နိုင်းလီ ရှာမန်မျိုးနွယ်စု
Vol. 27 Ch. 369
စုမင်ကား တည်ငြိမ်နေ၏။ သူ့မျက်နှာအမူအယာမှာ လူငယ်၏ စကားများကြောင့် လုံးဝပင် ပြောင်းလဲသွားခြင်းမရှိပေ။ သူ့ပုံစံက ၎င်းကိုလုံးဝ မကြားလိုက်သလိုပင် ဖြစ်သည်။
"ကျုပ်မင်းကို ညီနောင်မော့...လို့ မခေါ်ပဲ ညီနောင်စုလို့ ခေါ်သင့်တယ် ထင်တယ်" လူငယ်သည် စုမင်၏ တုန့်ပြန်မှုကို မြင်သောအခါ ထပ်မံ၍ ဖြည်းညှင်းစွာ ပြောလိုက်ပြန်သည်။
စုမင်သည် ခပ်ဖျော့ဖျော့ပြုံးကာ မှောင်မည်းနေသော ကောင်းကင်တခွင် ကူးခတ်နေသော မက်ကရယ်ငါးများကို မော့ကြည့်လိုက်သည်။ ထို့နောက် စူးရှတောက်ပသော အကြည့်တစ်ခုနှင့် အတူ မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်ကာ ဘေးတွင်ချထားလိုက်ပြီး သူ့နံဘေးရှိ ဝိုင်အိုးထဲမှ တစ်ငုံခန့် ယူသောက်လိုက်သည်။
သူ မျက်နှာဖုံး ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယခင်က နောက်ဆုတ်နေခဲ့သော အလယ်အလတ် ရှာမန်ကိုးဦးလုံးသည် ချက်ချင်း ရှေ့သို့ လှမ်းတက်လာပြီး သူတို့ပတ်လည်တွင် ရပ်လိုက်ကြသည်။ သူတို့ အမူအယာများ ပြောင်းလဲသွားပြီး မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာသော်လည်း တိုက်ခိုက်ခြင်းတော့ မပြုခဲ့ပေ။
စုမင်၏ ရုတ်တရက် လှုပ်ရှားမှုများကို မြင်သောအခါ လူငယ်၏ မျက်လုံးများက စုမင်ကို ချက်ချင်း စူးစမ်းလေ့လာလိုက်သည်။ စုမင်၏ ဖြူဖျော့သော မျက်နှာနှင့် သူ့မျက်လုံးအောက်ရှိ အမာရွတ်တို့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်မှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ငါတို့ မျိုးနွယ်ဝင်တွေ အများကြီးကို သတ်ဖြတ်ခဲ့ပြီး မင်းကိုယ်ပေါ်က ရှာမန်တွေရဲ့ သွေးနံ့ဟာ ထူထဲလွန်းလို့ လီပေါင်းများစွာ အဝေးကတောင် အနံ့ရနိုင်တယ်။ ဒါကိုတောင် မင်းက ငါတို့ကြားမှာ မျက်နှာပြောင်တိုက်ပြီး ထိုင်နေရဲသေးတယ်ပေါ့"
"ငါ့ အမိန့်တစ်ချက် ပေးလိုက်ရုံနဲ့တင် မင်းဦးခေါင်း ချက်ချင်း မြေပေါ်ပြုတ်ကျသွားမယ့်အပြင် မင်းစိတ်ဝိညာဉ်ပါ ချက်ချင်းပျက်စီးသွားလိမ့်မယ်ဆိုတာ မင်း မယုံဘူးလား"
"ငါ့ခေါင်း မြေပေါ်မကျခင် မင်းကို ငါနဲ့အတူ ငရဲဆီ ဆွဲမချသွားဘူးလို့ရော မင်းယုံလား... ငါ့ခေါင်း မြေပေါ်ကျသွားတာနဲ့ မင်းရဲ့ ဆောင်းဦးပင်လယ် မျိုးနွယ်စုဟာ ရှာမန်နယ်မြေမှာ ဆက်တည်ရှိနေဖို့ မယုံနိုင်လောက်အောင် ခက်ခဲသွားလိမ့်မယ်ဆိုတာရော မင်းယုံလား" စုမင်သည် ဝိုင်အိုးကိုယူကာ ပါးစပ်အပြည့် တစ်ငုံ ထပ်သောက်လိုက်ပြီးနောက် လူငယ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ငါ့ခေါင်းက မြေပေါ် ပြုတ်ကျချင်မှ ပြုတ်ကျလိမ့်မယ်ဆိုတာရော မင်းယုံလား"
