← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) – အမှုပြီးမြောက်၍ ဖယ်ခွာခြင်း

ရှေ့ဆက်ရမည့် အနာဂတ်ခရီးနှင့် ပတ်သက်၍ ခွေးဝါလေး လျှူအဝါမှာ တွန့်ဆုတ်နေခြင်း

မရှိပေ။ ၎င်းက ခပ်တိုးတိုး လျှောက်တင်လိုက်သည်။

“အရှင်သူမြတ်... ကျုပ်ကတော့ သခင်လေးနဲ့ပဲ ဆက်နေသွားမှာပါ။ သခင်လေး သက်တမ်းစေ့လို့

ကွယ်လွန်သွားတဲ့အခါကျမှ ယွင်ကျုံးတောင်ထဲသွားပြီး အနွားကြီးကို ရှာပါ့မယ်။

အကယ်၍ အရှင်သူမြတ်အနေနဲ့ တောင်ထဲမှာ သူ့ကို တွေ့ခဲ့ရင်လည်း

ကျုပ်မျက်နှာကို ထောက်ထားပြီး ခဏတဖြုတ်လောက်ဖြစ်ဖြစ်

စောင့်ရှောက်ပေးပါဦး”

ဖန်းချန်က ခွေးဝါလေး၏ သစ္စာရှိမှုကို မြင်တွေ့ရသဖြင့် သဘောကျစွာ

ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ... မင်းရဲ့ ခရီးလမ်း ဘေးကင်းပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ နောက်ပြီး

အဝါလေး... အခွင့်သာရင် စာဖတ်၊ စာရေးတာကို သင်ထားဖို့ မမေ့နဲ့ဦး။ ဒါဟာ မင်းတို့လို

သတ္တဝါတွေအတွက် ကျင့်စဉ်လမ်းမှာ အလွန်အရေးကြီးတဲ့ အဆင့်တစ်ခုပဲ”

ခွေးဝါလေးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူမျှ သတိမပြုမိသည်ကို မြင်မှ

ရှေ့သို့ တိုး၍ ဖန်းချန်ကို ရိုသေသမှုဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

