အခန်း (၉၉၇-၉၉၈)
Vol. 83 Ch. 997-998
အခန်း ၉၉၇ - ကုန်သွယ်ရေးသင်္ဘော စေလွှတ်ခြင်းနှင့် နတ်ဘုရားများပင် မနာလိုဖြစ်ရခြင်း
“ဈေးကွက်ခန်းမထဲက သတ္တုဈေးနှုန်းတွေက အရမ်းကြီးလွန်းနေတယ်။ အကယ်၍ ကျုပ် အဲ့ဒီသတ္တုတွေကိုဝယ်ပြီး အားလုံးအတွက် လက်နက်ခဲယမ်းတွေ ထုတ်လုပ်ပေးမယ်ဆိုရင် ရောင်းဈေးကလည်း အဲ့ဒီအတိုင်း လိုက်တက်သွားမှာပဲ။ အားလုံးက အဲ့လောက်ဈေးကြီးကြီစ မတတ်နိုင်ကြမှာကို ကျုပ် စိုးရိမ်မိတယ်။ ဒါကြောင့် ကျုပ် ဂရုထဲမှာပဲ တိုက်ရိုက်ဝယ်ပါ့မယ်။ ဈေးနှုန်းကိုတော့ ပုံမှန်နေ့စဉ်ပေါက်ဈေးအတိုင်းပဲထားမှာဖြစ်လို့ လက်နက်ခဲယမ်းဈေးတွေ တက်လာမှာမဟုတ်ပါဘူး။”
ရှောင်းယီ၏ ဤမက်ဆေ့ခ်ျကို မြင်သောအခါ လူတိုင်း အပြင်းအထန် ဆွေးနွေးကြတော့သည်။
“ထင်တဲ့အတိုင်းပဲ။ အချို့လူတွေကတော့ စစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ ပြင်နေကြပြီပဲ။”
“အခုလိုအချိန်မျိုးမှာ သတ္တုဈေးတင်တာက... သူတို့ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ငါတို့ကို နှိပ်စက်နေတာပဲ။”
“သူဌေးက အကောင်းဆုံးပဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့က နေ့စဉ်ပေါက်ဈေးအတိုင်းပဲ ရောင်းဖို့ အသင့်ရှိပါတယ်။”
“ကျုပ်တို့ဆီကဟာတွေကို သူဌေးဆီ လွှဲပေးပြီးပါပြီ။ အားလုံး မြန်မြန်လုပ်ကြပါ။”
ရှောင်းယီသည် ယီထျန်းဂရုထဲမှ သတ္တုအရင်းအမြစ် အမြောက်အမြားကို ရရှိခဲ့၏။ ထိုအရောင်းအဝယ်များကို သဘောတူညီနေစဉ်အတွင်း သူသည် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။
လေပြာအင်ပါယာတွင် သတ္တုအရင်းအမြစ်များစွာ ရှိနေသည်မှာ မှန်သော်လည်း ၎င်းတို့ကို မည်သို့ သယ်ယူပို့ဆောင်မည်နည်း။
အရာအားလုံးအတွက် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။ အကြောင်းမှာ စွမ်းအင်သလင်းကျောက် အမြောက်အမြားကို သုံးစွဲရမည် ဖြစ်သောကြောင့်ပင်။ အကယ်၍ သင်္ဘောဖြင့် ပို့ဆောင်မည်ဆိုပါက ယီရန်ပင်းမဟာမိတ်အဖွဲ့ထံသို့ ရောက်ရှိရန် မနက်ဖြန်အထိ ကြာမြင့်ပေလိမ့်မည်။
ထိုအကြောင်း တွေးမိသောအခါ ရှောင်းယီသည် အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းဆက်၍ မေးလိုက်သည်။
“လေပြာအင်ပါယာက သတ္တုတွေကို ဘယ်လိုနည်းလမ်းနဲ့ သယ်လာမှာလဲဆိုတာ သူတို့ကို မေးကြည့်ပေးပါဦး။”
ရှောင်းယီ၏ ညွှန်ကြားချက်ကို ကြားသောအခါ အန်းယွဲ့သည် သူဆိုလိုသည်ကို ချက်ချင်းပင် နားလည်သွားခဲ့၏။
“ကောင်းပြီ။ ငါ အခု အတည်ပြုလိုက်မယ်။”
အန်းယွဲ့က ပြန်ဖြေပြီးနောက် ဂိမ်းကစားနေသော လန်ယုံထံသို့ လျှောက်သွားကာ ပြောလိုက်သည်။
“ကျုပ်တို့ ကျွန်းပိုင်ရှင်က မေးခိုင်းလိုက်လို့ပါ။ အဲ့ဒီသတ္တုတွေကို ဘယ်လိုသယ်ယူဖို့ စီစဉ်ထားပါသလဲ။ တည်နေရာကူးပြောင်းခြင်း အစီအရင်နဲ့လား။”
လန်ယုံ ခဏမျှ တန့်သွားပြီးမှ ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး။ တည်နေရာကူးပြောင်းခြင်းအစီအရင်ကို သုံးတာက စွမ်းအင်သလင်းကျောက်တွေ အရမ်းအကုန်အကျများလွန်းတယ်။ သင်္ဘောနဲ့ပဲ ပို့မှာပါ။ အကွာအဝေးကလည်း သိပ်မဝေးဘူးဆိုတော့ နောက်ဆုံး သဘက်ခါလောက်ဆိုရင် ရောက်ပါလိမ့်မယ်။”
