အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇) – ရုံးတော်တက်ခြင်း
စီရင်စုရုံး၏ စာရေးကြီး ချန်ဝင်ရွေ့သည် လွန်ခဲ့သော နှစ်များအတွင်း
စည်းစိမ်ချမ်းသာများအကြား၌ အလွန်ပင် ဇိမ်ကျကျ
နေထိုင်ခဲ့သူ ဖြစ်သည်။
“အရာရှိကြီးတွေက ပြောင်းလဲသွားတတ်ပေမဲ့ အောက်က စာရေးတွေကတော့ မျိုးရိုးစဉ်ဆက်
မြဲမြံနေတတ်တယ်” ဆိုသည့်အတိုင်းပင်။ ဤစာရေးကြီးများသည် ဒေသတွင်း
အရင်းအမြစ်အများစုကို လက်ဝါးကြီးအုပ်ထားနိုင်ကြပြီး
အရာရှိသစ်များမှာပင် သူတို့ကို အားကိုး၍
အလုပ်လုပ်ကြရသည်။
သို့သော် အထက်အရာရှိများတွင် အဆုံးစွန်သော အာဏာရှိနေသဖြင့် သူတို့နှင့် အပြန်အလှန်
ထိန်းကျောင်းမှုများ ရှိနေတတ်သည်။ ဤသည်မှာပင် ချန်ဝင်ရွေ့ကဲ့သို့သော
အောက်ခြေအမှုထမ်းများအတွက် အထက်ကို ဖုံးဖိ၍ အောက်ကို
ဖိနှိပ်ရန် အခွင့်ကောင်း ဖြစ်နေတော့သည်။
ဝင်ငွေကောင်းလှသော စာရေးကြီး ချန်ဝင်ရွေ့သည် အစားအသောက်နှင့် အဝတ်အစားတွင် အလွန်ပင်
ဇယားများသူ ဖြစ်သည်။ သူအကြိုက်ဆုံး အလုပ်မှာ ပိုးဖဲကတ္တီပါ ညဝတ်အင်္ကျီကို ဝတ်ဆင်ကာ
ခုတင်ပေါ်၌ လဲလျောင်းရင်း လက်ဖက်ရည်ကြမ်းကို အသားခြောက်အမြည်းဖြင့်
မြည်းစမ်းနေရခြင်းပင်။ ဤသည်မှာ သူ၏ ထူးခြားသော
ဝါသနာတစ်ခု ဖြစ်သည်။
ဘေးမှ အိမ်စေမလေးကလည်း ဖြူဖွေးသော ကြွေကရားလေးကို ကိုင်ကာ သူ့အတွက် လက်ဖက်ရည်
မပြတ်စေရန် အမြဲ ဖြည့်ပေးနေရသည်။
မီးခိုးငွေ့များအကြားတွင် ချန်ဝင်ရွေ့သည် ယနေ့ လုပ်ငန်းဆောင်တာများ
ဆောင်ရွက်ခဲ့ပုံကို ပြန်လည်တွေးတောရင်း
“မနက်ဖြန်ကျရင်တော့ ဟိုအနယ်နယ်အရပ်ရပ်က လာတဲ့
ကုန်သည်နှစ်ယောက်ဆီကနေ ငွေပိုတောင်းရမယ်” ဟု
တိတ်တဆိတ် ကြံစည်နေမိသည်။
ဤသို့ဖြင့် သူသည် မှိန်းနေရင်းမှ တဖြည်းဖြည်း ငိုက်မြည်းလာကာ အိပ်ပျော်သွားတော့သည်။
ဘေးမှ အိမ်စေများကလည်း သူ၏ အိပ်စက်နေကျ ပုံစံကို သိထားသဖြင့် စောင်များ ခြုံပေးကာ
အသာအယာ ဖယ်ခွာသွားကြသည်။
အိပ်မက်ကမ္ဘာထဲတွင် ချန်ဝင်ရွေ့သည် မိမိကိုယ်မိမိ ပေါ့ပါးစွာ လွင့်ပျံနေသည်ဟု
ခံစားလိုက်ရသည်။
“အိပ်မက်မက်နေတာလား...”
