အခန်း (၉၉၃-၉၉၄)
Vol. 83 Ch. 993-994
အခန်း ၉၉၃- လျှပ်စစ်အလိုအလျောက်လမ်းညွှန်တော်ပီဒို၊ ငွေ ဘီလီယံ ၁၀၀ ဖြည့်သွင်းခြင်း
ရှောင်းယီ သူတို့အားပေးထားသော ငွေကြေးဆိုသည်မှာ ရှောင်းယီကိုယ်တိုင် လုံးဝထိန်းချုပ်ထားခြင်းဖြစ်သည်ကို အသာထားဦး၊ ယခင်ကမ္ဘာမှ သာဓကများစွာအရ ဤကဲ့သို့သော ဈေးကွက်ရှာဖွေရေးပုံစံသည် အမြတ်သာရှိပြီး အရှုံးမရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် တစ်ဖက်လူက ငွေဖြည့်ပြီးသည်နှင့် ထွက်ပြေးသွားနိုင်သည့် အခြေအနေမျိုးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
လန်ယုံက ဤအထဲတွင် ထောင်ချောက်တစ်ခုခုရှိရမည်ဟု ယုံကြည်နေသော်လည်း အချိန်တိုအတွင်း ထိုအချက်ကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေ၏။
ထိုစဉ် ထန်လုံက ဝင်ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်တို့ဘက်မှာ ဒါကို ပြန်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကျုပ်တို့ကို သီးသန့်အချိန်လေး နည်းနည်းလောက် ပေးလို့ရမလား။”
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“ဒါက သဘာဝကျပါတယ်။ ဦးလေးအန်း မိတ်ဆက်ပေးတာ ပြီးတာနဲ့ ဒီနေရာကို ခင်ဗျားတို့အတွက် ချန်ထားပေးခဲ့ပါ့မယ်။”
“ကျေးဇူးအများကြီးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”
လန်ယုံက လက်သီးဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။
အန်းယွဲ့သည် လျှော့စျေးများအကြောင်း မိတ်ဆက်ပြီးနောက် မတ်တပ်ရပ်ကာ ရှောင်းယီနောက်မှ လိုက်၍ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ရှောင်းယီနှင့်အဖွဲ့ ထွက်သွားပြီးနောက် လန်ယုံက ပြောလိုက်သည်။
“ဘယ်လိုပဲကြည့်ကြည့် သူတို့လုပ်နေတာက အရှုံးပေါ်နေတာပဲ။”
“မဟုတ်နိုင်ဘူး။ အကယ်၍ ကျွန်တော်မျိုးတို့က ငွေအလုံအလောက် ဖြည့်လိုက်မယ်ဆိုရင် သူတို့က အဲဒီအုတ်မြစ်ကျောက်တွေကို ကြိုတင်ရရှိသွားမှာပါ။ အဲ့ဒီအုတ်မြစ်ကျောက်တွေကနေ ဘယ်လောက်တောင် ဝင်ငွေပြန်ရနိုင်မလဲဆိုတာ ကျွန်တော်မျိုးတို့ မသိပေမဲ့ လူတိုင်းနားလည်ထားတာက အဲ့ဒီကနေရမယ့် အကျိုးအမြတ်က နည်းမှာမဟုတ်ဘူးဆိုတာပဲ။”
ထန်လုံက သုံးသပ်ပြလိုက်သည်။
“ဒါဆိုရင်တော့ ဒီအပြင်လူလည်း အမြတ်ထွက်သွားတာပေါ့။ ဒါက ကောင်းပါတယ်။ အကယ်၍ တစ်ဖက်လူက ဘာအကျိုးအမြတ်မှ မရှိဘူးဆိုရင် ငါ ပိုပြီး စိုးရိမ်နေမိလိမ့်မယ်။”
လန်ယုံက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒီလိုဆိုရင်တော့ ဒီအပြင်လူ ထွက်ပြေးသွားမှာလားဆိုတဲ့ပြဿနာကို ကျွန်တော်မျိုးတို့ ထည့်သွင်းစဉ်းစားရမယ်။”
ထန်လော့က အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။
ဤဈေးကွက်ရှာဖွေရေးပုံစံနှင့် ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်သော်လည်း ထန်လော့က တစ်ဖက်လူ ထွက်ပြေးသွားနိုင်သည့် ဖြစ်နိုင်ခြေကို စဉ်းစားမိနေဆဲပင်။ အကယ်၍ သူတို့က ငွေအမြောက်အမြား ဖြည့်သွင်းထားပြီး နောက်နေ့တွင် တစ်ဖက်လူ ထွက်သွားပါက သူတို့ကို ဘယ်မှာသွားရှာရမည်နည်း။
