အဂ္ဂိရတ် တိုက်ပွဲ
Vol. 25 Ch. 338
ဝေ့ဝူယင် ဖြည်းညင်းစွာနှင့် တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်ရင်း ချင်ကူးယင်၏ လှပသည့် မျက်နှာကလေးကို ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့် ငေးကြည့်လိုက်သည်။ လူအုပ်ကြီးမှာမူ ထိုအပြုအမူကြောင့် ဆွံ့အသွားကာ မသေချာ မရေရာခြင်းများစွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်မိကြသည်။ အထူးသဖြင့် အဂ္ဂိရတ် အင်ပါယာများ၏ နှလုံးသားများမှာ ကွဲကြေလု နီးပါး ဖြစ်နေကြပြီ ဖြစ်၏။
“သူ... သူက...”
ယီယွင်၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ရှသွား၏။ သူ တံတွေးကို မြိုချလိုက်ရင်း ဝေ့ဝူယင်၏ ချောမော တည်ငြိမ်လှသည့် မျက်နှာကို ငေးကြည့်လိုက်မိသည်။ ထိုလူငယ်လေးအား ကြည့်ရသည်က ကြိုတင်ပြင်ဆင်ထားသည့် အစီအစဥ် တစ်ခုတည်းတွင် နေထိုင်နေသည့် အလား သက်တောင့်သက်သာ ရှိလွန်းလှသည်။
“သူ... သူ ပြီးသွားတာလား...”
လီချီးက တုန်ရီယိမ်းထိုးနေသော အသံဖြင့် ယီယွင်ဘက်သို့ လှည့်ကာ အဖြေရှာရန် ကြိုးစားလိုက်သည်။ သူသည် မိမိ၏ အမြင်အာရုံ အပေါ် အပြည့်အဝ ယုံကြည်မှု ရှိသည့်တိုင် ယခုတစ်ကြိမ်တွင်တော့ မသေချာ မရေရာသလို ခံစားနေရ၏။
ယီယွင်က လီချီးကို ပြန်ကြည့်လိုက်သော်လည်း ဘာပြောရမှန်း မသိ။ တစ်ခဏအတွင်းမှာပင် သူတို့၏ အမူအရာများက ပရိသတ်ကို ဖုံးလွှမ်းသွား၏။ အားလုံးမှာ အသက်ရှူသံများ မြန်ဆန်လာကာ နှလုံးများ တဒိတ်ဒိတ် ခုန်လာကြသည်။ သို့သော်လည်း ဘာတွေ ဖြစ်နေမှန်းတော့ သူတို့ အတိအကျ မခန့်မှန်း နိုင်ကြသေးချေ။
အဂ္ဂိရတ် တိုက်ပွဲကို စိတ်ဝင်တစား လာကြည့်ကြသည် ဆိုသော်လည်း သူတို့အထဲမှ များစွာမှာ အဂ္ဂိရတ် စံချိန်စံနှုန်းများကို သေချာစွာ သိသူများ မဟုတ်ကြချေ။ အချို့ဆိုလျှင် အဂ္ဂိရတ် တာအို၏ လက္ခဏာ ခုနစ်ရပ် (ဆေးဖော်စပ်သည့် အဆင့်ခုနစ်ဆင့်) ကိုပင် မသိကြချေ။ ထို့အပြင် သူတို့ ဤနေရာသို့ ရောက်ရှိလာကြခြင်းမှာ အဂ္ဂိရတ် ပညာရပ်ကို လေ့လာရန် မဟုတ်ကြပါချေ။ သမိုင်းတစ်ခု ဖြစ်တည်လာသည်ကိုသာ ကြည့်ရှုရန် ဖြစ်ပေသည်။
ထာဝရ ဧကရာဇ်၏ ဆက်ခံသူက အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဖြစ်လာမည်လော... သို့တည်းမဟုတ် ထာဝရ နတ်မိမယ်လေးကသာလျှင် ဆက်ခံသူ အစစ်အမှန် ဖြစ်ကြောင်း သက်သေပြနိုင်မည်လော။ မည်သို့ပင် ဆိုစေ... သည်တိုက်ပွဲတွင် အနိင်ရရှိသူမှာ သူ၏ ကြီးကျယ် မြင့်မြတ်မှုကို လောကကြီးထံ သက်သေပြကာ သုံးလွှာ ကြယ်တာရာ နယ်မြေ အဂ္ဂိရတ် လောက၏ အနာဂတ် ဥသျှောင် နေရာကို ရယူပေလိမ့်မည် ဖြစ်သည်။
