← Chapters

ဉာဏ်ကောင်း၍ ထူးချွန်သူ

Vol. 11 Ch. 104

ဉာဏ်ကောင်း၍ ထူးချွန်သူ

Vol. 11 Ch. 104

ခဏမျှ တွေးတောပြီးနောက် ဤကိစ္စကို စိတ်ထဲတွင်သာ မြိုသိပ်ထားလိုက်တော့၏။

သူတို့ သားအမိနှစ်ယောက်တောင် ဘာမှမပြောဘဲ နေမှတော့... သူမလို အပြင်လူတစ်ယောက်က ဘာသွားဝင်စွက်ဖက်စရာ ရှိမည်နည်း။

ထို့အပြင် ဒီကိစ္စကို သိသူက တစ်ယောက်နှစ်ယောက်တည်း ဖြစ်မည် မဟုတ်ပေ။

အားလုံးက မသိဟန်ဆောင်နေကြသည်ဆိုတော့ ဒီကိစ္စက ပြောစရာ မလိုဘူးဆိုသည့် သဘောပင်။

သို့သော် နောင်တစ်ချိန် တုချန်ကျိုက် နှင့် ဆက်ဆံရသည့်အခါ ပို၍ သတိထားရမည်ဟုသာ မှတ်ထားလိုက်၏။

မဟုတ်လျှင် ဘယ်အချိန် စကားမှားပြောမိသွားမည်ကိုပင် မသိလိုက်ဘဲ... အကြောင်းမဲ့ ရန်သူ တိုးလာနိုင်သည် မဟုတ်လား။

လက်ဖက်ရည် ခွက်ကို ယူကာ ဖြည်းဖြည်းချင်း တစ်ငုံ သောက်လိုက်သည်။

ထို့နောက် ရှအန်း ကို ပြောလိုက်၏။

"ငါ ကူးရေးထားတဲ့ ဗုဒ္ဓကျမ်းစာ တွေကို ဒုတိယမင်းသား ဆီ ပို့ပေးလိုက်ပါဦး... သူ ခဏနေရင် ကျင့်ဟန်နန်းဆောင် ကို သွားရဦးမှာလေ..."

"ဟုတ်ကဲ့ပါ..."

ရှအန်း သည် အထပ်လိုက် ရှိနေသော ဗုဒ္ဓကျမ်းစာ များကို ယူကာ အနောက်ဆောင် သို့ ထွက်သွားလေသည်။

လခြမ်းပုံစံ တံခါးပေါက် ကို ဖြတ်သွားလိုက်သည်နှင့် မျက်စိရှေ့တွင် ရှင်သန်ကြီးထွားနေသော ငှက်ပျောပင်များကို မြင်လိုက်ရ၏။

ဒီ နွေရာသီအပန်းဖြေနန်းတော် ထဲက ပန်းပင်တွေကို ပြုစုတဲ့ ဥယျာဉ်မှူးတွေရဲ့ လက်ရာက တကယ်ကို ပြောင်မြောက်လွန်းပါသည်။

မဟုတ်လျှင် ဒီအပင်တွေက ဒီလောက် စိမ်းလန်းစိုပြည်နေမည် မဟုတ်ပေ။

မြင်လိုက်ရုံနဲ့တင် မျက်စိထဲမှာ စိမ်းလန်းမှုများ အပြည့်ဖြစ်သွားစေ၏။

အခန်းဝသို့ ရောက်သောအခါ အစေခံ တစ်ယောက်မှ မရှိသည်ကို တွေ့ရသည်။

ဘာကြောင့်လဲ ဆိုတာကို သူတို့ အကုန်သိကြ၏။

တုမားမား ၏ ပြင်းထန်တဲ့ စည်းကမ်းတွေအောက်မှာ ဘယ်သူကများ ဒုတိယမင်းသား အနားကို အကြောင်းမဲ့ ကပ်ရဲမည်နည်း။

ကိုယ့်အသက် ကိုယ်တိုချင်လို့မှ မဟုတ်တာ။

ထို့ကြောင့် တံခါးကို ခပ်ဖွဖွ ခေါက်လိုက်ပြီး အခန်းထဲသို့ လှမ်းပြောလိုက်၏။

"ဒုတိယမင်းသား ... ဒီအစေခံ က ရှအန်း ပါ... သခင်မလေးလင် ပို့ခိုင်းလိုက်တဲ့ ပစ္စည်း လာပို့ပေးတာပါ..."