ထိုအခါ လန်ရှမ့်က ရုတ်တရက် ပြောလိုက်သည်။
“တကယ်တော့ ကျုပ်တို့ ဒါကို သိပ်ပြီးစိတ်ပူနေဖို့ မလိုပါဘူး။ ခုနက မိတ်ဆက်ဗီဒီယိုထဲမှာ ဒီကျွန်းပေါ်မှာ ဒေသခံအင်အားစုတွေရှိတယ်၊ မျိုးနွယ်စုပေါင်းစုံလည်း ရှိတယ်လို့ ပြောသွားတယ်လေ။ ဒီလောက်ကြီးမားတဲ့ မဟာမိတ်အဖွဲ့ကြီးက အပြင်လူတွေ ထွက်သွားရင်တောင် ဒေသခံတွေနဲ့ တခြားမျိုးနွယ်စုတွေကိုပါ တစ်ပါတည်း ခေါ်သွားလို့ မရဘူးမလား။ ဒီကျွန်းက အုတ်မြစ်ကျောက်တွေနဲ့ ဖွဲ့စည်းထားတာ။ အကယ်၍ အပြင်လူ ထွက်သွားရင် ကျုပ်တို့ ဒီနေရာက မြေကွက်တွေကို တရားဝင် သိမ်းပိုက်လိုက်လို့ရတယ်။ ကျုပ်တို့ရဲ့ ကုန်သွယ်ရေးစာချုပ်မှာ ဒီအချက်ကို သဘောတူထားလိုက်ရုံပဲ။ ဒီကျွန်းပေါ်မှာ နေရာတစ်ခုသာ ရထားရင် အမြတ်ထွက်နေဦးမှာပဲ။”
“အဲ့ဒါက တစ်ဖက်လူမှာ စာချုပ်ကို လေးစားတဲ့စိတ်ရှိမှ ဖြစ်လိမ့်မယ်။ အကယ်၍ သူတို့က ငါတို့ကို မြေကွက်ခွဲမပေးဘူးဆိုရင် ကျုပ်တို့ သူတို့ကို လုံးဝ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။”
ထန်လုံက ဆိုသည်။ ထန်လုံ၏ စကားကို ကြားသောအခါ လန်ရှမ့်တစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့မှာ စာချုပ်ကို လေးစားတဲ့စိတ် မရှိဘူးလို့သာ တကယ်ယူဆရင် သူတို့ ခုချိန်မှာ ငါတို့အားလုံးကို ဒီမှာပဲ ထိန်းသိမ်းထားပြီး ငါတို့ရဲ့ လေပြာအင်ပါယာကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လို့ ရနေတာပဲ။”
ထန်လုံ အနည်းငယ် ကြောင်သွား၏။ လန်ရှမ့် ပြောသည့်စကားကလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေပုံရသည်။
လန်ယုံက ခဏကြာအောင် တွေးတောပြီးနောက် ပြောလိုက်သည်။
“သူတို့က အားကောင်းပေမဲ့ အဲ့ဒီလိုလုပ်ဖို့ သတ္တိရှိမယ်ဆိုရင်တောင် သူတို့အတွက် ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။”
လန်ယုံ မလာခင်ကတည်းက အရာအားလုံးကို စီစဉ်ထားပြီးဖြစ်သည်။ အကယ်၍ သူသာ ပြန်မလာနိုင်ပါက လေပြာအင်ပါယာ၏ ထီးနန်းကို ရှင်ဘုရင်အသစ်တစ်ပါးက ဆက်ခံမည်ဖြစ်သည်။ အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့က တိုက်ခိုက်လာပြီး သူတို့ မခုခံနိုင်ပါက အုတ်မြစ်ကျောက်အားလုံးကို အဝေးသို့ ရွှေ့ပြောင်းသွားမည်ဖြစ်သည်။
ထန်လုံသည်လည်း လန်ယုံ၏ အစီအစဉ်ကို သိထားသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ လောလောဆယ်မှာတော့ ဒီရှောင်းယီဆိုတဲ့လူက စာချုပ်ကို လေးစားမှုရှိပုံရပြီး မိတ်ဖွဲ့လို့ရမယ့်ပုံပဲ။”
“အင်း... ဒါဆိုရင်တော့ ငါတို့ ဘီလီယံ ၁၀၀ အဆင့်ကိုပဲ ရွေးပြီး ငွေဖြည့်လိုက်မယ်။ အဆင့်မြင့်အာကာသယာဉ်တွေနဲ့ လက်နက်တွေ အများကြီး ဝယ်ဖို့လိုတယ်။ အဲ့ဒီလို သုံးစွဲမှုက အရမ်းမြန်မှာဆိုတော့ ငွေတွေ အများကြီး ကျန်နေမှာကို စိတ်ပူစရာမလိုဘူး။ တခြား ကုန်သွယ်မှုတွေကိုတော့ နောက်မှ အခြေအနေကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့။”
