← Chapters

အကွက်ဆင်စွပ်စွဲခြင်း

Vol. 11 Ch. 108

အကွက်ဆင်စွပ်စွဲခြင်း

Vol. 11 Ch. 108

သခင်မသုန်သည် စိတ်ထဲကနေ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

ကိုယ့်ကိုယ်ကိုယ် မကယ်တင်လျှင် ဘုရားသခင်ပင် ကယ်မည် မဟုတ်ချေ။ သူမသည်လည်း နှစ်ပေါင်းများစွာ ပျော့ညံ့လာခဲ့ပြီးပြီဖြစ်ရာ ယခုအခါ မိမိ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် သင်ယူရမည့်အချိန် ရောက်လာပြီဖြစ်သည်။

အမတ်ချုပ်အိမ်တော်မှ အစေခံများ၏ လှောင်ပြောင်မှုကို နေ့စဉ်နှင့်အမျှ ခံနေစရာ အကြောင်းမရှိသလို အနောက်ဆောင်မှ လူများက သူမတို့ခေါင်းပေါ်တက်၍ ကြိုက်သလို အနိုင်ကျင့်နေသည်ကိုလည်း ဆက်လက် သည်းခံနေစရာ မလိုတော့ပေ။

မိဘနှစ်ပါးနှင့် အစ်ကို၊ မရီးများကို နှုတ်ဆက်ပြီးနောက် သခင်မသုန်သည် လှည့်ထွက်ကာ ဝေါယာဉ်ပေါ်သို့ တက်လိုက်သည်။ ဝေါယာဉ် အတော်ဝေးဝေးသို့ ရောက်သွားမှသာ သုန်မိသားစုဝင်များလည်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားကြလေ၏။

သုန်သခင်ကြီးမှာ တစ်လျှောက်လုံး စကားတစ်ခွန်းမျှ မပြောဘဲ နေခဲ့သော်လည်း ဘေးနားရှိ သုန်သခင်မကြီးကမူ သက်ပြင်းချကာ စိတ်မကောင်းဖြစ်နေရှာသည်။ ထိုစဉ် သုန်သခင်ကြီးက ဒုတိယသားဖြစ်သူ သုန်ဝေ့ခွင်းအား ရုတ်တရက် လှမ်းပြောလိုက်လေသည်။

"သွား... အသက်ကယ်ဆေးလုံးတွေ အကုန်ယူခဲ့... တစ်မျိုးကို တစ်ဝက်စီခွဲပြီး ဒီတစ်ခေါက် ချင်းကျန်း နန်းတော်ထဲ ဝင်ရင် အကုန်ထည့်ပေးလိုက်..."

အသက်ကယ်ဆေးလုံး။ သုန်သခင်ကြီး၏ စကားကြောင့် ထိုနေရာတွင် ရှိနေသူအားလုံး အံ့ဩသွားကြရသည်။ သို့သော် သေချာပြန်တွေးကြည့်လျှင်လည်း မှန်ပေသည်။ အဆိပ်မိသည့် အခြေအနေမျိုး ဖြစ်နေမှတော့ သေချာပေါက် အသက်ကို ကယ်တင်ရမည် မဟုတ်လား။

ကံကောင်းထောက်မစွာဖြင့် သုန်မိသားစုမှာ မူလကတည်းက ဆေးဝါးလုပ်ငန်းဖြင့် ကြီးပွားလာသည့် မိသားစုဖြစ်ရာ ရှားပါးပြီး တန်ဖိုးကြီးသည့် ဆေးဝါးများ အစုံအလင် ရှိနေပေသည်။ ထို့ကြောင့် ဤအသက်ကယ်ဆေးလုံးများကို အများအပြား ထုတ်ပေးနိုင်ခဲ့ခြင်းပင်။

ထိုအထဲတွင် အဆိပ်ဖြေဆေးလုံးက အများဆုံးဖြစ်ပြီး စုစုပေါင်း ၁၃ လုံးတိတိ ပါဝင်လေသည်။ ဆေးတစ်လုံးစီတိုင်းမှာ ရွှေတစ်ထောင်တန်ကြေးရှိပြီး အထူးသဖြင့် 'ယွင်ကျန့်မြက်ပင်' ဟုခေါ်သော ဆေးလုံးမှာ အလွန်ပင် ရှားပါးလှသည်။ ဤဆေးတစ်လုံးတည်းနှင့်ပင် တုန်းဝမ်လမ်းပေါ်ရှိ အိမ်များအားလုံးကို ဝယ်ယူနိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေသေးပါ၏။