ထိုအခါ အန်းယွဲ့က ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က အဲ့ဒီနည်းလမ်းနဲ့ သယ်ယူတာက လူအင်အားနဲ့ ပစ္စည်းအရင်းအမြစ်တွေကို အရမ်းဖြုန်းတီးရာ ရောက်တယ်လို့ ဆိုပါတယ်။”
“ဒီနည်းလမ်းမဟုတ်ရင် တခြားဘယ်လိုရှိဦးမှာလဲ။”
လန်ယုံက အန်းယွဲ့ကို နားမလည်သလို ကြည့်ကာ မေးလိုက်သည်။
“ကျုပ်တို့ အပြင်လူတွေမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှိတယ်ဆိုတာ အရှင်မင်းကြီး သိထားလောက်ပါတယ်။”
အန်းယွဲ့က ပြုံးကာ ရှင်းပြလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အသုံးဝင်ပုံကို အသုံးချမယ်ဆိုရင် အရှင်မင်းကြီးတို့ ဒီလောက်ထိ ဒုက္ခခံနေစရာ မလိုတော့ဘူး။ ကျုပ်တို့ဘက်က ကုန်သွယ်ရေးသင်္ဘောတစ်စီးကို အဲ့ဒီဘက်ကို လွှတ်ပေးပါ့မယ်။ အရှင်မင်းကြီးတို့ဘက်က သတ္တုတွေကို ဆိပ်ကမ်းမှာပဲ ထားထားပေးရင် ရပါပြီ။”
ထိုအကြံပြုချက်ကို ကြားသောအခါ လန်ယုံ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့သည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အကြောင်းကို သဘာဝအတိုင်း သိရှိထားပြီး ၎င်း၏ လုပ်ဆောင်ချက်အချို့ကိုပင် သိထားသူဖြစ်သည်။
မဟုတ်ပါက လေပြာအင်ပါယာသည် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို အစကတည်းက တိုက်ခိုက်ခဲ့မည် မဟုတ်ပေ။
“ဒါဆိုရင် ကုန်သွယ်ရေးသင်္ဘောကို ဘယ်အချိန်မှာ လွှတ်ပေးနိုင်မလဲ။”
လန်ယုံက မေးလိုက်သည်။
“အခုချက်ချင်း ရပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးတို့ဘက်ကလည်း အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေ လုပ်ထားဖို့ လိုပါလိမ့်မယ်။”
အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒီကုန်သွယ်ရေးသင်္ဘောရှိရင် နောင်ကျရင် ပစ္စည်းတွေဝယ်ဖို့ ဒီကို ခဏခဏ ပြေးမလာရတော့ဘူးပေါ့။ လိုအပ်တာတွေကို ကုန်သွယ်ရေးသင်္ဘောပေါ်မှာပဲ တိုက်ရိုက်လုပ်လို့ရနိုင်ပါတယ်။”
ထိုစကားကြောင့် လန်ယုံက ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါဆို အရမ်းကောင်းတယ်။ နောင်ကျရင် ကျုပ်တို့ရဲ့ ကုန်သွယ်မှုပမာဏက အရမ်းကြီးမားလာလိမ့်မယ်။ ကီလိုမီတာ တစ်ထောင်ကျော်တဲ့ ဒီပင်လယ်ခရီးမှာ ဘယ်လိုမတော်တဆမှုတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကုန်သွယ်ရေးသင်္ဘောရှိတာက ပိုပြီး စိတ်ချရတယ်။”
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“မဟာမိတ်ခေါင်းဆောင် ရှောင်းက တကယ်ပဲ အရာရာကို စဉ်းစားတွေးခေါ်ပေးတာပဲ။ ဒီလိုလုပ်ကြရအောင်...။ ခင်ဗျားတို့ ကုန်သွယ်ရေးသင်္ဘောကို စီစဉ်ပေးပါ။ ကျုပ်ကိုယ်တိုင် အဲ့ဒီသင်္ဘောနဲ့အတူ လိုက်ပါပြီး ပြန်သွားပါ့မယ်။”
လန်ယုံက ချက်ချင်း ပြောလိုက်သည်။
“ဒီမှာ ပျော်စရာနေရာတွေ အများကြီး ကျန်သေးတယ်လေ...။”
အန်းယွဲ့က ပြုံးစစဖြင့် ဆိုသည်။
“နောင်ကျရင် အခွင့်အရေးတွေ အများကြီး ရှိနေဦးမှာပဲ မဟုတ်လား။”
လန်ယုံက ပြန်ပြောလိုက်၏။ အန်းယွဲ့ ခဏမျှ အံ့အားသင့်သွားခဲ့သည်။
“ဒါပေါ့...။”
လန်ယုံသည် ထန်လုံသားအဖကို ချက်ချင်းခေါ်ယူလိုက်၏။ သူ၏ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် ထိုသားအဖနှစ်ဦးလုံးလည်း အတူတူပြန်လိုက်ရန် ပြင်ဆင်ကြတော့သည်။