လင်းယုရန်မှာ အလွန် ဉာဏ်ကောင်းကာ ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ ထို့အပြင် ကောင်းကင် ဒြပ်စင် နန်းတော် သခင်မ အနေဖြင့် အဂ္ဂိရတ် လုပ်ငန်းစဥ်များနှင့်လည်း အနည်းငယ် အကျွမ်းတဝင် ရှိသူ ဖြစ်သည်။ သို့သော်လည်း ဘာတွေ ဖြစ်နေမှန်းနှင့် ဝေ့ဝူယင် ခြေပစ်လက်ပစ် ထိုင်ချကာ ဘာလုပ်နေမှန်း သူမ စဥ်းစား၍ကို မရချေ။
ဆေးဖော်စပ်ခြင်းများကို သူမ အကြိမ် များစွာ တွေ့မြင်ခဲ့ဖူးသည်။ အဂ္ဂိရတ် ပညာရှင် အများစုသည် သာမန် ထုတ်ကုန် တစ်ခုအတွက် လနှင့်ချီ၍ အချိန်ယူကြကာ အဆင့်ခုနစ်၊ အဆင့်ရှစ် ကဲ့သို့သော အဆင့်မြင့် ထုတ်ကုန်များ အတွက်ဆိုလျှင် နှစ်နှင့်ချီ၍ပင် အချိန်ပေးကြရသည်။ ထုတ်ကုန်၏ အဆင့် ပိုမို မြင့်မားလာလေလေ၊ ဖော်စပ်ရန် ပိုမို ခက်ခဲလာလေလေ ဖြစ်ပြီး၊ အချိန်ပိုမို ပေးရလေလေ ဖြစ်သည်။
ယခုကဲ့သို့ ဝေ့ဝူယင်က အဆင့်ခုနစ်ဆင့်လုံးကို ငါမိနစ်မျှ အချိန်အတွင်း အပြီးသတ်သော အခါတွင် သူမ၏ အကဲဖြတ်နိုင်စွမ်းရည်မှာ ကျရှုံးသွားခဲ့သည်။ သူမ သာလျှင် မဟုတ်... အဆင့်မြင့် အဂ္ဂိရတ် ပညာရှင်များပင် ဘာတွေ ဖြစ်နေမှန်း မခန့်မှန်း တတ်ကြချေ။ သူတို့က အဂ္ဂိရတ် အင်ပါယာများ ရှင်းပြလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြလေ၏။
“တစ်ခုခု ဖြစ်နေတာလား... အင်ပါယာယီနဲ့ အင်ပါယာလီ...”
လင်းယုရန်က မေးလိုက်၏။ မိနစ် အနည်းငယ် ကြာအောင် အသက်ကို ရှူသွင်း ရှူထုတ်ပြီးနောက် ယီယွင်မှာ အနည်းငယ် ပြန်လည် တည်ငြိမ်လာသည်။ သို့သော်လည်း သူ့အသံကတော့ အနည်းငယ် တုန်ရီနေဆဲ ဖြစ်လေသည်။
“အာဏာရှင် ဧကရာဇ်ဝေ့... အဆင့်ခုနစ်ခုလုံးကို သူ ခုလေးတင် အောင်မြင်သွားပြီ”
ဘေးနားရှိ လီချီးက ထပ်ပေါင်း ပြောဆိုလိုက်၏။
“နောက်ပြီး သူက အဲဒီ အဆင့်ရှစ် အဆင့်မြင့် ဆေးရည်ကို သာမန် ရိုးရိုးလေးပဲ အောင်မြင်သွားတာ မဟုတ်ဘူး... မသန့်စင်မှု အားလုံးကို ဖယ်ထုတ်ပြီး ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်အောင် ဖော်စပ်နိုင်ခဲ့တာ”
ခပ်လှမ်းလှမ်းရှိ ချင်ကူးယွင်လည်း ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ခေါင်းကို ခါလိုက်ရင်း...
“ငါတို့ တွေ့မြင်ခဲ့ရသမျှ၊ ဖတ်ဖူး မှတ်ဖူးသမျှ သမိုင်းထဲမှာ အမြန်ဆုံး အဂ္ဂိရတ် ထုတ်ကုန်ပဲ”
“ ... “
ရုတ်တရက် ပြိုင်ပွဲကွင်းပြင်၊ အနန္တ ဧကရာဇ်ဂြိုဟ်နှင့် ပြိုင်ပွဲကို တိုက်ရိုက် ကြည့်ရှုနေကြသည့် နေရာတိုင်းရှိ ပရိသတ်များမှာ ဆွံအငြိမ်သက်သွားကြ၏။
“ဘာကြီးလဲဟ...”
