← Chapters

တင်းကျပ်သော မိသားစုစည်းမျဉ်း

Vol. 11 Ch. 106

တင်းကျပ်သော မိသားစုစည်းမျဉ်း

Vol. 11 Ch. 106

ရှန်းကျင်းမြို့တော်အတွင်း၌ အရပ်သားများ ပြောဆိုလေ့ရှိသော စကားပုံတစ်ခု ရှိလေသည်။

မြောက်က မြင့်မြတ်၊ တောင်က ချမ်းသာ၊ အရှေ့က ငွေကြေး၊ အနောက်က လူသား ဟူ၍ပင်။

ဆိုလိုသည်မှာ မြောက်ဘက်တွင် အာဏာရှိသော မှူးမတ်များ နေထိုင်ကြပြီး တောင်ဘက်၌ ချမ်းသာကြွယ်ဝသော ဈေးဆိုင်တန်းများ ရှိလေသည်။ အရှေ့ဘက်တွင် ကုန်သည်များ အများဆုံးဖြစ်ပြီး အနောက်မြောက်ဘက်၌မူ လက်မှုပညာသည်များနှင့် သာမန်ပြည်သူများ စုဝေးနေထိုင်ကြခြင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရှန်းကျင်းမြို့တော်၌ မျိုးဆက်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သော သုန်အိမ်တော်သည် အရှေ့တောင်ဘက် ရပ်ကွက်တွင် တည်ရှိလေသည်။

လမ်းမကြီး သုံးသွယ်၊ လမ်းသွယ်လေး ခြောက်သွယ်ဖြင့် ရပ်ကွက်ကို စနစ်တကျ ခွဲခြားထား၏။ ထိုရပ်ကွက်တွင် သုန်မိသားစု နေထိုင်သော နေရာမှာကား 'တုန်းဝမ်လမ်း' ဟူသော နာမည်လှလှလေးတစ်ခု ရှိပေသည်။

လမ်းမပေါ်တွင် ဈေးသည်များ ဈေးခင်းနေကြပြီး ဆိုင်အကူလေးများက ဈေးခေါ်နေသည့် မြင်ကွင်းများကို နေရာတိုင်း၌ တွေ့ရ၏။ လူများ ကျပ်တည်းနေခြင်းမျိုး မဟုတ်သော်ငြား အတော်လေး စည်ကားလှပေသည်။

သုန်အိမ်တော်သည် တုန်းဝမ်လမ်း၏ ထိပ်တွင် ရှိသည်။ အပြင်ဘက်မှ ကြည့်လျှင်မူ အိမ်ရှေ့မျက်နှာစာမှာ သိပ်မကျယ်လှပေ။ သေသေချာချာမကြည့်ပါက သာမန်ပြည်သူများ၏ အိမ်လေးတစ်လုံးဟုပင် ထင်မှတ်မှားနိုင်ပေသည်။ သို့သော် အတွင်းပိုင်း၌မူ လုံးဝကို ကွဲပြားခြားနားလှ၏။ အရှေ့ဆောင်နှင့် အနောက်ဆောင် ပါဝင်သော ခြံဝင်းကြီးတစ်ခု ဖြစ်လေသည်။

တံတားငယ်လေးများ၊ စီးဆင်းနေသော ရေစီးကြောင်းလေးများနှင့် တကယ့်ကို ရှေးဆန်ကာ သေသပ်လှပလှ‌ပေသည်။ ကုန်သည်မိသားစု ဖြစ်သော်ငြား ဓနရှင်ပေါက်စကဲ့သို့ အငွေ့အသက်မျိုး လုံးဝမရှိပေ။ ထိုအစား ပညာရှိများ နှစ်သက်ကြသည့် ထင်းရှူးပင်များ၊ ဆိုက်ပရပ်စ်ပင်များ၊ မက်မွန်၊ သစ်ခွ၊ ဝါးနှင့် ဂန္ဓမာပင်များကို အများအပြား စိုက်ပျိုးထားလေသည်။ ရှုခင်းများမှာ သာယာလွန်းသဖြင့် ကျန်းနန်ဥယျာဉ်ကြီးကို အိမ်ထဲသို့ ရွှေ့ပြောင်းထားသလားဟုပင် ထင်မှတ်ရသည်။