ကျင့်စဉ်အောင်မြင်သော တိရစ္ဆာန်များမှာ အသိဉာဏ်ပွင့်သည်နှင့်

စကားပြောနိုင်ကြသော်လည်း

စာပေတတ်မြောက်ရန်မှာမူ အချိန်နှင့်

အားစိုက်ထုတ်မှုများစွာ လိုအပ်လှသည်။

လူ့အသွင် ဖန်တီးနိုင်သည့်တိုင်အောင် ဤအဆင့်မှာ အလွန်ပင် ခက်ခဲလှပေရာ ဖန်းချန်၏

လမ်းညွှန်ချက်မှာ ခွေးဝါလေးအတွက် လမ်းမှားမရောက်စေရန် များစွာ

အထောက်အကူပြုပေလိမ့်မည်။

ရုံးတော်အတွင်း၌ ဆူညံသံများ ငြိမ်သက်သွားသည်ကို မြင်သောအခါ ဖန်းချန်က “ကိစ္စတွေလည်း

ပြီးသလောက်ရှိပြီဆိုတော့ အထဲကို ပြန်သွားကြတာပေါ့” ဟု ဆိုလိုက်သည်။

ရုံးတော်အတွင်းတွင် မြို့ပိုင်မင်း၏ စစ်ဆေးမှုများ ပြီးဆုံးသွားပြီ ဖြစ်သည်။

စာရေးကြီးက စီရင်ချက်များကို အချောသတ်ရေးသားနေစဉ်

လျှူချန်ချင်းမှာလည်း အပြစ်မရှိကြောင်း

ထင်ရှားသဖြင့် ချက်ချင်း ပြန်လည်လွတ်မြောက်လာသည်။

ဖန်းချန်က ရုံးတော်တံခါးဝမှနေ၍ အတွင်းသို့ လှမ်းကြည့်လိုက်သည်။ မြို့ပိုင်မင်းကို

ကြည့်လိုက်သောအခါ သူ၏ အနာဂတ်မှာ တောက်ပနေသည်ကို မြင်ရသည်။

မင်းကောင်းမင်းမြတ်ပီသစွာ

ပြည်သူ့ဘက်က ရပ်တည်ခဲ့သဖြင့် သူ၏ ကံကြမ္မာမှာ

အဆင့်မြင့်မားလှပေသည်။ “ကောင်းမှုလုပ်လျှင်

ကောင်းကျိုးခံစားရမည်၊ မကောင်းမှုလုပ်လျှင် မကောင်းကျိုးခံစားရမည်” ဟူသော

နိယာမမှာ ယနေ့တွင် သက်သေထင်ရှားပင်။

“ဒီကိစ္စကတော့ ပြေလည်သွားပါပြီ။ ဒါပေမဲ့ မတရားမှုကို ကြုံရတဲ့အခါ

သူတစ်ပါးလာကယ်မှာကိုပဲ စောင့်နေလို့ မရဘူး၊

ကိုယ်တိုင်လည်း ရုန်းကန်ကြရမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ လိုချင်တဲ့ရလဒ်ကို

ရမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကူညီသူကိုသာ နတ်ကောင်းနတ်မြတ်တွေက

မစတတ်တာမျိုးပေါ့” ဟု ဖန်းချန်က ခြေရင်းက အဝါလေးကို ပြုံး၍

ပြောလိုက်သည်။

ရုံးတော်အတွင်း၌ လျှူချန်ချင်းမှာ အဝတ်အစားများ စုတ်ပြတ်နေပြီး မျက်နှာမှာလည်း

နွမ်းလျနေရှာသည်။ အချုပ်ခန်းအတွင်း နေထိုင်ခဲ့ရသော ရက်များမှာ သူ့အတွက်

မလွယ်ကူခဲ့မှန်း သိသာလှသည်။ သူသည် ဖခင်နှင့် ဇနီးသည်ကို မြင်လိုက်ရသောအခါ

ဝမ်းသာအားရ ဪဟစ်လိုက်သည်။

“အဖေ” “သားကြီး”

သူသည် မြေပြင်ပေါ်မှ အတင်းထကာ ပြေးသွားပြီး ဖခင်နှင့် ဇနီးသည်ကို ဖက်၍

ဝမ်းသာမျက်ရည်များဖြင့် ငိုကြွေးကြတော့သည်။ ထိုစဉ်

ဖန်းချန်၏ ဘေးမှ ခွေးဝါလေးမှာလည်း သူတို့အနားသို့ အပြေးအလွှား

သွားရောက်နှုတ်ဆက်လေသည်။

“အဝါလေး မင်းပါ ရောက်လာတာလား”

