← Chapters

အခန်း (၉၉၅-၉၉၆)

Vol. 83 Ch. 995-996

အခန်း (၉၉၅-၉၉၆)

Vol. 83 Ch. 995-996

အခန်း ၉၉၅ - ခြောက်လုံးပြူးများ ရောင်းချခြင်းနှင့် သတ္တုအရင်းအမြစ် မလုံလောက်မှု

ယီထျန်းဂရုထဲတွင် ပြောဆိုကြသော စကားများသည် သတိမထားပါက ရုတ်တရက်ဆိုသလို ညစ်ညမ်းသော အကြောင်းအရာများဘက်သို့ ရောက်သွားတတ်၏။ ရှောင်းယီသည် ဂရုထဲမှ နောက်ပြောင်မှုများကို လျစ်လျူရှုကာ ကျွန်းအထိမ်းအမှတ်ကျောက်ပေါ်တွင် လက်နက်များကို စာရင်းတင်လိုက်တော့သည်။

ခြောက်လုံးပြူး ပစ္စတိုသည် နောက်ဆုံးပေါ်နှင့် အဆင့်မြင့်ဆုံး လက်ကိုင်သေနတ် ဖြစ်သော်လည်း ၎င်းမှာ အနီးကပ်တိုက်ခိုက်ရေးအတွက်သာ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားပြီးနောက် ရှောင်းယီက အနည်းငယ် စဉ်းစားကာ တစ်လက်လျှင် အုတ်မြစ်ကျောက် ၆၀ ဟု ဈေးနှုန်းသတ်မှတ်လိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုထဲတွင် ခြောက်လုံးပြူး၏ ဈေးနှုန်းကို မြင်သည်နှင့် လူတိုင်း ချက်ချင်းပင် ဆွေးနွေးငြင်းခုံကြတော့သည်။

“တွေ့လား။ ဆရာကြီးက ဈေးအကြီးကြီး တောင်းမှာမဟုတ်ဘူးလို့ ငါပြောသားပဲ။”

“ဟုတ်တယ်။ SSS အဆင့် ခြောက်လုံးပြူးတစ်လက်ကို အုတ်မြစ်ကျောက် ခြောက်ဆယ်ဆိုတာ ဈေးမပေါပေမဲ့ သေချာပေါက် မဈေးကြီးဘူး။”

“မင်းတို့ စကားကောင်းနေလိုက်ကြပါဦး။ ငါကတော့ အခုတင် အလက်တစ်သိန်း အော်ဒါတင်လိုက်ပြီ။”

“ဝိုး... သူဌေးကြီး ပေါ်လာပြီဟေ့။ လူမွဲတွေ လမ်းဖယ်ကြစမ်း။”

“အလက်တစ်သိန်းဆိုတာ အုတ်မြစ်ကျောက် ခြောက်သန်းတောင်လေ။ ဟင်း... ငါ့ကျတော့ ဘာလို့ ဆပွားစာလိပ် တစ်ခါမှ မရဖူးတာပါလိမ့်။”

ရှောင်းယီ တင်ထားသော ခြောက်လုံးပြူးများမှာ အဆက်မပြတ် ရောင်းထွက်နေသဖြင့် သူသည်လည်း အဆက်မပြတ် ထုတ်လုပ်နေရသည်။ အခြားပစ္စည်းများကိုမူ ယခင်တစ်ခေါက်က ဈေးနှုန်းများအတိုင်းသာ အခြေခံ၍ ရောင်းချလိုက်သည်။

ခဏအတွင်းမှာပင် ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ သတ္တုအရင်းအမြစ်များမှာ ပြန်လည်ရှားပါးလာခဲ့ပြန်သည်။

“ဦးလေးအန်း ကျွန်းတိုင်းမှာရှိတဲ့ သတ္တုအရင်းအမြစ် အားလုံးကို ကျုပ်ဆီ အခုချက်ချင်း စုပေးပါ။”

ရှောင်းယီက ဦးလေးအန်းထံ ဖုန်းဆက်လိုက်သည်။ ထိုအခါ အန်းယွဲ့က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ရက်ကတင် တစ်ခါ အကုန်စုလိုက်သေးတယ်လေ။ အခု အရင်းအမြစ်တွေ ထပ်မရှိတော့ဘူး။”

ထိုစကားကို ကြားသောအခါ ရှောင်းယီလည်း မျက်မှောင်ကြုတ်သွားမိ၏။ ထို့နောက် အန်းယွဲ့သည် လောလောဆယ်တွင် လေပြာအင်ပါယာမှ လူများနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။

“ဦးလေးအန်း လေပြာအင်ပါယာမှာ ရောင်းဖို့ သတ္တုအရင်းအမြစ်တွေ ရှိမလားလို့ သူတို့ကို မေးကြည့်ပေးပါဦး။”

ရှောင်းယီက အရေးတကြီး ပြောလိုက်သည်။

အန်းယွဲ့က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ငါ သူတို့နဲ့ စကားပြောကြည့်လိုက်မယ်။”