ဤသည်မှာ သုန်မိသားစု၏ အိမ်စောင့်ရတနာတစ်ပါးဟုလည်း ဆိုနိုင်ပေသည်။ အကြောင်းမူကား ၎င်းကိုဖော်စပ်ရာတွင် အသုံးပြုရသည့် ဆေးဘက်ဝင်အပင်မှာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့လေပြီ။ ထို့ကြောင့် ဤဆေးမှာ နတ်ပြည်၌သာရှိပြီး လူ့ပြည်တွင် မရှိနိုင်တော့သည့် လက်ကျန်ပစ္စည်းဟုပင် ဆို၍ရပေသည်။

သုန်သခင်ကြီးက တစ်ချက်ကြည့်လိုက်ပြီး နှမြောတွန့်တိုသည့် အမူအရာ လုံးဝမပြဘဲ ထိုဆေးလုံးကိုပါ နန်းတွင်းသို့ ပို့မည့်စာရင်းထဲ ချက်ချင်း ထည့်သွင်းလိုက်လေသည်။ သုန်မိသားစုဝင်များလည်း ဘေးမှနေ၍ တစ်ခွန်းမျှ ဝင်မပြောကြချေ။ သုန်သခင်ကြီး၏ လုပ်ရပ်အပေါ် မှားယွင်းသည်ဟု တစ်စက်လေးမျှပင် မထင်မှတ်ကြပေ။

သုန်မိသားစုဘက်တွင် ဆေးလုံးကိစ္စများဖြင့် အလုပ်ရှုပ်နေကြရာ အားလုံးက ဝိုင်းဝန်းကူညီနေကြချိန်၌ အခြားတစ်ဖက်တွင်မူ သခင်မသုန် တစ်ယောက် အိမ်သို့ ပြန်ရောက်လာလေသည်။ အိမ်ထဲသို့ ခြေနှစ်လှမ်းမျှပင် မလျှောက်ရသေးခင်မှာပင် အခန်းထဲတွင် စောင့်နေသော မားမားသုန်မှာ ပြာပြာသလဲ ပြေးလာသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများမှာ နီရဲနေပြီး အသက်ရှူမဝသည့်အသံဖြင့် အမြန်ပြောလာလေ၏။

"သခင်မ... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... မြန်မြန်သွားကြည့်ပါဦး... ဒုတိယသခင်မက ကျွန်မတို့ တတိယသခင်လေး ပစ္စည်းခိုးတယ်ဆိုပြီး အခု မိသားစုစည်းမျဉ်းအရ အပြစ်ပေးတော့မလို့တဲ့..."

"ဘာ... ဘယ်လိုဖြစ်ရတာလဲ..."

"သခင်မ အိမ်ကထွက်သွားပြီး နာရီဝက်လောက်ကြာတော့ တတိယသခင်လေးကို အလုပ်အကျွေးပြုတဲ့ အစေခံလေး ကျန်းချင့် ပြာပြာသလဲ ပြေးလာတယ်... ဒုတိယသခင်မက ဒေါသတကြီးနဲ့ ပြဿနာလာရှာတယ်တဲ့... တတိယသခင်လေး သုံးနေတဲ့ အကောင်းစား ဟူစုတ်တံက ဒုတိယသခင်လေး အခန်းထဲက ပျောက်သွားတဲ့ စုတ်တံဖြစ်နေတယ်ဆိုပြီး အခုလို ပြဿနာတွေ ကြီးကုန်တာပါ..."

"ပေါက်ကရတွေ... ငါ့သုန်အိမ်တော်က ပို့ပေးလိုက်တဲ့ ပစ္စည်းကောင်းတွေ ဘယ်လောက်တောင် များလဲ... အနောက်ဆောင်က လူတွေက ဘာကိုများ မနာလိုဖြစ်စရာ ရှိလို့လဲ... ဟူစုတ်တံ တစ်ချောင်းလေးများနဲ့ ငါ့သားကို သူခိုးလို့ စွပ်စွဲရဲတယ်ပေါ့... တကယ်ကို အနိုင်ကျင့်လွန်းအားကြီးနေပြီ... သခင်ကြီးနဲ့ ဟယ့်စုန်း အိမ်မှာမရှိတာကို အခွင့်ကောင်းယူပြီး ငါနဲ့ တတိယသခင်လေးကို သေတွင်းပို့ချင်နေတာလား..."

