← Chapters

အဆင်သင့်ပဲလား

Vol. 25 Ch. 339

အဆင်သင့်ပဲလား

Vol. 25 Ch. 339

ဝေ့ဝူယင် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်၏။ အိပ်ရာနိုးနိုးချင်း ထိုကဲ့သို့ ပြုလုပ်ရသည့် ခံစားချက်က ဘာနှင့်မှ လဲ၍ မရအောင် ကောင်းမွန်လှသည်။ သူ အိပ်ရာထက်မှ ဖြည်းညင်းစွာ ထထိုင်ရင်း ကောင်းကင်ရှိ နေကို အကဲခတ်လိုက်၏။

“ခုနစ်ဆယ့် ခြောက်ရက်တောင် ရှိသွားပြီလား...”

ဝေ့ဝူယင် တအံ့တသြ ရေရွတ်လိုက်မိ၏။ ပြောရလျှင်... အိပ်မပျော်ခင် အချိန်အထိ သူ့တွင် မေးခွန်းတစ်ခု ရှိခဲ့သည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်မှာ ဆေးဖော်စပ်မှု မြန်ဆန်ခြင်းတွင် အရာရာလား ဟူ၍။

ယခုတွင်မူ အဖြေကို သူ ရရှိခဲ့ပြီ ဖြစ်သည်။ မဟုတ်ချေ။ အကြောင်းရင်း တစ်ရပ် အနေဖြင့်သာ ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။

ချင်ကူးယင်မှာ သူကဲ့သို့ပင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမက အခြားလူများ နှစ်ပေါင်း ဆယ်ချီ ဖော်စပ်ရနိုင်သည့် ဆေးရည်ကို ခုနစ်ဆယ့် ခြောက်ရက် အတွင်း အောင်မြင်အောင် ဖော်စပ်ပြခဲ့သည်။ ၎င်းက သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး အံ့သြဘနန်း ဖြစ်စေသွားနိုင်သည့် အမြန်နှုန်းမျိုး ဖြစ်သည်။ သို့သော်လည်း သူနှင့် ယှဥ်လျှင်တော့ ထိုအမြန်နှုန်းမှာ ယုန်နှင့် လိပ်လို အလှမ်းကွာနေပေသေးသည်။

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့် ချင်ကူးယင်ကို အကဲခတ်လိုက်၏။ သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်ထားကာ ပါးအို့လေးများက နည်းနည်းလေး နီမြန်းနေ၏။ တစ်ချိန်တည်း၌ သူမ၏ အသက်ရှူသံများက မသိမသာ လေးပင်နေကာ ပင်ပန်းနွမ်းနယ်မှုကို ဖော်ပြနေသည်။

“တော်တော်လှတဲ့ ကောင်မလေးပဲ...”

ဝေ့ဝူယင် စိတ်ထဲမှ နောက်တစ်ကြိမ် ချီးကျူးလိုက်မိပြန်၏။ ထို့အပြင် သူမမှာ လူတိုင်း တောင့်တရသည့် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် အကြောင်း တွေးမိသော အခိုက်၌ ထာဝရ ခြေချခြင်း ဆေးပြား အကြောင်းက ခေါင်းထဲ ဝင်လာ၏။ သမိုင်း မှတ်တမ်းများ အရဆိုလျှင်... ထာဝရ ခြေချခြင်းဆေးပြားမှာ အဂ္ဂိရတ် ဝိညာဥ်ကို သေမျိုး ကြယ်တာရာကပ်ဘေးအား ကျော်လွှားနိုင်အောင် ကူညီပေးနိုင်သည့် တစ်ခုတည်းသော ဆေး ဖြစ်သည်။

“ငါလည်း ထာဝရ ခြေချခြင်းဆေးကို ဖော်စပ်ဖူးတာပဲ... သိပ်လည်း မခက်ပါဘူး... ထာဝရ ဧကရာဇ်က ကြယ်တာရာ ဝိညာဥ်အဆင့်ကို ရောက်ပြီးတဲ့နောက် အဲဒီဆေးကို နောက်တစ်ကြိမ် မဖော်စပ်တော့တာလား... ဟုတ်လောက်တယ်... နို့မို့ဆိုရင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် ပိုင်ရှင်တွေ ဒီလောက် ရှားမှာ မဟုတ်ဘူး”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ဤမျှ ဖော်စပ်ရ လွယ်ကူကာ အသုံးဝင်လှသည့် ဆေးကို ထာဝရ ဧကရာဇ်က အဘယ်ကြောင့် ထပ်မဖော်စပ်တော့သနည်း။ သူ ဘာကိုမှ သေချာ မဖြေမထုတ်နိုင်ချေ။