“အင်း... အမြန်ဆုံး ဖြစ်နိုင်ရင် ကောင်းမယ်။ အခု လူတွေရဲ့ ဝယ်လိုစိတ်က အရမ်းတက်နေတာ။ သတ္တုအရင်းအမြစ်တွေကလည်း အရမ်းမြန်မြန် ကုန်နေတယ်။”

ရှောင်းယီက ဆိုသည်။

“အင်း”

ဖုန်းချပြီးနောက် အန်းယွဲ့သည် Drop Tower (အမြင့်မှ ရုတ်တရက်ကျသည့် ကစားကွင်းပစ္စည်း) ပေါ်တွင် ကစားနေသော လန်ယုံနှင့် အခြားသူများကို ကြည့်ကာ ဈေးနှုန်းကောင်းကောင်းရအောင် မည်သို့ ညှိနှိုင်းရမလဲဟု စဉ်းစားနေလိုက်သည်။

မကြာမီ လန်ယုံတို့ လေးဦးသည် Drop Tower ပေါ်မှ ဆင်းလာခဲ့ကြ၏။ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေသော်လည်း မျက်လုံးများထဲတွင်မူ အလွန်အမင်း စိတ်လှုပ်ရှားနေမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“အရှင်မင်းကြီး ဘယ်လိုခံစားရလဲ။”

အန်းယွဲ့က ပြုံးလျက် နှုတ်ဆက်ကာ မေးလိုက်သည်။

“စိတ်လှုပ်ရှားဖို့ ကောင်းတယ်။”

လန်ယုံက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

“ဒီလို စက်မျိုးလုပ်ဖို့ ခင်ဗျားတို့ ဘယ်လိုများ စဉ်းစားမိကြတာလဲ။ နည်းနည်းတော့ ကြောက်ဖို့ကောင်းပေမဲ့ စိတ်ဖိစီးမှုတွေ လျှော့ချဖို့အတွက် တကယ်ကောင်းတဲ့အရာပဲ။”

“ဒါက ကျုပ်တို့ ယခင်ကမ္ဘာမှာ အရမ်းခေတ်စားခဲ့တဲ့ ဖျော်ဖြေရေး ကစားကွင်းပစ္စည်း အမျိုးအစားပါ။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။ လန်ယုံက လက်မထောင်ပြလိုက်၏။

“ခင်ဗျားတို့ကတော့ တကယ်ကို ပျော်ပျော်နေတတ်တာပဲ။”

“တကယ်တော့ ကျုပ်တို့က အဲ့ဒီအတိုင်း တိုက်ရိုက်ယူလာတာပါ။ ဒါတွေအားလုံးကို ကျုပ်တို့ရဲ့ ရှေးလူကြီးတွေက တီထွင်ခဲ့တာပါ။”

အန်းယွဲ့က ဆက်ပြောလိုက်သည်။

“ဒီမှာရှိတဲ့ ဖျော်ဖြေရေး အဆောက်အဦးတွေ အားလုံးက ရှေးလူကြီးတွေရဲ့ အောင်မြင်မှုတွေပါပဲ။”

“အင်း... တကယ်ကို မဆိုးဘူး။ နောင်ကျရင် ငါတို့နိုင်ငံမှာ စိတ်ဖိစီးမှုတွေ များနေတဲ့သူတွေကို ဒီကိုလာပြီး အတွေ့အကြုံယူခိုင်းရမယ်။”

လန်ယုံက ထပ်မံကစားချင်နေပုံရသည်။

“ဒါပေမဲ့ ဒီအရာက လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဥပမာ ရုပ်ပိုင်းဆိုင်ရာ ရောဂါအချို့ ရှိနေရင်တော့ ကစားလို့ မရပါဘူး။”

အန်းယွဲ့က ရှင်းပြလိုက်သည်။ ထိုအခါ ဘေးနားရှိ ထန်လုံကလည်း ထောက်ခံလိုက်သည်။

“ဟုတ်တယ်။ ဒီအရာက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်။”

“ဟိုဘက်မှာ ပိုပြီး အေးအေးဆေးဆေး ကစားလို့ရတဲ့ နေရာတွေ ရှိပါသေးတယ်။ အဲ့ဒီကို သွားကြည့်ကြတာပေါ့။”

အန်းယွဲ့က ပြုံးကာ ဆိုသည်။

“အင်း... သွားကြတာပေါ့။”

လန်ယုံက ခေါင်းညိတ်ပြီး အန်းယွဲ့နှင့်အတူ ဆက်လျှောက်သွားလိုက်သည်။ ထိုစဥ် လမ်းလျှောက်ရင်း အန်းယွဲ့က စကားစလိုက်သည်။

“အရှင်မင်းကြီး ခင်ဗျားတို့နိုင်ငံမှာရော ဘာဒေသထွက်ပစ္စည်းတွေ ရှိသလဲလို့ ကျုပ် သိချင်မိပါတယ်။ ကျုပ်တို့က မဟာမိတ်တွေဖြစ်နေပြီဆိုတော့ သဘာဝအတိုင်း အရှင်မင်းကြီးတို့နိုင်ငံဆီကနေ ပစ္စည်းတချို့ ဝယ်ချင်ပါတယ်။ ကုန်စည်တွေက စီးဆင်းမှုရှိမှ တန်ဖိုးရှိတာ မဟုတ်လား။”

