တုမိသားစုမှ သားအမိနှစ်ဦး
Vol. 11 Ch. 103
ရူယိ နှင့် ရူဟွမ်း တို့နှစ်ဦးစလုံး အခန်းထဲတွင် အနားယူနေကြ၏။
ကြိမ်ဒဏ်ပေးသူက ညင်သာစွာ ရိုက်ပေးထားသည်ဟု ဆိုသော်လည်း... သူတို့မှာ ယီဖေး အနားတွင် နှစ်ပေါင်းများစွာ ခစားလာခဲ့သူများဖြစ်ရာ ခန္ဓာကိုယ်က အနည်းငယ် နုနယ်နေခဲ့ပြီလေ။
အကယ်၍ အပြင်လူများနှင့် ယှဉ်ကြည့်မည်ဆိုလျှင်... ချမ်းသာသော အိမ်မှ သခင်မလေးများထက်ပင် အသားအရည် ပို၍ နူးညံ့နေသေး၏။
ထို့ကြောင့် ဒီကြိမ်ဒဏ်က သူတို့အပေါ် အနည်းငယ် ပြင်းထန်သွားခဲ့သည်။
ကျောပြင်ပေါ်ရှိ နီရဲရောင်ရမ်းနေသော ဒဏ်ရာများနှင့် သွေးခြေဥနေသည်များကို ကြည့်ပြီး ဆေးလာလိမ်းပေးသော ဒုတိယအဆင့် နန်းတွင်းသူလေး ရင်းရွှမ်း မှာ အလွန် စိတ်မကောင်းဖြစ်နေ၏။
"အစ်မ နှစ်ယောက်... နည်းနည်းလောက် သည်းခံထားနော်... ဒီဆေးက မယ်မယ်ယီဖေး အခုလေးတင် လူကြုံနဲ့ ပို့လိုက်တာ... သုံးလေးရက်ဆို ပျောက်သွားလိမ့်မယ်တဲ့... ဒီအစေခံ အခုပဲ လိမ်းပေးပါ့မယ်..."
သူတို့နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ပြီး ပဝါကို ပါးစပ်ဖြင့် ကိုက်ထားလိုက်ကြသည်။
အရေပြား ပေါက်ပြဲပြီး သွေးထွက်မလာဘူး ဆိုသော်ငြား ဒီပူလောင်နေသော နာကျင်မှုပေါ်ကို အေးစက်စက် ဆေးရည် ထိလိုက်သည့်အချိန်မှာတော့ ကျောပြင်တစ်ခုလုံး စပ်ခနဲ ဖြစ်သွားရ၏။
ရင်းရွှမ်း ၏ လက်က အတော်မြန်လှသည်။ ဒဏ်ရာများကို သေချာ ဂရုတစိုက် လိမ်းပေးလိုက်၏။ နွေရာသီဖြစ်သောကြောင့် အဝတ်ပါးပါးလေးသာ ဝတ်ထားရသဖြင့် တော်သေးသည်။
ညီအစ်မနှစ်ဦးစလုံး ယီဖေး အနားတွင် ခစားလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ယခုလို ဒဏ်ရာရခြင်းက ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ သို့သော် ယီဖေး အပေါ် ထားရှိသော သူတို့၏ သစ္စာတရားကတော့ တစ်စက်လေးမှ လျော့ပါးသွားခြင်း မရှိခဲ့ချေ။
ဒုတိယမင်းသား ကို ဟန်မင်းသား အဖြစ် ခန့်အပ်လိုက်သည့် သတင်းကို ယီဖေး ထံ မပြောဘဲ ဖုံးကွယ်ထားခဲ့ခြင်းမှာ အကြောင်းပြချက် တစ်ခုရှိ၏။
ယီဖေး က အိမ်ကိစ္စများနှင့် ခေါင်းရှုပ်နေချိန်တွင် ဒီသတင်းကြောင့် ပိုပြီး စိတ်လွတ်သွားမည်ကို စိုးရိမ်၍ ဖြစ်သည်။
သူတို့ကတော့ အရှင်မင်းကြီးက တမင်သက်သက် ဒီလိုလုပ်လိုက်သည်ဟု ထင်လေသည်။ ယီဖေး နှင့် တတိယမင်းသား ကို သတိပေးရင်း လျိုမိသားစု ကိုပါ တစ်ခါတည်း သတိပေးလိုက်ခြင်းပင်။
အကယ်၍ မယ်မယ်ယီဖေး သာ ဒီကိစ္စကြောင့် တစ်ခုခု ထလှုပ်ရှားမိပြီး အမှားလုပ်မိသွားရင်... မယ်မယ့်ကို အကျပ်အတည်းထဲ တွန်းပို့လိုက်သလို ဖြစ်သွားမှာ မဟုတ်လား။
ထို့ကြောင့်လည်း...
