← Chapters

အခန်း (၁၀၀၃-၁၀၀၄)

Vol. 84 Ch. 1003-1004

အခန်း (၁၀၀၃-၁၀၀၄)

Vol. 84 Ch. 1003-1004

အခန်း ၁၀၀၃ - သတ္တုအမြောက်အမြားနှင့် အမှိုက်ပစ္စည်းများကို စုဆောင်းခြင်း

လန်ယုံ အနည်းငယ် ကြောင်အသွားခဲ့သည်။ ထိုအခါ အန်းယွဲ့က ရှင်းပြလိုက်၏။

“ခုနတင်ပဲ ခင်ဗျားတို့ အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေနဲ့ တိုက်ပွဲဖြစ်ထားတယ်။ သူတို့က ဒီကိစ္စကို လန်ဖုန်း အင်ပါယာကြောင့်လို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်တာမို့ အရောင်းအဝယ်ကို အရင်အပြီးသတ်တာ ပိုကောင်းပါတယ်။ ခင်ဗျားတို့ရဲ့ သင်္ဘောတွေနဲ့ လက်နက်တွေကိုလည်း အင်အားဖြည့်တင်းဖို့ လိုအပ်ဦးမှာပါ။”

လန်ယုံ ခေါင်းငြိမ့်လိုက်သည်။

“မှန်ပါတယ်။ မစ္စတာအန်းက ကျုပ်တို့အတွက် ဒါကိုပါ ထည့်စဉ်းစားပေးထားမယ်လို့ မထင်ထားခဲ့ဘူး။ ဒါဆိုရင် အရင်ဆုံး အရောင်းအဝယ် လုပ်ကြတာပေါ့။ နောက်မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။”

“ကောင်းပါပြီ။ အရှင်မင်းကြီး... သတ္တုတွေကို အမြန်ဆုံး သယ်ယူလာနိုင်ဖို့ စီစဉ်ပေးပါဦး။”

အန်းယွဲ့က လက်ယှက်ကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။

လန်ယုံ ခေါင်းငြိမ့်ပြကာ ဘေးနားတွင် ရပ်နေသော လန်ရှန်းကို လှည့်ကြည့်လိုက်သည်။

ထိုအခါ လန်ရှန်းက ချက်ချင်းပင် ပြောလိုက်သည်။

“သတ္တုတွေက ဆိပ်ကမ်းကို ရောက်နေပါပြီ။ အချိန်မရွေး အရောင်းအဝယ် လုပ်လို့ရပါတယ်။”

“ဒါဆိုရင် ကျုပ်တို့ အရင်သဘောတူညီချက်အတိုင်း အရောင်းအဝယ် စလိုက်ကြရအောင်။”

အန်းယွဲ့က ဆိုသည်။

လန်ရှန်းသည် အန်းယွဲ့ရှိရာ ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်သို့ သတ္တုများ စတင် တင်ဆောင်ရန် လူများကို ချက်ချင်း စီစဉ်ပေးလိုက်သည်။ အန်းယွဲ့ကလည်း သယ်ယူလာသော သတ္တုများကို ရှောင်းယီထံ ချက်ချင်း လွှဲပြောင်းပေးပို့လိုက်တော့သည်။

“[သံ] ၁၀၀၀ လဲလှယ်မှု အောင်မြင်ပါသည်။”

အန်းယွဲ့ ပို့လိုက်သော လဲလှယ်မှုကို မြင်သောအခါ ရှောင်းယီက ချက်ချင်း လက်ခံလိုက်သည်။

“ရရှိသော အရင်းအမြစ်များ...

နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ: [သံ] ၂၀၀၀။”

အန်းယွဲ့သည် သံ၊ ကြေးနီ နှင့် အလူမီနီယမ် အစရှိသည့် သတ္တုအမျိုးမျိုးကို ဆက်တိုက်ဆိုသလို အရောင်းအဝယ် ပြုလုပ်ပေးနေ၏။

ရှောင်းယီသည် များပြားလှသော သတ္တုအရင်းအမြစ်များကို ကြည့်ရင်း လန်ဖုန်းအင်ပါယာသည် သတ္တုအဓိက ထွက်ရှိရာဒေသ ဖြစ်သောကြောင့် သူတို့ထံတွင် အသုံးမလိုတော့သည့် သတ္တုအမှိုက်များလည်း အများအပြား ရှိပေလိမ့်မည်ဟု ရုတ်တရက် တွေးမိသွားခဲ့သည်။ သူအနေဖြင့် အမှိုက်ပစ္စည်းများ စုဆောင်းသည့်အလုပ်ကို ပြန်စ၍ ရသည်မဟုတ်ပါလော။

“ဦးလေးအန်း လန်ဖုန်း အင်ပါယာမှာပါ အမှိုက်ပစ္စည်း စုဆောင်းရေးစခန်းတစ်ခု ဖွင့်ဖို့ စီစဉ်လိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။ အန်းယွဲ့ အနည်းငယ် အံ့အားသင့်သွား၏။

“ကောင်းပါပြီ။ ငါ ဒါကို လန်ယုံနဲ့ အခု ချက်ချင်း ဆွေးနွေးလိုက်ပါ့မယ်။”