သခင်မသုန်၏ ဝေါယာဉ်သည် တံခါးဝ၌ ရပ်တန့်သွားပြီး အစေခံ ချန်ကျွမ်းနှင့် စုကျွမ်းတို့က သူမကို တွဲကူကာ ဝေါယာဉ်ပေါ်မှ ဆင်းစေသည်။

တံခါးစောင့်လေးမှာ အိမ်တော်၏ တတိယသခင်မ ပြန်လာသည်ကို မြင်သောအခါ ချက်ချင်း ရှေ့တိုး၍ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်လေ၏။

"ဒီအစေခံ တတိယသခင်မလေးကို ဂါရဝပြုပါတယ်... တတိယသခင်မလေး ဘယ်လိုလုပ် ပြန်ရောက်လာတာပါလဲ..."

"သခင်ကြီးတို့ရော... အိမ်မှာ ရှိကြလား..."

"ရှိပါတယ်... ဒါပေမဲ့ ပထမသခင်ကြီး၊ ဒုတိယသခင်ကြီးနဲ့ ဒုတိယသခင်မတို့တော့ အိမ်မှာမရှိကြပါဘူး..."

သခင်မသုန်သည် ခဏစဉ်းစားပြီးနောက် တံခါးစောင့်အား ချက်ချင်း အမိန့်ပေးလိုက်လေသည်။

"နင် သွားပြီး သူတို့ကို ပြန်ခေါ်လာခဲ့... ငါ အရေးတကြီး တိုင်ပင်စရာရှိလို့လို့ ပြောလိုက်... မြန်မြန်လုပ်နော် ကြားလား..."

တံခါးစောင့်လေးသည် သခင်မသုန်၏ မျက်နှာထား အတော်လေး လေးနက်နေသည်ကို မြင်သောအခါ မနှောင့်နှေးရဲတော့ဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။

"တတိယသခင်မလေး စိတ်ချပါ... ဒီအစေခံ အခုပဲ သွားလိုက်ပါ့မယ်..."

ပြောပြီးသည်နှင့် ချက်ချင်း သုန်မိသားစု၏ ဆေးခန်းဘက်သို့ ခပ်သုတ်သုတ် ပြေးထွက်သွားလေသည်။

သခင်မသုန်ကမူ ကျွမ်းဝင်ပြီးသားဖြစ်သော သုန်အိမ်တော်ထဲသို့ ဝင်သွားပြီး မိဘများရှိရာ ပင်မနန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေသည်။ လမ်းတစ်လျှောက်ရှိ သာယာသော ရှုခင်းများကိုပင် သေချာမကြည့်နိုင်တော့ပေ။ သို့သော် လမ်းတစ်ဝက်တွင် မထင်မှတ်ဘဲ မရီးဝမ်ရှီနှင့် ဆုံလေ၏။ သူမတို့၏ မိသားစုနှင့် သုန်မိသားစုတို့သည် မျိုးဆက်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြသူများဖြစ်ရာ သူမ အိမ်ထောင်ကျလာကတည်းက မိသားစုတစ်ခုလုံး သဟဇာတဖြစ်ကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့ကြခြင်းပင်။

ဝမ်ရှီမှာ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး အသားအရေကိုလည်း သေချာစွာ ထိန်းသိမ်းထားသူဖြစ်သည်။ ကုန်သည်ကတော် ဆိုသော်ငြား ရွှေငွေများ ဆင်မြန်းလေ့မရှိပေ။ ထိုအစား ကျောက်စိမ်းနှင့် ပုလဲများကိုသာ ပို၍ နှစ်သက်တတ်လေသည်။

နေရောင်အောက်တွင် သူမ၏ လက်ကောက်ဝတ်၌ ဝတ်ဆင်ထားသော သိုးဆီသဖွယ် ဖြူဖွေးနူးညံ့နေသည့် ကျောက်စိမ်းလက်ကောက်မှာမူ သုန်မိသားစု၏ မျိုးရိုးစဉ်ဆက် ရတနာပစ္စည်းပင် ဖြစ်သည်။ စုစုပေါင်း သုံးကွင်းရှိရာ ပထမချွေးမ၊ ဒုတိယချွေးမနှင့် သမီးဖြစ်သူ သုန်ချင်းကျန်းတို့တွင် တစ်ကွင်းစီ ရှိကြလေသည်။

မရီးဝမ်ရှီကို မြင်သည်နှင့် သခင်မသုန်မှာ ချက်ချင်း အနားတိုးသွားလေသည်။ ဝမ်ရှီမှာလည်း သခင်မသုန်အား နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်‌လေ၏။

"တတိယညီမလေး ဘယ်လိုလုပ် ရုတ်တရက် ပြန်ရောက်လာတာလဲ... အကြောင်းလေးဘာလေးတောင် မကြားဘူး... ကြိုသိရင် လူလွှတ်ပြီး ကြိုခိုင်းမှာပေါ့..."

