အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း (၃၁) – ဖမ်းဆီးခြင်း
“တကယ့် ပညာရှင်တွေကိုကော မပင့်ဖိတ်ကြဘူးလား” ဟု ဖန်းချန်က မေးလိုက်သည်။
ရှဲ့ကွမ်အန်းက တဟားဟားရယ်လျက် “ပညာရှင်တွေကတော့ ရှိတာပေါ့ဗျာ၊ ဒါပေမဲ့
ငွေရှိတိုင်းကော ရပါ့မလား။ နောက်ပြီး ဒီအိမ်သားတွေရဲ့
ယုတ်မာပုံတွေကို သိသွားလို့ ပညာရှင်တွေကပဲ လက်ရှောင်နေကြတာလည်း
ဖြစ်နိုင်တာပဲ” ဟု ဆိုသည်။
ထိုစကားမှာလည်း ဖြစ်နိုင်ခြေရှိလှပေသည်။
သူတို့နှစ်ဦးသည် သူဌေးကြီးပန်၏ အိမ်အတွင်း ဖြစ်ပျက်နေသော ထူးဆန်းသည့်
အဖြစ်အပျက်များ၊ မည်သည့်အချိန်တွင် မည်သို့သော
ထူးခြားမှုများ ဖြစ်ပေါ်တတ်သည်ဟူသော အကြောင်းအရာတို့ကို စကားစမြည်
ပြောဖြစ်ကြသည်။
နောက်ဆုံးတွင် အထမ်းသမား ရှဲ့ကွမ်အန်းက လောကကြီး၏ မတရားမှုကို သက်ပြင်းချကာ
ညည်းတွားရင်း ဆိတ်သားခေါက်ဆွဲပန်းကန်ထဲ ခေါင်းစိုက်ကာ အားရပါးရ
ဆက်စားနေတော့သည်။ ဖန်းချန်လည်း ကြွေပန်းကန်အကြမ်းထဲမှ နောက်ဆုံး
ဆိတ်သားဖတ်ကို ဝါးကာ ဟင်းရည်ကို အကုန်မော့သောက်လိုက်သည်။
ထို့နောက် ဆိုင်ရှင်ကို ပိုက်ဆံရှင်းကာ စား၍မပြတ်သေးသော ရှဲ့ကွမ်အန်းကို နှုတ်ဆက်၍
ထွက်လာခဲ့သည်။ သူဌေးကြီးပန်၏ အိမ်တွင် ဘာတွေဖြစ်ပျက်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ
သွားရောက်ကြည့်ရှုရန် သူ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ကြားရသလောက်ဆိုလျှင် လူထိခိုက်ဒဏ်ရာရမှု မရှိပဲ နောက်ပြောင်ကျီစယ်နေသည့်
ပုံစံမျိုးသာ ဖြစ်နေသည်။ သို့သော်လည်း စိတ်ယုတ်မာရှိသော
သူဌေးကြီး၏ အိမ်ထောင်စုအတွင်း ဂယက်ထနေခြင်းမှာ မိသားစုတစ်စုလုံးကို
လုပ်ကြံသတ်ဖြတ်မှုနှင့် အချိန်ကိုက် တိုက်ဆိုင်နေသည်က ဖန်းချန်အတွက်
စိတ်ဝင်စားစရာ ဖြစ်နေသည်။
သာမန်ထက်ထူးကဲသော မြင်ကွင်းဖြင့် သူဌေးအိမ်ကို အကဲခတ်ကြည့်စဉ်ကလည်း အိမ်အနှံ့
လွှမ်းခြုံထားသော အငွေ့အသက်များမှာ မိစ္ဆာတစ်ပိုင်း၊
ဝိညာဉ်တစ်ပိုင်းနှင့် အလွန်ထူးဆန်းနေသည်ကို
မြင်ခဲ့ရသည်။
“တချို့က မိစ္ဆာလို့ ပြောကြတယ်၊ တချို့ကျတော့လည်း သရဲလို့ ပြောကြတယ်” ဆိုသည့်