ရှောင်းယီနှင့် စကားပြောပြီးနောက် အန်းယွဲ့သည် သတ္တုအရောင်းအဝယ်များကို ကိုင်တွယ်ရန် စစ်သားတစ်ဦးကို တာဝန်ပေးအပ်ခဲ့ပြီး သူကိုယ်တိုင်ကမူ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

လန်ယုံမှာ ဆိပ်ကမ်းတွင် ရှိနေသေးပြီး နန်းတော်သို့ မပြန်ရသေးပေ။

“အရှင်မင်းကြီး ကျုပ်မှာ ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ နောက်ထပ် စီးပွားရေးတစ်ခု ရှိပါသေးတယ်။”

အန်းယွဲ့က လန်ယုံကို ရှာတွေ့သောအခါ ပြောလိုက်သည်။

“ဘာစီးပွားရေးမျိုးလဲ။”

လန်ယုံက နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ဘက်ကလည်း ဝယ်ယူချင်တဲ့ ပစ္စည်းတချို့ ရှိနေတယ်။”

“အရှင်မင်းကြီး ဝယ်ယူချင်တဲ့ ပစ္စည်းတွေက ကျုပ်တို့ အများပြည်သူကို ရောင်းချနေတဲ့ ပစ္စည်းတွေ ဖြစ်နေသရွေ့တော့ ဘာပြဿနာမှ မရှိပါဘူး။ အရှင်မင်းကြီး ဝယ်ချင်တဲ့ ဆန္ဒကို ပြောရုံပါပဲ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဝယ်ယူနိုင်တဲ့ အရေအတွက် ကန့်သတ်ချက်ရော မရှိဘူးလား။”

လန်ယုံက အံ့သြတကြီး မေးလိုက်သည်။

“မရှိပါဘူး။”

“ဒါဆိုရင်တော့ တကယ် ကျေးဇူးတင်ပါတယ် မစ္စတာ အန်းယွဲ့။”

လန်ယုံက ဝမ်းသာအားရ ပြောလိုက်ပြီး အရာအားလုံးကို အသစ်လဲမည်ဆိုလျှင် သင်္ဘောနှင့် လက်နက်ပစ္စည်း မည်မျှ လိုအပ်မည်ကို တွက်ချက်ရန် ထန်လုံနှင့် သူ၏သားကို ညွှန်ကြားလိုက်သည်။

ထို့နောက် အန်းယွဲ့က ဆက်ပြောလိုက်သည်။

“ကျုပ် ဒီမှာ အမှိုက်ပစ္စည်း စုဆောင်းရေးစခန်းတစ်ခု ဖွင့်ချင်ပါတယ်။”

“အမှိုက်ပစ္စည်း စုဆောင်းရေးစခန်းလား။”

ထိုဝေါဟာရမှာ လန်ယုံအတွက် အနည်းငယ် ဆန်းသစ်နေ၏။

“အဓိပ္ပာယ်က အရှင်မင်းကြီးတို့ ဆက်ပြီး အသုံးမပြုတော့တဲ့ ဒါမှမဟုတ် ခေတ်နောက်ကျနေတဲ့ ပျက်နေတဲ့ စက်ကိရိယာတွေနဲ့ ပစ္စည်းတွေကို ဒီကို ယူလာပြီး ကျုပ်တို့ဆီကို ပြန်ရောင်းလို့ ရတယ်ဆိုတဲ့ သဘောပါ။”

အန်းယွဲ့က ရှင်းပြလိုက်သည်။

“ကျုပ်တို့ဆီမှာ ဒီအမှိုက်တွေကို ပြုပြင်တဲ့ အထူးစက်တွေ ရှိတယ်။ အဲ့ဒါက အရင်းအမြစ် တချို့ကို ပြန်လည် ထုတ်ယူနိုင်စေပါတယ်။”

လန်ယုံ၏ သိချင်စိတ်ကို သိနေသကဲ့သို့ပင် အန်းယွဲ့က အမှိုက်ပစ္စည်းများ ရရှိပြီးနောက် မည်သို့ လုပ်ဆောင်သည်ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

“နားလည်ပြီ။”

လန်ယုံ အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။

“ဒီအမှိုက်တွေကို ဝယ်ယူမယ့် ဈေးနှုန်းက ဘယ်လောက်လဲ။ တကယ်လို့ ဈေးက အရမ်းနည်းနေမယ်ဆိုရင် ဘယ်သူမှ ရောင်းချင်ကြမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီ အမှိုက်တွေကို နည်းနည်း ပြန်ပြင်လိုက်ရင် အသုံးဝင်တဲ့ အစိတ်အပိုင်းတွေ ရနိုင်သေးလို့ပဲ။”

“မစိုးရိမ်ပါနဲ့။ ကျုပ်တို့ ပေးမယ့်ဈေးနှုန်းက အရှင်မင်းကြီးကို စိတ်ကျေနပ်စေမှာပါ။ နောက်မှ ကြည့်ရအောင် ဈေးနှုန်းစာရင်းကို ယူလာပေးပါ့မယ်။ ကျုပ်တို့ လူပုးနိုင်ငံကနေ အမှိုက်တွေ ဝယ်တုန်းက ပေးတဲ့ဈေးအတိုင်းပါပဲ။”

အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်လေသည်။

“လူပုနိုင်ငံဆီကလည်း အမှိုက်တွေ ဝယ်ထားသေးတာလား။”