သခင်မသုန်၏ ဒေါသများမှာ ခေါင်းဖျားအထိ ဆောင့်တက်သွားတော့သည်။ အကယ်၍သာ ဒုတိယညီမဖြစ်သူ ဝမ်ရှီသာ မျက်စိရှေ့တွင် ရှိနေပါက ချက်ချင်း သွားရောက် ရိုက်နှက်မိတော့မည်ပင်။

သူမ၏ ပုံမှန်စရိုက်မှာ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သော်ငြား သားသမီးများနှင့် ပတ်သက်လာလျှင်မူ သားသမီးကို ကာကွယ်သော မိခင်ဝံပုလွေမကြီးကဲ့သို့ ကြမ်းတမ်းလာတတ်ပေသည်။ အထူးသဖြင့် ယခုလေးတင် သုန်အိမ်တော်၌ ကိစ္စများစွာကို နားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်ရာ အမြဲတမ်း နောက်ဆုတ်အလျှော့ပေးနေခြင်းက နောက်ဆုံးတွင် တစ်ဖက်လူကို ပိုမို အတင့်ရဲလာစေမည်ဆိုသည်ကို ကောင်းကောင်းကြီး သိမြင်သွားပြီ ဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ ပထမအိမ်တော်အနေဖြင့် ဘာပဲဖြစ်ဖြစ် ဒုတိယအိမ်တော်၏ အနိုင်ကျင့်မှုကို ထပ်မံ သည်းခံတော့မည် မဟုတ်ပေ။ သူမက မားမားသုန်အား ပြတ်သားစွာ အမိန့်ပေးလိုက်လေသည်။

"သွား... ငါတို့ အရှေ့ဆောင်က အစေခံတွေ အကုန်လုံးကို သွားခေါ်... တုတ်ရှိတဲ့လူ တုတ်ယူခဲ့... အကုန်လုံး ယွီရှင်းစာကြည့်ဆောင်ကို သွားပြီး နေရာ အကုန်ဝိုင်းထားလိုက်..."

မားမားသုန်မှာ သခင်မဖြစ်သူ ဤမျှ ပြင်းထန်ကြမ်းတမ်းသည့် အမူအရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် ရုတ်တရက် အံ့ဩမှင်သက်သွားရသည်။

"သခင်မ... ကျွန်မတို့ တကယ်ပဲ ဒုတိယအိမ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်တော့မလို့လား..."

မားမားသုန်သည် မူလက ကြမ်းတမ်းသည့် စရိုက်ရှိသူ ဖြစ်သော်ငြား အမတ်ချုပ်အိမ်တော်တွင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရသဖြင့် ထောင့်ချွန်းရှိသော ကျောက်တုံးဘဝကနေ ကြက်ဥလုံးလေးသဖွယ် ချောမွေ့သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အသံမှာလည်း ယုံကြည်မှု ကင်းမဲ့နေလေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သခင်မသုန်မှာ အထူးပင် ခိုင်မာပြတ်သားနေတော့၏။

"ဟယ့်စုန်းက အပြင်မှာ စစ်မှုထမ်းနေတယ်... ချန်ချန်ကလည်း နန်းတော်ထဲ အပို့ခံလိုက်ရပြီ... ငါ့မှာ အခု ဒီသားတစ်ယောက်ပဲ ကျန်တော့တာ... အကယ်၍ ဒုတိယအိမ်တော်က ဒီလိုပဲ ဆက်ပြီး ပြဿနာရှာနေဦးမယ်ဆိုရင်လည်း ရှာပါစေတော့... အဆိုးဆုံးဖြစ်လာရင် အိမ်ခွဲနေတာပေါ့..."

