← Chapters

အခန်း (၁၀၀၁-၁၀၀၂)

Vol. 84 Ch. 1001-1002

အခန်း (၁၀၀၁-၁၀၀၂)

Vol. 84 Ch. 1001-1002

အခန်း ၁၀၀၁ - မျိုးနွယ်ခြားများ ကြွားဝါချင်သော်လည်း အဆက်မပြတ်ပစ်ခတ်နေသော အမြောက်ဆန်များကြောင့် မတတ်နိုင်ဖြစ်ရခြင်း

ရှောင်းယီသည် ဒူခန်း၏ အကြောင်းပြန်ချက်ကို ကြားသောအခါ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“မျိုးနွယ်ခြား သုံးစုရဲ့ ခေါင်းဆောင်တွေကို အပန်းဖြေစခန်းကို လာခဲ့ဖို့ စီစဉ်ပေးလိုက်ပါ။ ငါတို့ လူချင်းတွေ့ပြီး စကားပြောကြမယ်။”

“ဟုတ်ကဲ့ပါ။”

ဒူခန်းက ပြန်ဖြေပြီးနောက် ထိုကျွန်းသုံးကျွန်း၏ တာဝန်ခံများထံသို့ ရှောင်းယီ၏ စကားကို တစ်ဆင့်စကား ပါးလိုက်သည်။

မျိုးနွယ်ခြား သုံးခုသည် ထိုအကြောင်းကြားစာကို လျင်မြန်စွာ လက်ခံရရှိခဲ့ပြီး မဆိုင်းမတွပင် သဘောတူညီခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ယီရန်ပင်းမဟာမိတ်အဖွဲ့သည် ၎င်းတို့အား အဆင့်မြင့်အစားအစာ အမြောက်အမြား ထောက်ပံ့ပေးခဲ့သဖြင့် ၎င်းတို့အားလုံးက အလွန်ကျေးဇူးတင်နေကြခြင်းဖြစ်သည်။

ကျွန်းတာဝန်ခံများသည် မြို့ပြန် ကျောက်များကို ထိုမျိုးနွယ်စုခေါင်းဆောင်များထံ ပေးအပ်ခဲ့ရာ ၎င်းတို့သည် ချက်ချင်းပင် စတင်အသုံးပြုလိုက်ကြပြီး အပန်းဖြေစခန်းရှိ ရင်ပြင်သို့ ရောက်ရှိလာခဲ့ကြသည်။

အပန်းဖြေစခန်းသို့ ရောက်လာသောအခါ ၎င်းတို့ပတ်ဝန်းကျင်ရှိ မိုးမျှော်တိုက်ကြီးများကို ကြည့်ရင်း သူတို့ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြ၏။ လမ်းသွားလမ်းလာ ကမ္ဘာလှည့်ခရီးသည်များသည်လည်း ထိုမျိုးနွယ်ခြား သုံးခုကို မြင်သောအခါ အံ့အားသင့်စွာ ကြည့်နေကြသည်။

“ကျွန်းပိုင်ရှင်က မျိုးနွယ်ခြား တချို့ကို ထပ်ပြီး သိမ်းသွင်းလိုက်ပြန်ပြီလား။”

“အေးနော်...။ ဟိုတစ်ယောက်က ငါ ငယ်ငယ်တုန်းက မြင်ဖူးတဲ့ နဂါးလူသားလေးနဲ့တောင် တူသေးတယ်။”

“ဟိုတစ်ယောက်ကကျ Warcraft ထဲက မယ်ဒူဆာနဲ့ တူတယ်။”

လူအုပ်ကြီးက တစီစီနှင့် ဆွေးနွေးနေကြ၏။ ၎င်းကိုမြင်သောအခါ နာဂမျိုးနွယ်စုမှ မယ်ဒူဆာသည် အလွန်အံ့သြသွားကာ တွေးနေမိသည်။

“ဒီလူတွေက ငါ့ကို တကယ်ပဲ မကြောက်ကြဘူးလား။”

နောက်တစ်စက္ကန့်တွင် အဘယ်ကြောင့်ဆိုသည်ကို သူမ ချက်ချင်းပင် နားလည်သွားခဲ့သည်။ အကြောင်းမှာ ရေသူထီးတစ်ဦးသည် ၎င်းတို့အနားမှ ဖြတ်သွားခဲ့ပြီး အဝေးတစ်နေရာတွင်လည်း သမန်းဝံပုလွေတစ်ဦးသည် လူသားတစ်ဦးနှင့် အားတက်သရော ဆွေးနွေးနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် လွင်ပြင် နတ်သူငယ်မျိုးနွယ်စု၏ ဘုရင်မ ဖိလစ်သည် အရာအားလုံးကို စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။

“ဒါက ဘုရင်မ ဟေးလ် ပြောဖူးတဲ့ အပန်းဖြေစခန်းလား။”

ထိုစဥ် ဒူခန်းသည် ၎င်းတို့ကို လာရောက်ကြိုဆိုကာ ပြောလိုက်သည်။

“ယီရန်ပင်းမဟာမိတ် အပန်းဖြေစခန်းကနေ ကြိုဆိုပါတယ်။ ကျုပ်နောက်ကို လိုက်ခဲ့ပေးပါ။”

