သုန်အိမ်တော်၏ အားပေးထောက်ခံမှု
Vol. 11 Ch. 107
"ပေါင်ကျူ ပြီးခဲ့တဲ့တစ်ခေါက်က သတင်းပို့လိုက်တုန်းက ချန်ချန် နန်းတော်ထဲမှာ အကုန်အဆင်ပြေတယ်လို့ ပြောတယ်လေ... အခု ဘယ်လိုလုပ်ပြီး ဖြစ်ရတာလဲ..."
သုန်သခင်မကြီး ပြောဆိုနေသော ပေါင်ကျူဆိုသည်မှာ နန်းတွင်းရေးရာဌာန၊ ပိုးထည်ဂိုဒေါင်မှ တာဝန်ခံ ဖန်မားမား ကိုပင် ဖြစ်သည်။ သူမသည် ယခု နန်းတော်အတွင်း၌ ရှိနေသည်ဖြစ်ရာ နွေရာသီအပန်းဖြေနန်းတော်မှ ကိစ္စများကို သေချာပေါက် မသိနိုင်ပေ။ ထို့ကြောင့် သတင်းအချက်အလက်များ လွဲချော်သွားခြင်းမှာလည်း မဆန်းလှချေ။
သုန်သခင်ကြီးသည် ဇနီးဖြစ်သူအား တွဲကာ ထိုင်ခိုင်းလိုက်ရာ ချွေးမကြီး ဝမ်ရှီက ရေနွေးတစ်ခွက်ကို အမြန် ကမ်းပေးလိုက်လေသည်။ ထို့နောက် ဘေးမှနေ၍ ကျောသပ်ပေးရင်း ပြောလိုက်၏။
"အမေ... စိတ်တိုပြီး ကျန်းမာရေး ထိခိုက်မခံပါနဲ့... ဘာကိစ္စပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်း ပြောလို့ရပါတယ်..."
သခင်မသုန်သည်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး သုန်သခင်မကြီး၏ လက်ကို ဆွဲကာ နှစ်သိမ့်ပေးလိုက်လေသည်။
"အမေ စိတ်ချပါ... သမီးလည်း နန်းတော်ထဲမှာ ဘာတွေဖြစ်နေလဲ မသိပေမဲ့... အရှင်မင်းကြီးက သမီးကို နန်းတော်ထဲဝင်ဖို့ အမိန့်ချပေးနိုင်တယ်ဆိုတော့... ချန်ချန်လည်း ဘေးကင်းလုံခြုံမှာပါ... ဒါပေမဲ့ သမီးက တစ်ခုခုများ ထပ်လွဲချော်သွားမှာ စိုးလို့... ဒုတိယအစ်ကိုနဲ့ ဒုတိယမရီးဆီကနေ ဆေးစာလာတောင်းရတာပါ..."
သုန်သခင်ကြီးသည် လက်နောက်ပစ်လျက် ရပ်နေသည်။ ဧည့်ခန်းမဆောင်အတွင်း၌ မတ်မတ်ရပ်နေသော သူ၏ ကျောပြင်မှာ တစ်ချက်လေးမျှပင် တုန်လှုပ်နေခြင်း မရှိပေ။ ခဏအကြာတွင်မူ ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။
"ချင်းကျန်း ပြောတာ မှန်တယ်... မင်း အခု စိတ်လောနေလည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး... ငါတို့က အပြင်ကနေ ချန်ချန်ကို ကူညီဖို့ဆိုတာ တော်တော်ခက်တယ်... ဒါကြောင့် ဆေးစာပို့လိုက်လည်း အလကားပဲ... တိုက်ရိုက် ဆေးပို့ပေးတာက ပိုကောင်းလိမ့်မယ်..."
ထို့နောက် ချွေးမကြီး ဝမ်ရှီဘက်သို့ လှည့်ကာ ဆက်ပြောလိုက်လေသည်။
"ဆံထိုးတစ်ခု လုပ်ဖို့ လူလွှတ်လိုက်... ပုံစံက ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး... ဆေးလုံးတွေ များများဆံ့လေ ကောင်းလေပဲ..."
"ချွေးမ နားလည်ပါပြီ... အခုပဲ သွားစီစဉ်လိုက်ပါ့မယ်..."