အိမ်ခွဲနေမည်ဟူသော စကားလုံး ထွက်ပေါ်လာသည့်အခါ မားမားသုန်သာမက ထိုနေရာရှိ လူအားလုံး အထိတ်တလန့် ဖြစ်သွားကြလေသည်။

တာ့ဝေ့ပြည်တွင် ညီအစ်ကိုများ အိမ်ခွဲနေကြမည်ဆိုပါက ယေဘုယျအားဖြင့် အကြောင်းရင်း နှစ်ချက်သာ ရှိပေသည်။ တစ်ချက်က မိဘများ ကွယ်လွန်သွားခြင်းဖြစ်ပြီး နောက်တစ်ချက်ကမူ ဖြေရှင်း၍မရလောက်အောင်အထိ ပြဿနာများ ကြီးထွားလာခြင်းပင်။ လင်အမတ်ချုပ်ကြီးမှာ သက်ရှိထင်ရှား ရှိနေသေးသဖြင့် ပထမအချက်မှာ မဖြစ်နိုင်သည်ဖြစ်ရာ ဒုတိယအချက်ဆိုလျှင်။

မားမားသုန်သည် သူမ ငယ်စဉ်ကတည်းက ထိန်းကျောင်းလာခဲ့ရသော သခင်မလေးမှာ အကြောက်တရားများကို ပယ်ချကာ နောက်ဆုံးတွင် ခိုင်မာပြတ်သားလာပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သေချာပေါက် ကူညီပေးရမည် မဟုတ်လား။

သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး အသံမှာလည်း ပိုမို ခိုင်မာလာတော့သည်။

"ကောင်းပါပြီ... ဒါဆို ဒီအစေခံအိုကြီးက အသက်ကို ပဓာနမထားဘဲ သခင်မနဲ့ တတိယသခင်လေး စိတ်အလိုကျဖြစ်အောင် ကာကွယ်ပေးပါ့မယ်..."

အရှေ့ဆောင်ရှိ အစေခံများထဲတွင် မည်သူမျှ သတ္တိကြောင်သူများ မဟုတ်ကြပေ။ အတိတ်က အမြဲ ဖိနှိပ်ခံခဲ့ရခြင်းမှာ မိမိတို့၏ သခင်များ အေးချမ်းစွာ နေထိုင်နိုင်စေရန်အတွက်သာ ဖြစ်သည်။ သို့သော် သူတစ်ပါးက လာမစော်ကားလျှင် မိမိကလည်း ပြန်မစော်ကားပါဟူသော စည်းမျဉ်းကို ကိုင်စွဲထားသော်ငြား ယခုမူ မိမိတို့ အိမ်ပေါက်ဝအထိ လာရောက်စော်ကားနေပြီဖြစ်ရာ ဖိနပ်မပါသည့်သူက ဖိနပ်စီးထားသူကို ကြောက်စရာ အကြောင်းမရှိတော့ပေ။

ထို့ကြောင့် အားလုံး တစ်ခဲနက် စည်းလုံးညီညွတ်စွာဖြင့် ယွီရှင်းစာကြည့်ဆောင်ဆီသို့ ချီတက်သွားကြလေသည်။

ယွီရှင်းစာကြည့်ဆောင်မှာ လင်မုကျီး စာသင်ကြားရာ နေရာဖြစ်သည်။ သူ၏ လက်ရှိအသက်အရွယ်အရ နိုင်ငံတော်ပညာရေးကျောင်းတော်သို့ သွားရောက် သင်ကြားသင့်သော်လည်း အဆက်အသွယ်မရှိသည့် ပထမအိမ်တော်မှာ သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိချေ။

ထို့ကြောင့် အိမ်တွင်သာ ရှိုးဆိုင်ပညာရှိတစ်ဦးကို ငှားရမ်း၍ သင်ကြားစေခဲ့ရသည်။ သူသည် ကြိုးစားပမ်းစား သင်ယူတတ်သူဖြစ်ပြီး လေတိုက်တိုက် မိုးရွာရွာ နေ့စဉ်နေ့တိုင်း ဤနေရာသို့ အချိန်မှန် ရောက်ရှိနေတတ်လေသည်။

သခင်မသုန်သည် လမ်းလျှောက်ရင်းဖြင့် မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို တွေးတောနေသည်။ သူမ၏ မျက်နှာပေါ်တွင် တစ်ခါမှ မမြင်ဖူးလောက်အောင် ခိုင်မာပြတ်သားမှုများ အပြည့်ရှိနေ၏။

