← Chapters

သာလွန်ခြင်း အဆင့်

Vol. 25 Ch. 341

သာလွန်ခြင်း အဆင့်

Vol. 25 Ch. 341

ခုံသမာဓိ ငါးဦး အပါအဝင် များစွာသော ပရိသတ်များမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေကြ၏။ ကွင်းပြင်အတွင်း စိတ်ဝင်စားမှု အရှိန်အဟုန်က တရိပ်ရိပ်နှင့် ထိုးတက်လာသည်။ ကာလရှည်ကြာ စွဲမြဲလာသည့် ယုံကြည်ချက်များကို ပြောင်းလဲရန် ခက်ခဲသည် ဆိုသော်လည်း အသစ်အဆန်းနှင့် အပြောင်းအလဲများကို ကြည့်ရှုခံစားလိုသည်က လူသားတို့၏ သဘာဝ ဗီဇပင် ဖြစ်သည်။

သာလွန်ခြင်း အဆင့်... ထိုအရာက အဘယ်နည်း။

ဝေ့ဝူယင်မှာ စကားလုံးများ ပြောခြင်းဖြင့် ထပ်မံ အချိန်မဖြုန်းတော့ချေ။ သူက လက်ကျန် ဆေးအမယ်နှင့် ပါဝင် ပစ္စည်းများကို သုံးကာ စတင် ဖော်စပ်လေတော့၏။ ဘာမျှ မကြာလိုက်။ သူ့လက်ထဲတွင် ဆေးရည်ပုလင်းသုံးခု ရရှိလာခဲ့တော့သည်။ အဆင့်နိမ့်၊ အဆင့်မြင့် ဆေးရည်များ ဖော်စပ်ရသည်က သူ့အတွက် ထမင်းစား ရေသောက် ကဲ့သို့ လွယ်ကူလှသည်။ အထွတ်အထိပ် အဆင့် ‌ဆေးရည် ဖော်စပ်ရသည်ကသာ သူ့အတွက် နည်းနည်း ခက်ခဲခဲ့သည်။

အားလုံးကို အဆုံးသတ်ပြီးသည်နှင့် ဝေ့ဝူယင် ဆေးရည်ပုလင်းများကို ခုံသမာဓိများ၏ ရှေ့သို့  ယူဆောင်လာခဲ့၏။ အားလုံးမှာ ဝေ့ဝူယင် ထုတ်ဖော်ပြသမည့် အရာကို စိတ်လှုပ်ရှား နေကြသည်။ အထူးသဖြင့် ကျန်းဖေးလန်၏ အေးစက်သော မျက်လုံးများဆိုလျှင် ဝေ့ဝူယင်ထံမှ တစ်ဖဝါးမှ မခွာချေ။

သို့သော်လည်း ပထမဆုံး တုန့်ပြန်လာသူကတော့ ယီယွင်ပင် ဖြစ်သည်။ သူက ဝေ့ဝူယင် ပေးအပ်သည့် ပုလင်းလေး သုံးလုံးကို လက်ခံရင်း လျှင်မြန်စွာပင် အကဲခတ်လိုက်သည်။ ခဏချင်းပင် သူ၏ မျက်လုံးများက နက်မှောင်သွားကာ နှလုံးသားမှာ စတင် တုန်ရီလာ၏။ အစွမ်းကုန် တည်ငြိမ်ရန် ကြိုးစားနေသည့်တိုင် သူ မည်ကဲ့သို့ စွမ်းနိုင်မည်နည်း။