လူငယ်သည် စုမင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် စတင် ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံများမှာ မကျယ်လောင်လှသော်လည်း စတင်ရယ်မောလိုက်သည်နှင့် သူ့မျက်လုံးများထဲရှိ အေးစက်စက်အကြည့်မှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။
"စုမင်၊ အိုး စုမင်... ဒါက ကျုပ်တို့ ပထမဆုံးအကြိမ် ဆုံဖူးတာဆိုပေမယ့် မင်းက ကျုပ်ကို အံ့အားသင့်စရာတွေ အများကြီး ပေးခဲ့တာပဲ။ မာန်စွမ်းအားရှင် မျိုးနွယ်ဝင် တစ်ယောက်ဖြစ်တဲ့ မင်းက ငါ့မျိုးနွယ်စုရဲ့ ကလေးတွေအတွက် ပလုတ်တုတ်တုတ် ဗုံကို ပြန်ပြင်ပေးလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ မင်းရဲ့ ပုံစံအစစ်အမှန်ကို ဖော်ထုတ်လိုက်တာနဲ့ မင်းက အခြေအနေတွေကို ပြောင်းပြန်လှန်ပြီး ငါ့မျိုးနွယ်စုထဲမှာတင်ပဲ ငါ့ကို ခြိမ်းခြောက်လိမ့်မယ်လို့လည်း ငါမျှော်လင့်မထားမိခဲ့ဘူး"
"မင်းနာမည်က မာန်စွမ်းအားရှင်တွေ အားလုံးကြားမှာ ပျံ့နှံ့နေပြီဆိုတာ မင်းသိလား။ ကောင်းကင်မြူခိုး မြို့တော်က တားဆီးပိတ်ပင်တဲ့ အမိန့်တစ်ခု ထုတ်ပြန်ထားရင်တောင် အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ဖုံးကွယ်မထားနိုင်ဘူး"
"လေမာန်စွမ်းအားရှင် အစစ်အမှန် စစ်နတ်ဘုရား၊ လျှပ်စီးမာန်စွမ်းအားရှင် အစစ်အမှန် စစ်နတ်ဘုရား... ပြီးတော့ မင်းက ပထမမာန်နတ်ဘုရားရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကိုတောင် ရရှိခဲ့သေးတယ်။ မာန်နတ်ဘုရားရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ မင်းက မာန်စွမ်းအားရှင် နယ်မြေထဲမှာရှိတဲ့ အစွမ်းထက် မာန်စွမ်းအားရှင်တွေ အားလုံးရဲ့ အာရုံကို ဖမ်းစားထားနိုင်ပြီးသား ဖြစ်နေပြီ"
"တစ်ချိန်တည်းမှာပဲ မင်းက အစွမ်းထက် ရှာမန်တွေ အများကြီးရဲ့ အာရုံစိုက်မှုကိုလည်း ရထားသေးတယ်"
စုမင်သည် စကားပြန်ပြောခြင်းမပြုပဲ ဝိုင်ကိုသာ ဆက်သောက်နေခဲ့၏။ သူဖော်ထုတ်ခံလိုက်ရသည့် တစ်ခဏတွင် သူ့နှလုံးသားမှာ ဝုန်းဒိုင်းကြဲသွားခဲ့သော်လည်း များမကြာမီမှာပင် သူပြန်လည် တည်ငြိမ်သွားခဲ့သည်။ ဤကိစ္စနှင့် ပက်သက်၍ သေသေချာချာ ရှင်းမပြနိုင်သော လျှို့ဝှက်ဆန်းကြယ်မှု များစွာ ရှိနေသည်။ အဘယ်ကြောင့် သူ့ကို မျိုးနွယ်စုထဲတွင် နားခိုနေထိုင်ခွင့် ပြုထားပြီး လူငယ်သည်လည်း သူ့အား ဤအရာအားလုံးကို ပြောပြရန် မလိုပါပဲနှင့် အဘယ်ကြောင့် ပြောပြနေရသနည်း ဆိုသည့် အရာများပင်ဖြစ်သည်။