ပြောပြီးသည်နှင့် ချက်ချင်း ထရပ်ကာ အပြင်ဘက်သို့ ထွက်သွားလေသည်။ ကုန်သည်မိသားစုများဟူသည် ကျွမ်းကျင်သော လက်မှုပညာသည်များနှင့် အမြဲ ထိတွေ့နေရသည် မဟုတ်လား။ ထို့ကြောင့် ဝမ်ရှီအတွက် လူရှာရခြင်းမှာ သိပ်မခက်ခဲလှပေ။
သူမ ထွက်သွားပြီးနောက် သုန်သခင်ကြီးက သူ၏ဇနီးနှင့် သမီးဖြစ်သူကို နှစ်သိမ့်လိုက်လေသည်။
"စိတ်ချပါ... ချန်ချန်ရဲ့ အခြေအနေကို ဒုတိယကောင်က အသိဆုံးပဲ... သူ ပြန်လာရင် ဘယ်လို စီစဉ်ရမလဲဆိုတာ သေချာပေါက် သိလိမ့်မယ်..."
သူတို့နှစ်ဦး ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ကြပြီး အားကိုးရာတစ်ခု ရသွားသကဲ့သို့ ခံစားလိုက်ရသည်။ စိတ်ထဲမှ စိုးရိမ်မှုများလည်း အများအပြား လျော့ကျသွားတော့၏။ မကြာခင်မှာပင် သတင်းရထားသော သုန်မိသားစု၏ ပထမသခင်ကြီး၊ ဒုတိယသခင်ကြီးနှင့် ဒုတိယသခင်မတို့ အိမ်သို့ ပြန်ရောက်လာကြလေသည်။
မိခင်ဖြစ်သူ၏ မျက်လုံးများ နီရဲနေပြီး နှမဖြစ်သူမှာလည်း စိတ်ညစ်နေသော မျက်နှာထားဖြင့် ဖြစ်နေကြသည်ကို မြင်သောအခါ ညီအစ်ကိုနှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး ကိစ္စသေးသေးမွှားမွှား မဟုတ်ကြောင်းကို သိလိုက်ကြတော့သည်။
"အဖေ... ဘာဖြစ်လို့လဲ..."
ပထမဆုံး စကားစ၍ မေးလိုက်သူမှာ ပထမသခင်ကြီး သုန်ဝေ့ယွမ် ပင် ဖြစ်သည်။
သူ၏ ရုပ်သွင်မှာ သုန်သခင်မကြီးနှင့် အတော်လေး ဆင်တူပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပြည့်ဖြိုးသည်။ သို့သော် သူ၏ ဟန်ပန်တွင်မူ နူးညံ့သိမ်မွေ့မှုနှင့်အတူ ငြင်းဆန်၍မရသော ထက်မြက်မှုများ ပါဝင်နေလေ၏။ သုန်သခင်ကြီးသည် မိသားစု စီးပွားရေးလုပ်ငန်းများကို သူ၏လက်ထဲသို့ အပ်နှင်းထားပြီးဖြစ်ရာ ယခုဆိုလျှင် သူသည် သုန်မိသားစု၏ တကယ့် အကြီးအကဲစစ်စစ်ပင် ဖြစ်လေသည်။ မွေးရာပါ ဉာဏ်ကောင်းသောကြောင့်ပင် ဖြစ်မည်။ ငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အတွေးအခေါ်အမြင်များ ရှိခဲ့ပေသည်။
သုန်မိသားစု၏ လွန်ခဲ့သော မျိုးဆက်သုံးဆက်ခန့်က စီးပွားရေးဆိုလျှင် နေရာအနှံ့တွင် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော် သုန်သခင်ကြီး၏ အဘိုးလက်ထက်မှစ၍ အသေးစားလုပ်ငန်းများကို ဖျက်သိမ်းလိုက်ပြီး ဆေးဝါးနှင့် ပိုးထည်လုပ်ငန်းများကိုသာ အဓိကထား လုပ်ကိုင်ခဲ့ကြသည်။ ထို့ကြောင့် သုန်မိသားစု၏ ဆေးဝါးလုပ်ငန်းသည် ရှန်းကျင်းမြို့တော်၌သာမက တာ့ဝေ့ပြည် တစ်ပြည်လုံးတွင်ပါ နာမည်ကြီးလေသည်။