လန်ယုံက နောက်ဆုံးတွင် ဆုံးဖြတ်လိုက်တော့သည်။
“ဒါပေမဲ့ အရှင်မင်းကြီး ခုနက မိတ်ဆက်ပေးတဲ့လူက ပြောသွားတာ ဒီနေ့တစ်ရက်ပဲ ဒီလိုလျှော့စျေးရှိတယ်။ တခြားအချိန်တွေမှာ မရှိဘူးလို့ ပြောထားတယ်။”
ထန်လော့က သတိပေးလိုက်သည်။
“ရပါတယ်။ ငါတို့ ဘေးကင်းအောင်ပဲ လုပ်ကြရအောင်။ စွန့်စားလွန်းတာမျိုး မဖြစ်စေနဲ့။”
လန်ယုံက သူသိရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့။”
အားလုံးက ပြန်လည်ဖြေကြားလိုက်ကြသည်။
သီးသန့်ခန်းထဲမှ ထွက်လာပြီးနောက် ရှောင်းယီသည် ထိုင်ခုံတစ်ခုရှာကာ ထိုင်လိုက်၏။ အန်းယွဲ့သည်လည်း ဘေးတွင်ဝင်ထိုင်ကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင် သူတို့ ဆွေးနွေးနေတာကို ခိုးနားထောင်ချင်လား။”
“မလိုပါဘူး။”
ရှောင်းယီက လက်ယမ်းပြလိုက်သည်။
“နောက်ဆုံးရလဒ်က သူတို့နိုင်ငံမှာရှိတဲ့ အုတ်မြစ်ကျောက်စုစုပေါင်းရဲ့ ဆယ်ရာခိုင်နှုန်းလောက်နဲ့ အခြေအနေကြည့်ဖို့ပဲ ဖြစ်လိမ့်မယ်။ အဲ့ဒီထက်ပိုပြီး သူတို့ မစွန့်စားရဲပါဘူး။”
အန်းယွဲ့က အသာအယာခေါင်းညိတ်ပြီး ဘာမှထပ်မပြောတော့ပေ။
ရှောင်းယီသည် ဒီနေ့အတွက် လက်မှတ်ထိုးမဝင်ရသေးသည်ကို ရုတ်တရက်သတိရသွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုစဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - လျှပ်စစ်အလိုအလျောက်လမ်းညွှန်တော်ပီဒို ပုံစံခွက် (SS အဆင့်) ၁။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း - လျှပ်စစ်အလိုအလျောက်လမ်းညွှန်တော်ပီဒို ပုံစံခွက် (SS အဆင့်) ၂။”
“တော်ပီဒိုပုံစံခွက်အသစ်တစ်ခု တကယ်ကြီး ပေါ်လာတာပဲ။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဤကဲ့သို့သော တော်ပီဒိုမျိုးကို ယာဉ်ပေါ်မှ ပစ်လွှတ်နိုင်လိမ့်မည်ဟု သူယုံကြည်ပေသည်။ ယခင်က ရေနွေးငွေ့သုံး တော်ပီဒိုများသည် ပစ်လွှတ်နိုင်သည့်အနက် ကန့်သတ်ချက်ရှိပြီး သွားလာရာတွင် သိသာထင်ရှားသော ရေလှိုင်းအမှတ်အသားများ ချန်ထားခဲ့တတ်သည်။
အကယ်၍ ရန်သူ့ယာဉ်က လျင်မြန်ဖြတ်လတ်ပါက ဤတော်ပီဒိုကို ကြိုတင်သတိပြုမိပြီး ရှောင်တိမ်းသွားနိုင်သည့် ဖြစ်နိုင်ခြေ အပြည့်အဝရှိပေသည်။ သို့သော် လက်မှတ်ထိုးဝင်ခြင်းစနစ်ကပေးသော တော်ပီဒိုသည် ဤပြဿနာကို သေချာပေါက် ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ရှောင်းယီ ယုံကြည်နေခဲ့သည်။
ဤတော်ပီဒိုအကြောင်းကို လေပြာအင်ပါယာနှင့် ကိစ္စများပြီးမှသာ သူပြောဆိုတော့မည်။ မည်သို့ပင်ဆိုစေ လောလောဆယ်တွင် ဤတော်ပီဒိုမှာ အရေးတကြီး မလိုအပ်သေးပေ။
လက်မှတ်ထိုးဝင်ခြင်းမှရရှိသော တော်ပီဒိုကို မြင်သောအခါ ရှောင်းယီသည် ယခင်က သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်ရ၍ သူ့ထံမှ တော်ပီဒိုများ ဝယ်ယူသွားသူတစ်ဦးရှိခဲ့သည်ကို ရုတ်တရက် သတိရသွားခဲ့သည်။
“အရင်က သားရဲကြီးနဲ့ တိုးခဲ့တဲ့ အဲ့ဒီမဟာမိတ်အဖွဲ့ဆီက သတင်းအသစ်အဆန်း ရသေးလား။”
ရှောင်းယီက မေးလိုက်သည်။ အန်းယွဲ့ ခဏမျှ ကြောင်အသွားပြီးနောက် ခေါင်းခါပြလိုက်သည်။