ထိုအခိုက်တွင်ပင် ယီယွင်၏ အသံက ကွင်းပြင်အတွင်း ပဲ့တင်ထပ်ကာ ပျံ့လွင့်လာ၏။

“ပြိုင်ပွဲဝင် နှစ်ယောက်စလုံး သင်တို့ရဲ့ ဖော်စပ်မှုကို ပြီးကြပါပြီလား”

“ ... “

ရုတ်တရက်... ချင်ကူးယင် အလန့်တကြားဖြင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်မိသည်။ “

“နေဦး... သူက ငါ့ထက် အရင် ပြီးသွားတာလား...ပြီးလို့ အိပ်နေတာလား...”

သူမက တစ်ချိန်လုံး ကိုယ့်အလုပ်ကိုသာ အာရုံစိုက်နေရာ ဝေ့ဝူယင် ဆေးဖော်စပ်ပြီးစီးသွားသည်ကို သတိပင် မထားမိခဲ့ချေ။ ဆေးဖော်စပ်နေခဲ့သည့် ခုနစ်ဆယ့် ခြောက်ရက်လုံး သူမ ဝေ့ဝူယင်ကို တစ်ခေါက်သာ လှည့်ကြည့်ခဲ့ဖူးသည်။ ထိုစဥ်က သကောင့်သားမှာ မြိန့်မြိန့်ကြီး ထိုင်ကာ သူမကို ပြုံးပြုံးကြီးနှင့် ကြည့်နေခဲ့သေးသည်။

“ပြီးပါပြီ...”

ဝေ့ဝူယင်က အရင်ဆုံး အဖြေပေးလိုက်၏။ ကျယ်လောင်‌သော အော်ဟစ် အားပေးသံများက နားအူလောက်အောင် ကွင်းပြင်ကျယ် တစ်ခုလုံးကို ပြည့်နှက်သွားသည်။

အာဏာရှင် ဧကရာဇ်ဝေ့မှာ အောင်မြင်သည်မှာ လွန်ခဲ့သည့် နှစ်လကျော်... ပြိုင်ပွဲ စတင်ပြီး ငါးမိနစ် ပြည့်ကတည်းက ဖြစ်သည်။ သူကား သမိုင်းတစ်လျှောက် အမြန်ဆုံး ဆိုသော စံချိန်မှတ်တမ်းကိုပင် ရရှိခဲ့သူ ဖြစ်သည်။

“ပြီးပါပြီ...”

ချင်ကူးယင်ကလည်း ထပ်တူပင် အဖြေပေးလိုက်၏။ ‌အော်ဟစ်အားပေးသံ အချို့ ထွက်ပေါ်လာသော်လည်း ဝေ့ဝူယင်နှင့် ယှဥ်လျှင်တော့ သိသိသာသာ အားနည်းလှသည်။

ပြောရလျှင်... သည်ပြိုင်ပွဲက ယုန်နှင့် လိပ် အပြေးပြိုင်ပွဲနှင့်ပင် တူနေသေးသည်။ ယုန်က တစ်စက္ကန့်အတွင်း မီတာ ဆယ်ချီကို ရောက်ရှိသွားချိန်တွင် လိပ်ကတော့ နှစ်နာရီခန့် ကြာအောင် အချိန်ယူနေရသည်။ အချို့က ဆိုလျှင် သည်အဂ္ဂိရတ် တိုက်ပွဲမှာ ပြိုင်ပွဲ စတင်ပြီး တစ်နာရီ အတွင်းမှာပင် ပြီးဆုံးသွားပြီဟု ယူဆ နေကြသေးသည်။ အချိန်ပိုမို ယူရလေလေ ဆေးရည်၏ အရည်အသွေး ပိုမိုကောင်းလေလေဟု သိရှိထားခြင်းကြောင့်သာ မဟုတ်ပါက  လွန်ခဲ့သည့် နှစ်လကျော်ကတည်းကပင် သူတို့ ထ၍ ပြန်သွားလောက်ကြပြီ ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်နှင့် ချင်ကူးယင်တို့ နှစ်ယောက်စလုံးမှာ အခြားလူများ၏ အမြင်နှင့် ပတ်သက်၍ လိုက်ခံစားနေရအောင် ကလေးများ မဟုတ်ကြပါချေ။  ချင်ကူးယင်က ဝေ့ဝူယင်၏ လက်ထဲတွင် ကိုင်ထားသည့် ပုလင်းလေးကို စိတ်ဝင်တစားနှင့် အကဲခတ်လိုက်၏။ ကြေးမုံကဲ့သို့ ကြည်လင်နေသည့် အရည်လေးများကို ကြည့်ရင်း သူမ၏ မျက်ခုံးများက မသိမသာ တွန့်ကွေးသွားသည်။

“လောကအလင်းဆေးရည်က ရောင်စုံ မဟုတ်ဘူးလား...”

