ချင်းရိုင်၏ ရွေးချယ်မှု
Vol. 25 Ch. 344
ချင်ကူးယွင် သက်ပြင်းတစ်ချက် ချရင်း ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာက အလွန် တည်ငြိမ်နေသည့်တိုင် မျက်လုံများကမူ သူ မည်မျှ စိတ်ရှုပ်ရှားနေကြောင်း သစ္စာဖောက်နေသည်။ အခြားတစ်ဖက်က တွေးပြန်တော့လည်း ၎င်းက သိပ်မဆိုးဟု သူ ခံစားရသည်။
ဆိုလိုသည်က အဂ္ဂိရတ် အစည်းအရုံး အနေဖြင့် ဝေ့ဝူယင်၏ သြဇာခံ အဖြစ် နေပေးရန်သာ ဖြစ်သည်။ သူ၏ နောက်လိုက် အဖွဲ့အစည်းတစ်ခု ဖြစ်လာပေးရုံသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... အနာဂတ်တွင် ဝေ့ဝူယင်မှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို သိမ်းပိုက်မည့်သူ ဖြစ်သည်။ နာမည်ကို သမိုင်းစာမျက်နှာထက်၌ မှတ်ကျောက်တင်မည့် ပုဂ္ဂိုလ် ဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော ပါရမီရှင်မျိုး၏ နောက်လိုက်ဖြစ်ရခြင်းအား ကံကောင်းသည် ဟုပင် ပြော၍ ရသည်။
သို့သော်လည်း ချင်ကူးယွင်က ချက်ချင်း သဘောမတူချေ။ သူက အနည်းငယ် မျက်မှောင်ကြုတ်ရင်း ပြန်လည် မေးခွန်းထုတ်လိုက်၏။
“အာဏာရှင် ဧကရာဇ်ဝေ့... တကယ်လို့ ကျုပ်တို့ အစည်းအရုံးထဲမှာ ပူးပေါင်းဖို့ ဆန္ဒမရှိတဲ့ လူတွေ ရှိတယ် ဆိုရင်ရော ဘယ်လိုလုပ်ရမလဲ... သူတို့ကို ထွက်ခွာခွင့်ပေးလို့ ရလား”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်သည်။
“သူတို့ သဘောရှိ ဆုံးဖြတ်လို့ ရပါတယ်... ကျုပ်က လိုလိုလားလားနဲ့ ဆန္ဒရှိတဲ့လူတွေကိုပဲ လက်ခံမယ်... ဒါပေမဲ့ တစ်ခုတော့ ရှိတယ်... ထွက်ခွာဖို့ ဆုံးဖြတ်ပြီးရင် သူတို့ကိုရော သူတို့ရဲ့ နောက်မျိုးဆက်တွေကိုရောပါ ကျုပ်နဲ့ အနန္တဧကရာဇ်ဂိုဏ်းကြီးက နောက်နှစ်ပေါင်း သုံးရာ တိုင်အောင် လက်ခံတော့မှာ မဟုတ်ဘူး”
“ ... “
ချင်ကူးယွင်မှာ စက္ကန့်ပိုင်းမျှ ငြိမ်သက်သွား၏။ အခြေအနေ အရပ်ရပ်ကို စဥ်းစား ချင့်ချိန်ပြီးနောက်မှ သူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“အစည်းအရုံးသခင် အနေနဲ့ ကျုပ် ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်... ပူးပေါင်းရေး အတွက် အသေးစိတ်ကိုတော့ အခြား အစည်းအရုံးဝင်တွေနဲ့ သေချာ ဆွေးနွေးလိုက်ပါဦးမယ်”
ဝေ့ဝူယင်က ခေါင်းညိတ် သဘောတူလိုက်သည်။ ထိုအခိုက်တွင်ပင် လီချီးက လျှင်မြန်စွာ ဝင်ရောက် ပြောဆိုလိုက်၏။
“ကျုပ်က တစ်ကိုယ်တော် လေလွင့်နေတဲ့ အဂ္ဂိရတ် သမား တစ်ယောက် ဖြစ်ပါတယ် အာဏာရှင် ဧကရာဇ်ဝေ့... ကျုပ်မှာ အိမ်မရှိဘူး... တကယ်လို့ စိတ်မရှိဘူး ဆိုရင် ကျုပ် ခင်ဗျားနဲ့ ပူးပေါင်းချင်ပါတယ်”
“ … “