ကိုယ်စိတ်နှလုံး ဒုန်းဒုန်း ကြေမွသွားခြင်းနှင့် အတူ စိတ်ပျက် အားလျှော့မှုတစ်ခုကလည်း သူ့နှလုံးသား အတွင်း မွေးဖွားလာခဲ့၏။ နှစ်ပေါင်းထောင်နှင့်ချီ ယုံကြည်ခဲ့ရသော အယူအဆများက ဤကဲ့သို့ မိနစ်ပိုင်း အတွင်း ချိုးဖျက်ခဲ့လိုက်ရသည်မှာ ရယ်စရာကောင်းလွန်းလှသည်။ ရှုပ်ထွေးသော ခံစားချက်များမှာ ပွေလီစွာဖြင့် သူ့ နှလုံးသား အတွင်း ဂယက်ထနေ၏။ သို့သော်လည်း... ထူးဆန်းစွာပင် ထိုပွေလီသော ခံစားချက်များထဲတွင် မနာလိုခြင်းများ လုံးဝ မပါဝင်ခဲ့ချေ။

လူငယ်မျိုးဆက်သည် အမြဲလိုလို လူအိုကြီးများကို ကျော်ဖြတ်သွားလေ့ ရှိသည်။ ဝေ့ဝူယင်သည် ထာဝရ ဧကရာဇ် ကဲ့သို့‌ ခေတ်သစ်တစ်ခုကို ဦးဆောင်မည့် ပုဂ္ဂိုလ် ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့ အဂ္ဂိရတ် ပါရမီရှင်လေးနှင့် တစ်ခေတ်တည်း ရှင်သန်ခဲ့ရခြင်း အပေါ် ယီယွင်မှာ စိတ်လှုပ်ရှား သလိုပင် ခံစားလာရ၏။ ကြီးကျယ်ခမ်းနားလှသော ထာဝရ ဧကရာဇ်၏ ခေတ်ကို မမှီလိုက်သည့်တိုင် အာဏာရှင် ဧကရာဇ်လေး၏ ခေတ်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခွင့်ရခဲ့ပြီ ဖြစ်လေသည်။

“ဒါတွေက အဆင့်နိမ့်၊ အဆင့်မြင့်နဲ့ အထွတ်အထိပ် အဆင့် အရည်အသွေး ရှိတဲ့ ဆေးရည်တွေပဲ”

တစ်ချိန်တည်း၌ အခြားလူများမှာလည်း ဝေ့ဝူယင် ပေးအပ်လာသည့် ပုလင်း သုံးလုံးက မည်သည့် အရာများ ဖြစ်ကြောင်း သတိထားမိနေကြပြီ ဖြစ်သည်။ ယီယွင်ထက် မလျော့သည့် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှု ရေချိန်က သူတို့ ခန္ဓာကိုယ် တစ်ခုလုံးကို သိမ်းပိုက် စိုးမိုးထား၏။

မည်ကဲ့သို့သော မိစ္ဆာနည်း။ လင်းယုရန်မှာ နှုတ်ခမ်းတစ်စုံလုံး ခြောက်သွေ့ သလို ခံစားနေရ၏။ ထိုလူငယ်မှာ ဆေးရည် သုံးစုံလုံးကို မိနစ်ပိုင်း အတွင်း ဖန်တီးပြခဲ့ခြင်း ဖြစ်သည်။

ဆေးဖော်နေသည် ဆိုခြင်းမှ လွဲ၍ ဘာတွေ လုပ်လို့ လုပ်သွားမှန်းပင် သူတို့ သေသေချာချာ မမြင်လိုက်ရ။ မသိပါက အတွေးတစ်ချက်ဖြင့် အရာအားလုံးကို ဖန်တီးနေသည့်အတိုင်းပင်။

ဟူး... ဟူး...

ကောင်းကျိ၏ ဦးချိုများမှာ နတ်ဆိုး အငွေ့အသက်ဖြင့် တုန်ရီနေ၏။ သူ၏ ကြီးမားလှသော မျက်လုံးများက နားမလည်နိုင်သော ကလေး တစ်ယောက် ကဲ့သို့ စုန်ချည်ဆန်ချည်နှင့် ဆေးရည်ပုလင်းများမှ ဝေ့ဝူယင် မျက်နှာထံ အသွားအပြန် ရွေ့လျားနေသည်။

မမှား... ဆေးရည် သုံးစုံလုံးက မှတ်တမ်းများတွင် ဖော်ပြထားသည့် အရည်အသွေး သတ်မှတ်ချက်များ အတိုင်း လုံးဝ မမှား...။

