သတင်းကောင်း
Vol. 11 Ch. 105
ဝေးလံသော နေရာများမှ လာရသည့် ကိုယ်လုပ်တော်များကတော့ သူများ မိသားစုနှင့် ပြန်လည် ဆုံတွေ့ရသည်ကို အားကျစွာ ငေးကြည့်နေရုံသာ တတ်နိုင်တော့၏။
ဒီသတင်း ဟွေ့ဖန်းယာခြံဝင်း သို့ ရောက်လာချိန်တွင် လင်ဝမ်ယိ မှာ ဝမ်းသာလွန်း၍ ပါးချိုင့်လေးများပင် ပို၍ နက်သွားလေသည်။
"အရှင်မင်းကြီး ရဲ့ ဒီအမိန့်တော်က အချိန်မီ ရွာချလိုက်တဲ့ မိုးလေးလိုပဲ... သခင်မလေး ရဲ့ အိမ်လွမ်းနေတဲ့စိတ်ကို သက်သာသွားစေမှာပေါ့..."
"ဟုတ်တယ်... ဒါပေမယ့် ငါတစ်ယောက်တည်းမှ မဟုတ်တာ... အကုန်လုံးလည်း ဝမ်းသာနေကြမှာပဲ..."
ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တော် တစ်ယောက် မိသားစုနှင့် တွေ့ခွင့်ရမည်ဆိုသည်မှာ တစ်ချက်က ကိုယ်ဝန်ရှိနေပြီး မီးဖွားခါနီး အချိန်ဖြစ်ရမည်။ နောက်တစ်ချက်က ရာထူးအာဏာ ကြီးမားပြီး နန်းတွင်းစည်းမျဉ်းတွေအရ ခေါ်ယူပိုင်ခွင့် ရှိရမည်လေ။
သို့သော် ဤအချက် နှစ်ချက်စလုံးနှင့် ကိုက်ညီတဲ့သူ ရှားလှ၏။
ထို့ကြောင့် ဒီသတင်းက လူတိုင်းအတွက် အပူဒဏ်ကို သက်သာစေမည့် ဆေးကောင်းတစ်ခွက် ဖြစ်သွားသည်။
နောက်တစ်နေ့တွင် ချင်ကုန်းကုန်း ကိုယ်တိုင် ရောက်လာချိန်တွင်လည်း လင်ဝမ်ယိ ၏ မျက်ဝန်းများက ပြုံးရွှင်နေလေ၏။
"ဒီအစေခံ ချင်အန်း က သခင်မလေး ကို အရိုအသေပေးပါတယ်..."
"ချင်ကုန်းကုန်း အားနာစရာ မလိုပါဘူး..."
"သခင်မလေး လည်း မိသားစုဝင်တွေ နန်းတွင်း ဝင်ခွင့်ရတဲ့ ကိစ္စကို သိပြီးလောက်ပြီ ထင်ပါတယ်... ဒါကြောင့် ဒီအစေခံ ဒီနေ့ လာရတာက သခင်မလေး ရဲ့ အိမ်တော်ကနေ ဘယ်သူများ ဝင်လာမလဲလို့ လာမေးတာပါ... နန်းတွင်းရေးရာဌာန က စာရင်းမှတ်ထားဖို့ လိုလို့ပါ... အချိန်ကျရင် သခင်မလေး ရဲ့ မိသားစုဝင်တွေကို အဆင်ပြေပြေ လာပို့ပေးနိုင်အောင်လို့ပါ..."
"ချင်ကုန်းကုန်း ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မ အမေ ဝင်လာမှာပါ... လင်သုန်ရှီ ပါ..."
ချင်အန်း က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်၏။
"ဒီအစေခံ သိပါပြီ... အချိန်ကျရင် အားလုံး အဆင်ပြေအောင် စီစဉ်ပေးပါ့မယ်... သခင်မလေး စိတ်ချလက်ချ နေလို့ရပါတယ်..."