ခဏအကြာတွင်မှ သူတို့အားလုံး စိတ်အေးသွားကြသည်။ ဇနီးဖြစ်သူ တုရှန်းချင်မှာ

မျက်ရည်များ ဝိုင်းနေဆဲဖြစ်သော်လည်း ပြုံး၍သာ ကြည့်နေတော့သည်။

ဖခင်ဖြစ်သူက လျှူချန်ချင်းကို ကြည့်ကာ -

“အိမ်မှာ မင်းအမေ စောင့်နေတယ်၊ အထုတ်အပိုးတွေပြင်ပြီး မြန်မြန်ပြန်ကြစို့” ဟု

ဆိုလေသည်။

…

ပြန်လည်ဆုံစည်းကြသော မိသားစု၏ ပုံရိပ်ကို ကြည့်ရင်း ဖန်းချန်က ပြုံးလျက် ထိုနေရာမှ

တိတ်တဆိတ် ထွက်ခွာခဲ့သည်။

စီရင်စုမြို့တော်မှာ စည်ကားလှသော်လည်း ဖန်းချန်အတွက်မူ ထူးထူးခြားခြား ကြည့်စရာ

မရှိတော့ပေ။ သူသည် လမ်းဘေးမှ သကြားရည်သုတ်ထားသော သီးကပ်တစ်လုတ်ကို

ဝယ်စားရင်း မြို့ပြင်သို့ ဦးတည်ခဲ့သည်။ ချိုချဉ်အရသာနှင့် သီးကပ်၏

ချဉ်ဖြုံဖြုံရနံ့မှာ လျှာပေါ်တွင် စွဲကျန်နေတော့သည်။

မြို့မြောက်ဘက်သို့ ထွက်လာသောအခါ ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီးများကို

မြင်တွေ့ရသည်။ ဂျုံခင်းများနှင့် စပါးခင်းများမှာ စနစ်တကျ

မရှိသော်လည်း ဖြစ်ထွန်းအောင်မြင်နေကြသည်။ ယခုနှစ်သည် နျင်ဟိုစီရင်စုအတွက်

ကောက်ပဲသီးနှံ ပေါများမည့် နှစ်တစ်နှစ် ဖြစ်ပေလိမ့်မည်။

ဤနေရာမှ လှမ်းကြည့်လျှင် ယွင်ကျုံးတောင်တန်းကြီးမှာ ရှေ့တင်ရှိနေသကဲ့သို့

ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဝေးကွာလှပေသေးသည်။ ဖန်းချန်၏

ခရီးပေါက်သော ခြေလှမ်းများဖြင့်ပင် ဟူချောင်မြို့သို့ ပြန်ရောက်ရန်

တစ်နာရီခန့် အချိန်ပေးလိုက်ရသည်။

ဟူချောင်မြို့မှာမူ ထုံးစံအတိုင်းပင် စည်ကားနေဆဲ ဖြစ်သည်။ ဤမြို့ကို စည်ကားအောင်

ပြုလုပ်ပေးထားသည်မှာ ဒေသခံများထက် လမ်းပေါ်မှ ဖြတ်သန်းသွားလာနေကြသော

ကုန်သည်အဖွဲ့များ ဖြစ်နေသောကြောင့်ပင်။

တောင်အောက်ဆင်းလာခဲ့သော ဤခရီးမှာ ဖန်းချန်၏ ကျင့်စဉ်အတွက် များစွာ

အထောက်အကူပြုခဲ့သည်။ အရာရာသည် သဘာဝအလျောက်သာ

ဖြစ်ပျက်နေသည်။ သူ၏ စိတ်ဆန္ဒအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းမှာ

သူလေ့လာထားသော ကျင့်စဉ်လမ်းကြောင်းနှင့်လည်း ကိုက်ညီနေပေသည်။

စီရင်စုရုံးတော်က သတင်းများမှာ ဟူချောင်မြို့သို့ မရောက်သေးပေ။ သို့သော်လည်း

စစ်သည်များ လာရောက်၍ သူဌေးကြီးပန်နှင့် ယွမ်ရှန်းတို့ကို

ဖမ်းဆီးသွားခြင်းက မြို့သူမြို့သားများကြားတွင် ပြောစမှတ်

ဖြစ်နေတော့သည်။

“ဟေ့... ကြားပြီးပြီလား၊ သူဌေးကြီးပန်တော့ အဖမ်းခံရပြီတဲ့ဗျို့”

“ဘယ်တုန်းကလဲဗျ”

“မနေ့က မွန်းတည့်ချိန်လောက်မှာပဲ။ စစ်သည်တွေ ရုတ်တရက် ရောက်လာပြီး အမိန့်စာနဲ့အတူ

အိမ်ထဲဝင်ဖမ်းသွားတာ။ အခု အိမ်ရှေ့မှာလည်း အစောင့်တွေ ချထားတယ်”

“တကယ်ဆိုရင်တော့ ဝမ်းသာစရာပဲဗျာ။ အဲဒီ ယွမ်ရှန်းလည်း ပါသွားတယ် မဟုတ်လား။

လျှူချန်ချင်းတို့ မိသားစုအတွက်တော့ ကံကောင်းသွားတာပဲ”