လူတိုင်းမှာ လီချီးကို လှည့်ကြည့်လိုက်ကြ၏။ ထိုလူအိုကြီး ဆိုလိုချင်သည့် အဓိပ္ပာယ်ကို သူတို့ ကောင်းစွာ နားလည်သည်။ သူကား အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ပူးပေါင်းလိုခြင်း မဟုတ်ချေ။ ဝေ့ဝူယင်နှင့်သာ ပူးပေါင်းလိုခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုပါက အဂ္ဂိရတ် အင်ပါယာ တစ်ပါးကို ပိုင်ဆိုင်ခွင့် ရရှိရန် အတွက် မရေမတွက်နိုင်သော အင်အားစုများ စစ်ခင်းကြလိမ့်မည် ဖြစ်သည်။ ဤသည်က တစ်သက်တွင် တစ်ခါ ကြုံတောင့်ကြုံခဲ အခွင့်အရေးမျိုး ဖြစ်သည်။ သို့ဖြစ်လေရာ ဝေ့ဝူယင်မှာလည်း မည်ကဲ့သို့ ငြင်းဆန်နိုင်မည်နည်း။
ဝေ့ဝူယင် ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
“ကျုပ် လက်ခံပါတယ် အင်ပါယာလီ... ခင်ဗျားလို ကျော်ကြားတဲ့ အဂ္ဂိရတ် အင်ပါယာ တစ်ပါးနဲ့ တွဲအလုပ်လုပ်ခွင့် ရတာ ကျုပ် အတွက် ဂုဏ်ယူစရာပါ... နောက်ကျရင် ကျုပ် ခင်ဗျားဆီကနေ အများကြီး သင်ယူရပါဦးမယ်”
လီချီး၏ မျက်နှာက စနောက်ခံရသည့် အစေခံမလေး တစ်ယောက်လို ရှက်ရွံ့မှုကြောင့် နီရဲသွား၏။ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်ပင် ဖြစ်နိုင်ချေ ရှိနေသူ ဖြစ်သည်။ သူက မည်ကဲ့သို့ သင်ကြားပေးနိုင်ပါမည်နည်း။ ဘာပဲဖြစ်ဖြစ်... ဝေ့ဝူယင်၏ လက်ခံပေးမှု အတွက်တော့ သူ ပျော်သည်။
ယီယွင်က မနာလိုစွာဖြင့် လီချီးကို ကြည့်လိုက်မိ၏။ ရွှေဒင်္ဂါးနန်းတော်၏ သခင် ဖြစ်နေသည်မှာ ကံဆိုးလွန်းလှသည်။ မဟုတ်လျှင် သူသည်လည်း ထိုလူအိုကြီး ကဲ့သို့ပင် ဝေ့ဝူယင်၏ လက်အောက်ကို ခိုဝင်နိုင်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ်... သည်ရာထူးမှ နှုတ်ထွက်ရန် နည်းလမ်းတစ်ခုခု ရှာဖွေရပေလိမ့်မည်။
ဝေ့ဝူယင်က နောက်ထပ် စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“အာဏာရှင် အင်ပါယာဝေ့... ကျွန်မ ရှင်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”
အသံပိုင်ရှင်ကား အထွတ်အမြတ် အလင်းနန်းတော် သခင်မ ကျန်းဖေးလန်ပင်။ လက်စွပ်ထဲမှ ကြိတ်မနိုင်ခဲမရ နှာခေါင်းရှုံ့နေသံ တစ်ခု ထွက်ပေါ်လာကို ဝေ့ဝူယင် ကြားလိုက်ရ၏။ သူ တိတ်တခိုးပင် ကြိတ်ကာ ပြုံးမိလိုက်သည်။
တစ်ချိန်တည်း၌ အားလုံးမှာ ကျန်းဖေးလန်ကို လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက သံသယများဖြင့် ပြည့်နှက်နေသည်။ ကျန်းဖေးလန်၏ သမီးသည် ဝေ့ဝူယင်ကို လုပ်ကြံရန် ကြိုးစားခဲ့ပြီး ယခုတိုင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။ သူတို့အကြားမှ စကားလုံးများက ထိုပြဿနာနှင့် ဆက်စပ်နေဖို့ များသည်။
“အချိန်တန်ရင်ပေါ့...”
