အကြံကောင်းတစ်ခု ရုတ်တရက် ပေါ်လာခြင်း
Vol. 11 Ch. 102
အရှင်မင်းကြီး က တကယ်ကို လူကို ဒေါသထွက်အောင် လုပ်တတ်တာပဲ။ စုဖင် ရဲ့ နောက်ခံက သူမနဲ့ဆို မိုးနဲ့မြေလို ကွာခြားတာကို... အခုတော့ သူမနဲ့ တန်းတူ ရာထူးရသွားမယ်လို့ ထင်မထားမိဘူး။
သေသွားတဲ့ လူတစ်ယောက်ကို အသုံးချပြီး သူမကို အရွဲ့တိုက်နေတာ... ကြည့်ရတာ တတိယမောင်လေး ရဲ့ ကိစ္စက တကယ်ကို သက်ရောက်မှု ရှိသွားပုံပဲ။
သူမ ရင်ထဲက အပူမီးက ပို၍ တောက်လောင်လာလေသည်။
ထို့နောက် ပိုင်ဖင် က အထင်သေးဟန်ဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ဟိုရောဂါသည် ဒုတိယမင်းသား ကတော့ အခွင့်ကောင်းရသွားတာပဲ... ကံဆိုးမိုးမှောင်ကျရာကနေ ကံကောင်းသွားပြီး ဟန်မင်းသား တောင် ဖြစ်သွားပြီ... ကျွန်တော်မျိုးမ အမြင်ပြောရရင်တော့... သူက ကျွန်မတို့ တတိယမင်းသား ရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ပါဘူး..."
"ဘာ... ဟန်မင်းသား..."
ယီဖေး အလန့်တကြား အော်လိုက်မိပြီး သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ အပြည့်ဖြစ်နေသည်။
ပိုင်ဖင် အလွန် အံ့ဩသွားပြီး ဘေးတွင် ခစားနေသော ရူဟွမ်းကို တစ်ချက် ကြည့်လိုက်ရာ သူမလည်း မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် စိတ်ထဲမှ တိတ်တဆိတ် အပြစ်တင်လိုက်မိသည်။
ဒီလူတွေ သတင်းကို ဘယ်လိုများ ပို့နေကြတာလဲ... ဒီလောက်ကြီးမားတဲ့ ကိစ္စကြီးကိုတောင် ယီဖေး က မသိသေးဘူးတဲ့လား။ သူမကို လာပြီး မီးလောင်ရာ လေပင့် ဖြစ်အောင် လုပ်လိုက်တာ... တကယ့်ကို ကံဆိုးတာပဲ။
သို့သော် ယခုအခြေအနေတွင် ခပ်တည်တည်ဖြင့် ရှေ့ဆက်ပြောရုံသာ ရှိတော့သည်။
"ဟုတ်တယ်... ဒုတိယမင်းသား ကို ဟန်မင်းသား အဖြစ် ခန့်အပ်လိုက်ပြီး အရှင်မင်းကြီး က ယွင်ကျိုး ကို သူ့ရဲ့ ပိုင်နက်အဖြစ် ပေးသနားလိုက်တယ်လေ... ယွင်ကျိုး က မြောက်ပိုင်းမှာ ရှိပြီး သိပ်ချမ်းသာတဲ့ နေရာ မဟုတ်ဘူး ဆိုပေမယ့်... ဘာပဲဖြစ်ဖြစ် သူက အရင် ဦးအောင် ယူသွားတာပဲ... ကျွန်တော်မျိုးမ တတိယမင်းသား အတွက် တကယ် နှမြောမိတာပဲ..."
ခွမ်းခနဲ အသံနှင့်အတူ ယီဖေး သည် သူမ လက်ထဲရှိ လက်ဖက်ရည် ပန်းကန်ကို ပစ်ပေါက်လိုက်လေ၏။ အချိန်ကိုက်ပင် ရူယိက အခန်းထဲ ဝင်လာရာ အလန့်တကြား ဖြစ်သွားရသည်။
ထို့နောက် ယီဖေး က ရူယိနှင့် ရူဟွမ်းတို့ကို အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်ရာ သူတို့နှစ်ဦးလုံး လန့်ဖျပ်ပြီး ချက်ချင်းပင် ဒူးထောက်ချလိုက်ကြသည်။
"ဒီလောက် ကြီးမားတဲ့ ကိစ္စကို ဘာလို့ ဒီအရှင်မကို သတင်းမပို့ရတာလဲ..."
