အလျှော့မပေးသော တုံ့ပြန်မှု
Vol. 11 Ch. 110
ဒုတိယသခင်မဝမ်မှာ အရည်အချင်းရှိသူ ဖြစ်သော်ငြား အစေခံမလေး တစ်ယောက်အတွက်နှင့် ပထမအိမ်တော်နှင့် လုံးဝ အပြတ်အသတ် ရန်စောင်ရဲမည်လား ဆိုသည်ကိုတော့ သူမကိုယ်တိုင်လည်း သေချာ မသိနိုင်ပေ။
ထို့ကြောင့် သူမ စိတ်ထဲတွင် ထိတ်လန့်လာပြီး စကားကို သေသေချာချာ စီစဉ်ပြောဆိုရန် ခက်ခဲသွားတော့သည်။ သခင်မသုန် အလိုရှိသည်မှာလည်း ဤကဲ့သို့ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည့် အမူအရာမျိုးကိုပင် ဖြစ်ရာ ချက်ချင်းပင် ဆက်လက် ဖိအားပေးလိုက်လေ၏။
"ဘာလို့ စကားမပြောတာလဲ... ကြောက်သွားပြီလား..."
"ဒီ... ဒီအစေခံ မကြောက်ပါဘူး... ရုတ်တရက် ဘယ်လိုပြောရမလဲ စဉ်းစားလို့ မရသေးလို့ပါ..."
ထို့နောက် သူမက ဒုတိယသခင်မဝမ်ကို မော့ကြည့်လိုက်ရာ ဒုတိယသခင်မသည်လည်း မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် တံတွေးမြိုချကာ သတ္တိမွေးပြီး လီဆယ်ပြောဆိုလိုက်ရတော့သည်။
"ဒုတိယသခင်လေး နိုင်ငံတော်ပညာရေးကျောင်းတော်ကို သွားကတည်းက စာကြည့်ခန်းကို သန့်ရှင်းရေးလုပ်ဖို့ သီးသန့်လူထားပါတယ်... တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က ကျွန်မ တာဝန်ကျတဲ့နေ့ပါ... ရေခပ်ပြီး သန့်ရှင်းရေးလုပ်ဖို့ အသွားမှာ လူရိပ်တစ်ခု ခိုးကြောင်ခိုးဝှက်နဲ့ ဖြတ်သွားတာကို တွေ့လိုက်ရလို့ လိုက်သွားတော့ အဲဒီလူက ယွီရှင်းစာကြည့်ဆောင်ဘက်ကို ပြေးသွားတာ တွေ့လိုက်ရတယ်..."
သူမသည် လီဆယ်ပြောဆိုရင်း အတွေးထဲတွင်လည်း ဇာတ်လမ်းကို မည်သို့ ညီညွတ်အောင် ဆက်စပ်ရမည်ကို စဉ်းစားနေလေသည်။
"စာကြည့်ခန်းထဲက ပစ္စည်းတွေကို ပြန်လာကြည့်တော့ ဒုတိယသခင်လေးရဲ့ မဖောက်ရသေးတဲ့ ဟူစုတ်တံတစ်စုံ ပျောက်နေတာကို တွေ့လို့ ဒုတိယသခင်မကို သတင်းပို့လိုက်တာပါ... အဲဒါနဲ့ ကျွန်မတို့ ယွီရှင်းစာကြည့်ဆောင်ကို လာရှာတော့ တတိယသခင်လေးက အဲဒီဟူစုတ်တံကို သုံးနေတာ တွေ့လိုက်ရတယ်... သိပ်ကို တိုက်ဆိုင်မနေဘူးလား..."