ဒူခန်းသည် ၎င်းတို့ သုံးဦးကို ဘားသို့ ခေါ်ဆောင်သွားရာ လမ်းတစ်လျှောက်တွင် လူပုများနှင့် နတ်သူငယ်များကိုလည်း တွေ့ခဲ့ရလေသည်။

ထိုစဉ် နဂါးလူသားမျိုးနွယ်စု၏ ခေါင်းဆောင်ရွှမ်းချီက မေးလိုက်သည်။

“မင်းတို့က ငါတို့လို ထူးဆန်းတဲ့ ရုပ်ရည်ရှိတဲ့ မျိုးနွယ်စုတွေကို မကြောက်ဘူးလား။”

“ကြောက်တာလား။”

ဒူခန်း ခဏမျှ ရပ်တန့်သွားပြီးနောက် ပြုံးကာ ပြန်ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင် နည်းနည်းတော့ ကြောက်တာပေါ့။ ဒါပေမဲ့ ကျုပ်တို့က ကျွန်းပိုင်ရှင်ကို ပိုပြီး ယုံကြည်တယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ မျိုးနွယ်စုအားလုံး အတူယှဉ်တွဲပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်မယ်လို့ ယုံကြည်တယ်။”

ရွှမ်းချီက သူ၏ခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။

ဒူခန်းနှင့် ထိုသူ သုံးဦးတို့သည် ဘားထဲသို့ ဝင်ကာ ဓာတ်လှေကားဖြင့် ငါးလွှာသို့ တက်လာခဲ့ကြ၏။ ငါးလွှာရှိ သီးသန့်ခန်းထဲသို့ ဝင်လိုက်သောအခါ ရှောင်းယီက ၎င်းတို့ သုံးဦးကို စောင့်နှင့်နေပြီဖြစ်သည်။

“ကြိုဆိုပါတယ် မျိုးနွယ်စုခေါင်းဆောင်တို့....။”

ရှောင်းယီက မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ကြိုက်တဲ့နေရာမှာ ဝင်ထိုင်ကြပါ။”

ရွှမ်းချီ၊ ဖိလစ် နှင့် မယ်ဒူဆာ တို့သည် ခေါင်းငြိမ့်ကာ တစ်ယောက်တစ်နေရာစီ ရွေးချယ်၍ ထိုင်လိုက်ကြသည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ကျုပ်မေးပါရစေ...။ မသေမျိုးမျိုးနွယ်စုက ကျွန်တော်တို့ မဟာမိတ်အဖွဲ့ကို အခုထိ တိုက်ခိုက်ခြင်း မရှိသေးဘူးလား။”

ရွှမ်းချီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။ ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“စနေပါပြီ။ မနေ့ညကတည်းက မသေမျိုးမျိုးနွယ်စုက ကျုပ်တို့ မဟာမိတ်အဖွဲ့ကို အခါအားလျော်စွာ တိုက်ခိုက်နေတာပါ။”

“ဒါပေမဲ့ ဘာလို့ အခုထိ မသေမျိုးမျိုးနွယ်စုဝင် တစ်ယောက်ကိုမှ မမြင်ရသေးတာလဲ။”

မယ်ဒူဆာက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

နာဂမျိုးနွယ်စုသည် မသေမျိုးမျိုးနွယ်စုကို အလွန်စိတ်ဝင်စားနေခြင်းမှာ ၎င်းတို့က တိုက်ခိုက်ရေးဝါသနာပါ၍ မဟုတ်ဘဲ တိုက်ပွဲမှတစ်ဆင့် ၎င်းတို့၏ စွမ်းဆောင်ရည်ကို သက်သေပြကာ အဆင့်မြင့်အစားအစာများ ပိုမိုတောင်းခံလိုသောကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ယီရန်ပင်းမဟာမိတ်အဖွဲ့မှ ထောက်ပံ့ပေးသော အဆင့်မြင့်အစားအစာများကြောင့် ၎င်းတို့မျိုးနွယ်စုဝင် နာဂအချို့သည် အဆင့်တစ်ခုလုံး မြင့်တက်သွားခဲ့ကြသည်။

“သူတို့ရဲ့ လေဟာနယ်တံခါးကို ကျုပ်တို့ ကြိုတင်ရှာဖွေတွေ့ရှိခဲ့တယ်လေ။ အဲ့ဒါကြောင့် အဲ့ဒီ လေဟာနယ်တံခါးရဲ့ အဝင်ဝမှာပဲ သူတို့ကို ပိတ်ဆို့ထားလိုက်တာပါ။ သူတို့က ကျုပ်တို့ရဲ့ ရေကြောင်းကာကွယ်ရေးလိုင်းကို ဖောက်ထွက်နိုင်ခြင်း မရှိသေးလို့ ခင်ဗျားတို့ သူတို့ကို မမြင်ရသေးတာပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“လေဟာနယ်တံခါးရဲ့ အဝင်ဝမှာတင် ပိတ်ဆို့ထားတာ ဟုတ်လား။”

