← Chapters

အဂ္ဂိရတ် တိုက်ပွဲ

Vol. 25 Ch. 337

အဂ္ဂိရတ် တိုက်ပွဲ

Vol. 25 Ch. 337

ဖန်တီးခြင်း အဆင့်...

ဖန်တီးခြင်း အဆင့်မှာ ထုတ်ကုန်တစ်ခုကို ဆေးပြား၊ ဆေးလုံး၊ ဆေးတောင့် သို့မဟုတ် ဆေးရည် အဖြစ် ဆုံးဖြတ်ရသည့် အဆင့် ဖြစ်သည်။ ဤအဆင့်တွင် မည်သည့် စွမ်းအင်ပုံစံဖြင့် တည်ရှိမည် ဆိုသော အခြေခံ အုတ်မြစ်ကို ဖန်တီးရသည်။

ဥပမာအားဖြင့် ဆေးတောင့်များ ဖန်တီးမည် ဆိုလျှင် ဝိညာဥ်စွမ်းအင်နှင့် ပါဝင် ပစ္စည်းအချို့ ထပ်ထည့်ဖို့ လိုသည်။ ၎င်းတို့က မာခဲသော သဘာဝကို ပေးကာ အမျိုးမျိုးသော စွမ်းအင်များကို အထဲ၌ ထိန်းသိမ်းပေးလိမ့်မည် ဖြစ်သည်။ ထိုနည်းတူစွာပင် ဆေးရည်တစ်ခု ဖော်စပ်ရန် အတွက် စွမ်းအင်များကို မန်နာအား အခြေခံကာ အရည် အဖြစ် ပြောင်းလဲရသည်။

“စမယ်...”

ဝေ့ဝူယင် အဂ္ဂိရတ် အင်အားကို အသုံးပြုကာ သက်တောင့်သက်သာပင် လောကပုလဲထဲမှ မန်နာများကို ဆွဲထုတ်လိုက်၏။ ထိုမန်နာများက လောကအတွင်း စိမ့်ဝင်နေသည့် မန်နာ အမျိုးအစားနှင့် သိပ်မကွာခြားသည့်တိုင် အရည်သွေးနှင့် အောင်မြင်မှုနှုန်းကို အဆပေါင်းများစွာ မြင့်တက်စေသည့် ထူးခြားသော အာနိသင်ကို ပိုင်ဆိုင်ထားသည်။

ဝှစ်... ဝှစ်...

စက္ကန့်ပိုင်းမျှ အချိန်ကလေး အတွင်းမှာပင် လောကပုလဲ အတွင်းမှ မန်နာအားလုံးကို ထုတ်ယူပြီးစီး သွားခဲ့ပြီ ဖြစ်၏။ ထို့နောက် တွန့်ဆုတ် တွ့န်ဆုတ် လုပ်မနေပါပဲ ချက်ချင်းပင် ထိုအရာအားလုံးကို ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးထဲ ဝေ့ဝူယင် ပစ်ထည့်လိုက်သည်။ ပြီးသည်နှင့် လက်ဟန် ချိပ်စည်း အချို့ကို ပြုလုပ်ရင်း အဂ္ဂိရတ် အင်အားများနှင့် ပေါင်းစပ်လိုက်၏။ ချက်ချင်း ဆိုသလိုပင် အထဲရှိ စွမ်းအင်များမှာ စတင် ပွက်ပွက်ဆူလာကာ အရည် အဖြစ် ပြောင်းလဲသွားတော့သည်။