သူမ ပြောဆိုနေသည်မှာ စိတ်ထဲတွင် ကြောက်ရွံ့နေသဖြင့် ဟာကွက်များစွာ ပါဝင်နေလေသည်။ သခင်မသုန်သည် ယွင်ရှို့ပိုးထည်ဆိုင်ကို အုပ်ချုပ်နေသူဖြစ်ရာ ဤစကားများ နောက်ကွယ်ရှိ ဟာကွက်များကို မည်သို့မျှ မသိဘဲ နေမည်နည်း။ သူမက ခေါင်းခါလိုက်ပြီး ရူးယွင်ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်လေ၏။
"နင့်ကို တုံးတယ်လို့ ပြောရင် နင်က တကယ်ကို တုံးတာပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ အနောက်ဆောင်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ရူးယွင်မှာ ပို၍ပင် စိုးရိမ်ပူပန်သွားတော့သည်။
"သခင်မ... သခင်မက ကျွန်မတို့ အနောက်ဆောင်ကို မနှစ်မြို့တာ တစ်ရက် နှစ်ရက်မှ မဟုတ်တာ... ဒါပေမဲ့ ကျွန်မ လိမ်မပြောပါဘူး... သခင်မက ဘာအကြောင်းပြချက်နဲ့ ကျွန်မကို တုံးတယ်လို့ ပြောရတာလဲ..."
ဘေးတွင် ထိုင်နေသော ဒုတိယသခင်မဝမ်ကလည်း ဝင်ရောက် ကူညီပြောဆိုလိုက်လေသည်။
"ဟုတ်တယ်... မရီးရဲ့ ဒီစကားက ခွေးကိုရိုက်တာတောင် သခင် မျက်နှာကို မထောက်ဘူး ဆိုတဲ့သဘောလား... ကျွန်မ ရှေ့မှာတင် ကျွန်မ ခေါ်လာတဲ့ အစေခံမလေးကို တုံးတယ်လို့ ပြောတာက တစ်ခုခုကို ရည်ရွယ်နေတာလား..."
"ဒုတိယညီမ စကားပြောတာ ထူးဆန်းနေပါလား... စောစောက ဘယ်သူက ငါ့အထိန်းတော်ကို အောက်တန်းစား အစေခံအိုကြီးဆိုပြီး ဆဲရေးတိုင်းထွာခဲ့တာလဲ... အဲဒီအချိန်တုန်းကလည်း ဒုတိယညီမက ငါ့လို မရီးတစ်ယောက်ကို အလေးအနက် မထားခဲ့ပါဘူးနော်..."
ဤသည်ကား ယနေ့ ဒုတိယသခင်မဝမ် ပြန်လည် ချေပခံရခြင်း တတိယအကြိမ်မြောက် ဖြစ်သည်။ သူမမှာ ဒေါသထွက်လွန်း၍ ခေါင်းထဲမှ မီးခိုးများပင် ထွက်လာမတတ် ဖြစ်နေသော်လည်း တစ်ခွန်းမျှ ပြန်လည် မပြောဆိုနိုင်တော့ချေ။ ထို့ကြောင့် ဒေါသကို မြိုသိပ်ကာ ဟူစုတ်တံ ခိုးယူသည့် ကိစ္စဘက်သို့သာ ပြန်လှည့်လိုက်ရတော့သည်။
"မရီးရဲ့ သုန်အိမ်တော်က ကုန်သည်တွေဆိုတော့ စကားပြော လည်တာပေါ့... ကျွန်မကတော့ မယှဉ်နိုင်ပါဘူး... ဒါပေမဲ့ တစ်ချက်တော့ ရှိတယ်... ခိုးတာကတော့ ခိုးတာပါပဲ... ဒါမှမဟုတ်ရင် ဒုတိယသခင်လေးရဲ့ ဟူစုတ်တံက ဘယ်လိုလုပ် ယွီရှင်းစာကြည့်ဆောင်မှာ ရောက်နေရတာလဲ..."
"ဟွန့်... ဒီဟူစုတ်တံက လွန်ခဲ့တဲ့ တစ်လက ကျားရှင်းစာအုပ်ဆိုင်ကနေ ငါဝယ်လာခဲ့တာ... အဲဒီတုန်းက ပါလာတဲ့ ပိုက်ဆံမလောက်လို့ ဆိုင်က အကူကိုတောင် အိမ်အထိ လိုက်ယူခိုင်းလိုက်သေးတယ်..."
"အဲဒီတော့ ဘာဖြစ်လဲ... မရီးက ဟုတ်တယ်ပြောတိုင်း ဟုတ်နေရမှာလား..."