၎င်းတို့ သုံးဦးစလုံး ရှောင်းယီကို အံ့အားသင့်စွာ ကြည့်လိုက်ကြလေတော့သည်။

ယခင်တစ်ခေါက်က အပြင်လူများကို ကူညီရန် လာခဲ့ကြစဉ်က ယခုကဲ့သို့ အခြေအနေမျိုး လုံးဝမရှိခဲ့ပေ။

“ဟုတ်တယ်။ လောလောဆယ်တော့ ဘာပြဿနာမှ ရှိဦးမှာမဟုတ်ပါဘူး။ မသေမျိုးမျိုးနွယ်စုတွေ သူတို့ရဲ့ နည်းဗျူဟာကို ဘယ်လိုပြောင်းမလဲဆိုတာပဲ စောင့်ကြည့်ကြတာပေါ့။”

ရှောင်းယီက ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။

ထိုစဉ် ရွှမ်းချီက အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်း ကျုပ်တို့ ရှေ့တန်းကိုသွားပြီး အကူအညီပေးလို့ ရမလား။”

ဖိလစ်နှင့် မယ်ဒူဆာတို့ကလည်း မျှော်လင့်ချက်အပြည့်ဖြင့် ရှောင်းယီကို ကြည့်နေလိုက်ကြသည်။ ၎င်းတို့၏ တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော အမူအရာများကို မြင်ရသောအခါ ရှောင်းယီလည်း မငြင်းရက်တော့ပေ။

“ကောင်းပြီ။ ခင်ဗျားတို့ကို အဲ့ဒီကို ခေါ်သွားဖို့ သင်္ဘောတွေ စီစဉ်ပေးပါ့မယ်။ ဒါပေမဲ့ လိုအပ်ချက် တစ်ခုတော့ ရှိတယ်။”

“ဘာလိုအပ်ချက်လဲ။ ကျေးဇူးပြုပြီး ပြောသာပြောလိုက်ပါ။”

ရွှမ်းချီက မေးလိုက်သည်။

“အဲဒါကတော့ ခင်ဗျားတို့ ကျုပ်ရဲ့ ရှေ့တန်းတပ်မှူးရဲ့ အမိန့်ကို လုံးဝနာခံရမယ် နားလည်လား။”

ရှောင်းယီက တည်ငြိမ်လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

၎င်းတို့ သုံးဦးစလုံးက ခေါင်းငြိမ့်ကြ၏။ ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် ဝမ်ရှင်း၊ ပိုင်ချီနှင့် စွန်းကုထောင်တို့ကို ဖုန်းခေါ်ပြီး ထိုကိစ္စကို ညွှန်ကြားလိုက်ကာ နောက်ဆုံးတွင် သတိပေးလိုက်သည်။

“သူတို့ကို သေချာစောင့်ကြည့်ထား။ အမိန့်မနာခံတဲ့ အခြေအနေ တစ်ခုခုရှိတာနဲ့ သူတို့ကို ချက်ချင်း ပြန်ပို့လိုက်။”

“ဟုတ်ကဲ့။”

သူတို့ သုံးဦးက ပြန်ဖြေလိုက်ကြသည်။

“ကျုပ် အားလုံး စီစဉ်ထားပြီးပြီ။ နောက်ဆုံးအနေနဲ့ ထပ်လောင်းပြောချင်တာက အမိန့်ကို နာခံရမယ်။ မနာခံရင် သူတို့က ခင်ဗျားတို့ကို ချက်ချင်း ပြန်ပို့လိမ့်မယ်။”

ရှောင်းယီက ရွှမ်းချီနှင့် အခြားသူများကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ရွှမ်းချီနှင့် အခြားသူများက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။

“ကောင်းပြီ... သွားကြတော့။ ကျုပ်လည်း ခဏနေရင် အဲ့ဒီကို လာကြည့်ပါဦးမယ်။”

ရှောင်းယီက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

ရွှမ်းချီနှင့် အခြားသူများသည် မြို့ပြန်ကျောက်များကို အသုံးပြုကာ ၎င်းတို့၏ ကျွန်းများသို့ အသီးသီး ပြန်သွားခဲ့ကြသည်။ ၎င်းတို့ကျွန်း၏ ကမ်းခြေတွင် သံချပ်ကာ စစ်သင်္ဘောတစ်စီးစီ အသင့်ဆိုက်ကပ်ထားပြီးဖြစ်သည်။

ရွှမ်းချီနှင့် အခြားသူများသည် တိုက်ခိုက်ရေးအဖွဲ့ တစ်ဖွဲ့စီကို ခေါ်ဆောင်ကာ သံချပ်ကာ စစ်သင်္ဘောပေါ်သို့ တက်ခဲ့ကြ၏။ စစ်သင်္ဘော သုံးစီးသည် ချက်ချင်းပင် ရှေ့တန်းသို့ ဦးတည်ထွက်ခွာသွားကြတော့လေသည်။ မိနစ်သုံးဆယ်ခန့်အကြာတွင် ရှေ့တန်းသို့ ရောက်ရှိသွားခဲ့ကြသည်။