ကောင်းကျိ၏ နက်ရှိုင်းသော နတ်ဆိုးသံ သြသြကြီး၏ ကမ္ဘာပျက် မတတ် တုန်ခါမှုမျိုးဖြင့် ထွက်ပေါ်လာသည်။ သူ၏ ဦးချိုများက တဆတ်ဆတ် တုန်ရီနေကာ ကြီးမားလှသာ မျက်လုံးကြီးများမှာ လက်မခံနိုင်ခြင်းများနှင့် ပေါက်ကွဲလု မတတ်ဖြစ်နေခဲ့၏။
သူသာလျှင် မက... ပရိသတ်အားလုံးမှာလည်း မိမိနားကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ မည်ကဲ့သို့နည်း။ သူတို့ မျက်စိဒေါက်ထောက် ကြည့်နေစဥ်မှာပင် ဝေ့ဝူယင်မှာ စတင်ခဲ့သည်။ ထို့နောက် လက်ဘက်ရည် ဖျော်သလောက်ပင် မကြာသည့် အချိန်ကလေးထဲမှာပင် အောင်မြင်သွားခဲ့သည်။
ထို့အပြင် သမိုင်းတစ်လျှောက် အမြန်ဆုံး အဂ္ဂိရတ် ထုတ်ကုန်... ထိုအသုံးအနှုန်းက ထာဝရ ဧကရာဇ်ထက်ပင် ပိုမို မြန်ဆန်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
မည်သို့ပင် ဆိုစေ... ဤသည်က အဂ္ဂိရတ် တိုက်ပွဲ ဖြစ်သည်။ သူ့ထက် ငါခေါင် အပြိုင်ကြဲရမည့် ပြိုင်ပွဲ ဖြစ်သည်။ လူတိုင်း၏ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည့် မျက်လုံးများက ဝေ့ဝူယင်ထံမှ တစ်ဆင့် ချင်ကူးယင်ဆီသို့ ရွေ့လျားသွားကြ၏။ ဝေ့ဝူယင်က သမိုင်းအား ချိုးဖျက် ပြခဲ့လျှင် ချင်ကူးယင်မှာလည်း ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း သက်သေပြရလိမ့်မည် ဖြစ်သည်။
ဤသို့ဖြင့် အချိန် ဆယ်မိနစ် ကုန်လွန်သွား၏။ ချင်ကူးယင်မှာ အတွေးများထဲ ဆက်လက် နစ်မြုပ်နေဆဲ ဖြစ်သည်။
တစ်နာရီ...
ဝေ့ဝူယင်မှာ တင်ပျဥ်ချိတ်ကာ စောင့်ဆိုင်းရင်း တဝါးဝါးသမ်းလာခဲ့၏။
သုံးနာရီ...
နောက်ဆုံး၌ ချင်ကူးယင်မှာ အတွေးများထဲမှ နိုးထလာဟန် ရသည်။ သူမက ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ ပြုံးပြနေသည့် ဝေ့ဝူယင်ကို မြင်တွေ့လိုက်ရ၏။ စူးရှလှသည့် ငွေရောင် မျက်လုံးတို့နှင့် ဆုံတွေ့မိသော အခိုက်၌ သူမ၏ နှလုံးသားက ဒိန်းခနဲ ခုန်သွားသည်။ သို့သော်လည်း ချက်ချင်းပင် ခံစားချက်တို့ကို ဖိသိပ်လိုက်ရင်း “ထုတ်ယူခြင်း” ကျင့်စဥ်ကို စတင် လိုက်တော့၏။
ဟူး... ဟူး...
ချင်ကူးယင်သည် ဖြည်းညင်းစွာပင် ထူးဆန်းသော စွမ်းအင်များကို သုံးကာ ဆေးပင်တစ်ခုချင်းစီမှ အမတေများကို စတင် ထုတ်ယူလိုက်၏။ သူမ၏ လှုပ်ရှားလာမှုကို ကြည့်ရင်း ပရိသတ်များမှာ နောက်တစ်ကြိမ် ပြန်လည် လှုပ်ရှားလာကြ၏။
“နတ်မိမယ်ယင်... နတ်မိမယ်ယင်...”
ကွင်းပြင်းအတွင်း၌ အော်ဟစ် အားပေးသံများပင် ထွက်ပေါ်လာလေသည်။
ဆယ်နာရီ...
သူမမှာ သတ္တမမြောက် ဆေးပင်ကို သန့်စင်နေခဲ့ပြီ ဖြစ်သည်။
"..."
သုံးရက်...
