← Chapters

အကဲဖြတ်ခြင်း

Vol. 25 Ch. 340

အကဲဖြတ်ခြင်း

Vol. 25 Ch. 340

ဝေ့ဝူယင်မှာက မဆိုင်းမတွပင် လက်ထဲရှိ ပုလင်းလေးကို သူတို့ထံ ပစ်ပေးလိုက်၏။ သူက ဆေးရည်၏ အရည်အသွေးကို နှိမ့်ချပစ်ရန်လည်း ဆန္ဒ မရှိသလို ဖုံးကွယ်ရန် မကြိုးစားပါချေ။

ယီယွင်နှင့် အခြားလူများမှာ ပထမတစ်ကြိမ်လိုပင် ဝိညာဥ်အာရုံများကို ဖြန့်ကျက်ကာ စစ်ဆေးလိုက်ကြ၏။ အတွေးများကို ဖလှယ်ရင်း ဆွေးနွေးမှု အနည်းငယ်ပြီးနောက်တွင် လီချီးနှင့် ယီယွင်တို့၏ အမူအရာများမှာ ကိုးရိုးကားယား နိုင်လာကြ၏။ မကြာခင်မှာပင် အခြား ခုံသမာဓိ သုံးဦးမှာလည်း မျက်မှောင်များ ကြုတ်လာကြ၏။

ယင်းက ပရိသတ်များကို ထူးဆန်းသည့် ခံစားချက် တစ်မျိုး ဖြစ်ပေါ်စေ၏။ တစ်ခုခု မှားယွင်းနေသလော။ ဝေ့ဝူယင်က အရည်အသွေးနိမ့်ကျသည့် ထုတ်ကုန် တစ်မျိုးကို ဖန်တီးခဲ့သလော။

အတွေးနှင့် အတူ သံသယများမှာ လူတိုင်း၏ စိတ်တွင် စတင် ပေါက်ဖွားလာ၏။ ချင်ကူးယင် ထုတ်ဖော်ပြသခဲ့သော စိတ်ရှည်မှုနှင့် ဂရုစိုက်မှုများကြောင့် သူတို့စိတ်ထဲတွင် မျှော်လင့်ချက်များ ရှိနေကြပေသည်။

ပလ္လင်များထက်တွင်တော့ ခုံသမာဓိ ငါးဦးမှာ အကြိတ်အနယ် ဆက်လက် ဆွေးနွေးနေကြဆဲ ဖြစ်၏။

“ကျုပ်တော့ ဒီဆေးရည်က ဘယ်လို အရည်အသွေး ရှိလဲ ဆိုတာ သိတောင် မသိတော့ဘူးဗျာ...”

ယီယွင်က စိတ်ပျက်အားလျော့သည့် လေသံဖြင့် ဝန်ခံလိုက်သည်။

“ကျုပ်လည်း မသိဘူး... နောက်ပြီး မှန်လို ရောင်ပြန်ဟပ်နိုင်တဲ့ လောကအလင်း ဆေးရည် ရှိတယ်လို့လည်း တစ်ခါမှ မကြာဖူးဘူး”

လီချီးကလည်း ပဲ့တင်ထပ်ကာ လိုက်လံ ပြောဆို၏။ ခုံသမာဓိ ငါးယောက်ထဲတွင် အဂ္ဂိရတ် နယ်ပယ်နှင့် အကျွမ်းဝင်ဆုံး ပုဂ္ဂိုလ်ကြီး နှစ်ယောက်ပင် မသိလေရာ အခြား သုံးယောက်မှာရော မည်ကဲ့သို့ ခန့်မှန်းနိုင်လိမ့်မည်နည်း။

ကောင်းကျိက စိတ်မရှည်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ခင်ဗျားတို့ နှစ်ယောက်က အဂ္ဂိရတ် အင်ပါယာတွေလေ... ဘာလို့ မသိရတာလဲ... အဲဒီ အရည်တွေက လောကအလင်း ဆေးရည်ရော ဟုတ်ရဲ့လား”