သူ့တွင် အသိစိတ် ရှိနေသေးသော်လည်း နိုးထ၍မရသလို၊ အိပ်မက်ကိုလည်း ထိန်းချုပ်၍
မရနိုင်ပဲ ရှိနေသည်။ သူသည် အိမ်ခေါင်မိုးကို ဖောက်ထွက်ကာ
မြို့လမ်းမပေါ်သို့ အသာအယာ ဆင်းသက်လိုက်သည်။ ထိုစဉ်အတွင်း
ပတ်ဝန်းကျင် ရှုခင်းများကို အထင်းသား မြင်နေရသည်။ အိမ်စေများ လမ်းလျှောက်နေသည်ကို
မြင်ရသလို၊ ခြံထဲတွင် စုရုံးစကားပြောနေကြသော အမှုထမ်းများကိုလည်း မြင်နေရသည်။
ဒါဟာ အိပ်မက်လား၊ အစစ်လား။
ထိုစဉ် မောင်းသံ နှစ်ချက် ထွက်ပေါ်လာသည်။
ထိုအသံမှာ သူ၏ နားစည်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ကျယ်လောင်လှသော်လည်း
လမ်းပေါ်ကလူများမှာမူ ဘာမှမဖြစ်သကဲ့သို့ ရှိနေကြသည်။
ထို့နောက် အလံများ ကိုင်ဆောင်ထားသော လူအုပ်ကြီးတစ်စု ရောက်ရှိလာသည်။ ရှေ့မှ
အရာရှိတစ်ဦးက စာလိပ်ကို ဖြန့်ဖတ်ကာ ခေါင်းညိတ်ပြလိုက်သည်နှင့် မျက်နှာစိမ်း၊
သွားစွယ်ငေါငေါနှင့် နတ်စစ်သည်များ ရှေ့သို့ တိုးလာကာ ချန်ဝင်ရွေ့၏
လည်ပင်းကို သံခြေကျင်းဖြင့် ခတ်၍ အတင်းအဓမ္မ ဆွဲခေါ်သွားကြတော့သည်။
“မင်းတို့က ဘယ်သူတွေလဲ၊ နေ့ခင်းကြောင်တောင်ကြီး...”
“ဖြန်း—“
ကြိမ်လုံးသံနှင့်အတူ ချန်ဝင်ရွေ့၏ ကျောပြင်မှာ ပူကနဲ ဖြစ်သွားသည်။ သူသည်
ကြောက်လန့်တကြားဖြင့် ပါးစပ်ပိတ်ကာ သူတို့နောက်သို့ မြေမထိ
တိမ်မထိ လိုက်ပါသွားရတော့သည်။
လမ်းကြားများစွာကို ဖြတ်ကျော်ပြီးနောက် သူ ရင်းနှီးသော နေရာတစ်ခုသို့
ရောက်ရှိလာသည်။
“မြို့စောင့်နတ်ကျောင်းပါလား...”
ချန်ဝင်ရွေ့ တစ်ခုခု တွေးတောနေစဉ်မှာပင် နောက်မှ နတ်စစ်သည်က သူ့ကို
အတင်းတွန်းလွှတ်လိုက်ရာ သူသည် တံခါးအတွင်းသို့
ဟန်ချက်ပျက်ကာ လွင့်စင်ဝင်သွားပြီး ရုံးတော်အလယ်၌ ပြုတ်ကျသွားသည်။
သစ်သားတူ ခေါက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် သူ မော့ကြည့်လိုက်ရာ မြင့်မားသော
စားပွဲနောက်တွင် ခန့်ညားထည်ဝါသော အရာရှိဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ဦး
ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ရုံးတော်အောက်ကလူက ဘယ်သူလဲ”
ထိုဟိန်းဟောက်သံကြောင့် ချန်ဝင်ရွေ့မှာ ကြောက်လန့်တကြား ခေါင်းငုံ့လိုက်ရသည်။ သူသည်
အပေါ်တွင် ချိတ်ဆွဲထားသော “ဖြောင့်မတ်မှန်ကန်ခြင်း” ဟူသည့် ကမ္ပည်းစာတန်းကို