လန်ယုံက အံ့အားသင့်တကြီး မေးလိုက်သည်။

“ဒါပေါ့။ ကျုပ်တို့ကျွန်းပေါ်မှာ လူပုနိုင်ငံအတွက် သီးသန့်ဖယ်ပေးထားတဲ့ မြေနေရာရှိတယ်။ သူတို့ကို ကျုပ်တို့ မဟာမိတ်အဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ထားပြီးသားပါ။”

အန်းယွဲ့က ရှင်းပြလိုက်သည်။

လူပုနိုင်ငံကပင် ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် အမှိုက်ပစ္စည်း အရောင်းအဝယ် လုပ်ရန် ဆန္ဒရှိသည်ဆိုလျှင် ၎င်းသည် အရှုံးပေါ်မည့်ကိစ္စ မဖြစ်နိုင်ပေ။ လူပုများမှာ တစ်သက်လုံး သံထည်ပစ္စည်းများနှင့် ထိတွေ့နေရသူများ ဖြစ်သဖြင့် သံထည်များကို အကောင်းဆုံး အသုံးချနိုင်မည့် နည်းလမ်းကို သူတို့ အသိဆုံး ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ။ ခင်ဗျားတို့ရဲ့ အမှိုက်ပစ္စည်း ဝယ်ယူမယ့် ဈေးနှုန်းစာရင်းကို နောက်မှ ကြည့်ပါ့မယ်။ ပြဿနာမရှိရင် အမှိုက်ပစ္စည်း အရောင်းအဝယ်ကို ချက်ချင်း စတင်လို့ရပါတယ်။”

လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်သည်။

“တကယ်တော့ ကျွန်တော်တို့ အင်ပါယာမှာလည်း အသုံးမလိုတော့တဲ့ ပစ္စည်းဟောင်းတွေ တော်တော်လေး စုမိနေတာ ကြာပါပြီ။”

“ကောင်းပါပြီ။ ဒါဆိုရင် ကျုပ် ဈေးနှုန်းစာရင်း သွားယူလိုက်ပါဦးမယ်။”

အန်းယွဲ့က ထရပ်လိုက်ပြီး ရေနွေးငွေ့တာဘိုင်သင်္ဘောဆီသို့ ပြန်သွားလိုက်လေသည်။

အမှိုက်ပစ္စည်းများ ပြန်လည်အသုံးချခြင်းလုပ်ငန်းကို စတင်လိုက်ကတည်းက အန်းယွဲ့နှင့် သူ့အဖွဲ့သည် ဈေးနှုန်းစာရင်းတစ်ခုကို ပြုစုထားပြီးသား ဖြစ်သည်။ သူလုပ်ရန်မှာ ပင်မကျွန်းကြီးပေါ်ရှိ တစ်စုံတစ်ယောက်ကို ထိုစာရင်း လွှဲပေးရန် ပြောလိုက်ရုံပင်။

မကြာမီမှာပင် အန်းယွဲ့သည် ဈေးနှုန်းစာရင်းကို ကိုင်ဆောင်ကာ လန်ယုံထံ ပြန်ရောက်လာခဲ့သည်။ လန်ယုံသည် ဈေးနှုန်းစာရင်းကို ကြည့်ပြီး အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

“ဒီဈေးနဲ့ အမှိုက်တွေကို ဝယ်မယ်ဆိုတာ သေချာလို့လား။”

လန်ယုံသည် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်း အသုံးပြုသော ဒစ်ဂျစ်တယ်ငွေကြေး၏ ဝယ်ယူနိုင်စွမ်းအားကို ယေဘုယျအားဖြင့် နားလည်ထားပြီးဖြစ်ရာ ဤငွေကြေးပမာဏ၏ တန်ဖိုးကို ခန့်မှန်းနိုင်စွမ်း ရှိပေသည်။

“ဒါပေါ့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ဘက်က ရိုးသားမှုက လုံလောက်ရဲ့လား။”

လန်ယုံက ခေါင်းငြိမ့်ပြလိုက်၏။

“လူပုတွေ ခင်ဗျားတို့နဲ့ အရောင်းအဝယ် လုပ်တာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ ဒီလိုဝယ်နေရင် ခင်ဗျားတို့ဘက်က အရှုံးမပေါ်ဘူးလား။”

“မစိုးရိမ်ပါနဲ့။ အမြတ်နည်းနည်းပဲ ရတာဆိုပေမဲ့ အရှုံးပေါ်တဲ့အထိတော့ မဖြစ်ပါဘူး။”

အန်းယွဲ့က ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။ ထိုစကားကို ကြားသောအခါ လန်ယုံ အနည်းငယ် မှင်တက်သွားခဲ့သည်။

အကယ်၍ ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ဤဈေးနှုန်းများနှင့်ပင် အမြတ်ထွက်နိုင်သေးသည်ဆိုပါက ၎င်းတို့၏ အမှိုက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် နည်းလမ်းမှာ အလွန်အဆင့်မြင့်နေသည်ဟုသာ ဆိုရပေလိမ့်မည်။