နတ်ဆရာ၏ စကားကလည်း တွေးစရာပင်။
…
သို့သော် ထိုသို့မသွားမီ ဖန်းချန်က နစ်နာသူမိသားစုထံ အရင်ဆုံး
သွားရောက်ကြည့်ရှုခဲ့သည်။
လမ်းသွားလမ်းလာအချို့ကို မေးမြန်းကြည့်ရာမှ
ထိုမိသားစုရှိရာသို့ ရောက်ရှိလာခဲ့သည်။
ခြံစည်းရိုးအတွင်း၌ ရက်ပေါင်းများစွာ သန့်ရှင်းရေး မလုပ်ထားသကဲ့သို့ ရှိနေပြီး
အမျိုးသမီးတစ်ဦးမှာမူ ခြံထဲ၌ ဟင်းသီးဟင်းရွက် ဆေးကြောနေသည်။ သူမ၏
မျက်နှာတွင် သောကရိပ်များ လွှမ်းနေပြီး တစ်ခါတစ်ရံ လက်များတုံ့ကနဲ
ရပ်ကာ ငေးမောနေတတ်သည်။
အိမ်၏တိုင်သူကြီးမှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံထားရပြီး
အသက်ရှင်သန်နေသေးသည်မှာပင်
မသေချာသကဲ့သို့၊ လယ်ယာမြေများလည်း သိမ်းပိုက်ခံထားရသည်။
စိုက်ပျိုးရေးကို အဓိကထားသော လူ့အဖွဲ့အစည်းတွင် ဤသည်မှာ
မိသားစုတစ်စုလုံး ဘဝပျက်သွားခြင်းပင် ဖြစ်သည်။
ဖန်းချန် အနီးကပ် မသွားခဲ့ပေ။
သူသည် ထိုအိမ်ကို ကြည့်ရင်း အင်္ကျီလက်စွပ်အတွင်းမှ လက်ချောင်းများကို ချိုးကာ
တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ ယခု သူရရှိထားသော ကျင့်စဉ်အဆင့်အရ
သာမန်လူတစ်ဦး၏ ကံကြမ္မာကို အလွယ်တကူ ဟောကိန်းထုတ်နိုင်သည်။
“လောလောဆယ်တော့ အသက်အန္တရာယ် မရှိသေးဘူးပဲ။”
သူသည် လက်ကို ပြန်ရုပ်ကာ အသာအယာ ပြုံးလိုက်သည်။ တွက်ချက်မှုအရ အိမ်ထောင်ဦးစီးမှာ
အချုပ်ခန်းအတွင်း ရောက်ရှိနေသော်လည်း အသက်ဘေးမရှိသေးပဲ မကြာမီတွင်
အပြောင်းအလဲတစ်ခု ကြုံရမည်ဟု ပေါ်ထွက်နေသည်။
ထိုအပြောင်းအလဲမှာ သူကိုယ်တိုင်ပင်
ဖြစ်နိုင်ပေသည်။
ထိုအကြောင်းကို အသာထားကာ သူဌေးကြီးပန်၏ အိမ်တွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို
ကြည့်ရန်သာ ဖန်းချန် ပြင်လိုက်သည်။
နေဝင်ရီတရောအချိန်တွင် ဖန်းချန်က လမ်းထောင့်တစ်ခု၌ မှီရပ်ရင်း ကောင်းကင်ယံ
တစ်ခုလုံး မှောင်အတိကျလာသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ဤမြို့ငယ်လေးတွင် ညဘက် လှုပ်ရှားသွားလာမှု မရှိသလောက်ပင်။ ဆီမီးဖိုးက
ကြီးမြင့်လွန်းလှသဖြင့် စီးပွားရေးလုပ်ငန်းများပင် ညဘက်