လန်ယုံ အနည်းငယ် လန့်သွား၏။ ယီရန်ပင်းမဟာမိတ်အဖွဲ့သည် အလွန်တိုးတက်နေပြီဖြစ်၍ သူ့နိုင်ငံထံမှ ဘာမှဝယ်ရန် မလိုတော့ဟု သူအမြဲတွေးထားခဲ့ခြင်းဖြစ်သည်။

ယခု အန်းယွဲ့က ထိုသို့ပြောလာသောအခါ လန်ယုံတစ်ယောက် ချက်ချင်းပင် စဉ်းစားတော့လေသည်။

“ထူးထူးခြားခြား ဖြစ်နေဖို့တော့ မလိုပါဘူး။ အရှင်မင်းကြီးတို့ အင်ပါယာမှာ ပေါပေါများများ ထွက်ရှိနေသရွေ့ ကျုပ်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရှိပါတယ်။”

အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။

ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ ပစ္စည်းအမျိုးအမည်စုံလင်မှုမှာ အလွန်ပင် ကြွယ်ဝနေပြီဖြစ်သည်။ အကယ်၍ လန်ယုံအနေဖြင့် သူ့နိုင်ငံတွင်ရှိပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် မရှိသည့်အရာကို ရှာချင်ပါက အလွန်ခက်ခဲပေလိမ့်မည်။

အန်းယွဲ့၏ သတိပေးချက်ကြောင့် လန်ယုံက စကားစလာခဲ့သည်။

“ပေါများတာကို ပြောရမယ်ဆိုရင်တော့ ကျုပ်တို့နိုင်ငံမှာ သတ္တုတွင်းတွေတော့ တော်တော်များများ စုံစုံလင်လင် ရှိပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ အန်းယွဲ့က စိတ်ထဲမှ “ဟုတ်ပြီကွ” ဟု ရေရွတ်လိုက်မိ၏။ သို့သော် အပြင်ပန်းတွင်မူ တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းထားပြီး မေးလိုက်သည်

“သတ္တုတွင်းတွေက ကျွန်းတိုင်းမှာ ရှိနေတာပဲ မဟုတ်လား။ အရှင်မင်းကြီးတို့ဆီမှာ တကယ်ပဲ အများကြီးရှိတာလား။”

“အများကြီးတင် မကဘူး။”

ဘေးမှ လန်ရှမ့်က ဂုဏ်ယူစွာ ဝင်ပြောလိုက်၏။

“ကျုပ်နာမည်ကို ဘာလို့ လန်ရှမ့်လို့ ပေးထားလဲ သိလား။”

အန်းယွဲ့ ခဏမျှ ကြောင်အသွား၏။

ဘာလို့ ရုတ်တရက်ကြီး နာမည်အကြောင်း ရောက်သွားတာလဲ။

“ဘာလို့လဲဆိုတော့ ကျုပ်တို့ လေပြာအင်ပါယာမှာ သတ္တုတွင်းတွေ အဆမတန် ပေါများလို့ပဲ။ ကျုပ်ရဲ့ခမည်းတော်က ကျုပ်ကို ဒီတွင်းတွေကို အချိန်အကြာကြီး ထိန်းချုပ်စေချင်လို့ ‘ရှန်း’ (တောင်တန်း သို့မဟုတ် တွင်းထွက်များဟု အဓိပ္ပာယ်ရနိုင်သည်) ဆိုတဲ့ နာမည်ကို ပေးခဲ့တာ။”

လန်ရှန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

[T/N: ဒီနေရာမှာ ဘာသာပြန်သူ နာမည်အသုံးအနှုန်းလွဲသွားပါတယ်။ နောက်ပိုင်း လန်ရှန်းလို့ပဲ သုံးပါမယ်။]

“တွင်းထွက်ပမာဏကိုပဲ ကြည့်မယ်ဆိုရင် ကျုပ်တို့ လေပြာအင်ပါယာက သာမန်ကျွန်းတစ်ကျွန်းထက် အဆပေါင်း တစ်ရာမက ပိုများပြီး သတ္တုသိုက်တွေကလည်း အဲ့ဒီအရေအတွက်ထက် မနည်းဘူး။”

“အဆ တစ်ရာလား။”

ယခုတစ်ကြိမ်တွင် အန်းယွဲ့ အမှန်တကယ် အံ့အားသင့်သွားတော့သည်။ သာမန်ကျွန်းတစ်ကျွန်းထက် အဆတစ်ရာဆိုလျှင် ဤပမာဏမှာ အမှန်တကယ်ပင် ‘ပေါများကြွယ်ဝသည်’ ဟု ဆိုနိုင်ပေသည်။

“ဒါဆို ခင်ဗျားတို့နိုင်ငံက အဲ့ဒါတွေကို အကုန်သုံးနိုင်ရဲ့လား။”