ပထမသခင်ကြီး သုန်ဝေ့ယွမ်မှာ အတော်လေး ထက်မြက်သူတစ်ဦး ဖြစ်သည်။ အသက် နှစ်ဆယ်ကျော်ခန့်မှာပင် အနောက်တိုင်း ကုန်သည်အဖွဲ့များနှင့်အတူ လုပ်ကိုင်ရင်း နှစ်အတော်ကြာ ပင်ပန်းခံခဲ့ဖူးပေသည်။ ယခုဆိုလျှင် အနောက်တိုင်းမှ ဆေးဝါးလုပ်ငန်းများကိုပါ လုပ်ကိုင်နေပြီဖြစ်သည်။ ထို့ကြောင့် အသက် လေးဆယ်ကျော်အရွယ်မှာ ရှန်းကျင်းမြို့တော် ဆေးဝါးကုန်သည်အသင်း၏ ဥက္ကဋ္ဌ ဖြစ်ကာ စကားတစ်ခွန်းဆို တစ်ခွန်း တည်သောသူတစ်ဦးလည်း ဖြစ်ပေသည်။
ဤမျှသာမကသေး။ တော်ဝင်ဆေးကုသဆောင် နှင့်လည်း အဆက်အသွယ် ရထားသေး၏။ လက်ရှိ တော်ဝင်ဆေးကုသဆောင်၏ ဆေးဝါးတစ်ဝက်ခန့်ကို သုန်မိသားစုက ထောက်ပံ့ပေးနေသည်ဖြစ်ရာ ဆေးဝါးဝယ်ယူရေး တာဝန်ခံသည့် ဆေးဝါးကြီးကြပ်ရေးဌာန မှ လူများနှင့်လည်း ဆက်ဆံရေး အတော်လေး ကောင်းမွန်ပေသည်။ တော်ဝင်သမားတော်သို့ ၏ သားအကြီးဆုံးမှာ ဤကိစ္စကို ဦးဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပထမသခင်ကြီးနှင့် သို့မိသားစု၏ ဆက်ဆံရေးမှာလည်း ရင်းနှီးသော မိတ်ဆွေများဟုပင် ဆိုနိုင်ပေသည်။
သူ ထိုသို့ မေးလိုက်သည်ကို ကြားသောအခါ သုန်သခင်ကြီးသည် အခြေအနေများကို တစ်ခုချင်းစီ သေချာစွာ ရှင်းပြလိုက်လေသည်။ ပထမသခင်ကြီးသည် မျက်မှောင်ကြုတ်သွားပြီး ညီဖြစ်သူ ဒုတိယသခင်ကြီး သုန်ဝေ့ခွင်း ဘက်သို့ ကြည့်ကာ မေးလိုက်၏။
"ဒုတိယညီ... ချန်ချန်ရဲ့ အအေးမိရောဂါကို မင်းက အမြဲ ကုပေးနေတာဆိုတော့... အခု သူ့အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲ..."
သုန်ဝေ့ခွင်း မှာမူ သုန်သခင်ကြီးနှင့် တစ်ပုံစံတည်း ထုဆစ်ထားသကဲ့သို့ပင် ဖြစ်သည်။ ခန္ဓာကိုယ် သုန်သခင်ကြီးထက် အနည်းငယ် ပိုပိန်သည်မှလွဲ၍။ နှစ်ပေါင်းများစွာ ဆေးကုသလာခဲ့သည့် အကြောင်းရင်းကြောင့်များလား မသိ။ သူ၏ ခန္ဓာကိုယ်တွင် အေးချမ်းကာ ဂုဏ်သတင်းကို မက်မောခြင်းမရှိသော အငွေ့အသက်များ ပိုမို ပြည့်နှက်နေပေသည်။
သူသည် ခေါင်းခါလိုက်ပြီး ခဏစဉ်းစားပြီးမှသာ စကားစလိုက်လေသည်။
"သွေးခုန်နှုန်း မစမ်းဘဲ အဆိပ်မိတယ်ဆိုရုံနဲ့ ကျွန်တော်လည်း တိုက်ရိုက် ဆေးပေးဖို့ မလွယ်ဘူး... အစ်ကိုကြီး... ခင်ဗျားက တော်ဝင်ဆေးကုသဆောင်နဲ့ အဆက်အသွယ် ကောင်းတယ်ဆိုတော့... စကားစလောက်လေးပဲဖြစ်ဖြစ် ရအောင် မေးကြည့်လို့ ရမလား... ရောဂါလက္ခဏာလေးလောက် သိရရင်တောင်မှ ကျွန်တော် ဆေးစပ်ရတာ ပိုအဆင်ပြေတာပေါ့..."