“ဝုန်း... ဝုန်း...ဝုန်း”

ပြင်းထန်စွာ ပစ်ခတ်နေသော အမြောက်သံများကြောင့် ရွှမ်းချီ၏ မျက်လုံးများ ပြူးကျသွား၏။ ၎င်းတို့သည် အမြောက်သံကို မကြားဖူးသည်မဟုတ်သော်လည်း ယခုကဲ့သို့ စဉ်ဆက်မပြတ် သည်းထန်စွာ ပစ်ခတ်နေသော အမြောက်သံမျိုးကိုမူ တစ်ခါမှ မကြားဖူးခဲ့ပေ။

လေဟာနယ်တံခါးထဲမှ ထွက်လာသော မသေမျိုးမျိုးနွယ်စုဝင်များသည် အမြောက်ဆန်များကြောင့် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားကြသည်ကို ကြည့်ရင်း ရွှမ်းချီက မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်မိ၏။

“ငါတို့ တကယ် မလိုအပ်တဲ့ပုံပဲ။”

“ကျုပ်တို့ မဟာမိတ်အဖွဲ့က တပ်ဖွဲ့တွေ အားလုံးင ကျွမ်းကျင်ပညာရှင်တွေချည်းပါပဲ။ ဒီလို ကာကွယ်ရေးတိုက်ပွဲမျိုးက ဘာမှ စိန်ခေါ်မှုမရှိပါဘူး။”

စွန်းကုထောင်က ပြုံးကာ ပြောလိုက်သည်။ရွှမ်းချီက ခေါင်းငြိမ့်လိုက်၏။

“ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ အမြောက်ဆန်တွေက အရမ်း ပေါများနေတာလား။”

“အင်း...တော်တော်လေး ပေါပါတယ်။”

စွန်းကုထောင်က ခေါင်းငြိမ့်ပြလိုက်သည်။

ဘေးနားရှိ နဂါးလူသားတစ်ဦးက သူ၏ အစွမ်းထက်သော လေးကိုထုတ်ကာ အမြောက်ဒဏ်မှ လွတ်လာသည့် အရိုးစုတစ်ခုကို မြားတစ်စင်းတည်းဖြင့် ပစ်ချလိုက်သည်။ ထိုအခါ စွန်းကုထောင် သူ့ကို လက်မထောင်ပြလိုက်၏။

“ခင်ဗျားတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း မသေးဘူးပဲ။”

“ဒါကတော့ ဘာမှမဟုတ်ပါဘူး။”

ရွှမ်းချီက အလွန် ဂုဏ်ယူစွာ ပြောလိုက်သည်။

အကယ်၍ အပြင်လူများတွင် ဤမျှလောက်များပြားသော အမြောက်ဆန်များ မရှိပါက ဤမသေမျိုးမျိုးနွယ်စုများ၏ တိုက်ခိုက်မှုကို ဟန့်တားရန် ၎င်းတို့ကိုသာ အားကိုးရမည်မှာ သေချာပေသည်။

အခြားနှစ်ဖက်တွင်လည်း နာဂမျိုးနွယ်စုနှင့် နတ်သူငယ်မျိုးနွယ်စုတို့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ပြင်းထန်သော ပစ်ခတ်မှုစွမ်းအားကြောင့် အလားတူပင် အံ့အားသင့်နေကြရ၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့က အကယ်၍ ဤမျှများပြားသော အမြောက်များသာ မရှိပါက ၎င်းတို့ကိုသာ အားကိုးရမည်ဟု တွေးနေခဲ့ကြသည်။

မျိုးနွယ်ခြား သုံးစုသည် ဘေးမှနေ၍ ရံဖန်ရံခါ မြားတစ်စင်းစီ ပစ်ခတ်ပေးကာ လွတ်ထွက်လာသော ရန်သူအနည်းငယ်ကို ရှင်းလင်းပေးနေကြ၏။ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စစ်သားများသည်ပင် လှုပ်ရှားစရာ မလိုခဲ့ပေ။ အကယ်၍ သူတို့သည် သေနတ်များကိုပါ အသုံးပြုလိုက်လျှင် ဤမျိုးနွယ်ခြားများမှာ လုပ်ပိုင်ခွင့် လုံးဝရတော့မည် မဟုတ်ပေ။

ဤတိုက်ပွဲသည် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီးနောက် ပြီးဆုံးသွား၏။ မသေမျိုးမျိုးနွယ်စုများသည် ယီရန်ပင်းမဟာမိတ်အဖွဲ့က လေဟာနယ်တံခါးရှေ့တွင် ချထားသော ကာကွယ်ရေးလိုင်းကို လုံးဝ မဖောက်ထွက်နိုင်ခဲ့ပေ။

မျိုးနွယ်ခြား သုံးခုသည် မူလက အပြင်လူများရှေ့တွင် ၎င်းတို့၏ အရည်အချင်းကို ကြွားဝါရန် ရည်ရွယ်ခဲ့ကြသော်လည်း အဆက်မပြတ် ပစ်ခတ်နေသော အမြောက်ဆန်များကြောင့် ၎င်းတို့မှာ စွမ်းဆောင်ပြခွင့် လုံးဝမရရှိခဲ့ပေ။