“သူတို့ကို တော်ပီဒို ငါးလုံး ရောင်းလိုက်ပြီးကတည်းက ဘာသတင်းမှ ထပ်မကြားရတော့ဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ သူတို့ ဒါကို ဖြေရှင်းနိုင်သွားလို့ ဖြစ်မှာပါ။”
“ကျွန်းပိုင်ရှင်က တော်ပီဒိုအရောင်းကို ဖွင့်ပေးလိုက်ပြီဆိုမှတော့ ပြဿနာမရှိနိုင်တော့ပါဘူး။”
အန်းယွဲ့က ပြုံးကာ ပြောပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“ဒါပေမဲ့ အခု တော်ပီဒိုတွေကို ရောင်းချဖို့ ဖွင့်ပေးလိုက်တာက နည်းနည်းစောလွန်းမနေဘူးလား။”
အန်းယွဲ့ ဆိုလိုသည်ကို ရှောင်းယီက သဘာဝကျကျ နားလည်ပေသည်။ ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် တော်ပီဒိုကို ထိရောက်စွာ ခုခံနိုင်သည့်နည်းလမ်း မရှိသေးဘဲနှင့် တော်ပီဒိုများကို အလောတကြီး ရောင်းချခြင်းက နောင်တစ်ချိန်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို ပြန်လည်တိုက်ခိုက်ရာ၌ အသုံးပြုလာနိုင်သည့် ဘေးရှိနေခဲ့လေသည်။
“ရပါတယ်၊ အခုလောလောဆယ်မှာ ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေဖို့ အားမယားကြသေးပါဘူး။ ပြီးတော့ ရေနွေးငွေ့သုံးတော်ပီဒိုတွေရဲ့ အားနည်းချက် တော်တော်သိသာတာမို့လို့ သိပ်ပြီး ပြဿနာမရှိပါဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါ့အပြင် ဒီကမ္ဘာ့စစ်မြေပြင်က အချိန်အတော်ကြာ ဆက်ရှိနေဦးမှာဆိုတော့ ကျုပ်တို့မှာ ဆက်ပြီး တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်။”
အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
ထိုစဉ် ထန်လော့သည် သီးသန့်ခန်းထဲမှ ထွက်လာပြီး ပြတင်းပေါက်နားတွင် ထိုင်နေသော ရှောင်းယီတို့ကို မြင်သောအခါ ချက်ချင်း လျှောက်လာခဲ့လေသည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်တို့ ဆွေးနွေးပြီးပါပြီ။ အရှင်မင်းကြီးက ခင်ဗျားတို့ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။”
ထန်လော့က လက်သီးဆုပ် အရိုအသေပြုရင်း ပြောလိုက်သည်။ ထိုအခါ ရှောင်းယီက မတ်တပ်ထရပ်ပြီး ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ ဆွေးနွေးတာ တော်တော်မြန်သားပဲ။”
သူတို့ သီးသန့်ခန်းထဲသို့ တစ်ဖန်ပြန်ဝင်ပြီး ထိုင်လိုက်ကြသောအခါ လန်ယုံက တိုက်ရိုက်ပင် ပြောလိုက်သည်။
“ငါတို့ ဆွေးနွေးပြီးပြီ။ ဒီတစ်ခေါက် ကုန်သွယ်မှုအတွက် အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ ဖိုး ဖြည့်သွင်းဖို့ ငါတို့ ဆုံးဖြတ်လိုက်တယ်။”
အခန်း ၉၉၄ - လက်ကိုင်ဖုန်းများကို အရောင်းမြှင့်တင်ခြင်းနှင့် SSS အဆင့် တော်ပီဒိုကို ပေါင်းစပ်ခြင်း
လန်ယုံ၏ စကားကို ကြားသောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ၏ ယခင်တွက်ချက်မှုအရ တစ်ဖက်လူသည် အခြေအနေကြည့်ရန်အတွက် သူတို့၌ရှိသော အုတ်မြစ်ကျောက်လက်ကျန်၏ ဆယ်ရာခိုင်နှုန်းခန့်ကိုသာ ကမ်းလှမ်းလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