ဤသည်မှာ ၎င်းတို့၏ လျှို့ဝှက်ချက်ဖြစ်သောကြောင့် လန်ယုံက ဆက်ပြီး မမေးတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဒီမှာ စုဆောင်းရေးစခန်း ဖွင့်ဖို့အတွက် ဘာတွေလိုအပ်လဲသာ ပြောလိုက်ပါ။ ကျုပ်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်။”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ဒါပေမဲ့ ကျုပ်တို့က စုဆောင်းရေးစခန်း ဖွင့်ဖို့နဲ့ အမှိုက်တွေ ဝယ်ယူခွင့်ပဲ လိုအပ်တာပါ။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ ကျုပ်တို့က အမှိုက်အရောင်းအဝယ်တွေအတွက် ဒစ်ဂျစ်တယ်ငွေကြေးကိုပဲ သုံးပါတယ်။”

အန်းယွဲ့က လက်ယှက်ပြရင်း ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ ကျုပ်တို့ အင်ပါယာရဲ့ ငွေကြေးနဲ့ အမှိုက်တွေကို အရင်စုပေးပြီးမှ ခင်ဗျားတို့ဆီ လွှဲပေးလို့ ရတာပဲ။”

လန်ယုံက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်လည်း ရပါတယ်။ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။”

အန်းယွဲ့က ဆိုလိုက်သည်။

“ရပါတယ်။ ဒါက ဘာမှ မခဲယဉ်းပါဘူး။”

လန်ယုံက ပြန်ပြောလိုက်သည်။

အမှန်တကယ်တွင်မူ ဘာမှ မခဲယဉ်းသည်မှာ အမှန်ပင်။ အကယ်၍ လန်ယုံသည် နိုင်ငံတော်၏အမည်ကို အသုံးချပြီး ဈေးနှုန်းတစ်ဝက်ခန့်ဖြင့်သာ အမှိုက်များကို လိုက်ဝယ်မည်ဆိုလျှင် အင်ပါယာအတွင်းရှိ အမှိုက်အားလုံးကို စုဆောင်းနိုင်မည်ဖြစ်သည်။ ထို့နောက် ယီရန်ပင်း မဟာမိတ်အဖွဲ့ထံ ပြန်လည်ရောင်းချခြင်းဖြင့် ကြီးမားသော အမြတ်အစွန်းကို အာမခံချက်ရှိရှိ ရရှိနိုင်မည် မဟုတ်ပါလော။

အန်းယွဲ့ကလည်း ဤကိစ္စ၏ သဘောသဘာဝကို နားလည်ပြီးသားဖြစ်သော်လည်း သူ ဂရုမစိုက်ချေ။ တခြားသူကို အကူအညီတောင်းချင်လျှင် သူတို့ကိုလည်း အကျိုးအမြတ် အချိုအမြိန်လေး ပေးရမည်ဖြစ်သည်။ သို့မှသာ သူတို့ကလည်း လိုလိုလားလား ကူညီကြမည် မဟုတ်ပါလော။

ကိစ္စများ အားလုံး အခြေကျသွားပြီးနောက် လန်ယုံက ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ရာ ‌လန်ဖုန်းအင်ပါယာ တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံသွားတော့သည်။

“ဘာ...အမှိုက်တွေကို ပိုက်ဆံနဲ့ ရောင်းလို့ရတယ် ဟုတ်လား။ မင်း ငါ့ကို လာနောက်နေတာလား။”

“ဘယ်သူက နောက်နေရမှာလဲ။ ဒါက အရှင်မင်းကြီးကိုယ်တိုင် ထုတ်ပြန်တဲ့ အမိန့်ပဲ။ ငါ့အိမ်မှာရှိတဲ့ အသုံးမလိုတဲ့ ပစ္စည်းတွေကို ပိုက်ဆံနဲ့ လဲလို့ရမလားဆိုတာ အမြန်သွားကြည့်ဦးမှ။”

“လဲလို့ရတယ်ဟ။ ငါတောင် နည်းနည်းသွားလဲပြီးပြီ။ အဲ့ဒီပိုက်ဆံနဲ့ အရက်နှစ်ခါလောက် သောက်လို့ရတယ်။”

သုံးနာရီအတွင်းမှာတင် လန်ဖုန်းအင်ပါယာသည် အမှိုက်ပစ္စည်း အမြောက်အမြားကို စုဆောင်းရရှိခဲ့၏။ ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် အရောင်းအဝယ် ပြုလုပ်ရာ၌ လွယ်ကူစေရန်အတွက် လန်ဖုန်း အင်ပါယာ၏ အမှိုက်စုဆောင်းရေး စခန်းကို ဆိပ်ကမ်းအနီးတွင်ပင် တည်ဆောက်ထားခဲ့ရာ အန်းယွဲ့ထံသို့ အလွယ်တကူ လွှဲပြောင်းပေးအပ်နိုင်ခဲ့လေသည်။

အခန်း ၁၀၀၄ - နှစ်ဆတိုးပွားခြင်း၊ ကျွန်းချဲ့ထွင်ခြင်းနှင့် ငွေဖြည့်ထားသမျှ အကုန်သုံးစွဲခြင်း

အန်းယွဲ့က လန်ဖုန်းအင်ပါယာတွင် သတ္တုများကို အသည်းအသန် စုဆောင်းနေစဉ်မှာပင် ရှောင်းယီသည်လည်း သတ္တုအရင်းအမြစ်များ ပေါကြွယ်ဝလာမှုကြောင့် လူတိုင်း၏ တိုက်ပွဲဝင် လိုအပ်ချက်များကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ခဲ့သည်။