“မသေမျိုးတွေ ခဏလောက်တော့ ထပ်ထွက်လာဦးမှာ မဟုတ်ဘူးထင်တယ်။ အရင် ပြန်ကြရအောင်

လေဟာနယ်တံခါစထဲမှ မသေမျိုးများ ထပ်မထွက်လာတော့သည်ကို မြင်သောအခါ စွန်းကုထောင်က ပြောလိုက်သည်။

ရွှမ်းချီက ခေါင်းငြိမ့်လိုက်သည်။ စွန်းကုထောင်သည် သင်္ဘောများကို ပြန်လှည့်ရန် ညွှန်ကြားလိုက်၏။ ရှောင်းယီသည်လည်း သူ့ဘက်မှ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ သူသည် သူ၏ လက်ကိုင်ဖုန်းကို ဖွင့်လိုက်ရာ ယီထျန်း ဂရုချက်ထဲတွင် အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရလေသည်။

အခန်း ၁၀၀၂ - ခုခံမှု ကျရှုံးခြင်းနှင့် အကျပ်အတည်းကြား အပြန်အလှန် ကူညီရိုင်းပင်းမှု

“မရတော့ဘူး။ ငါတို့ သူတို့ကို ထပ်ပြီး မတားဆီးနိုင်တော့ဘူး။”

“ငါတို့တွေ နောက်ဆုတ်လိုက်ရပြီ။ အချိန်မီ တုံ့ပြန်ဖို့ မလွယ်ခဲ့တာကြောင့် ကျွန်းပေါ်မှာပဲ ခံစစ်ကြောင်းတွေ ပြန်ချထားနိုင်တော့မယ်။”

“ငါတို့ကတော့ အဆင်ပြေတယ်။ သူဌေးက အချိန်မီ သတိပေးခဲ့လို့ ငါတို့အဖွဲ့တွေ လုံးဝကြီး နောက်မဆုတ်ခဲ့ရဘူး။ အဲ့ဒါကြောင့် သူတို့ကို ခုခံနိုင်ခဲ့တယ်။”

“သေစမ်း...မသေမျိုးမျိုးနွယ်တွေ ငါတို့ကျွန်းအစပ်ကို ရောက်နေပြီ။ သူဌေး... လက်နက်နဲ့ ခဲယမ်းတွေ အရောင်းဖွင့်ပေးပါတော့။ ကျုပ်တို့ တောင့်မခံနိုင်တော့ဘူး။”

“အပေါ်ကလူ ခင်ဗျားအရင်က လက်နက်ခဲယမ်းတွေ မဝယ်ထားဘူးလား။ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး တောင့်မခံနိုင်စရာတော့ အကြောင်းမရှိပါဘူး။”

“ပြောမနေပါနဲ့တော့ဗျာ။ ကျုပ်က မသေမျိုးမျိုးနွယ်တွေကို လေဟာနယ်တံခါးအနားမှာတင် တားထားနိုင်မယ် ထင်နေတာ။ အဲ့ဒါကြောင့် အမြောက်ကျည်တွေပဲ အဓိကဝယ်ပြီး တခြားလက်နက်တွေ သိပ်မဝယ်ထားမိဘူး။ အခု သူတို့က လေဟာနယ်တံခါးရဲ့ ခုခံစစ်ကို ဖောက်ထွက်လာတော့ အမြောက်တွေချည်းပဲ သုံးပြီး ခုခံလို့ မရတော့ဘူး။ တကယ် နောင်တရမိတယ်။”

ရှောင်းယီသည် ဂရုချက်ထဲရှိ အကူအညီတောင်းဆိုမှုများကို မြင်သောအခါ ပြောလိုက်သည်။

“ကျုပ် အခုချက်ချင်း လက်နက်နဲ့ ခဲယမ်းတချို့ တင်ပေးပါ့မယ်။ မသေမျိုးမျိုးနွယ်တွေကို မတားဆီးနိုင်ခဲ့တဲ့ မဟာမိတ်အဖွဲ့တွေ အရင်ဆုံး ဝယ်ယူတာ ပိုကောင်းပါလိမ့်မယ်။ စိတ်မပူပါနဲ့...နောက်ထပ်လည်း အများကြီး လာဖို့ရှိပါတယ်။ ကျုပ် အာမခံတယ်။”

“တကယ် ကျေးဇူးတင်ပါတယ် သူဌေး။ ကျုပ်တို့ မဟာမိတ်အဖွဲ့ တော်တော်လေး တောင့်ခံနေရလို့ပါ။”

“အား... ဘယ်သူတွေ လက်သွက်နေကြတာလဲ။ ငါတို့ မဟာမိတ်အဖွဲ့လည်း ပြိုလဲတော့မယ်။ ဘယ်လိုဖြစ်ပြီး အကုန်လုံး ဒီလောက်မြန်မြန် အလုခံလိုက်ရတာလဲ။”