မြင်လိုက်ရမှ ဤနေရာမှာ မြို့စောင့်နတ်မင်း၏ ရုံးတော်ဖြစ်ကြောင်း
သိလိုက်ရသည်။
“ငါ သေသွားပြီလား...” ဟု သူ တုန်တုန်ယင်ယင်နှင့် တွေးနေမိသည်။
သူ စဉ်းစားနေစဉ်မှာပင် စာရေးတစ်ဦးက စာအုပ်ကို ကိုင်ကာ ရှေ့သို့ ထွက်လာသည်။
“အရှင်မင်းကြီး... ဒါကတော့ မြို့ထဲက စာရေးကြီး ချန်ဝင်ရွေ့ပါပဲ။
သူ့ရဲ့ ဝိညာဉ် လွင့်မျောနေတာကို တွေ့လို့ ကျုပ်တို့ ဖမ်းခေါ်လာတာပါ၊
အရှင်မင်းကြီး စီရင်တော်မူပါ”
ချန်ဝင်ရွေ့မှာ ကြောက်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
မြို့စောင့်နတ်မင်းက “ဒီလူဟာ နေ့စဉ်ဘဝမှာ ဘယ်လို အပြုအမူတွေ ရှိသလဲ၊
ကောင်းမှုတွေကော လုပ်ဖူးရဲ့လား” ဟု မေးမြန်းသည်။
စာရေးက “ယုတ်မာမှုတွေနဲ့ ပြည့်နှက်နေပါတယ် အရှင်” ဟု ဖြေလိုက်သည်။
ချန်ဝင်ရွေ့သည် မြေပြင်ပေါ်တွင် တုန်တုန်ရီရီဖြင့် ဝပ်စတွားနေရသည်။ သူသည်
ခွင့်လွှတ်ရန် တောင်းပန်ချင်သော်လည်း လည်ချောင်းထဲတွင်
တစ်စို့နေသဖြင့် အသံထွက်မလာချေ။ စာရေးက သူ ကျူးလွန်ခဲ့သော
ပြစ်မှုများကို တစ်ခုပြီးတစ်ခု ဖတ်ပြနေရာ သူ ကျူးလွန်ခဲ့သမျှ
အရာအားလုံး စာရင်းထဲတွင် ပါဝင်နေသည်ကို မြင်လိုက်ရသဖြင့် ချန်ဝင်ရွေ့မှာ
သေလုမတတ် ကြောက်လန့်သွားတော့သည်။
နောက်ဆုံးတွင် စာရေးက “ဤသို့သော လူယုတ်မာကို စည်းကမ်းချက်များအရ လောက်ကောင်၊
ပိုးကောင်ဘဝဖြင့် ပြန်လည်မွေးဖွားစေပြီး နှစ်ပေါင်း သန်းချီအောင်
လူ့ဘဝသို့ မရောက်စေသင့်ပါ” ဟု တင်ပြလိုက်သည်။
မြို့စောင့်နတ်မင်းက ခက်ထန်သော မျက်နှာထားဖြင့် “ဒီလူရဲ့ လုပ်ရပ်တွေအတွက် သံသရာရဲ့
အဆုံးအဖြတ်ကို စောင့်ရမှာဖြစ်ပေမဲ့၊ ဒီမြို့သားဖြစ်ပြီး ဒီမှာတင်
ပြစ်မှုကျူးလွန်ခဲ့တာမို့ ငါကိုယ်တိုင်လည်း
အပြစ်ပေးရမယ်။ သူ့ကို နှစ်တစ်ထောင် ငရဲချစေ၊ အခုချက်ချင်း ကြိမ်ဒဏ်
အချက်ငါးဆယ် ရိုက်စေ” ဟု အမိန့်ချလိုက်သည်။
ချန်ဝင်ရွေ့သည် အခြေအနေမကောင်းမှန်း သိလိုက်သဖြင့် အတင်းအသနားခံတော့သည်။
“အရှင်မင်းကြီး... ကျုပ်ကို ချမ်းသာပေးပါဦး”
“မင်းရဲ့ အပြစ်တွေက ကြီးလေးလွန်းတယ်။ ချမ်းသာပေးဖို့ မထိုက်တန်ဘူး။ စီရင်ချက်ကို
အကောင်အထည်ဖော်စေ”
နတ်စစ်သည်များက သူ့ကို အတင်းဆွဲခေါ်သွားရန် ပြင်ဆင်စဉ်မှာပင် အစောင့်တစ်ဦးက
“အရှင်... ဒီလူက တဖြည်းဖြည်း လေးလံလာတယ်၊ ဒါ သေပြီးသား ဝိညာဉ်