သခင်မသုန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။
"ဒုတိယညီမက ကျားရှင်းစာအုပ်ဆိုင်နဲ့ အဆက်အသွယ် မရှိလို့ ဖြစ်မယ်... သူတို့ စာရင်းကိုင်က အလုပ်လုပ်တာ သိပ်သေသပ်တယ်... ဝင်ငွေတိုင်းကို သေသေချာချာ မှတ်တမ်းတင်ထားလေ့ရှိတယ်... အဲဒီတုန်းက ငါပြောခဲ့တာ အမတ်ချုပ်အိမ်တော်ရဲ့ ပထမအိမ်တော် နာမည်ပဲ... အခုသွားပြီး စစ်ဆေးကြည့်လိုက်ရင် သိရမှာပေါ့... ဒါက တစ်ချက်..."
"ဒုတိယအချက်က ရူးယွင် စောစောက ပြောသွားတာက ဒုတိယသခင်လေး အခန်းထဲက ဟူစုတ်တံက မဖောက်ရသေးဘူးတဲ့... ဒါပေမဲ့ ငါ့သားသုံးနေတဲ့ ဒီဟူစုတ်တံက သုံးနေတာ တစ်လလောက်ရှိပြီ... အသုံးပြုထားတဲ့ အရာတွေ ရှိနေတယ်... ကျွမ်းကျင်သူကို ခေါ်ပြီး စစ်ဆေးခိုင်းလိုက်ရင် အမှားအမှန် သိရမှာပဲ..."
"တတိယအချက်က နင်က ယွီရှင်းစာကြည့်ဆောင်ဘက်ကို ပြေးသွားတဲ့ ဝိုးတဝါး ကျောပြင်တစ်ခုကို မြင်ရုံလေးနဲ့ ငါ့သား ခိုးတယ်လို့ စွပ်စွဲတာပဲ... ဒီလောက် လွယ်လွယ်ကူကူ စွပ်စွဲနေတော့ နင့်ဆီမှာ ခိုင်မာတဲ့ သက်သေရှိမယ် ထင်နေတာ... အခုတော့ ပေါက်လွှတ်ပဲစား ပြောနေတဲ့ စကားတွေပဲ... နင်က အနောက်ဆောင်က လူတွေကို မျက်ကန်းတွေလို့ ထင်နေတာလား... အိမ်ကြီးအိမ်ကောင်းထဲ သူခိုးဝင်လာတာကို နင်တစ်ယောက်တည်း မြင်တယ်ပေါ့လေ..."
ဤသုံးချက်ဖြင့် ပြန်လည် ချေပလိုက်သောအခါ ဒုတိယသခင်မ၏ မျက်နှာမှာ အတော်လေး ပျက်ယွင်းသွားတော့သည်။ ဒူးထောက်နေသည့် ရူးယွင်မှာလည်း ခေါင်းထဲတွင် ရှုပ်ထွေးသွားပြီး ပုံမှန်ရှိသင့်သည့် တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးသွားတော့၏။ ထို့ကြောင့် အလောတကြီးဖြင့် ချက်ချင်း ထွက်ဆိုမိတော့သည်။
"ကျွန်မ တစ်ယောက်တည်း မြင်တာ မဟုတ်ပါဘူး... တခြားလူတွေလည်း ရှိသေးတယ်..."
သူမ ဤသို့ ပြောလိုက်ခြင်းမှာ တခြားလူများကိုပါ ပြဿနာထဲ ဆွဲသွင်းလိုက်ခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူက ရှေ့ထွက်ရဲမည်နည်း။ ရှေ့ထွက်လာသူတိုင်း သူမနှင့်အတူ အပြစ်ပေးခံရမည်ကို စောင့်နေရုံသာ ရှိတော့သည်။ ပထမအိမ်တော်က အလျှော့မပေးဘဲ အစိုးရရုံးတော်သို့ ပို့ဆောင်ကာ တရားစွဲဆိုလျှင် ပို၍ပင် ဒုက္ခရောက်ကြရဦးမည်။
အနောက်ဆောင်မှ လိုက်ပါလာသူများအားလုံး တစ်ခွန်းမျှ မဟကြသည်ကို မြင်သောအခါ ရူးယွင်မှာ လုံးဝကို စိုးရိမ်ထိတ်လန့်သွားတော့သည်။ သူမက မားမားဝမ်ကို လှမ်းဆွဲကာ ပြောလိုက်လေ၏။
"မားမား... မားမား ကျွန်မကို ကယ်ပါဦး... မားမားလည်း မြင်တယ်မလား..."