"အကုန်လုံး ဒီအစေခံရဲ့ အမှားပါ... မယ်မယ် အိမ်ကိစ္စတွေနဲ့ ခေါင်းရှုပ်နေရလို့ စိတ်ညစ်နေမှာစိုးလို့... ဒါကြောင့် ဒီကိစ္စကို ဖုံးကွယ်ထားလိုက်တာပါ... မယ်မယ် ဒေါသကို လျှော့ပါဦး..."
သူတို့နှစ်ဦးစလုံး ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ တဖုန်းဖုန်း အသံမြည်အောင် ရှိခိုးတောင်းပန်နေကြသည်။
ယီဖေး ဒေါသထွက်လွန်း၍ သွားများပင် ကျိတ်ထားမိ၏။ သို့သော် လျိုမိသားစုကို အပြင်လူတွေရဲ့ ဓားစာခံ မဖြစ်စေချင်ပေ။ ထို့ကြောင့် လေသံမာမာဖြင့် ပြောလိုက်လေသည်။
“အောက်ဆင်းပြီး ကြိမ်ဒဏ် ဆယ်ချက် သွားခံချေ... နောက်နောင်များ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ရဲသေးရင် ဒီအရှင်မ နင်တို့ အရေခွံကို ဆုတ်ပစ်မယ်…”
"ဟုတ်ကဲ့ပါ... မယ်မယ်ရဲ့ ကျေးဇူး ကြီးမားလှပါတယ်..."
ရူယိနှင့် ရူဟွမ်းတို့ နှစ်ဦးလုံး မျက်နှာ ဖြူရော်လျက် ထွက်သွားကြပြီး အခန်းတံခါးကိုပါ တစ်ခါတည်း ပိတ်သွားကြ၏။
ပိုင်ဖင် သည် သူတို့နှစ်ဦး၏ အခြေအနေကို မြင်ပြီးနောက် ချွေးများ တပြိုက်ပြိုက် ကျလာတော့သည်။ တစ်ကိုယ်လုံး ကြောက်လန့်တုန်ယင်နေသလို ခံစားရပြီး ဟယ့်နျန်ဇစ် ဘက်သို့ အကူအညီတောင်းသော အကြည့်ဖြင့် ဆက်တိုက် ကြည့်နေမိ၏။ သူမ ဝင်ပြောပြီး အခြေအနေကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိသည်။
ဟယ့်နျန်ဇစ် ကတော့ တက်ကြွပြီး အဝင်ဆံ့တဲ့သူ ဖြစ်၏။ သူမက ယီဖေး ကို ကြောက်ပေမယ့် ယီဖေး အတွက် အကျိုးရှိအောင် လုပ်ပေးသော်ငြား ယီဖေး၏ စောင့်ရှောက်မှုကို ရချင်သည့်စိတ်က ပိုများနေသည်။ မဟုတ်လျှင် သူမရဲ့ ရာထူးနဲ့ ရုပ်ရည်အရဆို ဒီနန်းတော်ထဲမှာ ခေါင်းထောင်နိုင်ဖို့က တကယ်ကို ခက်ခဲလွန်းလှပါသည်။
"မယ်မယ် စိတ်အေးအေးထားပါ... အခု ဒုတိယမင်းသား က မင်းသား ရာထူးတိုးသွားတာက ကျွန်မတို့အတွက် အကျိုးမရှိဘူး ဆိုပေမယ့်... တခြားတစ်ဖက်ကနေ တွေးကြည့်ရင်... ဒါက အခွင့်အရေးကောင်းကြီးတစ်ခုပဲလေ..."
ယီဖေး က ဟယ့်နျန်ဇစ် ကို မျက်စောင်းထိုးကြည့်လိုက်၏။ သူမ၏ စကားကို အလွန် သိချင်နေပုံရသည်။
"ဘာကို ဆိုလိုတာလဲ..."