မဟုတ်လောက်ဘူး” ဟု သတိပေးလိုက်သည်။
“ဟင်... ဒါဆို သူ့ရဲ့ သက်တမ်းကို အမြန်စစ်ဆေးစမ်း”
စာရေးက နောက်ထပ် စာအုပ်တစ်အုပ်ကို လှန်ကြည့်ကာ “ချန်ဝင်ရွေ့... အသက် ၅၄ နှစ်အထိ
နေရမှာ ဖြစ်ပါတယ်။ အခု သက်တမ်း ၃ နှစ် ကျန်ပါသေးတယ် အရှင်။ ဒါဟာ
ဝိညာဉ်လွင့်ထွက်လာတာပဲ ဖြစ်ရမယ်” ဟု တင်ပြသည်။
မြို့စောင့်နတ်မင်းက ခေါင်းညိတ်ကာ “အေး... ဒါဆိုရင်တော့ သူ့ကို
အရင်ပြန်လွှတ်လိုက်ဦး။
ဒီသုံးနှစ်အတွင်းမှာ သူ့ကို
စောင့်ကြည့်ထားပြီး သေတဲ့အခါကျမှ စီရင်ချက်အတိုင်း
အကောင်အထည်ဖော်ရမယ်” ဟု ဆိုကာ လက်ကို ဝေ့ယမ်းလိုက်သည်။
ချန်ဝင်ရွေ့သည် မိမိအိမ်တံတိုင်းအပြင်ဘက်သို့ ပြန်လည်ရောက်ရှိသွားသည်ဟု
ခံစားလိုက်ရပြီး နိုးထရန် အပြင်းအထန် ကြိုးစားလိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လွင့်ပျံသွားကာ အခန်းအတွင်းရှိ ခုတင်ပေါ်သို့
ချက်ချင်း ပြန်လည်ရောက်ရှိသွားတော့သည်။
ချန်ဝင်ရွေ့သည် မျက်လုံးများကို ပြူးကနဲ ဖွင့်လိုက်ကာ အမောတကော အသက်ရှူနေရသည်။
တစ်ကိုယ်လုံးတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေတော့သည်။
…
နောက်တစ်နေ့ နံနက်။
နျင်ဟိုစီရင်စု အုပ်ချုပ်ရေးရုံးတော်တွင် မြို့ပိုင်မင်းသည် လုပ်ငန်းဆောင်တာများကို
ဆောင်ရွက်ရန် စောစီးစွာ ရုံးတော်တက်နေသည်။ သူသည် ရာထူးရပြီးကတည်းက အလွန်ပင်
ကြိုးစားအားထုတ်သူ တစ်ဦး ဖြစ်သည်။
ခဏအကြာတွင် ရုံးတော်၏ ဝဲယာ၌ လူတစ်ယောက် လိုနေသည်ကို သူ သတိပြုမိလိုက်သည်။
“စာရေးကြီး ချန်ဝင်ရွေ့ ဘာလို့ ဒီနေ့ မလာတာလဲ”
မြို့ပိုင်မင်း၏ မေးခွန်းကြောင့် အမှုထမ်းတစ်ဦးက ရှေ့သို့ ထွက်၍ ဂါရဝပြုလိုက်သည်။
“စာရေးကြီး ချန်ဝင်ရွေ့ နေမကောင်းလို့ အိပ်ရာထဲက မထနိုင်ဘူးလို့ အိမ်ကလူ
လာပြောပါတယ်၊ ဒါကြောင့် ဒီနေ့ ခွင့်ယူထားပါတယ် ဘုရား”
“အင်း... သိပြီ”
မြို့ပိုင်မင်းက ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်သည်။ ဤသည်မှာ ရုံးတော်ရှိ လူများအတွက်
အနည်းငယ် ထူးဆန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် အမှုထမ်းတစ်ဦး
နေမကောင်းလျှင် မြို့ပိုင်မင်းသည် လူလွှတ်၍
မေးမြန်းလေ့ရှိသော်လည်း ယခုမူ
ဘာမှဆက်မပြောပဲ အေးဆေးနေခြင်းကြောင့် ဖြစ်သည်။
ထိုစဉ် -
“ဒုန်း... ဒုန်း... ဒုန်း...”
“အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
အမှုထမ်းတစ်ဦး အပြေးအလွှား သွားကြည့်ပြီးနောက် ပြန်ရောက်လာသည်။ “အဘိုးအိုတစ်ဦးနဲ့
အမျိုးသမီးတစ်ဦး တရားမျှတမှုအတွက် တိုင်တန်းတဲ့ ဗုံကို လာတီးနေကြတာပါ ဘုရား”
မြို့ပိုင်မင်းက “ရုံးတော်ကို တက်စေ၊ အဲဒီလူတွေကို ရှေ့ကို ခေါ်လာခဲ့” ဟု
အမိန့်ပေးလိုက်ပြီးနောက် သူ၏ အရာရှိဦးထုပ်နှင့် ဝတ်စုံကို
ပြင်ဆင်ကာ ခန့်ညားစွာ ထိုင်နေလိုက်သည်။
ရောက်လာသူများမှာ ဟူချောင်မြို့မှ လျှူချန်ချင်း၏ ဖခင်နှင့် ဇနီးသည်တို့ ဖြစ်ကြသည်။
သူတို့သည် မြေစောင့်နတ်မင်း၏ အိပ်မက်ပေးမှုကြောင့် မြို့တော်သို့ အဆင်ပြေစွာ
ရောက်ရှိလာကြခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် သူဌေးကြီးပန်သည် တိုင်တန်းသူများ မရောက်မီမှာပင် စာရေးကြီး
ချန်ဝင်ရွေ့ကို ကြိုတင်သတင်းပို့လေ့ရှိသည်။ ထိုအခါ
ချန်ဝင်ရွေ့က လမ်းတွင် ကြားဖြတ်ဖမ်းဆီးကာ
လူစုခွဲခိုင်းလေ့ရှိသည်။ သို့သော်
ယခုအကြိမ်တွင်မူ ချန်ဝင်ရွေ့ကိုယ်တိုင်
ကြောက်လန့်တကြားဖြင့် တံခါးပိတ်အိပ်နေသဖြင့်
သတင်းပေးသူများမှာ သူ့ကို မတွေ့ခဲ့ကြရပေ။ ထို့ကြောင့်လည်း
တိုင်တန်းသူ မိသားစုမှာ မြို့ပိုင်မင်းရှေ့သို့
တိုက်ရိုက်ရောက်ရှိသွားနိုင်ခြင်းပင်
ဖြစ်တော့သတည်း။
အခန်း (၃၈) – အမှန်တရား ပေါ်ပေါက်ခြင်းနှင့် ရှေ့ဆက်ရမည့်လမ်း
တရားမျှတမှုအတွက် တိုင်တန်းသည့် ဗုံတီးခြင်းဓလေ့မှာ ရှေးယခင်ကတည်းက ရှိခဲ့ခြင်း
ဖြစ်သည်။ ထိုစဉ်က အုပ်ချုပ်သူများကို အကြံပြုချက်ပေးရန် သုံးခဲ့ကြသော်လည်း
နောက်ပိုင်းတွင် ဧကရာဇ်မင်းမြတ်တစ်ပါးက ဤစနစ်ကို ကမ္ဘာအနှံ့ ကျင့်သုံးစေခဲ့သည်။
ရုံးတော်တိုင်း၏ ရှေ့တွင် ဗုံကြီးတစ်လုံး ထားရှိစေကာ မည်သူမဆို မတရားမှု
ကြုံရပါက ထိုဗုံကို တီး၍ တိုင်တန်းနိုင်ကြောင်း၊ အရာရှိများကလည်း
ချက်ချင်း လက်ခံစစ်ဆေးပေးရမည်ဖြစ်ကြောင်း အမိန့်ထုတ်ခဲ့သည်။
ဤသည်မှာ လွန်စွာ လူသားဆန်သော လုပ်ရပ်ပင် ဖြစ်သည်။ အထူးသဖြင့် အုပ်ချုပ်ရေးနှင့်
တရားစီရင်ရေးကို အရာရှိတစ်ဦးတည်းကပင် ကိုင်တွယ်ရသည့် ဤခေတ်အခါတွင် ဤဗုံမှာ
အလွန်ပင် ထိရောက်လှသည်။
ထို့ကြောင့်ပင် ဟူချောင်မြို့က သူဌေးကြီးပန်သည် စစ်သည်တော် ယွမ်ရှန်းနှင့်
ပူးပေါင်းကာ အာဏာပြနေစဉ်အတွင်း နစ်နာသူများကို ထိုဗုံအနားသို့
