အဆုံးသတ် ရလဒ်
Vol. 25 Ch. 342
“ဆေးရည် ကဏ္ဍမှာ အဖြေထွက်သွားပြီ ဆိုတော့ ကျုပ်တို့ ဆေးလုံးကဏ္ဍကို ဆက်လိုက်ကြတာပေါ့”
“ဝှစ်... ဝှစ်...”
ယီယွင်ကြေညာလိုက်သည်နှင့် ခုံသမာဓိ အဖွဲ့ဝင်များမှာ နောက်သို့ ဆုတ်ကာ ပလ္လင်များထက်၌ ပြန်လည် နေရာယူလိုက်ကြသည်။
ကျန်းဖေးလန် တစ်ယောက်ကတော့ ဝေ့ဝူယင်ကို စူးစူးစိုက်စိုက် ကြည့်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်သည် အထွတ်အမြတ် အလင်း နန်းတော် သခင်မ၏ လှပလှသော ထိုမျက်ဝန်းတို့မှ ထွက်ပြေးပုန်းရှောင်ရန် မကြိုးစားပါချေ။ သူက ပြန်ကြည့်ကာ ချိုသာစွာပင် ပြုံးပြလိုက်သေး၏။
"ဟမ့်... ယုတ်မာလိုက်တဲ့ ကောင်မ... သူ့အဘွားအေနဲ့ အတူတူပဲ”
ဝူယုက မကျေမနပ် ရေရွတ်သံက ခပ်ပြတ်ပြတ် ထွက်ပေါ်လာ၏။ ဝေ့ဝူယင် အသာအယာပင် ကြိတ်ကာ ပြုံးလိုက်မိ၏။ အရူးတစ်ယောက် မဟုတ်ရာ ကျန်းဖေးလန်၏ ရည်ရွယ်ချက်ကို သူ မည်ကဲ့သို့ မသိရှိပဲ နေမည်နည်း။
ကြီးမြတ်လှသည့် ထာဝရ ဧကရာဇ်ထံမှ မျက်နှာသာ ပေးမှုကို ရယူရန် အထွတ်အမြတ် အယ်ဗန် ဧကရီမှာ လှပလှသော ရုပ်ရည်ကို အသုံးချခဲ့ဖူးကြောင်း ဝူယုက သူ့ကို တစ်ခါ ပြောခဲ့ဖူးသည်။ သူမ၏ အမှားကို ပြင်ဆင်ပေးရန် အတွက် ထာဝရ ဧကရာဇ်မှာ နှစ်နှစ်ဆယ် လုံးလုံးသော အချိန်ကာလများကို ရင်းနှီးမြှုပ်နှံခဲ့ရသည်။ ဤသို့နှင့် မရေမတွက်နိုင်သော ပါရမီရှင်များ အကြားတွင် အယ်ဗန် ဧကရီမှာ ကြယ်တာရာ အမြုတေ အဆင့်ကို ကျော်လွန်ကာ လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချနိုင်ခဲ့သည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်လာခဲ့သည်။
“အဲဒီကောင်မက လက်ရှိ အမြင့်ကို ရောက်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က အလှအပနဲ့ မြူဆွယ်ပြီး ယောက်ျားတွေလို လှေကားထစ်လို သုံးခဲ့လို့ပဲ... တကယ့်ကို ရွံဖို့ကောင်းတယ်”
ဝူယုက မကျေမနပ်ဖြင့် ထပ်မံပြောလိုက်၏။ ဝေ့ဝူယင်ကတော့ ပြုံးရုံသာ ပြုံးနေ လိုက်သည်။ အကယ်၍ ကျန်းဖေးလန် ထိုကဲ့သို့ ပြုလုပ်ခဲ့သည်ဟု ဆိုလျှင်ပင် သူမအား မှားသည်ဟု စွပ်စွဲ၍ မရချေ။ ကျင့်ကြံခြင်း လောကတွင် အမြင့်ဆုံးသို့ တစ်ဆင့်ချင်း တက်လှမ်းရန် မိမိတွင် ရှိသည့် အရည်အချင်းများအား သုံးရသည်က ပုံမှန်သာ ဖြစ်သည်။ ကျင့်ကြံဖို့ရန်မှာ ခက်ခဲလွန်းလှသည်။
ပြောသာ ပြောရသည်။ ထိုဝူယုတို့မှာရော ဘာထူးခဲ့မည်နည်း။ ရုပ်ရည်နှင့် မဟုတ်လျှင်ပင် သူတို့သည်လည်း အခြားတစ်နည်းနည်းဖြင့် ထာဝရ ဧကရာဇ် စိတ်ကျေနပ်အောင် ကြိုးစားခဲ့ပေလိမ့်မည်။ ယခု... ထိုလူအိုကြီး၏ အဖြစ်က ချစ်ရသူတွင် အခြား မိန်းကလေး တစ်ယောက် ရှိနေခြင်း အပေါ် ကြိတ်ကာ မနာလိုနေသည့် မြီးကောင်ပေါက်မလေး တစ်ယောက်လိုပင်။
“နေဦး... မဟုတ်မှ လွဲရော...”