မားမားဝမ်မှာ အတွေ့အကြုံများသည့် အစေခံအိုကြီးဖြစ်ရာ ဤစကားအနည်းငယ်ဖြင့် ပြဿနာထဲသို့ မည်သို့မျှ ဝင်ရောက်ပတ်သက်ခံမည် မဟုတ်ပေ။ သူမက လက်ကို ခါလိုက်ပြီး ချက်ချင်း ငြင်းဆိုလိုက်လေသည်။
"ဒီအစေခံက ဒုတိယသခင်မကို အမြဲတမ်း အလုပ်အကျွေး ပြုနေတာပါ... ဒုတိယသခင်မကလည်း ရုံဟယ်ဆောင်မှာ သခင်မကြီးနဲ့ စကားပြောနေတာလေ... ကျွန်မတို့က ဘယ်လိုလုပ် မြင်နိုင်မှာလဲ... နင် ရူးများ ရူးသွားပြီလား..."
စကားတစ်ခွန်းတည်းဖြင့် ရူးယွင်ကို လုံးဝ စွန့်ပစ်လိုက်ခြင်းပင်။ လက်ရှိ အခြေအနေအရ ရူးယွင်တစ်ယောက်တည်းကို စွန့်လွှတ်လိုက်ခြင်းက ဤပြဿနာကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
မားမားဝမ်သည် မတုံးအသလို ဒုတိယသခင်မဝမ်သည်လည်း မတုံးအချေ။ သူမ အလိုရှိသည်မှာ ပထမအိမ်တော်ကို သတိပေးရန်သာဖြစ်ပြီး လုံးဝ အပြတ်အသတ် ရန်စောင်ရန် မဟုတ်ပေ။ တစ်ဖက်လူက ဟာကွက်များကို တစ်ခုချင်းစီ ထောက်ပြနေပြီဖြစ်ရာ ဆက်လက် မေးမြန်းနေလျှင် မိမိကိုယ်မိမိ ပါးရိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်လား။
ဝမ်ရှီက ထိုသို့ အဖြစ်မခံချင်သဖြင့် ချက်ချင်းပင် ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
"ရူးယွင်... နင် သေချာမမြင်ဘဲနဲ့ လျှောက်ပြီး စွပ်စွဲနေတာလား... မြန်မြန် တတိယသခင်လေးနဲ့ မရီးကို တောင်းပန်လိုက်စမ်း..."
"ဒီအစေခံ မှားသွားပါပြီ... မှားသွားပါပြီ... စောစောက ကျွန်မ သေချာ မမြင်လိုက်မိလို့ပါ... တတိယသခင်လေး ခိုးတာ မဟုတ်ပါဘူး... ကျွန်မ အမြင်မှားသွားတာပါ..."
သူမ စကားဆုံးသွားသော်လည်း တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့သော လင်မုကျီးကမူ ထိုကိစ္စကို လွယ်လွယ်နှင့် အဆုံးသတ်ရန် လက်မခံပေ။ သူသည် အသက်ငယ်သေးသော်လည်း အမှန်တရား တစ်ခုကိုတော့ နားလည်ထားသည်။
အကယ်၍များ ဤသူခိုးဟူသော စွပ်စွဲချက်ကြီးသာ သူ၏ အပေါ် ကျရောက်သွားပါက ဤတစ်သက် လူတောသူတောထဲ မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။ သူ၏ အနာဂတ် ရာထူးတက်လမ်းများလည်း လုံးဝ ပျောက်ဆုံးသွားမည်မှာ သေချာလှသည်။
အနောက်ဆောင်မှ လူများ၏ ငွေကြေးအနည်းငယ် အလွဲသုံးစားလုပ်မှုများ၊ မကောင်းပြောဆိုမှုများကို သူ သည်းခံနိုင်ခဲ့သော်လည်း ဤကဲ့သို့ ယုတ်မာသည့် လုပ်ရပ်မျိုးကိုတော့ ခွင့်လွှတ်ပေးလိုက်လျှင် နောင်တစ်ချိန်တွင် အေးချမ်းသည့် နေ့ရက်များကို ဖြတ်သန်းခွင့်ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက ပြတ်သားစွာ ပြောလိုက်လေ၏။
"အမေ... သား သူ့ရဲ့ တောင်းပန်စကားကို လက်မခံဘူး... အမေ စောစောက ပြောတဲ့အတိုင်းပဲ အစိုးရရုံးတော်ကို ပို့ပြီး စစ်ဆေးခိုင်းလိုက်ပါ..."