“ဟုတ်ပဗျာ... ပန်ယုံနျန်တို့က အမြဲတမ်း လူကောင်းတွေကို နှိပ်စက်နေတာ၊

နောက်ဆုံးတော့လည်း ခံရပြီပေါ့”

လူများမှာ သူဌေးကြီးပန်၏ ကံကြမ္မာဆိုးအတွက် ဝမ်းသာအားရ ပြောဆိုနေကြသလို၊ ယခင်က

အလားတူ မတရားခံခဲ့ရဖူးသော မိသားစုများကိုလည်း သတင်းသွားပေးရန်

စီစဉ်နေကြတော့သည်။

ဖန်းချန်က ထိုအကြောင်းများကို ဆက်လက်စိတ်မဝင်စားတော့ပဲ ရှေ့သို့ လျှောက်လာခဲ့သည်။

ရှောက်မိသားစု၏ အထည်ဆိုင်လေးမှာ မလှမ်းမကမ်းတွင် ရှိနေသည်။ အထည်ဆိုင်ပိုင်ရှင်မှာ

ဖန်းချန်ကို မြင်သည်နှင့် ဆိုင်အတွင်းမှ ပြေးထွက်၍ ကြိုဆိုလေသည်။

“ဧည့်သည်တော်... ရောက်လာပြီလား။ ဝတ်လုံက အဆင်သင့်ဖြစ်နေပါပြီ၊ ဒီနေ့ပဲ

ယူမှာလားခင်ဗျ”

“ဟုတ်ကဲ့... လွန်ခဲ့တဲ့ ရက်ပိုင်းက ကိစ္စလေးတွေ ရှိနေလို့ လာယူဖို့ နည်းနည်း

နောက်ကျသွားပါတယ်။ အခု အဆင်သင့်ဖြစ်ပြီဆိုရင် ကျုပ်မှာထားတဲ့

ဝတ်လုံကို ယူသွားပါရစေ” ဟု ဖန်းချန်က လက်အုပ်ချီ၍ ဆိုလိုက်သည်။

ဆိုင်ပိုင်ရှင်သည် အထူးပြုလုပ်ထားသော ဗီရိုအတွင်းမှ ပိုးစတစ်ထည်ဖြင့် ပတ်ထားသော

အထုပ်ကို ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်ပြလိုက်သည်။

“ကြည့်ပါဦး ဧည့်သည်တော်... ဒါကို သေသေချာချာ ချုပ်လုပ်ပြီး မီးပူတိုက်ထားတာပါ။

ဒီမှာတင် ဝတ်ကြည့်လို့လည်း ရပါတယ်ခင်ဗျာ”

ဖန်းချန်က မီးခိုးရင့်ရောင် ဝတ်လုံကို ယူကာ အဝတ်လဲခန်းအတွင်း၌

လဲလှယ်ဝတ်ဆင်ကြည့်လိုက်သည်။ ဝတ်လုံမှာ

သူနှင့် အတော်ပင် လိုက်ဖက်လှသည်။ မှန်ထဲတွင် မိမိကိုယ်မိမိ ကြည့်ကာ

ကျေနပ်သွားသဖြင့် ဖန်းချန်က အထည်ဖိုးကို ပေးချေလိုက်ပြီး

ဆိုင်ပြင်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် နေရောင်ခြည်က သာယာလှသည်။ သူ၏ အထုပ်အတွင်း၌ ကြေးပြားအချို့