မဖွင့်ကြချေ။
ထို့အပြင် ယခုခေတ်အခါတွင် မြို့ကြီးအချို့၌ ညမထွက်ရအမိန့်များပင် ရှိနေတတ်ရာ ညဘက်
လမ်းပေါ်ထွက်လျှင် အဖမ်းခံရနိုင်သဖြင့် ချမ်းသာကြွယ်ဝသူများမှလွဲ၍ မည်သူမျှ
အပြင်မထွက်ကြပေ။
ကောင်းကင်ယံ၌ ကြယ်တာရာများ စုံလင်လာပြီး လပြည့်ဝန်းက တဖြည်းဖြည်း တက်လာပြီဖြစ်သည်။
လရောင်ကို အမှီပြုကာ ဖန်းချန်က သစ်ပင်ကြီးတစ်ပင်ပေါ်သို့ လျင်မြန်စွာ
ခုန်တက်လိုက်သည်။ ဤမြို့ဟောင်းလေးတွင် နှစ်ပရိစ္ဆေဒ
ကြာမြင့်နေပြီဖြစ်သော သစ်ပင်အိုကြီးများ ပေါများလှသည်။
သစ်ရွက်များ လေတိုးသံ တရှဲရှဲနှင့် ရှိနေသော သစ်ကိုင်းတစ်ခုပေါ်တွင် ဖန်းချန်က
သက်သောင့်သက်သာ မှီထိုင်လိုက်သည်။ ဤနေရာမှဆိုလျှင် သူဌေးကြီးပန်၏
အိမ်ဝင်းတစ်ခုလုံးကို အထင်းသား မြင်နေရသည်။ ရှဲ့ကွမ်အန်း
ပြောပြချက်အရ ထူးဆန်းသည့် အဖြစ်အပျက်များမှာ ညတိုင်းလိုလို
ဖြစ်ပျက်နေတတ်သဖြင့် သူသည် တစ်ညလုံး စောင့်ကြည့်ရန်
ပြင်ဆင်ထားသည်။
သူသည် ခါးမှ ကြိုးကိုဖြေကာ ဝိုင်ဘူးသီးခြောက်လေးကို ထုတ်၍ လရောင်အောက်တွင်
တစ်ငုံခန့် မော့သောက်လိုက်သည်။ ဝိုင်လည်းရှိ၊ လမင်းလည်းသာသဖြင့်
ဤအခြေအနေမှာ အတော်ပင် ဇိမ်ကျလှသည်ဟု ဆိုရမည်။
ညဉ့်က ပို၍နက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ လူသူသွားလာခြင်း
မရှိသလို အလင်းရောင်ဟူ၍လည်း သူဌေးအိမ်ရှေ့မှ ဝါကျင်ကျင် စက္ကူမီးအိမ်နှစ်လုံးသာ
ရှိသည်။ ပုစဉ်းရင်ကွဲသံမှလွဲ၍ ဘာအသံမှ မကြားရတော့ပေ။
ဖန်းချန်က စိတ်မလောပဲ သစ်ပင်ပေါ်၌ ငြိမ်သက်စွာ ရှိနေသည်။ ဤသစ်ကိုင်းပေါ်တွင်
ထိုင်နေရသည်မှာ သူကိုယ်တိုင်လုပ်ထားသော ဝါးခုတင်ထက်ပင် ပို၍
သက်သောင့်သက်သာ ရှိနေသေးသည်။
အထက်သို့ မော့ကြည့်လိုက်လျှင် ကြယ်တာရာများက မိမိအနီးအနားသို့ တိုးကပ်လာသကဲ့သို့
ခံစားရပြီး စကြဝဠာကြီး၏ ကျယ်ပြောမှုရှေ့တွင် လူသားတစ်ဦး၏ သေးငယ်မှုကို
သတိပြုမိစေသည်။ ညကောင်းကင်ယံကို ကြည့်ရသည်မှာ သူ၏
ကျင့်စဉ်အဆင့်ကိုပင် အနည်းငယ်
တက်လှမ်းစေသကဲ့သို့ ရှိသည်။
ထိုစဉ် အဝေးမှ လှုပ်ရှားမှုအချို့ကို သတိပြုမိလိုက်သည်။
“ဟင်...”
