← Chapters

ခံစားချက်များ

Vol. 25 Ch. 343

ခံစားချက်များ

Vol. 25 Ch. 343

အထူးခန်း တစ်ခုထဲတွင် မိန်းမလှလေး တစ်စုမှာ ဖြစ်ပျက်သမျှကို ခံစားချက်မျိုးစုံဖြင့် တစ်ချိန်လုံး ကြည့်နေခဲ့ကြ၏။

“ သူ လုပ်နိင်ခဲ့ပြီ...”

ချင်ချူးမူက တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း အခန်းတစ်ခုလုံးမှာ သူမ အသံကို ရှင်းလင်းစွာ ကြားနိုင်ပေသည်။

နံပတ်တစ် အဂ္ဂိရတ် အင်အားစုကြီး၏ နှလုံးသည်းပွတ် ထာဝရ နတ်မိမယ်လေးသည် ဝေ့ဝူယင်ထံတွင် အညံ့ခံ ခဲ့ရပြီ ဖြစ်သည်။ ဤသည်က တိုက်ပွဲကို လွှမ်းမိုးမှု အရှိဆုံး ပုံစံမျိုးဖြင့် အနိုင်ယူပြခဲ့ခြင်း ဖြစ်သည်။ ချင်ချူးမူ၏ လက်များက တုန်ရီနေကာ မျက်ဝန်းများမှာ ပျော်ရွှင်ခြင်း အရိပ်အ‌ယောင် များဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ ဝေ့ဝူယင်မှာ သူမ အတွက်တော့ အလွန် ခင်မင်ရသော မိတ်ဆွေကောင်း တစ်ယောက် ဖြစ်သည်။ ပျော်ရွှင်ခြင်းကို ဝေမျှခံစားရမည်က မိတ်ဆွေကောင်းများ၏ ဝတ္တရားပင် ဖြစ်သည်။

အားလုံးထဲ၌ နာ့ရှင်းရီ၏ ခံစားချက်များမှာမူ အရှင်းလင်းဆုံး ဖြစ်၏။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုနီးပါးက ဝေ့ဝူယင်နှင့် သူမ နှစ်ယောက်စလုံးမှဦ အနန္တ ကုန်းမြေတိုက်ကြီးပေါ်ရှိ ပုရွတ်ဆိတ်လေးများသာ ဖြစ်သည်။ သူမ သူနှင့် တွေ့ဆုံခဲ့သည်။ သူ့ထံ၌ အပျိုစင် ဘဝကို သူမ ဆုံးရှုံးခဲ့ရသည်။ သူမ သူ့အား အသည်းခိုက်မတတ် မုန်းတီး ခဲ့ရသည်။ သို့သော်လည်း ဒုတိယ အကြိမ်မြောက် ပြန်လည် တွေ့ဆုံ‌သော အခိုက်၌ လုံးဝ မျှော်လင့်မထားခဲ့သည့် ဝေ့ဝူယင်၏ မျက်နှာတစ်ခြမ်းကို သူမ မြင်တွေ့ခဲ့ရသည်။ ထို့နောက် သူက သူမကို အခွင့်အရေး တစ်ခု ပေးခဲ့သည်။

နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း သူမ စိတ်အေးအေးနှင့် အရာရာကို ပြန်လည် သုံးသပ်ခဲ့သည်။ အကယ်၍ ဝေ့ဝူယင် နေရာတွင် အခြားတစ်ယောက်သာ ဆိုပါက သူမ၏ မူလယင် သုံးခုစလုံးကို အကြမ်းဖက် ယူဆောင်ကာ အလောင်းကို အဆိုးရွားဆုံး ပုံစံမျိုးဖြင့် လွှင့်ပစ်ပေလိမ့်မည်။ သို့သော်လည်း... ဝေ့ဝူယင်က တစ်ခုကိုသာ ယူသည်။ ထို့နောက် ကတိအတိုင်း သူမကို ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင်... သူက သူမအတွက်နှင့် ချင်ချူးမူကို ကယ်တင်ပေးခဲ့သည်။ မဟာ ဝိညာဥ်စမ်းသပ်ပွဲတွင် လုံချန်ကို အသက်ချမ်းသာပေးခဲ့သည်။ စကားလုံးများဖြင့် အတိအကျ ဖွင့်ဟပြောဆိုခြင်း မရှိသည့်တိုင် ဝေ့ဝူယင်က သူမကို အလေးပေးသည်။

နာ့ရှင်းရီ၏ နှလုံးသား၌ အမုန်းတရား မြူမှုန်မျှပင် မရှိတော့။ ညတိုင်းညတိုင်း ဝေ့ဝူယင်၏ ချောမော ကြင်နာတတ်သည့် မျက်ဝန်းများနှင့် ချစ်ရည်ရွှမ်းသည့် အကြည့်တို့ကို သူမ ပြန်လည် မြင်ယောင် လာမိခဲ့သည်။ သူ့အကြောင်း တွေးမိတိုင်း သူမ မျက်ဝန်းတို့ပင် စိုစွတ်လာတတ်သည်။

“ငါ ဘာလို့ တွေဝေနေတာလဲ...”