မမျှော်လင့်ပဲ ပေါ်လာသည့် အတွေးကြောင့် ဝေ့ဝူယင်မှာ ကြက်သီးများပင် ထသွားခဲ့၏။ သူ ခေါင်းကို ဘယ်ပြန်ညာပြန် ခါရင်း ထရယ်လိုက်မိသည်။ ဘာဖြစ်ဖြစ်... ထိုကဲ့သို့ ပြုလုပ်ခဲ့ရသည် ဆိုလျှင်ပင် ဝူယု မမှားချေ။
“ဘာတွေ ရယ်နေတာလဲ... နင်ရွေးဦးမှာလား...”
ရုတ်တရက် ထွက်ပေါ်လာသည့် အသံ ခပ်စွာစွာလေးကြောင့် ဝေ့ဝူယင်မှာ စိတ်ကူးကမ္ဘာထဲမှ ပြန်လည် နိုးထလာခဲ့၏။ သူက လှည့်ကြည့်လိုက်ရာ ဇာပုဝါအောက်တွင် ချင်ကူးယင် တစ်ယောက် မကျေမနပ်ဟန်နှင့် နှုတ်ခမ်းစူနေသည်ကို တွေ့လိုက်ရသည်။
“ဟုတ်သားပဲ... အဆင့်ကိုး အဆင့်နိမ့် ငရဲမီးတောက် ချော်ရည် ဆေးလုံးကို ရွေးလိုက်မယ်လေ... အဆင်ပြေတယ် မလား”
ဝေ့ဝူယင်က ရိုးရိုးရှင်းရှင်းပင် သူ့ ရွေးချယ်မှုကို ပြောလိုက်၏။
“အဆင့်ကိုး အဆင့်နိမ့် ငရဲမီးတောက် ချော်ရည်ဆေးလုံး...”
“ ... “
ချင်ကူးယင်က နည်းမလည်သည့် ပုံစံဖြင့် လိုက်လံ ရေရွတ်လိုက်၏။ အဆင့်ကိုး၊ အဆင့်နိမ့်... သူမ နားကြားလွဲသွားခြင်း ဖြစ်ကြောင်း သေချာလှသည်။
“နောက်တစ်ခေါက် ပြန်ပြီး...”
“ဝှစ်... ဝှစ်...”
သူမ စကားမဆုံးခင်မှာပင် ခုံသမာဓိများမှာ အလွန်လျှင်မြန်သော အရှိန်ဖြင့် စင်မြင့်ပေါ်သို့ ရောက်ရှိလာကြသည်။
“သူ အရှုံးပေးတယ်...”
မလှမ်းမကမ်းရှိ ချင်ကူးယွင်ကလည်း ထပ်တူထပ်မျှပင် စင်မြင့်ထက်သို့ ရောက်ရှိလာကာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများက ချောက်ချား ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကာ ဝေ့ဝူယင်ကို ငေးကြည့်နေသည်။ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဝေ့ဝူယင်ထံမှ ထွက်ပေါ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
ချင်ကူးယင်မှာ တိုက်ပွဲစင်မြင့်ထက်သို့ ခုံသမာဓိများ ရုတ်တရက် ရောက်ရှိလာခြင်းကြောင့် ထိတ်လန့် တုန်လှုပ်သွားသည်။ ဤနေရာတွင် အမှားအယွင်း တစ်ခုခု ဖြစ်သွား၍လော။ သူမ အကဲခတ် ကြည့်လိုက်ရာ ယီယွင်နှင့် လီချီးတို့၏ အမူအရာများက မခန့်မှန်းနိုင်လောက်အောင် နက်နဲနေသည်ကို တွေ့လိုက်ရ၏။ သူမက နားမလည်နိုင်စွာပင် ချင်ကူးယွင်ကို လှည့်ကြည့်လိုက်သည်။
ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်၏။ အဆင့်ကိုး အဆင့်နိမ့် ငရဲမီးတောက် ချော်ရည်ဆေးလုံးသည် အဆင့်နိမ့် ကျင့်ကြံသူများစွာကို အကန့်အသတ်ထက် ပိုလွန်သည့် မီးစွမ်းအင်များကို မွေးဖွားစေနိုင် သကဲ့သို့ လောကသခင် အဆင့်များစွာကို ပြာမှုန်အဖြစ် ပြောင်းလဲပစ်နိုင်အောင် အန္တရာယ်များသည်။