အန်းယွဲ့က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မသုံးနိုင်ဘူး။ အဲ့ဒါကြောင့် အများစုကို တခြားနိုင်ငံတွေကို တင်ပို့ရတယ်။”

လန်ယုံက ဝင်ပြောလိုက်သည်။

“ဒါဆိုရင် ကျုပ်တို့ မဟာမိတ်အဖွဲ့ကလည်း အရှင်မင်းကြီးတို့ဆီကနေ နည်းနည်းလောက် ဝယ်မယ်တိုရင်ရော ဘယ်လိုလဲ။”

အန်းယွဲ့က ပြုံးကာ ဆိုလိုက်သည်။

တစ်ဖက်လူက သတ္တုရိုင်းဝယ်မည်ဆိုသော စကားကြောင့် လန်ယုံက စိတ်ဝင်တစားဖြင့် မေးလိုက်၏။

“ဘယ်လောက်များများ ဝယ်ချင်လို့လဲ။”

“နည်းနည်းပါပဲ...။ တန်ချိန် ဘီလီယံ ၁၀၀ လောက်ဆိုပါတော့။ ဘယ်လိုသတ္တုမျိုးမဆို ရပါတယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

ဤစကားတစ်ခွန်းက လန်ယုံတို့ လေးဦးလုံးကို လုံးဝ အံ့အားသင့်သွားစေခဲ့၏။

“တန်ချိန် ဘီလီယံ ၁၀၀ ဟုတ်လား။”

လန်ယုံက မသေချာသလို ပြန်မေးလိုက်သည်။

“ဘာလို့လဲ...။ နည်းလွန်းတယ်လို့ ခံစားနေရလို့လား။”

အန်းယွဲ့က နားမလည်ဟန် ပြန်မေးလိုက်သည်။

“တန်ချိန် ဘီလီယံ ၂၀၀ ဆိုရင်လည်း ရပါတယ်။”

“မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျုပ်တို့မှာ အခုရှိသမျှ လက်ကျန်အကုန်ပေါင်းရင်တောင် တန်ချိန် ဘီလီယံ ၁၀၀ ပြည့်မလားဆိုတာ မသေချာဘူး။”

လန်ယုံက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့လေသည်။

သူ့နိုင်ငံတွင် သတ္တုများ အလွန်ပေါများကြောင်း ခုနတင် ကြေညာထားခဲ့ပြီးမှ တစ်ဖက်လူက ‘နည်းနည်း’ ဝယ်မည်ဆိုသည်ကိုပင် မရောင်းနိုင်ဖြစ်နေရသည်မှာ ‘ပေါများကြွယ်ဝသည်’ ဆိုသည့် စကားအတွက် အရှက်ရစရာ ဖြစ်နေခဲ့လေသည်။

အန်းယွဲ့ကလည်း အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ငါက နည်းနည်းလေးပဲ ဝယ်ချင်တာလေ။ ဒါလေးတောင် မင်းတို့ဆီမှာ မရှိဘူးလား။

“အာ... ဒါဆိုရင်လည်း အရှင်မင်းကြီးတို့ဆီမှာ ရှိသလောက်ပဲ ပေးလိုက်ပါတော့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးတို့ အဲ့ဒီလက်နက်တွေနဲ့ သင်္ဘောတွေ ဝယ်တဲ့အခါမှာလည်း သတ္တုတွေ အများကြီး သုံးရဦးမှာပဲလေ။”

လန်ယုံက ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားတို့ကို ရောင်းဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဈေးနှုန်းကို ဘယ်လို တွက်ချက်မှာလဲ။”

“ကျုပ်တို့ဆီမှာ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ ရှိပြီးသားပါ။ မဟာမိတ်တွေအကြား အရောင်းအဝယ်မှန်သမျှမှာ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ ငွေကြေးကိုပဲ သုံးပါတယ်။ ကုန်သွယ်မှုအတွက် အုတ်မြစ်ကျောက်တွေကို အသုံးမပြုပါဘူး။ တခြားသော မျိုးနွယ်စုတွေနဲ့လည်း ဒီလိုပါပဲ။ အကယ်၍ အရှင်မင်းကြီးတို့ဘက်က သဘောမတူဘူးဆိုရင် ငြင်းပယ်နိုင်ပါတယ်။ အရောင်းအဝယ် မဖြစ်ရင်တောင် မိတ်ဆွေတွေအဖြစ်တော့ ဆက်ရှိနေမှာပါ။”

အန်းယွဲ့က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

စကားတစ်ခွန်းတည်းဖြင့် အနှစ်ချုပ်ရလျှင် အုတ်မြစ်ကျောက်များသည် ရှောင်းယီ၏ အိတ်ကပ်ထဲသို့ ရောက်သွားပြီးပါက ပြန်ထွက်လာဖို့ မမျှော်လင့်နှင့်ဟူ၍ ဖြစ်သည်။