"မရီး... ညီမ အလောတကြီး လာရတာမို့ ကြိုမပြောဖြစ်တာပါ..."

"ဘာများဖြစ်လို့လဲ..."

"နန်းတော်ထဲက စာရောက်လာတယ်... နောက်နှစ်ရက်နေရင် ညီမ နွေရာသီအပန်းဖြေနန်းတော်ကို သွားပြီး ချန်ချန်ကို တွေ့လို့ရပြီတဲ့..."

"တကယ်လား..."

မရီးဝမ်ရှီ၏ မျက်နှာထက်တွင်လည်း အံ့ဩဝမ်းသာမှုများ ပြည့်နှက်သွားတော့သည်။ လင်ဝမ်ယိဟူသော ကောင်မလေးကို သူတို့ တစ်မိသားစုလုံးက အလွန်ပင် ချစ်ခင်ကြသည်။ ပထမဆုံး သူမ နန်းတွင်းဝင်ရမည်ဆိုသော သတင်းကို ကြားစဉ်ကဆိုလျှင် အားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရသည်။ နန်းတော်တံခါးဝဟူသည် ပင်လယ်သဖွယ် နက်ရှိုင်းလွန်းလှသဖြင့် ဤတစ်သက် မိသားစုနှင့် ခွဲခွာရလေပြီဟု ထင်မှတ်ခဲ့ရကြခြင်းပင်။ ယခုကဲ့သို့ အမြန်ဆုံး တွေ့ခွင့်ရလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ထို့ကြောင့်ပင် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ သခင်မသုန်အား ခေါ်ဆောင်လျက် ပင်မနန်းဆောင်ဆီသို့ အမြန်သွားကြလေတော့သည်။

ပင်မနန်းဆောင်အတွင်း၌ နေရာတိုင်းမှာ အလွန်သေသပ်လှပလှပေသည်။ ဤသို့ သေသပ်လှပနေမှုမှာ ပန်းပုလက်ရာများ၊ ပန်းချီများကြောင့် မဟုတ်ဘဲ စေတနာထား၍ စိုက်ပျိုးထားသော ပန်းမန်သစ်ပင်များကြောင့်ပင် ဖြစ်၏။ အများစုမှာ ကျန်းနန်မှ သယ်ယူလာသော မျိုးကောင်းမျိုးသန့်အပင်များဖြစ်ကြပြီး အထူးသဖြင့် ဘယ်ညာယှဉ်လျက် ထားရှိသော လော်ဟန်ထင်းရှူးပင် များမှာ သိပ်ကိုလှပအောင် ပြုစုပျိုးထောင်ထားခြင်း ဖြစ်ပေသည်။

သုန်မိသားစု၏ လူကြီးနှစ်ဦးမှာမူ တစ်ဦးသည် စာရေးကျင့်နေပြီး ကျန်တစ်ဦးသည် ပိုးချည်များကို ပန်းထိုးနေသည်။ အပြင်လူ နှောင့်ယှက်ခြင်းမျိုးသာ မရှိပါက တကယ့်ကို အေးချမ်းလှသော အချိန်ကာလလေးပင် ဖြစ်တော့၏။

"ချွေးမ ယောက္ခထီးနဲ့ ယောက္ခမကို ဂါရဝပြုပါတယ်... တတိယညီမလေး ရောက်လာပါတယ်..."