ချောချောမွေ့မွေ့ပင် ဝေ့ဝူယင် ဖန်တီးခြင်း အဆင့်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ စိတ်အေးလက်အေးနှင့် အတူ ဝေ့ဝူယင်၏ မျက်နှာရှိ အပြုံးမှာ သာ၍ပင် ထင်ရှားလာခဲ့၏။  နောက်ဆုံး အဆင့်နှစ်ခု ဖြစ်သည့် အသွင်ပြောင်းခြင်း အဆင့်နှင့် ပေါင်းစပ်ခြင်း အဆင့်တို့မှာ‌ ဝေ့ဝူယင် အတွက်တော့ သက်တောင့်သက်သာ အရှိဆုံး အဆင့်များ ဖြစ်သည်။ ဧဒင်၏ အကူအညီနှင့် အတူ မျက်စိ မှိတ်၍ပင် ထိုအဆင့် နှစ်ခုကို သူ ကျော်ဖြတ်နိုင်သည်။

“အသွင်ပြောင်းခြင်း အဆင့်...”

ဝေ့ဝူယင် တုန့်ဆိုင်း မနေတော့ပဲ လက်ဟန် ချိပ်စည်း အချို့ကို ဖန်တီးရင်း ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးထဲမှ စွမ်းအင်ရည်များကို စုစည်းလိုက်၏။ ထို့နောက် ဧဒင်နှင့် ချိတ်ဆက်ရင်း အဂ္ဂိရတ် အင်အားကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။

ဗွက်... ဗွက်...

မကြာခင်မှာပင်  ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးထဲမှ ပွက်ပွက်ဆူနေသည့် အသံများက ခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ အကယ်၍ အထဲကိုသာ မြင်နိုင်မည် ဆိုပါက စွမ်းအင်ရည်များမှာ ပိုမို ပြည့်စုံလာကာ မူလကနှင့် လုံးဝ ခြားနားသည့် အဆင့် သစ် တစ်ခုထိ ရောက်အောင် ဖွံ့ဖြိုးသွားသည်ကို ဆန်းကြယ်စွာ တွေ့မြင် ရလိမ့်မည် ဖြစ်လေသည်။

မျှော်လင့်ထားသည့် အတိုင်း ဘာအမှာအယွင်းမှ မရှိပါပဲ အသွင်ပြောင်းခြင်း ဖြစ်စဥ်မှာလည်း လွယ်ကူအေးဆေးစွာပင် ပြီးစီးသွားခဲ့လေပြီ ဖြစ်သည်။

“နောက်ဆုံး အဆင့်...”

မိနစ်ပိုင်းမျှ အချိန်အတွင်းမှာပင် အဂ္ဂိရတ် တာအို၏ နောက်ဆုံး အဆင့်ဖြစ်သည့် ပေါင်းစပ်ခြင်း အဆင့်ကို ဝေ့ဝူယင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ပေါင်းစပ်ခြင်း အဆင့်မှာ အဆင့်မှာ ရှေ့ပိုင်း အဆင့်များလို တသမတ်တည်း မရှိလှပဲ အဂ္ဂိရတ် ထုတ်ကုန် အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားခြားနားမှုများ ရှိသည်။ ၎င်းကို အေးခဲခြင်း အဆင့် (ဆေးလုံး)၊ ငွေ့ရည်ပျော်ခြင်း အဆင့် (ဆေးရည်) ၊ လုံးဝန်းခြင်း အဆင့် (ဆေးပြား) နှင့် ဖိသိပ်ခြင်း အဆင့် (ဆေးတောင့်)... စသည်ဖြင့် ခြားနားစွာ ရည်ညွှန်းကြပြီး တစ်ခုချင်းစီတွင်လည်း မတူကွဲပြားသည့် ကိုယ်ပိုင် လုပ်ငန်းစဥ်များ ရှိသည်။

“ဟူး.. ဟူး...”