"မယ်မယ် စဉ်းစားကြည့်လေ... ဒုတိယမင်းသား က လန်ဖေး လက်အောက်မှာ ဘယ်နှနှစ်တောင် ကြီးပြင်းလာခဲ့တာလဲ... တစ်လျှောက်လုံး အသံတိတ်ပြီး ဘာမှ မထူးခြားခဲ့ဘူးလေ... အခု ဟွေ့ဖန်းယာခြံဝင်း ကို ရောက်သွားတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်... အမေအရင်းကို ရာထူးတိုးပေးတယ်... ကိုယ်တိုင်လည်း မင်းသား ရာထူးတက်သွားတယ် ဆိုတော့... မယ်မယ် လန်ဖေး သာ သိသွားရင် ဒေါသထွက်လွန်းလို့ သေတောင် သေသွားနိုင်တယ်..."
ဟု ပြောရင်း လေသံကို တိုးလိုက်သည်။
"ဒါ့အပြင် လင်ကွေ့ဖေး ဘက်မှာလည်း ရှိသေးတယ်လေ... ဒုတိယမင်းသား နဲ့ လင်ချန်ကျိုက် တို့က အဲဒီလို မျက်နှာဖြတ်ရိုက်လိုက်တာဆိုတော့... ရှေ့ဆက်ပြီး အပြိုင်အဆိုင်တွေ အကြီးအကျယ် ဖြစ်လာဦးမှာပဲ..."
ဟယ့်နျန်ဇစ် ၏ စကား အဆုံးတွင် ယီဖေး ၏ မူလက ရှုပ်ထွေးနေသော စိတ်နှလုံးများ အတော်လေး အေးချမ်းသွား၏။ သူမ ပြောသည့်ကားက မဆိုးပေ။ သို့သော် လန်ဖေး နဲ့ လင်ကွေ့ဖေး တို့၏ ဒေါသတွေကတော့ အမှောင်ထဲမှာ ပုန်းကွယ်နေကြဦးမှာ သေချာသည်။
သူမ မပျော်ရွှင်နိုင်တော့မှတော့... မောင်းမဆောင် ခြောက်ဆောင်လုံး အတူတူ ဒုက္ခခံကြတာပေါ့။
ထိုသို့ တွေးမိလိုက်သောအခါ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး မျက်ဝန်းထဲတွင် အကြံအစည်များ ပြည့်နှက်သွားလေ၏။
"ကဲပါ... ဒီနေ့ ဒီအရှင်မ နေလို့ သိပ်မကောင်းဘူး… မင်းတို့ အရင် ပြန်ကြတော့... နောက်နေ့မှ နှစ်ယောက်လုံးကို ထပ်ဖိတ်လိုက်မယ်..."
ယီဖေး တွင် သူမ၏ မောင်ဝမ်းကွဲကို ကယ်တင်ရန် အကြံကောင်းတစ်ခု ရုတ်တရပ် ပေါ်လာပြီဖြစ်ရာ ပိုင်ဖင် နှင့် ဟယ့်နျန်ဇစ် တို့ကို အချိန်ပေးပြီး ဆက်စကားပြောဖို့ စိတ်မပါတော့ပေ။ ထို့ကြောင့် သူတို့နှစ်ဦးကို ပြန်လွှတ်လိုက်တော့၏။
ပိုင်ဖင် မှာ အနည်းငယ် မျက်နှာပျက်သွားသော်လည်း ယီဖေး ၏ ဒေါသနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းထက်စာလျှင် ထွက်သွားရသည်က ပိုကောင်းသေးသည်။ ထို့ကြောင့် ချက်ချင်း ထရပ်ပြီး ပြန်ရန် ပြင်လိုက်၏။ ဟယ့်နျန်ဇစ် လည်း ထိုနည်းလည်းကောင်းပင်။ ပြန်မထွက်ခင် သူတို့နှစ်ဦးလုံး ယီဖေး ကို ရိုရိုသေသေ ဂါရဝပြု နှုတ်ဆက်ခဲ့ကြသည်။
သူတို့နှစ်ဦး အပြင်သို့ ထွက်လာချိန်တွင် ကြိမ်ဒဏ် အချခံပြီးခါစ ရူယိနှင့် ရူဟွမ်းတို့နှင့် ပက်ပင်းတိုးလေ၏။ သူတို့၏ မျက်နှာများမှာ ဖြူရော်နေပြီး နဖူးပေါ်တွင်လည်း ချွေးစေးများ ပြည့်နေသည်။ ပိုင်ဖင် မှာ ကြောက်လန့်သွားပြီး မျက်နှာ ပို၍ပင် ပျက်သွားကာ ဟယ့်နျန်ဇစ် ကို ဆွဲပြီး အမြန် ထွက်လာခဲ့လေသည်။
သူတို့နှစ်ဦး ထွက်လာပြီး အချိန်အတော်ကြာမှ ပိုင်ဖင် က ရင်ဘတ်ကို ဖိကာ ပြောလိုက်၏။
"ဒီအရှင်မတောင် လန့်ပြီး သေတော့မလို့... တော်သေးတယ် မယ်မယ်ယီဖေး က ငါတို့ကိုပါ မဲမလာလို့... မဟုတ်ရင် ငါတို့ သတင်းလာပို့တဲ့ သူတွေပါ ဒုက္ခရောက်မှာ အသေအချာပဲ..."