လောကအလင်း ဆေးရည်က ကြေးမုံတစ်ချပ် ကဲ့သို့ ကြည်လင်ကာ အရာရာကို ရောင်ပြန်ဟပ်နိုင်သည့် ပုံစံမျိုး ဖြစ်ကြောင်း သူမ တစ်ခါမှပင် မကြားဖူးချေ။

ဟူး... ဟူး...

အဖြေထုတ်၍ မရနိုင်ခင်မှာပင် သူတို့ ပတ်ဝန်းကျင်ရှိ အကာအကွယ် အလွှာက ပွင့်ဟသွား၏။ ခုံသမာဓိကြီးများမှာ သူတို့၏ ပလ္လင်များထက်၌ တည်ငြိမ်စွာပင် ထိုင်နေကြသည်။ သူတို့ထဲမှ သုံးယောက်မှာ မဟာဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များ ဖြစ်ကြကာ နှစ်ယောက်မှာ အဂ္ဂိရတ် အင်ပါယာများ ဖြစ်ကြသည်။ အလယ်တည့်တည့် ခေါင်းဆောင် နေရာတွင် ထိုင်နေသည့် ပုဂ္ဂိုလ်ကတော့ ယီယွင်ပင်။

ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကျန်းဖေးလန်၏ အေးစက်စက် အကြည့်နှင့် ဆုံတွေ့သွား၏။ ထိုကဲ့သို့ အကြည့်မျိုးကို တစ်နေရာရာတွင် ရင်းနှီးနေသလို သူ ခံစားလိုက်ရသည်။ တစ်ချိန်တစ်ခါက သူမ၏ သမီး ဖြစ်သူမှာ မနာလိုမှု တစ်ခုတည်း အတွက် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့ဖူးသည်။ သူ အသက်ရှင်သန်ခဲ့သည့်တိုင် ပေါက်ကွဲမှု အောက်၌ သန်းနှင့်ချီ‌သော အသက် အိုးအိမ်များ ဆုံးရှုံးခဲ့ရသည်။

“ဘာပဲဖြစ်ဖြစ်လေ...”

ဝေ့ဝူယင် ခေါင်းခါရင်း လင်းယုရန်ဘက်သို့ အကြည့်ကို ပို့လွှတ်လိုက်၏။ ထိုအခါ လှပစွာ ပြုံးရင်း သူ့အား ကြည့်နေခဲ့သည့် အယ်ဗန်မလေးကို တွေ့မြင်လိုက်ရ၏။ ကျန်းဖေးလန်ကြောင့် ရှုပ်ထွေးသွားသည့် ဝေ့ဝူယင်၏ စိတ်က ပြန်လည် ကြည်လင်သွားသည်။ သူ လင်းယုရန်ကို ပြန်လည် ပြုံးပြလိုက်၏။

ထိုအချိန်တွင် ယီယွင်မှာ ကြေညာလာသည်။

“ငါတို့ ခုံသမာဓိတွေက ထုတ်ကုန် တစ်ခုချင်းစီရဲ့ အရည်အသွေးကို အကဲခတ်ပေးမယ်... တကယ်လို့ အရည်အသွေး တူညီနေရင် ကြိုးစားတဲ့ အရေအတွက်နဲ့ ဆုံးဖြတ်မယ်... အဲဒါပါ ထပ်ပြီ တူညီနေမယ် ဆိုရင်တော့ ဆေးဖော်စပ်တဲ့ အချိန်ကို ယူမယ်... မင်းတို့ နားလည်ကြတယ် မလား”

ဝေ့ဝူယင်နှင့် ချင်ကူးယင်တို့က ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ နှစ်ယောက်မှာ အစောကတည်းကပင် ထိုစည်းမျဥ်းများကို သိရှိကြပြီးသား ဖြစ်သည်။

ယီယွင်က ခေါင်းညိတ်လိုက်၏။

“ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေ အရ... ဒီကဏ္ဍကို ရွေးချယ်ခဲ့တဲ့ စိန်ခေါ်သူက ဆေးရည်ကို အရင်ဆုံး အကဲဖြတ် ခံရပါမယ်...”