နာ့ရှင်းရီ ထိုမေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိ၏။ ဟိုးအရင်ကတည်းက ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်သည့်တိုင် ယခုတွင် ၎င်းက ပိုမို သေချာလာသည်။ ထိုဆုံးဖြတ်ချက်ကို သူမ ဘယ်တော့မှ ပြောင်းလဲ‌တော့မည် မဟုတ်ပါချေ။

တစ်ချိန်တည်း၌ လျဲ့ယုမှာ နက်မှောင်သော မျက်ဝန်းများနှင့် တိုက်ပွဲစင်မြင့်ထက်ကို လှမ်းကြည့်နေခဲ့၏။ တစ်လောကလုံး၏ ဝိုင်းဝန်း ချီးမြှောက်ခြင်း ခံနေရသည့် ချောမော ခန့်ညားသော ပုံရိပ်ကို ငေးရင်း လုံချန် အကြောင်းကို သူမ တွေးနေခဲ့မိသည်။ သူမအတွက်တော့ လုံချန်မှာ ကမ္ဘာတစ်ခု ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုကမ္ဘာကို ခြိမ်းခြောက်နေသည့် အန္တရာယ် ဖြစ်သည်။ အမှတ်မထင်ပင် သူမ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိ၏။ အခန့်မသင့်သောကြောင့်လား မပြောတတ်။ လက်သည်းများက လက်ဖမိုးတွင် စိုက်ဝင်သွားကာ သွေးစသွေးနများပင် ထွက်ပေါ်လာသည်။

သူမ ချင်ချူးမူ၊ နာ့ရှင်းရီနှင့် လင်းကျိရန်တို့ကို လှမ်းကြည့်လိုက်မိ၏။ ပျော်ရွှင်ခြင်း အရိပ်အ‌ယောင်တို့ ပြည့်နှက်နေသည့် မျက်ဝန်းတို့ကို တွေ့‌သောအခိုက်၌ သူမ၏ နှလုံးသားက တဆတ်ဆတ် တုန်ရီသွားသည်။ မည်မျှ ကျေးဇူးကန်းလိုက်သနည်း။

လုံချန်သည် သူတို့အား ကူညီရန် အတွက် အချိန်ကာလများစွာ ရင်းနှီးမြှုပ်နှံခဲ့ရသည်။ အခွင့်အရေးကောင်းများကို လက်လွှတ်ခဲ့ရသည်။ တစ်ခါတစ်ရံ အသက်ဘေးအန္တရာယ်နှင့်ပင် ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း သူ ဘာပြန်ရခဲ့သနည်း။

ချင်ချူးမူက သူ့အချစ်အား ယခုအချိန် အထိ တရားဝင် လက်မခံသေးသလို နာ့ရှင်းရှီမှာလည်း ရင်ထဲတွင် အခြား တစ်ယောက် ရှိနေပြန်သည်။ ထို့အပြင် လင်းကျိရန်၏ နှလုံးသားမှာလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အရောင်ပြောင်းလဲသွားချေပြန်ပြီ။

“တကယ်လို့ လုံချန်မှာ မရှိခဲ့ဘူး ဆိုရင် နင်တို့တွေ ဒီနေရာကို ရောက်နိုင်လိမ့်မယ်လို့ ထင်နေတာလား...”

လျဲ့ယု ရင်ထဲမှ ပြင်းထန်စွာ အော်ဟစ်လိုက်မိ၏။ သို့သော်လည်း... အပြင်ပန်းတွင် ထွက်ပေါ်လာခဲ့သည်ကတော့ နာနာကျည်းကျည်း အပြုံးတစ်ခုသာ။

လျဲ့ယု ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်း မတတ် ပေါ်လွင်နေသည့် အလင်း မျက်နှာပြင်ကို မော့ကြည့်လိုက်မိ၏။ ချောမောမှု၊ ခန့်ညားမှုတို့နှင့် ရောပြွမ်းနေသည့် ကြင်နာတတ်သော မျက်ဝန်းတစ်စုံ... အမုန်းတရားနှင့် စက်ဆုပ်မှုကို လှုံ့ဆော်ပေးနိုင်ခြင်းမှ တစ်ပါး ယင်းတို့က ဘာမှ ထူးထူးခြားခြား မရှိလှ။ သူမ အတွက်တော့... လုံချန်သည်သာလျှင် အကြီးမြတ်ဆုံးသော အချစ်ခံထိုက်သူ ဖြစ်သည်။