သို့သော် ပိုင်ဖင် ၏ သတင်းပို့မှုက ဒီလောက် မြန်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ ဒီကိစ္စ လာပြောမှန်း ကြိုသိခဲ့လျှင် သူတို့နှစ်ဦး ပိုင်ဖင် ကို အခန်းတံခါးအပေါက်ဝကနေတောင် ပေးဝင်ခဲ့မည် မဟုတ်ချေ။
ယခုတော့ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
"အစ်မ ရူယိ ... အခု ဘယ်လိုလုပ်ကြမလဲ..."
"ဘယ်လိုလုပ်ရမှာလဲ... မယ်မယ်ယီဖေး က အိမ်ကို စာပို့ပြီးလောက်ပြီ... အခု ဘာလုပ်လုပ် အပိုပဲ ဖြစ်မှာ... ခဏလောက်တော့ စောင့်ကြည့်ရုံပေါ့... ပထမသခင်ကြီးလျို က ငါတို့ကို မယ်မယ့်အနားမှာ ထားခဲ့တာ မယ်မယ့်ကို ကာကွယ်ပေးဖို့လေ... ဒါကြောင့် ဘာပဲဖြစ်ဖြစ် မယ်မယ့် အကျိုးစီးပွားကို အဓိကထားပြီး စဉ်းစားရမှာပဲ..."
ရူဟွမ်း ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက် ခိုင်မာမှုများ ပြည့်နှက်သွား၏။
အကယ်၍ မလွှဲမရှောင်သာသော အခြေအနေသို့ ရောက်လာခဲ့လျှင်... သူတို့နှစ်ဦး ထွက်လာပြီး အပြစ်အားလုံးကို သူတို့အပေါ် ပုံချကာ တာဝန်ယူလိုက်မည်ဟု တွေးထားလိုက်လေသည်။
ယောင်ထိုင်စံအိမ် တွင်။
လင်ကွေ့ဖေး သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဒီသတင်းကို သိနှင့်နေခဲ့ပြီး ဖြစ်သည်။
သို့သော် သူမ၏ တုံ့ပြန်ပုံက ယီဖေး နှင့် လုံးဝ ကွာခြားလှ၏။
ပေါင်လင်းဘုရားကျောင်း မှ ဘုန်းကြီးများကို နွေရာသီအပန်းဖြေနန်းတော် သို့ ကိုယ်တိုင် စီစဉ်ခေါ်ယူကာ တရားရွတ်ခိုင်းရုံသာမက စူးဖေး ၏ 'အသုံးအဆောင်ဟောင်း' များကိုပါ ဒုတိယမင်းသား ထံသို့ တမင် ပို့ပေးလိုက်သေးသည်။ ဒုတိယမင်းသား မိခင်အပေါ် လွမ်းဆွတ်တမ်းတစေရန် ရည်ရွယ်ချက်ဖြင့်ပင်။
ထိုအသုံးအဆောင်ဟောင်းများကို ကြည့်ရင်း ဒုတိယမင်းသား ၏ စိတ်ထဲတွင်တော့ သိပ်ပြီး ခံစားချက် မရှိလှပေ။
ဘာပဲဖြစ်ဖြစ် သူက လူကိုတောင် မြင်ဖူးခဲ့တာမှ မဟုတ်တာ။ ဒီ သက်မဲ့ပစ္စည်းလေးတွေကို ကြည့်ပြီး ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေ ပေါ်လာအောင် လုပ်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းတဲ့ ကိစ္စတစ်ခုပဲ။