သုန်ဝေ့ယွမ် သည်လည်း ချက်ချင်းပင် တော်ဝင်သမားတော်သို့ အား သတိရသွားပြီး ပြောလိုက်၏။
"ငါ အခုပဲ ညီလေးသို့ဆီ သွားလိုက်မယ်... သူ့အဖေက နန်းတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာဆိုတော့... အဆိပ်ဖြေတဲ့ ကိစ္စတွေမှာ တော်တော်လေး ကျွမ်းကျင်တယ်... ချန်ချန်ရဲ့ အခြေအနေကို သူ နည်းနည်းပါးပါး သိလောက်မှာပါ..."
"အင်း... ဒါဆို မင်း မြန်မြန်သွားတော့... ငါတို့ သတင်းစောင့်နေမယ်..."
သုန်သခင်ကြီး စကားဆုံးသည်နှင့် ပထမသခင်ကြီးလည်း အမြန်ထွက်သွားတော့သည်။ ထွက်သွားသည့် ပုံစံမှာ ကပျာကယာနိုင်လွန်းသဖြင့် ပုံမှန် တည်ငြိမ်လှသော သူ၏ ဟန်ပန်နှင့် အတော်လေး ကွဲလွဲနေပေသည်။
တစ်ချိန်လုံး မည်သည့်စကားမျှ ဝင်မပြောသော ဒုတိယသခင်မ ယွင်ရှီ ကမူ အရင်တုန်းကလိုပင် အေးစက်စက် နေနေလေသည်။ သူမသည် ဘယ်သောအခါမျှ စကားအများကြီး ပြောလေ့မရှိသူဖြစ်ရာ မိသားစုတစ်ခုလုံးမှာလည်း ဤသည်ကို ထူးဆန်းသည်ဟု မထင်မှတ်ကြချေ။
"အစ်ကိုကြီးဆီက အခြေအနေ ဘယ်လိုလာမလဲ မသိသေးဘူးဆိုတော့... ကျွန်တော် ချန်ချန်ရဲ့ အရင် ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အားဖြည့်ဆေးစာ နည်းနည်းလောက် အရင်ရေးထားလိုက်ပါဦးမယ်..."
ပြောရင်းဖြင့် ခုနက သုန်သခင်ကြီး စာရေးကျင့်နေသော နေရာသို့ သွားကာ စုတ်တံကိုကိုင်၍ ရေးလိုက်လေသည်။ ရေးပြီးသွားသောအခါ တခြားလူများကို မပြသေးဘဲ ဘေးနားရှိ ယွင်ရှီကို အရင် ဖတ်ခိုင်းလိုက်၏။
သူမက ဆေးစာ အထက်အောက် သေချာစွာ ကြည့်ပြီးနောက်မှ ခေါင်းညိတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် စကားတစ်ခွန်း ပြောလိုက်၏။
"ချန်ချန်ရဲ့ အအေးမိရောဂါ ပြန်ထလာလောက်ပြီ ထင်တယ်... ဒါကြောင့် ဒုတိယသခင်ကြီး နွေးထွေးစေတဲ့ အားဖြည့်ဆေးစာ တစ်စောင်လောက် ထပ်ရေးပေးဖို့ မမေ့နဲ့ဦးနော်..."