“သူဌေးရဲ့ ကျေးဇူးကြောင့်ပဲ။ သူဌေးသာ လက်နက်နဲ့ ခဲယမ်းတွေကို အချိန်မီ အမြောက်အမြား မရောင်းပေးခဲ့ရင် ငါတို့ မဟာမိတ်အဖွဲ့ကတော့ အနည်းဆုံး ကျွန်းခွဲ နှစ်ကျွန်းလောက် လက်လွှတ်လိုက်ရတော့မှာ။”

“ဟုတ်တယ်။ ငါတို့လည်း အတူတူပဲ။ သူဌေးကိုရော၊ ခုနက ကူညီပေးခဲ့တဲ့ မဟာမိတ်ညီအစ်ကိုတွေကိုရော တကယ် ကျေးဇူးတင်ပါတယ်။”

“ခုနက လက်နက်နဲ့ ခဲယမ်းတွေကို အလုအယက် ဝယ်နေတဲ့ မဟာမိတ်အဖွဲ့တွေကရော ဘယ်ရောက်ကုန်ပြီလဲ။ သူဌေးက အခုလည်း အရောင်းစာရင်း တင်ပေးထားတုန်းပဲ။ ထပ်လုကြဦးလေ။”

“အတိအကျပဲ။ ခင်ဗျားတို့ဆီမှာ အုတ်မြစ်ကျောက် ဘယ်လောက်တောင် ရှိနေလို့လဲ ကြည့်ချင်သေးတယ်။ အဲ့ဒီလောက် အတင်းလုဝယ်ပြီးရင်ရော အဲ့ဒီလက်နက်တွေက ကလေးတွေ ထပ်ပွားလာမှာမို့လို့လား။”

“ဒီလူတွေက ဒီလိုပါပဲ။ ပစ္စည်းရှားရင် အကန်းလို လိုက်လုကြပြီး ပစ္စည်းပေါလာတော့လည်း မဝယ်ကြတော့ဘူး။ သူတို့လည်း မကာကွယ်နိုင်မှာ စိုးရိမ်လို့ နေမှာပါ။ ဒါကတော့ နားလည်ပေးလို့ ရပါတယ်။”

“နားလည်ပေးလို့ ရပေမဲ့ ကျုပ်ကတော့ သဘောမတူဘူး။ သူတို့ကို အကြီးအကျယ် ရှုတ်ချချင်သေးတယ်။ တချို့ မဟာမိတ်အဖွဲ့တွေက တောင့်မခံနိုင်တော့တဲ့ အခြေအနေမှာ သူတို့က ဒီမှာ အတင်းလိုက်လုနေတာက တခြားသူတွေကို မီးတွင်းထဲ တွန်းပို့နေတာနဲ့ မတူဘူးလား။”

“ထားလိုက်ပါတော့။ သူတို့အကြောင်း မပြောကြရအောင်။ ဒါပေမဲ့ သူဌေးကတော့ ဒီတစ်ခေါက် တကယ်ကို အထင်ကြီးစရာပဲ။ သူ ဘယ်လောက်တောင် သတ္တုတွေ ရလိုက်တာလဲ မသိဘူး။”

“ဘုရားပဲ သိလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အဆက်မပြတ် ထွက်လာနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ သင်္ဘောတွေကို ကြည့်ရင်တော့ ပမာဏက နည်းမှာ မဟုတ်ဘူး။”

ရှောင်းယီသည် သူနှင့် အန်းယွဲ့ကြားက အရောင်းအဝယ် မှတ်တမ်းကို စစ်ဆေးကြည့်ရာ စုစုပေါင်း တန်ချိန် ဘီလီယံ ၈၀ ကျော်နှင့် အမှိုက်ပစ္စည်း တန်ချိန် ဘီလီယံ ၅၀ ကျော် ရှိနေခဲ့လေသည်။

စူပါ အစိတ်အပိုင်း ဖြုတ်စက်ကို အသုံးပြုလိုက်ရာ အမှိုက်တန်ချိန် ဘီလီယံ ၅၀ သည် သတ္တုတန်ချိန် ဘီလီယံ ၃၀ ခန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုနှစ်ခုကို ပေါင်းလိုက်လျှင် တန်ချိန် ဘီလီယံ ၁၂၀ မပြည့်တပြည့်ပင် ရှိပေသည်။ ယနေ့၏ နှစ်ဆတိုးပွားခြင်း အခြေအနေအရ ဆိုလျှင် တန်ချိန် ဘီလီယံ ၂၄၀ နီးပါး ရရှိမည်ဖြစ်သည်။

ဤပမာဏသည် သူတို့အတွက် အချိန်အတော်ကြာ သုံးစွဲရန် လုံလောက်ပေသည်။

ယနေ့ အရောင်းအဝယ် အခြေအနေကို ကြည့်လျှင် အဓိက ပစ္စည်းများမှာ ခြောက်လုံးပြူး ပစ္စတို အလက် ၃၀ သန်း၊ လက်ပစ်ဗုံး ၄၀ သန်းကျော်နှင့် ကျည်ဆန်၊ အမြောက်ကျည် အစရှိသည့် အထွေထွေ အသုံးအဆောင်များ ဖြစ်သည်။ တခြားပစ္စည်းများမှာမူ အလွန်နည်းပါးလှသည်။