“မျက်စိရှေ့တင် သူ ဖော်စပ်ခဲ့တာကို ငါတို့ တွေ့ခဲ့ရတာပဲ... ဒါက အဆင့်ရှစ် လောကအလင်း ဆေးရည် ဆိုတာတော့ သေချာတယ်... အရည်အသွေးကိုပဲ မပြောတတ်တာ”

ယီယွင်က အကူအညီ ကင်းမဲ့နေဟန်နှင့် ပြောလိုက်သည်။ လင်းယုရန်က မဆိုသလောက်လေး မျက်မှောင်ကြုတ် လိုက်၏။

“ဒါမှမဟုတ် ဆေးရည်က မသန့်စင်နေလို့များလား”

လီချီးက ချက်ချင်းပင် ခေါင်းခါလိုက်သည်။

“ငါအကြိမ်ကြိမ် စစ်ဆေးပြီးပြီ... ဘာမသန့်စင်မှုမှ မရှိဘူး”

“ဒါဆို အဲဒါက အဆင့်နိမ့် အရည်အသွေးတော့ မဟုတ်ဘူးပေါ့”

ကောင်းကျိက မေးလိုက်၏။ ယီယွင်က ခေါင်းခါရင်း အဖြေပေးလိုက်သည်။

“မဟုတ်ဘူး... လောကအလင်း ဆေးရည်က အဆင့်နိမ့် အရည်အသွေးဆိုရင် အရောင်တွေ အဆက်မပြတ် ပြောင်းနေမှာ ဖြစ်ပြီးတော့ အဆင့်မြင့် အရည်အသွေး ဆိုရင်‌တော့ သက်တန့်ရောင် အလင်း ထွက်ပေါ်နေလိမ့်မယ်... နတ်မိမယ်ယင်ရဲ့ ဆေးရည်လိုမျိုးပေါ့... ကျန်းဖေးလန် သောက်ခဲ့တာက အဆင့်နိမ့် ဆေးရည်ဆိုတော့ သူ့မေးကြည့်ရင် သိနိုင်လိမ့်မယ်”

အားလုံးက ကျန်းဖေးလန်ကို လှမ်းကြည့်လိုက်ကြ၏။ ကျန်းဖေးလန်က ခေါင်းညိတ်ပြလိုက်သည်။ လင်းယုရန်၏ မျက်မှောင်က ပိုမို ကြုတ်လာခဲ့၏။

“ဒါဆို ဒီဆေးရည်က အထွတ်အထိပ် အဆင့်လား...”

သူမ၏ လေသံထဲတွင် သံသယများ ပါဝင်နေသည်။ ဆုံးဖြတ်ရ ထိုမျှ လွယ်ကူပါက အဘယ်ကြောင့် အကြိတ်အနယ် ဆွေးနွေးနေရသေးသနည်း။

ယီယွင်နှင့် လီချီးတို့မှာ သက်တောင့်သက်သာ မရှိသော ပုံံစံဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ အရည်အသွေး အထွတ်အထိပ် အဆင့် လောကအလင်း ဆေးရည်မျာ မှန် ကဲ့သို့ မဟုတ်ပဲ အဖြူရောင် ဆွတ်ဆွတ်သာ ဖြစ်သည်။ ၎င်းသည် အလင်း၏ ရောင်စဥ် အားလုံးကို ရင်းမြစ် တစ်ခုတည်းသို့ ပေါင်းထည့်ထားခြင်း ဖြစ်သည်။ ပြီးပြည့်စုံစွာ ရောင်ပြန်ဟပ်နေသည့် အရည်များကို နောက်တစ်ကြိမ် ပြန်ကြည့်ရင်း သူတို့၏ အမူအရာများက ပိုမို ဆိုးသွား၏။ သည်ပြဿနာက အတော်ကြီးသည်။