ပိုင်ဖင် ကတော့ တကယ့်ကို ရိုးသားစွာ ခံစားချက်ကို ထုတ်ပြနေခြင်းပင်။ ဟယ့်နျန်ဇစ် ကလည်း မအပေ။
"အစ်မ ပိုင်ဖင် စိတ်ချပါ... မယ်မယ်ယီဖေး က အကောင်းအဆိုး မခွဲခြားတတ်တဲ့သူမျိုး မဟုတ်ပါဘူး... ကျွန်မတို့ နှစ်ယောက်က သူမအပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူးလေ..."
"ပြောတော့သာ လွယ်တာ... ဒါပေမယ့် နင်က နန်းတွင်း ဝင်လာတာ မကြာသေးတော့ သိပ်နားလည်မှာမဟုတ်ဘူး... တတိယမင်းသား ရဲ့ အနာဂတ်နဲ့ ပတ်သက်လာပြီဆိုရင်... မယ်မယ်ယီဖေး ရဲ့ မျက်လုံးထဲမှာ သဲတစ်ပွင့်တောင် အဝင်ခံမှာ မဟုတ်ဘူး..."
ဟယ့်နျန်ဇစ် သည် မျက်လုံးကို ကလယ်ကလယ် လုပ်နေသော်လည်း ပိုင်ဖင် ၏ စကားကိုတော့ သံသယမရှိ ယုံကြည်လိုက်၏။ တတိယမင်းသား အကြောင်းပြောမိမှ ပိုင်ဖင် သက်ပြင်းချလိုက်မိသည်။
"ပြောရမယ်ဆိုရင် ဒီ လင်ဝမ်ယိ ကတော့ တကယ် ဉာဏ်ကောင်းတာပဲ... သူမက ကိုယ်ဝန်ရဖို့ ခက်ခဲသွားပေမယ့်... ကိုယ့်အတွက်ကိုယ် ထွက်ပေါက်တစ်ခု ရှာနိုင်ခဲ့တယ် မဟုတ်လား... ငါတို့လို မဟုတ်ဘူး... ငါတို့ကတော့ အလှမပျက်ခင် မျက်နှာသာပေးခံရဖို့ အရင်ပြတ်သွားမယ့်ပုံပဲ..."
ဒီရက်ပိုင်း သူမသည် အရှင်မင်းကြီး ကို သွားတွေ့ပြီး အရင်က မျက်နှာသာပေးခံရခြင်းတွေကို ပြန်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီး ဖြစ်နေခဲ့ရသည်။
လူကိုတောင် မတွေ့ရတာ အတိတ်က အမှတ်တရတွေကို ဘယ်လိုလုပ်ပြန်တွေးခိုင်းလို့ ရမလဲ။ ပြီးတော့ ဟိုတစ်ခေါက် ရှန့်ကျင့်စံအိမ် မှာ လုပ်တဲ့ ပွဲတော်တုန်းက သူမ ပြန်လည် နေရာရဖို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့ပေမယ့်... လင်ဝမ်ယိ ကြောင့် အကုန် ဖျက်ဆီးခံခဲ့ရတာ။ ဒီ အဆိပ်ခတ်တဲ့ လူကလည်း တကယ်ကို မုန်းစရာကောင်းတယ်။ စောစောလည်း မခတ် နောက်ကျမှလည်း မခတ်ဘဲ အဲဒီအချိန်ကျမှ တမင်ကို လာခတ်တာ! တကယ့်ကို ကံတရားက မျက်နှာသာမပေးတာပဲ။
"အစ်မ ပိုင်ဖင် အားမငယ်ပါနဲ့... အခု ဒီလိုစကားပြောဖို့ စောပါသေးတယ်... ကျွန်မ အိမ်မှာ ရှိတုန်းက မိဘတွေ စီးပွားရေးလုပ်တာကို တွေ့ဖူးတယ်... သူတို့ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်... နောက်ဆုံးအချိန် မရောက်မချင်း ဘယ်သူ အနိုင်ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးတဲ့..."