ကျန်နေသေးသည်ကို တွေ့ရသည်။ တောင်ပေါ် ပြန်ရောက်လျှင်

ဤငွေများကို အသုံးလိုတော့မည် မဟုတ်သဖြင့် အကုန်သုံးပစ်ရန် သူ

ဆုံးဖြတ်လိုက်တော့သတည်း။

အခန်း (၄၀) – နတ်ဘုရားကျောက်ဆောင်သို့ ပြန်လည်ခြေချခြင်း

အထည်ဆိုင်မှ မထွက်မီ ဆိုင်ပိုင်ရှင်က ဝတ်လုံအသစ်ကို ထုပ်ပိုးထားသော

အဝတ်စတုရန်းလေးကိုပါ လက်ဆောင်အဖြစ် ပေးလိုက်သည်။

ထိုခေတ်အခါက အထည်အလိပ်ဟူသည် ကြေးပြားများကဲ့သို့ပင် တန်ဖိုးရှိလှရာ

ဆိုင်ပိုင်ရှင်၏ စေတနာမှာ ချီးကျူးဖွယ်ပင် ဖြစ်တော့သည်။

ဖန်းချန်က ဝတ်စုံဟောင်းကို ထိုအဝတ်စဖြင့် သေသေချာချာ ထုပ်ပိုးကာ အိတ်အတွင်းသို့

ထည့်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင်

ယခင်က အဆင့်မြင့်အရက် ဝယ်ယူခဲ့ဖူးသော အရက်ဆိုင်လေးကို တွေ့လိုက်ရသဖြင့် ခါးမှ

ဘူးသီးခြောက်ဘူးကို စမ်းကြည့်ရင်း ထိုဘက်သို့ ဦးတည်လျှောက်လှမ်းခဲ့သည်။

အရက်ဆိုင်အတွင်း၌ သောက်စားသူများဖြင့် စည်ကားနေဆဲပင်။ စားပွဲဘေးရှိ

ခုံတန်းရှည်များ၊ ကောင်တာရှေ့နှင့် ဆိုင်ပြင်ပ

နံရံအောက်တို့တွင် လူများ ပြည့်နှက်နေကြသည်။ အချို့က မြေပဲလှော်လေး

မြည်းရင်း၊ အချို့ကလည်း အရသာမရှိလှသော အရက်ကြမ်းကို တစ်ငုံချင်း

အရသာခံရင်း စကားဖောင်ဖွဲ့နေကြသည်။

ဖန်းချန် ချဉ်းကပ်သွားသည်ကို မြင်သောအခါ ဆိုင်ရှင်က ပျာပျာသလဲ မေးမြန်းလိုက်သည်။

“ဧည့်သည်တော်... ဘယ်လိုအရက်မျိုး အလိုရှိပါသလဲခင်ဗျ”

“အဆင့်မြင့်ဆုံး အရက်ကိုပဲ အပြည့်ဖြည့်ပေးပါ” ဟု ဆိုကာ ဖန်းချန်က ဘူးသီးခြောက်ဘူးကို

ကမ်းပေးလိုက်သည်။

“ရစေရမယ်ခင်ဗျာ...”

ဆိုင်ရှင်သည် ကျွမ်းကျင်လှသော လက်ရုံးဖြင့် အရက်အိုးကို ဖွင့်ကာ

ဘူးသီးခြောက်ဘူးအတွင်းသို့ အရက်များ

လောင်းထည့်ပေးလိုက်သည်။ ဖန်းချန်က အရက်ပြည့်နေသော ဘူးကို

ပြန်ယူရင်း မေးလိုက်သည်။

“ဆိုင်ရှင်... ခင်ဗျားတို့ရဲ့ ပြောင်းအရက်က ကိုယ်တိုင်ချက်တာလား၊ ဒါမှမဟုတ် အပြင်က

သွင်းတာလား”

“ကျုပ်က အရက်မချက်တတ်ပါဘူးဗျာ၊ အပြင်ကပဲ သွင်းတာပါ။ ဒါပေမဲ့ ဒါက အဆင့်မြင့်အရက်မို့

သောက်လို့တော့ သိပ်ကောင်းတယ်”