ပုလင်းတစ်ခုထဲတွင် အရောင်များမှာ ဆက်တိုက် ဆိုသလို ပြောင်းလဲနေကာ နောက်ထပ် ပုလင်းထဲတွင် ဆိုလျှင် အရောင်များ အားလုံး တစ်ပြိုင်နက်တည်း ပါဝင်နေသည်။ နောက်ဆုံးသော ဆေးရည်မှာမူ နို့နှစ်ရည်လို အဖြူရောင် ဆွတ်ဆွတ် ဖြစ်သည်။

ဆေးရည်အမျိုးအစား သုံးခုလုံးကား စုံလင်နေချေပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် မှန်ကဲ့သို့ ကြည်လင်နေသည့် ဆေးရည်မှာ…

ရုတ်တရက်...

လောကကြီး တစ်ခုလုံးမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက် သွား၏။ များစွာသော လူများကား အသက်ရှူရန်ပင် မေ့လျော့ နေကြပြီ ဖြစ်သည်။ ဝေ့ဝူယင်က ပြုံးကာ ရှေ့သို့ လှမ်းတက် လိုက်၏။

"ဒီလောက်ဆို ခင်ဗျားတို့ သဘောပေါက် နားလည်ကြမယ် ထင်ပါတယ်… ကျုပ် ဖော်စပ်ခဲ့တဲ့ ဆေးရည်က  တကယ့်ကို သာလွန်ခြင်း အဆင့်ပါပဲ… ဒါပေမဲ့ အဲဒါက ဘာ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ် စေနိုင်လဲ ဆိုပြီး မေးရင်တော့ ကျုပ်လည်း မသိဘူး… တကယ်လို့ လူကြီးမင်းတို့ဘက်က မယုံကြည်နိုင်ဘူး ဆိုရင်လည်း ကျုပ် နောက်ဆုံး ဖော်စပ်ခဲ့တဲ့ အထွတ်အထိပ် အဆင့် ဆေးရည်ကိုပဲ အစားထိုးပြီး ဆုံးဖြတ်လို့ ရပါတယ်"

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ကြေညာ လိုက်သည်။

"မလိုပါဘူး…"

လီချီးက ချက်ချင်းပင် ခေါင်းခါလိုက်၏။ ဆေးရည်ကဏ္ဍတွင် ဝေ့ဝူယင် အနိုင်ရရှိသွားပြီ ဖြစ်ကြောင်းမှာ ချွင်းချက် မရှိပါချေ။ အခြား ခုံသမာဓိများတွင်လည်း တူညီစွာသော အတွေးများ ရှိကြပေသည်။

ချင်ကူးယင်သည် မျက်နှာကို ဇာပုဝါ၏ နောက်တွင် ဖုံးကွယ်ထားသော်လည်း သူမ၏ ဖရိုဖရဲ ဖြစ်နေသည့် စိတ်အခြေအနေကို အားလုံး ခံစားနိုင်ကြ၏။ သူမကား တစ်ခေတ် တစ်ယောက် သမိုင်းတွင်မည့် ပုဂ္ဂိုလ်ကိုမှ သွားကာ စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူမ ခံစားနေရမည့် နာကျင်မှုကို အားလုံး မှန်းဆ နိုင်ကြပေသည်။