သိပ်မကြာခင်မှာပင် အခန်းတံခါး ပွင့်လာခဲ့၏။

ဒုတိယမင်းသား က ခင်မင်ဖွယ်ရာ အပြုံးဖြင့် ရှအန်း ကို မေးလိုက်သည်။

"မယ်မယ်လင် က ဘာများ ပို့လိုက်တာလဲ..."

"သခင်မလေး ကိုယ်တိုင် ကူးရေးထားတဲ့ ဗုဒ္ဓကျမ်းစာ တွေပါ... ခဏနေ ဒုတိယမင်းသား ကျင့်ဟန်နန်းဆောင် ကို သွားတဲ့အခါ တစ်ခါတည်း ယူသွားလို့ရအောင်ပါ..."

ဒုတိယမင်းသား က လှမ်းယူလိုက်ပြီး သေချာ ကြည့်လိုက်၏။

စာလုံးတိုင်းက အလွန် လှပသေသပ်ပြီး ညီညာစွာ စီစဉ်ထားရာ သေချာ အာရုံစိုက်ပြီး ရေးထားမှန်း သိသာလှသည်။

စိတ်ထဲတွင် လင်ဝမ်ယိ အပေါ် ကျေးဇူးတင်စိတ်များ ပိုမို တိုးပွားလာခဲ့ရ၏။

"မယ်မယ်လင် က နေမကောင်းသေးဘဲနဲ့... ဘာလို့ ဒီလောက် ပင်ပန်းခံနေရတာလဲ..."

"သခင်မလေး က နေ့တိုင်း သုံးနာရီလောက်ပဲ ရေးတာပါ... သိပ်တော့ မပင်ပန်းပါဘူး... စူးဖေးမယ်မယ် အတွက် ကျမ်းစာရွတ်ဖတ်ပေးတာဆိုတော့... စေတနာထားပြီး လုပ်ပေးတာ ပိုကောင်းတယ်လေ..."

ဒုတိယမင်းသား ထိုစကားကို ကြားသောအခါ ငြင်းဆန်မနေတော့ပေ။

ဗုဒ္ဓကျမ်းစာ များကို ကိုင်ထားရင်း ရှအန်း ကို ပြောလိုက်၏။

"အချိန်လည်း ကျလောက်ပြီ ဆိုတော့… ငါ သွားရတော့မယ်... ဆရာတော် တွေကို စောင့်ခိုင်းထားရင် မကောင်းဘူးလေ..."

ရှအန်း က အချိန်ကို တစ်ချက် ကြည့်လိုက်ရာ တကယ်ပင် သွားရမည့် အချိန်ဖြစ်နေပြီ။

ထို့ကြောင့် ပြန်ပြောလိုက်သည်။

"ဒါဆို ဒီအစေခံ သွားပြီး ရှောင်လုကျစ် ကို ခေါ်လိုက်ပါ့မယ်... သူ ဒုတိယမင်းသား နောက်က လိုက်သွားရင် ကျွန်တော်မျိုးမတို့လည်း စိတ်ချရတာပေါ့..."

"ကောင်းပြီ..."

ယခုအခါ ဒုတိယမင်းသား အနားတွင် အားကိုးရမည့် ကိုယ်ပိုင် မိန်းမစိုးလေး မရှိသေးသဖြင့် ပြေးလွှားလုပ်ကိုင်ပေးရသည့် ကိစ္စများကို ရှောင်လုကျစ် ကသာ တာဝန်ယူ လုပ်ဆောင်ပေးနေရ၏။

တစ်ယောက်တည်း အလုပ်နှစ်ခု လုပ်ရခြင်းပင်။

အကယ်၍ တခြားသူသာဆိုလျှင် ညည်းညူနေလောက်ပြီ။

သို့သော် ရှောင်လုကျစ် ကတော့ အလွန် ပျော်ရွှင်နေလေ၏။ ဒီအချက်က ချိုးမင် ကို အတော်လေး သဘောကျသွားစေသည်။

ချင်ကုန်းကုန်း ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့ တပည့်ဆိုတော့... ဉာဏ်လည်းကောင်းသလို အကင်းလည်း ပါးတာပဲ။

ကျင့်ဟန်နန်းဆောင် က နွေရာသီအပန်းဖြေနန်းတော် ၏ အနောက်မြောက်ဘက်တွင် တည်ရှိ၏။

နန်းဆောင်ဟု ခေါ်သော်လည်း အလွန် ကြီးကျယ်ခမ်းနားလှသည်။

အထဲတွင် နှစ်ပေါင်းများစွာ ကိုးကွယ်ထားသော ရွှေကိုယ်ထည် မဟာဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရှိပြီး ၎င်းကို မဟာဗုဒ္ဓမျှော်စင် ဟု ခေါ်ဆိုကြ၏။