အားလုံးထဲ၌ လုံထျန်းယု၏ ခံစားချက်များက အရှုပ်ထွေးဆုံး ဖြစ်သည်။ သူမအတွက် ဝေ့ဝူယင်မှာ အကိုကြီး၏ ပြိုင်ဘက် ဖြစ်သည်။ အသွေးအသားထဲမှ သူမ ထိုကဲ့သို့ ခံယူထားသည်။ သို့သော်... အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း ဝေ့ဝူယင်မှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ ဂုဏ်ကိုဆောင်နေသူ ဖြစ်သည်။ ဝမ်းနည်းသင့် သလော၊ သို့မဟုတ် ဝမ်းသာသင့်သလော... သူမ မစဥ်းစားတတ်တော့ချေ။

ဟုန်ယုနှင့် ရှောင်ပင်းတို့မှာမူ တစ်ယောက်လက်ကို တစ်ယောက် ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ပျော်ရွှင် နေကြ၏။ ဟုန်ယုအတွက်တော့ ဝေ့ဝူယင်က အနန္တ ဧကရာဇ်ဂိုဏ်းသား တစ်ယောက်သာ မက အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။ အကယ်၍ သူသာ မရှိခဲ့လျှင် မည်သူက သူမကို သေရွာမှ ပြန်ကယ်ခဲ့မည်နည်း။

ဝူပိုင်ကျိုး တစ်‌ယောက်သာလျှင် ဆိတ်ငြိမ်နေခဲ့လေ၏။

...

ကမ္ဘာပြို မတတ် အုတ်အော်သောင်းနင်း ဖြစ်မှုများမှာ တစ်စတစ်စ ပြန်လည် ငြိမ်သက် သွားခဲ့ပြီ ဖြစ်သည်။ အော်ဟစ်အားပေးသံများမှာလည်း တဖြည်းဖြည်း တိုးလျော့စ ပြုလာခဲ့၏။ အရာအားလုံးကား အဆုံးသတ်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် မဟာဂိုဏ်း ခေါင်းဆောင် သုံးယောက်နှင့် အဂ္ဂိရတ် အင်ပါယာ နှစ်ပါးတို့ကို မျက်နှာမူလိုက်၏။

“ကျုပ်နဲ့ အတူ ဒီအခိုက်အတန့်ရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင်ပေးကြတဲ့ အတွက် လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်... နောက်ပြီး နေရာစုံကနေ ကြည့်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်...”

သူက လေးလေးနက်နက်ပင် လက်နှစ်ဖက်ကို ယှက်ရင်း ပြောလိုက်သည်။ သူ၏ စကားလုံးများက လှိုင်းလုံးများ အသွင်ဖြင့် ပဲ့တင်ထပ်ကာ လူအုပ်အတွင်း ပျံ့နှံ့သွား၏။

တစ်ခါတစ်ရံ၌ လူများမှာ သူတို့၏ တည်ရှိမှု အပေါ် အသိအမှတ်ပြု ခံလိုကြသည်။ တစ်ခါတစ်ရံ အမှတ်မထင် စကားလုံးလေး တစ်လုံး၊ လုပ်ရပ်ကလေး တစ်ခုကပင်လျှင် တစ်ဘဝလုံးကို ပြောင်းလဲပစ်နိုင်အောင် ခွန်အားများ ပေးစွမ်းနိုင်သည်။ ယနေ့တွင် သူတို့မှာ သမိုင်း၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဤနေ့ကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်တော့။

...

အဂ္ဂိရတ် တိုက်ပွဲ ပြီးဆုံးသွားသော အခါ များပြားလှသော အခမ်အနားပွဲများကို ဝေ့ဝူယင်၏ နာမည်ဖြင့် ကျင်းပကြသည်။ သည်နေ့ကို ဆယ်စုနှစ် ပြက္ခဒိန်များတွင် မှတ်သားရန် ဆုံးဖြတ်ခဲ့ကြသော လူ့အဖွဲ့အစည်းများပင် ရှိလေ၏။ နာမည်ကား...