“အဟုတ်ပဲ။ ငါတောင် လှုပ်ရှားဖို့ အခွင့်အရေး မရလိုက်ဘူး။ မိတ်ဆွေ သူရဲကောင်းတို့ရယ်... ကျုပ်တို့အတွက်လည်း လမ်းစလေး ချန်ထားပေးကြပါဦး။”

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ကျုပ် အသုတ်လိုက် ခွဲတင်ပေးပါ့မယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“သူဌေးကတော့ ကျုပ်လို လက်နှေးတဲ့သူတွေပါ လက်နက်ရအောင် တကယ်ကို အစွမ်းကုန် စဉ်းစားပေးနေတာပဲ။”

“ဟုတ်တယ်။ လက်သွက်နေတဲ့လူတွေလည်း လူပီသကြစမ်းပါ။ အကုန်လုံး လိုက်မလုကြပါနဲ့။”

ရှောင်းယီက အသုတ်လိုက် ခွဲတင်ပေးသော်လည်း ချက်ချင်းဆိုသလိုပင် ပြတ်လပ်သွားခဲ့သည်။ ဘယ်မဟာမိတ်အဖွဲ့က တကယ် အရေးပေါ် လိုအပ်နေသည်ဆိုသည်ကို ရှောင်းယီ အတည်မပြုနိုင်ပေ။

“ဦးလေးအန်း သတ္တုတွေကို အောင်အောင်မြင်မြင် လက်ခံရရှိဖို့ပဲ မျှော်လင့်ရတော့မယ်။”

ရှောင်းယီ သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။

“သူဌေး နောက်ထပ် ရှိသေးလား။ ကျုပ် ခုထိ မရသေးလို့!”

“ဟုတ်တယ်။ ကျုပ်လည်း မရသေးဘူး။ ကျုပ်တို့ဆီမှာ လက်နက်ခဲယမ်းတွေ မကြာခင် အကုန်ပြတ်တော့မယ်။”

ရှောင်းယီ ခေါင်းကို ခါယမ်းလိုက်မိသည်။

“တကယ် စိတ်မကောင်းပါဘူး။ အခုတော့ ပစ္စည်းလက်ကျန် အကုန်ကုန်သွားပါပြီ။ တကယ်လို့ ခင်ဗျားတို့ဆီမှာ ဘာမှမရှိတော့ဘူးဆိုရင် ခဏလောက် ထပ်ပြီး တောင့်ခံပေးထားပါဦး။”

“မဟုတ်ဘူး...။ ဒါဆိုရင် ငါတို့ မဟာမိတ်အဖွဲ့ ကျဆုံးရတော့မယ်။”

“အဲ့လောက်ထိလည်း မပိုပါနဲ့ဗျာ။ ရှိတာလေးတွေ အချင်းချင်း ခွဲဝေကြပါ။ တခြားမျိုးနွယ်စုတွေကိုလည်း အကူအညီတောင်းကြည့်ပေါ့။ ကျုပ်လည်း ခင်ဗျားတို့ကို တချို့ ပံ့ပိုးပေးပါ့မယ်။ ဈေးနှုန်းကတော့ သူဌေးရောင်းတဲ့ ဈေးအတိုင်းပါပဲ။”

“အပေါ်က အစ်ကိုကြီး။ ကျေးဇူးတင်ပါတယ်ဗျာ။ တကယ် ကျေးဇူးတင်ပါတယ်။”

“ကျုပ်လည်း မသေမျိုးမျိုးနွယ်တွေကို လေဟာနယ်တံခါးထဲမှာ ခဏတော့ တားဆီးထားနိုင်သေးတယ်။ ကျုပ်လည်း အကူအညီတချို့ ပေးပါ့မယ်။ အများကြီး မဟုတ်ပေမဲ့ ကျုပ်ရဲ့ စေတနာပါ။”

“ငါတို့ ဒီကမ္ဘာကို ရောက်လာကြပေမဲ့ ငါတို့ ဟွာရှရဲ့ စိတ်ဓာတ်ကတော့ မပြောင်းလဲပါဘူး။ အကျပ်အတည်းကြုံလာရင် အပြန်အလှန် ကူညီရိုင်းပင်းကြစမြဲပဲ။”

“မှန်တယ်။ မဟာမိတ်အဖွဲ့ အနည်းငယ်က ကိုယ့်အတွက်ကိုယ်ပဲ ကြည့်နေကြပေမဲ့ မဟာမိတ်အဖွဲ့ အများစုကတော့ အများအကျိုးကို ရှေးရှုတဲ့ စိတ်ဓာတ်ရှိကြပါတယ်။”

လေပြာအင်ပါယာသို့ ဦးတည်မောင်းနှင်နေသော ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်ရှိ အန်းယွဲ့သည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဂရုချက်တင်များကို မြင်တွေ့နေရသည်။

“အရှိန်မြှင့်လိုက်...။”

အန်းယွဲ့က ပဲ့ကိုင်ခန်းထဲသို့ ဝင်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အကြီးအကဲအန်း ကျုပ်တို့ အမြင့်ဆုံးအရှိန်နဲ့ မောင်းနေတာပါ။”