မဟာဗုဒ္ဓမျှော်စင် ကို အလယ်ဗဟိုထားပြီး အရှေ့ဘက်တွင် ပင်မနန်းဆောင် ရှိသည်။

ပေါင်လင်းဘုရားကျောင်း မှ ကြွလာသော ဘုန်းကြီးများသည် ယခုအခါ အထဲတွင် စည်းကမ်းတကျ ထိုင်ကာ ကျမ်းစာများ ရွတ်ဖတ်နေကြ၏။

ဘေးနှစ်ဖက်တွင်တော့ ညဘက် အနားယူရန် သံဃာဆောင်များ ရှိပြီး အရှေ့တောင်ဘက်ရှိ မီးဖိုချောင်လေးကတော့ ဘုန်းကြီးများအတွက် ဆွမ်းကပ်ရန် တာဝန်ယူရသည့် နေရာဖြစ်သည်။

ရှောင်လုကျစ် က ဒုတိယမင်းသား နောက်မှ လိုက်ပါလာပြီး လင်ဝမ်ယိ ပို့ပေးလိုက်သော ဗုဒ္ဓကျမ်းစာ များကို ရိုသေစွာ ကိုင်ဆောင်ထား၏။

သူ၏ မျက်နှာထားမှာ အလွန် တည်ကြည်နေပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲချေ။

ဒုတိယမင်းသား နန်းဆောင်ထဲသို့ ဝင်လာသည်ကို ဘုန်းကြီးများ၏ ဦးဆောင်သူ ဆရာတော်ကျိယွမ် က မြင်လိုက်ရသည်။

သူက ယခုအခါ အသက် ရှစ်ဆယ်နား ကပ်နေပြီ ဖြစ်သော်ငြား ဉာဏ်ရည်နှင့် ရုပ်သွင်မှာတော့ အသက် ခြောက်ဆယ်ကျော်စ အရွယ်သာ ထင်ရ၏။

ကြင်နာသနားတတ်သော မျက်နှာထားနှင့် ပြည့်ဖြိုးသော ခန္ဓာကိုယ် ရှိသည်။

ဆရာတော် က ဒုတိယမင်းသား အနားသို့ လျှောက်လာပြီး နှုတ်ဆက်လိုက်၏။

"အမိတာဘ... ဒီနိမ့်ကျတဲ့ ဘုန်းဘုန်း ကျိယွမ် က ဒုတိယမင်းသား ကို နှုတ်ဆက်ပါတယ်..."

"ဆရာတော် အရိုအသေပေးစရာ မလိုပါဘူး... တပည့်တော် ယွီဝမ်ဟောင် က ဆရာတော်ကျိယွမ် ကို ဦးခိုက်ပါတယ်..."

မြတ်စွာဘုရား ရှေ့မှောက်တွင် မည်မျှပင် ကြီးမြတ်သော တော်ဝင်မိသားစုဝင် ဖြစ်ပါစေ မရိုမသေ မလုပ်ရဲကြပေ။

ထို့ကြောင့် ဒုတိယမင်းသား ၏ အပြုအမူက အလွန် ရိုသေကိုင်းရှိုင်းလှသည်။

"ဒီနိမ့်ကျတဲ့ ဘုန်းဘုန်း တို့က စူးဖေးမယ်မယ် အတွက် ကျမ်းစာရွတ်ပေးနေတာ ရက်အတော်ကြာပါပြီ... မယ်မယ်သာ တမလွန်ကနေ သိနိုင်မယ်ဆိုရင် စိတ်အေးချမ်းသာစွာနဲ့ သုဂတိဘုံကို ရောက်သွားမှာပါ..."

"ဆရာတော် ပင်ပန်းသွားပါပြီ... မယ်တော် နဲ့ တပည့်တော် က အရမ်းကို ကျေးဇူးတင်လှပါတယ်..."