ဝေ့ဝူယင် တည်ငြိမ်စွာပင် ငွေ့ရည်ပျော်ခြင်း အဆင့်ကို စတင် လိုက်၏။  ပေါင်းစပ်ခြင်း အဆင့်ကို အဂ္ဂိရတ် တာအိုတွင် အလျှို့ဝှက်ဆုံး အဆန်းကြယ်ဆုံး အဆင့် အဖြစ် ပြောစမှတ် ပြုကြသည်။ ၎င်းက အချို့လူများ အတွက် ရိုးရှင်း လွယ်ကူသော်လည်း အချို့ အတွက်တော့ အလွန်  ခက်ခဲလှသည်။

များစွာသော လူများက ပေါင်းစပ်ခြင်း အဆင့်မှာ အဂ္ဂိရတ် ပါရမီနှင့် တိုက်ရိုက် ချိတ်ဆက်နေသည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။ သို့သော်လည်း ၎င်းက အခြေအမြစ် မရှိသည့် ခန့်မှန်း သီအိုရီ တစ်ခုသာ ဖြစ်ပေသည်။ ထိုသီအိုရီ မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ... ဝေ့ဝူယင် အတွက် ပေါင်းစပ်ခြင်း အဆင့် လွယ်ကူသည်ကတော့ အမှန်ပင် ဖြစ်သည်။

ဟူး... ဟူး...

လုပ်ငန်းစဥ် စတင်ပြီး စက္ကန့်တိုင်း အတွင်းမှာပင် ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုး အတွင်းရှိ စွမ်းအင်ရည်များမှာ ဆေးရည်များ အဖြစ် စတင် ပြောင်းလဲလာ၏။ မိနစ်ပိုင်းမျှ အတွင်းမှာပင် ထိုဖြစ်စဥ်မှာ ဆေးအိုး တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ တစ်စုံတစ်ရာ အခက်အခဲ မရှိလှပဲ လောကအလင်း ဆေးရည်မှာ ဖန်တီးအောင်မြင်ခဲ့ပြီ ဖြစ်လေသည်။

...

ဝေ့ဝူယင် အဂ္ဂိရတ် အင်အားများကို ပြန်လည် ရုတ်သိမ်းရင်း ဒြပ်စင်ကိုးမျိုး နေကြတ် မှော်ဆေးအိုးကို ပိုမို နီးကပ်အောင် ဆွဲယူလိုက်၏။ အောက်ကို ငုံ့ကြည့်လိုက်သော အခိုက်၌ ကြေးမုံတစ်ချပ်လို ပြီးပြည့်စုံစွာ ရောင်ပြန်ဟပ်နေသည့် သူ့ မျက်နှာကို ဆေးအိုး အတွင်း မြင်တွေ့လိုက်ရသည်။ ကြေးမုံနှင့် မတူညီသည့် တစ်ခုတည်းသော ခြားနားချက်က ထွက်ပေါ်နေသည့် အလင်းရောင် ခပ်ဖျော့ဖျော့ ဖြစ်ကာ ဆန်းကြယ်စွာပင် ထိုအလင်းမှာ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်ကို ပိုမို ကြည်လင် ထင်ရှားစေသည်။

"အထွတ်အထိပ် အဆင့်…"

ဆေးရည်၏ အရည်အသွေးကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တလက်လက် တောက်ပသွား၏။ ထိုအရာက သူ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေသည့် ရလဒ်မျိုး ဖြစ်သည်။

အဂ္ဂိရတ် တာအိုတွင် ထုတ်ကုန်တစ်ခု၏ အရည်အသွေးမှာ အလွန် အရေးပါ အရာရောက်သည်။ ရလဒ်နှင့် အာနိသင်တွင် များစွာ စကားပြောသည်။ ဥပမာ... ထုတ်ကုန် တစ်ခု မသန့်စင်သည့် အခါမျိုးဆိုလျှင် ၎င်းမှာ အသုံးဝင်မှုမှာ သိသိသာသာ လျော့ကျသွားကာ သုံးစွဲသူမှာ ၎င်း၏ အာနိသင်ကို အပြည့်အဝ ရယူနိုင်စွမ်း မရှိတော့ချေ။ အဂ္ဂိရတ် လောက၌ ထိုကဲ့သို့ ထုတ်ကုန်မျိုးကို အရည်သွေးနိမ့် အဖြစ် သတ်မှတ်ထားသည်။