သင်္ဘောကပ္ပတိန်က အားကိုးရာမဲ့စွာ ပြန်ဖြေလိုက်သည်။

“ခရီးအဆုံးကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။”

ထိုအခါ ကပ္ပတိန်က လက်လုပ် ရေကြောင်းပြမြေပုံကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“လန်ဖုန်းအင်ပါယာက ပေးထားတဲ့ အချက်အလက်တွေအရဆိုရင် နောက်ထပ် နှစ်နာရီလောက် ကြာပါဦးမယ်။”

ထို့နောက် အန်းယွဲ့က ရှောင်းယီထံ ချက်ချင်း စာပို့လိုက်သည်။

“ကျွန်းပိုင်ရှင် လန်ဖုန်းအင်ပါယာကို ရောက်ဖို့ နောက်ထပ် နှစ်နာရီလောက် လိုသေးတယ်။”

“အင်း၊ ကောင်းပြီ။ ရောက်တာနဲ့ သတ္တုတွေကို အမြန်ဆုံး ရအောင်ယူပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

ထိုအချိန်တွင် လန်ယုံနှင့် တခြားနှစ်ဦးသည် သင်္ဘော၏ စားသောက်ဆိုင်ထဲ ရောက်နေသည်မှာ အချိန်မတော်ကြားပြီဖြစ်ပြီး နေ့လယ်စာ စားပြီးကတည်းက ပြန်မထွက်ကြသေးပေ။

“အရှင်မင်းကြီး တကယ်ပဲ ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။”

ထန်လုံက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ လန်ယုံက ခေါင်းငြိမ့်လိုက်သည်။

“အင်း။ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ထုတ်လုပ်မှု စံနှုန်းတွေနဲ့ နည်းပညာတွေကို ကြည့်ရင် ငါတို့နိုင်ငံမှာရှိတဲ့ သတ္တုပစ္စည်း အများစုက ခေတ်နောက်ကျပြီး ကျန်ရစ်ခဲ့မှာပဲ။ အဲ့ဒီလို ဖြစ်မယ့်အတူတူ ငါတို့ဆီက သတ္တုတွေကို ရှောင်းယီဆီ လွှဲပေးပြီး ပိုပြီးအဆင့်မြင့်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။”

ထန်လော့က မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ အရံပစ္စည်းတချို့ ချန်မထားဘူးဆိုရင် တကယ်လို့ ယီရန်ပင်း မဟာမိတ်အဖွဲ့သာ အခက်အခဲ တစ်ခုခုနဲ့ ကြုံလာခဲ့ရင် ကျုပ်တို့ အင်ပါယာအပေါ် ရိုက်ခတ်မှုက အကြီးအကျယ် ဖြစ်သွားနိုင်တယ်။”

“အဲ့ဒီအချက်ကို ငါလည်း စဉ်းစားထားပြီးသားပါ။ ငါတို့ အင်ပါယာရဲ့ သတ္တုအရည်ကျိုနည်းပညာအရ သူတို့ဆီက ထောက်ပံ့မှု ပြတ်တောက်သွားရင်တောင် ငါတို့ဘာသာ ပြန်ပြီး အရည်ကျိုဖို့ အချိန်ရပါသေးတယ်။ အများကြီး စိုးရိမ်စရာ မလိုပါဘူး”

လန်ယုံက ပြန်ဖြေလိုက်သည်။

“ဒါ့အပြင် သတ္တုပစ္စည်းတွေက တော်တော်လေး ခိုင်ခံ့တယ်ဆိုတော့ ငါတို့မှာ ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရှိပါတယ်။”

ဘေးတွင်ရှိနေသော ထန်လုံက ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။

“ကျွန်တော်မျို အကြံပြုချင်တာကတော့ ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီကနေ ဒီအဆင့်မြင့်ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုနည်းပညာကိုပါ ယူထားသင့်တယ်။ အဲ့ဒါဆိုရင် နောင်တစ်ချိန် သူတို့ဘက်က ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ရင်တောင် ကျွန်တော်မျိုးတို့ဘက်က အရမ်းကြီး အကြပ်မရိုက်တော့ဘူးပေါ့။”

“အင်း။ နောက်ထပ် အရောင်းအဝယ် အနည်းငယ် လုပ်ပြီးရင် ဒီကိစ္စကို ငါပြောကြည့်ပါ့မယ်။ ဒါကြောင့် ဒီအစောပိုင်း အရောင်းအဝယ်တွေမှာ ငါတို့ဘက်က ရိုးသားမှုကို ပြဖို့လိုတယ်။”

အရာအားလုံးကို သေချာစဉ်းစားထားပြီးဖြစ်သော လန်ယုံက ပြောလိုက်သည်။ ထန်လုံနှင့် သူ၏သားဖြစ်သူတို့ကလည်း ခေါင်းငြိမ့်လိုက်ကြသည်။

“သူတို့က အနီရောင်ဝံပုလွေ ပင်လယ်ဓားပြ တွေကို ကျွန်တော်မျိုးတို့ အင်ပါယာဆီ ခေါ်လာတာက ပြဿနာတွေကို ကျွန်တော်မျိုးတို့ဆီ လွှဲချချင်လို့များလား။”

