← Chapters

အခန်း (၁၆၇-၁၇၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၇၈)

Vol. 17 Ch. 167-168

အခန်း ၁၆၇

နေရာရွှေ့ပြောင်းအမှတ်အသား ကျဆင်းလာခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားလေ၏။

အလွန် ပြင်းထန်သော ပေါက်ကွဲမှု အလင်းတန်းတစ်ခုက စက်ယန္တရားနှင့် သွေး ဘုရားသခင်၏ အောက်တွင် ထွက်ပေါ်လာခဲ့ပေသည်။

အမည်းရောင်သန်းနေသော ရွှေရောင် အလင်းတန်းများက တန်ချန်းဆန်မြို့တော်ကို ဖောက်ထွက်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားလေ၏။

ဝီ... ဝီ... ဝီ...

ရဲချီယန်၏ ပတ်လည်တွင် ရထားစနစ်၏ အလင်းမျက်နှာပြင်များ အဆက်မပြတ် ပေါ်လာခဲ့သည်။

၎င်းပေါ်တွင် စကားလုံး တစ်ခွန်းတည်းသာ ရှိနေလေ၏။

[ဘုရားစော်ကားမှု]

"မဟုတ်ဘူး"

ချောင်ကျဲမှာ အလင်းရောင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

အဆုံးအစမရှိသော လွင်တီးခေါင်ပြင်၏ ထောင့်တစ်နေရာတွင်... သူသည် ဤနေရာသို့ အတင်းအဓမ္မ ထွက်ပေါ်လာခဲ့ရလေ၏။

"မဟုတ်ဘူး.. ငါ ထွက်ပြေးရမယ်.. ငါ ထွက်ပြေးရမယ်"

စက်ယန္တရားနှင့်သွေးဘုရားသခင်က ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းဖြင့် ၎င်း၏ အသိစိတ်ကို အတင်းအဓမ္မ ပြန်လည်ယူဆောင်ရန် ကြိုးစားနေလေ၏။ ဤသို့လုပ်ခြင်းက ၎င်း၏ စွမ်းအားများကို ကျဆင်းသွားစေမည်ဆိုလျှင်တောင်မှ ၎င်းက အဲဒီအရာတွေကို ဂရုမစိုက်နိုင်တော့ပေ။

သို့သော်... ဝီ...

ကောင်းကင်ယံတွင် ရထားစနစ်၏ အလင်းမျက်နှာပြင် ပေါ်လာခဲ့သည်။ ထိုအချိန်မှာပင် အေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော အသံတစ်ခု ထွက်ပေါ်လာလေ၏။

[ဘုရားသခင် အမှတ်စဉ် — C-14 — စက်ယန္တရားနှင့် အသားစ]

[စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ လွင်တီးခေါင်ပြင် ကမ္ဘာသို့ ဝင်ရောက်လာခြင်း]

[ယခု ပြစ်ဒဏ် ချမှတ်ပါမည်]

[ပြစ်ဒဏ် စီရင်ချက်]

[၎င်း၏ အကြီးမားဆုံး ပြစ်မှု — ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ဟု ခေါ်ဆိုခြင်း]

[စီရင်ချက် အတည်ဖြစ်သည်၊ ပြစ်ဒဏ်ပေးခြင်း စတင်ပါပြီ]

[အမြစ်ပြတ် ချေမှုန်းခြင်း]

[ပြင်ပ အနှောင့်အယှက်များဝင်ရောက်လာသည်]

[စီရင်ချက် — အနှောင့်အယှက် မအောင်မြင်ပါ]

လေပြေလေးတစ်ခု တိုက်ခတ်သွားလေ၏။

ဘန်း...

စက်ယန္တရားနှင့်သွေးဘုရားသခင်၊ ချောင်ကျဲသည် လွင်တီးခေါင်ပြင်တွင် လဲကျသွားပေသည်။

တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ အပြုံးမျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မကြာမီမှာပင် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး မြေပြင်ပေါ်ရှိ လတ်ဆတ်နေသေးသော အလောင်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်လေ၏။

သူကြိုးဆွဲ ခေါ်ဆောင်လာသော တောခွေးများက ပြေးဝင်လာကာ စတင် ကိုက်ဖဲ့စားသောက်ကြလေတော့သည်။

"ဒီအငွေ့အသက်က ဘာလို့... နည်းနည်း ရင်းနှီးနေရတာလဲ"

တန်ချန်းဆန်မြို့တော်။

နေရာရွှေ့ပြောင်းအမှတ်အသားမှာ တဖြည်းဖြည်း မှေးမှိန်သွားလေ၏။

[ဂုဏ်ယူပါတယ်.. ရထားမောင်းနှင်သူ E-3 - 1102၊ ရဲချီယန်.. ဘုရားသခင်ကို အမြန်ဆုံး သတ်ဖြတ်နိုင်တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် အထူးဆုလာဘ် — ရထားမောင်းနှင်သူ အဆင့်မြင့် မော်ဂျူးကတ်ပြား x ၁ ကို ပေးအပ်လိုက်ပါတယ်] [ဂုဏ်ပုဒ် ရရှိပါသည်] [ဘုရားသခင်များကို ပြစ်မှားစော်ကားသူ] [ဘုရားသခင်များနှင့် ပတ်သက်သော မည်သည့်သက်ရှိများကိုမဆို ၂၀၀% အပို ထိခိုက်ပျက်စီးမှု ပေးနိုင်သည်] [ဤဂုဏ်ပုဒ်ကို တပ်ဆင်ရန် မလိုအပ်ပါ၊ ၎င်းသည် အမြဲတမ်း ချိတ်ဆက်ထားမည်ဖြစ်ပြီး ဂုဏ်ပုဒ် နေရာလွတ်ကို ယူမည်မဟုတ်ပါ]