လင်ဝမ်ယိ မှာ အိမ်လွမ်းသည့်စိတ် ပြင်းပြနေသဖြင့် မူလက မမေးတော့ဟု စဉ်းစားထားသော်လည်း မေးကြည့်လိုက်လျှင်လည်း ဘာမှမဖြစ်ဘူးဟု တွေးကာ ပြောလိုက်သည်။
"ချင်ကုန်းကုန်း ... မိသားစုဝင်တွေ နန်းတွင်း ဝင်ခွင့်ကို ဘယ်အချိန်လောက် စီစဉ်ထားလဲ မသိဘူး..."
"သန်ဘက်ခါကစပြီး တဖြည်းဖြည်း နွေရာသီအပန်းဖြေနန်းတော် ထဲ ဝင်လာကြမှာပါ... ဒါပေမယ့် သခင်မလေး ရဲ့ ရာထူးက သိပ်မမြင့်သေးတော့ နှစ်ရက်လောက်တော့ စောင့်ရပါလိမ့်မယ်..."
"ရပါတယ်... ရပါတယ်... အမေ နန်းတွင်း ဝင်လာနိုင်ရင် ရပါပြီ... သုံးလေးငါးရက်လောက် စောင့်ရလည်း ဘာမှ မဖြစ်ပါဘူး..."
လင်ဝမ်ယိ လည်း ကောင်းကောင်း သိသည်။ ဒီ မောင်းမဆောင် ထဲမှာ ဘာပဲလုပ်လုပ် ရာထူးအဆင့်အတန်းအရ သွားရတာလေ။
ဥပမာပြောရလျှင် မိသားစုဝင်တွေ နန်းတွင်း ဝင်ခွင့်ရတာတောင် ပထမဆုံး လာရမည်က လင်ကွေ့ဖေး ရဲ့ မိသားစုပင် ဖြစ်မည်။
ရုံဟယ့်ဆောင် နဲ့ အနောက်ဆောင် က လူတွေဆိုရင် နှစ်ယောက်လောက်တော့ သေချာပေါက် လာရမှာပေါ။
သူတို့ အဆောင်ဘက်ကတော့ အမေ လာနိုင်ရင်ကို လုံလောက်ပါပြီ။
ချင်ကုန်းကုန်း နှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် လင်ဝမ်ယိ က လူလွှတ်ကာ သူ့ကို ကောင်းမွန်စွာ ပြန်လွှတ်လိုက်လေသည်။
လူထွက်သွားသည်နှင့် လင်ဝမ်ယိ က အမြန် ညွှန်ကြားလိုက်၏။
"မြန်မြန်... ပစ္စည်းတွေ ထပ်ပြင်ထားလိုက်... ဒီမက်မွန်သီးနဲ့ လုပ်ထားတဲ့ ယိုကို အမေ အရသာမြည်းကြည့်ဖို့ တစ်အိုးလောက် ထည့်ပေးလိုက်... ပြီးတော့ အမေ ကြိုက်တဲ့ ကွေ့ဟွာမုန့် လည်း ထည့်ပေး... အော် ဟိုတစ်ခေါက်က နင် လုပ်ထားတဲ့ အမဲသားခြောက် လည်း မဆိုးဘူး... နည်းနည်း သွားယူလိုက်... မောင်လေး နဲ့ အဖေ လည်း စားကြည့်လို့ရတာပေါ့..."
လင်ဝမ်ယိ က ခဏနေ တစ်ခု သတိရလိုက် ထည့်ခိုင်းလိုက်၊ နောက်ခဏနေ နောက်တစ်ခု သတိရလိုက် ထည့်ခိုင်းလိုက်နှင့် ဖြစ်နေ၏။
ဘေးတွင် ရပ်နေသော ချွမ်ချီ နှင့် ရှအန်း တို့မှာ သူမ၏ အပြုအမူကို ကြည့်ကာ ပြုံးရယ်နေကြတော့သည်။
"သခင်မလေး... ဒါက ဒီအစေခံ တွေကို ရှိသမျှ အစားအသောက်တွေ အကုန် ထုပ်ပိုးခိုင်းနေတာလား... ဒီအစေခံ တွေ လုပ်ပေးနိုင်ရင်တောင် သခင်မကြီး တစ်ယောက်တည်း အဲ့လောက် အများကြီး ဘယ်လို သယ်သွားနိုင်မှာလဲ..."