မိနစ်အနည်းငယ်ကြာ ဆက်လက် ဆေးနွေးကြပြီးနောက် သူတို့မှာ လက်လျှော့ရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့က မသာယာသော မျက်နှာများနှင့် ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဝေ့ဝူယင်နှင့် ချင်ကူးယင်တို့မှာ ခုံသမာဓိများ၏ အမူအရာများကို ကြည့်ကာ အံ့သြသွားကြ၏။ အဘယ်ကြောင့် ထိုကဲ့သို့ မျက်နှာမျိုးကြီးတွေ ဖြစ်နေရသနည်း။

ထိုအခိုက်တွင်ပင် ယီယွင်က သက်တောင့်သက်သာ မရှိသော လေသံမျိုးဖြင့် ကြေညာလိုက်သည်။

"ဆွေးနွေးကြပြီးတဲ့ နောက်မှာ ကျုပ်တို့ အားလုံးဟာ ဒီဆေးရည်ရဲ့ အရည်အသွေး အပေါ် ကောက်ချက်ချနိုင်စွမ်း မရှိပါဘူး"

" … "

ရုတ်တရက် လူတိုင်းမှာ ဆွံ့အ သွားကြ၏။

"ဘာလဲ…"

ဝေ့ဝူယင် ပင်လျှင် မျက်လုံး အပြူးသား ဖြစ်သွားသည်။ သို့သော်လည်း ခဏမျှ တွေးရုံဖြင့်ပင် ပြဿနာက ဘာဆိုတာ သူ နားလည်လိုက်သည်။ မှန်နှင့်တူသည့် လောကအလင်း ဆေးရည် ရှိသည်ဟု မည့်သည့် မှတ်တမ်းမှတ်ရာမှာမှ ဖော်ပြထားခြင်း မရှိသည် မဟုတ်ပါလား။ သူ ဖြူရော်စွာသာ ပြုံးလိုက်မိ၏။

" နေဦး… သူ့ရဲ့ ဖော်စပ်မှုက ကျဆုံးသွားတာတော့ မဟုတ်ပါဘူးနော်"

ဘေးနားရှိ ချင်ကူးယင်က မနေနိုင်၊ မထိုင်နိုင် ဝင်မေးလိုက်၏။ မရေမတွက်နိုင်သော ပရိသတ်များမှာလည်း တူညီသော အမြင်များ ရှိကြသည်။ ကျော်ကြားသည့် အဂ္ဂိရတ် အင်ပါယာကြီး နှစ်ယောက်နှင့် ဂိုဏ်းကြီး သုံးခု၏ ခေါင်းဆောင်များက အဘယ်ကြောင့် ထိုထုတ်ကုန် အပေါ် အကဲဖြတ်နိုင်းစွမ်း မရှိရသနည်း။

ယီယွင်မှာ ပထမ တစ်ကြိမ်ကထက်ပင် ပိုမို အကူအညီ ကင်းမဲ့သော အပြုံးဖြင့် ပြုံးလိုက်မိ၏။

"အာဏာရှင် ဧကရာဇ်ဝေ့က လောကအလင်း ဆေးရည်ကို ဖော်စပ်ခဲ့တယ် ဆိုတာတော့ အမှန်ပါပဲ… နောက်ပြီး သန့်စင်မှုပိုင်းမှာလည်း အထွတ်အထိပ် အရည်အသွေး အဆင့်ကို ပိုင်ဆိုင်ထားတာ သေချာတယ်… ငါတို့မှာ ရှိနေတဲ့ တစ်ခုတည်းသော ပြဿနာက ဆေးရည်ရဲ့ အသွင်အပြင်ဟာ သမိုင်းမှတ်တမ်းတွေနဲ့ မကိုက်ညီတာပဲ"

"..."