ဖန်းချန် စိတ်ကို ပြန်လည်စုစည်းကာ ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သူ၏ ကျင့်စဉ်ကြောင့်
အမှောင်ထဲတွင်လည်း ဝိညာဉ်များကိုပင် မြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
မလှမ်းမကမ်းတွင် အနက်ရောင် အရိပ်တစ်ခု လွင့်ပျံလာနေသည်။ ထိုအရိပ်သည် နံရံများကို
ဖောက်ထွက်ကာ အိမ်များကို ကျော်လွှားပြီး မြို့ထဲ၌ ဟိုဒီ ကူးလူးနေသည်။
ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေနေပုံရသည်။
“ဒါ သရဲတစ်ကောင်လား” ဟု ဖန်းချန် တွေးမိသည်။
သူသိထားသလောက်ဆိုလျှင် ဤလောကတွင် သတ္တဝါတို့ သေဆုံးပြီးနောက် ဝိညာဉ်များသည်
သံသရာထဲသို့ ချက်ချင်း ဝင်ရောက်ရမြဲဖြစ်သည်။ လူ့ပြည်တွင်
ကျန်ရစ်နေသော ဝိညာဉ်များကိုလည်း မြို့စောင့်နတ်နှင့်
တာဝန်ရှိသူများက လိုက်လံဖမ်းဆီးကာ သံသရာထဲသို့ ပို့ဆောင်ရစမြဲ
ဖြစ်သည်။ ထို့ကြောင့် သရဲတစ္ဆေဟူသည် တွေ့ရခဲလှသည်။
ယခုမြင်ရသည့် အရိပ်မှာ ထူးဆန်းလှသည်။ ဤအရိပ်သာ သူဌေးအိမ်က အဖြစ်အပျက်များကို
ဖန်တီးနေခြင်းလော။
ဖန်းချန် အများကြီး မစဉ်းစားတော့ပဲ ထိုအရိပ်ကို ဖမ်းဆီးကာ မေးမြန်းကြည့်ရန်
ဆုံးဖြတ်လိုက်သည်။ သူသည် သစ်ပင်ပေါ်မှ တိတ်တဆိတ် ဆင်းသက်ကာ
ထိုအရိပ် ဖြတ်သန်းသွားမည့် လမ်းကြားလေးထဲတွင်
ကြိုတင်စောင့်ဆိုင်းနေလိုက်သည်။
အရိပ်သည် နံရံကို ဖောက်ထွက်၍ သူ့ရှေ့သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖန်းချန်က
လျင်မြန်စွာ လှမ်းဖမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ရေစီးရေလာကဲ့သို့
ချောမွေ့လှပြီး အရိပ်၏ လက်မောင်းကို ဖမ်းချုပ်ကာ မြေပြင်ပေါ်သို့
ဖိချလိုက်တော့သည်။
ချုပ်နှောင်ခံထားရသော အရိပ်မှာ အပြင်းအထန် ရုန်းကန်သော်လည်း ဖန်းချန်၏ အားအင်ကို
မယှဉ်နိုင်ပဲ ရှိနေသည်။ ဖန်းချန်က မိမိ၏ ခါးပတ်ကြိုးကို ဖြည်၍ ထိုအရိပ်ကို
တုပ်နှောင်ကာ ပုခုံးပေါ် ထမ်းတင်လိုက်သည်။ ထို့နောက် မြို့တောင်ဘက်သို့ ခပ်သုတ်သုတ်
လျှောက်လှမ်းသွားရင်း စစ်ဆေးရန် ပြင်ဆင်လိုက်တော့သည်။
အခန်း (၃၂) – ခေါင်းခါရသည့် ညကင်းလှည့်ဝိညာဉ်များ
ဟူချောင်မြို့၏ တောင်ဘက်တွင် မြေစောင့်နတ်မင်းကြီး၏ ဘုရားကျောင်းတစ်ခု ရှိသည်။
ဤဘုရားကျောင်းမှာ လမ်းမကြီးဘေးတွင် တည်ရှိသဖြင့် ဝတ်ပြုသူများပြားကာ
ယွင်ကျုံးတောင်ပေါ်မှ တောင်စောင့်နတ်ကျောင်းထက် ပို၍