ထိုဘုရားသခင်က တကယ် သေသွားတာပဲ။

ပြီးတော့ သူက စံချိန်ချိုးသွားတာလား။

ရဲချီယန်က သူသည် ထိုဘုရားသခင်ကို သတ်လိုက်သည်ဟု မခံစားရပေ။ နေရာရွှေ့ပြောင်းအမှတ်အသားကို အသုံးပြုကာ ၎င်းကို လွင်တီးခေါင်ပြင်ဆီသို့ ပြည်နှင်ဒဏ်ပေးလိုက်ရုံသာ ဖြစ်လေသည်။ လွင်တီးခေါင်ပြင်သို့ ရောက်ရှိသွားသည်နှင့် ၎င်းကိုယ်တိုင် ပြောခဲ့သလိုပင် ၎င်းကို ကိုင်တွယ်ဖြေရှင်းသွားသည်မှာ ရထားစနစ်ပင် ဖြစ်ပေသည်။

သို့သော် စနစ်က ဘုရားသခင်ကို သတ်ဖြတ်ခြင်း အကြွေးကို သူ့အား လုံးလုံးလျားလျား ပေးအပ်လိုက်ပုံရသည်။ ဒါကလည်း မဆိုးပါဘူး။

"စံချိန် ဟုတ်လား၊ ဒါဆိုရင် ငါ့အရင်က တခြားလူတွေလည်း ဘုရားသခင်တွေကို သတ်ဖူးတာ ဖြစ်ရမယ်.. ကျွတ် ကျွတ် ကျွတ်.. ရထားမောင်းနှင်သူတွေနဲ့ ဘုရားသခင်တွေက လုံးဝ ဆန့်ကျင်ဘက် တည်ရှိမှုတွေ ဖြစ်ပုံရတယ်.. ပြီးတော့ အဲဒီကောင်တွေက ကတ်ပြား အစီအစဉ်ကို တကယ်ပဲ မုန်းတီးကြပုံရတယ်"

ဘုရားသခင်ကို ယုံကြည်ရန် ရထားမောင်းနှင်သူဆိုသော သရုပ်မှန်ကို စွန့်ပစ်ရမည်။

ဒါပေမဲ့.. နေဦး။

ရဲချီယန်က တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိရသွားလေ၏။

ရှာယာ။

သူမကလည်း... ဘုရားသခင်တစ်ပါးကို ယုံကြည်နေတာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူမက ကောင်းကင်တမန် ကတ်ပြားကို ပိုင်ဆိုင်ထားသေးတယ်လေ... သူမက ဘယ်ဘုရားသခင်ကို ယုံကြည်တာလဲ။ ပြီးတော့ ရှာယာကလည်း ဘုရားစူး ကတ်ပြားကို ရချင်နေတာပဲ။ "ထားလိုက်ပါတော့.. လောလောဆယ် ဒါတွေကို ငါ မတွေးတော့ဘူး"

သူက ခေါင်းခါလိုက်ပြီး ဤဘူတာရုံမှ ရရှိမည့် အကျိုးအမြတ်များအပေါ် အာရုံစိုက်လိုက်လေ၏။

ရထားမောင်းနှင်သူ အဆင့်မြင့် မော်ဂျူးကတ်ပြား ၏ အရေးအကြီးဆုံးအချက်မှာ ၎င်းက ကတ်ပြားတစ်ခု ဖြစ်နေခြင်းပင်။ ယင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပုံစံရှိပြီး အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။

ဘုရားစူး ကတ်ပြားကို သိမ်းဆည်းလိုက်ပြီးနောက် ရဲချီယန်က ချောင်ကျဲ ပျောက်ကွယ်သွားသော နေရာကို ဖြတ်ကျော်ကာ ရထားဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

သူက လက်ကိုဆန့်ထုတ်ကာ ၎င်းကို ထိတွေ့လိုက်သည်။

ရထားမောင်းနှင်သူ သေဆုံးသွားသောကြောင့် ဤရထားမှာ ၎င်း၏ ပိုင်ရှင်ကို ဆုံးရှုံးသွားပြီး အလားတူပင် ရထားစနစ်၏ အနိမ့်ဆုံး ကာကွယ်မှုလည်း ဆုံးရှုံးသွားခဲ့လေပြီ။

ချောင်ကျဲ၏ ရထားတွင် ရထားတွဲ သုံးတွဲသာ ရှိလေ၏။ ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ဤကောင်၏ ရထားအဆင့်မှာ ၃၇ ဖြစ်ရာ သူ၏ ရထားတွင် ရထားတွဲ ဤမျှ နည်းပါးမနေသင့်ပေ။

ရထားမောင်းနှင်သူ သရုပ်မှန်ကို စွန့်ပစ်လိုက်ပြီးနောက် သူက ရထားတွဲများကို ရောင်းချလိုက်ခြင်း ဖြစ်ရမည်။

၎င်းတို့အနက် နှစ်တွဲမှာ အတော်လေး သာမန်ဖြစ်ပြီး ထူးခြားချက် မရှိပေ။ သို့သော် နောက်ဆုံး တတိယမြောက် ရထားတွဲမှာမူ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေလေ၏။