သို့သော်ငြားလည်း လူငယ်က သူ့အပိုင်းကို ပြောပြပြီးသည်နှင့် စုမင်သည် ဤအခြေအနေနှင့် ပက်သက်၍ ဝေဝါးဝါး စတင်သဘောပေါက်လာခဲ့သည်။
"အဲဒီနေ့ ကောင်းကင်မြူခိုး မြို့တော်ကနေ ထွက်လာခဲ့တုန်းက ဘာကြောင့် ကျုပ်နောက်ကို လိုက်လာခဲ့တဲ့သူက ရှာမန်တစ်ယောက်နဲ့ မာန်စွမ်းအားရှင် တစ်ယောက်ပဲ ရှိခဲ့ရတာလဲ ဆိုတာရယ်၊ ဘာကြောင့် လမ်းမှာ တစ်ခြားရှာမန်တွေနဲ့ ထိပ်တိုက်မတိုးခဲ့ပဲ နောက်ဆုံးအချိန်ကြမှ မင်းတို့အားလုံးနဲ့ ကြုံတွေ့ရလဲ ဆိုတာရယ်ကို ကျုပ်အမြဲ သိချင်နေခဲ့တာ"
"အခုတော့ နည်းနည်း နားလည်သွားပြီ" စုမင်သည် ဝိုင်အိုးကိုချကာ သူ့အရှေ့တွင် ထိုင်နေသော လူငယ်ကို ကြည့်လိုက်သည်။ "အဲဒီအတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်"
လူငယ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ သို့သော်လည်း အချိန်အတော်ကြာပြီးနောက်တွင်တော့ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ချေ၏။
"ပျင်းစရာ ကောင်းလိုက်တာ။ မင်းရဲ့ အမူအယာက နည်းနည်းလောက် ပြောင်းသွားလိမ့်မယ် ဒါမှမဟုတ် လွန်လွန်ကဲကဲ ပုံစံမျိုးနဲ့ တုန့်ပြန်လိမ့်မယ်လို့ ငါကတွေးထားတာ။ ဒါပေမယ့် မင်းက အရမ်းတည်ငြိမ်နေလိမ့်မယ်လို့ ထင်မထားမိဘူး"
"အမှန်ပဲ။ ကျုပ်လူတွေက အခု စစ်မြေပြင်မှာ တိုက်ခိုက်နေကြတယ်။ ကျုပ်တို့ရဲ့ မြင့်မြတ်သော မိန်းမပျိုကလည်း အဲဒီမှာ ရှိနေတယ်။ မင်း တိတ်တဆိတ် လွတ်မြောက်နိုင်ဖို့ အခွင့်အရေးကို ဖန်တီးပေးလိုက်တာ သူမပဲ။ သူမက တစ်ခြားမျိုးနွယ်စုတွေက အစွမ်းထက်ရှာမန်တွေ မင်းနောက် လိုက်မှာကိုလည်း တားဆီးပေးခဲ့တယ်။ ကောင်းကင်မြူခိုး မြို့တော်မှာလည်း မင်းကို လျှို့ဝှက်ကူညီပေးနေတဲ့ တစ်စုံတစ်ယောက် ရှိနေတယ်။ အဲဒါကြောင့်ပဲ နောက်ဆုံးမင်းနောက်ကို လိုက်တဲ့သူက နှစ်ယောက်ပဲ ရှိခဲ့တာ"
"မင်း ကျုပ်တို့နဲ့ တွေ့ခဲ့တယ်ဆိုတာ ကျုပ်တို့မျိုးနွယ်စုရဲ့ နိမိတ်ဖတ်ပညာရှင်(ရှေ့ဖြစ်ဟောပညာရှင်)တွေက မင်းရောက်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းထားခဲ့လို့ပဲ။
မင်းက ငါတို့ကို ရှာတွေ့ခဲ့တာ မဟုတ်ပဲ ငါတို့က မင်းကို စောင့်နေခဲ့တာလို့တောင် ပြောလို့ရတယ်" လူငယ်သည် စုမင်ကိုကြည့်၍ ဖြည်းဖြည်းချင်း ပြောပြလာသည်။
စုမင် တိတ်ဆိတ် ငြိမ်သက်သွားမိသည်။
အချိန်အတော်ကြာပြီးနောက် လူငယ်သည် မျက်မှောင်ကြုတ်လျက် မေးမြန်းလာပြန်၏။ "ဘာကြောင့်လဲဆိုတာရော မင်းသိလား"