ခမ်းနားထည်ဝါသည်။ ဘုရားကျောင်းစောင့် မရှိသော်လည်း အဆောက်အအုံမှာ အသစ်စက်စက်အတိုင်း
ခိုင်ခံ့တောင့်တင်းလှသည်။ အတွင်း၌ ရုပ်တုမရှိသော်လည်း မြေစောင့်နတ်မင်း၏
ဘွဲ့တော်ကို ရေးထိုးထားကာ လူတစ်ရပ်စာခန့် မြင့်မားသည်။
တံခါးများ၊ ပြတင်းပေါက်များဖြင့် သပ်ရပ်လှသဖြင့်
လူငါးခြောက်ယောက်ခန့်ပင်
ဝင်ရောက်နားခိုနိုင်သည့် အိမ်လေးတစ်လုံးနှင့် တူလှသည်။
ဖန်းချန်က ဖမ်းဆီးလာသော ဝိညာဉ်ကို ပုခုံးပေါ်ထမ်းလျက် ထိုဘုရားကျောင်းရှေ့သို့
ရောက်လာသည်။ သူသည် လက်တစ်ဖက်ဖြင့် ဂါထာမန္တန်တစ်ခုကို ဖော်စပ်ကာ
ကျောက်ခင်းလမ်းကို ခြေဖြင့် ခပ်ဖွဖွ နင်းလိုက်သည်။ ထို့နောက်
ဝိညာဉ်ကို မြေပေါ်သို့ ချကာ ကျောင်းတံခါးဝသို့ လက်အုပ်ချီ၍ နှုတ်ဆက်လိုက်၏။
“ကျုပ်က လောကီနယ်ပယ်မှာ လှည့်လည်သွားလာနေတဲ့ လူတစ်ယောက်ပါ၊ ဒီက
မြေစောင့်နတ်မင်းကြီးနဲ့
တွေ့ခွင့်ပြုပါဦး” ဟု သူက ခပ်တိုးတိုး
ဆိုလိုက်သည်။
သူ၏ လုပ်ဆောင်ချက်မှာ အလွန်စနစ်ကျလှသည်။ ထိုဂါထာသည် နတ်မင်းများကို အချက်ပေးသည့်
သဘောဖြစ်ပြီး အစွမ်းကုန်အသုံးပြုပါက နတ်မင်းများကို မိမိရှေ့မှောက်သို့
ချက်ချင်းရောက်လာစေနိုင်သည်။ သို့သော် ဖန်းချန်က တံခါးခေါက်သည့်
သဘောမျိုးသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏
ယဉ်ကျေးသိမ်မွေ့မှုကို ပြသနေခြင်းပင်။
ထိုအချိန်တွင် မြေစောင့်နတ်မင်းကြီးမှာ အိပ်မောကျနေရာမှ ရုတ်တရက် နိုးလာသည်။ သူသည်
အိပ်ရာပေါ်မှ လန့်နိုးလာကာ အပြင်ဘက်သို့ အမြန်ကြည့်လိုက်ရာ လူတစ်ယောက်က
ဝိညာဉ်တစ်ကောင်ကို ထမ်း၍ သူ့ကျောင်းရှေ့တွင် ရပ်နေသည်ကို
တွေ့လိုက်ရသည်။
“ဒါ... ဒါ တကယ့် ပညာရှင်ပဲ” ဟု မြေစောင့်နတ်မင်းက ချက်ချင်း သိလိုက်သည်။
ဝိညာဉ်ကို သာမန်အဝတ်ကြိုးဖြင့် တုပ်နှောင်ထားသော်လည်း ထိုဝိညာဉ်မှာ လုံးဝ
မရုန်းကန်နိုင်ပဲ ရှိနေသည်။ ထိုအဝတ်ကြိုးပေါ်တွင် မည်သို့သော
တန်ခိုးစွမ်းအားများ ပါရှိနေသလဲဆိုသည်ကို သူ မခန့်မှန်းနိုင်ချေ။ ထို့ပြင်
ရှေ့မှရပ်နေသော လူငယ်မှာ လရောင်နှင့် လေပြည်လေညင်းကဲ့သို့ပင်
ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေပြီး
မည်သည့်စွမ်းအားကိုမျှ ထုတ်ဖော်မပြပဲ
ရှိနေသည်။ နတ်မျက်စိဖြင့် မကြည့်လျှင် သာမန်လူတစ်ဦးနှင့်သာ
တူနေပေလိမ့်မည်။