သူမ၏ ထုတ်ယူခြင်း လုပ်ငန်းစဥ်က အဓိက ပါဝင်ပစ္စည်း လေးခု အထိကိုပင် ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ အပြုံးပန်းကလေး တစ်ပွင့်မှာ ဇာပုဝါ၏ နောက်ကွယ်တွင် လှပစွာ ပွင့်လန်း လာလေ၏။
“သူက တကယ် သတိထားနေတာပဲ...”
ယီယွင်က အသိအမှတ် ပြုဟန်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှု မှန်သမျှက သက်တောင့်သက်သာ ရှိလှကာ ကြိုတင် စီစဥ်ထားသလိုမျိုး အမှားအယွင်း ကင်းလှသည်။ အထူးသဖြင့် မန်နာ၊ စွမ်းအင်နှင့် အမတေများအား တစ်ခုချင်းစီ ထုတ်ယူပုံက အတော်လေး သေသပ်လှသည်။
ကိုးရက်...
နောက်ဆုံး၌ ချင်ကူးယင်မှာ ပါဝင် ပစ္စည်းအားလုံးထဲမှ စွမ်းအင်အသီးသီးကို ထုတ်ယူ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ဖြည်းညင်းစွာပင် တိုက်ရိုက် ထုတ်လွှင့် ပြသမှုမှာ သူမ၏ မှော်ဆေးအိုးထံ ရွေ့လျားသွားသည်။ အထဲတွင် စွမ်းအင် အမျိုးအစားပေါင်းများစွာမှာ လှပသော အရောင်များဖြင့် တဖျပ်ဖျပ် လူးလွင့်နေလေ၏။
“ဒီပမာဏက ရှစ်ကြိမ် ကြိုးစားဖို့လောက် အထိ လုံလောက်တယ်...”
လီချီးက ခေါင်းတစ်ချက် ညိတ်လိုက်၏။ ဆိုလိုသည်က သူမ အနေဖြင့် ခုနစ်ကြိမ်တိုင်တိုင် ကျရှုံးခွင့် ရှိပေသည်။ ထိုကဲ့သို့ အဖက်ဖက်မှ ကြိုတင် ပြင်ဆင်ထားမှုက အတော်လေး လေးစားစရာ ကောင်းလှသည်။ သို့သော်လည်း...
ဝှစ်... ဝှစ်...
ချင်ကူးယင်မှာ ခုနစ်ကြိမ် ဖော်စပ်စာကို ဆေးအိုးထဲမှ ထုတ်ကာ လွှင့်ပစ်လိုက်ကာ အကောင်းဆုံး တစ်စုံကိုသာ ဆေးအိုးအတွင်း ချန်ထားလိုက်သည်။ ထိုကဲ့သို့ ယုံကြည်မှုမျိုးက ကြောက်စရာ ကောင်းလွန်းလှ၏။ တစ်ခဏအတွင်းမှာပင် ချင်ကူးယင်မှာ ကြီးထွားခြင်း စတင်ကို စတင်နေခဲ့ပြီ ဖြစ်လေသည်။
ရက်နှစ်ဆယ်...
ချင်ကူးယင်မှာ အဂ္ဂိရတ် အင်အားကို အသုံးပြုကာ မှော်ဆေးအိုး အတွင်းရှိ စွမ်းအင်များကို ထိန်းညှိနေ၏။ မျက်နှာတစ်ခုလုံး ချွေးများဖြင့် စိုဆွတ်နေကာ ပင်ပန်းသည့် အငွေ့အသက်များ ထွက်ပေါ်သည့်တိုင် မိန်းကလေးမှာ လုပ်ငန်းစဥ် အပေါ် အပြည့်အဝ အာရုံစိုက်ထားဆဲ ဖြစ်သည်။ ကြီးထွားခြင်း အဆင့် ပြီးသည်နှင့် သူမက အခြားအဆင့်များထံ ဆက်လက် တက်လှမ်းလိုက်၏။ ပရိသတ်များမှာ သူမကို ငေးမောနေကြသည်။ ဤသို့နှင့်...
ရက်ခြောက်ဆယ်...
ခုနစ်ဆယ့် သုံးရက်...