[ရေသိုလှောင်ခြင်းနှင့် ရေသတ္တဝါ မွေးမြူရေး ရထားတွဲ (အဆင့် ၅)]

[ရေကုဗမီတာ နှစ်ထောင့်ငါးရာ ဆံ့သည်၊ သိုလှောင်ထားသော ရေများမှာ ပုပ်သိုးသွားမည် မဟုတ်ပါ၊ ရေသတ္တဝါများ မွေးမြူရန်အတွက် အတွင်းပိုင်း နေရာများကို သတ်မှတ်ပေးနိုင်သည်၊ မွေးမြူရေးမှ ထွက်ပေါ်လာသော စွန့်ပစ်ပစ္စည်းများကို အလိုအလျောက် သိမ်းဆည်းပေးမည်ဖြစ်ပြီး အခြားနေရာများ၏ ရေအရည်အသွေးကို ထိခိုက်စေမည် မဟုတ်ပါ]

ဒါက ကောင်းတဲ့ ရထားတွဲပဲ။

ဒီဟာနဲ့ဆိုရင် ငါ့ရဲ့ ရထားထဲက ရေလှောင်ကန်က အနားယူလို့ရသွားပြီ။

ပြီးတော့ ငါးတွေလည်း မွေးလို့ရသေးတယ်။

ရဲချီယန်က အရင်က သူဝယ်ခဲ့သော စက်ယန္တရား ငါးမျှားတံကို သတိရသွားလေ၏။

အင်း... ငါးမျှားတံ ရလာကတည်းက အခုချိန်အထိ ငါးမျှားဖို့ အခွင့်အရေးပေးတဲ့ ပလက်ဖောင်းတစ်ခုနဲ့မှ သူ မကြုံဖူးသေးပေ။

အခုတော့ ကောင်းသွားပြီ။ ဤရထားတွဲဖြင့် သူသည် ရထားတွဲအတွင်းမှာတင် လုံးဝ ငါးမျှားနိုင်ပြီ ဖြစ်လေ၏။ ဤရထားတွဲ၏ အတွင်းပိုင်း နေရာလွတ်မှာ စီးပွားဖြစ် ရေကူးကန်ကြီး တစ်ဝက်ခန့် အရွယ်အစားရှိပေသည်။ သူသည် ရေကူးကန်နှင့် ရေချိုးကန်အဖြစ် အသုံးပြုရန် နေရာလွတ် တစ်စိတ်တစ်ပိုင်းကို လုံးဝ ခွဲထုတ်ထားနိုင်လေ၏။

ထို့အပြင် ၎င်းကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်နိုင်သေးသည်။

"ရထားတွဲကို ဒီမှာပဲ တပ်ဆင်လိုက်တာ ကောင်းမယ်"

သူက လက်ဖျစ်တီးလိုက်ရာ သိုလှောင်မှု မေးထရစ်ထဲမှ သူ၏ ရထား ထွက်ပေါ်လာလေ၏။ သူက ရထားတွဲတစ်ခုကို ခွဲထုတ်လိုက်ပြီးနောက် ၎င်းကို တပ်ဆင်လိုက်သည်။

ဤသို့ဖြင့် သူ၏ရထားတွင် ယခုအခါ သတ္တမမြောက် ရထားတွဲတစ်ခု ရှိလာခဲ့ပြီ ဖြစ်လေသည်။

ကျန်ရှိနေသော စက်ခေါင်းတွဲနှင့် ရထားတွဲများကိုမူ ရဲချီယန်က ပြန်လည်အသုံးပြုရန်အတွက် မှောင်ခိုဈေးကွက်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်လေ၏။ စက်ခေါင်းတွဲနှင့် ရထားတွဲ နှစ်တွဲ၏ စျေးနှုန်းမှာ စုစုပေါင်း ရထားဒင်္ဂါး ၁၁ ပြားသာ ရရှိခဲ့သည်။

"အရမ်း မှောင်မိုက်တာပဲ.. မှောင်ခိုဈေးကွက်ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တယ်"

သူက စကားမပြောနိုင်လောက်အောင် နှစ်ကြိမ်ခန့် ညည်းညူလိုက်သော်လည်း တကယ်တမ်း ဂရုမစိုက်မိခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ကုန်သွယ်ရေး ပလက်ဖောင်းက ဒီပစ္စည်းတွေကို လက်မခံဘူးလေ။ ပုံမှန်ရောင်းချချင်တယ်ဆိုရင် မြို့တော်ထဲက အရောင်းအဝယ်ဌာနကို သွားမှပဲ ရမှာ။

ပြီးတော့ အရောင်းအဝယ်ဌာန ဆိုတာကလည်း အဲဒီက စျေးနှုန်းတွေက မှောင်ခိုဈေးကွက်ထက် ပိုကောင်းမယ်လို့ မပြောနိုင်ဘူးလေ။

"ပြီးတော့ ဒါပဲ"

ဤအရာများကို ရှင်းလင်းပြီးနောက် ရဲချီယန်သည် နောက်ဆုံးတွင် သူ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ခဲ့သော ဓားမြှောင်ကို ကြည့်ရန် အချိန်ရသွားလေ၏။

ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံး အဆင့်မြင့် အသွင်ကူးပြောင်းခဲ့သော ပစ္စည်းတစ်ခုအနေဖြင့် ဤအရာမှာ အမှတ်တရ တန်ဖိုးများစွာ ရှိနေသေးပေသည်။

"စွမ်းရည် မရှိဘူးလား... ထာဝရ ဖြတ်တောက်သူ။ နာမည်ကတော့ အတော်လေး ကြီးကျယ်ခမ်းနားတာပဲ"

သူက ဓားမြှောင်ကို အလင်းပေါက်နေသော ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်လေ၏။

ငွေရောင်သန်းနေသော အဖြူရောင် အလင်းတန်းတစ်ခုက လေထဲတွင် ခဏတာမျှ လွင့်မျောနေပေသည်။

"ဒါက..."