စုစုပေါင်း အရောင်းအဝယ် ဝင်ငွေမှာ အုတ်မြစ်ကျောက် ၅၈၀ သန်း ဖြစ်သည်။ နှစ်ဆတိုးပွားခြင်း အပိုဆုကြောင့် သူသည် အုတ်မြစ်ကျောက်း ၁.၁၆ ဘီလီယံ ရရှိခဲ့သည်။

“အရင်တစ်ခေါက် နှစ်ဆတိုးတုန်းက ရတဲ့ ပမာဏထက်တောင် နည်းနေသေးတယ်။”

ရှောင်းယီက အားမလိုအားမရ ရေရွတ်လိုက်မိသည်။

ယနေ့ အုတ်မြစ်ကျောက် ရရှိမှု၏ အဓိက အရင်းအမြစ်မှာ လန်ဖုန်းအင်ပါယာမှ ဖြစ်သည်။

အကျဉ်းသားများကို ကယ်တင်ပေးခြင်းနှင့် မိတ်ဝတ်မပျက် ဆက်ဆံခြင်းများကြောင့် စုစုပေါင်း အုတ်မြစ်ကျောက် ဘီလီယံ ၂၁၀ ရရှိခဲ့သည်။ ထို့နောက် ရှောင်းယီနှင့် အန်းယွဲ့တို့၏ ဖျောင်းဖျမှုကြောင့် သူတို့က အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ ထပ်မံ ငွေဖြည့်ခဲ့ကြသည်။

အားလုံးပေါင်းလိုက်လျှင် အုတ်မြစ်ကျောက် ၃၁၀ ဘီလီယံ ဖြစ်သည်။ ရှောင်းယီ၏ နှစ်ဆတိုးပွားခြင်း အပိုဆုနှင့်ဆိုလျှင် ၆၂၀ ဘီလီယံ ဖြစ်သွားခဲ့လေသည်။

အုတ်မြစ်ကျောက် အမြောက်အမြား ရရှိထားသဖြင့် ရှောင်းယီသည် ခဏမျှ စဉ်းစားပြီး သူ၏ကျွန်းကို ထပ်မံ ချဲ့ထွင်လိုက်လေသည်။

ကံကောင်းသည်မှာ ကျွန်းကို ချဲ့ထွင်တိုင်း ကျွန်းပေါ်ရှိ အဆောက်အဦးများ၏ တည်နေရာကို ပြန်လည် စီစဉ်နိုင်ပြီး အကောင်းဆုံး အနေအထား ဖြစ်အောင် ပြုပြင်နိုင်ခြင်းပင်။ ၎င်းက အလုပ်များကို ပိုမို လွယ်ကူစေပေသည်။

မဟုတ်လျှင် ဧရိယာ ကျယ်ပြန့်လာသည့်အခါ မီးရထားလမ်းကဲ့သို့သော အရာများမှာ ပျက်စီးသွားပေလိမ့်မည်။

ချဲ့ထွင်ပြီးနောက် ရှောင်းယီသည် ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်မှတစ်ဆင့် ကျွန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်၏။

“အလတ်စားကျွန်း: ကျွန်းပိုင်ရှင် ရှောင်းယီ၊ ဧရိယာ ၁.၈၇၄၆၆ သန်း စတုရန်းကီလိုမီတာ...”

ရှောင်းယီသည် အုတ်မြစ်ကျောက် အမြောက်အမြားနှင့် နှစ်ဆတိုးပွားခြင်း အပိုဆုကို ရရှိခဲ့သော်လည်း ကျွန်း၏ ဧရိယာမှာ ၂ သန်း စတုရန်းကီလိုမီတာပင် မပြည့်သေးပေ။ ယခင် ရှားနိုင်ငံ၏ ဧရိယာ ၉.၆ သန်း စတုရန်းကီလိုမီတာမှာ အမှန်တကယ်ပင် အလွန်ကျယ်ပြောသည်ဟု ဆိုရပေမည်။

လန်ဖုန်း အင်ပါယာတွင်မူ ထန်လုံနှင့် သူ၏သားသည် စစ်အသုံးအဆောင် ပစ္စည်းစာရင်းကို ပြုစုပြီး လန်ယုံထံ တင်ပြခဲ့ကြသည်။

“ယီရန်ပင်း မဟာမိတ်အဖွဲ့က ထွက်ပြေးသွားမှာကို ကာကွယ်ဖို့အတွက် ကျွန်တော်မျိုးတို့ ငွေဖြည့်ထားတဲ့ ပိုက်ဆံတွေ အကုန်လုံးနီးပါးကို သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပစ္စည်းတွေနဲ့ဆိုရင် ကျွန်တော်မျိုးတို့ အင်ပါယာရဲ့ တပ်ဖွဲ့ဟာ ပုံစံသစ်နဲ့ လုံးဝ ပြောင်းလဲသွားပါလိမ့်မယ်။”