ဆယ်ရာခိုင်နှုန်းသည် အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ ဖြစ်နေပါက လေပြာအင်ပါယာတွင် အမှန်တကယ် အုတ်မြစ်ကျောက် မည်မျှရှိနေသနည်း။
ယခင်က ထန်လော့ပြောခဲ့သည့် ဘီလီယံ ၅၀၀ ဆိုသည်မှာ လုံးဝမဟုတ်လောက်ပေ။
ရှောင်းယီ ငိုင်ကျသွားသည်ကို မြင်သောအခါ လန်ယုံက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒီပမာဏက လက်မခံနိုင်စရာ ဖြစ်နေလို့လား။”
“လက်ခံနိုင်တာပေါ့။ ခင်ဗျားတို့နိုင်ငံမှာ အုတ်မြစ်ကျောက်တွေ ဒီလောက်အများကြီး ရှိနေမယ်လို့ မမျှော်လင့်ထားမိလို့ပါ။”
ရှောင်းယီက အဓိပ္ပာယ်ပါပါ ပြန်ဖြေလိုက်သည်။
ယခုတစ်ကြိမ်တွင် လန်ယုံ အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြန်ပြောလိုက်သည်။
“ဒါက သဘာဝပါပဲ...ကျုပ်တို့ဆီမှာ အုတ်မြစ်ကျောက်တွေ အနည်းငယ်တော့ ကျန်ပါသေးတယ်။ မဟာမိတ်ခေါင်းဆောင် ရှောင်းက ပွင့်လင်းရိုးသားလွန်းလို့သာ ကျုပ်တို့ ဒီလောက်အများကြီး ဖြည့်သွင်းလိုက်တာပါ။”
သူသည် မိမိတို့အင်ပါယာတွင် အုတ်မြစ်ကျောက်ပမာဏ မည်မျှရှိသည်ကို ထိမ်ချန်ထားခြင်း မရှိသလို ရှောင်းယီကိုလည်း သွယ်ဝိုက်၍ မြှောက်ပင့်စကား ဆိုလိုက်ခြင်းဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ ဒါပေမဲ့ အုတ်မြစ်ကျောက်အားလုံးကို ဒီနေ့အတွင်း ပေးရမယ်။ အကယ်၍ မနက်ဖြန်မှ လာဖြည့်မယ်ဆိုရင်တော့ ဈေးနှုန်းက အခုလို ဖြစ်မှာမဟုတ်တော့ဘူး။”
“ဒါက သဘာဝကျပါတယ်။ ခုနကတင် မစ္စတာအန်းယွဲ့က ဒါကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပဲလေ။”
လန်ယုံက ပြန်ဖြေလိုက်သည်။
“အုတ်မြစ်ကျောက်တွေကို အခုချက်ချင်း သယ်ယူပို့ဆောင်ဖို့ လူလွှတ်ပြီး စီစဉ်လိုက်ပါ့မယ်။”
“ကောင်းပါပြီ။ ဦးလေးအန်း သူတို့အတွက် စီစဉ်ပေးလိုက်ပါဦး။ အပန်းဖြေစခန်းထဲမှာ လျှောက်ကြည့်ခိုင်းပြီး သုံးသပ်ခအားလုံးကို ကင်းလွတ်ခွင့်ပေးလိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“နားလည်ပါပြီ။”
အန်းယွဲ့က ချက်ချင်းပြန်ဖြေလိုက်သည်။
သူတို့သည် အုတ်မြစ်ကျောက် ဘီလီယံ ၃၀၀ ကို ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီ တစ်ပြိုင်နက်တည်း ယူဆောင်လာပေးမည့်သူများမို့ ရှောင်းယီအနေဖြင့်လည်း သဘောထားသေးသိမ်၍ မဖြစ်ပေ။
ယင်းက မိမိအပန်းဖြေစခန်းရှိ ဖျော်ဖြေရေး အဆောက်အဦးများကို ကြော်ငြာရာလည်း ရောက်ပြီး အနာဂတ်တွင် သူတို့ ခဏခဏ လာရောက်ကစားကြရန် မျှော်လင့်ခြင်းလည်း ဖြစ်သည်။
သူတို့အနေဖြင့် ဤနေရာမှ အရာများကို နှစ်သက်သွားသည်နှင့် တပြိုင်နက် ငွေလာသုံးကြမည်မှာ မလွဲဧကန်ဖြစ်ပြီး ယင်းက သူတို့၏ အကောင့်ထဲရှိ ငွေကြေးလည်ပတ်မှုကို မြန်ဆန်စေကာ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စီးပွားရေးကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
လန်ယုံသည် တကယ်တမ်းတွင် ငြင်းပယ်ချင်နေခဲ့၏။ အကြောင်းမှာ သူသည် နိုင်ငံတစ်ခု၏ အရှင်သခင်ဖြစ်သဖြင့် လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေသောကြောင့်ပင်။