"အကြောင်းရင်းကတော့ မင်းဟာ ငါတို့ ရှာမန်သခင်ရဲ့ ဂျူနီယာညီလေး ဖြစ်နေလို့ပဲ" ထိုစကားများကို ပြောလိုက်သူမှာ လူငယ်မဟုတ်ပဲ သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာနေသော အဘွားအိုတစ်ဦးက စူးစူးဝါးဝါးအသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ထိုအဘွားအိုသည် နေ့အချိန်က စုမင်နှင့် တွေ့ဆုံခဲ့သော ဆောင်းဦးပင်လယ် မျိုးနွယ်စုမှ အဆုံးသတ်ရှာမန် ဖြစ်သည်။
အဘွားအို ပေါ်လာသောအခါ အနီးဝန်းကျင်မှ အလယ်အလတ် ရှာမန်ကိုးဦးသည် ချက်ချင်း ဒူးတစ်ဖက် ထောက်ချလိုက်ကြ၏။ သူတို့အမူအယာများသည် အလွန်အမင်း လေးစားမှု၊ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နေခဲ့သည်။ စုမင်အနီးတွင် ရှိနေသော ယာမူသည်လည်း ချက်ချင်းဆိုသလို မတ်တပ်ထရပ်ကာ
သူမဆီသို့ တလေးတစား ဦးညွှတ်လိုက်သည်။
"မာန်စွမ်းအားရှင်တို့ရဲ့ ကုန်းမြေကြီးကို ငါးပိုင်း ပိုင်းခြားမခံရခင် ဟိုးရှေးရှေးတုန်းက တောင်ပိုင်းမှာ အရမ်းကို အင်အားကြီးတဲ့ မျိုးနွယ်စုတစ်ခု ရှိခဲ့တယ်။ မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟာ အရမ်းကို သန်မာတဲ့အတွက် သူ့စွမ်းအားက ဒုတိယ မာန်နတ်ဘုရားနဲ့ အဆင့်တူမှာ ရှိနေခဲ့တယ်"
"အဲဒီ မျိုးနွယ်စုကို နိုင်းလီလို့ ခေါ်တယ်"
"အဲဒီအချိန်က ဒုတိယမာန်နတ်ဘုရားနဲ့ နိုင်းလီခေါင်းဆောင်တို့ကြားမှာ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ဘာဖြစ်ကြလဲဆိုတာ ငါတို့မသိနိုင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ရဲ့ မျိုးဆက်သားမြေးမြစ်တွေအနေနဲ့ ငါတို့ သိတာတစ်ခုကတော့ ဒုတိယမာန်နတ်ဘုရားဟာ တစ်ခြားကမ္ဘာတွေက အင်မော်တယ်တွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး မာန်စွမ်းအားရှင်တို့ရဲ့ ကုန်းမြေကြီးလည်း ပိုင်းခြားခံလိုက်ရတဲ့ အချိန်မှာ နိုင်းလီမျိုးနွယ်စုလည်း တကွဲတပြား ပြန့်ကျဲသွားခဲ့တယ်... နိုင်းလီခေါင်းဆောင် သေဆုံးသွားတဲ့ အချိန်မှာ အခုအချိန်ကစလို့ မျိုးနွယ်စုရဲ့ မာန်စွမ်းအားရှင်တွေကို ရှာမန်တွေလို့ ခေါ်တွင်ရမယ်ဆိုပြီး ဆန္ဒတစ်ခုကို ထုတ်ပြန်ကြေညာပြီး ချန်ထားရစ်ခဲ့တယ်"
"တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှာ ဒီလူတွေရဲ့ အရေအတွက်ဟာ တစ်ဖြည်းဖြည်း တိုးများလာခဲ့ပြီး မျိုးနွယ်စုငယ်လေးတွေအဖြစ် ဖွံ့ဖြိုးလာခဲ့တယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ရှာမန်တွေလို့ ခေါ်ဆိုကြပြီး သူတို့က မင်း ဒီနေ့ မြင်တွေ့နေရတဲ့ ရှာမန်မျိုးနွယ်စုရဲ့ မျိုးနွယ်ဝင်တွေပဲ"