လွင့်မျောကြယ် သန့်စင်သော အမှတ်အသား ထွက်ပေါ်လာကာ အလင်းတန်းနှင့် တိုက်မိသွားပြီး စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။ သန့်စင်သော အမှတ်အသားပေါ်တွင် သေးငယ်သော အစင်းရာများ ပေါ်လာခဲ့သည်။

"သောက်ကျိုးနည်း"

သူက သန့်စင်သော အမှတ်အသားကို မြန်မြန် သိမ်းဆည်းလိုက်ရာ အလင်းတန်းမှာလည်း ကုန်ခမ်းသွားပြီး ပျောက်ကွယ်သွားလေ၏။

"ဒီလောက်တောင် ပြင်းထန်တာလား၊ လွင့်မျောကြယ် သန့်စင်သော အမှတ်အသားကိုတောင် ပြတ်လုနီးပါး ဖြစ်သွားတယ်"

"ဟက်.. ငါ့ရဲ့ စိတ်စွမ်းအားတွေ ဒီလောက်အများကြီး သုံးပြီး အဆင့်မြင့် အသွင်ကူးပြောင်းထားတဲ့ ပစ္စည်းက အသုံးမကျဖြစ်မှာ မဟုတ်ဘူးဆိုတာ ငါ သိနေတယ်"

၎င်းတွင် စွမ်းရည် ဖော်ပြချက် အဘယ်ကြောင့် မရှိသနည်း ဆိုသည်ကို ရဲချီယန် နားလည်သွားလေ၏။

ဘာဖြစ်လို့လဲဆိုတော့ ဤထာဝရ ဖြတ်တောက်သူ တွင် သန့်စင်သော၊ အရောအနှောကင်းသော ဖြတ်တောက်ခြင်း စွမ်းရည်သာ ပါရှိပြီး ၎င်းတစ်ခုတည်းနှင့်ပင် လုံလောက်နေသောကြောင့် ဖြစ်ပေသည်။

ကျေနပ်မှုဖြင့် သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ၏ လက်နက်တပ်ဆင်မှု နေရာလွတ်ထဲတွင် နောက်ထပ် နေထိုင်သူ တစ်ယောက် ထပ်တိုးလာခဲ့ချေပြီ။

"နောက်ဆုံး နေရာလွတ် တစ်ခုပဲ ကျန်တော့တာလား... ထားလိုက်ပါတော့.. နောက်ကျရင် ထပ်ရလာမှာပါ"

ကိုယ့်ကိုယ်ကိုယ် အနည်းငယ် နှစ်သိမ့်လိုက်ပြီးနောက် စံချိန်ချိုးသည့်အတွက် ရရှိခဲ့သော မော်ဂျူးကတ်ပြားကို သူ ထုတ်ယူလိုက်လေ၏။

အနီရောင်ဖျော့ဖျော့ ကတ်ပြားလေးက သက်သောင့်သက်သာရှိသော အေးမြမှုကို ထုတ်လွှတ်နေပြီး စနစ်၏ အလင်းမျက်နှာပြင်က သူ၏ရှေ့တွင် ပေါ်လာကာ ၎င်းကို ချက်ချင်း အသုံးပြုမည်လားဟု မေးမြန်းနေပေသည်။

ရဲချီယန်က မသုံးသေးပါဟု နှိပ်လိုက်သည်။

မလောပါဘူး။ သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားများ အပြည့်အဝ ပြန်လည်ပြည့်ဖြိုးလာချိန်အထိ စောင့်ဆိုင်းပြီးမှသာ ဤမော်ဂျူးကတ်ပြားကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်မည် ဖြစ်လေ၏။

မော်ဂျူးများ... ၎င်းတို့အားလုံးမှာ ကောင်းမွန်သော အရာများ ဖြစ်ကြသည်။

သေနတ်သံ တရားစီရင်ခြင်းနှင့် သယ်ဆောင်ရလွယ်ကူသော လက်နက်တပ်ဆင်မှု နေရာလွတ် တို့မှာ အဆင့်မြင့် မော်ဂျူးများထဲမှ အဖွဲ့ဝင်များ ဖြစ်ကြရာ အမြင့်ဆုံးအဆင့် မော်ဂျူးများဆိုလျှင် သေချာပေါက် ပို၍ပင် စွမ်းအားကြီးမားပေလိမ့်မည်။ ထို့အပြင် အမြင့်ဆုံးအဆင့် မော်ဂျူးတစ်ခုကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးပါက မည်သို့ ပြောင်းလဲသွားမည်နည်း။

"မလောပါဘူး.. မလောပါဘူး၊ သြော်.. ဟုတ်သားပဲ၊ အဲဒီကောင်တွေက သူတို့ရဲ့ ရွေးနုတ်ဖိုးအဖြစ် ဘာကိုသုံးရမလဲ ဆိုတာကို အခုလောက်ဆို သိလောက်ပြီ.. အကြွေးသွားတောင်းရမယ့် အချိန်ပဲ"