သူမ ပြောလိုက်သော စကားသံမှာ နူးညံ့သော်ငြား ခပ်ခွာခွာနေတတ်သည့် အေးစက်စက် အငွေ့အသက်လေးများ ပါဝင်နေပေသည်။ သို့သော် လင်ဝမ်ယိ၏ ကျန်းမာရေးကိုမူ အတော်လေး သိကျွမ်းသူပင်။ သူမကိုယ်တိုင်ကလည်း ဆေးပညာရှင် တစ်ဦးဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးများ၏ ရောဂါများတွင်ဆိုလျှင် ပို၍ ကျွမ်းကျင်သေးသည်။
ထို့အပြင် ရှအန်းဆိုသည်မှာလည်း သူမကိုယ်တိုင် သင်ကြားပေးခဲ့သူဖြစ်ရာ လင်ဝမ်ယိ အနားသို့ ပို့ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ ဆေးပညာနှင့် အကဲဖြတ်မှုများကို သုန်မိသားစု တစ်ခုလုံးက ယုံကြည်ကြလေသည်။
ချန်ချန် ကိစ္စအတွက် မိသားစု တစ်ခုလုံး အလုပ်ရှုပ်နေကြသည်ကို ကြည့်ရင်း သခင်မသုန်၏ ရင်ထဲတွင်မူ စိတ်မကောင်းဖြစ်မှုနှင့်အတူ အပြစ်ရှိသကဲ့သို့ ခံစားနေရပေသည်။ သူမ အိမ်ထောင်ကျခဲ့သည်မှာ နှစ်ပေါင်း မည်မျှကြာခဲ့လေပြီနည်း။ ယခုထက်တိုင် ပြဿနာရှိလျှင် သုန်အိမ်တော်ဆီသို့ ပြေးလာရဆဲပင် မဟုတ်လား။
သို့သော်လည်း တခြားနည်းလမ်း မရှိပေ။ ဤနှစ်များအတွင်း သုန်အိမ်တော်၏ ကူညီစောင့်ရှောက်မှုသာ မရှိခဲ့ပါက သူတို့ ပထမအိမ်တော်မှာ စောစောစီးစီး ပျောက်ကွယ်သွားလောက်ပေပြီ။ မိမိကိုယ်ကိုယ် ပျော့ညံ့ပြီး အရည်အချင်းမရှိသည်ကို တွေးမိကာ ရင်ထဲတွင် အတော်လေး နာကျင်နေမိတော့သည်။
သုန်သခင်ကြီးမှာမူ မျက်စိလျင်သူပီပီ သမီးဖြစ်သူ၏ စိတ်ကို ချက်ချင်း သိလိုက်လေသည်။ ထို့နောက် နှစ်သိမ့်ပေးလိုက်၏။
"မိသားစုဆိုတာ အချင်းချင်း ကူညီဖေးမရမှာပဲလေ... မင်းနဲ့ သမက် ဒီနှစ်တွေအတွင်း အဆင်မပြေခဲ့ဘူး ဆိုပေမဲ့... သားသမီးတွေကိုတော့ ကောင်းကောင်း ကြီးပြင်းလာအောင် ကျွေးမွေးနိုင်ခဲ့တာပဲ... နောင်ကျရင် အကုန်လုံး အဆင်ပြေသွားမှာပါ..."
ဖခင်ဖြစ်သူ၏ နှစ်သိမ့်စကားများကို ကြားသောအခါ သခင်မသုန်လည်း နှာခေါင်းရှုံ့ကာ ငိုချလိုက်မိသည်။ သူမ ငိုလိုက်သည်နှင့် သုန်သခင်မကြီး၏ စိတ်ထဲတွင်လည်း မကောင်းတော့ချေ။
သားအမိနှစ်ဦး အဝငိုချလိုက်ကြပြီး မျက်လုံးများပင် နီရဲယောင်ယမ်းသွားတော့မှသာ အနည်းငယ် သက်သာသွားကြလေသည်။
"ကဲ... အမေ... သမီး ထွက်လာတာလည်း တော်တော်လေး ကြာနေပြီ... အခု ပြန်မသွားရင် အမတ်ချုပ်အိမ်တော်က လူတွေ အတင်းပြောနေကြဦးမယ်... အစ်ကိုကြီးဆီက သတင်းရရင် သမီး ပြန်လာခဲ့ပါ့မယ်..."
သုန်သခင်မကြီးသည် မျက်ထောင့်မှ မျက်ရည်များကို သုတ်ရင်း ခေါင်းညိတ်လိုက်လေသည်။
"အင်း... ပြန်တော့လေ... ကိစ္စရှိရင် လူလွှတ်ပြီးသာ အကြောင်းကြား... ငါတို့က နင့်ရဲ့ နောက်ခံအင်အားပဲ... နားလည်လား..."
"နားလည်ပါပြီ..."