ထန်လုံက ဘေးမှ ရှင်းပြလိုက်လေသည်။

ထန်လုံ၏ စကားကို ကြားလိုက်ရချိန်တွင် လန်ယုံ၏ မျက်နှာ အနည်းငယ် ကူကယ်ရာမဲ့သွား၏။ ထိုပမာဏမှာ အုတ်မြစ်ကျောက် ဘီလီယံ ၁၀၀ တောင် မဟုတ်ပါလော။ ဤမျှလောက်သော ပမာဏကို ဒီအတိုင်းပဲ သုံးပစ်လိုက်တော့မည်လား။

သို့သော် လန်ယုံအနေဖြင့် တစ်စုံတစ်ရာ ကန့်ကွက်ရန် နည်းလမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထန်လုံ၏ လုပ်ရပ်ကို သဘောတူထားသောကြောင့် ဖြစ်သည်။ ယီရန်ပင်း မဟာမိတ်အဖွဲ့က ရုတ်တရက် ထွက်ပြေးသွားမလားဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် မိမိတို့၏ သင်္ဘောများနှင့် လက်နက်များကို အဆင့်မြှင့်တင်ထားခြင်းကသာ ပို၍ စိတ်ချရပေမည်။

လန်ယုံက စာရင်းကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။

“ကောင်းပြီ။ ဒီအတိုင်းပဲ ဝယ်ယူလိုက်ပါ။ ဒါတွေကို အန်းယွဲ့ဆီ လွှဲပေးလိုက်။”

“ဟုတ်ကဲ့။”

ဘေးတစ်ဖက်မှ ထန်လော့က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

ထန်လော့သည် လန်ဖုန်စ အင်ပါယာ၏ စစ်သူကြီးတစ်ဦး ဖြစ်ပေသည်။ ယခုအခါ သူ၏ တပ်ဖွဲ့အတွင်းရှိ စစ်လက်နက် ကိရိယာအားလုံးကို အသစ်လဲလှယ်နိုင်တော့မည် ဖြစ်ရာ သူက အပျော်ဆုံးပင် ဖြစ်သည်။

ထန်လော့သည် ရေနွေးငွေ့တာဘိုင်သင်္ဘောဆီသို့ အပြေးသွားပြီး သူတို့ ပြုစုထားသော စာရင်းကို အန်းယွဲ့ထံသို့ ပေးအပ်လိုက်တော့သည်။ အန်းယွဲ့ကလည်း စာရင်းကို ဖတ်ကြည့်လိုက်ရာ နောက်ဆုံး ကျသင့်ငွေမှာ သူတို့ ငွေဖြည့်ထားသမျှ အကုန်လုံးနီးပါး ကုန်သွားသည်ကို တွေ့လိုက်ရလေသည်။

“ခင်ဗျားတို့ရဲ့ အရှင်မင်းကြီးက တကယ်ကို လက်ဖွာတာပဲ။ ပိုက်ဆံတွေကို လက်တစ်ချက် ဝေ့ရုံနဲ့ အကုန် သုံးပစ်လိုက်တာပဲ။”

အန်းယွဲ့က မျက်ခုံးအသာ ပင့်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။

“အရှင်မင်းကြီးက လက်ဖွာတာ မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ လက်ရှိ လက်နက်ကိရိယာတွေက အရမ်းကို ခေတ်နောက်ကျနေလို့ပါ။”

ထန်လော့က ပခုံးတွန့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။ အန်းယွဲ့က ဘာမှ ထပ်မပြောတော့ပေ။

“ဆိပ်ကမ်းကို ရှင်းလိုက်ပါ။ ခင်ဗျားတို့ လိုချင်တဲ့ သင်္ဘောတွေနဲ့ လက်နက်တွေကို အခုချက်ချင်း ပို့ပေးပါ့မယ်။”

“ကောင်းပါပြီ။”

ထန်လော့က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။

ရှောင်းယီသည် အန်းယွဲ့ထံမှ သတင်းကို ရရှိသောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ဒီလန်ဖုန်း အင်ပါယာက ငါတို့ကို ခုထိ အပြည့်အဝ မယုံသေးတဲ့ ပုံပဲ။”

သူက ပြုံးကာ ပြောလိုက်သည်။

သူတို့ ဝယ်ယူချင်သော ပမာဏမှာ အတော်အတန် များပြားသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုအတွက်မူ ဘာမှ မခဲယဉ်းပေ။ ပုံစံခွက်နှင့် ကုန်ကြမ်းပစ္စည်းများ ရှိနေသရွေ့ မည်သည့်အရာကိုမဆို ချက်ချင်း ထုတ်လုပ်နိုင်ပေသည်။

ရှောင်းယီက လန်ဖုန်း အင်ပါယာအတွက် ပစ္စည်းများ ထုတ်လုပ်ပြီးသွားသော်လည်း ထန်လော့မှာ ဆိပ်ကမ်းကို ရှင်းလင်း၍ မပြီးသေးပေ။ ည ၁၀ နာရီ ကျော်မှသာ ထန်လော့သည် သင်္ဘောများကို ဖယ်ရှားပြီး ဆိပ်ကမ်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့သည်။

“မစ္စတာ အန်းယွဲ့ အားလုံး ရှင်းပြီးပါပြီ။”

ထန်လော့က ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ် တက်လာပြီး ပြောလိုက်သည်။ အန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်၏။