လူများ အကြားတွင် တီးတိုး ဆွေးနွေးသံများ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းက ဝေ့ဝူယင်မှာ သူ ဆေးဖော်စပ်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည် စဉ်းစားနေခဲ့၏။ တဖြည်းဖြည်းနှင့် သူ့ မျက်လုံးတို့က တောက်ပလာသည်။

မဟုတ်မှလွဲရော…

ဆေးရည်အား ဖော်စပ်စဉ် အခါက သူသည်  မူလ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာ ထိန်းချုပ်မှု စွမ်းအားများကို သုံးကာ မန်နာများကို ဆေးရည် အတွင်း ပေါင်းထည့်ခဲ့သည်။ ထိုလုပ်ငန်းစဉ် အတွင်းတွင် သူ၏ ကိုယ်ပိုင် မန်နာ အချို့မှာလည်း အမတေများနှင့် ပေါင်းစပ်သွားခဲ့သည်။ သို့သော်လည်း ထိုပမာဏက အလွန့်အလွန်ကို သေးငယ်လှလေရာ သူ ကိုယ်တိုင်ပင် သတိမထားမိခဲ့ပါချေ။

ဝှစ်...

ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း လက်စွပ် အတွင်းရှိ ဝူယုကို တိုက်ရိုက်ပင် ဆက်သွယ်လိုက်၏။

"‌ရှေးဟောင်းခေတ်တွေတုန်းက အထွတ်အထိပ် အဆင့်ထက် ကျော်လွန်တဲ့ အရည်အသွေးနဲ့ အဂ္ဂိရတ် ထုတ်ကုန်မျိုး ရှိတယ်လို့ ခင်ဗျား ကြားဖူးလား"

ဝူယုမှာ ကြယ်တာရာ အမြုတေ အဆင့်ကိုပင် ကျော်လွန်ခဲ့သည့် ပညာရှင်ကြီး တစ်ယောက် ဖြစ်သည်။ သူက သေမျိုးတာအိုကို ကျော်လွန်ကာ လျှို့ဝှက်ဆန်းကြယ်သော အဆင့်တစ်ခု အထိ ခြေချနိုင်ခဲ့သည်။ သို့ဖြစ်လေရာ သူ ပိုင်ဆိုင်ထားသော အသိပညာ ဗဟုသုတများမှ မခန့်မှန်းနိုင်သော အဆင့်တစ်ခုသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်က ထာဝရ ဧကရာဇ်၏ ခေတ်တွင် ကိုယ်တိုင် အသက်ရှင်သန်ကာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

“အထွတ်အထိပ် အဆင့်တဲ့ ကျော်လွန်တာ... မကြားဖူးဘူး ထင်တယ်... နေဦး...”

ဝူယုက ရေးတေးတေး မှတ်ဉာဏ်တစ်ခုကို အားထုတ်ကာ ပြန်လည် စဥ်းစားနေဟန်ဖြင့် တိတ်ဆိတ်သွား၏။ အတန်ကြာပြီးနောက်မှ သူက တွန့်ဆုတ်စွာဖြင့် စကားဆက်လိုက်သည်။

“သူ ထွက်မသွားခင်တုန်းက တစ်ခု ပြောခဲ့ဖူးတယ်... ရည်ရွယ်ချက်က သေမျိုး တာအိုရဲ့ အမြင့်ဆုံး အလွှာကို အဓိပ္ပာယ် ဖွင့်နိုင်ပြီး ဥပဒေဿကတော့ လျှို့ဝှက် ဆန်းကြယ်တာအိုရဲ့ အကန့်အသတ်ကို ရှုမြင်စေတယ်တဲ့.... ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ် ရည်ရွယ်ချက်ကတော့ သေမျိုး တာအိုကို အကန့်အသတ်တွေ ကျော်လွန်စေပြီး သာမန်ထက် ကျော်လွန်တဲ့ သာလွန်ခြင်း အဆင့်ကို ရောက်ရှိစေတယ် တဲ့”

“ ... “

ဝေ့ဝူယင်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။ ဥပဒေသ... ထိုအရာက အဘယ်နည်း။ ရည်ရွယ်ချက်ကို သူ ကောင်းကောင်း နားလည်သည့်တိုင် ဥပဒေသ ဆိုတာကိုတော့ ယခုမှသာ ကြားဖူးခြင်း ဖြစ်သည်။ ယင်းက ရည်ရွယ်ချက်၏ အဆင့်မြင့် ပုံစံတစ်ခုလော။ နောက်ပြီး... လျှို့ဝှက်ဆန်းကြယ် တာအိုနှင့် လျှို့ဝှက်ဆန်းကြယ် ရည်ရွယ်ချက် ဆိုတာကရော အဘယ်နည်း။

“ဟား ဟား...”

