မက်ကရယ်ငါးပေါ်မှ အမျိုးသမီး
Vol. 27 Ch. 370
ထိုအဆုံးသတ် စိတ်ဝိညာဉ်ဖမ်းစားသူထံမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်နှင့် ယာယီ မျိုးနွယ်စုရွာအတွင်းရှိ ဆောင်းဦးပင်လယ် မျိုးနွယ်စုတစ်ခုလုံးမှာ သုဿန်တစပြင်သဖွယ် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အချိန်တို့ တဖြည်းဖြည်း ကုန်လွန်လာသည်။ ထိုတိတ်ဆိတ်ငြိမ်သက်မှုသည် စုမင်အပါအဝင် အားလုံး၏ စိတ်နှလုံးကို လေးလံလာစေသည့် စိတ်ဓာတ်ကျဖွယ် ခံစားချက်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
စုမင်တွင် သူ့စီနီယာအစ်ကို အကြီးဆုံး၏ ဇစ်မြစ်နှင့် ပက်သက်၍ တစ်ကြိမ်တစ်ခါမက ယူဆချက်များ ရှိခဲ့သော်လည်း ယခုမှသာ အကြီးဆုံး စီနီယာအစ်ကိုကြီး၏ ပုံရိပ်အဆင့်အတန်းကို သူအမှန်တစ်ကယ် နားလည်သွားခဲ့ခြင်း ဖြစ်သည်။
'နိုင်းလီ ရှာမန်မျိုးနွယ်စုရဲ့ သခင်...'
ထို စိတ်ဓာတ်ကျဖွယ် ခံစားချက်ကြီး ပိုမိုပြင်းထန်လာစဉ်မှာပင် နိုင်းလီရှာမန်ဝိညာဉ် အမျိုးသမီး၏ အနက်ရောင် အခိုးအငွေ့များထံမှ အသံလှိုင်းများ စတင်၍ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ များမကြာမီမှာပင် စုမင်နှင့် ရင်းနှီးနေသော အသံတစ်ခုသည် ထိုအသံလှိုင်းများအတွင်းမှနေ၍ ဝေးကွာသော ခရီးတစ်ခုကို ဖြတ်သန်းလာရဟန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
"တစ်ခြားကမ္ဘာက အင်မော်တယ်တွေ ငါတို့အပေါ် စတုတ္ထအကြိမ် ဆင်းသက်မလာခင် ငါလာခဲ့မယ်..."
ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆောင်းဦးပင်လယ် မျိုးနွယ်စုအတွင်းရှိ လူအားလုံးနီးပါးသည် ၎င်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး မြေပြင်ပေါ်သို့ ဝပ်တွားကာ အရိုအသေပေးလိုက်ကြသည်။ ထိုစကားတစ်ခွန်းကြောင့် ကောင်းကင်ပေါ်ရှိ မက်ကရယ်ငါးများသည်ပင် ဟိန်းဟောက်အော်မြည် လိုက်ကြသဖြင့် မှောင်မည်းနေသော ကောင်းကင်ကြီးမှာ ဒေါသတကြီး လှိုင်းတံပိုးတို့ လှိုင်းထန်နေသည့် ပင်လယ်နက်ကြီး အသွင် ဖြစ်သွားစေခဲ့သည်။
"ကျေးဇူးပြုပြီး ကျွန်ုပ်တို့ရဲ့ နှုတ်ခွန်းဆက်မှုကို လက်ခံပေးပါ၊ နိုင်းလီအရှင်" အသံလှိုင်းများသည် အတူတကွ စုဖွဲ့သွားပြီး တစ်ခုတည်းသော အသံကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအသံသည် အချိန်အတော်ကြာပြီးနောက်တွင်မှ ဖြည်းညှင်းစွာ စတင်ပျောက်ကွယ်သွားခဲ့သည်။
"အငယ်ဆုံးလေး စု၊ လောလောဆယ်တော့ မာန်စွမ်းအားရှင်နယ်မြေထဲကို ပြန်မလာခဲ့နဲ့ဦး" စုမင်၏ စီနီယာအစ်ကို အကြီးဆုံး အသံသည် နိုင်းလီရှာမန်ဝိညာဉ် အမျိုးသမီးထံမှ ထွက်ပေါ်လာခဲ့ပြီး စကားဆုံးသည်နှင့် သူ့အသံက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့လေသည်...