"ပြီးတော့ ဝေါလီ၊ ဒီပလက်ဖောင်းမှာ ရတနာသေတ္တာတွေ ရှိမလား မသိဘူး.. အင်း.. ရှိသင့်တယ် မဟုတ်လား"

သူက သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲသို့ လျှောက်သွားလိုက်သည်။ သူ၏ဘေးတွင်တော့ မျက်ရည်နီ နတ်ဆိုးက သူ့အတွက် ထီးဆောင်းပေးထားလေ၏။

ကျီးကန်းနတ်ဆိုးကလည်း ကောင်းကင်ယံတွင် လွင့်မျောနေပြီး ထာဝရ လိုက်ပါနေပေသည်။

အခန်း ၁၆၈

တန်ချန်းဆန်မြို့တော်ရှိ ဧရာမပလက်ဖောင်းအတွင်း၌။

ရှန်ကွမ်းရင်းရွှယ်နှင့် အခြားသူများက သတိလစ်နေသော ကျောက်အန်းကို သယ်ဆောင်ကာ ဤနေရာသို့ ပြန်လည်ရောက်ရှိလာကြလေ၏။

ရထားထဲတွင် ပုန်းအောင်းနေသော ကျောက်လင်က ဆူညံသံများကို ကြားလိုက်ရသဖြင့် သတိကြီးစွာဖြင့် ခေါင်းပြူကြည့်လိုက်သည်။ ရှန်ကွမ်းရင်းရွှယ်နှင့် အခြားသူများဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ခဏမျှ တုံ့ဆိုင်းနေပြီးမှ အပြင်သို့ ထွက်လာခဲ့လေ၏။

"ရှင်တို့ မြို့စားကြီးကို သွားတွေ့မယ်ဆို.. ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေမျိုး ဖြစ်လာရတာလဲ"

ဟိုဘက်တွင် ပြဿနာတစ်ခုခု ရှိနေမှန်းကို သူမ ကောင်းကောင်း သိထားသော်လည်း ဖွင့်ပြောလိုက်ပါက ဤလူများကို သံသယဝင်စေရုံသာ ရှိပေလိမ့်မည်။

ရှန်ကွမ်းရင်းရွှယ်က ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ သူမ၏ရထားဆီသို့ ပြန်သွားလေတော့သည်။

"ဒါက အတိအကျ ဘာဖြစ်သွားတာလဲ"

လူအုပ်ထဲမှ ဝမ်းနည်းကြေကွဲနေသော မျက်နှာဖြင့် အခြားအမျိုးသမီးတစ်ဦးက လျှောက်လာကာ ပြန်ဖြေလိုက်လေ၏။

"ကျွန်မတို့ လှည့်စားခံလိုက်ရတာ"

ထို့နောက် သူမက မကြာမီက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလေတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော ရထားမောင်းနှင်သူ စီနီယာတစ်ဦး ရုတ်တရက် ထွက်ပေါ်လာပြီး ထိုမကောင်းဆိုးဝါးများကို ရှင်းလင်းကာ သူတို့ကို ကယ်တင်ခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ကျောက်လင်၏ အကြည့်များက အနည်းငယ် ရွေ့လျားသွားခဲ့ပေသည်။

စီနီယာ ဟုတ်လား...

အကယ်၍သာ ရဲချီယန်ကို သူမ ကြာမြင့်စွာကတည်းက မသိခဲ့ဘူးဆိုလျှင် သူသည် သူမနှင့် တစ်သုတ်တည်းဖြစ်သော ရထားမောင်းနှင်သူ တစ်ဦးဖြစ်နိုင်ကြောင်းကို သူမ တွေးတောကြည့်နိုင်မည်ပင် မဟုတ်ချေ။

တစ်ခါတစ်ရံတွင် လူအချင်းချင်းကြားရှိ ကွာခြားချက်မှာ လူနှင့်ခွေးကြားရှိ ကွာခြားချက်ထက်ပင် ပိုမို ကြီးမားနေတတ်လေသည်။

အဟွတ်...

ခပ်လှမ်းလှမ်းမှ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာ၏။

ပလက်ဖောင်းအောက်တွင် ချထားခံရသော ကျောက်အန်း ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေပေသည်။

"အော့..."

သူက ကြောင်အမ်းအမ်းနှင့် ရူးသွပ်နေသည့်ပုံပေါက်နေကာ သူ၏စိတ်ထဲတွင် ထူးဆန်းသော အသံများစွာက အဆက်မပြတ် ပဲ့တင်ထပ်နေလေ၏။

မည်သူကမျှ ကျောက်အန်းအနီးသို့ မကပ်ကြပေ။ သူတို့အားလုံးမှာ မဟာမိတ်အဖွဲ့ တစ်ခုတည်းမှ အဖွဲ့ဝင်များ ဖြစ်ကြသည့်တိုင်အောင်ပင်။ ထို့အပြင် ပုံမှန်ရက်များတွင် သူတို့ကို ကျောက်အန်းက မကြာခဏ စောင့်ရှောက်ပေးခဲ့ဖူးလေသည်။

သို့သော် သူတို့၏ စိတ်နှလုံးထဲတွင်တော့ ကျောက်အန်းသာ ထိုပလက်ဖောင်း တည်နေရာအမှတ်အသား ကတ်ပြားကို တစ်နည်းနည်းဖြင့် မရရှိခဲ့ပါက ယနေ့ဖြစ်ပျက်ခဲ့သမျှကို သူတို့ ကြုံတွေ့ခဲ့ရမည် မဟုတ်ဟု တွေးတောနေကြလေ၏။

ထိုအမျိုးသမီးပင်လျှင် ကျောက်အန်းကို ပြုစုစောင့်ရှောက်ရန် သွားရောက်ဖို့ တုံ့ဆိုင်းနေခဲ့ပေသည်။

ဝုန်း...

အဝေးမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူများက အဝေးဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်မိကြ၏။ မျက်စိကျိန်းမတတ် စူးရှသောအလင်းတန်းကြီးက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များကြောင့် သူတို့မှာ မျက်လုံးများကို အလိုအလျောက် မှိတ်ထားလိုက်ရလေသည်။

အလင်းတန်းများ ပျောက်ကွယ်သွားသည်အထိ ရထားမောင်းနှင်သူများမှာ မလှုပ်မယှက်ဖြင့် အေးခဲနေသကဲ့သို့ ရပ်နေကြဆဲပင်။

အချိန်အတိုင်းအတာတစ်ခု ကြာမြင့်ပြီးနောက်...

"ခုနက.. အဲဒါ.. အဲဒါက ဘာကြီးလဲ"

အသံထွက်ပေါ်လာရာဆီသို့ ကြည့်လိုက်ရာ စကားပြောနေသူမှာ စိတ်အခြေအနေ လုံးဝပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်သော ကျောက်အန်းပင်။ ထိုအလင်းတန်းအောက်တွင် သူသည် အသိစိတ်အချို့ကို အမှန်တကယ်ပင် ပြန်လည်ရရှိသွားခဲ့ခြင်း ဖြစ်လေသည်။

သူ၏ မေးခွန်းကို မည်သူကမျှ မဖြေဆိုနိုင်ကြချေ။ ဤအရာအားလုံးကို ပြုလုပ်ခဲ့သူမှာ ရဲချီယန်ဖြစ်ကြောင်း ခန့်မှန်းမိလျှင်တောင်မှ ကျောက်လင်က အဖြေမပေးနိုင်ခဲ့ပေ။

"ငါတို့က တကယ်ပဲ တစ်သုတ်တည်း ထွက်လာတဲ့ ရထားမောင်းနှင်သူတွေ ဟုတ်လို့လား"

ဤအတွေးက ကျောက်လင်၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာခဲ့လေ၏။

ထိုအမျိုးသမီးက ဖြစ်ပျက်ခဲ့သမျှကို ကျောက်အန်းအား ထပ်မံ ပြောပြလေတော့သည်။

စွမ်းအားကြီးမားသော ရထားမောင်းနှင်သူ စီနီယာတစ်ဦး၏ ကယ်တင်မှုကို ခံခဲ့ရကြောင်းနှင့် တစ်ဖက်လူက ဆုလာဘ်တစ်ခု တောင်းဆိုထားသော်လည်း ဈေးနှုန်းကို မပြောရသေးကြောင်း သိရှိပြီးနောက် တစ်ဖက်လူ၏ မျက်လုံးထဲရှိ သူ၏အသက်တန်ဖိုးမှာ သူတို့ မည်မျှပေးနိုင်သနည်းဆိုသည့်အပေါ်တွင် မမူတည်ဘဲ သူတို့တွင် မည်မျှရှိသနည်းဆိုသည့်အပေါ်တွင်သာ မူတည်ကြောင်းကို ကျောက်အန်း နားလည်သွားလေ၏။

"အားလုံးကို တောင်းပန်ပါတယ်.. ဒါတွေအကုန်လုံးက ကျွန်တော့်အမှားတွေပါ"

သူ၏ တောင်းပန်စကားကို မည်သူကမျှ နားမထောင်ကြပေ။ လူတိုင်းက ကိုယ့်ရထားဆီသို့ အသံတိတ် ပြန်သွားကြပြီး သူတို့ တတ်နိုင်သမျှ ပစ္စည်းအားလုံးကို ထုတ်ယူကာ အသက်ရှင်ခွင့်တစ်ခုနှင့် လဲလှယ်နိုင်ရန် မျှော်လင့်နေကြလေတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက် ရဲချီယန်က ဤနေရာသို့ ပေါ့ပေါ့ပါးပါး ရောက်ရှိလာခဲ့ပြီး အနီရောင်မိုးရေထဲတွင် ထွက်မသွားရသေးသော ရထားအနည်းငယ်ကို ကြည့်ကာ လက်ဖျစ်တီးလိုက်လေ၏။

ကျီးကန်းနတ်ဆိုးက ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံတစ်ခုကို ပြုလုပ်လိုက်သည်။

ရထားထဲရှိ လူများက ထိုအသံကို ကြားလိုက်ရသဖြင့် သူတို့၏ရထားများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြလေ၏။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ရပ်နေရင်း အင်အားမည်မျှရှိမှန်း မသိရသော ဤရထားမောင်းနှင်သူ စီနီယာကို ကွပ်မျက်ခံရမည့်အချိန်အား စောင့်ဆိုင်းနေသော အကျဉ်းသားများကဲ့သို့ ကြောက်ရွံ့စွာ ကြည့်နေကြပေသည်။