သုန်သခင်ကြီးတို့ ဇနီးမောင်နှံနှစ်ဦးလုံးမှာ ချွေးမကြီး ဝမ်ရှီ၏ အသံကို ကြားသောအခါ ခေါင်းမော့ကြည့်လိုက်ကြသည်။ သမီးဖြစ်သူအား ရုတ်တရက် မြင်လိုက်ရသောအခါ သူတို့လည်း အံ့ဩသွားကြရ၏။ ပြဿနာ တစ်ခုခုများ ကြီးကြီးမားမား ဖြစ်လာလေပြီလားဟုပင် ထင်မှတ်သွားကြရသည်။ လက်ထဲမှ အလုပ်များကို ချက်ချင်းချထားခဲ့ပြီး သုန်သခင်မကြီးက အမြန်လျှောက်လာကာ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ... သမီး ယောက်ျားဘက်က လူတွေ သမီးကို ထပ်ပြီး အနိုင်ကျင့်ကြပြန်ပြီလား..."

သခင်မသုန်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ချက်ချင်း ရှင်းပြလိုက်၏။

"မဟုတ်ပါဘူး... နန်းတော်ထဲက သတင်းရောက်လာလို့ပါ... သမီး နန်းတော်ထဲဝင်ပြီး ချန်ချန်ကို သွားတွေ့လို့ရပြီတဲ့... ဒါကြောင့် အမေတို့ကို ဝမ်းသာစရာ သတင်း လာပြောတာပါ..."

သူမ လာရသည့် အကြောင်းရင်းကို သိရှိပြီးမှသာ လူကြီးနှစ်ဦးလည်း စိတ်အေးသွားကြတော့သည်။

"အမလေး... လန့်လိုက်တာ... ငါဖြင့် နင့်ဆီမှာ ပြဿနာ တစ်ခုခုများ ဖြစ်ပြန်ပြီလားလို့..."

သူမက ရင်ဘတ်ကို အသာအယာ ပုတ်ကာ အသက်ရှူမှန်အောင် လုပ်နေလေ၏။ မျက်နှာပေါ်တွင်မူ ချစ်စနိုးဖြင့် အပြစ်တင်သည့် အရိပ်အယောင်လေးများ ပါဝင်နေပေသည်။

ဘေး၌ ရပ်နေသော သုန်သခင်ကြီးသည်လည်း မည်သည့်စကားမျှ ဝင်မပြောသော်ငြား သမီးဖြစ်သူအား ကြည့်နေသည့် အကြည့်များထဲတွင်တော့ မေတ္တာတရားများ ပြည့်နှက်နေလေသည်။ သုန်သခင်ကြီးမှာ ယခုအခါ အသက် ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်သည် ကျန်းမာသန်စွမ်းနေဆဲပင်။ ဗိုက်ရွှဲနေခြင်းမျိုး မရှိသလို အိုမင်းမစွမ်းဖြစ်နေသည့် ပုံစံမျိုးလည်း မရှိပေ။ မျက်နှာကို သေချာကြည့်မည်ဆိုလျှင် ငယ်စဉ်က သေချာပေါက် ရုပ်ချောသောအမျိုးသားတစ်ဦး ဖြစ်ခဲ့မည်မှာ အသေအချာပင်။ ထို့ကြောင့် အသက်ကြီးလာသည့်တိုင်အောင် ညစ်နွမ်းသော အငွေ့အသက်မျိုး မတွေ့ရခြင်းပင် ဖြစ်ပေမည်။

သူ၏ဘေးမှ သုန်သခင်မကြီးမှာမူ ပို၍ပင် နုပျိုနေသေးသည်။ ခင်ပွန်းဖြစ်သူက ချစ်ခင်ကြင်နာကာ သားသမီးများသည်လည်း လိမ္မာရေးခြားရှိကြသဖြင့် သူမ၏ တစ်သက်တာလုံး အေးချမ်းသာယာခဲ့သောကြောင့် ဖြစ်နိုင်သည်။ ခန္ဓာကိုယ်မှာ အနည်းငယ် ပြည့်ဖြိုးသော်လည်း အပြင်လူများအမြင်တွင်မူ ဤသည်မှာ ကောင်းချီးမင်္ဂလာတစ်ရပ် သဖွယ်ပင်။

မိဘနှစ်ပါးစလုံး ကျန်းမာရေးကောင်းမွန်ပြီး စိတ်ကြည်လင်နေသည်ကို မြင်သောအခါ သခင်မသုန်သည် ခဏစဉ်းစားပြီးနောက် စကားစလိုက်လေသည်။

"သမီး အခုလာတာက သတင်းကောင်း လာပြောတာပါ... နောက်တစ်ခုကတော့... အဖေနဲ့အမေနဲ့ဆီက အကူအညီလေးတောင်းချင်လို့ပါ... သမီး နန်းတော်ထဲ ဝင်ရင် ဆေးစာ နည်းနည်းလောက် ယူသွားချင်လို့..."