နိုင်းလီရှာမန်ဝိညာဉ် အမျိုးသမီး၏ ခန္ဓာကိုယ်သည်လည်း စတင်ပြန့်ကျဲသွားပြီး စုမင်လက်ကောက်ဝတ်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းသည် လက်ကောက်တစ်ခု အသွင် ပြန်လည်ပြောင်းလဲသွားသော်လည်း ထိုလက်ကောက် အရောင်မှာတော့ ပိုမိုမှုန်မှိုင်းသွားခဲ့ချေပြီ။ စကားနှစ်ခွန်းသာ ပေးပို့ခဲ့သော ဤစကားပြောဆိုမှုမျိုးသည် လွယ်ကူသောတာဝန်တစ်ခု မဟုတ်ကြောင်း ရှင်းလင်းလို့နေ၏။
ထိုအချိန်တွင် စုမင်၏ အနီးတစ်ဝိုက်ရှိ ရှာမန်များအားလုံးသည် မြေပြင်ထက်မှ စတင်၍ မတ်တပ်ထရပ်လာကြသည်။ အဘွားအိုသည် သူ့ကိုတစ်ချက်သာ ကြည့်ပြီးနောက် ထပ်မံ၍ ဂရုမစိုက်တော့ပဲ လှည့်ထွက်သွားခဲ့သည်။ သူမသည် စုမင်မှာ အစစ်အမှန် ဟုတ်မဟုတ် သက်သေပြရန်အတွက်သာ ဤနေရာသို့ ရောက်လာခဲ့သလိုပင်... သို့မှသာ နိုင်းလီရှာမန်သခင်နှင့် စကားပြောရန် အခွင့်အရေးတစ်ခု ရရှိနိုင်မှာဖြစ်သည်။
စုမင်အနီးတွင် တစ်ချိန်လုံး ရှိနေခဲ့သော အလယ်အလတ် ရှာမန်ကိုးဦးသည်လည်း အမိန့်အသစ်တစ်ခု ရရှိလိုက်ဟန်ဖြင့် ထိုနေရာမှ ထွက်ခွာသွားကြပြီး သူ့ကို ဂရုမစိုက်ကြတော့ပေ။
ဤနေရာတွင် စုမင်အား ပြုံးပြနေသော ယာမူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေသည်။ သူသည် ဝိုင်အိုးကို ကောက်ယူကာ တစ်ငုံခန့် သောက်လိုက်၏။
"ကောင်းတယ်၊ အခုတော့ မြေခွေးအိုကြီးတွေ အကုန် ထွက်သွားကြပြီ။ မင်းရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ထားမယ့်လူ မရှိတော့ဘူး။ ညီနောင်စု၊ မင်းကြိုက်တဲ့ အချိန် ထွက်သွားနိုင်ပြီနော်။ ထွက်မသွားချင်ဘူးဆိုရင်လည်း ဒီမှာပဲ ဆက်နေလို့ရတယ်။ အဲဒါက မင်းအတွက်လည်း ပိုကောင်းလိမ့်မယ် ထင်တယ်"
"တစ်ကယ်ပဲ... တစ်ခြားကမ္ဘာက အင်မော်တယ်တွေရဲ့ ဆင်းသက်မှုဆိုတာ ဘာကိုဆိုလိုတာလဲ" စုမင်သည် တစ်ခဏတာ ငြိမ်သက်နေပြီးနောက်မှ ဝိုင်အိုးကို ကောက်ယူလိုက်သည်။ ၎င်းထံမှ တစ်ငုံခန့် သောက်လိုက်ပြီးသည်နှင့် ယာမူကို ကြည့်လိုက်သည်။
"သူတို့က တစ်ခြား ကမ္ဘာသစ်တစ်ခုကလာတဲ့ သဘာဝအလျောက် မသေမျိုး အင်မော်တယ်တွေပဲ။ သူတို့က ကျုပ်တို့ကမ္ဘာကို လာဖို့ ထူးခြားတဲ့နည်းလမ်းတစ်မျိုးကို သုံးကြတယ်။ အင်မော်တယ်တွေရဲ့ မန္တာန်အစီအရင်တွေက ကျုပ်တို့ဟာတွေနဲ့ မတူဘူး။ ဒါပေမယ့် ကျုပ်တို့အားလုံးကြားကို ဆင်းသက်လာတဲ့ လူအားလုံးမှာ မယုံနိုင်ဖွယ် စွမ်းအားတွေရှိကြတယ်"