ထိုစကားကို ပြောပြီးနောက် ဟယ့်နျန်ဇစ် က ရွှင်လန်းစွာ ရယ်မောလိုက်၏။ ပိုင်ဖင် ထိုစကားကို ကြားပြီးနောက် အားတက်သွားကာ ဟုတ်တယ်ဟု ခံစားလိုက်ရသည်။
သူမ အကျယ်ချုပ်ကနေ ထွက်လာတာ ရက်ပိုင်းပဲ ရှိသေးတာကို... အခုလို အရှုံးပေးတဲ့ စကားမျိုး ပြောတာ တကယ်ကို စောလွန်းနေတာပဲ။
ထို့ကြောင့် ပြုံးကာ ဟယ့်နျန်ဇစ် ကို ပြောလိုက်၏။
"ညီမလေး စိတ်ချပါ... နင်က ဒီအရှင်မ ပြန်လည် မျက်နှာသာရဖို့ သေချာ ကူညီပေးရုံပဲ... အဲဒီအချိန်ကျရင် နင့်ကို ကျုံးချွေ့နန်းဆောင် ကို ခေါ်ဖို့က စကားတစ်ခွန်းတည်း ပြောရုံနဲ့ ရပါတယ်... နေ့တိုင်း ဟို နျန်ဇစ် တွေနဲ့ ရောနှောနေပြီး အချိန်ကောင်းတွေကို အလဟဿ မဖြစ်စေရပါဘူး..."
"အစ်မ ပိုင်ဖင် ရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ သေချာပေါက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
သူတို့နှစ်ဦး ရယ်မောပြောဆိုရင်း မနီးမဝေးရှိ ဥယျာဉ်ဘက်သို့ လျှောက်သွားကြလေသည်။
ယီဖေး ၏ ခြံဝင်းထဲတွင်တော့ ယခုအခါ မိန်းမစိုးခေါင်းဆောင် ရွမ်မင် ရပ်နေလေ၏။
"မယ်မယ်..."
"မင်း သွားပြီး ဒီစာကို အဘွား လက်ထဲ အရောက်ပို့ပြီး သွားပြောလိုက်... အကယ်၍ တတိယမောင်လေး ကို ကယ်ချင်တယ်ဆိုရင်... ဒီအရှင်မ စာထဲမှာ ရေးထားတဲ့အတိုင်း လုပ်လိုက်ပါလို့..."
"ဟုတ်ကဲ့... ဒီအစေခံ အမိန့်တော်အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်..."
စကားဆုံးသည်နှင့် ရွမ်မင်လည်း ထရပ်ကာ အပြင်ဘက်သို့ တိတ်တဆိတ် ထွက်ခွာသွားလေသည်။
အခန်းထဲတွင် ပြုစုခစားနေကြသည့် နွေရာသီအပန်းဖြေနန်းတော် မှ နေရာချထားပေးသော နန်းတွင်းသူမှာ ကြည့်ရတာတော့ လိမ္မာရေးခြားရှိပုံရ၏။ သို့သော် ယီဖေး ကို အမြဲ ပြုစုလာခဲ့သော ရူယိနှင့် ရူဟွမ်းတို့နှင့် ယှဉ်လိုက်လျှင်တော့ အများကြီး လိုနေသေးသည်။ ဥပမာ ပြောရလျှင် လာချပေးသည့် လက်ဖက်ရည် ကအစ ယီဖေး ပုံမှန် သောက်နေကျ အရသာနှင့် အပူချိန် မဟုတ်ပေ။
ထို့ကြောင့်... ဆူတာက တစ်ပိုင်း၊ အပြစ်ပေးတာက တစ်ပိုင်း ဖြစ်သော်လည်း နောက်ဆုံးတော့ လူလွှတ်ပြီး ဒဏ်ကြေဆေးများ ပို့ပေးလိုက်ရလေတော့သည်။