ဤတစ်ခေါက်တွင် သူ၏သားဖြစ်သူနှင့်လည်း သက်ဆိုင်နေသလို အနာဂတ်တွင် ရရှိမည့် အဆင့်မြင့်အစားအစာ အရင်းအမြစ်လည်း ဖြစ်နေသောကြောင့်သာ သူကိုယ်တိုင် လာရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် ရှောင်းယီ၏ ယီရန်ပင်းမဟာမိတ်အဖွဲ့အကြောင်းကိုလည်း အမှန်တကယ် ပိုမိုလေ့လာလိုသဖြင့် ခေါင်းညိတ်လိုက်လေသည်။
“ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”
“အားနာစရာမလိုပါဘူး။ အရှင်မင်းကြီးတို့က ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးတဲ့ ဖောက်သည်ကြီးတွေပဲလေ။ ဒါကြောင့် ကျုပ်တို့ဘက်က ပေါ့ဆလို့ မဖြစ်ပါဘူး။”
ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။
“ဦးလေးအန်းက ဒီကနေစပြီး အရာအားလုံးကို စီစဉ်ပေးပါလိမ့်မယ်။ အော်... ဟုတ်သားပဲ... ဦးလေးအန်း သူတို့ အချင်းချင်း အဆက်အသွယ်မပြတ်အောင် လက်ကိုင်ဖုန်း လေးလုံး ပေးထားလိုက်ပါ။ အကြောင်းတစ်ခုခုရှိရင် ကျုပ်ဆီ တိုက်ရိုက် မက်ဆေ့ခ်ျပို့လို့ ရတာပေါ့။”
“နားလည်ပါပြီ ကျွန်းပိုင်ရှင်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ခင်ဗျား အလုပ်ရှိတာ သွားလုပ်ပါ။ ကျုပ်တို့ဘာသာ အေးအေးဆေးဆေးပဲ လျှောက်ကြည့်လိုက်ပါ့မယ်။”
လန်ယုံက ပြန်ပြောလိုက်သည်။
ရှောင်းယီလည်း အားနာမနေတော့ဘဲ သီးသန့်ခန်းထဲမှ တိုက်ရိုက် ထွက်ခွာသွားလိုက်သည်။
ရှောင်းယီ ထွက်သွားပြီးနောက် အန်းယွဲ့သည် လန်ယုံအပါအဝင် လေးဦးလုံးအတွက် လက်ကိုင်ဖုန်း လေးလုံးကို အရင်ဆုံး ပေးလိုက်သည်။
“ဒါကို လက်ကိုင်ဖုန်းလို့ ခေါ်တယ်။ အဝေးကနေ ဆက်သွယ်စကားပြောဖို့ သုံးလို့ရတယ်။ ဒါနဲ့ လေပြာအင်ပါယာက ဒီကနေ သိပ်မဝေးဘူး မဟုတ်လား။”
အန်းယွဲ့က မေးလိုက်သည်။
“သိပ်မဝေးဘူး ဆိုပေမဲ့လည်း သိပ်တော့မနီးဘူး။ ကီလိုမီတာ တစ်ထောင်လောက် ဝေးပါတယ်။”
ထန်လုံက မိတ်ဆက်ပေးလိုက်သည်။
“ကီလိုမီတာ တစ်ထောင်ပဲလား။ ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။ ခင်ဗျားတို့ ဒီဖုန်းတွေကို အိမ်ပြန်ယူသွားပြီးရင်တောင် သုံးလို့ရပါသေးတယ်။”
အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျား...ဘာပြောလိုက်တာလဲ။”
ထိုစကားကြောင့် လန်ယုံနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြ၏။
“ခင်ဗျား ပြောချင်တာက ဒီလက်ကိုင်ဖုန်းဆိုတဲ့ အရာက ကီလိုမီတာ တစ်ထောင်ကျော်အထိ အဆက်အသွယ် လုပ်လို့ရတယ်လို့ ဆိုလိုတာလား။”
လန်ယုံက မသေချာသလိုဖြင့် ပြန်မေးလိုက်သည်။ အန်းယွဲ့က ခေါင်းညိတ်ပြပြီး ပြန်ဖြေလိုက်သည်။
“အဲ့ဒီထက်တောင် ပိုပြီး ဝေးဝေးသွားလို့ ရပါသေးတယ်။”
“ဒါဆိုရင် ကျုပ်တို့ ဘယ်အချိန်မဆို ဘယ်နေရာမှာမဆို သတင်းအချက်အလက်တွေ ဖလှယ်လို့ရတာပေါ့ ဟုတ်လား။”
ထန်လော့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