"တစ်ကယ်တော့ သူတို့ဆီမှာ ကျုပ်တို့ရဲ့ အဆုံးသတ်ရှာမန်တွေကို အခုလက်ရှိ ကျင့်ကြံဆင့်ကနေ ချိုးဖျက်ပြီး ဗလာအဆင့်ကို ရောက်စေနိုင်တဲ့ နည်းလမ်းတစ်မျိုးတောင် ရှိနေသေးတယ်... သူတို့ဆီမှာ မာန်ဝိညာဉ်နယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်မှာ ရောက်နေပြီးသား ဖြစ်တဲ့ မွန်းစတားအိုကြီးတွေအတွက် တစ်ခြားနယ်ပယ်တစ်ခုဆီ ရောက်သွားစေနိုင်တဲ့ စွမ်းအားမျိုး ရှိနေတယ်လို့လည်း ပြောလို့ရတယ်"
"ဒါက အဲဒီ မွန်းစတားအိုကြီးတွေ တောင့်မခံနိုင်လောက်တဲ့ သွေးဆောင်မှုမျိုးပဲ။ အထူးသဖြင့်တော့ ဘဝဆုံးခန်းတိုင်ခါနီး ဖြစ်နေတဲ့ လူတွေအတွက်ပေါ့။ နယ်ပယ်သစ်ကို ချိုးဖျက်တက်ရောက်ချိန်မှာ အသက်ဝင်လာမယ့် လောကစွမ်းအားက အသက်ကို ပြောင်းလဲပေးနိုင်ပြီး ထာဝရရှင်သန်ခြင်းကို ရရှိလိုက်သလိုပဲ။ သူတို့ မပြောနဲ့၊ ကျုပ်တောင်မှ ဒီလိုအရာမျိုးနဲ့ဆိုရင် သွေးဆောင်ခံရမှာပဲ" ယာမူသည် သက်ပြင်းမောချရင်း မယုံကြည်ဟန်ဖြင့် ပခုံးတွန့်လိုက်သည်။
"မင်းအရင်က အင်မော်တယ်တွေနဲ့ ဆုံဖူးလား" စုမင် ရုတ်တရက် မေးမြန်းလိုက်သည်။
ယာမူ၏ မျက်လုံးများအတွင်း အလင်းတစ်ခု ဖြတ်ပြေးသွားပြီး ခပ်တိုးတိုး ပြန်ဖြေလာသည်။ "ကျုပ် တွေ့ဖူးတယ်"
"ကျုပ် အရင်က အင်မော်တယ် နှစ်ယောက် မြင်ဖူးတယ်။ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပဲ။ ယောကျ်ားက အဘိုးအိုတစ်ယောက်ပဲ။ သူက လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဆောင်းဦးပင်လယ် မျိုးနွယ်စုဆီ ရောက်လာပြီး ဆရာ ကုန်းစီနဲ့ တိုက်ခိုက်ခဲ့တယ်..."
စုမင်သည် ချက်ချင်းပင် အာရုံပိုစိုက်လိုက်ပြီး ယာမူပြောသည်များကို ဂရုတစိုက် နားထောင်လိုက်သည်။
"အဲဒီတိုက်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ ကျုပ်လည်း အသေးစိတ်မပြောတတ်ဘူး။ ဒါပေမယ့် သူတို့တိုက်ပွဲက အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းဖို့ အချိန်ယူရသလောက်တောင် မကြာမြင့်ခဲ့ဘူး။ သူတို့ ကောင်းကင်ပေါ်မှာ ဘယ်လိုတိုက်ခိုက်ခဲ့တယ်ဆိုတာ ကျုပ်မမြင်နိုင်ခဲ့ဘူး။ ကျုပ်တွေ့ခဲ့တာကတော့ အထက်ကိုမြှောက်နေတဲ့ ဧရာမလက်ကြီးကိုပဲ။ အဲဒီလက်ကြီးက ကိုးကြိမ်ကိုးခါ လက်သီးဆုပ်ခဲ့တယ်"
"အဲဒီ ကိုးကြိမ်ပြီးတဲ့နောက်တော့ ဆရာကုန်းစီနဲ့ အင်မော်တယ်တို့ရဲ့ တိုက်ပွဲက ပြီးဆုံးသွားခဲ့တယ်။ အရမ်း ခမ်းနားထည်ဝါတဲ့ ဝတ်ရုံတစ်ခု ဝတ်ဆင်ထားတဲ့ အဘိုးအိုတစ်ယောက်က စကားတစ်ခွန်းမှ မဆိုပဲနဲ့ ကောင်းကင်ကနေ လျှောက်လှမ်းထွက်ခွာသွားတာကို ကျုပ်တွေ့ခဲ့တယ်"