လန်ယုံတို့ လေးဦးလုံး မျက်မှောင်ကြုတ်သွားကြ၏။ ဤသည်မှာ အာဏာသုံးပြီး တစ်ဖက်သတ်သတ်မှတ်ထားသည့် စည်းကမ်းချက်များ ဖြစ်နေသော်လည်း သူတို့တွင် ငြင်းပယ်နိုင်စွမ်း ရှိပုံမရပေ။

အခန်း ၉၉၆ - သတ္တုကုန်သွယ်မှု ညှိနှိုင်းခြင်းနှင့် လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်နိုင်ခြင်း

လေပြာအင်ပါယာသည် ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းသို့ အုတ်မြစ်ကျောက် အမြောက်အမြား ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။ အကယ်၍ ကုန်သွယ်မှုတွင် မည်သည့်ငွေကြေးကို အသုံးပြုမည်ဆိုသည့်အချက်ဖြင့် သူတို့အချင်းချင်း အဆင်မပြေဖြစ်ကြပါက ယခင်ရင်းနှီးမြှုပ်နှံမှုအားလုံးမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

ရှောင်းယီသည် လေပြာအင်ပါယာထံမှ သတ္တုဝယ်ယူရန်အတွက် အုတ်မြစ်ကျောက်ကို ငွေကြေးအဖြစ် အသုံးမပြုသော်လည်း သူတို့သည် အရောင်းအဝယ်အတွက် ဒီဂျစ်တယ်ငွေကြေးကို အသုံးပြုမည်ဖြစ်ပြီး လေပြာအင်ပါယာသည်လည်း ထိုငွေကြေးကို အသုံးပြု၍ ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ ပစ္စည်းများကို ပြန်လည်ဝယ်ယူနိုင်မည်ဖြစ်သည်။

ထို့ကြောင့် လန်ယုံသည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ။ အရောင်းအဝယ်အတွက် ခင်ဗျားတို့ မဟာမိတ်အဖွဲ့ရဲ့ ငွေကြေးကိုပဲ သုံးကြတာပေါ့။”

ထိုအခါ အန်းယွဲ့က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“အင်း... ဒါဆိုရင် အဲ့ဒီသတ္တုတွေကို ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီ သယ်ယူပို့ဆောင်ဖို့အတွက် လူလွှတ်ပြီး စီစဉ်လို့ရပါပြီ။”

“ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုချက်တစ်ခု ရှိတယ်။”

လန်ယုံက ဆက်ပြောလာခဲ့သည်။ အန်းယွဲ့ အနည်းငယ် ကြောင်ပသွားခဲ့သည်။

“ဘာတောင်းဆိုချက်လဲ...။”

“ခင်ဗျားတို့ဆီကနေ ဝယ်ယူမယ့် လက်နက်ပမာဏကို ကန့်သတ်တာမျိုး မလုပ်ရဘူး။”

လန်ယုံက ဆိုသည်။

“ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။”

အန်းယွဲ့က ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ အကယ်၍ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုကြောင့် အကန့်အသတ်ဖြစ်သွားရင်တော့ ဒါက တခြားကိစ္စတစ်ခု ဖြစ်သွားမှာပေါ့။”

သူတို့အနေဖြင့် အပြင်သို့ ရောင်းချရန် ဆုံးဖြတ်ပြီးသားဖြစ်ရာ ၎င်းမှာ အဆင့်မြင့်လက်နက်များ သူတို့ထံတွင် ပိုလျှံနေသောကြောင့် ဖြစ်သည်။ တစ်ဖက်လူက မည်မျှပင် ဝယ်ယူပါစေ ယီရန်ပင်းမဟာမိတ်အဖွဲ့အပေါ် မည်သည့်သက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။

သို့သော်ငြားလည်း အန်းယွဲ့သည် မဟာမိတ်အဖွဲ့အတွက် ထွက်ပေါက်တစ်ခုကိုတော့ ချန်ထားခဲ့သေးသည်။

‘ခင်ဗျားတို့ ဝယ်ယူမယ့် ပမာဏကို ကျုပ်တို့ မကန့်သတ်ဘူး။ ဒါပေမဲ့ ကုန်ကြမ်းပစ္စည်း ပြတ်လပ်လို့ ထုတ်လုပ်လို့ မရတော့ဘူးဆိုရင်တော့ ကျုပ်တို့လည်း ဘာမှမတတ်နိုင်ဘူး’ ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုစကားကို ကြားသောအခါ သူတို့လေးဦး မျက်မှောင်ကြုတ်သွားကြ၏။

မဟာမိတ်အဖွဲ့၌ ပစ္စည်းလက်ကျန် မည်မျှရှိသလဲဆိုသည်ကို ဘုရားသာ သိလိမ့်မည်။ အားလုံးက သူတို့ပြောသမျှကိုသာ ယုံနေရမည်မဟုတ်ပါလော။

သို့သော် လန်ယုံက ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ...အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြရအောင်။ လန်ရှန်း မင်း အရင်ပြန်ပြီးတော့ စီစဉ်စရာရှိတာတွေ သွားလုပ်လိုက်ပါ။”