"ငါတို့ ရှာမန်တွေက နိုင်းလီမျိုးနွယ်ရဲ့ မျိုးဆက်တွေပဲ။ ပြီးတော့ ငါတို့က ငါတို့ရှာမန်သခင်ရဲ့ နိုင်းလီသွေးမျိုးဆက်ဟာ နိုင်းလီရဲ့ စွမ်းအားကို နှိုးဆွနိုင်မယ့် အချိန်ကိုစောင့်မျှော်ရင်း ငါတို့ရဲ့ နိုင်းလီသွေးကို သန့်စင်အောင် ထိန်းသိမ်းထားကြတယ်"
"ဒါပေမယ့် ငါတို့ရှာမန်သခင်ရဲ့ မျိုးဆက် နိုးထလာဖို့ အချိန်တွေအကြာကြီး စောင့်ဆိုင်းနေခဲ့ရတဲ့ အချိန်မှာပဲ ရှာမန်တွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ပြောင်းလဲသွားခဲ့တယ်... သူတို့က နိုင်းလီရဲ့ ဂုဏ်ကျက်သရေတွေကို စွန့်လွှတ်ပြီး တစ်ခြားကမ္ဘာကလာတဲ့ အင်မော်တယ်တွေနဲ့ ဆက်သွယ်ခဲ့ကြတယ်။ သူတို့က ရှာမန်တွေ မဟုတ်ကြတော့ဘူး။ သူတို့ကို ကမ္ဘာပေါ်က ဘယ်အမိန့်သြဇာကိုမှ ဦးမညွှတ်တဲ့ ရှာမန်တွေလို့ ခေါ်ဖို့ မသင့်တော်ဘူး..."
"သူတို့က တစ်ခြားကမ္ဘာက အင်မော်တယ်တွေရဲ့ အိမ်စောင့်ခွေးသာသာပါပဲ"
"ငါတို့ မင်းကို ကယ်ခဲ့တယ်ဆိုတာ မင်းရဲ့ အကြီးဆုံး စီနီယာအစ်ကိုက အခုမျိုးဆက်ရဲ့ နိုင်းလီရှာမန်သခင် ဖြစ်နေတာကြောင့်ပဲ။ သူက နိုင်းလီရဲ့ ရှာမန်ဝိညာဉ် သုံးရာထဲက တစ်ဦးကို မင်းအနားမှာ ထားပေးထားတယ်။
မင်းက နိုင်းလီရှာမန်မျိုးနွယ်စုရဲ့ ဂုဏ်ထူးဆောင်ဧည့်သည် တစ်ယောက်ပဲ"
အဘွားအို၏ အိုမင်းရှေးကျသော အသံက စုမင်နားထဲသို့ ဝင်ရောက်လာသည်။ သူမ စကားများကို နားထောင်နေရင်းမှ စုမင် တုန်လှုပ်သွားပြီး သူ့လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကို ချက်ချင်းငုံ့ကြည့်လိုက်မိသည်။ အတွေးတစ်ချက်ဖြင့်ပင် လက်ကောက်သည် အနက်ရောင်အခိုးအငွေ့များအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့၏။ ထိုအနက်ရောင် အခိုးအငွေ့များသည် ချက်ချင်းပျံ့နှံ့သွားပြီး စုမင်အရှေ့တွင် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်အဖြစ် စုဖွဲ့ဖြစ်တည်လာသည်။
အမျိုးသမီးသည် တစ်ဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ် လုံးလုံးလျားလျား ပေါ်လွင်လာသောအခါ သူမသည် စုမင်အား ကျောပေးလိုက်ပြီး အဘွားအိုအပါအဝင် သူမပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
"မင်းတို့က နိုင်းလီမျိုးနွယ်စု ဘယ်အုပ်စုခွဲကလဲ" အမျိုးသမီးထံမှ ပထမဆုံးအကြိမ် စကားသံထွက်ပေါ်လာသည်။ အဖက်မတန်ဟန် သီးခြားဆန်သော သူမအသံထဲတွင် အေးစက်မှု တစ်စွန်းတစ်စပင် ပါဝင်နေသည်။