"စကားမစပ် အဲဒီအဘိုးအိုရဲ့ ဝတ်ရုံပေါ်မှာ ချုပ်လုပ်ထားတဲ့ ရုပ်ပုံတစ်ချို့ရှိတယ်။ အဲဒါက သူ့ရဲ့လက်သည်းတွေထဲမှာ မတူညီတဲ့ ပစ္စည်းလေးမျိုးကို ကိုင်ဆောင်ထားတဲ့ ခရမ်းရောင် နဂါးတစ်ကောင်ပဲ။ အဲဒီအရာတွေက ပုလင်းတစ်လုံး၊ ပုလဲတစ်လုံးနဲ့ ဓားသေးသေးလေး တစ်ချောင်းပဲ။ တစ်ခြားပစ္စည်း တစ်ခုကိုတော့ တိမ်စိုင်တွေနဲ့ ကာနေလို့ ကျုပ်မမြင်နိုင်ခဲ့ဘူး"
"အဘိုးအို ထွက်ခွာသွားပြီးတာနဲ့ ဆရာကုန်းစီဟာ ကောင်းကင်ကနေပြီး မျိုးနွယ်စုဆီကို ပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်က သူ့မှာ အရမ်းကို ခါးသီးတဲ့ မျက်နှာထားမျိုး ရှိနေခဲ့တာကို ကျုပ်မှတ်မိတယ်။ ကျုပ်တို့ အားလုံး ခန့်မှန်းခဲ့ကြတာကတော့... အာ... အဲဒါ ဘာလဲဆိုတာ မင်းသိပါတယ်" ယာမူသည် သက်ပြင်းချလိုက်ပြီး လက်ထဲရှိ ဝိုင်အိုးထံမှ ပါးစပ်အပြည့် တစ်ငုံခန့် သောက်လိုက်သည်။
စုမင်သည် တစ်ခဏတာ ငြိမ်သက်နေပြီးမှ ဆက်မေးလိုက်သည်။ "တစ်ခြား တစ်ယောက်ကရော"
"တစ်ခြားတစ်ယောက်က မိန်းမတစ်ယောက်ပဲ..." ယာမူ၏ မျက်လုံးများအတွင်း တမ်းတလွမ်းဆွတ်သော အကြည့်တစ်ခု ပေါ်လာသည်။
"သူမ အကြောင်းကလား... သူမက အထူးတလည်ကြီး လှနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူမကို မြင်လိုက်သူတိုင်း မေ့မရနိုင်မယ့် အရာက သူတို့အထဲမှာ ကမ္ဘာလောကကြီး တစ်ခုလုံး ပါဝင်နေပုံပေါ်တဲ့ သူမရဲ့ မျက်လုံးတွေပဲ"
"သူမက ကောင်းကင်ပေါ်မှာ တစ်ယောက်တည်း ပျံသန်းနေခဲ့တာ။ ကျုပ် သူမကို တွေ့ခဲ့တဲ့ အချိန်တုန်းက ပထမဆုံး အကြည့်တစ်ချက်မှာတင် သူမဟာ မာန်စွမ်းအားရှင်ရော၊ ရှာမန်ရော မဟုတ်ဘူးဆိုတာ ကျုပ်သိသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီ အရှိန်အဝါက... လုံးလုံး မတူကွဲပြားလို့ပဲ"
"မင်းသာ တစ်နည်းနည်းနဲ့ အင်မော်တယ်တစ်ယောက်ကို တွေ့လိုက်မယ်ဆိုရင် မင်းလည်း သူတို့ကို အကြည့်တစ်ချက်တည်းနဲ့တင် သေချာပေါက် သတိပြုမိလိမ့်မယ်။ သူတို့ဆီက လုံးဝကို မတူညီတဲ့ ခံစားချက်တစ်မျိုး ခံစားရတယ်။ သူမရဲ့အမူအယာက ကျုပ်ကိုမြင်လိုက်ချိန်မှာ အတော်လေး ထူးဆန်းတဲ့ပုံ ပေါ်သွားတာကို ကျုပ် အခုအချိန်အထိ မှတ်မိနေတုန်းပဲ"