မြေစောင့်နတ်မင်းမှာ တုံ့ဆိုင်းမနေပဲ ကျောင်းတံခါးရှေ့တွင် ကိုယ်ထင်ပြလိုက်သည်။
“နတ်ငယ်လေးက အရှင်သူမြတ်ကို ကန်တော့ပါတယ်ဘုရား”
နတ်မင်းက ဒူးထောက်အလေးပြုရန် ပြင်လိုက်သဖြင့် ဖန်းချန်မှာ လန့်သွားသည်။ သူက
လူကြီးလူကောင်းပီသစွာ အမြန်ပင် ပြန်လည်ထူမပေးလိုက်ပြီး
“မပြုပါနဲ့ဗျာ၊ ကျုပ်က ဧည့်သည်ပဲဟာ၊ အားနာစရာကြီး” ဟု
ဆိုလိုက်သည်။
“အရှင်သူမြတ် ဒီကို ဘာကိစ္စနဲ့ ကြွလာပါသလဲ” ဟု မြေစောင့်နတ်မင်းက စိုးရိမ်တကြီး
မေးမြန်းရှာသည်။
ဖန်းချန်က ပြုံးလျက် “ကျုပ် ဒီလမ်းက ဖြတ်လာရင်းနဲ့ ဟူချောင်မြို့ထဲမှာ ဒီဝိညာဉ်က
ဟိုပြေးဒီလွှား လုပ်နေတာ တွေ့လိုက်လို့ ဖမ်းလာတာပါ။ သူ့ကြည့်ရတာ သိပ်ပြီး
သဘာဝမကျလို့ နတ်မင်းကြီး သိမလားလို့ လာမေးတာပါ” ဟု ပြောရင်း မြေပေါ်က ဝိညာဉ်ကို
ညွှန်ပြလိုက်သည်။
မြေစောင့်နတ်မင်းလည်း သေသေချာချာ ကြည့်ရှုစစ်ဆေးသည်။ သူ၏ မုတ်ဆိတ်ရှည်ကြီးကို
ပွတ်သပ်ရင်း စဉ်းစားဟန်ပြုသော်လည်း နောက်ဆုံးတွင် ခေါင်းကိုသာ
ခါလိုက်တော့သည်။
“တောင်းပန်ပါတယ် အရှင်သူမြတ်၊ ဒီဝိညာဉ်က ဘယ်သူဘယ်ဝါဆိုတာ ကျုပ်လည်း မမှတ်မိဘူး။
ဒီမြို့ကလူလည်း မဟုတ်သလို ပုံသဏ္ဌာန်ကလည်း အရမ်းထူးဆန်းနေတယ်။ ကျုပ်
ဒီမှာနေလာတာ နှစ်ပေါင်းရာချီနေပြီ၊ လူတွေရဲ့ မွေးဖွားသေဆုံးမှုကို
အကြိမ်ကြိမ် မြင်ဖူးပေမဲ့ ဒီလို ဝိညာဉ်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး”
“ဪ... ဘာများ ထူးခြားနေလို့လဲဗျ” ဟု ဖန်းချန်က စူးစမ်းလိုက်သည်။
“ပုံမှန် ဝိညာဉ်တွေဆိုရင် သေဆုံးပြီးတာနဲ့ သံသရာထဲကို ဝင်ကြရတယ်။ သူတို့မှာ
လူသားဆန်တဲ့ အသိစိတ်နဲ့ မှတ်ဉာဏ်တွေ ကျန်နေတတ်သေးတာပေါ့။ ဒါပေမဲ့
ဒီဝိညာဉ်ကတော့ ခန္ဓာကိုယ်က အခိုင်အမာ ရှိနေသလိုမျိုးပဲ၊ ဝိညာဉ်အငွေ့အသက်တွေလည်း
ပါနေပေမဲ့ ဒေါသစိတ်လည်း မရှိဘူး။ အထူးဆန်းဆုံးကတော့ သူ့မှာ ဘာအသိစိတ်မှ မရှိပဲ
ပင်ကိုယ်ဗီဇအတိုင်းပဲ လှုပ်ရှားနေတာ၊ အသိဉာဏ်ကင်းမဲ့နေသလိုပဲ”
ဖန်းချန်လည်း ထိုစကားကို ထောက်ခံသဖြင့် “ဒါဆိုရင် ပုံမှန် လွင့်မျောနေတဲ့
ဝိညာဉ်တွေကို ဘယ်လိုများ စီစဉ်ပေးလေ့ရှိသလဲ” ဟု မေးလိုက်သည်။
“ဒီကိစ္စက မြို့စောင့်နတ်မင်းကြီးရဲ့ တာဝန်ပါဗျာ။ အကယ်၍ အရှင်သူမြတ်
စိတ်ဝင်စားတယ်ဆိုရင် ကျုပ်နဲ့ ရင်းနှီးတဲ့
ညကင်းလှည့် ဝိညာဉ်နတ်စစ်သည်တွေကို ခေါ်ပြီး စစ်ဆေးခိုင်းလို့