အန်းယွဲ့က သူတို့၏ဆုံးဖြတ်ချက်ကို ရှောင်းယီထံ အစီရင်ခံပြီးနောက် ရှောင်းယီသည် ရေနွေးငွေ့တာဘိုင်သင်္ဘောတစ်စီးကို ချက်ချင်းစီစဉ်လိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ မဟာမိတ်မြောက်ဘက်ကျွန်းသို့ သွားလိုက်တော့သည်။
“အရှင်မင်းကြီး...အရှင်မင်းကြီးတို့ ကောင်းကောင်းမကစားရသေးခင်မှာ အခုလို ပြန်သွားရတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်။”
လန်ယုံကို မြင်သည်နှင့် ရှောင်းယီက ချက်ချင်းဆိုလိုက်သည်။
“ရပါတယ်။ နောင်ကျရင်လည်း ကျုပ် မကြာခဏ လာမှာပါ။”
လန်ယုံက ပြုံးက ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ ကတိတည်ပါစေ။”
ရှောင်းယီက တုံ့ပြန်လိုက်၏။ ထိုစဉ် အန်းယွဲ့က ဘေးမှ လျှောက်လာပြီး ပြောလိုက်သည်။
“အားလုံး အဆင်သင့်ဖြစ်ပါပြီ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိစ္စရော စီစဉ်ပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့။”
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် မသေမျိုးကျွန်းက ယခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အချို့ ပို့ထားခဲ့ဖူးသည်။ ၎င်းတို့ကို သန့်စင်ပြီးပါက ပုံမှန်အတိုင်း အသုံးပြုနိုင်ပေသည်။ မဟုတ်ပါက ဤရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်သို့ ပြောင်းရွှေ့တပ်ဆင်ရန် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ လောလောဆယ် ရှိနေမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ကျွန်းအထိမ်းအမှတ်ကျောက်တစ်ခုကို တစ်နှစ်လျှင် တစ်ကြိမ်သာ နေရာရွှေ့ပြောင်းနိုင်ပေသည်။
“ဒါဆိုရင် ဦးလေး သူတို့နဲ့အတူ တစ်ခေါက်လိုက်သွားပေးပါဦး။ ဝမ်ချိုင်လည်း အတူလိုက်လာလိမ့်မယ်။”
ရှောင်းယီက ဆိုသည်။
အကယ်၍ ရှောင်းယီသာ သတ္တုများကို လက်ခံရယူရန် ထိုနေရာသို့ တိုက်ရိုက်သွားပါက သူ၏ နှစ်ဆတိုးပွားခြင်း အာနိသင်ကို ဖြစ်ပေါ်စေလိမ့်မည်။ ထို့ကြောင့် တခြားတစ်ယောက်ကို လက်ခံခိုင်းပြီးမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သူ့ထံသို့ ပြန်လည်လွှဲပြောင်းခိုင်းခြင်းက ပိုကောင်းပေသည်။
အကယ်၍ နှစ်ဆတိုးသည့်အာနိသင် ဖြစ်ပေါ်လာပြီး ၎င်းကို လေပြာအင်ပါယာမှလူများ သတိထားမိသွားပါက ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်မဟုတ်လော။
လူမသိအောင် အေးအေးဆေးဆေး လုပ်ဆောင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။
ထို့ကြောင့် ဤတာဝန်ကို တခြားသူတစ်ဦးအား ပေးအပ်ရန်သာ ရှိတော့သည်။ အန်းယွဲ့ကို သွားခိုင်းလိုက်ပြီး အဓိကအားဖြင့် အန်းယွဲ့၏ ဘေးကင်းလုံခြုံရေးအတွက် ဝမ်ချိုင်ကိုပါ ထည့်ပေးလိုက်ခြင်းဖြစ်သည်။
“နားလည်ပါပြီ။ စိတ်မပူပါနဲ့။ ဒီကိစ္စကို ငါ သေချာပေါက် ကောင်းကောင်း ကိုင်တွယ်ခဲ့ပါ့မယ်။”
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ် ဒီဘက်မှာ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ လေပြာအင်ပါယာကို အတူတူမလိုက်နိုင်တော့ဘူး။ နောင် အားတဲ့အခါကျရင်တော့ အရှင်မင်းကြီးတို့ အင်ပါယာကို သေချာပေါက် လာလည်ပါ့မယ်။”