ချင်ကူးယင်မှာ ယခုမှ ကြယ်တာရာ အမြုတေ အဆင့်တစ်တွင်သာ ရှိသေးသည်။ ထိုမျှ ပြင်းထန်သည့် စွမ်းအင်များကို သူမ ကိုင်တွယ်နိုင်မှာ မဟုတ်သလို ပြဿနာများအား ဖြေရှင်းရန် သူမတွင် မီးရည်ရွယ်ချက်လည်း မရှိချေ။ အမှားအယွင်း တစ်ခုလေး ဖြစ်ပင်လျှင် သူမနှင့် အကြွင်းမဲ့ အရှင်သခင် မှော်ဆေးအိုးနှစ်ခုလုံးမှာ မီးတောက်များ၏ ဝါးမျိုမှုကို ခံသွားရလိမ့်မည် ဖြစ်သည်။ ထိုအရာကို ချင်ကူးယွင် မည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။
“ ... “
ထာဝရ နတ်မိမယ်လေးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမက ငတုံး တစ်ယောက် မဟုတ်လေရာ အရာရာ ဆက်စပ်စဥ်းစားနိုင်သွားပြီ ဖြစ်သည်။
စောစောက သူမ နားကြားလွဲခဲ့ခြင်း မဟုတ်ချေ။ ဝေ့ဝူယင်က အမှန်တကယ် အဆင့်ကိုး ဆေးလုံးအား ဖော်စပ်ရန် ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ၎င်းက တိုက်ပွဲအား အနိုင်ပိုင်းသည့် နည်းဗျူဟာ တစ်ခုလော ဆိုတောတော့ သူမလည်း မသေချာချေ။
ဘယ်လိုပဲဖြစ်ဖြစ်... ဤကဏ္ဍတွင် အရှုံးပေးလိုက်ပါက တိုက်ပွဲတစ်ခုလုံးကို သူမ အနိုင်ရတော့မည် မဟုတ်ချေ။ နောက်ထပ် နှစ်ပွဲဆက် နိုင်လျှင်ပင် ၂-၂ ဖြင့် သရေ ရလဒ်ကိုသာ ရရှိပေလိမ့်မည်။ ချင်ကူးယင် နှုတ်ခမ်းကို ကိုက်လိုက်၏။ အသက်နှင့် ရင်း၍ ဤတိုက်ပွဲကို ဆက်သင့်သလော...။
သနားစရာ ကောင်းလှသည့် မိန်းမလှလေးကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်မိ၏။ သို့သော်လည်း ထိုအပြုံးတွင် ထိုကြင်နာမှု စိုးစိမျှ မရှိချေ။ ထာဝရ မင်းသမီးလေး၏ အမြင့်ဆုံး အကန့်အသတ်ကို စမ်းသပ်ချင်သည်က သူ့ဆန္ဒ ဖြစ်သည်။ အကယ်၍ အဆင့်ကိုး ထုတ်ကုန်ကို သူမ မရွေးချယ်လျှင် သူ ရွေးရပေလိမ့်မည်။
“ ... “
ချင်ကူးယင် မျက်လုံးများကို ပင့်တင်ရင်း ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။ အပြစ်အနာအဆာ ကင်းမဲ့ကာ ချောမောလှသည့် မျက်နှာကို တွေ့သော အခိုက် သူမ ရင်ထဲတွင် ထူးဆန်းသည့် ခံစားချက် တစ်မျိုး မွေးဖွားလာသည်။ သူမက သူ့ပြိုင်ဘက် ဘယ်တော့မှ မဖြစ်နိုင်တော့။
ဝေ့ဝူယင် သူမကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဇာပုဝါ နောက်ကွယ်မှ ရုပ်လွှာကို အခြားလူများ မမြင်နိုင်သည့်နိုင် သူကမူ ကျိန်းသေ မြင်နိုင်သည်။ သူမ၏ လှပသော မျက်ဝန်းထောင့်လေးများမှာ စတင် စိုဆွတ်နေခဲ့ပြီ ဖြစ်သည်။ အလွန် ပြင်းထန်လှသော ခံစားချက်များက ဗြောင်းဆန်နေကာ ပေါက်ကွဲထွက်ခွာရန်ပင် တာဆူနေသည်။ ဘာကြောင့်မှန်း မသိ... သူမ၏ ခန္ဓာကိုယ်လေးကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးချင်သည့် ဆန္ဒများ ဝေ့ဝူယင်၏ နှလုံးသားတွင် တဖွားဖွား ပေါ်လာခဲ့၏။
ချက်ကူးယင်က ချင်ကူးယွင်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ခပ်ဖြည်းဖြည်းပင် ခေါင်းကို ငုံ့လိုက်၏။
“ငါ အရှုံးပေးတယ်...”