သူ့မျက်နှာထား ငေးမောကာ တည်ငြိမ်နေသည်ကို မြင်သောအခါ တုမားမား က အနားသွား၍ နှောက်ယှက်ခြင်း မပြုတော့ပေ။
အခန်းတံခါးကို ပိတ်ပေးခဲ့ပြီး သူ့ကို တိတ်တဆိတ် နေစေလိုက်၏။
အနောက်ဆောင် တွင်မူ ယခုအခါ သွမ့်မားမား ဦးဆောင်သော အစေခံများကို တုမားမား က ပြဿနာရှာကာ နှစ်ယောက်ကို မောင်းထုတ်လိုက်ပြီ ဖြစ်သည်။ ကျန်နေသူများကတော့ အလုပ်ကို အသေအလဲ လုပ်ကြလေ၏။
နှမြောစရာကောင်းသည်မှာ ဒီလူတွေ အားလုံးက တုမားမား ၏ မျက်လုံးထဲတွင် အမှုန်အမွှားတွေလို ကန့်လန့်ဖြစ်နေ၏။ သူတို့ကို တစ်ယောက်ချင်း ရှင်းထုတ်ဖို့ ဆိုသည်မှာလည်း အချိန်တစ်ခုသာ လိုတော့၏။
သူမ နန်းတွင်းရေးရာဌာန သို့ သွားပြီး နန်းတွင်းသူအသစ်များ အခြေအနေကို သွားကြည့်ရန် ပြင်နေစဉ်မှာပင် အပြင်ဘက်တွင် ရက်အတော်ကြာ စောင့်နေခဲ့သော တုချန်ကျိုက် နှင့် ပက်ပင်းတိုးလေသည်။
သူမကို မြင်လိုက်သည်နှင့် တုချန်ကျိုက် မှာ ပျော်လွန်း၍ ပါးစပ်ပင် မပိတ်နိုင်တော့ချေ။
အမြန် ပြေးလာပြီး ဒူးထောက်ချကာ အော်ခေါ်လိုက်၏။
"အမေ..."
သို့သော် တုမားမား ၏ မျက်နှာမှာ တင်းမာနေပြီး သူမရှေ့မှ လူသည် ဟန်ဆောင်နေသည်ဟု ထင်မှတ်နေသကဲ့သို့ မည်သည့် ခံစားချက်မှ ဖော်ပြခြင်း မရှိပေ။
သူမ၏ ဒူးထောက်ရှိခိုးမှုကို ရှောင်ဖယ်လိုက်ပြီး ရိုရိုသေသေဖြင့် ပြောလိုက်သည်။
"သခင်မလေးတု... စကားပြော အပြုအမူကို ဆင်ခြင်ပါ... ဒီအစေခံ နဲ့ သခင်မလေးကြားက ကျေးဇူးတရားဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြတ်တောက်ပြီးသားပါ... အခုချိန်မှာတော့ ဒီ အမေ ဆိုတဲ့ အခေါ်အဝေါ်ကို လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး..."
"အမေ... သမီး မှားသွားခဲ့ပါတယ်... အဲဒီတုန်းက အမေ့စကားကို နားမထောင်ဘဲ နန်းတော်အပြင်မှာ အိမ်ထောင်မပြုဘဲ ကိုယ်လုပ်တော်လုပ်ဖို့ ကိုယ့်ဘာသာ ရွေးချယ်ခဲ့တာ... ဒီနှစ်တွေထဲ နောက်ဆောင်မှာ ဒုက္ခမျိုးစုံ ကြုံရတိုင်း သမီး အရမ်း နောင်တရခဲ့ပါတယ်... သမီး တကယ် မှားမှန်း သိပါပြီ... အမေ ခွင့်လွှတ်ပေးပါနော်..."