မချဉ်းကပ်နိုင်အောင် နည်းမျိုးစုံဖြင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်
ယခုအကြိမ်တွင်မူ သူတို့ လက်လွတ်စပယ် ဖြစ်သွားခဲ့ရပြီ။
ရုံးတော်အတွင်း သစ်သားတူ ခေါက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဝဲယာရှိ
အမှုထမ်းများက ဩဇာညောင်းသော အသံများဖြင့်
ဟိန်းဟောက်လိုက်ကြသည်။
ထိုသို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးသော တရားလို နှစ်ဦးမှာ
ခြေဖျားလက်ဖျားများ တုန်ရီနေပြီး ဆီးပင်
ထွက်ချင်စိတ် ပေါက်နေရှာသည်။ သို့သော် အချုပ်ထဲတွင်
ဒုက္ခရောက်နေသော လျှူချန်ချင်းကို တွေးကာ အားတင်း၍
မတ်တပ်ရပ်နေကြရသည်။
“ရုံးတော်အောက်က လူတွေမှာ ဘာနစ်နာချက် ရှိလို့ ရုံးတော်ရှေ့က ဗုံကို လာတီးရတာလဲ”
လျှူချန်ချင်း၏ ဖခင်အိုကြီးသည် ရုံးတော်အလယ်တွင် ခါးကို ညွှတ်၍ ဂါရဝပြုကာ ငိုယို၍
လျှောက်တင်လိုက်သည်။
“မြို့ပိုင်မင်းကြီးဘုရား... ကျုပ်တို့က စီရင်စုမြို့တော်ရဲ့ အုပ်ချုပ်မှုအောက်က
ဟူချောင်မြို့မှာ မျိုးရိုးစဉ်ဆက် လယ်လုပ်စားလာတဲ့ လူတွေပါ။ ကျုပ်မှာ
လျှူချန်ချင်းဆိုတဲ့ သားတစ်ယောက်ရှိပြီး ဒါကတော့ ကျုပ်ရဲ့ ချွေးမ
တုရှန်းချင်ပါ”
“ကျုပ်တို့မှာ ဘိုးဘွားပိုင် မြေကောင်း လယ်ကောင်းလေး တစ်ကွက် ရှိပါတယ်။ ဒါကို
ဟူချောင်မြို့က သူဌေးကြီး ပန်ယုံနျန်က ပေါက်ဈေးရဲ့
ဆယ်ပုံတစ်ပုံလောက်နဲ့ အတင်းအဓမ္မ ဝယ်ဖို့
ကြိုးစားပါတယ်။ ဒါဟာ ကျုပ်တို့ မိသားစုရဲ့ အသက်သွေးကြောမို့ မရောင်းနိုင်ဘူးလို့
ပြောခဲ့ပေမဲ့ အဲဒီသူဌေးက အရမ်းကို အာဏာပြလွန်းပါတယ် ဘုရား”
“နောက်ဆုံးတော့ သူဌေးကြီးပန်က မြို့စောင့်စစ်သည် ယွမ်ရှန်းနဲ့ ပေါင်းပြီး
ကျုပ်သားကို မတရား စွပ်စွဲဖမ်းဆီးလိုက်ပါတယ်။ ကျုပ်သားကို
အဝေးတစ်နေရာဆီ ပို့တော့မယ်လို့လည်း ကြားရပါတယ်။ လယ်ယာတွေနဲ့
နွားတွေကိုလည်း သူတို့ သိမ်းပိုက်သွားကြပါပြီ”
“ကြားရသလောက်တော့ သူဌေးကြီးပန်ရဲ့ နောက်ကွယ်မှာ စီရင်စုရုံးက လူတွေ ရှိနေတယ်ဆိုလို့
ဘယ်သူမှ လာမတိုင်ရဲကြပါဘူး။ ကျုပ်တို့ မိသားစုမှာ မျှော်လင့်ချက် ကုန်နေတုန်း
မြေစောင့်နတ်မင်းကြီးက အိပ်မက်ပေးပြီး လမ်းညွှန်လိုက်လို့ အသက်ကို
ဖက်နဲ့ထုပ်ပြီး လာတိုင်ရတာပါ၊ မြို့ပိုင်မင်းကြီးက တရားမျှတအောင်
စီရင်ပေးပါဦး”
ထိုတိုင်တန်းချက်ကို ကြားသောအခါ မြို့ပိုင်မင်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