ရဲချီယန်က ရထားခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး အောက်ရှိ လူများကို အကဲခတ်လိုက်လေ၏။ သူ၏အကြည့်များက ကျောက်လင်၊ ကျောက်အန်းနှင့် ရှန်ကွမ်းရင်းရွှယ်တို့အပေါ်တွင် ခဏတာမျှ ရပ်တန့်သွားခဲ့သည်။

"မင်းတို့အားလုံး အဆင်သင့်ဖြစ်နေပြီ ထင်တယ်"

မည်သူကမျှ စျေးဆစ်ရန် မဝံ့ရဲကြချေ။ လူတိုင်းက သူတို့၏ ရထားဒင်္ဂါးအားလုံးကို ပေးအပ်လိုက်ကြပြီး ၎င်းသာမက တန်ဖိုးအနည်းငယ်မျှသာ ရှိသော ပစ္စည်းများကိုပါ ထုတ်ပေးကြလေသည်။ ဤလူငယ်စီနီယာကို ငွေပေးတာ နည်းသွားပါက ဒေါသထွက်ပြီး သူတို့၏အသက်များကို ယူသွားမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်ပေသည်။

ကျောက်လင်အပါအဝင် လူဆယ်ယောက်ပေါင်းမှ စုစုပေါင်း ရထားဒင်္ဂါး နှစ်ဆယ့်ခြောက်ပြားသာ ထုတ်ပေးနိုင်ကြလေ၏။

ပစ္စည်းများနှင့် ပတ်သက်၍မူ ၎င်းတို့အားလုံးမှာ အဆင့် ၁ သို့မဟုတ် ၂ အမှိုက်ပစ္စည်းများသာ ဖြစ်ရာ သူ့အတွက် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်လိုစိတ်ပင် မရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ထားလိုက်တော့လေ။

သူက ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ၎င်းတို့အားလုံးကို ကုန်သွယ်ရေး ပလက်ဖောင်းထဲသို့ အနိမ့်ဆုံးစျေးနှုန်းဖြင့် ပစ်ထည့်လိုက်ရာ စုစုပေါင်း ရထားဒင်္ဂါး နှစ်ဆယ့်နှစ်ပြား ရရှိခဲ့လေ၏။

သိပ်လည်းမများသလို သိပ်လည်းမနည်းလှပေ။

ရဲချီယန်က အတော်လေး ကျေနပ်သွားသည်။ မည်သို့ပင်ဆိုစေ သူသည် ဤလူများ၏ အသက်ကို ယူရန် ဘယ်တုန်းကမှ တကယ် မရည်ရွယ်ခဲ့ပေ။ ရွေးနုတ်ဖိုးကို ကောက်ခံပြီးနောက် သူက ထွက်သွားရန် လှည့်လိုက်လေ၏။

ထိုစဉ် အားနည်းနေသော ကျောက်အန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"စီနီယာ.. စီနီယာ.. ခဏလောက် စောင့်ပါဦး"

ကျောက်လင်နှင့် ရှန်ကွမ်းရင်းရွှယ်တို့မှလွဲ၍ ကျန်လူအနည်းငယ်၏ မျက်နှာများမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားကြလေ၏။ သူတို့က အမြန်တားဆီးရန် ကြိုးစားလိုက်ကြသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ချေပြီ။

ကျောက်အန်းက သစ်သားတုတ်တစ်ချောင်းကို မှီကာ ရှေ့သို့ အမြန်လှမ်းတက်သွားပြီး ရဲချီယန်၏ ကျောပြင်ကိုကြည့်ရင်း ကျယ်လောင်စွာ ဆိုလိုက်လေ၏။

"စီနီယာ.. ကျွန်တော်.. ကျွန်တော်က ဒီအသုတ်က ရထားမောင်းနှင်သူ ကျောက်အန်းပါ၊ တကယ်လို့ နောင်တစ်ချိန် စီနီယာသာ ကျွန်တော့်ဆီက တစ်ခုခု လိုအပ်လာခဲ့ရင် ဒီဂျူနီယာက သေချာပေါက် ငြင်းဆန်မှာ မဟုတ်ပါဘူး"

သို့သော်... ရဲချီယန်က ရပ်တန့်ရန် အစီအစဉ် မရှိခဲ့ပေ။ သူက တိုက်ရိုက်ပင် ထွက်ခွာသွားကာ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

တစ်ခုခု လိုအပ်လာရင် ဟုတ်လား။ သူက ဘာလုပ်ပေးနိုင်မှာလဲ။

သူ့အတွက် ဘုရားစူး ကတ်ပြားတစ်ခုကို ရှာပေးနိုင်မှာလား။ ဒါမှမဟုတ် နောက်ထပ် ကတ်ပြား အစီအစဉ်တွေ ရဖို့ ကူညီပေးနိုင်မှာလား။

သူတို့ ဘာမှ မလုပ်ပေးနိုင်ပါဘူးလေ။

သည်းထန်သော မိုးရွာသွန်းမှုမှာ တဖြည်းဖြည်း ရပ်စဲသွားလေ၏။

ကျောက်အန်းနှင့် အခြားသူများလည်း ဤဘူတာရုံမှ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ဧရာမ တန်ချန်းဆန်မြို့တော်ကြီးမှာ လူသူကင်းမဲ့သော မြို့ပျက်ကြီးတစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားချေပြီ။