တုချန်ကျိုက် မှာ မျက်ရည်များ တပေါက်ပေါက်ကျအောင် ငိုကြွေးနေလေ၏။ အကယ်၍ ဤလမ်းလေးက လူသူကင်းမဲ့မနေလျှင် အခြားသူများ မြင်သွားနိုင်ချေ ရှိသည်။
သို့သော် သူမ ဘယ်လောက်ပဲ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေပါစေ တုမားမား ကမူ တစ်စက်လေးမှ ဂရုမစိုက်ချေ။
မျက်ဝန်းထဲတွင် ရွံရှာသည့် အရိပ်အယောင်ပင် တိုးဝင်လာပြီး ခေါင်းယမ်းကာ ပြောလိုက်၏။
"သခင်မလေး စကားတွေ လွန်ကုန်ပါပြီ... အမှားအမှန် ဆိုတဲ့ စကားတွေကို နောက်နောင် ထပ်မပြောပါနဲ့တော့... ကိုယ့်လမ်းကိုယ် ရွေးချယ်ပြီးမှတော့ ဆက်လျှောက်သွားရုံပေါ့... ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ခံယူရမှာပါပဲ... ဒီစကားတွေကို လွန်ခဲ့တဲ့နှစ်တွေက တစ်ခါ ပြောခဲ့ဖူးသလို... အခုလည်း အတူတူပါပဲ..."
သူမ၏ ပြတ်သားသော မျက်နှာထားကြောင့် ဒူးထောက်နေသော တုချန်ကျိုက် မှာ ခုနကလို နူးညံ့ပျော့ပျောင်းသော အသွင်အပြင်မျိုး မရှိတော့ပေ။
မျက်ဝန်းထဲတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
"အမေက တကယ်ပဲ ဒီလောက် ရက်စက်နိုင်တာလား... သမီး နန်းတော်ထဲမှာ အနိုင်ကျင့်ခံနေရတာကို မြင်ရက်သားနဲ့ လျစ်လျူရှုထားနိုင်တယ်ပေါ့..."
တုမားမား သည် သူမနှင့် အချိန်မဖြုန်းချင်တော့သဖြင့် ထိုနေရာမှ ချက်ချင်း ထွက်သွားလေတော့သည်။
ကျန်ခဲ့သော တုချန်ကျိုက် မှာတော့ အနောက်မှနေ၍ ဒေါသတကြီး ခြေဆောင့်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။
သူမဘေးတွင် တွဲပေးထားသော နန်းတွင်းသူ ချိုးယွင် ၏ မျက်နှာမှာလည်း သိပ်မကောင်းလှချေ။
နှာတစ်ချက်မှုတ်ကာ ပြောလိုက်၏။
"တုမားမား က တကယ်ကို ရက်စက်လွန်းတယ်... သခင်မလေးက ဒီလောက် အောက်ကျို့ပြီး တောင်းဆိုနေတာတောင်... သူက သွေးအေးအေးနဲ့ လျစ်လျူရှုသွားတယ်..."
"အဲလို မဟုတ်ဘူးလို့ ဘယ်သူပြောလဲ... ဒီလိုအမေမျိုးက တကယ်ကို အသုံးမကျဘူး..."
နွေရာသီအပန်းဖြေနန်းတော် သို့ ခဲရာခဲဆစ် ရောက်လာခဲ့သည်ဖြစ်ရာ တုမားမား ထံ လာပြီး ရင်ဖွင့်ရန် စဉ်းစားထားခဲ့ခြင်း ဖြစ်၏။
သားအမိ သံယောဇဉ်ကို ထောက်ထားပြီး သူမကို ကူညီပေးလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။
အခု လင်ကွေ့ဖေး ၏ စောင့်ရှောက်မှု အနည်းငယ် ရထားသော်လည်း... ကူညီမည့်သူ များများရှိလေ လမ်းပိုပွင့်လေ မဟုတ်လား။
အထူးသဖြင့် လူများ၏ မျက်စိရှေ့မှာ ပြန်လည် ထင်ပေါ်လာသည့် တုမားမား လိုမျိုးဆို ပိုလ်ု့ပင် ကောင်းသေးသည်။
"မူလကတော့ သူမကနေတစ်ဆင့် လင်ချန်ကျိုက် ကို ချဉ်းကပ်ဖို့ စဉ်းစားထားတာ... ငါ့မျက်နှာကို ဒီလောက်တောင် အရှက်ခွဲလိမ့်မယ်လို့ ထင်မထားမိဘူး... ကောင်းပြီလေ... နောက်နောင် သူမ ဒုက္ခရောက်တဲ့ အချိန် မရှိစေနဲ့ပေါ့... မဟုတ်ရင် ငါ့ရှေ့ လာတောင်းပန်တဲ့အခါကျရင်... ဒီနေ့ ခံခဲ့ရတဲ့ အရှက်ခွဲမှုတွေကို အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမယ်..."