ယွီရှင်းစာကြည့်ဆောင်သည် အရှေ့ဆောင်နှင့် နီးကပ်စွာ တည်ရှိသဖြင့် အားလုံး၏ ခြေလှမ်းသွက်သွက်ကြောင့် အမြန်ပင် ရောက်ရှိသွားကြသည်။

တံခါးဝသို့ ဝင်ဝင်ချင်းမှာပင် လင်မုကျီးအား အနောက်ဆောင်မှ အစေခံအိုကြီး အချို့က ခုံတန်းလျားပေါ်တွင် ဖိချုပ်ထားကာ မိသားစုစည်းမျဉ်းဖြင့် ကလေးငယ်ကို အပြစ်ပေးရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရလေသည်။ ကလေးငယ်၏ မျက်နှာလေးမှာ ဒေါသကြောင့် နီရဲနေပြီး ပါးစပ်ထဲတွင်လည်း အဝတ်စဖြင့် ဆို့ထားခြင်း ခံရ၏။ စကားတစ်ခွန်းမျှပင် ပြောဆိုခွင့်မရအောင် လုပ်ထားခြင်းပင်။

သားဖြစ်သူကို ဤမျှ ကြမ်းတမ်းစွာ ဆက်ဆံခံနေရသည်ကို မြင်သောအခါ သခင်မသုန်၏ ရင်တွင်းမှ ဒေါသမီးတောက်ကြီးမှာ လုံးဝကို ဟုန်းဟုန်းတောက်လောင်သွားတော့သည်။ ယခင်ကလို ပျော့ညံ့သည့် ဟန်ပန်မျိုး မရှိတော့ဘဲ ချက်ချင်းပင် အော်ဟစ်လိုက်လေ၏။

"ရပ်လိုက်စမ်း..."

သခင်မသုန် လင်မိသားစုသို့ ချွေးမအဖြစ် ဝင်ရောက်လာသည်မှာ အနှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ဤမျှ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

မားမားသုန်မှာ သခင်မဖြစ်သူ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် အရှေ့ဆောင်ရှိ အစေခံအိုကြီးများ၊ အပျိုချောများနှင့် အစေခံလေးများကိုပါ အားလုံး ခေါ်ဆောင်လာခဲ့လေသည်။ လူနှစ်ဆယ်ကျော်ခန့် ရှိသော ထိုလူအုပ်ကြီးမှာ ယွီရှင်းစာကြည့်ဆောင်ကို အပြည့်အဝ ဝိုင်းရံလိုက်ကြသည်။

အနောက်ဆောင်မှ လာသူများမှာ ခုနစ်ယောက် ရှစ်ယောက်ခန့်သာ ရှိသဖြင့် ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ်တော့ နောက်ဆုတ်သွားကြသည်။ သို့သော် သေချာပြန်တွေးကြည့်လိုက်ရာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမအိမ်တော်က တစ်ကြိမ်တစ်ခါမျှ မာမာထန်ထန် တုံ့ပြန်ဖူးခြင်း မရှိသည်ကို သတိရသွားသောအခါ ခါးကို ပြန်မတ်ကာ နှာခေါင်းထောင်လျက် မောက်မာသည့် အမူအရာများကို ပြသလာကြပြန်သည်။

ယွီရှင်းစာကြည့်ဆောင်၏ စင်္ကြံအလယ်တွင် ဒုတိယသခင်မဝမ်က မောက်မာစွာ ထိုင်နေလေသည်။ လင်မုကျီးအား စာသင်ကြားပေးရမည့် ရှိုးဆိုင်ပညာရှိမှာမူ ဘေးတစ်ဖက်တွင် ပုန်းကွယ်လျက် အသံမျှပင် မထွက်ရဲချေ။ ဤသည်ကား အမတ်ချုပ်အိမ်တော် ဖြစ်ရာ အိမ်တော်အတွင်းရှိ အထက်တန်းလွှာ ပုဂ္ဂိုလ်များကို သူကဲ့သို့ သာမန်လူတစ်ယောက်က မည်သို့မျှ ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ ထမင်းတစ်လုတ် စားရုံသက်သက်သာ ဤနေရာ၌ စာသင်ကြားပေးနေခြင်း ဖြစ်သည်။

---

All Chapters