"အဲဒါက ရှုပ်ထွေးမှု၊ သနားမှုတွေ ရောထွေးနေတဲ့ အမူအယာတစ်ခုပဲ။ ကြောက်ရွံ့မှု အရိပ်အမြွက်တောင် ပါနေသေးတယ်... သူမပုံစံက ကျုပ်ကို အရမ်း ကြောက်ရွံ့နေတဲ့ပုံ ပေါ်ပေမယ့် သူမစွမ်းအားကို ကျုပ်အာရုံခံမိတာအရ သူမက ကျုပ်ကို အဆုံးသတ်ရှာမန် တစ်ယောက်နဲ့ ရင်ဆိုင်နေရသလို ခံစားချက်မျိုး ပေးစွမ်းနေခဲ့တာ။ ဘာလို့ သူမမျက်နှာပေါ်မှာ အကြောက်တရားတွေ ရှိနေခဲ့တာလဲဆိုတာတော့ ကျုပ်အခုထိ နားမလည်နိုင်သေးဘူး"
ယာမူတစ်ယောက် အရက်မူးနေခဲ့ချေပြီ။ သူသည် စကားပြောနေရင်းမှပင် ယခုအချိန်အထိ ထိုအရာကို နားမလည်နိုင်သေးဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
စုမင်သည် သူ့နံဘေးတွင် ထိုင်နေရင်းမှ မှောင်မည်းနေသော ကောင်းကင်တစ်ခွင် တလက်လက် တောက်ပနေသော ကြယ်ပွင့်များကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများအတွင်း နက်နဲသိမ်မွေ့သော အကြည့်တစ်ခု တစ်ဖြည်းဖြည်း ပေါ်လာပြီး သူ၏ မျက်နှာဖုံးချွတ်ထားသော မျက်နှာပေါ်မှ ထူးခြားသော အရှိန်ဝါနှင့် ပေါင်းစည်းသွားပြီးသည်နှင့် သူ့ထံမှ ဖော်ပြခြင်းငှါ မစွမ်းသာသော ဆွဲဆောင်မှုတစ်ခုက ဖြည်းဖြည်းချင်း ပေါ်လွင်လာခဲ့လေသည်။
ယာမူသည် ဝိုင်အိုးကို ချလိုက်ပြီး သူ့မှတ်ဉာဏ်များထဲမှ အမျိုးသမီး၏ အကြောင်းကို ထပ်မံမစဉ်းစားတော့ပေ။ ထို့နောက် သူသည် စုမင်ကို အလိုလို လှည့်ကြည့်လိုက်မိ၏။ သို့သော်လည်း စုမင်ကို ကြည့်လိုက်မိသည့် တစ်ခဏမှာပင် ရုတ်ခြည်း တုန်လှုပ်သွားမိပြီး သူ့အမူအယာမှာလည်း အပြင်းအထန် ပြောင်းလဲသွားတော့သည်။
"မင်း... မင်း... " ယာမူသည် ခဏတာခန့် အံ့အားသင့် မင်သက်နေပြီးနောက် အသက်ကိုပင် ပြင်းပြင်းရှူရှိုက်လိုက်မိ၏။ နောက်ဆုံး၌ စုမင်သည် ခေါင်းပြန်ငုံ့ကာ ယာမူဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်တော့ သူ့မျက်လုံးများအတွင်းမှ လေးနက်သော အကြည့်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး တည်ငြိမ်မှုအဖြစ် ပြန်လည်ပြောင်းလဲနေခဲ့ချေပြီ။ ထိုအခါမှသာ ယာမူသည် သူမြင်လိုက်ရသော အရာကြောင့် ထိတ်လန့်တုန်လှုပ်နေရာမှ မျက်လုံးများကို လက်ဖြင့် ပွတ်ပစ်လိုက်မိသည်။
"ဘာမှားနေလို့လဲ" စုမင် မေးမြန်းလိုက်သည်။
ယာမူသည် တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက်မှ စုမင်ကိုကြည့်၍ ဖြည်းညှင်းစွာ ပြောပြလာသည်။ "အခုလေးတင် မင်းဆီက ရလိုက်တဲ့ ခံစားချက်က အတိတ်တုန်းက အင်မော်တယ်အဘိုးကြီးနဲ့ မိန်းမတို့ကို တွေ့တုန်းက ခံစားခဲ့ရတာနဲ့ တစ်ထပ်တည်းပဲ။ အဲဒါက ငါတို့နဲ့ လုံးဝကိုမတူညီတဲ့ အရှိန်ဝါတစ်ခုပဲ..."