"ဆောင်းဦးပင်လယ် မျိုးနွယ်စုကပါ" အမျိုးသမီးကို တွေ့မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အဘွားအို၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။
သူမသည် အမျိုးသမီးအား လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။ သူမတစ်ဦးတည်းသာ ထိုသို့ ပြုမူလိုက်ခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်ရှိ ရှာမန်အားလုံးသည်လည်း သူမအရှေ့တွင် ချက်ချင်း ဝပ်တွားခယလိုက်ကြလေသည်။
"သခင်ငယ်ရဲ့ အမိန့်တွေအရ၊ ကျွန်ုပ်တို့ဟာ အရှေ့မြေရိုင်းနယ်မြေတွေရဲ့ ကပ်ဘေးကြီး ကျရောက်မလာခင် နိုင်းလီမျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့ မျိုးနွယ်စုအားလုံးက တစ်ချို့လူတွေအတွက် ပေးနိုင်သမျှ အကူအညီတွေကို အကောင်းဆုံးပေးနေပါတယ်"
"အရင်တိုက်ပွဲတုန်းက ကျွန်ုပ်တို့ဟာ ရှာမန်တွေဆီ သတင်းတွေပို့ပေးခဲ့တယ်။ ဒါပေမယ့် သူတို့အားလုံးနီးပါးရဲ့ သွေးကြောတွေထဲမှာ နိုင်းလီသွေးတွေ စီးဆင်းနေတာ မဟုတ်တော့ပါဘူး"
"လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်း တစ်ခြားကမ္ဘာတွေက အင်မော်တယ်တွေဟာ ကျွန်ုပ်တို့ဆီကို သုံးကြိမ် ဆင်းသက်ခဲ့ပြီးပြီ။ သူတို့ ရောက်လာတဲ့ အချိန်တိုင်းမှာလည်း ထာဝရရှင်သန်နိုင်တဲ့ ကျင့်စဉ်ကို ရရှိနိုင်ဖို့အတွက် သူတို့ရဲ့ သွေးရပိုင်ခွင့်နဲ့ ကမ်းလှမ်းပြီး မဟာမိတ်ဖွဲ့တဲ့ သစ္စာဖောက်တွေ ရှိလာကြတယ်"
"အထူးသဖြင့် အခုလို အရှေ့မြေရိုင်းနယ်မြေတွေရဲ့ ကပ်ဘေးကြီး ကျရောက်လာနေပြီး ရှေးဒဏ္ဍာရီတွေဟာ သူတို့ဆိုလိုရင်း အတိအကျကို စတင်ပြသလာနေပြီဖြစ်တဲ့ အချိန်မှာ ပိုမိုများပြားတဲ့ နိုင်းလီမျိုးနွယ်ဝင်တွေဟာ တစ်ခြားကမ္ဘာက အင်မော်တယ်တွေရဲ့ မဟာမိတ်ဖြစ်လာနိုင်ဖို့အတွက် သူတို့ရဲ့ သွေးရပိုင်ခွင့်ကို စွန့်လွှတ် အညံ့ခံကြလိမ့်မယ်..."
"ဒီတစ်ကြိမ် တိုက်ပွဲကို အင်မော်တယ်တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ မျိုးနွယ်စုတွေက စတင်ခဲ့တာပါ။ ကျွန်ုပ်တို့ သွေးကြောတွေထဲမှာ နိုင်းလီသွေးတွေ စီးဆင်းနေဆဲဖြစ်တဲ့ မျိုးနွယ်စုအနည်းငယ်အနေနဲ့ အကယ်၍ ကျွန်ုပ်တို့သာ သူတို့အမိန့်ကို မလိုက်နာပဲ စစ်ပွဲဆီ စစ်သည်တော်တွေ မပို့လွှတ်ပဲ နေခဲ့မယ်ဆိုရင်
အမြစ်ပြတ် သုတ်သင်ခံရခြင်း အန္တရာယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်"
"သခင်ငယ်၊ ကျေးဇူးပြုလို့ ပြန်လာပြီး ကျွန်ုပ်တို့ကို နိုင်းလီရဲ့ လမ်းကြောင်းဆီ ပြန်လည်ခေါ်ဆောင်ပေးပါ..."