ထိုသို့ ပြောပြီးနောက် လက်ကိုခါကာ ထွက်သွားလေတော့သည်။ ထိုနေရာတွင် တိတ်ဆိတ်မှုများသာ ကျန်ရစ်ခဲ့၏။
တုမားမား ကတော့ ဒီကိစ္စကို စိတ်ထဲမှာ သိပ်မထားဘဲ နန်းတွင်းရေးရာဌာန ဘက်သို့ ဆက်လျှောက်သွားလေသည်။
ဒုက္ခရောက်သွားသူမှာ အနောက်မှ လိုက်လာသော ချွမ်ချီ ပင်။
ဒီလျှို့ဝှက်ချက်ကြီးကို ကြားသွားခဲ့ပြီလေ။
သူမက တုမားမား နှင့်အတူ နန်းတွင်းရေးရာဌာန သို့ သွားရန် ရည်ရွယ်ခဲ့သော်လည်း တုမားမား ၏ ခြေလှမ်းများက မြန်လွန်းလှရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အခန်းပြင် ရောက်သွားခဲ့၏။
အချိန်ကိုက်ပင် နောက်မှ လိုက်သွားရာ ဒီမြင်ကွင်းနှင့် ပက်ပင်းတိုးတော့သည်။
ကြောက်လန့်ပြီး အမှောင်ထဲတွင် ပုန်းနေကာ အသံပင် မထွက်ရဲချေ။ ရှေ့ဆက်သွားဖို့လည်း မဖြစ်၊ နောက်ဆုတ်ဖို့လည်း မဖြစ်နိုင်တော့။
သူတို့နှစ်ဦး ထွက်သွားပြီး အချိန်အတော်ကြာမှသာ ဘယ်သူမှ ပြန်လှည့်မလာတော့မှန်း သေချာသဖြင့် ထွက်လာခဲ့လေသည်။
ထုံကျင်နေသော ခြေထောက်ကို ပုတ်ကာ ဟွေ့ဖန်းယာခြံဝင်း ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားတော့၏။
လင်ဝမ်ယိ ဤသတင်းကို ကြားသောအခါ အတော်လေး အံ့ဩသွားသည်။
ထို တုချန်ကျိုက် ကို သူမလည်း အကြိမ်အနည်းငယ် မြင်ဖူးခဲ့သည်။
လင်ကွေ့ဖေး ကို မှီခိုနေပြီး အနည်းငယ် မျက်နှာချိုသွေးတတ်သော်လည်း အကြောင်းမဲ့ ပြဿနာရှာတတ်သူမျိုးတော့ မဟုတ်ပေ။
ထို့ကြောင့် ပေါင်းသင်းရ လွယ်ကူသူဟု ဆိုနိုင်၏။
ဒါပေမယ့်... သူမနဲ့ တုမားမား က သားအမိတွေ ဖြစ်နေပြီး... ဆက်ဆံရေး ပျက်ပြားနေတာလား။
ဒါကိုတော့ သူမ တကယ် မထင်မှတ်ထားခဲ့ပေ။
"နင်ကို သူတို့ တွေ့မသွားဘူးမလား..."
"ဒီအစေခံ သေချာ သတိထားခဲ့ပါတယ်... မတွေ့သွားပါဘူး..."
"အင်း... အဲဒါဆိုရင် ရပြီ... ဒီကိစ္စကို သေချာ နှုတ်ပိတ်ထားရမယ်... ငါတို့ သုံးယောက်ပဲ သိဖို့လိုတယ်... ကြားလား..."
ချွမ်ချီ နှင့် ရှအန်း တို့နှစ်ဦးလုံး ခေါင်းညိတ်လိုက်ကြပြီး မျက်နှာထား အလွန် တည်ကြည်နေကြ၏။
လင်ဝမ်ယိ သည် တုမားမား ကို စတင်သိကျွမ်းခဲ့ချိန်မှစ၍ အခြေအနေများကို တိတ်တဆိတ် ပြန်လည်စဉ်းစားကြည့်ရာ ထူးခြားချက် တစ်ခုမှ မတွေ့ရပေ။
---