကို အသက်ရှင်ခွင့် ပေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး၊ ငါ အရင်က အဆင့် ၃၇ အထိ ရောက်ခဲ့တယ်ဆိုတာ မင်းသိလား၊ အဆင့် ၉ ပလက်ဖောင်းကိုတောင် ငါ မဖြတ်ကျော်နိုင်ခဲ့ဘူး၊ မုန်းစရာကောင်းလိုက်တာ၊ အရမ်းကို မုန်းစရာကောင်းတယ်၊ ဒါတွေအားလုံးက အဲဒီ ကျိန်စာသင့် ရထားစနစ်ကြောင့်ပဲ၊ မင်းရဲ့ အဆင့်တက်လာရင်တောင် ဘာကောင်းမှာလဲ၊ ပါရမီစွမ်းရည်ပါတဲ့ အဲဒီကံကောင်းတဲ့ ကောင်တွေနဲ့ ယှဉ်ရင် ငါက သူတို့ကို ဘယ်လိုမှ မီနိုင်မှာမဟုတ်ဘူး"
ဒီတော့ စစ်ဆေးရေးမှူးတွေလည်း ပါဝင်နေတာကိုး။
ရဲချီယန်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်လေ၏။ ကောင်းပြီ.. သူ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ကျန်သေးသည်။
"ရထားမောင်းနှင်သူ တစ်ယောက်အနေနဲ့ အဆင့် ၈ အထက် ပလက်ဖောင်းတွေကို ဘယ်လို ဝင်ရောက်ရမှာလဲ"
"ဟင်... မင်းမှာ မေးခွန်းတွေ အများကြီးပဲ... ကျွတ်.... ငါ့ခေါင်းက ဘာလို့ နည်းနည်း နာလာတာလဲ၊ ငါက ဘာလို့ မင်းကို ဖြေနေရတာလဲ.. ထားလိုက်ပါတော့၊ နောက်ဆုံးတစ်ခုပဲ"
"မင်းရဲ့ရထား ရပ်နားချိန်က ၂၄ နာရီ ကျော်လွန်သွားတာနဲ့ ရထားက အဆင့် ၈ အထက် ပလက်ဖောင်းတွေကို ဦးတည်သွားလိမ့်မယ်၊ နောက်ထပ် မေးစရာ ရှိသေးလား၊ မရှိရင် မြန်မြန် ထွက်သွားတော့၊ ငါ့ရဲ့ ယဇ်ပူဇော်ပွဲကို ဆက်လုပ်ဖို့အတွက် လာမနှောင့်ယှက်နဲ့"
ရဲချီယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေလေ၏။
"မေးစရာ မရှိတော့ပါဘူး၊ ထွက်သွားဖို့ကတော့လေ..."
တောက်—
သူက လက်ဖျစ်ကို ညင်သာစွာ တီးလိုက်သည်။ ရဲချီယန်၏ ဘေးတွင် ရပ်နေသော မျက်ရည်နီ နတ်ဆိုးက စွဲထင်နေသော မျက်ရည်ဓားကို မြှောက်လိုက်လေ၏။ ကောင်းကင်မှ အနီရောင် မိုးစက်များ ကျဆင်းလာခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းလာပေသည်။ စစ်ပွဲ၏ ဝမ်းနည်းကြေကွဲမှု၊ ကြောက်ရွံ့မှုများက လူများ၏ စိတ်နှလုံးထဲတွင် ပြန့်နှံ့သွားလေ၏။
ဓားကိုမြှောက်ပြီး ခုတ်ပိုင်းလိုက်သည်။
တို့ဖူးကို လှီးဖြတ်နေသော ဓားတစ်လက်ကဲ့သို့ပင် အနီရောင် ဓားစွမ်းအင်က ဧရာမ စက်ယန္တရား မကောင်းဆိုးဝါးကြီး၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဖြတ်တောက်သွားလေ၏။ အပေါက်အပြဲများ ဖြစ်နေသော ယဇ်ပလ္လင်မှာ နောက်တစ်ကြိမ် ထပ်မံ၍ ပြတ်တောက်သွားချေပြီ။
ဝုန်း
ကောင်းကင်ယံတွင် အနီရောင် လျှပ်စီးများ လက်သွားလေသည်။
ချောင်ကျဲမှာ ပြတ်တောက်သွားသော မကောင်းဆိုးဝါးကြီး၏ ခန္ဓာကိုယ်ပေါ်မှ ရွှံ့ဗွက်အိုင်ထဲသို့ ပြုတ်ကျသွားပေသည်။
"မင်း ဘာလုပ်နေတာလဲ.. မင်း ကတိဖျက်တယ်၊ မဟုတ်ဘူး၊ မဟုတ်ဘူး.. ဒါက မမှန်ဘူး၊ ငါက ဘာလဲ၊ ငါ အခုလေးတင် ဘာတွေ လုပ်နေတာလဲ၊ မင်းရဲ့ မေးခွန်းတွေကို ငါက ဘာလို့ ဖြေနေရတာလဲ.. မင်း.. မင်း ဘာလုပ်လိုက်တာလဲ"
ဖြားယောင်းသွေးဆောင်ခြင်း စွမ်းအားများက တိတ်တဆိတ် ပျောက်ကွယ်သွားလေပြီ။
ရောက်ရောက်ချင်း သူ၏ ယဇ်ပလ္လင်ကို ဖျက်ဆီးပစ်ခဲ့သော လူတစ်ယောက်က မေးခွန်းအနည်းငယ် ဖြေပေးလိုက်ရုံဖြင့် လိမ်လိမ်မာမာ ထွက်သွားပေးလိမ့်မည်ဟု သူ ယုံကြည်ခဲ့မိကြောင်းကို ချောင်ကျဲ နောက်ဆုံးတွင် သတိပြုမိသွားလေတော့သည်။
ရူးနေတာပဲ... ရူးနေတာပဲ။
သူ တကယ်ကို ရူးသွားတာပဲ။ သူ့စိတ်ထဲမှာ ကြောက်လည်း ကြောက်လာမိသည်။
"မင်းကို ငါသတ်မယ်"
ချောင်ကျဲ၏ ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တုန်ယင်နေလေ၏။ သူက မြေကြီးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ပတ်ဝန်းကျင်ရှိ သွေးအိုင်များအတွင်းမှ ဤပလက်ဖောင်းတွင် မူလက နေထိုင်ခဲ့ကြပြီး စက်ယန္တရားများအဖြစ် ပြုပြင်မွမ်းမံခံထားရသော ဒေသခံ လူသားထောင်ပေါင်းများစွာက ဖြည်းညှင်းစွာ တွားသွား ထွက်ပေါ်လာကြလေ၏။ သူတို့က ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံများကို ပြုလုပ်နေကြသည်။
သူတို့ မသေသေးပေ။
ထို့အပြင်...