“‌ကောင်းပါပြီ...”

ချင်ကူးယင်က မတုန့်မဆိုင်းပင် ရှေ့ကို တက်ရင်း ခုံသမာဓိများကို မျက်နှာချင်းဆိုင်လိုက်၏။ ထို့နောက် သူမက လက်ဝါးကို ဖြန့်လိုက်သည်။

ဝှစ်...

သက်တန့်တောင် တောက်ပနေသည့် ပုလင်းလေးမှာ တိုက်ရိုက်ပင် ခုံသမာဓိများထံ ရွေ့လျားသွာ၏။ ခုံသမာဓိ ငါးဦးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခေါင်းညိတ် ပြလိုက်ကြသည်။ ထို့နောက် နေရာမှ မရွေ့ပဲ ဝိညာဥ်စွမ်းအင်များကို ပုလင်းလေးဆီ ဖြန့်ကျက်လိုက်ကြတော့၏။

လီချီး၏ မျက်လုံးများက တောက်ပသွားသည်။ ထိုအထဲတွင် စိတ်လှုပ်ရှားမှု အငွေ့အသက် အချို့ ပါဝင်နေ၏။ တစ်ချိန်တည်း၌ မဟာဂိုဏ်းကြီး သုံးခု ခေါင်းဆောင်များ၏ မျက်လုံးများကတော့ လောဘ ဆန္ဒ အငွေ့အသက်များဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။ အထူးသဖြင့် ကောင်းကျိပင်။ ထိုနတ်ဆိုးအိုကြီးမှာ ဘယ်တုန်းကမှ သူ့ဆန္ဒများကို ဖုံးကွယ်တတ်သူ မဟုတ်ချေ။

ယီယွင်က ဦးဆောင်ကာ အခြားလူများနှင့် ဝိညာဥ်အာရုံချင်း ဆက်သွယ်လိုက်၏။ မိနစ်ပိုင်းမျှ အတွင်းမှာပင် သူတို့ အကြား၌ စကားလုံးပေါင်း ရာထောင်ချီ ဖလှယ်ခဲ့ကြပြီး ဖြစ်သည်။ အဆုံးသတ်သို့ ရောက်မှ ယီယွင်က ခေါင်းတစ်ချက် ညိတ်ကာ ကြေညာလိုက်၏။

“နတ်မိမယ်ယင်က အဆင့်ရှစ် အဆင့်မြင့် လောကအလင်း ဆေးရည်ကို အောင်မြင်စွာနဲ့ ဖော်စပ်နိုင်ခဲ့ပါတယ်... ခုံသမာဓိတွေရဲ့  စီစစ် အကဲဖြတ်မှု အရ ဆေးရည်က အဆင့်မြင့် အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်”

“အဆင့်မြင့် အရည်အသွေး...”

ကြားလိုက်ရသည့် လူတိုင်းမှာ ဆတ်ခနဲ တုန်ရီသွားကြ၏။ ကျန်းဖေးလန်မှာ အဆင့်နိမ့် ဆေးရည်ကို သောက်သုံးခဲ့ရုံဖြင့် ယခု ကျင့်ကြံခြင်း အဆင့်ထိ ရောက်ရှိလာခဲ့သည်။ အဆင့်မြင့် ဆေးရည်သာ ဆိုပါက မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်နည်း။

လူတိုင်းမှာ ထိုဆေးရည်ကို ရယူနိုင်ရန် အတွက် အတွက် မရေမတွက်နိုင်သော နည်းလမ်းများကို‌ တွေးလိုက်မိကြ၏။ ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် ထိုဆေးရည်မျိုးမှာ ဂြိုဟ်များနှင့်ပင် ထပ်တူ တန်ဖိုးရှိသည်။

ဝေ့ဝူယင်ပင်လျှင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ ပထမဆုံး ကြိုးစားမှုတွင်ပင် အဆင့်မြင့် အရည်အသွေး အထိ ရရှိခြင်း... အဂ္ဂိရတ် ဝိညာဥ် ပိုင်ဆိုင်ထားခြင်းက တကယ်ကို အားသာလွန်းသည်။

ထို့နောက်တွင်... ယီယွင်က ဝေ့ဝူဘက်ကို လှည့်လိုက်၏။

“အဆင်သင့်ပဲလား...”

***

All Chapters