အဘွားအိုသည် လှုံ့ဆော်တိုက်တွန်းနေသော မျက်နှာအမူအယာဖြင့် ဒူးထောက်ချလိုက်သည်။
စုမင်၏ အသက်ရှူသံများပင် လျင်မြန်လာခဲ့သည်။ သူရပ်နေသောနေရာရှိ မူလက ဆူညံနေခဲ့သော ဆောင်းဦးပင်လယ် မျိုးနွယ်စုကြီးသည် တိတ်ဆိတ်သွားပြီဖြစ်ကြောင်း သူရုတ်တရက် သတိပြုလိုက်မိသည်။ အဝေးရှိ လူများသည် သူတို့ဘက်သို့ ကြည့်မနေသော်လည်း ဤဧရိယာသည် ဆောင်းဦးပင်လယ် မျိုးနွယ်စုဝင် သိန်းပေါင်းများစွာ၏ အာရုံစိုက်မှု အလယ်ဗဟိုဖြစ်လာကြောင်း စုမင် ရေးတေးတေး ခံစားနေရသည်။
"အခုဆို ဒီရာစုနှစ်အတွင်း အင်မော်တယ်တွေရဲ့ လေးကြိမ်မြောက် ဆင်းသက်မှု ဖြစ်ပေါ်လာဖို့ သုံးနှစ်တောင်မကျန်တော့ဘူး။ ဒီတစ်ကြိမ်ဆိုရင်တော့ နိုင်းလီမျိုးနွယ်စုရဲ့ ပိုမိုများပြားတဲ့ အဖွဲ့ခွဲတွေဟာ သူတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်ကြလိမ့်မယ်။ အဆုံးမှာတော့... အဆုံးသတ်ကို ချိုးဖျက်ခြင်းဆိုတဲ့ သွေးဆောင်မှုက အဆုံးသတ်ရှာမန်တွေအားလုံး တောင့်မခံနိုင်တဲ့ အရာတစ်ခုပဲလေ..."
"အထူးသဖြင့် အတိတ်အချိန်က မဟာဘိုးဘေးကြီးဟာ သူ့ရဲ့ ရွေးချယ်မှုကို ပြုလုပ်ပြီးတဲ့နောက် ဗလာရှာမန်တစ်ယောက် ဘယ်လောက် သန်မာအားကောင်းတယ်ဆိုတာ လူတွေက မြင်ခဲ့ရပြီးတဲ့ အချိန်မှာပေါ့..."
"ကျွန်ုပ်တို့ ပြောနိုင်တာတော့ အင်မော်တယ်တွေဟာ ဒီရာစုနှစ်အတွင်း မာန်စွမ်းအားရှင်တွေကြားမှာလည်း သုံးကြိမ်ဆင်းသက်ခဲ့ပြီးပြီ ဆိုတာပဲ။ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ မာန်စွမ်းအားရှင် အရေအတွက် တော်တော်များတယ်လို့ ယူဆရင်တောင် ယုတ္တိရှိပါတယ်။
တစ်ကယ်တော့ ကောင်းကင်မြူခိုး မြို့တော်ဟာတောင် မာန်စွမ်းအားရှင်တွေရဲ့ လက်အောက်မှာ မရှိတော့ဘူးလို့ ကျုပ်တို့ သံသယရှိတယ်"
အဘွားအိုသည် ဤအခွင့်အရေးကိုသုံး၍ ဤနိုင်းလီရှာမန်ဝိညာဉ်မှ တစ်ဆင့် သူတို့၏ ရှာမန်သခင်ဆီသို့ သူမသိထားသမျှ အရာအားလုံးကို ပြောပြချင်ဟန်ဖြင့် အလျင်အမြန် ပြောဆိုလိုက်သည်။
စုမင်သည် အသက်ကိုပင် ပြင်းပြင်း ရှူရှိုက်လိုက်မိ၏။
အဘွားအို၏ စကားများက သူ့ထံသို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုတစ်ခု ယူဆောင်လာခဲ့သည်။
"အဲဒီ အင်မော်တယ်တွေကြားမှာပဲ မတူညီတဲ့ စွမ်းအင် ဂိုဏ်းခွဲတွေ နှစ်ခု၊ သုံးခု ရှိနေတာကြောင့်သာ အဲဒီ တစ်ခြားကမ္ဘာတွေက အင်မော်တယ်တွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကောင်းကင်မြူခိုး မြို့တော်နဲ့ ရှာမန်မျိုးနွယ်စုတွေဟာ ဆန့်ကျင်တိုက်ခိုက်နေကြတာလို့ ကျွန်ုပ်တို့ ယုံကြည်ထားပါတယ်"