ချောင်ကျဲ၏ နောက်ကွယ်ရှိ အသားနှင့် စက်ယန္တရား တံခါးပေါက်မှ အထူးပြုပြင် မွမ်းမံထားသည်မှာ ထင်ရှားသော လူသားပုံစံ သတ္တဝါအချို့လည်း ထွက်ပေါ်လာကြလေ၏။
၎င်းတို့မှာ ဒေသခံများ မဟုတ်ကြပေ။ ဤသူများမှာ ချောင်ကျဲက အဆင့်မြင့် ရထားမောင်းနှင်သူများ၏ ခန္ဓာကိုယ်များကို ပြုပြင်မွမ်းမံကာ ဖန်တီးထားသော မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ သူတို့လည်း အသက်ရှင်နေကြဆဲပင်။
"သူ့ကို သတ်လိုက်"
မကောင်းဆိုးဝါးများက အော်ဟစ်လိုက်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ ရဲချီယန်နှင့် မျက်ရည်နီ နတ်ဆိုးထံသို့ ထိန်းချုပ်မရစွာဖြင့် ပြေးဝင်သွားကြလေ၏။
သနားစရာကောင်းလိုက်တာ...
ဒီလိုအခြေအနေမျိုးအထိ ပြောင်းလဲခံထားရမှတော့ သူတို့ လိုအပ်နေတာက အသက်ရှင်ဖို့ မဟုတ်ဘဲ လွတ်မြောက်ဖို့သာ ဖြစ်လေသည်။
"လူသားတွေကို ပြုပြင်မွမ်းမံတာလား.. လူအများစုက ဒီလိုအရာမျိုးတွေနဲ့ ကစားရတာ ကြိုက်ကြတယ်လို့ ငါ အမြဲတမ်း ခံစားရတယ်.. အတော်လေးကို ရွံစရာကောင်းတယ်"
အမှန်တရားနှင့် အတုအယောင် စာအုပ် က သူ၏ လက်ဖဝါးထဲသို့ ရောက်ရှိလာလေ၏။
သူက ကျောပိုးအိတ်ထဲမှ ပစ္စည်းတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
"ဒါက ဓားမြှောင်တစ်လက်လား.. အဆင်ပြေပါတယ်"
ထက်မြက်သော မှော်ဝင်ဓားမြှောင်။
ဒါက ဤကမ္ဘာသို့ သူရောက်ရှိလာပြီးနောက် ပထမဆုံး အဆင့်မြင့် အသွင်ကူးပြောင်းခဲ့သော ပစ္စည်းပင် ဖြစ်သည်။
သူက အမှန်တရားနှင့် အတုအယောင် စာအုပ်ကို ဖွင့်လိုက်လေ၏။ မာနတရားများက သူ၏ ပတ်လည်တွင် လည်ပတ်နေပေသည်။ အခြားသူများ၏ မျက်လုံးထဲတွင်တော့ ရဲချီယန်၏ ပုံရိပ်မှာ ပိုမို ဝေဝါးလာခဲ့သည်။
သူ၏ပတ်လည်တွင် စီးဆင်းနေသော ကောင်းကင်ပြာရောင် အလင်းတန်းများက ဓားမြှောင်ထဲသို့ ပေါင်းစပ်သွားသည်ကို မည်သူကမျှ မမြင်နိုင်သလို မြင်ခွင့်လည်း မရှိပေ။
သူတို့ မြင်တွေ့နိုင်သည်မှာ...
ခရမ်းရောင် သန်းနေသော အနီရောင် လှိုင်းဂယက်တစ်ခု အပြင်ဘက်သို့ ပြန့်နှံ့သွားသည်ကိုသာ ဖြစ်လေသည်။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"
ရဲချီယန်က တီးတိုးရေရွတ်လိုက်လေတော့သည်။