ကျန်းဖေးလန်ထံမှ အကြည့်စူးစူးရဲရဲနှင့် ရင်ဆိုင်ရနိုင်သည့်တိုင် ဝေ့ဝူယင် ပြောနိုင်သမျှက ထိုမျှသာ။ အခြားလူများမှာ ပင့်သက်များ ရှိုက်လိုက်မိကြသည်။ ဝေ့ဝူယင်နှင့် နှစ်ကိုယ်ကြား သီးသန့်တွေ့ဆုံကာ စကားပြောလိုသည့် ဆန္ဒများက သူတို့ အားလုံးတွင်လည်း ရှိကြပေသည်။ သို့သော်လည်း... စောစောက ဝေ့ဝူယင် ပြောသလို အချိန်တန်သည် အထိ စောင့်ရပေလိမ့်မည်။
ဝေ့ဝူယင် ခေါင်းဆောင်ကြီးများနှင့် နာရီပိုင်းမျှ ကြာအောင် များစွာသော အကြောင်းအရာများကို ဆက်လက် ဆွေးနွေးနေခဲ့၏။ သူက ကြယ်တာရာ နယ်မြေအတွက် အလွန် ရှားပါးသော အဆင့်ခုနစ် အဂ္ဂိရတ် ထုတ်ကုန်များ ကို ထောက်ပံ့ပေးပါမည့် အကြောင်း ကတိပေးခဲ့သည်။ အဆင့်ရှစ် ထုတ်ကုန်များကို ထိုမျှ လွတ်လပ်ခွင့်ပေးမည် မဟုတ်သော်လည်း အရာရာက အခြေအနေပေါ် မူတည်ပေလိမ့်မည်။
ဝေ့ဝူယင်သည် အနန္တဧကရာဇ်ဂိုဏ်းဝင် တစ်ယောက် ဖြစ်သည့်တိုင် သူ့ကိုယ်သူ ကမ္ဘာလောကကြီးနှင့် ခွဲခြားထားလိမ့်မည် မဟုတ်ချေ။ ကိုယ့်ကိုယ်ကို ဒုတိယမြောက် ထာဝရ ဧကရာဇ် အဖြစ် မတင်စားရဲသော်လည်း သုံးလွှာ ကြယ်တာရာ နယ်မြေတွင် အဂ္ဂိရတ် ယဥ်ကျေးမှုကို ပျံ့နှံ့တိုးတက် စေလိုသည်က သူ့ဆန္ဒ ဖြစ်သည်။ ထို့အပြင် သူ့တွင် ကိုယ်ပိုင် အစီအစဥ်များ ရှိသည်။
ဆွေးနွေးဝိုင်း အတွင်း ဝေ့ဝူယင်က သူ့အတွက် အာကာသ ဂိတ်တံခါးတစ်ခု ဝိုင်းဝန်း စီစဥ် ပေးပါရန် တောင်းဆိုခဲ့၏။ ရွှယ်ရီဖေးနှင့် သူ့လူ အချို့မှာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ပိတ်မိနေဆဲ ဖြစ်သည်။ ရွှေဒင်္ဂါးနန်းတော်က ဝေ့ဝူယင်ကို ဂိတ်တံခါးတစ်ခု လက်ဆောင် ပေးပါမည့် အကြောင်း ပြောဆို၏။ သို့သော်လည်း ဝေ့ဝူယင်က ချိုသာစွာပင် ငြင်းဆိုကာ တန်ရာတန်ကြေး ပေးချေ ဝယ်ယူခဲ့သည်။ ထိုဂိတ်တံခါး၏ အကူအညီဖြင့် ရှောင်ပင်း၊ ယင်နှင့် ရွှယ်ရီဖေးတို့မှာ သူ့ထံ အချိန်တို အတွင်း ပြန်လည် ရောက်ရှိလာကြပေလိမ့်မည်။
ဆွေးနွေးဝိုင်းတွင် အနန္တဧကရာဇ်ဂိုဏ်းမှာလည်း များစွာသော အကျိုးအမြတ်များကို ရရှိခဲ့သည်။ ကြယ်တာရာ နယ်မြေတစ်ခုလုံးက ၎င်းတို့ကို ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုသည့်အပြင် ပြီးဆုံးခဲ့သော စစ်ပွဲအတွက်လည်း စစ်လျော်ကြေးများ ပေးပါမည့် အကြောင်းပင် သွယ်ဝိုက် ကတိပေးခဲ့ကြသည်။ အနန္တ ဧကရာဇ်ဂိုဏ်း အနေဖြင့် သူတို့ ဆုံးရှုံးခဲ့ရသော ဂြိုဟ်များနှင့် ကမ္ဘာပြား အချို့ကို ပြန်လည် ရရှိလိမ့်မည် ဖြစ်သည်။