ရှောင်းယီက လန်ယုံကို ပြုံးပြကာ ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်တို့ အင်ပါယာဆီကို လာရောက်လည်ပတ်ပြီး လမ်းညွှန်မှုပေးဖို့ အမြဲတမ်း ကြိုဆိုနေပါတယ်။”
လန်ယုံက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။
အန်းယွဲ့သည် သူတို့သုံးဦးကို ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားပြီးနောက် ချက်ချင်းပင် ကျောက်ဆူးတင်ကာ ရွက်လွှင့်ထွက်ခွာခဲ့ကြသည်။
လန်ယုံ၏ လမ်းညွှန်မှုဖြင့် ရေနွေးငွေ့တာဘိုင်သင်္ဘောသည် အရှေ့မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ခရီးနှင်ခဲ့၏။ လန်ယုံသည် သင်္ဘော၏ မြန်နှုန်းကို တစ်ဖန်ပြန်လည် ခံစားလိုက်ရပြန်သည်။
“ဒီလိုသင်္ဘောမျိုးရဲ့ အရှိန်က တကယ်ကို မြန်တာပဲ။”
ထန်လုံက မချီးကျူးဘဲ မနေနိုင်တော့ပေ။ ထိုအခါ အန်းယွဲ့က ပြုံးကာ ရှင်းပြလိုက်သည်။
“ကျုပ်တို့ကြားက အကွာအဝေးအရဆိုရင် ဒီအရှိန်နဲ့သွားရင် ခင်ဗျားတို့ လေပြာအင်ပါယာကို ရောက်ဖို့ ၈ နာရီပဲ ကြာပါလိမ့်မယ်။”
“၈ နာရီ ဟုတ်လား။ ကျုပ်တို့ သင်္ဘောတွေနဲ့ဆိုရင် ၁၅ နာရီ ဒါမှမဟုတ် ၁၆ နာရီလောက် ကြာလိမ့်မယ်။ ဒီကွာခြားချက်က နည်းနည်းလေး မဟုတ်ဘူးပဲ။”
လန်ယုံက မှတ်ချက်ပေးလိုက်သည်။
“နောင်ကျရင် အရှင်မင်းကြီးတို့ဆီမှာလည်း အရှိန်မြင့်သင်္ဘောတွေ ရှိလာမှာပါ။ တကယ်တော့ ဒါက ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ အမြန်ဆုံးသင်္ဘော မဟုတ်သေးပါဘူး။”
အန်းယွဲ့က ဆက်ပြောလိုက်သည်။
“ဒါက အမြန်ဆုံး မဟုတ်သေးဘူး ဟုတ်လား။”
သူတို့ သုံးဦးလုံး အန်းယွဲ့ကို အံ့အားသင့်စွာ ကြည့်မိလိုက်ကြလေသည်။ အန်းယွဲ့က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျုပ်တို့ ကျွန်းပိုင်ရှင်မှာ တစ်နာရီကို ကီလိုမီတာ ၆၀၀ နှုန်းနဲ့ သွားနိုင်တဲ့ ရွက်သင်္ဘောတစ်စီး ရှိတယ်။ ဆိုလိုတာက ခင်ဗျားတို့ အင်ပါယာကိုရောက်ဖို့ ၂ နာရီတောင် မကြာဘူး။”
“ရှူး...”
သူတို့ သုံးဦးလုံး ပင်လယ်လေအေးများကို ပြိုင်တူပင် ရှူသွင်းမိလိုက်ကြ၏။
“ဒါဆိုရင် ဘာလို့ အဲ့ဒီသင်္ဘောကို မသုံးတာလဲ။ အဲ့ဒါက ပိုမြန်တာပေါ့ မဟုတ်ဘူးလား။”
လန်ယုံက သတိပြန်ဝင်လာပြီးနောက် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲဒါက အရမ်းအဆင့်မြင့်လွန်းနေပြီး ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ကန့်သတ်မှုကို ခံထားရလို့ပါ။ အကယ်၍ မဆင်မခြင် သုံးမိမယ်ဆိုရင် ကမ္ဘာဦးသားရဲကြီး တွေရဲ့ တိုက်ခိုက်တာကို ခံရနိုင်တယ်။”
အန်းယွဲ့က လက်နှစ်ဖက်ကို အကူအညီမဲ့ဟန်ဖြင့် ဖြန့်ပြကာ ဖြေလိုက်သည်။
“ကမ္ဘာ့စည်းမျဉ်း ဟုတ်လား။ နတ်ဘုရားတွေရဲ့ အလိုတော်ကို ပြောတာလား။”
လန်ယုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။ အရှင်မင်းကြီးတို့ ခေါ်တဲ့ နတ်ဘုရားတွေရဲ့ အလိုတော်ပေါ့။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ဒါက တကယ်ပဲ နတ်ဘုရားင်ရဲ့ မနာလိုမှုကို ဖြစ်စေနိုင်တာလား။”