"ငါ့သား ပြောတာ မှန်တယ်... အစေခံမလေး တစ်ယောက်ရဲ့ ပါးစပ်ကနေ ငါ့သားကို မတရားစွပ်စွဲရုံနဲ့ နင်တို့ အနောက်ဆောင်က လူတွေက သတ်မယ် ဖြတ်မယ် အော်ပြီး အပြစ်ပေးချင်နေတာ... အခု အခြေအနေမဟန်တော့ဘူး ဆိုတာ သိတော့ တောင်းပန်ရုံလေးနဲ့ ပြီးသွားမယ် ထင်နေတာလား... အိပ်မက်မက်နေလိုက်..."
သခင်မသုန်သည်လည်း ယနေ့တွင် ရူးယွင်ကို ယင်းထျန်းအစိုးရရုံးသို့ မပို့ဆောင်ပါက နောင်တွင် အေးချမ်းမည်မဟုတ်ကြောင်း ကောင်းစွာ သိထားလေသည်။ မျက်နှာပျက်စရာ ရှိသည်များကိုလည်း အကုန်လုံး ပျက်ပြီးပြီဖြစ်ရာ ဤတစ်ကြိမ်အတွက် ထပ်မံ ပူပန်စရာ မလိုတော့ပေ။ ထို့ကြောင့် သူမက အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်လေ၏။
"မားမားသုန်..."
"ဒီအစေခံအိုကြီး ရှိပါတယ်..."
"ဒီကောင်မလေးကို တုပ်နှောင်ထားလိုက်... ငါနဲ့အတူ ယင်းထျန်းအစိုးရရုံးကို သွားပြီး တရားစွဲစာချွန်လွှာ တင်မယ်..."
"ဟုတ်ကဲ့ပါ..."
ပထမအိမ်တော်၏ ဤမျှ ပြတ်သားသည့် လုပ်ရပ်ကြောင့် ဒုတိယသခင်မဝမ်မှာ တကယ်ကို ကြောက်ရွံ့သွားတော့သည်။ သူမက သွားကြိတ်ကာ မတ်တတ်ရပ်လျက် ပြောလိုက်လေ၏။
"နင် လုပ်ရဲရင် လုပ်ကြည့်လေ..."
"ငါက ဘာလို့ မလုပ်ရဲရမှာလဲ... ဖိနပ်မပါတဲ့သူက ဖိနပ်စီးထားတဲ့သူကို ကြောက်စရာလား... ဘာပဲဖြစ်ဖြစ် သခင်ကြီးနဲ့ ကလေးတွေက ပြဿနာမဖြစ်ရင်တောင်မှ အနာဂတ်အတွက် ကောင်းမွန်တဲ့ လမ်းစမှ မရှိတော့တာ... အဲဒီတော့ အားလုံး အတူတူ သေလိုက်ကြတာပေါ့..."
သခင်မသုန်၏ ဤစကားမှာ နှစ်ပေါင်းများစွာ ရင်ထဲတွင် မြိုသိပ်ထားခဲ့ရသည့် နာကြည်းချက်များကို ပေါက်ကွဲထုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
သူမ၏ သုန်အိမ်တော်မှာ အစိုးရအရာရှိများ မဟုတ်သဖြင့် ဂုဏ်သိက္ခာအတွက် ပူပန်စရာ မလိုပေ။ ရုံဟယ်ဆောင်နှင့် အနောက်ဆောင်၌သာ ကောင်းမွန်သည့် အနာဂတ်များ စောင့်ကြိုနေသည်ဖြစ်ရာ သူတို့သာလျှင် အရှက်ကွဲမည်ကို အမှန်တကယ် ကြောက်ရွံ့ကြရမည် မဟုတ်လား။ ဤစကားကြောင့် ဒုတိယသခင်မဝမ်၏ မာနတထောင်ထောင် ဖြစ်နေမှုမှာ လုံးဝ ပြိုလဲသွားရတော့သည်။