ဆရာတော်ကျိယွမ် က အေးချမ်းစွာ ပြုံးလိုက်ပြီးနောက် လမ်းပြပေးလိုက်၏။

ဒုတိယမင်းသား က ပင်မနန်းဆောင် ၏ အလယ်ဗဟိုသို့ လိုက်သွားလိုက်သည်။

ကြမ်းပြင်ပေါ်တွင် ချည်ထိုးထားသော ထိုင်ရာအခင်း ကို ချထားပြီး အရှေ့ဘက်ရှိ ရွှေကိုယ်ထည် ဗုဒ္ဓရုပ်ပွားတော်ကြီး က သတ္တဝါအပေါင်းကို ကရုဏာမျက်ဝန်းများဖြင့် ငုံ့ကြည့်နေသယောင် ရှိ၏။

ဆရာတော်နှင့်အတူ အမွှေးတိုင် ထွန်းညှိပူဇော်လိုက်သည်။

ထို့နောက် ထိုင်ရာအခင်း ပေါ်တွင် ဒူးထောက်ကာ လက်အုပ်ချီပြီး ဗုဒ္ဓကျမ်းစာ များကို ရိုသေစွာ လိုက်လံရွတ်ဆိုလေတော့၏။

သူက နေ့စဉ် တစ်နာရီခန့် လာရောက် ဒူးထောက်လေ့ရှိရာ ကျမ်းစာများကို ကြားဖန်များလာသဖြင့် စာပိုဒ်အချို့ကို အလွတ် ရနေပြီ ဖြစ်သည်။

အများကြီး မဟုတ်သော်လည်း ဆရာတော်ကျိယွမ် ၏ အမြင်တွင်တော့ သူက ဉာဏ်ပညာပါရမီ အတော်လေး ရှိသူဟု သတ်မှတ်ထား၏။

ထို့ကြောင့် ဒုတိယမင်းသား အပေါ် ဆက်ဆံရာတွင် ပို၍ သဘောကောင်းနေခြင်း ဖြစ်သည်။

ရှောင်လုကျစ် သည်လည်း နန်းဆောင်အပြင်ဘက်မှ စောင့်နေရင်း အလွန် ရိုသေကိုင်းရှိုင်းစွာ ရှိနေ၏။

စိတ်ထဲတွင်လည်း မိသားစုများ အဆင်ပြေစေရန်၊ သခင်မလေး နှင့် ဒုတိယမင်းသား တို့၏ ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်လာစေရန် ဘုရားရှင်ထံ အဆက်မပြတ် ဆုတောင်းနေမိသည်။

အရှင်မင်းကြီး ရောက်လာချိန်တွင် ထိုမြင်ကွင်းနှင့် ကွက်တိ ပက်ပင်းတိုးလေ၏။

ဘုရားရှေ့တွင် ဒူးထောက်ကာ ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းနေသည့် ထိုခန္ဓာကိုယ်သေးသေးလေးကို မြင်လိုက်ရသောအခါ အရှင်မင်းကြီး ၏ စိတ်နှလုံးများ အတော်လေး နူးညံ့သွားရသည်။

မြတ်စွာဘုရား ရှေ့မှောက်တွင်ဖြစ်ရာ အရှင်မင်းကြီး ကိုယ်တိုင် ရောက်လာသော်လည်း... ကျမ်းစာရွတ်ဖတ် ပူဇော်သံများက ရပ်တန့်သွားခြင်း မရှိပေ။

ရှောင်လုကျစ် က တံခါးဝတွင် ရိုသေစွာ ဂါရဝပြုလိုက်ရာ အထဲရှိ ဆရာတော်ကျိယွမ် နှင့် ဒုတိယမင်းသား တို့ ကြားသွားကာ အပြင်သို့ ထွက်လာကြ၏။

"ဒီနိမ့်ကျတဲ့ ဘုန်းဘုန်း က အရှင်မင်းကြီး ကို နှုတ်ဆက်ပါတယ်... အရှင်မင်းကြီး ကျန်းမာပါရဲ့လား..."

"သားတော် က ခမည်းတော် ကို ဂါရဝပြုပါတယ်... ခမည်းတော် ကျန်းမာပါရဲ့လား..."

"မတ်တပ်ရပ်ကြပါ..."

မူလက ခါးညွှတ်ကာ၊ ဒူးထောက်ကာ နှုတ်ဆက်နေကြသူများ ယခုအခါ မတ်တပ်ရပ်လိုက်ကြ၏။

"ကိစ္စတွေ ဘယ်လိုဖြစ်သွားပြီလဲ..."

"အရှင်မင်းကြီး ကို လျှောက်တင်ပါတယ်... နောက်ထပ် သုံးရက်ဆိုရင် ဒီ ကျမ်းစာရွတ်ဖတ် ပူဇော်တဲ့ အခမ်းအနား ပြီးဆုံးပါပြီ... အဲဒီအချိန်ကျရင် ဒုတိယမင်းသား ကိုယ်တိုင် လက်ရေးနဲ့ ကူးရေးထားတဲ့ ဗုဒ္ဓကျမ်းစာ တစ်စောင်ကို ဒီနိမ့်ကျတဲ့ ဘုန်းဘုန်း က မီးရှို့ပူဇော်ပေးလိုက်ရုံပါပဲ..."