ဒီအချက်ကို ပြောလာမှ လင်ဝမ်ယိ သက်ပြင်းချလိုက်မိ၏။
"ဟုတ်သားပဲ... အမေ နန်းတွင်း ဝင်လာနိုင်တာကပဲ တကယ့် ကြီးမားတဲ့ ကျေးဇူးတော်ကြီးပါ... အစေခံတွေ အုပ်လိုက်ကြီး ခေါ်လာလို့မှ မရတာ..."
သူမ တစ်ယောက်တည်းဆိုတော့ ဒီလောက် ပစ္စည်းအများကြီး သယ်နိုင်မှာ မဟုတ်ဘူးလေ။
ထို့ကြောင့် ဒီအကြံကို ဖျက်သိမ်းလိုက်ရတော့သည်။
အမေနဲ့ တွေ့ရမည့်ရက် အမြန်ဆုံး ရောက်လာဖို့ကိုသာ နေ့စဉ် မျှော်လင့်နေမိတော့၏။
ဟွေ့ဖန်းယာခြံဝင်း တစ်ခုလုံး အလွန် ပျော်ရွှင်နေကြသော်လည်း သတင်းရရှိသည့် အမတ်ချုပ်အိမ်တော် ကတော့ ထိုသို့ မဟုတ်ချေ။
ရုံဟယ့်ဆောင် တွင် မင်းသမီးရုံခန့် က အပေါ်ဆုံးခုံတွင် ထိုင်ကာ မျက်လုံးမှိတ်ပြီး အနားယူနေ၏။
အောက်ဘက်တွင် ထိုင်နေသော ဒုတိယသခင်မ ဝမ်ရှီ ကတော့ စကားတွေ မရပ်မနား ပြောနေလေသည်။
"ချွေးမ အထင်တော့... ကျွန်မတို့ နန်းတွင်း ဝင်ရတာ သဘာဝကျပါတယ်... ဒါပေမယ့် ဘာလို့ အရှေ့ဆောင် က လူတွေပါ အတူတူ ဝင်ခွင့်ရတာလဲ..."
ဒုတိယသခင်မ ဝမ်ရှီ မှာ ဒေါသထွက်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေ၏။
မင်းသမီးရုံခန့် ကတော့ ခုနက သတင်းလာပို့သူ၏ စကားပြောဟန်ကို စဉ်းစားနေမိသည်။
အထူးသဖြင့် ပထမသခင်မ ကို အခေါ်လွှတ်ကာ သေချာ အကဲခတ်ပြီး ပြောသွားခဲ့သည် မဟုတ်လား။
"ပထမသခင်မ ရဲ့ ကျန်းမာရေးက မဆိုးပါဘူး... နောက်ရက်အနည်းငယ်နေရင် ကျန်းကျန်းမာမာနဲ့ နန်းတွင်း ဝင်နိုင်မှာပါ... အရှင်မင်းကြီး ရဲ့ အမိန့်တော်က အမတ်ချုပ်အိမ်တော်ရဲ့ မိသားစုဝင်တွေ အကုန်လုံး တစ်ရက်လောက် နွေရာသီအပန်းဖြေနန်းတော် ကို လာခဲ့ပါလို့ ပြောပါတယ်... အချိန်ကျရင် လာခေါ်မယ့်သူ ရှိပါလိမ့်မယ်..."