"ကျွန်ုပ်တို့ ဘာလုပ်သင့်ပါသလဲ ရှာမန်သခင်" အဘွားအိုသည် အလျင်အမြန် မေးမြန်းလိုက်၏။
အနက်ရောင် အခိုးအငွေ့များဖြင့် စုဖွဲ့ဖြစ်တည်နေသော အမျိုးသမီးသည် ဆက်လက်၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
စုမင်လည်း ငြိမ်သက်နေမိသည်။ ဆောင်းဦးပင်လယ် မျိုးနွယ်စုသည် သူ့ကို တိတ်တဆိတ် ကယ်တင်ခဲ့ပြီး သူတို့မျိုးနွယ်စုအတွင်း တည်းခိုနေထိုင်ခွင့် ပြုထားခြင်းမှာ သူ၏ အကြီးဆုံး စီနီယာအစ်ကိုကြီးဆီသို့ စကားပြောဆိုခွင့် ရနိုင်ရန်အတွက်ဟုပင် စုမင် ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့သည် စုမင်ကြောင့် ဤသို့ လုပ်ခဲ့ခြင်းမဟုတ်ပေ။
အကြီးဆုံး စီနီယာအစ်ကိုကြီးကို သတိရမိသောအခါ စုမင်သည် သူ၏ဆရာကိုပါ သတိရမိသွားရသည်။
ရုတ်တရက်ဆိုသလိုပင် တည်ငြိမ်သော အသံတစ်သံသည် သူတို့ထံသို့ အဝေးမှနေ၍ ပျံ့လွင့်လာခဲ့သည်။ ထိုစကားသံသည် ဖော်ပြခြင်းငှါ မစွမ်းသာသော လေသံစည်းချက်တစ်မျိုးဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုအသံသည် အလွန်သာယာနာပျော်ဖွယ် ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်များကို မိန်းမောတွေဝေသွားစေရန် ကြိုးစားနေသကဲ့သို့ ခံစားချက်မျိုးလည်း ပါဝင်နေသည်။
ပဲ့တင်ထပ်နေသော ထိုအသံသည် ကြားလိုက်ရသူတိုင်း၏ ခေါင်းထဲတွင် တဝီဝီဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာစေသလို ခံစားလိုက်ရစေသည်။
စုမင်၏ အကြီးဆုံး စီနီယာအစ်ကို ပေးခဲ့သော နိုင်းလီရှာမန်ဝိညာဉ်သည်ပင် ထိုအသံ၏ စွမ်းအားအောက်တွင် ပြန့်ကျဲပျောက်ကွယ်သွားတော့မည့်ပုံ ပေါ်သွားခဲ့သည်။
"ရှာမန်သခင်ကို ပြောလိုက်။ သူသာ ရွေးချယ်မှုတစ်ခု မလုပ်ရသေးဘူးဆိုရင် ဘဝအဆုံးသတ်ခါနီး ဖြစ်နေပြီဖြစ်တဲ့ ငါ ကုန်းစီက အဆုံးသတ်ကို ချိုးဖျက်နိုင်မယ့် အခွင့်အရေးအတွက် အလဲအလှယ်အနေနဲ့ ငါ့ရဲ့ သွေးရပိုင်ခွင့်ကို စွန့်လွှတ်ဖို့ ရွေးချယ်ရလိမ့်မယ်လို့... ငါသာ အောင်မြင်သွားခဲ့ရင်... ငါ့ကိုယ်ငါ ပိုင်မှာမဟုတ်တော့ဘူး..." ထိုအသံသည် ဤနေရာအထိ ပြောပြီးသည်နှင့် ခဏတာ ရပ်တန့်သွားပြီး သက်ပြင်းမောတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းအသံသည်... ထိုအဆုံးသတ် စိတ်ဝိညာဉ်ဖမ်းစားသူ လူကြီးထံမှဖြစ်ကြောင်း စုမင်သေချာ သိနေခဲ့သည်။
***