“ကောင်းကင်ဘုံ တက်ခြင်းနေ့” ဟူ၍။

နာရီပေါင်း များစွာ ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ အဂ္ဂိရတ် တိုက်ပွဲမှာ ပျော်ရွှင် ကြည်နူးစရာများဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော လူများမှာ အရှင်သခင် အသစ် ခေတ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနေကြကာ လွန်ကဲသော လူအချို့ကတော့ သုံးလွှာ ကြယ်တာရာ နယ်မြေကို အာရုဏ်ဦး ကြယ်တာရာ နယ်မြေဟု ပြောင်းလဲ ခေါ်ဆို နေကြသည်။

လတ်တလော၌ ဝေ့ဝူယင်သည် လောက၏ မဟာ အင်အားစုကြီးများနှင့် ၎င်းတို့၏ ခေါင်းဆောင်ကြီးများ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့သည်။ အဂ္ဂိရတ် အစည်းအရုံး၊ ရွှေဒင်္ဂါး နန်းတော်တို့ ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများပါ ထိုနေရာတွင် စုရုံးနေကြသည်။ ကြုံတောင့်ကြုံခဲပင် မဟာ အင်ပါယာ သူတော်စင် အဆင့်နှင့် တူညီသည့် ကြယ်တာရာ အမြုတေ အဆင့်ခြောက်များစွာ စုရုံးနေကြပေသည်။

သို့သော်လည်း ယနေ့တွင်တော့ ထိုပုဂ္ဂိုလ်ကြးများမှာ တိတ်တဆိတ်နှင့် စိတ်ရှည်စွာပင် ဝေ့ဝူယင် ပြောလာမည့် စကားကို စောင့်စားနေကြသည်။ သူတို့သည် အလွန် အစွမ်းထက်ကာ ဝေ့ဝူယင်ကို လက်တစ်ဖက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သည့်တိုင် မလုပ်ရဲကြချေ။ ဤသည်က ထို့ပိဟန် တစ်ဦးတည်းကြောင့်ဟာ မဟုတ်ပဲ  “သူ ဘယ်သူလဲ” ဆိုသော အကြောင်းရင်းကြောင့်လည်း ပါသည်။

ဝေ့ဝူယင် ဝှေ့ကြည်လိုက်ရာ များစွာ‌သော မဟာ အင်ပါယာ သူတော်စင် အဆင့်များနှင့် ကျော်ကြားသည့် ကျင့်ကြံသူ အများအပြားကို တွေ့ရှိရ၏။ ထိုအထဲ၌ တည်ငြိမ်သော အမူအရာကို ဖော်ဆောင်ထားသည့် လီချီးနှင့် ယီယွင်တို့ပင် ပါဝင်နေသည်။ သို့သော်လည်း သူတို့ မျက်လုံးများထဲရှိ အလင်းကတော့ အတွင်းစိတ်ထဲမှ ရည်ရွယ်ချက်များကို သစ္စာဖောက်လျှက် ရှိသည်။

“အစည်းအရုံးသခင် ယွင်...”

ဝေ့ဝူယင် ချင်ကူးယွင်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက မော်ကြွားမှု၊ နိမ့်ချမှု တစ်စုံတစ်ရာ မပါရှိပဲ အလွန်အမင်း တည်ငြိမ်နေသည်။

“အဂ္ဂိရတ် တိုက်ပွဲရဲ့ အောင်ပွဲအတွက် ခင်ဗျားဆီမှာ ကျုပ် တောင်းဆိုစရာ တစ်ခု ရှိပါတယ်... အဲဒါကို ခုတစ်ခါတည်း ကျုပ် ပြောလိုက်တော့မယ်”

" ... “

ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် ချင်ကူးယွင်၏ စိတ်မှာ ကြိုးတစ်ခုဖြင့် ချည်နှောင်ခြင်း ခံလိုက်ရသလို တင်းကြပ်သွား၏။ ထိုအရာ ဖြစ်လာမည်မှန်း သူ သိရှိပြီး ဖြစ်သည်။ ပထမ တစ်ကြိမ် လောင်းကြေး ရှုံးနိမ့်သည်နှင့် မတူညီစွာပင် အခြား ရွေးချယ်စရာ တစ်ခုမှ မရှိ။ ပြန်လည် ပေးဆပ်စရာ နည်းလမ်း မရှိ။

“ကျုပ် အဂ္ဂိရတ် အစည်းအရုံးကို ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်ခွင့်ပေးမယ်... ဒါပေမဲ့ ကျုပ်ရဲ့ အာဏာရှင်များ အဖွဲ့အတွင်းကိုတော့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဝင်ရမယ်... ငြင်းစရာ ရှိလား”

“ ... “

အခြားခေါင်းဆောင်ကြီးများမှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ ထိုတောင်းဆိုမှုက များလွန်းနေသလား။ မများချေ။ လုံးဝကို မများချေ။

***

All Chapters