"ဆရာကုန်းစီ ပြောတာမှန်တယ်။ မင်းကိုယ်ပေါ်မှာ ထွင်းဖောက်မမြင်နိုင်တဲ့ မြူလွှာတစ်ခု ရှိနေတယ်။ အဲဒါကြောင့်သာ မဟုတ်ရင် မင်းဟာ မာန်စွမ်းအားရှင်တစ်ယောက်မှန်း ကျုပ်တို့သေချာပေါက် သိခဲ့လိမ့်မယ်။ မဟုတ်ရင်လည်း မင်းက အလယ်အလတ် စိတ်ဝိညာဉ်ဖမ်းစားသူတစ်ဦးလို့ ကျုပ် ကျိန်းသေပေါက် ထင်ခဲ့မိလိမ့်မှာ"
"မင်းရဲ့ ဇစ်မြစ်ကိုသာ သိမထားရင် မင်းဟာ အခုလေးတင် ကျုပ်တို့အပေါ် ဆင်းသက်လာတဲ့ အင်မော်တယ် တစ်ယောက်လို့တောင် ထင်မိလိမ့်မှာပဲ"
ယာမူသည် ခေါင်းခါယမ်းလိုက်ပြီး သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာသော အတွေးများကို ဖယ်ထုတ်လိုက်သည်။ ၎င်းက မဖြစ်နိုင်မှန်း သူသေချာ သိနေ၏။ လေမာန်စွမ်းအားရှင် အစစ်အမှန် စစ်နတ်ဘုရားတစ်ပါးအနေဖြင့် အင်မော်တယ်တစ်ယောက် ဖြစ်နေစရာ အကြောင်းမရှိသလို အင်မော်တယ် တစ်ဦးသည်လည်း ပထမမာန်နတ်ဘုရား၏ အမွေအနှစ်ကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ ရှာမန်များအတွက်လည်း အလားတူပင် ဖြစ်၏။ သူတို့သည်လည်း ထိုအမွေအနှစ်များကို ရယူနိုင်မည် မဟုတ်ချေ။
"အင်မော်တယ် တစ်ယောက်တဲ့လား၊ ဟား..." စုမင် တီးတိုးရေရွတ်လိုက်ရင်း သူ့နှလုံးသားအတွင်း ခါးသီးမှုများ ဖြစ်ပေါ်လာခဲ့သည်။
ယာမူ၏ အထင်လွဲမှုနှင့် ယှဉ်လျှင် စုမင်၏ စိတ်ရှုပ်ထွေးမှုမှာ သူ့ခါးသီးမှု၏ ရင်းမြစ်မှ ပေါက်ဖွားဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းကြောင့် သူလုံးဝ စိတ်ရှုပ်ထွေးသွားလျှင်တောင် ပိုကောင်းပေလိမ့်ဦးမည်။ သို့သော်လည်း သူ့ထံတွင်... ၎င်းနှင့်ပက်သက်၍ ခါးသီးနေရခြင်းအတွက် ယူဆချက်ပေါင်းများစွာ ရှိနေပြီးသား ဖြစ်နေ၏။
၎င်းတို့မှာ သူလက်မခံချင်ခဲ့သော အယူအဆများဖြစ်ပြီး အမှန်မှာတော့... လက်မခံနိုင်ဖြစ်နေခြင်းပင်။
"အင်မော်တယ်တွေ ဆင်းသက်မယ့် နေရာက ဘယ်မှာလဲ။ အဲဒါက ခန့်မှန်းခြေ ဘယ်အချိန်လောက် ဖြစ်လာမှာလဲ။ အဲဒီလို အရှိန်ဝါမျိုးနဲ့ မိန်းမတစ်ယောက်ကို ကောင်းကင်မြူခိုး မြို့တော်အပြင်က စစ်မြေပြင်မှာ ကျုပ်တွေ့ခဲ့တယ်။ သူမ ဘယ်သူလဲဆိုတာ မင်းသိလား။
အဲဒီ အင်မော်တယ်တွေကို ကျုပ်ဘယ်နေရာမှာ ရှာလို့ရမလဲ" စုမင် ချက်ချင်း ပြန်မေးလိုက်သည်။
"မင်း အရမ်းအမြန်ကြီး ပြောနေတာပဲ။ အင်မော်တယ်တွေက နောက်ထပ်သုံးနှစ်အတွင်း ဆင်းသက်လာလိမ့်ဦးမှာ မဟုတ်ဘူး။ ရက်အတိအကျကိုတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကောင်းကင်ဟာ မှောင်မည်းနေသင့်ပေမယ့် လင်းထိန်နေတုန်းဆိုရင်၊ ဒါမှမဟုတ် လင်းထိန်နေသင့်ပေမယ့် မှောင်မည်းနေတယ်ဆိုရင် အဲဒါက သူတို့ဆင်းသက်လာဖို့အတွက် အချိန်ကျပြီလို့ ဆိုလိုတာပဲ"