ရပါတယ်” ဟု မြေစောင့်နတ်မင်းက အကြံပြုသည်။
သိပ်မကြာခင်မှာပင် နင်ဟိုနယ်မြေမှ ညကင်းလှည့်နတ်စစ်သည် နှစ်ဦး ရောက်ရှိလာကြသည်။
သူတို့သည် ဖန်းချန်ကို မြင်သည်နှင့် လွန်စွာ ရိုသေကြသည်။ မြေစောင့်နတ်မင်းက
ဖန်းချန်မှာ အဆင့်မြင့်ပညာရှင် ဖြစ်ကြောင်း ကြိုတင်သတိပေးထားပုံရသည်။
နတ်စစ်သည်နှစ်ဦးမှာ အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သံခြေကျင်း၊
သံလက်ထိပ်များ ကိုင်ဆောင်ထားကြသည်။ သူတို့သည် ဝိညာဉ်ကို စစ်ဆေးကြည့်သော်လည်း
ခေါင်းကိုသာ တကုတ်ကုတ်ဖြင့် ဖြစ်နေကြသည်။
“ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ ဝိညာဉ်ပါလား”
“အေးလေ၊ ဒါ ဘာကောင်လဲမသိဘူး။ မြို့စောင့်နတ်မင်းကြီးတောင် သိပါ့မလား”
သူတို့နှစ်ဦးသည် ဝိညာဉ်ကို နည်းမျိုးစုံဖြင့် မေးမြန်းစစ်ဆေးသော်လည်း ထိုဝိညာဉ်မှာ
ဘာစကားမျှ ပြန်မပြောပဲ တုံးအအကြီးသာ ဖြစ်နေသည်။ နောက်ဆုံးတွင် နတ်စစ်သည်တစ်ဦးက
ဖန်းချန်နှင့် မြေစောင့်နတ်မင်းကို လှည့်၍ ပြောလိုက်သည်။
“ဒါကတော့ ထူးဆန်းလွန်းလို့ မြို့ထဲကို ခေါ်သွားပြီး မြို့စောင့်နတ်မင်းကြီးကို
တင်ပြရပါလိမ့်မယ်။ သူ့မှာ ယုတ်မာတဲ့ စိတ်မရှိတာမို့ သေသေချာချာ
စစ်ဆေးပြီးမှ သံသရာထဲကို ပို့လိုက်ပါ့မယ်”
ထိုသို့ဖြင့် နတ်စစ်သည်များက ဝိညာဉ်ကို ခေါ်ဆောင်သွားကြသည်။ ဖန်းချန်နှင့်
မြေစောင့်နတ်မင်း ဝူဟွိုက်ကျင်တို့သည် ခဏမျှ စကားစမြည်
ဆက်ပြောဖြစ်ကြပြီး သူဌေးကြီးပန်၏ အိမ်က ကိစ္စကို မေးမြန်းကြည့်ရာ
မြေစောင့်နတ်မင်းကလည်း ထိုသူဌေး၏ ယုတ်မာမှုများကြောင့် အနားသို့ပင်
မကပ်လိုသဖြင့် အကြောင်းစုံကို မသိရှိကြောင်း ပြောပြလေသည်။
…
နောက်တစ်နေ့ မနက်တွင် ဖန်းချန်က မြေစောင့်နတ်ကျောင်းမှ ထွက်လာကာ ဗိုက်ဆာသဖြင့်
စားစရာတစ်ခုခု ရှာဖွေလိုက်သည်။ လမ်းဘေးတွင် မုန့်ဆိုင်လေးတစ်ဆိုင်ရှိပြီး
နှမ်းကပ်မုန့်၊ အီကြာကွေးနှင့် ပေါက်စီ၊ ဝမ်တန်တို့ ရောင်းချနေသဖြင့်
လူစည်ကားလှသည်။
အထူးသဖြင့် ပဲပြားနုဟင်းမှာ အလွန်ရောင်းကောင်းလှသည်။ အရသာအမျိုးမျိုးဖြင့်
ရောင်းချသဖြင့် ခရီးသွားများအကြိုက် ဖြစ်နေသည်။ ဖန်းချန်က
ထိုဆိုင်အနီးသို့ လျှောက်သွားစဉ်မှာပင် လူအချို့၏ စကားသံကို
ကြားလိုက်ရသည်။
“ဟေ့... ကြားပြီးပြီလား၊ သူဌေးကြီးပန်တို့အိမ်မှာ ဒီမနက်တင် နောက်ထပ် တစ်ခုခု
ဖြစ်ပြန်ပြီတဲ့ဗျို့...”