ထန်လုံက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
‘နတ်ဘုရားရဲ့ မနာလိုမှု’ ဆိုသည်မှာ နာမည်အတိုင်းပင်...။ နတ်ဘုရားများပင် မနာလိုဖြစ်ရလောက်အောင် ကောင်းလွန်းနေသဖြင့် ထိုအရာကို မပိုင်ဆိုင်သင့်ကြောင်း ပြသသည့်အနေဖြင့် နတ်ဘုရားများက ပြစ်ဒဏ်ခတ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။
အခန်း ၉၉၈ - အနီရောင်ဝံပုလွေပင်လယ်ဓားပြများ၊ စိတ်လှုပ်ရှားမှုနှင့် တိုက်ပွဲစတင်ခြင်း
“ဒါဆိုရင် အဲ့ဒီသင်္ဘောကို ဖျက်ဆီးပစ်လိုက်သင့်တာ မဟုတ်ဘူးလား။”
လန်ယုံက ထိတ်လန့်တကြား မေးလိုက်သည်။
‘နတ်ဘုရားရဲ့ မနာလိုမှု’ ကို ဆွပေးမိခြင်းက အလွန်အန္တရာယ်များကြောင်း သိထားရမည်ဖြစ်သည်။
အန်းယွဲ့က ခေါင်းခါပြလိုက်သည်။
“ဘာလို့ ဖျက်ဆီးရမှာလဲ။ အရှင်မင်းကြီးတို့ခေါ်တဲ့ နတ်ဘုရားတွေရဲ့ အလိုတော်... တစ်နည်းအားဖြင့် ကမ္ဘာ့စည်းမျဉ်းတွေနဲ့အညီ အသုံးပြုသရွေ့တော့ ပြဿနာမရှိပါဘူး။ တိုက်ရိုက်ဖျက်ဆီးပစ်ဖို့က နှမြောစရာကြီးလေ။”
“နတ်ဘုရားရဲ့ မနာလိုမှုကို ဖြစ်စေတဲ့အရာကို သုံးလို့ရသေးတယ် ဟုတ်လား။”
ထန်လုံက တစ်ဖန် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြန်သည်။
“ဟုတ်တယ်။ ကမ္ဘာ့စည်းမျဉ်းတွေက အသိအမှတ်ပြုထားတဲ့ ရေကြောင်းလမ်းကြောင်းအတိုင်း သုံးစွဲနေသရွေ့တော့ ရှေးဦးသားရဲကြီးတွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုဘဲ သုံးနိုင်တယ်။”
အန်းယွဲ့က ရှင်းပြလိုက်သည်။
ဘေးမှ လူသုံးဦးမှာ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်နေကြသော်လည်း ယခုထိ လက်မခံနိုင်သေးသည့် ပုံစံမျိုး ဖြစ်နေကြလေသည်။ နတ်ဘုရားကိုပင် မနာလိုဖြစ်စေသည့် ပစ္စည်းများကို အသုံးပြုနိုင်သည့် နည်းလမ်း တကယ်ရှိနေသည်လော။
“အားလုံးပဲ... အခန်းထဲကို ပြန်ဝင်ကြရအောင်။ ဒီမှာ ပင်လယ်လေက နည်းနည်းကြမ်းတယ်။”
အန်းယွဲ့က အကြံပြုလိုက်သည်။
အန်းယွဲ့နှင့် အခြားသူများ အခန်းထဲသို့ပြန်ဝင်၍ ထိုင်မိရုံရှိသေး သင်္ဘောမှ အချက်ပေးခေါင်းလောင်းသံ မြည်လာတော့လေသည်။
“ဘာဖြစ်တာလဲ။”
လန်ယုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုစဉ် ဘေးနားရှိ ဝေါ်ကီတော်ကီမှတစ်ဆင့် သင်္ဘောပေါ်ရှိ အစောင့်တစ်ဦး၏ အသံထွက်ပေါ်လာခဲ့သည်။
“သတိထားပါ။ ကျုပ်တို့ဆီကို ဦးတည်ပြီး ခုတ်မောင်းလာတဲ့ ထူးဆန်းတဲ့ သင်္ဘောသုံးစီး ရှိနေပါတယ်။”
အန်းယွဲ့နှင့် အခြားသူများ ချက်ချင်းပင် ကုန်းပတ်ပေါ်သို့ ထွက်လာခဲ့ကြ၏။ ထိုအခါ အစောင့်တစ်ဦးက အဝေးကြည့်မှန်ပြောင်းတစ်စုံကို ကမ်းပေးလာခဲ့သည်။
အန်းယွဲ့က တစ်ဖက်သင်္ဘောများကို ကြည့်လိုက်ရာ ၎င်းတို့တွင် အလံများပင် ပါရှိနေသည်ကို သတိပြုမိလိုက်၏။ ထို့ကြောင့် ဘေးနားရှိ လန်ယုံကို မှန်ပြောင်းကမ်းပေးရင်း မေးလိုက်သည်။
“ကြည့်ပါဦး...။ ဒါက ဘယ်အင်ပါယာရဲ့ သင်္ဘောတွေလဲ။”
လန်ယုံက မှန်ပြောင်းကိုယူကာ အဝေးသို့ လှမ်းကြည့်လိုက်၏။
အလံများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ လန်ယုံ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ကျုပ်တို့ ရေကြောင်းလမ်းကြောင်းကို မြန်မြန်ပြောင်းတာ အကောင်းဆုံးပဲ။ ကျုပ်တို့သင်္ဘောရဲ့ အရှိန်နဲ့ဆိုရင် သူတို့ ကျုပ်တို့ကို လိုက်မီမှာမဟုတ်ဘူး။”