ယီယွင်နှင့် လီချီးတို့မှာ ရလဒ်ကို လက်ခံသည့် အလား ခေါင်းညိတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ်... နောက်ထပ် ကဏ္ဍနှစ်ခု ရှိပေသေးသည်။ အနည်းဆုံးတော့ သူမတွင် သရေရလဒ် ရရှိရန် မျှော်လင့်ချက်များ ရှိပေသေးသည်။ သူတို့ ကိုယ့်နေရာကို ပြန်သွားရန် ဟန်ပြင်လိုက်စဥ်မှာပင် ချင်ကူးယင်၏ အသံက တုန်ရီစွာပင် ထပ်မံ ထွက်ပေါ်လာ၏။
“ကျွန်မ ရှင့်ကို ရှုံးသွားတယ် ဆိုတာ ဝန်ခံတယ်... ဝေ့ဝူယင်... ရှင်က ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး... ရှင်နိုင်ပါတယ်”
“ ... “
“ဒီအဂ္ဂိရတ် တိုက်ပွဲတစ်ခုလုံးကို ရှင်နိုင်ပါတယ်... ကျွန်မ အရှုံးပေးတယ်”
...
အောင်ပွဲ၏ အရသာက အမြဲတမ်း ချိုမြိန်သည်။ သို့သော်လည်း ဒီတစ်ကြိမ်မှာတော့ ဝေ့ဝူယင် ခါးသက်မှုကိုသာ ခံစားနေရသည်။ အထီးကျန်ခြင်း ဟူသော ခံစားချက်က သူ့ရင်ထဲ လှိုင်းတံပိုးများကို တရိပ်ရိပ် တက်လာနေခဲ့၏။ ကွင်းတွင်း ကွင်းပြင်ရှိ သန်းပေါင်းများစွာသော ပရိသတ်များမှာမူ အရှိန်အဟုန်ပြင်းစွာနှင့် ပေါက်ကွဲနေကြပြီ ဖြစ်လေသည်။
“အာဏာရှင် ဧကရာဇ်ဝေ့...”
“အဏာရှင် ဧကရာဇ်ဝေ့...”
“အဏာရှင် ဧကရာဇ်ဝေ့...”
သူတို့သည် သူ့နာမည်ကို အဆုံးမဲ့စွာ အော်ဟစ်နေကြ၏။ အဆုံးမဲ့ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ လောင်မြိုက်မှုများမှာ ထိုအသံတို့တွင် စိမ့်ဝင်နေ၏။ ထိုအခိုက်၌ သူတို့ အားလုံးကား လုံးဝ ရူးသွပ်နေခဲ့ကြပြီ ဖြစ်လေသည်။
ဝေ့ဝူယင် အားလုံးကို ဝှေ့ကြည့်လိုက်ရင်း ပြုံးလိုက်မိ၏။ သူ မျက်လုံးများကို တဒင်္ဂမျှ မှိတ်ရင်း မိုးလုံးကျွတ် အော်သံများကို နားထောင်လိုက်သည်။ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းများကို မခံစားရသည့်တိုင် ထိုအခိုက်၌ ပြဿနာ အားလုံး လွင့်ပါးသွားသလို သူ ခံစားလိုက်ရ၏။ ငရဲ၏ ကပ်ဘေး၊ အပြစ်သား၏ သွေးမျိုးဆက်၊ သည်လောက၏ လျှို့ဝှက် ဆန်းကြယ်မှု... ဘာဆိုဘာမျှ မရှိတော့။
“ဒီဘဝမှာ ငါလိုချင်တဲ့ တစ်ခုတည်းသော အရာက ကိုးကွယ်ခံရဖို့ မဟုတ်ဘူး... အမှတ်တရ အဖြစ် ရှိနေဖို့ပဲ... လူတွေ အားလုံးက ငါ့ကို အမှတ်ရနေကြလိမ့်မယ်... ဒီခေတ်တစ်ခုလုံးက ငါ့အပိုင် ဖြစ်ရမယ်”
ဝေ့ဝူယင်၏ စိတ်အစဥ်က အလွန် တည်ငြိမ်သွား၏။ သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပြန်လည် ပွင့်ဟလာကာ လှပသည့် ကောင်းကင်နှင့် နေမင်းများကို ငေးကြည့်လိုက်သည်။
သည်နေ့တွင် သည်လောကကို သုံးလွှာ ကြယ်တာရာ နယ်မြေဟု ခေါ်သည်။ မနက်ဖြန်တွင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ မဖြစ်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
***