ယီယွင်က ပင့်သက်တစ်ချက် ရှုက်ရင်း ကြေညာလိုက်၏။

"အာဏာရှင် ဧကရာဇ်ဝေ့ ပထမဆုံး ဖော်စပ်ခဲ့တဲ့ ဆေးရည်ဟာ တူညီတဲ့ ပစ္စည်းတွေကိုပဲ သုံးထားတယ် ဆိုပေမဲ့ အခြား သုံးခုနဲ့ သိသိသာသာ ကွာခြားနေတာ တွေ့မြင်ရတယ်… အဲဒါက သူ ပြောသလို သာလွန်ခြင်း အဆင့် ဟုတ်၊ မဟုတ် ကျုပ်တို့ သေချာ မဆုံးဖြတ် တတ်ပေမဲ့ လောကအလင်း ဆေးရည်ကတော့ ဖြစ်နေတုန်းပါပဲ… တကယ်လို့  သာလွန်ခြင်း အဆင့် မဟုတ်ဘူး ဆိုရင်တောင် ကျုပ် ယီယွင်ရဲ့ အတွေ့အကြုံ အရ အနည်း အထွတ်အထိပ် အဆင့်မှာ ရှိလိမ့်မယ်လို့ အာမခံရဲတယ်"

လီချီးက သဘောတူဟန်ဖြင့် ခေါင်းညိတ် လိုက်၏။ အတွေ့အကြုံရင့် အဂ္ဂိရတ် သမား တစ်ယောက်၏ အာရုံခံစားမှုဖြင့် သူသည်လည်း ထိုကဲ့သို့ ပြောရဲပေသည်။ ဆေးရည်ထဲတွင် မသန့်စင်မှု တစ်ခုတစ်လေပင် မပါဝင်ခြင်းက ထိုအချက်ကို အာမခံနေသည်။

"ကျုပ်လည်း သဘောတူတယ်…"

ကောင်းကျိက နတ်ဆိုး လေသံကြီးဖြင့် ကမ္ဘာတုန်အောင် ထောက်ခံလိုက်၏။ လင်းယုရန်ကလည်း သဘောတူလိုက်သည်။ ‌ကျန်းဖေးလန်ကမူ ခေါင်းကိုသာ ညိတ်၏။ သူမ၏ မျက်လုံးများကတော့ ဝေ့ဝူယင်ကို စွဲစွဲမြဲမြဲ စိုက်ကြည့်နေဆဲ ဖြစ်သည်။

ယီယွင်က ချင်ရူးယင်ဘက်သို့ လှည့်လိုက်၏။

"ကန့်ကွက်စရာ ရှိလား…"

" … "

ချင်ကူးယင်က ဘာမှ ပြန်မ‌ဖြေချေ။ ထို့အစား သူမက အောက်နှုတ်ခမ်းကို ကိုက်ရင်း ဝေ့ဝူယင်ကိုသာ ဒေါသရောပြွမ်းသော အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ သူမက ထာဝရ နတ်မိမယ်လေး ဖြစ်သည်။ ထာဝရ ဧကရာဇ်၏ အရိုက်အရာကို အမှန်တကယ် ဆက်ခံမည့်လူ ဖြစ်သည်။ ထို့အပြင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သို့သော်လည်း အသက် ပိုမို ငယ်ရွယ်ကာ၊ ဘာ အဂ္ဂိရတ် နောက်ခံမှ မရှိသည့် ဝေ့ဝူယင်က သူမကို အပြတ်အသတ် အနိုင်ပိုင်း သွားခဲ့သည်။ ရလဒ်ကို လက်မခံနိုင်ကြောင်း ချင်ကူးယင် စိတ်လွတ် ကိုယ်လွတ် အော်ဟစ်ပစ်ချင် နေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်တွင်ပင်… ချင်ကူးယွင်မှာ သူမကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လာခဲ့၏။

"ယင်အာ… ဘာတွေ စိတ်ပူနေတာလဲ… အဲဒါက ငါတို့ သိထားကြတဲ့ အရှင်သခင် အဆင့် အဂ္ဂိရတ် ပါရမီရဲ့ ထုတ်ကုန်ပဲလေ"

ထိုစကားလုံးများက အဆက်အစပ် မရှိသည့်တိုင် ဗြောင်းဆန်နေသည့် ချင်ကူးယင်၏ စိတ်ကို ရုတ်ချည်း တည်ငြိမ် သွားစေခဲ့သည်။ သူမက ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူမကလည်း ငယ်ရွယ်သေးသူ တစ်ယောက် ဖြစ်ပေသည်။