ဖန်းချန်က ဆက်၍ “ဒါဆိုရင် ဒီမြို့ထဲမှာ ပြောင်းစေ့အချို့ကို ဘယ်မှာ ရနိုင်မလဲဆိုတာ

ဆိုင်ရှင် သိမလားဗျ” ဟု မေးမြန်းသည်။

ထိုခေတ်အခါက မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းဟူ၍ သီးသန့်မရှိပဲ တောင်သူများမှာ

မိမိတို့ဖာသာ မျိုးစေ့ချန်ထားခြင်း သို့မဟုတ် အချင်းချင်း

ဖလှယ်ခြင်းဖြင့်သာ စိုက်ပျိုးကြရသည်။

“အင်း... ဒါကတော့ ရှာရနည်းနည်း ခက်လိမ့်မယ်။ ဒါပေမဲ့ မြို့အနောက်မြောက်ဘက်မှာ

ဟင်းသီးဟင်းရွက် စိုက်တဲ့ အဘိုးကြီး ရှဲ့ ရဲ့ အိမ်ရှိတယ်။ သူက မြို့ထဲက

စားသောက်ဆိုင်တွေကို ဟင်းသီးဟင်းရွက်တွေ အမြဲသွင်းပေးနေတာဆိုတော့ သူ့ဆီမှာ

မျိုးစေ့အစုံ ရှိနိုင်တယ်။ သူ့အိမ်ရှေ့မှာ

ဟင်းသီးဟင်းရွက်ခင်းကြီး ရှိတာမို့

ရှာရလွယ်ပါတယ်၊ စိတ်လည်း ကောင်းတဲ့သူပါ”

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုင်ရှင်”

ဖန်းချန်က ကျေးဇူးတင်စကားဆိုကာ အရက်ဖိုးပေးချေပြီး မြို့အနောက်မြောက်ဘက်သို့

ထွက်လာခဲ့သည်။ ဟင်းသီးဟင်းရွက်ခင်းကြီးမှာ မြင်ရုံနှင့် သိသာလှသည်။

စိမ်းစိုနေသော ဟင်းရွက်ပင်များမှာ အစီအရီဖြင့် ကြည့်၍ လွန်စွာ အေးချမ်းလှသည်။

အဘိုးအိုတစ်ဦးသည် ရေပုံးကို ကိုင်ကာ ဟင်းရွက်ခင်းများကို ဂရုတစိုက် ရေလောင်းနေသည်။

ဟင်းရွက်စိုက်ပျိုးခြင်းမှာ ဝင်ငွေကောင်းသော်လည်း ပင်ပန်းရုံတင်မကပဲ

စိတ်ရှည်မှုနှင့် နည်းပညာလည်း များစွာ လိုအပ်လှသည်။

“အဘိုး... နေကောင်းရဲ့လားဗျ”

ရေလောင်းနေသော အဘိုးအိုက ခါးကို ဆန့်ကာ ကြည့်လိုက်ပြီး “ဧည့်သည် ဘာကိစ္စရှိလို့လဲ”

ဟု မေးသည်။

ဖန်းချန်က မိမိအနေဖြင့် မျိုးစေ့အချို့၊ အထူးသဖြင့် ပြောင်းစေ့ကို လိုချင်ကြောင်း

ပြောပြလိုက်သည်။ အဘိုးအိုက ပြုံးလျက် -

“ကျုပ်ဆီကို လာတာ မှန်သွားပြီ။ ဒီဟူချောင်မြို့မှာ ကျုပ်ထက် မျိုးစေ့စုံတာ ဘယ်သူမှ

မရှိဘူး။ လူတွေက ထူးထူးခြားခြား တစ်ခုခု စိုက်ချင်ရင် ကျုပ်ဆီကိုပဲ လာကြတာ။ လာ...