အင်ပါယာ၏ စစ်သူကြီးတစ်ဦးအနေဖြင့် ထန်လော့သည် ဤအရာကို စစ်ပွဲများတွင် အသုံးပြုနိုင်ရန် ချက်ချင်းပင် တွေးတောမိလိုက်သည်။ အကယ်၍ သူတို့သည် စစ်မြေပြင်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့နိုင်ပါက တိုက်ပွဲများတွင် အခွင့်သာမှုများစွာကို ရရှိနိုင်မည်ဖြစ်သည်။
“ဒါပေါ့။ အရင်တုန်းက မသေမျိုးမျိုးနွယ်စုတွေ တိုက်ခိုက်တုန်းကလည်း ကျုပ်တို့ ကျွန်းပိုင်ရှင်က ရှေ့တန်းက သတင်းတွေကို ဒီလိုပဲ လက်ခံရရှိခဲ့တာလေ။”
အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။ လန်ယုံက ခေါင်းညိတ်လိုက်၏။
အစောပိုင်းက ရှောင်းယီသည် လန်ရှမ့်နှင့် အခြားသူများကို ပြန်လွှတ်ပေးရန် သူတို့နှင့် ဆွေးနွေးနေစဉ်အတွင်း ဤကိရိယာဖြင့် ဖုန်းလက်ခံဖြေဆိုခဲ့သည်ကို သူသတိရလိုက်သည်။ ထိုဖုန်းကြောင့်ပင် ရှောင်းယီက သူတို့ကို ယီရန်ပင်းမဟာမိတ်တပ်ဖွဲ့၏ တိုက်ပွဲကို သွားရောက်ကြည့်ရှုရန် ခေါ်ဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။
ထန်လော့က ချက်ချင်း မေးလိုက်သည်။ -
“မစ္စတာအန်းယွဲ့ ဒီပစ္စည်းကို ရောင်းလား။”
“ရောင်းတာပေါ့။”
အန်းယွဲ့က နောက်ထပ်ပစ္စည်းတစ်ခုကို အောင်အောင်မြင်မြင် အရောင်းမြှင့်တင်နိုင်ခဲ့သည့်အတွက် ပြုံးကာ ပြန်ဖြေလိုက်၏။
“ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ လူတိုင်းနီးပါး တစ်ယောက်တစ်လုံးစီ ရှိကြတယ်။”
ထိုစကားကို ကြားသောအခါ ထန်လုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒါဆိုရင် ဒီဟာရဲ့ လုံခြုံရေးနဲ့ လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်မှုကရော ဘယ်လိုရှိလဲ။”
“လက်ရှိ ဒီကမ္ဘာရဲ့ နည်းပညာနဲ့ဆိုရင်တော့ ဒါကို ခိုးနားထောင်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ခိုးနားထောင်လို့ မရဘူးလား။”
လန်ယုံက မျက်ခုံးပင့်ကာ မေးလိုက်သည်။
“ဒါဆို ခင်ဗျားတို့ဘက်ကရော...။”
အန်းယွဲ့ အနည်းငယ် ကြောင်သွားပြီးမှ ပြုံးကာ ပြောလိုက်သည်။
“ကျုပ်တို့ရဲ့ လုပ်ငန်းခွင် ကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာကိုတော့ ခင်ဗျားတို့ ယုံကြည်ပေးရမှာပါပဲ။”
“ဒါကတော့ သေချာပေါက်ပဲပေါ့။”
လန်ယုံက အားရပါးရ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
အန်းယွဲ့သည် လန်ယုံအပါအဝင် လူလေးဦးလုံးကို လက်ကိုင်ဖုန်း အသုံးပြုနည်းနှင့် အခြေခံ အက်ပလီကေးရှင်း အသုံးပြုနည်းအချို့ကို သင်ကြားပေးလိုက်သည်။ ထို့နောက် သူတို့ကို အပြင်သို့ ခေါ်ဆောင်သွားကာ ခေတ်မီဖျော်ဖြေရေး အစီအစဉ်များကို စတင်ခံစားစေခဲ့သည်။
ရှောင်းယီသည် အပန်းဖြေစခန်းမှ ထွက်လာပြီးနောက် ဗီလာသို့ တိုက်ရိုက်ပြန်လာခဲ့သည်။ ထို့နောက် စူပါပေါင်းစပ်ခြင်စစက်ကို ရှာကာ ယနေ့ လက်မှတ်ထိုးဝင်ရာမှ ရရှိထားသော ဆုလာဘ်များကို ပေါင်းစပ်လိုက်တော့သည်။
၎င်းတို့မှာ SSS အဆင့် လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက်လမ်းညွှန်တော်ပီဒို ပုံစံခွက် နှစ်ခု ဖြစ်ပေသည်။