"အင်း... ဒါဆိုလည်း ကောင်းတာပေါ့... ဆရာတော် ပင်ပန်းသွားပါပြီ..."

"အရှင်မင်းကြီး အမိန့်ရှိလွန်းပါပြီ..."

စကားပြောနေစဉ် အရှင်မင်းကြီး ၏ အကြည့်က လင်ဝမ်ယိ လက်ရေးဖြင့် ကူးရေးထားသော ဗုဒ္ဓကျမ်းစာ အထပ်လိုက်ဆီသို့ ရောက်သွား၏။

သိချင်စိတ်ဖြင့် ကောက်ယူကာ ကြည့်လိုက်သည်။

"ဒါ ဘယ်သူ ကူးရေးထားတာလဲ... စာလုံးတွေက အတော်လှတာပဲ..."

"ခမည်းတော် ကို လျှောက်တင်ပါတယ်... ဒါ မယ်မယ်လင် ကူးရေးပေးထားတာပါ..."

"သူလား..."

အရှင်မင်းကြီး အတော်လေး အံ့ဩသွား၏။ သူ ဟွေ့ဖန်းယာခြံဝင်း သို့ သွားသည့် အကြိမ်အရေအတွက် မနည်းလှသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့သည်။

အများစုမှာ သူမက အဝတ်အစား ချုပ်နေတာ ဒါမှမဟုတ် အစားအသောက်တွေ လုပ်နေတာကိုပဲ မြင်ဖူးခဲ့တာလေ။

စာရေးတာ၊ ပန်းချီဆွဲတာ သူမ လုပ်တာကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။

သူမက အတော်လေး ဖုံးကွယ်ထားနိုင်တာပဲ။

ဒီလက်ရေးမျိုးက နှစ်ပေါင်းများစွာ လေ့ကျင့်ထားတာ မဟုတ်ရင် ရေးနိုင်မှာမဟုတ်ပေ။

နောက်ဆောင် ထဲတွင် စာတတ်သည့် ကိုယ်လုပ်တော်များ သိပ်မများလှပေ။

လန်ဖေး က ပန်းချီဆွဲ ကျွမ်းကျင်ပြီး ယင်းကွေ့ဖင် က ကဗျာစပ် ဝါသနာပါသော်လည်း... ဒီ လင်ဝမ်ယိ ကတော့ ဘာကို ဝါသနာပါမှန်း အရှင်မင်းကြီး တစ်စက်လေးမှ မရိပ်မိခဲ့ချေ။

"သူမက စေတနာရှိတာပဲ... ဒါဆိုလည်း ဆရာတော် က ဒီ ဗုဒ္ဓကျမ်းစာ တွေကို ဘုရားရှေ့မှာ ပူဇော်ပေးထားလိုက်ပါ..."

"ဟုတ်ကဲ့... ဒီနိမ့်ကျတဲ့ ဘုန်းဘုန်း အမိန့်တော်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်..."

စကားအနည်းငယ် ပြောပြီးနောက် အရှင်မင်းကြီး မှာ ဖြေရှင်းရမည့် နိုင်ငံရေး ကိစ္စများ ရှိနေသေးသဖြင့် ကျင့်ဟန်နန်းဆောင် မှ ထွက်ခွာသွားလေတော့သည်။

ကျမ်းစာရွတ်ဖတ် ပူဇော်သံများကတော့ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ထွက်ပေါ်နေဆဲပင်။

စူးဖေး ၏ ကိစ္စပင် မပြီးဆုံးသေးခင် အရှင်မင်းကြီး က နောက်ထပ် အမိန့်တော် တစ်ရပ် ထပ်မံ ထုတ်ပြန်လိုက်ပြန်၏။

ချီချောင်ပွဲတော် ရက်နှင့် တိုက်ဆိုင်နေသဖြင့် နန်းဆောင်အသီးသီးရှိ ကိုယ်လုပ်တော်များ အားလုံး မိမိတို့၏ မိသားစုဝင်များကို နွေရာသီအပန်းဖြေနန်းတော် သို့ ခေါ်ဆောင်ကာ နှစ်နာရီကြာ တွေ့ဆုံခွင့် ပြုလိုက်ခြင်း ဖြစ်သည်။

ဤသတင်း ထွက်ပေါ်လာသည်နှင့် ရှန်းကျင်းမြို့တော် တွင် မိသားစုဝင်ရှိကြသော ကိုယ်လုပ်တော်များမှာ ဝမ်းသာလွန်း၍ ပျော်မြူးသွားကြလေတော့၏။

---

All Chapters