နောက်ဆုံး၌ ချင်ကူးယင်မှာ ပေါင်းစပ်ခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူမက အဂ္ဂိရတ် အင်အားနှင့် အတူ လက်ဟန် ချိပ်တံဆိပ်များကို ပေါင်းစပ်ရင်း ဆေးရည်များအား ထိန်းချုပ်နေ၏။ ဆေးအိုးအတွင်းရှိ စွမ်းအင်ရည် စွမ်းအင်များမှာ တစ်ခုတည်း အဖြစ် ပေါင်းစပ်နေကြ၏။ သူမ၏ လုပ်ပုံကိုင်ပုံက နှေးကွေးသည့်တိုင် တိကျ သေချာလှသည်။ အမှားအယွင်း တစ်ခုတစ်လေမှ မရှိ။
ပေါင်းစပ်ခြင်း အဆင့်အား ကျော်လွန်ပြီးနောက် နောက်ဆုံး အဆင့်ဖြစ်သည့် ငွေ့ရည် ဖြစ်တည်ခြင်း အဆင့်ကို သူမ ရောက်ရှိလာခဲ့၏။ ဤအဆင့်တွင် စွမ်းအင်ရည်မျိုးကို ဆေးရည်အဖြစ် အသွင်ပြောင်းရမည် ဖြစ်သည်။ ထိုအဆင့်က အလွန် အရေးကြီးသည်။ အာရုံတစ်ခုလုံးကို မြှုပ်နှံထားရန် လိုအပ်သည်။ ထိုဖြစ်စဥ်အား အထောက်အပံ့ ပေးရန် အတွက် ဆေးအိုးပတ်လည်တွင် ဝင်္ကပါ အချို့ကိုပင် သူမ ခင်းကျင်းလိုက်သည်။
နောက်ထပ် သုံးရက် ကုန်လွန်သွား၏။
ငွေ့ရည်ဖြစ်တည်ခြင်း အဆင့်မှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ ဆေးအိုးအတွင်းမှ အရည်သံ ခပ်ဖျော့ဖျော့ကို သူမ ကြားလိုက်ရ၏။ အောင်မြင်ခြင်း အသံ... ထိုအသံက သူမအတွက် အလွန် လှပလွန်းလှသည်။
ဝှစ်...
ချင်ကူးယင် ပုလင်းအလွတ် တစ်လုံးကို ထုတ်ယူကာ ဆေးရည်များအား ဖြည်းညင်းစွာ ဖြည့်တင်းလိုက်သည်။ မူလက ကြည်လင်နေသည့် ပုလင်းလေးမှာ ချက်ချင်းပင် အမျိုးမျိုးသော သက်တန့်ရောင် အလင်းများနှင့် လှပစွာ ပြည့်နှက်သွား၏။ ချင်ကူးယင် ကျေနပ်စွာ ပြုံးလိုက်မိ၏။ သူမ ဖော်စပ်ခဲ့သည့် ဆေးရည်တွင် မသန့်စင်မှု တစ်ခုတစ်လေမှ မရှိ။ သို့သော်... မထူးဆန်း။ အဂ္ဂိရတ် အင်အားက သူ့ အသုံးဝင်မှုကို သူ ပြသခဲ့ခြင်းသာ ဖြစ်ပေသည်။
ဆေးရည်ပုလင်းလေးကို ချစ်သူထံမှ ရရှိသည့် အမှတ်တရ ပစ္စည်းလေး တစ်ခုလို ဂရုတစိုက် ကိုင်တွယ်ရင်း ဝေ့ဝူယင်ကို ချင်ကူးယင် လှည့်ကြည့်လိုက်၏။ သူမ၏ လှပသော မျက်လုံးလေးများက မဆိုသလောက်လေး ကျဥ်းမြောင်းသွား၏။
ဝေ့ဝူယင်မှာ ခုတင်တစ်ခု ပေါ်တွင် လှဲလျောင်းနေသည် မဟုတ်ပါလား။ ထိုခုတင်ကို သူ ဘယ်ကနေ ရရှိခဲ့သနည်း။ ထို့အပြင် သူက တကယ်ကို အိပ်ပျော်နေခြင်း ဖြစ်သည်။ အခြားလူများ မကြားနိုင်သည့်တိုင် အနီးကပ်ဆုံး၌ ရှိနေသည့် သူမမှာ ဟောက်သံခပ်ဖျော့ဖျော့ကို ကြားနေရသည်။
ချင်ကူးယင် ဇာပုဝါအောက်မှ နှုတ်ခမ်းကလေးကို ထော်လိုက်မိ၏။
“ထတော့...”
သူမ တိုက်ရိုက်ပင် ဝေ့ဝူယင်ကို နှိုးလိုက်၏။ ဝေ့ဝူယင်မှာ အအိပ်ဆတ်သူ ဖြစ်ရာ ချက်ချင်းပင် နိုးလာခဲ့သည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သက်တန့်ရောင် ပုလင်းလေး တစ်ခုကို ကိုင်ကာ ရပ်နေသည့် ချင်ကူးယင်ကို တွေ့လိုက်ရ၏။
“ဪ... နင်ပြီးသွားပြီလား...”