"ဆေးစာ..."

"ဘာလုပ်ဖို့လဲ... ချန်ချန်ဆီမှာ ပြဿနာ တစ်ခုခုများ ဖြစ်နေလို့လား..."

သုန်သခင်ကြီးမှာမူ အသေးအမွှားလေးကအစ အကဲခတ်တတ်သူပီပီ သမီးဖြစ်သူ စကားတစ်ခွန်း စလိုက်သည်နှင့် မည်သို့ဖြစ်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားလေပြီ။

သခင်မသုန်၏ မျက်နှာထက်မှ ဝမ်းသာမှုများက စိုးရိမ်ပူပန်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီးနောက် ဆက်ပြောလိုက်၏။

"အရင်တုန်းက အမေတို့ စိတ်ပူမှာစိုးလို့ သမီး ဘာမှမပြောခဲ့တာပါ... ဟယ့်စုန်း နဂါးလှေပြိုင်ပွဲက ပြန်လာတုန်းက ချန်ချန် ခြေထောက်ဒဏ်ရာ ရထားတယ်လို့ ပြောတယ်... ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက သခင်ကြီးကို အရှင်မင်းကြီးက နွေရာသီအပန်းဖြေနန်းတော်ဆီ ခေါ်တွေ့တုန်းက ချန်ချန် အဆိပ်မိထားတယ်ဆိုတာကို သိခဲ့ရတယ်... ဒါကြောင့်..."

သခင်မသုန် စကားပင် မဆုံးသေးခင်မှာပင် သုန်သခင်မကြီးတစ်ယောက် ခွေကျသွားတော့သည်။ ဘေးနားမှ သုန်သခင်ကြီးသာ မျက်စိလျင်လျင်ဖြင့် ဖမ်းမဆွဲထားပါက မြေကြီးပေါ်သို့ လဲကျသွားလောက်မည်။ သုန်သခင်မကြီးသည် သခင်မသုန်၏ လက်ကို ဆွဲကာ စိုးရိမ်တကြီး မေးလိုက်လေသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်ရတာလဲ... ဘယ်လိုဖြစ်ရတာလဲ..."

သူတို့မှာ နန်းတော်အပြင်၌ နေထိုင်ကြသော်ငြား နန်းတွင်းရှိ နေ့ရက်များကို ဖြတ်သန်းရ ခက်ခဲမှန်း သိထားကြပေသည်။ သို့သော် ဤမျှကြီးမားသော ပြဿနာများ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။

ဒဏ်ရာရခြင်း...

အဆိပ်မိခြင်း...

တကယ်ကိုပင် ယုံနိုင်စရာ မရှိလှပေ။

သုန်မိသားစုသည် အစဉ်အဆက် မိသားစုစည်းမျဉ်းများ တင်းကျပ်ခဲ့ကြသည်။ မယားငယ်ယူခြင်းမျိုး မရှိသလို အရည်အချင်းမရှိသော သားသမီးမျိုးလည်း မရှိခဲ့ချေ။ ထို့ကြောင့် အိမ်ထောင်စုအတွင်း၌ သဟဇာတဖြစ်ကာ ဆွေမျိုးများ အချင်းချင်း ဖေးမကူညီလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ လင်မိသားစု၏ ပထမအိမ်တော် ဖိနှိပ်ခံရသည့် အကြောင်းကို ပြောဆိုကြတိုင်း သူတို့မှာ သက်ပြင်းချကာ စိတ်မကောင်းဖြစ်ခဲ့ကြရသည်မှာ ရက်ပေါင်းများစွာပင်။

ယခုမူ မိမိတို့ အချစ်ဆုံး မြေးမလေး နန်းတွင်းဝင်ရပြီး ဓားသွားပေါ်မှ သွေးကို လျက်ရသည့်ဘဝမျိုးကို ဖြတ်သန်းနေရမည်ဟု မည်သူက သိနိုင်မည်နည်း။ ဤသည်က သုန်မိသားစု တစ်ခုလုံးအား တကယ်ပင် စိတ်ပူပန်စေခဲ့လေပြီ။

---

All Chapters