အထဲဝင်ပြီး ကြိုက်တာရွေး”

အဘိုးအိုသည် ဖန်းချန်ကို အခန်းတစ်ခုအတွင်းသို့ ခေါ်သွားသည်။ ထိုအခန်းထဲတွင်

အဝတ်အိတ်ငယ်လေးများဖြင့် မျိုးစေ့များကို အစီအရီ ထားရှိထားသည်။

“ဒါက ပြောင်းစေ့တွေပဲ၊ ဘယ်လောက် လိုချင်လို့လဲ”

“လက်တစ်ဆုပ်စာလောက်ဆို ရပါပြီ”

“ဒါဆိုရင်တော့ ဒီအတိုင်းပဲ ယူသွားပါတော့ဗျာ” ဟု ဆိုကာ အဘိုးအိုက

ပြောင်းစေ့တစ်ဆုပ်ကို ဖန်းချန်၏ လက်ထဲသို့

ထည့်ပေးလိုက်သည်။

ဖန်းချန်က ငွေပေးရန် ကြိုးစားသော်လည်း အဘိုးအိုက ငြင်းဆိုနေသဖြင့် နောက်ဆုံးတွင်

“ကျုပ် တခြား ဟင်းသီးဟင်းရွက် မျိုးစေ့တွေလည်း ယူချင်ပါသေးတယ်၊ အဲဒါကြောင့်

ဒါကိုတော့ လက်ခံပေးပါ” ဟု ဆိုကာ အတင်းပေးမှသာ အဘိုးအိုက လက်ခံတော့သည်။

မျိုးစေ့အချို့ကို ဝယ်ယူပြီးနောက် ဖန်းချန်၏ လက်ထဲတွင် ကြေးပြားအနည်းငယ်သာ

ကျန်တော့သည်။ ထိုငွေမှာ ဆိတ်သားခေါက်ဆွဲ တစ်ပန်းကန်စာအတွက်

အတိအကျပင် ဖြစ်သည်။ သူသည် အခြားမုန့်များ ဝယ်ယူနိုင်သော်လည်း အဘိုးကြီး

ရှု့၏ လက်ရာ ခေါက်ဆွဲကိုသာ ပို၍ သတိရနေမိသည်။

“ဆိတ်သားခေါက်ဆွဲ တစ်ပန်းကန် ပေးပါဦး”

“ရပါပြီခင်ဗျာ... ဟော... ဧည့်သည်က ဒီနေ့လည်း လာပြန်ပြီကိုး”

ခေါက်ဆွဲဆိုင်ရှင်က ဖန်းချန်ကို မှတ်မိနေပြီး နှုတ်ဆက်ရင်းမှ လက်ကလည်း

မုန့်စိမ်းတုံးများကို လျင်မြန်စွာ လှီးဖြတ်ကာ

ရေနွေးအိုးထဲသို့ ထည့်လိုက်သည်။ ခေါက်ဆွဲမှာ ပါးလွှာနူးညံ့လှပြီး

ခဏချင်းမှာပင် ကျက်သွားတော့သည်။

ခေါက်ဆွဲစားနေစဉ်မှာပင် အသိဟောင်းတစ်ဦး ရောက်ရှိလာသည်။

“ဆရာဖန်း မဟုတ်လား၊ ပြန်ဆုံကြပြန်ပြီနော်”