“အရှင်မင်းကြီး သူတို့ကို သိလို့လား။”
အန်းယွဲ့က သိလိုစိတ်ဖြင့် မေးလိုက်သည်။
“သူတို့ နာမည်ကျော် အနီရောင်ဝံပုလွေပင်လယ်ဓားပြတွေပဲ။ ကျုပ် သိပ်သိတာပေါ့။”
လန်ယုံက ပြန်ဖြေလိုက်သည်။
“ပင်လယ်ဓားပြတွေလား။”
ထိုစကားလုံးကို ကြားလိုက်ရချိန်တွင် အန်းယွဲ့သည် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားသွား၏။
အသက်ရှင်ကျန်ရစ်သူတစ်ဦးအတွက် ပင်လယ်ဓားပြဆိုသည်မှာ ရတနာသေတ္တာများနှင့် ရတနာသိုက်များကို ကိုယ်စားပြုသည် မဟုတ်ပါလော။ သူတို့နှင့် တိုးလာမှတော့ ဘယ်လိုလုပ် လွှတ်ပေးနိုင်မည်နည်း။
အန်းယွဲ့၏ တုံ့ပြန်မှုကို မြင်သောအခါ လန်ယုံက ချက်ချင်း သတိပေးလိုက်သည်။
“မစ္စတာအန်းယွဲ့... ဒီအနီရောင်ဝံပုလွေပင်လယ်ဓားပြတွေက အရမ်းအင်အားကြီးတယ်။ သူတို့မှာ ပေါ့ပါးတဲ့ မော်တာအမြောက်အမျိုးအစားတွေ ရှိတယ်။ အဲ့ဒါရဲ့ တိကျမှုနဲ့ ပစ်ခတ်မှုနှုန်းက သာမန်အမြောက်တွေနဲ့ ယှဉ်လို့မရဘူး။ သူတို့ရဲ့ ရှေ့တန်းတပ်ဖွဲ့ကို အခုလောလောဆယ် ရှောင်တာ အကောင်းဆုံးပဲ။”
အနီရောင်ဝံပုလွေပင်လယ်ဓားပြများသည် အနီးနားရှိ ပင်လယ်ပြင်တွင် အင်အားအကြီးဆုံး ပင်လယ်ဓားပြအဖွဲ့ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အင်အားစုအားလုံးနီးပါး သူတို့၏ လုယက်မှုကို ခံခဲ့ရဖူးသည်။
“သူတို့မှာ လက်နက်အသစ်တွေတောင် ရှိတယ်လား။”
အန်းယွဲ့က ပို၍ပင် စိတ်အားထက်သန်သွား၏။
“အဆင်ပြေပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့သားတွေ ပင်လယ်ဓားပြနဲ့ မတွေ့ရတာ ကြာပြီ။”
ထိုသို့ပြောပြီးနောက် အန်းယွဲ့သည် ရေကြောင်းလမ်းကြောင်းကို မပြောင်းလဲသည့်အပြင် ရေနွေးငွေ့တာဘိုင်သင်္ဘောကို အရှိန်အနည်းငယ်ပင် လျှော့ချခိုင်းလိုက်၏။ တစ်ပြိုင်နက်တည်းမှာပင် ရှောင်းယီ၏ လက်ကိုင်ဖုန်းသို့ ဖုန်းခေါ်လိုက်တော့သည်။
“ကျွန်းပိုင်ရှင် ငါတို့ လမ်းမှာ ပင်လယ်ဓားပြတွေနဲ့ တွေ့နေတယ်။”
အန်းယွဲ့က အတိုချုံး ပြောလိုက်သည်။
ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။ သူတို့ ပင်လယ်ဓားပြများနှင့် မတွေ့ရတော့သည်မှာ အမှန်တကယ်ပင် အချိန်အတော် ကြာခဲ့ပြီဖြစ်သည်။
“ကျုပ်တို့ဘက်က လာပြီး ကူပေးရမလား။
ရှောင်းယီက မေးလိုက်သည်။
“မလိုပါဘူး။ လန်ယုံရဲ့ ပြောပြချက်အရ သူတို့မှာ ပေါ့ပါးတဲ့ မော်တာအမြောက်တစ်မျိုး ရှိတယ်တဲ့။ ငါ သူတို့ကို အမိဖမ်းချင်တယ်။”
အန်းယွဲ့က လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
“လက်နက်အသစ် ရှိတယ် ဟုတ်လား။ ဒါဆိုရင်တော့ သေချာပေါက် ဖမ်းရမှာပေါ့။ ခဏနေရင် အစ်ကိုကျန်းကို အဖွဲ့တစ်ဖွဲ့နဲ့ လွှတ်ပေးလိုက်မယ်။ သူတို့ကို အပြတ်ရှင်းလိုက်ပါ။”
ရှောင်ယီက ချက်ချင်း ဆိုလိုက်၏။
ဘယ်လိုပင်လယ်ဓားပြပဲဖြစ်ဖြစ် သူဂရုမစိုက်ချေ။ လက်နက်အသစ်ရှိနေမှတော့ အမိဖမ်းရမည်သာ ဖြစ်သည်။ လက်နက်တစ်ခု ပိုရခြင်းသည် အသာစီးရနိုင်သည့် ဝှက်ဖဲတစ်ခု ပိုရခြင်းပင် ဖြစ်သည်။
“ကောင်းပြီ...။ ဒါဆို ငါ ဒီကနေပဲ စောင့်နေလိုက်မယ်။ အခုသွားနေတဲ့ အရှိန်အရဆိုရင် နာရီဝက်လောက်နေရင် သူတို့နဲ့ ဆုံလိမ့်မယ်။”