“ငါ့စီရင်စုအတွင်းမှာ တရားမျှတမှု ရှာဖို့ လာတာကို ‘အသက်ကို ဖက်နဲ့ထုပ်ပြီး လာရတယ်’
ဆိုတဲ့ စကားမျိုး ကြားရတာ ငါ့အတွက် အရှက်ရစရာပဲ”
ထို့နောက် သူက တိုင်တန်းသူ နှစ်ဦးကို အသံခပ်ပျော့ပျော့ဖြင့် ဆက်ပြောသည်။
“ဒီကိစ္စကို ငါ သိသွားပြီ၊ တရားမျှတမှု ရစေရမယ်။”
မြို့ပိုင်မင်းသည် အချိန်ဆွဲမနေပဲ အမိန့်စာတမ်းများကို ထုတ်ယူကာ “စစ်သည်တော်တွေ
ဘယ်မှာလဲ” ဟု ခေါ်လိုက်သည်။
“ရှိပါတယ် ဘုရား”
“ဒီအမိန့်စာကို ယူသွားပြီး ဟူချောင်မြို့က သူဌေးကြီး ပန်ယုံနျန်နဲ့ စစ်သည်
ယွမ်ရှန်းကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်လာခဲ့။
လျှူချန်ချင်းကိုလည်း အချုပ်ထဲကနေ ချက်ချင်း
ထုတ်ယူခဲ့ရမယ်။ လူအင်အား အလုံအလောက် ယူသွားကြ”
စစ်သည်တော်များက အမိန့်ကို နားခံနေစဉ်မှာပင် မြို့ပိုင်မင်းက ဆက်၍ - “ပြီးတော့
မင်းတို့ကိုယ်တိုင် စာရေးကြီး ချန်ဝင်ရွေ့ရဲ့ အိမ်ကို သွားပြီး သူ့ကိုပါ
အခုချက်ချင်း ဖမ်းခေါ်လာခဲ့ကြ”
ထိုအမိန့်ကြောင့် ရုံးတော်အတွင်းရှိ လူများအားလုံး မှင်တက်သွားကြသည်။
မြို့ပိုင်မင်းက ဘာကြောင့် စာရေးကြီး ချန်ကိုပါ
ဖမ်းခိုင်းရသလဲဆိုသည်ကို သူတို့ မတွေးတတ်ကြပေ။ သို့သော်
အမိန့်အတိုင်း စစ်သည်များက ဟူချောင်မြို့သို့ တစ်ဖွဲ့၊
စာရေးကြီးအိမ်သို့ တစ်ဖွဲ့ ခွဲ၍ ချက်ချင်း ထွက်ခွာသွားကြတော့သည်။
ထို့နောက် မြို့ပိုင်မင်းက တိုင်တန်းသူ မိသားစုကို ဧည့်ခန်းဆောင်တွင် အနားယူစေကာ
အစောင့်အကြပ်များဖြင့် ကာကွယ်ထားပေးလိုက်သည်။
ရုံးတော်အတွင်းရှိ အမှုထမ်းများမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်။ “ဘာလို့ တစ်ဖက်သတ်
စကားကိုပဲ နားထောင်ပြီး ဖမ်းခိုင်းလိုက်ရတာလဲ”၊ “စာရေးကြီး ချန်ကကော
ဘာဆိုင်လို့လဲ” ဟူသော အတွေးများဖြင့် ဆူညံနေကြသည်။
မြို့ပိုင်မင်းက ပြုံးလျက် လူအုပ်ကို ကြည့်ကာ ရှင်းပြလိုက်သည်။
“မနေ့ညက မြို့စောင့်နတ်မင်းကြီးက ငါ့ကို အိပ်မက်ပေးပြီး ဒီကိစ္စကို အသေးစိတ်
မိန့်ကြားခဲ့တယ်။ စာရေးကြီး ချန်ရဲ့ ယုတ်မာမှုတွေကိုလည်း
တစ်ခုချင်းစီ စာရင်းပြုစုပေးခဲ့တယ်။ ဒါကြောင့် ဒီနေ့
နစ်နာသူတွေ လာတိုင်မယ်ဆိုတာ ငါ ကြိုသိနေတာပဲ”
ထိုစကားကို ကြားရသောအခါ အမှုထမ်းအားလုံးမှာ ရိုသေစွာဖြင့် ခေါင်းညိတ်
ဝပ်စတွားလိုက်ကြတော့သည်။ အနည်းဆုံးတော့