လန်ရှန်း ကြောင်အသွား၏။

ဘာလို့ ကျုပ်လဲ။ ကျုက် ကစားလို့တောင် မဝသေးဘူး‌လေ။ ထန်လုံကို ခိုင်းလို့ မရဘူးလား။

ပြီးတော့ တခြားသူရဲ့ ငွေကြေးကို သုံးပြီး ကုန်သွယ်ဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်တာလား။ အတွင်းခံဘောင်းဘီပါ ဆုံးရှုံးရတဲ့အထိ အလိမ်ခံရမှာကို မကြောက်ဘူးလား။

လန်ရှန်း စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုစဉ် လန်ယုံက ဆက်ပြောလိုက်သည်။

“မင်း ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်ရင် မင်း စိတ်ကြိုက်ကစားဖို့အတွက် သုံးရက် ခွင့်ပေးမယ်။”

ထိုအခါ ဘေးနားရှိ ထန်လုံက ဝင်မပြောဘဲ မနေနိုင်တော့ပေ။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဒါကို ထပ်ပြီး ဆွေးနွေးသင့်သေးတယ် မဟုတ်လား။ ကျွန်တော်မျိုးတို့ရဲ့ သတ္တုတွင်းထွက်တွေနဲ့ပဲ ငွေဖြည့်လို့ မရဘူးလား။”

လေပြာအင်ပါယာအနေဖြင့် အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ ဖြည့်သွင်းရန် သဘောတူညီပြီးသားဖြစ်ရာ အကယ်၍ သတ္တုတွင်းထွက်များဖြင့် အစားထိုးနိုင်ပါက လေပြာအင်ပါယာအတွက် အုတ်မြစ်ကျောက်အချို့ကို ပိုမိုထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

ထိုအခါ အန်းယွဲ့က ခေါင်းခါကာ ပြောလိုက်သည်။

“သတ္တုတွင်းထွက်တွေကို ရောင်းချလို့ ရလာတဲ့ ဒီဂျစ်တယ်ငွေကြေးဟာ ငွေဖြည့်ခြင်း လျှော့စျေးခံစားခွင့်နဲ့ မသက်ဆိုင်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် ဒီနည်းလမ်းနဲ့ လုပ်မယ်ဆိုရင် လျှော့စျေးတွေ ရမှာမဟုတ်ဘူး။ ခင်ဗျားတို့ဘာသာပဲ ချိန်ဆကြည့်ကြပါ။”

လန်ယုံက ပြုံးကာ ပြောလိုက်သည်။

“ထပ်ပြီး ဆွေးနွေးနေဖို့ မလိုတော့ပါဘူး။ အရင် သဘောတူထားတဲ့အတိုင်းပဲ လုပ်ကြမယ်။”

ထန်လုံက ခေါင်းညိတ်ပြီး ဆက်လက်တိုက်တွန်းခြင်း မပြုတော့ပေ။ သူ့ခမည်းတော်က ဆုံးဖြတ်ချက် ချပြီးသားဖြစ်သည်ကို မြင်သောအခါ လန်ရှန်းသည် လက်ယှက် နှုတ်ဆက်ကာ ထိုနေရာမှ ထွက်ခွာသွားပြီး နိုင်ငံအတွင်းရှိ သတ္တုများကို စုဆောင်းကာ ပို့ဆောင်ရန် ပြင်ဆင်လိုက်တော့သည်။

“အရှင်မင်းကြီးက တကယ်ကို ပွင့်လင်းပြတ်သားတာပဲ။”

အန်းယွဲ့က ချီးကျူးလိုက်သည်။

“ကျုပ်တို့က အချိန်အကြာကြီး ပူးပေါင်းဆောင်ရွက်ကြမယ့် မဟာမိတ်တွေပဲလေ။ အပြန်အလှန် ငြင်းခုန်ပြီး အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။”

လန်ယုံက ပြုံးကာ ပြန်ပြောလိုက်သည်။ အန်းယွဲ့က လက်မထောင်ပြလိုက်ပြီး သူတို့ကို ဖျော်ဖြေရေးမြို့တော်ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ သူတို့အတွက် အဖော်အချို့ကို စီစဉ်ပေးပြီးနောက် လန်ယုံနှင့် အခြားနှစ်ဦးကို လိုက်လံပြသခိုင်းနေစဉ် အန်းယွဲ့က ရှောင်းယီထံ စာတိုတစ်စောင် ပို့လိုက်သည်။

“ကျွန်းပိုင်ရှင် လေပြာအင်ပါယာမှာ သတ္တုတွေ တကယ်ပဲ တော်တော်များများ ရှိတယ်။ ငါတို့ ညှိနှိုင်း ပြီးသွားပြီ။ သူတို့ မကြာခင် ငါတို့ မဟာမိတ်အဖွဲ့ဆီကို သတ္တုတွေ သယ်လာပေးလိမ့်မယ်။ အရာအားလုံးကို ဒီဂျစ်တယ်ငွေကြေးနဲ့ပဲ အရောင်းအဝယ် လုပ်မှာဖြစ်ပြီး အရင်က ငွေဖြည့်ထားတဲ့ အုတ်မြစ်ကျောက်ပမာဏကတော့ ပြောင်းလဲမှုမရှိပါဘူး။”