ရောက်လာသူမှာ ဟွိုင်ဖုန်းမြို့မှ အထမ်းသမား ရှဲ့ကွမ်အန်းပင် ဖြစ်သည်။

ယခုတစ်ခါတွင်မူ သူသည် အထမ်းပိုးအစား

လူတစ်ရပ်စာခန့်ရှိသော အထုပ်ကြီးကို

ကျောပိုးလာသည်။ သူသည် ဖန်းချန်၏ စားပွဲတွင် ဝင်ထိုင်လိုက်သည်။

သူတို့နှစ်ဦးသည် ခေါက်ဆွဲစားရင်း စကားစမြည် ပြောဖြစ်ကြသည်။ မကြာမီတွင်ပင်

သူဌေးကြီးပန် အဖမ်းခံရသည့် သတင်းသို့ ရောက်ရှိသွားကြသည်။

ရှဲ့ကွမ်အန်းက သက်ပြင်းချရင်း “အရင်တစ်ခါ ဆရာဖန်းနဲ့ တွေ့တုန်းက ဒီအကြောင်း

ပြောခဲ့ကြသေးတာ။ အခုတော့ ဒုက္ခရောက်နေတဲ့ လျှူမိသားစုလည်း

ကံပွင့်သွားပြီဆိုတော့ ဝမ်းသာစရာပဲဗျာ။ ဒါဟာ နတ်ကောင်းနတ်မြတ်တွေ

မလို့ပဲ ဖြစ်ရမယ်” ဟု ဆိုသည်။

ဖန်းချန်က ဘာမှပြန်မပြောပဲ ပြုံးလျက်သာ ခေါက်ဆွဲကို ဆက်စားနေလိုက်သည်။

…

ယွင်ကျုံးတောင်သို့ ပြန်ရသည့် လမ်းခရီးမှာ ချောမွေ့လှသဖြင့် နေမဝင်မီမှာပင်

ဖန်းချန်က နတ်ဘုရားကျောက်ဆောင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ

တောင်အောက်ဆင်းသွားစဉ်ကကဲ့သို့ပင် မည်သူ့ကိုမျှ သတိမပြုမိစေခဲ့ပေ။

အရာအားလုံးမှာ မူလအတိုင်းပင်။ သူ မရှိသည့် ရက်ပိုင်းအတွင်း မြေကွက်လပ်တွင်

မြက်ပင်အချို့မှာ အနည်းငယ် ပို၍ ရှည်လာသည်ကလွဲလျှင်

ဘာမှမပြောင်းလဲပေ။

နေဝန်းသည် မိုးကုပ်စက်ဝိုင်းအောက်သို့ တဖြည်းဖြည်း နစ်မြုပ်သွားပြီ ဖြစ်သည်။

ဖန်းချန်က သူ၏ သစ်ရွက်မိုးတဲလေး၏ ခြံစည်းရိုးတံခါးကို တွန်းဖွင့်ကာ

ဝင်လာခဲ့သည်။ အရင်ဆုံး အရက်ဘူးကို ဖြုတ်၍ ဝါးနံရံတွင် ချိတ်ဆွဲလိုက်သည်။

ထို့နောက် မီးပွတ်တံကို ယူကာ ခုတင်အောက်မှ မြက်ခြောက်အချို့ကို ထုတ်လိုက်သည်။

မြက်ခြောက်များမှာ သွေ့ခြောက်နေဆဲဖြစ်သဖြင့် မီးကို အလွယ်တကူပင်

ပြန်လည်မွှေးလိုက်နိုင်သည်။

မီးရောင်ဝါဝါမှာ ဝါးတဲလေးအတွင်း လင်းထိန်သွားကာ နွေးထွေးမှုကို

ဆောင်ကြဉ်းပေးလိုက်သည်။ လူမရှိသည်မှာ

ရက်အနည်းငယ် ကြာသွားသဖြင့် တဲအတွင်း၌ အနည်းငယ် စိုထိုင်းထိုင်း

ဖြစ်နေသမျှကို မီးအပူရှိန်က ဖယ်ရှားပေးလိုက်သည်။ ခုတင်ပေါ်မှ

အိပ်ရာခင်းများမှာ အနည်းငယ် စိုထိုင်းနေသော်လည်း မနက်ဖြန် နေထွက်မှသာ

အပြင်ထုတ်လှန်းရန် သူ စဉ်းစားလိုက်သည်။

ကျင့်စဉ်အောင်မြင်ထားသူပီပီ ဖန်းချန်က အအေးဒဏ်ကို မကြောက်တော့ပေ။

စောင်ခြုံခြင်းမှာ သူ၏ ဇိမ်အတွက်သာ ဖြစ်သည်။

သူသည် ဝါးခုတင်ပေါ်တွင် အသာအယာ လဲလျောင်းရင်း အသက်ရှူနှုန်းကို ထိန်းညှိကာ

နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သတည်း။

All Chapters