ရဲချီယန်က ရထားခေါင်မိုးပေါ်တွင် ထိုင်ကာ ဖရဲသီးစားရင်း လရောင်အောက်တွင် ဇိမ်ကျကျ အနားယူနေလေ၏။

အချိန် - [၂၂:၁၀:၃၁]

ကျီးကန်းနတ်ဆိုးက အော်သံတစ်ခု ပြုလုပ်လိုက်သည်။ သူ မျက်လုံးဖွင့်ပြီး ကြည့်လိုက်လေ၏။

ဝေါလီက အဝါနုရောင် အိတ်တစ်အိတ်ကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း ရထားဆီသို့ ယိမ်းထိုးလျက် လျှောက်လာနေပေသည်။

"မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ၊ ဘာလို့ ဒီလောက်ကြာနေရတာလဲ"

ကျီးကန်းနတ်ဆိုးက ဝေါလီကို ဖမ်းဆွဲကာ ရထားခေါင်မိုးပေါ်သို့ ခေါ်ဆောင်လာခဲ့လေ၏။ စက်ရုပ်ငယ်လေးက ခေါင်းကိုစောင်းကာ ဆန်အိတ်ကို လက်နှစ်ဖက်ဖြင့် မြှောက်တင်ပြီး ရဲချီယန်ထံသို့ ပေးလိုက်သည်။

"ညစ်ပေနေတာပဲ.. မင်း မြေကြီးတူးလာတာလား"

ရဲချီယန်က ဝေါလီ၏ သတ္တုခေါင်းလေးကို ပွတ်သပ်လိုက်ရာ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

"ဒီတော့ ဒီရတနာသေတ္တာက မြေကြီးအောက်မှာ မြှုပ်ထားတာပေါ့.. ဟင်.. နေဦး၊ ဒါက ရတနာသေတ္တာ မဟုတ်ဘူးလား"

ဆန်အိတ်ကို ထိတွေ့လိုက်သည်နှင့် စနစ်၏ အကဲဖြတ် အလင်းမျက်နှာပြင်မှာ သူ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေသည်။

[ဆန်မြို့တော်၏ အဆုံးအစမဲ့ ဆန်အိတ်]

[ကိုယ်ခံစွမ်းအား၊ အသက်၊ အသားနှင့် သွေးတို့ကို စားသုံး၍ သန့်ရှင်းပြီး အရသာရှိသော ဆန်များ အမြောက်အမြားအဖြစ်သို့ ပြောင်းလဲပေးသည်]

"...ဒါကြောင့် ဒီနေရာကို တန်ချန်းဆန်မြို့တော်လို့ ခေါ်တာကိုး.. ဒါပေမဲ့ ဒီအရာက ရတနာသေတ္တာ တစ်လုံးလောက် တကယ် တန်ဖိုးရှိလို့လား.. မဖြစ်နိုင်ဘူး၊ ဝေါလီ မှားနိုင်စရာ အကြောင်းမရှိပါဘူး"

ရတနာများနှင့် ပတ်သက်လာလျှင် ဝေါလီ၏ ဆုံးဖြတ်နိုင်စွမ်းကို သူ အလွန် ယုံကြည်ဆဲပင် ဖြစ်လေ၏။ ဤဘူတာရုံသို့ ရောက်လာပြီး ၎င်းရှာဖွေခဲ့သောအရာမှာ ဤဆန်အိတ်ဖြစ်နေမှတော့ ၎င်း၏တန်ဖိုးက ရတနာသေတ္တာတစ်လုံးထက် သေချာပေါက် သာလွန်နေလိမ့်မည်။

"အဆုံးအစမဲ့..."

မည်သည့်အကြောင်းကြောင့်မှန်းမသိ ယခင်က အပြုံးမျက်နှာနဲ့လူ ပြောခဲ့သော စကားများက ရဲချီယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့ပေသည်။

"အဆုံးအစမဲ့ဆိုတာကို မယုံနဲ့"

"ကျွတ်... ထားလိုက်ပါတော့လေ၊ နောက်ဆို ထမင်းစားဖို့ ဆန်ဝယ်စရာ မလိုတော့ဘူးဆိုတော့ အနာဂတ်အတွက် ပိုက်ဆံချွေတာရာ ရောက်တာပေါ့"

လောလောဆယ်တွင် ဤဆန်အိတ်ကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်လိုစိတ် သူ၌ မရှိသေးပေ။ အဆင့်မရှိသော ပစ္စည်းတစ်ခုကို အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရမည်ဆိုလျှင် စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအား မည်မျှ ကုန်ကျမည်ကို သူ မသိပေ။

လောလောဆယ်တွင် ၎င်းကို သိမ်းထားလိုက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် အမှန်တရားနှင့် အတုအယောင် စာအုပ်ကို အသုံးပြုချိန်ကျမှသာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်မည်ဆိုလျှင်လည်း နောက်ကျမည် မဟုတ်ချေ။

"ဟူး... အခု အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ရမှာက ဒါပဲ"

အနားယူပြီးနောက် သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားများမှာ ပြန်လည်ပြည့်ဖြိုးနေပြီ ဖြစ်လေသည်။ မျက်ရည်နီ နတ်ဆိုးက ထိုအမြင့်ဆုံးအဆင့် မော်ဂျူးကတ်ပြားကို သူ့ထံသို့ ကမ်းပေးလိုက်၏။

"အမြင့်ဆုံးအဆင့်ရဲ့ အထက်မှာ ဘာများရှိနေမလဲ"

"တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"

All Chapters