အန်းယွဲ့က အစီရင်ခံလိုက်သည်။
“အချိန်လောက်ပါသေးတယ်။ ကျုပ် အခုချက်ချင်း အစ်ကိုကျန်းကို အကြောင်းကြားလိုက်မယ်။”
ရှောင်းယီက ဖုန်းချလိုက်ပြီးနောက် ကျန်းယွင်ထျန်းထံ ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။
သတင်းရရခြင်း ကျန်းယွင်ထျန်းသည် အးတပ်ဖွဲ့တစ်ဖွဲ့ကို အမြန်စုစည်းပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်သို့ တိုက်ရိုက် တည်နေရာကူးပြောင်းပြီး ရောက်ရှိလာခဲ့သည်။
ကျန်းယွင်ထျန်းနှင့် တပ်ဖွဲ့များ ချက်ချင်းဆိုသလို ရောက်ရှိလာသည်ကို မြင်သောအခါ လန်ယုံတို့မှာ အလွန်ပင် မနာလိုဖြစ်သွားခဲ့၏။
“ငါတို့မှာသာ ဒီလိုမျိုး လျင်မြန်တဲ့ ရွှေ့ပြောင်းနိုင်စွမ်းရှိရင် ရုတ်တရက် တိုးဝင်မိတဲ့ တိုက်ပွဲတွေကို ကြောက်နေစရာ မလိုတော့ဘူး။ ဘယ်အချိန်မဆို စစ်ကူခေါ်လို့ရတယ်။”
ထန်လော့က အားကျမနာလိုစွာ မှတ်ချက်ပေးလိုက်သည်။
“ဒါပေမဲ့ အဲ့ဒီမော်တာအမြောက်တွေက တကယ်ကို ခုခံဖို့ခက်လိမ့်မယ်။”
လန်ယုံသည်မူ စိုးရိမ်နေဆဲပင်။
“ဒါဆို ကျန်းယွင်ထျန်း ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ကြတာပေါ့။”
ထန်လုံက ဆိုသည်။
“လော့အာ၊ သေချာကြည့်ထား။ ဒါက မင်းရဲ့ နောင်ရေတပ်တိုက်ပွဲတွေအတွက် အထောက်အကူဖြစ်လိမ့်မယ်။”
“ဟုတ်ကဲ့ပါ အဖေ။”
ထန်လော့က ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်း ရောက်ရှိလာပြီးနောက် တစ်ဖက်လူ၏ အခြေအနေကို အကဲခတ်ရန် လူများကို ချက်ချင်း တာဝန်ပေးလိုက်သည်။
“ဦးလေးအန်း...ကျွန်းပိုင်ရှင်ပြောတာ လန်ယုံတို့က ဒီပင်လယ်ဓားပြတွေကို သိတယ်ဆို ဟုတ်လား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ဟုတ်တယ်...သူတို့ပြောတာတော့ အနီရောင်ဝံပုလွေပင်လယ်ဓားပြတွေတဲ့။ သူတို့မှာ ခုခံဖို့ခက်ခဲတဲ့ ပေါ့ပါးတဲ့ မော်တာအမြောက်တစ်မျိုး ရှိတယ်လို့ ပြောတယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“အဲ့ဒါက သူတို့က မော်တာကို ဘယ်လိုခုခံရမလဲ မသိလို့နေမှာပါ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ပြောလိုက်သည်။
“သူတို့မှာ မော်တာပဲရှိတာဆိုရင်တော့ ဒီသင်္ဘောသုံးစီးလုံးက ကျုပ်တို့ လက်ခုပ်ထဲမှာပဲ။”
အန်းယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဒီသင်္ဘောကို မင်းလက်ထဲပဲ အပ်လိုက်ပြီ။”
ကျန်းယွင်ထျန်းသည် သင်္ဘောမောင်းသူတစ်ဦးကို စေလွှတ်ကာ ရေနွေးငွေ့တာဘိုင်သင်္ဘောကို လွှဲပြောင်းထိန်းချုပ်ခိုင်းလိုက်၏။
ထိုအချိန်တွင် အနီရောင်ဝံပုလွေပင်လယ်ဓားပြသင်္ဘောများသည် ကျန်းယွင်ထျန်းတို့သင်္ဘောနှင့် တစ်ကီလိုမီတာအကွာအထိ ချဉ်းကပ်လာပြီဖြစ်သည်။
“ရှေ့ကသင်္ဘော...အခုချက်ချင်းရပ်စမ်း။ ငါတို့က အနီရောင်ဝံပုလွေပင်လယ်ဓားပြတွေပဲ။ မင်းတို့ဘာသာ အသာတကြည်ရပ်မယ်ဆိုရင် အသက်ချမ်းသာခွင့်ပေးမယ်။”
ကျန်းယွင်ထျန်းတို့ဘက်က ဘာမှမပြောရသေးမီ ပင်လယ်ဓားပြများက အရင်စအော်တော့လေသည်။
“သူတို့ကို အမြောက်နဲ့ အရင်ဆုံး နှုတ်ဆက်လိုက်ကြစမ်း။”
ကျန်းယွင်ထျန်းက အပြုံးတစ်ခုဖြင့် အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့...”