အရည်အသွေးနိမ့် အဆင့်မှ ကျော်လွန်သွားလျှင် ထုတ်ကုန်တစ်ခုမှာ အရည်အသွေးမြင့် အဆင့်သို့ ရောက်ရှိသွားသည်။ အဆင့်တစ်ဆင့် မြင့်တက်သွားသည်နှင့် အမျှ ထုတ်ကုန်တစ်ခု၏ အာနိသင်ကလည်း ပိုမို ထင်ရှားလာကာ အသုံးပြုသူမှာ ထပ်ပေါင်း အကျိုးသက်ရောက်မှုတို့ကိုပင် ခံစားနိုင်လိမ့်မည် ဖြစ်သည်။

အသန့်စင်ဆုံးနှင့် အာနိသင် အမြင့်ဆုံးသော ထုတ်ကုန်များကို အရည်အသွေး အထွတ်အထိပ် အဆင့် အဖြစ် သတ်မှတ်ကြသည်။ ထိုထုတ်ကုန်များမှာ အသုံးပြုသူကို ဘေးထွက်ဆိုးကျိုး တစ်ခုတစ်လေမှ မသက်ရောက်စေနိုင်သည့် အပြင် ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် အကျိုးသက်ရောက်မှုများကိုပင် ဆောင်ကျဉ်း ပေးလိမ့်မည် ဖြစ်သည်။

၎င်းအား နည်းလည်အောင် အသေးစိတ် ရှင်းပြရလျှင်… ဝိညာဉ် ဆင်းတု အဆင့်နှင့်  အာကာသ ပဲ့တင်သံ အဆင့်တို့ ကဲ့သို့ပင် အလင်းရောင်ပြန်ခြင်း အဆင့်တွင်လည်း အဆင့်ကိုးဆင့် ပါဝင်နေသည်။ ထိုအဆင့်များအား နိမ့်ရာမှ မြင့်ရာသို့ စီပါက အနက်၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းနှင့် အဖြူ ဟူ၍ ရသည်။ ထိုအဆင့် တစ်ခုချင်းစီက အလင်း၏ ရောင်စဥ်တန်းများကို ကိုယ်စားပြုကာ အမြင့်ဆုံး ဖြစ်သည့် အဖြူရောင်ထဲတွင် ဆိုလျှင် အခြား ရောင်စဥ်တန်းကိုးခု စလုံးပင် ပါဝင်နေသည်။

သို့သော်လည်း ထိုအဆင့်များက ကောင်းကင်တာအိုမှ အမိန့်ပေးထားသည့် ကျင့်ကြံခြင်း လောက၏ ကန့်သတ်ချက်မျှသာ ဖြစ်သည်။ သို့သော်လည်း တစ်သီးတစ်သန့်အားဖြင့် ကျင့်ကြံခြင်းမှာ အကန့်အသတ် ကင်းမဲ့သည်။ အချို့ကျင့်ကြံသူများမှာ ကောင်းကင်တာအို၏ ထိန်းချုပ်မှု အောက်မှ ဖောက်ထွက်ကာ ကိုယ်ပိုင် လမ်းကြောင်းများ ဖောက်ထွက်ရန် ကြိုးပမ်းကြသည်။

အဂ္ဂိရတ် တာအိုမှာ ထိုလမ်းစဥ် အတွက် များစွာ အထောက်အပံ့များ ပေးနိုင်သည်။ ဥပမာ အရည်အသွေး အထွတ်အထိပ် အဆင့် လောကအလင်း ဆေးရည် ဆိုလျှင် စုပ်ယူသူ၏ အလင်း စွမ်းအင်ကို သာမန် ကန့်သတ်ချက်များမှ ဖောက်ထွက်ကာ “စစ်မှန်ခြင်း” အဆင့်ထိ ရောက်အောင် ကူညီပေးနိုင်စွမ်း ရှိသည်။

အစစ်အမှန် အလင်း...