ထို့ပိဟန် လောကသခင် တစ်ယောက် ဖြစ်လာခဲ့ခြင်းမှာ ဝေ့ဝူယင်ကြောင့် ဖြစ်ကြောင်း အားလုံး ခန့်မှန်းမိနေပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ အဆင့်ရှစ် ဆေးလုံးများ သန့်စင်မှုနှုန်းမှာ ကြောက်မက်ဖွယ်ကောင်းအောင် မြန်ဆန်လှသည်။ လာမည့် နှစ်ပိုင်းအတွင်း အချိန်သခင်၊ ကြယ်တာရာသခင်များပါ ထွက်ပေါ်မလာဟု မည်သူ ပြောနိုင်ပါမည်နည်း။
ဆွေးနွေးပွဲ အဆုံးသတ်တွင် လူတိုင်းမှာ ကျေနပ်သော အပြုံးများ ကိုယ်စီဖြင့် ပြန်လည် ထွက်ခွာသွားကြ၏။ မကြာခင်မှာပင် အခန်းထဲ၌ ကျန်းဖေးလန်၊ ချင်းရိုင်၊ ချင်ကူးယွင်နှင့် ထို့ပိဟန်တို့သာ ကျန်ရှိပေတော့သည်။ ဝေ့ဝူယင် ချင်းရိုင်ကို ကြည့်လိုက်မိ၏။ ထိုမိန်းကလေးမှာ ချင်ကူးယင် နည်းတူပင် ပုံပန်းသွင်ပြင်အား ဖုံးကွယ်ထားရသည်ကို နှစ်သက်သူ ဖြစ်သည်။ သို့သော်လည်း... သူ့အား ငေးကြည့်နေသည့် လှပသော ထိုမျက်လုံးများထံမှ ဆန်းကြယ်မှုတစ်ခုကိုတော့ ဝေ့ဝူယင် ခံစားနေရသည်။
ချင်ကူးယွင်က ထိုင်ရာမှ ထရပ်လိုက်၏။
“ဧကရာဇ်ဝေ့... ကျုပ် ဌာနကချုပ်ကို အခြား အကြီးအကဲတွေနဲ့ တိုင်ပင် လိုက်ပါဦးမယ်... နောက်ပြီး ခင်ဗျား တောင်းဆိုထားတဲ့ ကိစ္စကို အဂ္ဂိရတ် အစည်းအရုံးရဲ့ ဌာနချုပ်မှာ ထပ်ပြီး အသေးစိတ် ဆွေးနွေးလို့ ရမလား”
ထိုကဲ့သို့ တောင်းဆိုမှုမျိုးတွင် နားလည်မှု လွဲစရာ အခြားရည်ရွယ်ချက်များ ပါဝင်ကောင်း ပါဝင်နေနိုင်သည့်တိုင် ဝေ့ဝူယင်ကတော့ ခေါင်းကိုသာ ညိတ်လိုက်သည်။ ချင်ကူးယွင် အဘယ်ကြောင့် သူ့ကို အသည်းအသန် လိုချင်ခဲ့ရ သနည်း။ အဘယ်ကြောင့် သူ့ထံ တိုက်ရိုက် လာမပြောခဲ့သနည်း။ ထိုမေးခွန်းများအား အဖြေရှာရန် အတွက် အဂ္ဂိရတ် အစည်းအရုံးကို သူ သွားကို သွားရပေလိမ့်မည်။
“မကြာခင် ပြန်တွေ့ကြတာပေါ့”
ချင်ကူးယွင်က ဦးတစ်ချက် ညွှတ်ကာ ထွက်ခွာသွား၏။ မကြာခင် ထိုနေရာတွင် လေးယောက်သာ ကျန်ရှိပေတော့သည်။
ဝေ့ဝူယင်မှာ ချင်းရိုင် ဘာကို လိုချင်နေမှန်း စဥ်းစား၍ မရသေးချေ။ သူက သူမကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်၏။
...