“ကျုပ်တို့ ကျွန်းပိုင်ရှင်က အကုန်ထုတ်လုပ်ပြီးလို့ ခင်ဗျားတို့ကို စောင့်နေတာ ကြာပါပြီ။”

အန်းယွဲ့သည် ရှောင်းယီ ပို့ထားသော လြလှယ်မှုကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် အသစ်စက်စက် သံချပ်ကာ စစ်သင်္ဘောကြီးများမှာ ဆိပ်ကမ်းအတွင်း တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာတော့သည်။ သူတို့ ဝယ်ယူထားသော လက်နက်များကိုလည်း သံချပ်ကာ သင်္ဘောများပေါ်တွင် တောင်ပုံရာပုံ စုပုံပေးထားခဲ့သည်။

“ပစ္စည်းတွေအားလုံး ဆိပ်ကမ်းကို ရောက်ပါပြီ။ ခင်ဗျားတို့ အေးအေးဆေးဆေး စစ်ဆေးနိုင်ပါတယ်။ ကျုပ်ကတော့ ကျွန်းမှာလည်း လုပ်စရာလေးတွေ ရှိနေသေးလို့ အရင် ပြန်နှင့်ပါ့မယ်။ တစ်ခုခုဆိုရင် ဒီမှာရှိတဲ့ တာဝန်ခံကို ဆက်သွယ်လိုက်ပါ။ ဒါမှမဟုတ် ကျုပ်ဆီ တိုက်ရိုက် ဖုန်းခေါ်လို့လည်း ရပါတယ်။”

အန်းယွဲ့က ပြောလိုက်သည်။

ထိုအချိန်တွင် လန်ယုံနှင့် တခြားသူများလည်း အပြေးအလွှား ရောက်ရှိလာကြသည်။ ဤမျှ ကြီးမားသော အရောင်းအဝယ်မျိုးကို သူတို့ကိုယ်တိုင် လာကြည့်ချင်ကြသည် မဟုတ်ပါလော။

“ကောင်းပါပြီ။ အလုပ်ရှိရင်လည်း သွားလုပ်ပါ။ ဖုန်းနဲ့ပဲ ဆက်သွယ်ကြတာပေါ့။”

လန်ယုံက ချက်ချင်း ပြောလိုက်သည်။

အန်းယွဲ့က ခေါင်းငြိမ့်ပြပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ ထိုနေရာမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

“ခမည်းတော်... အရင်တုန်းက ဘာလို့ ကျွန်းအထိမ်းအမှန်ကျောက်တိုင်တစ်ခုကို အသည်းအသန် လိုချင်ခဲ့တာလဲဆိုတာ အခုမှပဲ နားလည်တော့တယ်။ ဒီကျောက်တိုင် တကယ် အစွမ်းထက်တာပဲ။”

ဘေးမှ လန်ရှန်းက အံ့သြတကြီး ရေရွတ်လိုက်သည်။

“ဒီလောက်များတဲ့ ပစ္စည်းတွေကို ခဏလေးအတွင်း ထုတ်လုပ်ပေးနိုင်တယ်။”

ထန်လော့လည်း ဘေးမှ သက်ပြင်းချရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အရှင်မင်းးကြီး... ကြည့်ပါဦး။ အခု အန်းယွဲ့လည်း မရှိတော့ဘူး။ သူတို့ သင်္ဘောပေါ်မှာလည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိမှာပဲ။ ကျွန်တော်မျိုးတို့...”

လန်ယုံက ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်သည်။

“ယီရန်ပင်း မဟာမိတ်အဖွဲ့ဆိုတာ ငါတို့ အင်ပါယာက ယှဉ်နိုင်တဲ့ အင်အားမျိုး မဟုတ်ဘူး။ ရိုးရိုးသားသားပဲ ဆက်ဆံကြရအောင်။ ဒါ့အပြင် အခု ငါတို့ ဆက်ဆံရေးကလည်း အဆင်ပြေနေတာပဲ။ ဘာမှ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ တကယ်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့လက်ထဲမှာ ရှိနေတာနဲ့ မရှိတာက ထူးထူးခြားခြား ကွာခြားမှု မရှိပါဘူး။”

“အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ကျွန်တော်မျိုးတို့လက်ထဲမှာ မရှိပေမဲ့လည်း အကျိုးကျေးဇူးတွေကိုတော့ ခံစားနေရတာပါပဲ။ ပြီးတော့ အင်အားတောင့်တင်းတဲ့ မဟာမိတ်တစ်ဦးကိုလည်း ရထားသေးတယ်။ ဒါက ပိုမကောင်းဘူးလား။”

ထန်လုံက ဘေးမှ ထောက်ခံလိုက်လေသည်။ လန်ရှန်းနှင့် ထန်လော့တို့ကလည်း ခေါင်းငြိမ့်လိုက်ကြသည်။

“ဒါ့အပြင်... မဟာမိတ်ခေါင်းဆောင်ရှောင်းက ဘာကြိုတင်ပြင်ဆင်မှုမှ မလုပ်ထားဘူးလို့ မင်းတို့ တကယ်ပဲ ထင်နေတာလား။”

လန်ယုံက ရေနွေးငွေ့တာဘိုင်သင်္ဘောကြီးကို ကြည့်ရင်း ပြုံးကာ ပြောလိုက်လေသည်။

All Chapters