အစစ်အမှန် အလင်း ဆိုသည်မှာ မမြင်နိုင်သည့် လှိုင်းတစ်ခု အသွင်ဖြင့် နေရာအားလုံးတွင် စိမ့်ဝင်နေသည့် အလင်း၏ မူလ အကျဆုံး ပုံစံကို ဆိုလိုသည်ဟု မှတ်တမ်းများတွင် တစ်ပြိုင်နက်တည်း ဖော်ပြထားသည်။ သို့သော်လည်း ယင်းမှ လွဲ၍ အခြား ဖော်ပြချက်များကိုတော့ တိတိကျကျ မတွေ့ရချေ။ ၎င်းက ကောင်းကင်တာအိုမှ တိုက်ရိုက် ဆင်းသက်လာပြီး လောကအတွင်းရှိ အလင်း အမျိုးအစား အားလုံးကို စုပ်ယူနိုင်ကြောင်းနှင့် ဟင်းလင်းပြင်၊ အချိန် စသည့် စွမ်းအားများထက်ပင် ပိုမို လျှို့ဝှက် နက်နဲကြောင်း ကောလဟာလ အချို့တော့ ရှိသည်။ သို့သော်လည်း ထိုအရာများက သက်သေ သာဓက အခိုင်အခုံ မရှိသည့် ခန့်မှန်း သီအိုရီများသာ ဖြစ်ပေသည်။

လောကအလင်း ဆေးရည်၏ မူလ ရည်ရွယ်ချက်က ခန္ဓာကိုယ် အတွင်းရှိ တည်ဆောက်ပုံ သွင်ပြင် လက္ခဏာများကို ပြောင်းလဲပစ်ကာ အလင်းစွမ်းအင်များအား တိုက်ရိုက် သန့်စင်နိုင်ရန် ဖြစ်သည်။ အမြင့်မားဆုံးသော အရည်အသွေးရှိ လောကအလင်း ဆေးရည်မှာ ထိုအကျိုးသက်ရောက်မှုကို အကန့်အသတ်ထိ ရောက်အောင် မြင့်မားသွားစေကာ လျှို့ဝှက် ဆန်းကြယ်သည့် အစစ်အမှန် အလင်းကိုပင် သန့်စင်လာနိုင်စေသည်။

ဝေ့ဝူယင် အတွေးများအား စိတ်၏ အနက်ရှိုင်းဆုံး နေရာအထိ ပြန်လည် ပစ်ထည့်လိုက်ရင်း ဒြပ်စင်ကိုးမျိုး နေကြတ် ဆေးအိုးကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ အထဲရှိ ဆေးရည် ပမာဏက သုံးဆယ့် သုံးပုလင်းခန့် ရှိနေပေသည်။ နောက်နောင်တွင် ယခုတစ်ကြိမ် ကဲ့သို့ အောင်မြင်ရန် သိပ်မလွယ်ကူဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ မည်သို့ပင် ဆိုစေ... ကောင်းကင်ကို အံတုနိုင်သည့် ထုတ်ကုန်များမှာ တစ်ခါတစ်ရံ၌ ကျွမ်းကျင်မှုထက် ကံတရားနှင့်သာ ပို၍ သက်ဆိုင်နေတတ်သည် မဟုတ်ပါလား။

ပတ်ဝန်းကျင်ရှိ သန်းချီသော မျက်လုံးများကို ဝေ့ဝူယင် ခံစားရ၏။ ထို့အပြင် သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ လူများမှာလည်း အဂ္ဂိရတ် တိုက်ပွဲကို တိုက်ရိုက် စောင့်ကြည့်နေကြပေသည်။ ထိုအထဲတွင် ဆေးရည်၏ အရည်အသွေးကို တန်းကာ ခန့်မှန်းမိသူများပင် ပါဝင်‌ကောင်း ပါဝင်နေနိုင်ပေသည်။

ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်၏။ စိန်ခေါ်မှုကိုပင် လက်ခံခဲ့ပြီဖြစ်ရာ အဘယ်ကြောင့် မိမိ၏ အစစ်အမှန် အဆင့်အတန်းကို ဆက်လက် ဖုံးကွယ်နေရမည်နည်း။ စိန်ခေါ်မှုကို လက်ခံခဲ့ရသည့် ရည်ရွယ်ချက်မှာလည်း လျှို့ဝှက် ဆန်းကြယ်သည့် အဆင့်တစ်ခုကို သူ ရောက်ရှိပြီး ဖြစ်ကြောင်း အားလုံး သိရှိသွားစေရန် ဖြစ်သည်။ သို့သော်လည်း ဒြပ်စင်ကိုးမျိုး ဆန်းကြယ် ဆေးအိုးအတွင်းရှိ ဆေးရည်အားလုံးကို‌တော့ ထုတ်ပြရန် သူ့တွင် ရည်ရွယ်ချက် မရှိပါချေ။ ထိုဆေးရည်များမှာ “အာဏာရှင်များ အဖွဲ့” အတွက် အင်အား ဖြည့်တင်းရာတွင် အလွန် အသုံးဝင်ပေလိမ့်မည်။

ဝေ့ဝူယင် ပုလင်းအလွတ် သုံးဆယ့် သုံးခုကို ဂရုတစိုက်ပင် ထုတ်ယူလိုက်ကာ ဆေးရည်များနှင့် ဖြည့်သွင်းလိုက်၏။ ပြီးသည်နှင့် သုံးဆယ့်နှစ်ခုကို သိုလှောင် လက်စွပ်အတွင်း ပြန်လည် ထည့်သွင်းလိုက်ကာ တစ်ခုကိုသာ ချန်ထားလိုက်သည်။ အလင်းအား ရောင်ပြန်ဟပ်နေသည့် ကြေးမုံကဲ့သို့ အရည်လေးများကို ကြည့်ရင်း သူ ချင်ကူးယင်ကို သတိရသွား၏။

ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ သူမမှာ မှန်ကန်သော ချည်းကပ်မှူ ပြုလုပ်ရန် အာရုံစိုက်နေဆဲ ဖြစ်ကြောင်း တွေ့ရှိ လိုက်ရသည်။ ထုတ်ယူခြင်း အဆင့်ကိုပင် မစတင်ရသေးချေ။

ဝေ့ဝူယင် မအံ့သြမိသလို သူမအား နှောက်ယှက်လိုခြင်းလည်း မရှိချေ။ အဂ္ဂိရတ် လမ်းစဥ်ကို စတင် လျှောက်လှမ်းခဲ့စဥ် အခါက သူကိုယ်တိုင်လည်း မှန်ကန်သော ချည်းကပ်မှုများ အတွက် နာရီပေါင်း များစွာ အချိန်ပေးခဲ့ရဖူးပေသည်။ ယခင်က ဖော်စပ်ခဲ့ဖူးခြင်းနှင့် ‌ပေါကြွယ်ဝလှသော အတွေ့အကြုံများကြောင့်သာ မဟုတ်ပါက ဆေးရည်အား အောင်မြင်ရန် တစ်နာရီတန်သည်၊ နှစ်နာရီ တန်သည် အချိန်ယူရလိမ့်မည် ဖြစ်ပေသည်။

သို့ဖြစ်လေရာ ကျွမ်းကျင်မှု အပိုင်းတွင် ချင်ကူးယင်မှာ သူ့ထက် နိမ့်ကျသည်ဟု ဆို၍ မရပါချေ။ ထိုအရာက သူမ၏ အာရုံစူးစိုက်မှုနှင့် ပြင်းပြသော ဆန္ဒတို့ကိုပင် ညွှန်ပြနေသေးသည်။

***

All Chapters