ချင်ကူးယွင်က ညင်သာစွာပင် စကားဆက် လိုက်၏။

"ဘာမှ အားငယ်စရာ မလိုဘူး… သမီးတို့ နှစ်ယောက်က တစ်ယောက် မရှိတာကို တစ်ယောက် ပိုင်ဆိုင်ထားတာပဲ… ဒါပေမဲ့ မတူတာက သမီး ပိုင်ဆိုင်ထားတာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်… အလားအလာ ဆိုတာက အချိန်အခါနဲ့ အကြောင်းသင့်ရင် ပြောင်းလဲသွားနိုင်တယ်… ဒါပေမဲ့ ကြယ်တာရာ ဝိညာဉ်က မပြောင်းနိုင်ဘူး… အဲဒါကို မ‌မေ့နဲ့"

ထိုစကားအဆုံး၌ ချင်ကူးယင်မှာ လုံးဝကို တည်ငြိမ်သွား၏။ သူမ၏ အမူအရာက ပြေလျော့သွားကာ လှပသော မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တဖိတ်ဖိတ် ပြန်လည် တောက်ပလာသည်။ သူမက တည်ငြိမ်စွာပင် ခုံသမာဓိများကို မျက်နှာချင်းဆိုင် လိုက်၏။

"ကျွန်မမှာ ကန့်ကွက်စရာ မရှိပါဘူး"

ယီယွင်က ချီးကျူးဟန်နှင့် ခေါင်းညိတ် လိုက်၏။ 'အနည်ဆုံးတော့ သူ့မှာ အရှုံးကို ဝန်ခံရဲတဲ့ သတ္တိရှိတာပဲ'

"ဆေးရည်ကဏ္ဍမှာ အနိုင် ရရှိသွားတဲ့လူကတော့ ဝေ့ဝူယင် ဖြစ်ပါတယ်"

‌ယီယွင်၏ ကြေညာသံက ကွင်းပြင်တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။ အမျိုးမျိုးသော အော်ဟစ် အား‌ပေးသံများက အနန္တ ဧကရာဇ်ဂြိုဟ် တစ်ခုလုံးကိုပင် ပွက်ပွက်ညံ သွားစေခဲ့သည်။ ဤသည်က အောင်ပွဲ တစ်ခုထက် များစွာ ပိုသည်။

အာရုဏ်ဦး ဧကရာဇ်သည် ရာဇဝင် တွင်မည့် သမိုင်းတစ်ခုကို သူတို့ ရှေ့၌ ကိုယ်တိုင် ကိုယ်ကျ ဖန်တီးနေခြင်း ဖြစ်သည်။ နှစ်သောင်းချီ တည်မြဲ‌ခဲ့သော မှားယွင်းနေသည့် ယုံကြည်ချက်များကို လက်တွေ့ကျကျ ချိုးဖျက်ပြနေခြင်း ဖြစ်သည်။ သူက အမှန်တရားနှင့် ထိတွေ့ခွင့် ရရှိရန် လောကကြီးကို သယ်ဆောင်နေခြင်း ဖြစ်သည်။

"အာဏာရှင် ဧကရာဇ်ဝေ့…"

"အာဏာရှင် ဧကရာဇ်ဝေ့…"

"အာဏာရှင် ဧကရာဇ်ဝေ့…"

လောကကြီး တစ်ခုလုံးမှာ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအင် တစ်ခု၏ တိုက်တွန်းမှုကို ခံနေရသည့် အလား စတင် သံပြိုင် ရေရွတ်လာကြ၏။ အတိုင်းအဆ မရှိ များပြားလှသော ခွန်အားမျိုးနှင့် အတူ ဝေ့ဝူယင်၏ နာမည်က တစ်လောကလုံးကို ပျံ့နှံ့ သွားသည်။

ဤသည်က အောင်ပွဲတစ်ခုမျှသာ မဟုတ်။ အနာဂတ် သူ၏ တည်ရှိမှုကိုပါ ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုအရာကို သက်သေပြရန် သူ လာနေခဲ့ချေပြီ။

***

All Chapters