“အရမ်းကောင်းတယ်။”

ရှောင်းယီက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

“ကျုပ်ဘက်မှာတော့ အကုန်လုံး ရပ်တန့်နေပြီ။ လူတိုင်းက လက်နက်တွေ အများကြီး ဝယ်နေကြတော့ လက်ကျန်သတ္တုတွေ အကုန်နီးပါး ပြတ်သွားပြီ။”

“လန်ရှန်းက သတ္တုတွေကို မကြာခင် သယ်လာပေးလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

အန်းယွဲ့ ဖုန်းမချရသေးမီမှာပင် လန်ယုံထံသို့ လန်ရှန်းဆီမှ ဖုန်းခေါ်ဆိုသံ ရောက်ရှိလာခဲ့သည်။

ကလင်...ကလင်...

လန်ယုံမှာ ချက်ချင်းတုံ့ပြန်မှု မပြုနိုင်ဘဲ ဖြစ်နေစဉ် ဘေးနားရှိ အဖော်ဖြစ်သူက အလျင်အမြန် သတိပေးလိုက်သည်။

“အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ လက်ကိုင်ဖုန်း မြည်နေပါတယ်။”

လန်ယုံ ခဏမျှ ကြောင်သွားပြီးမှ အိတ်ထဲမှ ဖုန်းကိုထုတ်ကာ အန်းယွဲ့သင်ပေးထားသည့်အတိုင်း ဖုန်းလက်ခံဖြေဆိုပြီး နားတွင် ကပ်လိုက်သည်။

“ဘယ်သူလဲ။”

လန်ယုံက မေးလိုက်သည်။

“ခမည်းတော် ကျုပ် လန်ရှန်းပါ။”

လန်ရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျုပ် စမ်းကြည့်တာပါ။ တကယ်ကြီး ဆက်သွယ်လို့ရလိမ့်မယ်လို့ မထင်ထားဘူး။”

“မင်း ငါတို့အင်ပါယာကို ပြန်ရောက်သွားပြီလား။”

လန်ယုံက အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်ကဲ့။ ကျုပ် အခု နန်းတော်ထဲမှာပါ။”

လန်ရှန်းက ပြန်ဖြေလိုက်၏။

“ခမည်းတော်...ကျုပ်တို့ တကယ်ပဲ လက်ရှိရှိသမျှ သတ္တုတွေ အကုန်လုံးကို ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီ ပို့ပေးရမှာလား။”

လန်ယုံသည် အပြင်ဘက်တွင် ဖုန်းပြောနေဆဲဖြစ်သော အန်းယွဲ့ကို တစ်ချက်လှမ်းကြည့်ပြီးမှ ပြန်ဖြေလိုက်သည်။

“ဒီတစ်ခေါက် အရောင်းအဝယ်အတွက် သူတို့ကို သတ္တုတန်ချိန် ဘီလီယံ ၆၀ ပေးလိုက်ပါ။”

“ဟုတ်ကဲ့။”

လန်ရှန်းက တုံ့ပြန်လိုက်သည်။

“ဒါတွေကို သယ်ဖို့ သင်္ဘောတွေကို အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။”

“အင်း။”

လန်ယုံ ခေါင်းညိတ်လိုက်သည်။

ရှောင်းယီသည် အန်းယွဲ့နှင့် ဖုန်းပြောပြီးနောက် ယီထျန်းဂရုထဲမှ စကားဝိုင်းများကို လိုက်ကြည့်နေလိုက်သည်။

“ဒီမသေမျိုးတွေက အရင်အတိုင်းပဲ။ ညဘက်ဆို အရမ်းတက်ကြွပြီး နေ့ခင်းဘက်ဆို အရမ်းပျော့ခွေနေတာပဲ။”

“အင်း...ဟုတ်သလိုလိုပဲ။ မနက်က သူတို့ကို တိုက်ထုတ်ပြီးကတည်းက ငြိမ်နေတာ။”

“နေ့ခင်းဘက်ကို ငါတို့ အနားယူဖို့ အချိန်ပေးထားတာ ထင်တယ်။ ဒါနဲ့ မင်းတို့ဆီက တခြားမျိုးနွယ်စုတွေရော ကူညီပေးကြလား။”

“ဘာလာကူရမှာလဲ။ သူတို့မှာ သင်္ဘောတောင် ရှိပုံမရဘူး။ ငါတို့က အဲ့ဒီမသေမျိုးတွေကို တည်နေရာကူးပြောင်းခြင်း လေဟာနယ်တံခါား နားမှာတင် ပိတ်ဆို့ထားတာ။ သူတို့ မြင်တောင်မမြင်ရဘူး။”

“အဲဒါတော့ ဟုတ်တယ်။ ငါတို့က အရမ်းတက်ကြွလွန်းနေသလိုပဲ။ ဒီလိုသာဆိုရင် အဲဒီမျိုးနွယ်စုတွေ လာရတာ အလကားဖြစ်ကုန်တော့မှာပဲ။”