"နေရာအတိအကျကိုတော့ ကျုပ်သိတယ်။ သူတို့က ရှာမန်နယ်မြေထဲက အမြင့်ဆုံးတောင်ဖြစ်တဲ့ တိမ်မြူခိုးရှာမန်တောင်ထွတ်ပေါ်မှာ ဆင်းသက်လိမ့်မယ်။ သူတို့က အရင်ကလည်း အဲနေရာမှာ အကြိမ်အနည်းငယ် ဆင်းသက်ခဲ့ပြီးပြီ"
"မင်းပြောတဲ့ စစ်မြေပြင်မှာ ပေါ်လာတယ်ဆိုတဲ့ အင်မော်တယ်ကတော့ ကျုပ် သူမကို အရင်က တစ်ခါမှမတွေ့ဖူးလို့ သူမ ဘယ်သူလဲဆိုတာ မသိဘူး။ ဒါပေမယ့် မင်း အင်မော်တယ်တွေကို ကျိန်းသေပေါက် တွေ့နိုင်မယ့် နေရာတစ်ခုကိုတော့ ကျုပ်သိတယ်။ အဲဒါက ရှာမန်ဘိုးဘေးကြီး အခုရှိနေတဲ့ ရှာမန်နတ်ဘုရား ဘုရားကျောင်းပဲ"
"အဲဒါကလည်း တိမ်မြူခိုး ရှာမန်တောင်ထွတ်ရဲ့ ထိပ်မှာပဲ ရှိတယ်"
ယာမူသည် စကားဆုံးသည်နှင့် မတ်တပ်ထရပ်လိုက်၏။ သူသည် စုမင်ကို တစ်ချက်ကြည့်ကာ ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရင်ဘတ်ထဲမှ ဝါးစာလိပ်တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
"ပုံစံကြည့်ရတာတော့ မင်းက ထွက်ခွာဖို့ ရွေးချယ်ပြီးသွားပြီ ထင်တယ်။ ဒါက ရှာမန်နယ်မြေထဲက နေရာဧရိယာအများစုပါတဲ့ မြေပုံပဲ။ အဲဒါက ဆောင်းဦးပင်လယ် မျိုးနွယ်စုဝင်တွေမှာပဲ ရှိနိုင်တဲ့ ပစ္စည်းတစ်ခုမို့ ယူသွားလိုက်ပါ။ မင်းအတွက် အသုံးဝင်ပါလိမ့်မယ်"
"ကျုပ်တို့က စစ်ပွဲကာလထဲ ရောက်နေတယ်ဆိုပေမယ့် မင်း တစ်ဦးတည်း ခရီးသွားမယ်ဆိုရင် မမြင်နိုင်တဲ့ အန္တရာယ်တွေ ရှိနေသေးတယ်။ မင်းရဲ့ အခုလက်ရှိ ကျင့်ကြံဆင့်နဲ့ ဆိုရင်တော့... ကောင်းပြီလေ၊ အကောင်းဆုံး လုပ်ပေါ့" ယာမူသည် ခေါင်းခါယမ်းလိုက်ရင်း ဝိုင်အိုးကို ကောက်ကိုင်ကာ စုမင်နားမှ ထွက်ခွာသွားခဲ့သည်။
စုမင်သည် သစ်သားစာလိပ်ကိုယူကာ သူ့ရင်ဘတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းပြီးသည်နှင့် မတ်တပ်ထရပ်လိုက်သည်။ သူသည် အမှန်တစ်ကယ်လည်း ထွက်သွားဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရှာမန်နယ်မြေထဲသို့ သူလာခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ မရေမတွက်နိုင်သော သေရေးရှင်ရေး တိုက်ပွဲများမှတစ်ဆင့် သူ့ကျင့်ကြံခြင်း အဆင့်အတွက် ချိုးဖျက်တက်ရောက်နိုင်မှုတစ်ခုကို ရှာဖွေရန် အတွက်သာ မဟုတ်ပဲ ဤကမ္ဘာသို့ ရောက်ရှိလာသော အင်မော်တယ်များထံမှ ကံကြမ္မာဟူသော အရာမှာ အတိအကျ ဘာလဲဆိုသည်ကို ရှာဖွေလိုခြင်းလည်း ပါ၏။
အခြား ကမ္ဘာလောကများမှ အင်မော်တယ်များသည် သုံးနှစ်ကြာပြီးနောက် ဆင်းသက်လာကြလိမ့်မည်ဖြစ်၍ သူသွားကို သွားရပေမည်။ သို့သော်လည်း ထိုအရာမတိုင်ခင် သူ့တွင် ဆေးလုံးများ ဖန်တီးဖော်စပ်ခြင်း၊ မာန်ဝိညာဉ်နယ်ပယ်မှ မာန်စွမ်းအားရှင်အိုကြီးကို သန့်စင်ခြင်း၊ လေမာန်စွမ်းအားရှင်နှင့် လျှပ်စီးမာန်စွမ်းအားရှင် ကျင့်စဉ်များကို လေ့ကျင့်ခြင်းတို့အပြင် အမွေဆက်ခံခြင်း သလင်းကျောက်များဖြင့် ပေါင်းစည်းခြင်းတို့ကဲ့သို့သော လုပ်စရာများစွာ ရှိနေသေး၏။