ထန်းလော့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။။လန်ယုံက ပြုံးလိုက်၏။

“မင်း အများကြီး တွေးနေပြီ။ ရှောင်းယီနဲ့ သူ့လူတွေရဲ့ အင်အားကို ကြည့်ရင် သူတို့က အဲ့ဒီလို လုပ်ဖို့ လိုအပ်တယ်လို့ မင်းထင်လို့လား။”

ထန်လုံက အသာအယာ ခေါင်းငြိမ့်လိုက်၏။

“လော့အာ... မင်း ဒီလိုတွေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုကို လွှဲချတယ်ဆိုတာ အမြတ်အစွန်း ရှိမှလုပ်တာမျိုးပဲ။ ဒီလိုလုပ်လို့ ရှောင်းယီအတွက် ဘာအကျိုးအမြတ် ရှိမှာမို့လို့လဲ။”

ထန်လော့ ခဏတာ ငြိမ်ကျသွားပြီး အလေးအနက် စဉ်းစားနေမိသည်။ သို့သော် ဤသို့လုပ်ဆောင်ခြင်းကြောင့် ရှောင်းယီအတွက် ဘာအကျိုးရလာမည်ကို သူ တကယ်ပင် စဉ်းစား၍မရပေ။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အင်အားက အနီရောင်ဝံပုလွေ ပင်လယ်ဓားပြများထက် လုံးဝ သာလွန်နေပေသည်။ သူတို့က မော်တာအမြောက်ကို စိတ်ဝင်စားခြင်းကလွဲ၍ ကျန်သည့်အရာများကို ဂရုစိုက်ပုံပင် မရပေ။

“သူတို့က ပြဿနာလွှဲချဖို့ ရည်ရွယ်ချက် မရှိဘူးဆိုရင်တောင် ဒီအကျဉ်းသားတွေ အကုန်လုံးကို ကျွန်တော်မျိုးတို့ လန်ဖုန်းအင်ပါယာဆီ ခေါ်လာရင် အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေက ကျွန်တော်မျိုးတို့ အင်ပါယာကို ကလဲ့စားချေဖို့ ပစ်မှတ်ထားလာမှာ အသေအချာပဲ။”

ထန်လော့က စိုးရိမ်နေဆဲပင်။

“ယီရန်ပင်း မဟာမိတ်အဖွဲ့က ပေးထားတဲ့ အဆင့်မြင့် သင်္ဘောတွေ၊ လက်နက်တွေ ရှိနေရင် အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေကို စိုးရိမ်စရာ မရှိပါဘူး။”

လန်ယုံက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင် ရှောင်းက အချိန်ဆွဲနေမှာကိုပဲ ကျွန်တော်မျိုး စိုးရိမ်မိတာပါ။”

ထန်လော့က ရှောင်းယီအပေါ် မယုံသင်္ကာ ဖြစ်နေတုန်းပင်။

“သူ အဲ့ဒီလို မလုပ်ဘူးလို့ ငါ ယုံကြည်တယ်။”

လန်ယုံကမူ ရှောင်းယီအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေ၏။ စကားပြောနေစဉ်မှာပင် ရေနွေးငွေ့တာဘိုင်သင်္ဘောသည် လန်ဖုန်း အင်ပါယာ၏ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

လန်ဖုန်းအင်ပါယာ၏ အစောင့်တပ်သားများသည် ဤကဲ့သို့ ခမ်းနားထည်ဝါသော သင်္ဘောကြီး ပေါ်လာသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း ရှေ့ဆုံးတွင် ရပ်နေသော မင်းသား လန်ရှန်းမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့လေသည်။

“သူတို့ကို ဆိပ်ကမ်းထဲ ဝင်လာဖို့ လမ်းပြလိုက်။”

လန်ရှန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် အစောင့်တပ်သားများသည် သင်္ဘောပေါ်၌ လန်ယုံကို မြင်တွေ့သွားကြ၏။ အရှင်မင်းကြီးကိုယ်တိုင် ပါလာသည်ဖြစ်ရာ ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်ကြောင်း သိလိုက်ကြသည်။

“ဟုတ်ကဲ့။”

အစောင့်တပ်သားများသည် ရေနွေးငွေ့တာဘိုင်သင်္ဘောကို ဆိပ်ကမ်းအတွင်းရှိ ဆိုက်ကပ်ရာနေရာသို့ လမ်းပြရန် ချက်ချင်း ရှေ့တက်သွားကြသည်။

သင်္ဘောဆိုက်ကပ်ပြီးနောက် လန်ယုံက ဖိတ်ခေါ်လိုက်သည်။

“မစ္စတာ အန်းယွဲ့ ကျုပ်တို့နဲ့အတူ နန်းတော်ကို လိုက်ပြီး လည်ပတ်ပါဦးလား။”

အန်းယွဲ့က ခေါင်းခါပြလိုက်သည်။

“အရင်ဆုံး အရောင်းအဝယ်ကိစ္စကို အရင် အပြီးသတ်ကြရအောင်။”

All Chapters