ဒါက သူတို့ကို သတိပေးသွားတာ မဟုတ်ဘူးလား။
အကြံအစည်တွေ လျှော့ဖို့၊ လူတွေ အကုန်လုံး အကောင်းပကတိ နွေရာသီအပန်းဖြေနန်းတော် ကို လိုက်သွားရမယ်ဆိုတာကို သတိပေးသွားတာလေ။
မဟုတ်ရင် အရှင်မင်းကြီး ရှေ့မှာ ဖြေရှင်းရ ခက်သွားလိမ့်မယ်။
ကြည့်ရတာ ဒီ ကောင်မလေး ယိ က အတော်လေး စွမ်းတာပဲ။
နန်းတွင်း ဝင်သွားတာ သုံးလလောက်ပဲ ရှိသေးတယ်... အရှင်မင်းကြီး ဆီက ဒီလောက် အကာအကွယ် ရနေပြီ။
ဒါကြောင့်လည်း ကောင်မလေး ကျိုး က စိတ်လောပြီး သတင်းတွေ ပို့နေတာကိုး။
ပထမအိမ်တော် က သားဖြစ်သူ စစ်တပ်ထဲ ဝင်သွားတာကို ပြန်တွေးကြည့်ရင်... ရိုးရိုး စစ်သားလေး ဆိုပေမယ့် နောင်တစ်ချိန် ဘယ်လို အနာဂတ်မျိုး ရှိလာမလဲ ဘယ်သူ သိနိုင်မှာလဲ။
ဒါကြောင့် သတိထားတာ ပိုကောင်းမယ်။
ဒါပေမယ့် အခုအချိန်က သုန်ရှီ ကို ဖိနှိပ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး... အရာအားလုံးကို သူတို့ နန်းတွင်း ဝင်သွားပြီးမှ ဆုံးဖြတ်တာ အကောင်းဆုံးပဲ။
ထို့ကြောင့် မျက်နှာထားကို တင်းမာလိုက်ပြီး ဒုတိယသခင်မ ကို ပြောလိုက်၏။
"တော်တော့... ဒါ အရှင်မင်းကြီး ရဲ့ အမိန့်တော်လေ... နင်က ဒီမှာ လာပြီး ဝေဖန်နေစရာ လိုလို့လား... စကားပြောဆင်ခြင်... နင့်စကားကြောင့် တစ်မိသားစုလုံး ဒုက္ခရောက်သွားမယ်..."
ဒုတိယသခင်မ မှာ မင်းသမီးရုံခန့် ၏ အော်ငေါက်ခံလိုက်ရသဖြင့် ချက်ချင်း ငြိမ်ကျသွားတော့သည်။
အမြီးကုပ်ပြီး နေဖို့ကလွဲ၍ သူမ ဘာမှ မတတ်နိုင်ချေ။
သူမ၏ ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာကို မြင်သောအခါ မင်းသမီးရုံခန့် က သူမ စကားပြောမှားသွားသည်ဟု ခံစားလိုက်ရပြန်၏။
နောင်တစ်ချိန် အိမ်ကို ဦးစီးရမည့် သခင်မ ကို နေ့တိုင်း သူမက ဖိနှိပ်ထားလို့ မဖြစ်ဘူးလေ။
အကယ်၍ သူမနှင့် အမတ်ချုပ်ကြီး ကွယ်လွန်သွားချိန်တွင်... သူတို့က မိသားစုကို မထိန်းကျောင်းနိုင်လျှင် ဘာမှ အသုံးဝင်မည် မဟုတ်ပေ။
ထို့ကြောင့် လေသံကို ပြန်လျှော့လိုက်ပြီး ပြောလိုက်သည်။
"ငါ သိပါတယ်... နင်လည်း ကလေးတွေ အတွက် ကောင်းစေချင်လို့ အရှေ့ဆောင် ကို နေရာတကာ ဖိနှိပ်ချင်နေတာ... ဒါပေမယ့် လွန်ကျူးသွားရင် မကောင်းဘူး... ခွေးကို လမ်းကြိုလမ်းကြားထဲ မောင်းသွင်းမိရင် အကိုက်ခံရတတ်တယ်..."
ဒုတိယသခင်မ ဝမ်ရှီ ထိုစကားကို ကြားသောအခါ ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။
သို့သော် စိတ်ထဲတွင်တော့ သိပ်ပြီး ဂရုမစိုက်လှချေ။
မင်းသမီးရုံခန့် နှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် ရုံဟယ့်ဆောင် မှ ထွက်ခွာလာခဲ့သည်။
မူလက အနောက်ဆောင် သို့ ပြန်မည်ဟု ရည်ရွယ်ထားသော်လည်း လမ်းတစ်ဝက်တွင် တွေးလေတွေးလေ ဒေါသထွက်လေ ဖြစ်လာ၏။
"ငါ့သမီးလေးက ကွေ့ဖေး လေ... သူတို့အိမ်က ချန်ကျိုက် လေးက ဝင်ပြီး လူလုံးထွက်ပြနေတာ... ငါက အမေတစ်ယောက်ဖြစ်ပြီး သမီးအတွက် ဒေါသမထွက်ပေးနိုင်ရင်... နောင်ဆို ပထမအိမ်ခွဲ က လူတွေက ခေါင်းပေါ် တက်နင်းတော့မှာပေါ့..."