ရုတ်တရက် ဝူယုမှာ ရူးသွပ်သွားဟန်နှင့် ဟက်ဟက်ပက်ပက် ထကာ အော်ရယ်လိုက်၏။ ဝေ့ဝူယင် အနည်းငယ် လန့်ဖျန့်သွားကာ သူ့ကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။

“ဘာတွေ ရယ်စရာကောင်းနေလို့လဲဗျ”

“ဟား... ဟား...”

ဝူယုက ချက်ချင်း အဖြေပြန်မပေးပဲ ဟက်ဟက်ပက်ပက်ပင် ဆက်ကာ ရယ်မောနေသေး၏။ သို့သော်လည်း.. ရပ်တန့်သွားသော အချိန်တွင်မူ သူ၏ အမူအရာက ခန့်မှန်း၍ မရလောက်အောင် တည်ငြိမ်သွားသည်။ သူက ဉာဏ်ပညာ ထက်မြက်လှသော မျက်ဝန်းများဖြင့် အတူ ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“သေမျိုးတာအိုဆို... အဲဒီ အသုံးအနှုန်းက ကြားရတာ လွယ်ကူသယောင် ထင်ရပေမဲ့ ချိုးဖျက်ရတာက တကယ် ခက်ခဲလွန်းပါတယ်.. ပထမဆုံး လျှို့ဝှက် ဆန်းကြယ် ရည်ရွယ်ချက် တစ်ခုကို နားလည်ရတယ်... ထာဝရ ဧကရာဇ်က သူထွက်ခွာသွားရတဲ့ အကြောင်းရင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုကို ရရှိဖို့လို့ ငါတို့ကို ပြောပြခဲ့ဖူးတယ်... အဲဒါနဲ့ဆိုရင် သေမျိုးတာအိုရဲ့ အကန့်အသတ်တွေကို ကျော်လွန်ပြီး အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေနဲ့ လျှို့ဝှက်ဆန်းကြယ် အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ် တဲ့”

“လျှို့ဝှက်ဆန်းကြယ်တဲ့ အရာ...”

ဝေ့ဝူယင်၏ မျက်လုံးများက တောက်သွားသည်။ ထာဝရ ဧကရာဇ် ပြောခဲ့သည့် ထိုအရာက မူလ မိုးကုပ်စက်ဝိုင်း အဆင့်ကို ရည်ညွှန်းခြင်းလော။ ဖြစ်နိုင်သည်ဟု သူ စိတ်ထဲမှ ကောက်ချက် ချလိုက်မိသည်။

မှန်ကဲ့သို့ ကြည်လင်နေသည့် ပုလင်းလေးကို ကြည့်လိုက် ယုံကြည်ချက် ရှိစွာ ပြုံးရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"အကြီးအကဲတို့ကို တောင်းပန်ပါရစေ…"

"ဟမ်…"

ခုံသမာဓိ ငါးယောက် အပါအဝင် ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ မျက်လုံးများက ဝေ့ဝူယင်ထံတွင် စုစည်းသွား၏။ ထိုအခိုက်၌ ဝေ့ဝူယင် ပြောပြလာမည့် စကားကို အားလုံး သိချင်စိတ် ပြင်းပြ နေကြသည်။

"ကျုပ် ဖော်စပ်ထားတဲ့ ဆေးရည်ရဲ့ အရည်အသွေးက အထွတ်အထိပ် အဆင့် မဟုတ်ပါဘူး"

သူက ခဏမျှ ရပ်နားလိုက်၏။ ထို့နောက် ပရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်မလာမီတွင်ပင် စကားဆက်လိုက်သည်။