“ပေါင်းစပ်ခြင်း အောင်မြင်ပါသည်။ ရရှိသောပစ္စည်း - လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက်လမ်းညွှန်တော်ပီဒို ပုံစံခွက် (SSS အဆင့်) ၁။”
ရှောင်းယီသည် ထိုပုံစံခွက်ကို ထုတ်ယူကာ ကျွန်းအထိမ်းအမှတ်ကျောက်ပြားတိုင်ပေါ်တွင် အသုံးပြုလိုက်၏။ ထို့နောက် တော်ပီဒိုအချို့ကို ချက်ချင်း ထုတ်လုပ်ကာ ရေတပ်ဆိပ်ကမ်းတွင် ထားရှိလိုက်သည်။
ထိုစဉ် ဆုဝမ်က ရှောင်းယီထံသို့ မက်ဆေ့ခ်ျ ပို့လာခဲ့လေသည်။
“ကျွန်းပိုင်ရှင်...ဂရုထဲကလူတွေ အားလုံးက ခြောက်လုံးပြူး ပစ္စတိုတွေကို ဘယ်တော့ စရောင်းမှာလဲလို့ မေးနေကြတယ်။”
ထိုအခါ ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ခဏစောင့်ဦး။ ငါ ဂရုထဲမှာ ကြေညာပေးမယ်။ သူတို့ကို မလောဖို့ ပြောလိုက်ပါ။”
ထို့နောက် ရှောင်းယီသည် ရေတပ်ဆိပ်ကမ်းသို့ ကူးပြောင်းသွားကာ ဂိုဒေါင်ထဲရှိ လျှပ်စစ်တော်ပီဒိုများကို စစ်ဆေးလိုက်သည်။
[လျှပ်စစ်စွမ်းအင်သုံး အလိုအလျောက်လမ်းညွှန်တော်ပီဒို (SSS အဆင့်): နာမည်အတိုင်းပင် လျှပ်စစ်ဖြင့် မောင်းနှင်ခြင်းဖြစ်ရာ အပူသုံးတော်ပီဒိုများ (ရေနွေးငွေ့သုံးတော်ပီဒို) ကဲ့သို့ သွားလာရာတွင် အိတ်ဇောငွေ့ကြောင့် လမ်းကြောင်းပေါ်သည့် အားနည်းချက်ကို ကျော်လွှားထားသည်။ ရေပြင်သင်္ဘောများ၏ ဆူညံသံနှင့် လှိုင်းများကို ဖမ်းယူကာ ပစ်မှတ်ထံ အလိုအလျောက် လမ်းညွှန်သွားနိုင်ပြီး ထိမှန်နှုန်း အလွန်မြင့်မားသည်။ နေရာအမျိုးမျိုးမှ ပစ်လွှတ်နိုင်သည်။]
စနစ်၏ ရှင်းလင်းချက်ကို မြင်သောအခါ ရှောင်းယီက ကျေနပ်စွာ ပြုံးလိုက်မိ၏။
“မဆိုးဘူး။ အခု အဟောင်းတွေကို အကုန်အစားထိုးလို့ ရပြီ။”
ရှောင်းယီ စိတ်ထဲမှ တွေးတောရင်း ဗီလာသို့ ပြန်လာခဲ့လိုက်သည်။
လက်ကိုင်ဖုန်းထဲမှ ဂရုချက်ကို ဖွင့်ကြည့်လိုက်သောအခါ မက်ဆေ့ခ်ျများစွာ တက်လာသည်ကို တွေ့လိုက်ရ၏။ ရှောင်းယီသည် အခြားမက်ဆေ့ခ်ျများကို မကြည့်တော့ဘဲ ဂရုထဲတွင် တိုက်ရိုက် ကြေညာချက် တင်လိုက်သည်။
“နောက်ထပ် ၁၀ မိနစ်နေရင် လက်နက်အရောင်းစတင်ပါမယ်။ အားလုံး ပြင်ဆင်ထားကြပါ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က ယီထျန်းဂရုထဲမှာ စာရင်းတင်ပေးပါ့မယ်။”
“ကောင်းလိုက်တာ...။ သူဌေး ပေါ်လာပြီဟေ့။ ကျုပ်က သူဌေး ပျောက်သွားပြီလို့ တောင် ထင်နေတာ။”
“ကိုယ့်လူတို့... သူဌေးကိုလည်း ကိုယ်ချင်းစာဦးမှပေါ့။ မနက်စောစောစီးစီး မသေမျိုးတွေကလည်း နှောင့်ယှက်နေတယ်။ ငါတို့ကလည်း သူ့ကို တကောက်ကောက် မေးနေကြတယ်။ သူဌေးကို အေးအေးဆေးဆေး ပေးနေပါဦးလား။”
“ငါတို့လည်း သူဌေးကို အေးဆေးပေးနေချင်တာပေါ့။ ဒါပေမဲ့ မသေမျိုးတွေက ငါတို့ကို အေးဆေး ပေးမနေဘူးလေ။ ဒါကို ရင်ဆိုင်နိုင်ဖို့ လက်နက်အသစ်တွေ မြန်မြန်ဝယ်ဖို့ လိုနေတယ်။”
“ဟုတ်တယ်။ ခုနကတင် မသေမျိုးတွေ ငါ့မျက်နှာနားအထိ ရောက်လာတာ။ ငါ့မှာ ခြောက်လုံးပြူးတွေ အရေးတကြီး လိုနေပြီ။”
“မင်းမျက်နှာနားအထိ ရောက်လာတယ် ဟုတ်လား။ မသေမျိုးတွေက အဲ့လောက်တောင် အင်အားကြီးနေတာလား။”
“ဟေး... မင်း ပြောပုံက သံသယဖြစ်စရာကြီးနော်။”