ထိုအရာအားလုံးကို ပြင်ဆင်နိုင်ရန်အတွက် သူအချိန်လိုအပ်သည်။ တုတ်ချောင်းမြွေလေး၏ အသွင်ပြောင်းလဲခြင်း ဖြစ်သွားနိုင်သလို သူ့ကိုယ်ထဲတွင် သိမ်းဆည်းထားသော ဆေးအိုးအတွင်းမှ အမျိုးအမည်မသိ ဆေးလုံးလည်း ရှိနေသေး၏။ ထို့အပြင် ဟန်တောင်တန်းခေါင်းလောင်းကို သန့်စင်ရန်လည်း ရှိသေးသည်။ ယခုဆိုလျှင် သူ့ကျင့်ကြံဆင့်မှာ တိုးမြင့်သွားခဲ့ပြီဖြစ်၍ ဤအဖိုးမဖြတ်နိုင်သော ရတနာ၏ အစစ်အမှန်စွမ်းအားကို ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ ဤအရာများအားလုံးက စောင့်ဆိုင်းနေကြသဖြင့် စုမင်သည်လည်း ၎င်းတို့ကို ပြီးဆုံးအောင် လုပ်ရပေမည်။
'သုံးနှစ်၊ သုံးနှစ် ကြာပြီးတဲ့နောက်... ငါ ပိုပြီး သန်မာလာစေရမယ်' စုမင် မျက်ဝန်းများအတွင်း ပြတ်သားမှုများ ပေါ်လာခဲ့သည်။ သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ့အမူအယာက ရုတ်ခြည်းပြောင်းလဲသွားပြီး ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်မိသည်။
ထိုအချိန်တွင် ယာမူသည်လည်း အဝေးသို့ မရောက်သေးပေ။ မှောင်မည်းနေသော ကောင်းကင်ယံမှ ဟိန်းဟောက်သံများ ပျံ့လွင့်လာပြီး တိမ်စိုင်များသည် တလိမ့်လိမ့် ကျဆင်းလာကာ ကောင်းကင်ရှိ မက်ကရယ်ငါးများထံမှ တညီတညွတ်တည်း အော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုအော်မြည်သံများသည် ရန်သူများထံသို့ ရည်ရွယ်နေသကဲ့သို့ မဟုတ်ပဲ တစ်စုံတစ်ဦးကို ကြိုဆိုနေသည်နှင့် တူပြီး ၎င်းတို့သည် တစ်ပြိုင်တည်း နောက်သို့ ဆုတ်သွားကြ၏။
ဧရာမ မက်ကရယ်ငါးကြီး တစ်ကောင်သည် တိမ်ပင်လယ်ကို ဖြတ်သန်းလာခဲ့သည်။ ၎င်းမှာ ကြီးမားလွန်းသဖြင့် ၎င်း၏ အရွယ်အစား အတိအကျကိုပင် မမြင်ရပဲ အောက်ဘက်ရှိ လူများသည် တိမ်ပင်လယ်များကြားမှ လှစ်ဟထွက်ပေါ်နေသည့် ၎င်းခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခုကိုသာ မြင်ရလေသည်။
ထိုမက်ကရယ်ငါးကြီးသည် ကောင်းကင်ကို ၎င်း၏သမုဒ္ဒရာသဖွယ် သတ်မှတ်ထားပုံပေါ်ပြီး သူတို့ဆီသို့ လွင့်မျောလာနေသည်။ ၎င်း၏ ကျောပေါ်တွင်တော့ ဝါးပလွေ ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေ၏။ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သူမ၏ ဆံနွယ်များက လေတွင် လွင့်မျောနေသည်။ တစ်ဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ရင်သပ်ရှုမောဖွယ် မျက်နှာလေးတစ်ခုက မြင်ကွင်းထဲသို့ ထွက်ပေါ်လာခဲ့ချေသည်။
***