"နောက်ပြီး အဲဒါက အဆင့်မြင့်လည်း မဟုတ်သလို အဆင့်နိမ့်လည်း မဟုတ်ပါဘူး… နောက်ပြီး မသန့်စင်တဲ့ အဆင့် လည်း မဟုတ်ဘူး"

ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးကို ကြည့်ရင်း ပရိသတ်များမှာ အမျိုးအမည် မသိသည့် တုန်လှုပ်မှု တစ်ခုကို ခံစား လိုက်၏။ ချင်ကူးယက်၏ နှလုံးသားက စတင်ကာ တဒိန်းဒိန်း တုန်ရီလာသည်။ အကြောင်းပြချက် တစ်ချို့ကြောင့် သူမကိုယ် သူမ တည်ငြိမ်အောင်ပင် မထိန်းသိမ်းနိုင်တော့ချေ။

"အဲဒါက ဘယ်အရာထက် မဆို သာလွန်တဲ့ အရည်အသွေး အဆင့် တစ်ခုမှာ ရှိနေပါတယ်… အဲဒါကို သာလွန်ခြင်း အဆင့် လို့ နာမည်ပေးထားတယ်"

ဝေ့ဝူယင်၏ အသံက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက်နေ၏။ သူကား သမိုင်းတွင် သာလွန်ခြင်း အဆင့် ထုတ်ကုန် ဖန်တီးခဲ့သည့် ပထမဆုံး ပုဂ္ဂိုလ် ဖြစ်ပေသည်။ သို့ဖြစ်လေရာ… မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။

" … "

မရေရာ မသေချာမှုများနှင့် သံသယတို့ ပြည့်နှက်နေသည့် တိတ်ဆိတ်မှု တစ်ခုက ကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီ ကာလအတွင်း မသန့်စင်သည့် အဆင့်၊ အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့်တို့ ဟူ၍ အရည်အသွေး လေးမျိုးသာ ဤလောကတွင် ရှိခဲ့သည်။ ခေတ်အဆက်ဆက်ရှိ ရှေးဟောင်း ပညာရှင်တို့ကလည်း ထိုကဲ့သို့ပင် သတ်မှတ်ခဲ့ပြီး သူတို့ကလည်း သည်အတိုင်းပင် ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း ယခု၌ ဝေ့ဝူယင်က အရည်အသွေး အဆင့် ငါးခု ရှိကြောင်း ရုတ်တရက်ကြီး ထုတ်ဖော် ပြောဆို ပြောလာခဲ့သည်။ ၎င်းက ရေတွင်းထဲမှ ဖားသူငယ် တစ်ကောင် ကြီးကျယ် ခမ်းနားလှသော ပင်လယ်ပြာ အကြောင်း ပထမဦးဆုံး ကြားလိုက်ရသကဲ့သို့ပင်။ ရှင်းလင်း ထင်ရှားစွာပင် သူတို့ မည်ကဲ့သို့ ယုံကြည်လိမ့်မည်နည်း။

ဝေ့ဝူယင်မှာ အခြေအနေကို သဘောပေါက်လိုက်၏။ သူက တောက်ပစွာပင် ပြုံးလိုက်သည်။

“ကျုပ်ကို အချိန် နည်းနည်းပဲ ‌ပေးပါ... အဲဒါကို သက်သေပြပေးပါ့မယ်”

ပြောပြီးပြီးချင်းပင် သူက အဂ္ဂိရတ် စားပွဲဘက် ပြန်လှည့်ကာ ဒြပ်စင်ကိုးမျိုး မှော်ဆေးအိုးကို ထုတ်ယူလိုက်သည်။ သက်သေပြသရန် ကောင်းဆုံး နည်းလမ်းက အခြား အရည်အသွေးများကိုပါ ပြုလုပ်ကာ နှိုင်းယှဥ်ပြသခြင်း ဖြစ်သည် မဟုတ်ပါလား။

***

All Chapters