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများနှင့် ရင်ဆိုင်မိသော အခိုက်၌ ချင်းရိုင်၏ နှလုံးသားက မသေချာ မရေရာမှုများနှင့် ဗြောင်းဆန်သွား၏။ စောစောကပင် ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်ကြောင်း ထို့ပိဟန်က ပြောပြခဲ့သည်။ အဂ္ဂိရတ် တိုက်ပွဲ၏ ရလဒ်က ထိုအချက်ကို ပိုမို သေချာစေခဲ့သည်။ ထို့အပြင် သူသည် ထာဝရ ဧကရာဇ်ထက် အများကြီး ငယ်သည်။
“ချင်းရိုင်... သူဌေးလေး ဝေ့ဝူယင်ကို နင် ဘယ်လိုမြင်လဲ...”
“သူဌေးလေးရဲ့ သဘောထားကို နင် သိသင့်တယ်... တကယ်လို့ နင်သာ သွားရှာမယ် ဆိုရင် သူက ငြင်းမှာ မဟုတ်ဘူး”
ထို့ပိဟန်၏ အကြံပေးစကားများက သူမ နားထဲ တဝဲဝဲလည် နေ၏။ သူမ၏ နှလုံးသားက တဒိုင်းဒိုင်း ခုန်လာသည်။ ထိုနှစ်များဆီက ကတိကဝတ်ကို ချိုးဖျက်ရန် ဆုံးဖြတ်ခဲ့လျှင် သူမက နောက်ထပ် အထွတ်အမြတ် အယ်ဗန် ဧကရီ ဖြစ်လာမည်လော။ သို့တည်းမဟုတ်... ထိုထက် ပို၍ ကြီးမြတ်မည်လော။
“ငါ...”
အတွေးများထဲ နစ်မွန်းရင်း စကားလုံးတစ်လုံးမှာ သူမနှုတ်မှ မရည်ရွယ်ပါပဲ ထွက်သွား၏။ အခွင့်အရေး ပေါ်သို့ ခြေစုံပစ် ခုန်ချလိုက်ချင်သော်လည်း အဆုံးသတ်၌ သူမ တွေဝေနေဆဲ ဖြစ်သည်။ နှလုံးသားကို အပြန်ပြန် အလှန်လှန် စစ်ဆေးရင်း သူမ မျက်လုံးများက သူမ မှုန်ကုပ်သွား၏။
“အဂ္ဂိရတ် တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ် ကောင်းကင်ဧကရာဇ်ဝေ့...”
ချင်းရိုင် ထိုစကားလုံးများကိုသာ အစားထိုး ပြောလိုက်၏။ ထို့ပိဟန် ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုကလေး နှစ်ယောက်အကြားတွင် ရေစက် မရှိသည်လော။ ဘာပဲဖြစ်ဖြစ်... ဤသည်က သူမ၏ ရွေးချယ်မှု ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် မဟာ သူတော်စင်ချင်...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။ သူ ထိုမိန်းကလေး၏ အတွေးများကို ကောင်းစွာ နားလည်သည်။ ကြည်နူးစရာနှင့် ရင်နင့်ဖွယ်ရာ အစိတ်အပိုင်းများ ပြည့်ရွှမ်းနေသည့် သူမ၏ သမိုင်းကြောင်းကိုလည်း သူ သိထားသည်။ ချင်းရိုင်သည် လှပသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သို့သော် အခြားတစ်ဖက်မှ ကြည့်ပြန်လျှင်လည်း သူနှင့် သူမ အကြားတွင် ဆက်စပ်မှု သိပ်မရှိလှ။ သူမ၏ ရွေးချယ်မှုနှင့် သစ္စာတရားကို လေးစားပေးရုံမှ လွဲ၍ ဘာတတ်နိုင်မည်နည်း။
ချင်းရိုင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ထိုနေရာမှ ထွက်ခွာသွား၏။ ထိုရွေးချယ်မှုက မှန်ကန်ခဲ့သလား သူမ မပြောတတ်ချေ။ သို့သော်လည်း... အနာဂတ် တစ်ချိန်တစ်ခါတွင်တော့ သူမ ကျိန်းသေ သိရှိလာပေလိမ့်မည်။
***