“ဘာလဲ...မင်းက မသေမျိုးတချို့ လွှတ်ပေးပြီး အဲ့ဒီမျိုးနွယ်စုတွေကို လှုပ်ရှားခိုင်းစေချင်တာလား။”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့မှာ ဒီလောက်ပြင်းထန်တဲ့ လက်နက်အားတွေ ရှိနေမယ်လို့ ထည့်မတွက်ထားတာများလားလို့ တွေးမိတာပါ။ အဲ့ဒီမျိုးနွယ်စုတွေကို စီစဉ်ပေးထားတာက အလကား ဖြစ်နေပြီလားလို့လေ။”

“ငါတို့က အဲ့ဒီအဆင့်ကို မရောက်သေးပါဘူး။ အကယ်၍ မသေမျိုးတွေက အရှုံးမပေးဘဲ အလုံးအရင်းနဲ့ တိုးလာမယ်ဆိုရင် မင်း သူတို့ကို လုံးဝ ပိတ်ဆို့ထားနိုင်မယ်ဆိတာ မင်း သေချာလို့လား။”

“သေချာသလောက်တော့ ရှိပါတယ်။ အခု ငါတို့မှာ ခြောက်လုံးပြူးတွေနဲ့ အကန့်အသတ်မရှိတဲ့ လက်ပစ်ဗုံးတွေ ရှိနေပြီလေ။ အနည်းဆုံးတော့ အများစုကို ဒီမှာတင် တားထားနိုင်ပါတယ်။”

“အကန့်အသတ်မရှိတဲ့ လက်ပစ်ဗုံး ဟုတ်လား။ မင်းကတော့ အများကြီး တွေးလွန်းနေပြီပဲ။ အကန့်အသတ်မရှိ လက်ပစ်ဗုံးသုံးနိုင်ဖို့ဆိုတာ မင်းဆီမှာ အုတ်မြစ်ကျောက်တွေ အကန့်အသတ်မရှိ ရှိရမယ်။ နားလည်လား...။”

“မှန်တယ်...။ အုတ်မြစ်ကျောက်တင်မကဘူး။ သူဌေးဆီမှာလည်း လက်ပစ်ဗုံးတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ အကန့်အသတ်မရှိ ရှိနေဖို့ လိုသေးတယ်။”

“ဒီ ‘အကန့်အသတ်မရှိ’ ဆိုတဲ့ အချက်နှစ်ချက်လုံးက မဖြစ်နိုင်သလောက်ပဲ။ အခု မင်း နားလည်ပြီလား။”

“အမ်... မင်းတို့ ပြောတာကြားမှ ငါ ရုတ်တရက်ကြီး အန္တရာယ်ရှိလာသလို ခံစားလာရပြီ။”

“မဟုတ်တာ... အန္တရာယ်ရှိတာပေါ့။ ဒါကြောင့် မင်းတို့ဆီမှာ သတ္တုအရင်းအမြစ်တွေရှိရင် သူဌေးဆီ မြန်မြန်သွားလဲလိုက်ကြ။ သူဌေး လက်နက်တွေနဲ့ ခဲယမ်းတွေ ရောင်းတာ ရပ်သွားတာက သူ့ဆီမှာ သတ္တုပြတ်သွားလို့ ဖြစ်နိုင်တယ်။”

“ဒါဆိုရင် ငါ့ကျွန်းမှာ တူးထားတဲ့ သတ္တုတွေကို မြန်မြန်သွားလဲဖို့ လုပ်ရတော့မယ်။”

ထိုအရာကို မြင်သောအခါ ရှောင်းယီက ချက်ချင်း မက်ဆေ့ခ်ျ ပို့လိုက်သည်။

“မင်းတို့ ခန့်မှန်းတာ မှန်တယ်။ သုံးစွဲမှုက တကယ်ကို မြင့်မားနေတယ်။ အခု ကျုပ်ဆီမှာ သတ္တုအရင်းအမြစ်တွေ အရေးတကြီး လိုအပ်နေတယ်။”

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ နည်းနည်းကျန်သေးတယ်။ ခဏပဲ စောင့်ပေးပါ...အခုချက်ချင်း သူဌေးဆီ ပို့လိုက်မယ်။”

“သူဌေး ဈေးကွက်ခန်းမထဲမှာ သတ္တုအရင်းအမြစ်တွေ အများကြီး တင်ထားတာ တွေ့တယ်။”

ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ဈေးကွက်ခန်းမသို့ အမြန်ပြောင်းကြည့်လိုက်သည်။ သတ္တုအရင်းအမြစ် တော်တော်များများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဈေးနှုန်းများမှာလည်း ပုံမှန်ထက် ငါးဆမှ ဆယ်ဆအထိ မြင့်တက်နေခဲ့သည်။

ရှောင်းယီ ခေါင်းခါလိုက်ပြီး သူ့လက်ကိုင်ဖုန်းမှ နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်ပြန်သည်။

All Chapters