ဝုန်း... ဝုန်း... ဝုန်း
ရေနွေးငွေ့တာဘိုင်သင်္ဘော၏ အမြောက်ပေါက်များ ပွင့်လာပြီး ပြောင်းဝများ ထွက်လာကာ ဘေးဘက်မှ ချဉ်းကပ်လာသော ပင်လယ်ဓားပြသင်္ဘောကို အဆက်မပြတ် ပစ်ခတ်တော့သည်။
ဤသည်က အနီရောင်ဝံပုလွေပင်လယ်ဓားပြများကို အံ့အားသင့်သွားစေခဲ့သည်။ ဤပင်လယ်ပြင်တွင် သူတို့ကို အမြောက်နှင့် အရင်စပစ်ရဲသည့် သင်္ဘောမျိုး တစ်စီးမှ မရှိခဲ့ဖူးပေ။
ဝုန်း... ဝုန်း... ဝုန်း
ထို့ပြင် ပစ်ချက်များမှာ အလွန်တိကျလှ၏။ အနီရောင်ဝံပုလွေပင်လယ်ဓားပြများ၏ ပင်မစစ်သင်္ဘောသည် အမြောက်ချက်များ တိုက်ရိုက်ထိမှန်သွားပြီး မီးခိုးမည်းများ စတင်ထွက်လာတော့သည်။
“အခုချက်ချင်း အပေါ်တက်တိုက်ကြစမ်း။ ငါ အဲ့ဒီသင်္ဘောပေါ်က လူအားလုံးကို သတ်ပစ်ချင်တယ်။”
ပင်လယ်ဓားပြခေါင်းဆောင်ငယ် လင်းတန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထို့နောက် နှစ်ဖက်သင်္ဘောများသည် အရှိန်မြှင့်ကာ တစ်စီးနှင့်တစ်စီး ဦးတည်ခုတ်မောင်းလိုက်ကြတော့လေသည်။
“သူတို့ကို အကွာအဝေးတစ်ခုမှာပဲ ထိန်းထားပြီး အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ကြ။”
ကျန်းယွင်ထျန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...။”
ရေနွေးငွေ့တာဘိုင်သင်္ဘောကို မောင်းနှင်နေသော စစ်သားသည် အရှိန်ကို အမြင့်ဆုံးသို့မြှင့်ကာ သူတို့ကို ပတ်ချာလည်ပတ်၍ အမြောက်ဖြင့် အဆက်မပြတ် ထုတော့သည်။
အနီရောင်ဝံပုလွေပင်လယ်ဓားပြများသည် ကျန်းယွင်ထျန်းတို့သင်္ဘော၏ အရှိန်ကို လုံးဝ လိုက်မမီကြပေ။ နှစ်ဖက်အကွာအဝေးကို တစ်ကီလိုမီတာခန့်တွင် အမြဲထိန်းထားသောကြောင့် ပင်လယ်ဓားပြများ၏ မော်တာအမြောက်များသည် ထိုမျှအကွာအဝေးထိ မရောက်နိုင်ကြပေ။
ထို့ပြင် ပင်လယ်ဓားပြသင်္ဘောပေါ်ရှိ အမြောက်များသည် သာမန်အဆင့်များသာဖြစ်ရာ တိကျမှုနှင့် ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ ကျန်းယွင်ထျန်းတို့ဘက်ကို လုံးဝ မယှဉ်နိုင်ပါ။ သူတို့ပစ်လိုက်သော အမြောက်ကျည်များမှာ ပင်လယ်ထဲသို့သာ ကျသွားပြီး ရေပန်းများသာ ထွက်ပေါ်လာခဲ့သည်။
ရံဖန်ရံခါ သင်္ဘောကို ထိမှန်သည့်တိုင် ထိခိုက်မှုမှာ အလွန်နည်းပါးပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် နားတွင်ရှိနေသော စစ်သားက ထိုဒဏ်ရာအသေးအဖွဲများကို ချက်ချင်း ပြန်လည်ပြုပြင်နိုင်ခဲ့သည်။
အနီရောင်ဝံပုလွေပင်လယ်ဓားပြများမှာ မိမိတို့သင်္ဘောကို တစ်ဖက်က တဖွဲဖွဲထုနေသည်ကို ဘာမှပြန်မလုပ်နိုင်ဘဲ ကြည့်နေရရုံသာ တတ်နိုင်၏။ သူတို့ဘဝတွင် ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ အမြဲတမ်း သူတို့ကသာ သူများကို နှိပ်စက်ခဲ့သည် မဟုတ်ပါလော။
“ချီးပဲ... မင်းတို့ သတ္တိရှိရင် အနားကို တိုးလာခဲ့စမ်းပါ။”
ခေါင်းဆောင်ငယ် လင်းတန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ့အသံပင် မဆုံးသေးမီမှာပင် တစ်ဖက်သင်္ဘောသည် သူတို့သင်္ဘောဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရလေတော့သည်။