ထို့ကြောင့် ဘေးရှိ ဝမ်မားမား ကို လှမ်းပြီး တိုးတိုးလေး ပြောလိုက်၏။
ဝမ်မားမား ၏ မျက်ဝန်းများ အရောင်လက်သွားပြီး ချက်ချင်းပင် မျက်နှာချိုသွေးကာ ပြုံးလိုက်သည်။
"ဒုတိယသခင်မ စိတ်ချပါ... ဒီအစေခံ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်..."
ထို့နောက် အနောက်ဘက်သို့ လှည့်ကာ အရှေ့ဆောင် ၏ ယွိရှင်းကျိုင် သို့ ဖြည်းဖြည်းချင်း လျှောက်သွားလေတော့၏။
ထိုအချိန်တွင် အရှေ့ဆောင် ၌ ပထမသခင်မ သုန်ရှီ မှာ ဘာတွေ ဖြစ်လာမည်ကို တစ်စက်လေးမှ မသိသေးပေ။
သူမ၏ စိတ်ထဲတွင် သမီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ရမည့် ကိစ္စကိုသာ တွေးတောနေမိ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ခင်ပွန်းဖြစ်သူထံမှ သမီးဖြစ်သူ အဆိပ်မိပြန်ပြီဟူသော သတင်းကို ကြားလိုက်ရစဉ်က သူမ ဘယ်လောက်တောင် စိုးရိမ်ခဲ့ရသလဲဆိုတာ ကောင်းကင်ဘုံသာ သိလိမ့်မည်။
ညဘက်များဆိုလျှင် အိပ်မပျော်ဘဲ တစ်ခုခုများ အမှားအယွင်း ဖြစ်သွားခဲပါက လူအိုကြီးတွေက လူငယ်လေးကို ရေဝေးလိုက်ပို့ရမည့် အခြေအနေမျိုးဖြစ်သွားမည်ကို အလွန်ကြောက်နေခဲ့ရသည်ပင်။
ကံကောင်းစွာဖြင့် အရှင်မင်းကြီး ၏ ရွှေနှုတ်တော်ထွက် စကားကြောင့်သာ...
သူတို့ကို နန်းတွင်း ဝင်ပြီး တွေ့ဆုံခွင့်ပေးမယ်လို့ ပြောခဲ့တာ တကယ် ဖြစ်လာခဲ့ပြီ။
မူလက နှစ်သစ်ကူး အချိန်လောက်မှ ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဒီလောက် မြန်မြန် နွေရာသီအပန်းဖြေနန်းတော် ကို ဝင်ခွင့်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ထို့ကြောင့် နည်းလမ်းပေါင်းစုံဖြင့် ပြင်ဆင်နေတော့၏။
သူမက ဘေးအိမ်ခွဲ က လူများနှင့် အတူတူ သွားရမည်ဖြစ်ရာ ပစ္စည်းအများကြီး သယ်သွား၍ မရပေ။
တစ်ချက်က စည်းကမ်းနှင့် မညီသလို၊ နောက်တစ်ချက်က ပထမအိမ်ခွဲ ကို အခြားသူများ လှောင်ပြောင်စရာ ဖြစ်သွားစေမည်။ ဒါဆိုရင် အနာပေါ် ဆားပက်သလို ဖြစ်သွားမှာပေါ့။
ထို့ကြောင့် စဉ်းစားရင်း စဉ်းစားရင်း မိဘအိမ် သို့ တစ်ခေါက်သွားရန် ဆုံးဖြတ်လိုက်သည်။
သမီးအတွက် ဆေးမယူသွားနိုင်ရင်တောင် ဆေးညွှန်းလေး တစ်စောင်လောက် ရရင်လည်း ကောင်းတာပဲလေ။
ထို့ကြောင့် စကားပြောနေစဉ်မှာပင် အစေခံများကို မြင်းလှည်း ပြင်ခိုင်းကာ သုန်မိသားစုအိမ်တော် သို့ ထွက်ခွာသွားလေတော့၏။