အပေါ်ယံအားဖြင့် ရိုသေဟန် ပြလိုက်ကြခြင်း ဖြစ်သည်။
…
ဖန်းချန်က ခွေးဝါလေးကို ခေါ်ကာ ရုံးတော်ရှေ့သို့ ရောက်လာသည်။ လွန်ခဲ့သော
နှစ်ရက်လုံး သူတို့သည် မြို့စောင့်နတ်မင်း၏ နတ်နန်းတွင်
ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးခြင်း ခံခဲ့ရသည်။ ရုံးတော်အတွင်း
ဖြစ်ပျက်နေသမျှကိုလည်း ဖန်းချန်က အကုန်သိရှိနေပြီး ဖြစ်သည်။
ရုံးတော်တက်သည့်အချိန်တွင် သတင်းကြားထားသော မြို့သူမြို့သားများမှာ
ရုံးတော်တံခါးဝတွင် ပြည့်နှက်နေကြသည်။ စစ်သည်များက
တုတ်များကို ကိုင်ကာ လူအုပ်ကြီး တိုးမလာအောင် တားဆီးထားကြရသည်။
“ဝေ... ဝူ...” ဟူသော အသံများက ရုံးတော်၏ ခန့်ညားမှုကို ဖော်ဆောင်နေသည်။
ဖန်းချန်နှင့် ခွေးဝါလေးသည် လူအုပ်ကြားတွင် ရောနှောကာ အတွင်းမှ အခြေအနေကို
စောင့်ကြည့်နေကြသည်။ ဘေးပတ်ဝန်းကျင်မှ လူများ၏
စကားသံများကိုလည်း သူ ကြားနေရသည်။
“ဒီမြို့ပိုင်မင်းကတော့ လူတော်ပဲဗျ၊ သူ ရာထူးရကတည်းက မြို့ထဲမှာ အေးအေးချမ်းချမ်း
ရှိလာတယ်...”
“ဟုတ်ပဗျာ... အခုလည်း ဟိုစာရေးကြီး ချန်ကိုတောင် စစ်ဆေးနေပြီဆိုတော့ တကယ့်ကို
ဝမ်းသာစရာပဲ။ ဒီလူက အရင်ကတည်းက သိပ်ယုတ်မာတာ...”
လူအုပ်ကြီးမှာ လျှူမိသားစု၏ နစ်နာချက်ထက် စာရေးကြီး ချန် ဖမ်းဆီးခံရသည့်အပေါ် ပို၍
စိတ်ဝင်တစား ရှိနေကြသည်။ မကောင်းမှု လုပ်လွန်းသူတစ်ဦး အဖမ်းခံရခြင်းမှာ
ပြည်သူများအတွက် ပျော်စရာတစ်ခု ဖြစ်နေတော့သည်။
မြို့ပိုင်မင်းသည် သစ်သားတူကို ခေါက်ကာ စီရင်ချက်ချလိုက်သည်။
“ဟူချောင်မြို့က ပန်ယုံနျန်နဲ့ ယွမ်ရှန်းတို့ဟာ အာဏာကို အလွဲသုံးစားလုပ်ပြီး
လူကောင်းတွေကို နှိပ်စက်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ နှစ်ဦးကို
စစ်မှုထမ်းဖို့ နယ်စပ်ကို မိုင်ငါးထောင်အကွာအဝေးဆီ ပို့ဆောင်စေ။
ဘယ်တော့မှ ပြန်မလာစေနဲ့။ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို
သိမ်းဆည်းပြီး နစ်နာသူတွေကို ပြန်လည်ပေးအပ်စေ”
ထိုစကားကို ကြားသောအခါ သူဌေးကြီးပန်နှင့် ယွမ်ရှန်းတို့မှာ မျက်နှာပျက်ကာ လူမသေပဲ
ဝိညာဉ်လွင့်သွားသကဲ့သို့ ရှိနေကြတော့သည်။
မြို့ပိုင်မင်းက ဆက်၍ - “စာရေးကြီး ချန်ဝင်ရွေ့ဟာလည်း နှစ်ပေါင်းများစွာ
ယုတ်မာမှုမျိုးစုံ ကျူးလွန်ခဲ့တာမို့ သူ့ကို သေဒဏ် စီရင်စေ”
ဤစီရင်ချက်ကို ကြားလိုက်ရချိန်တွင် ရုံးတော်ပြင်ပမှ လူအုပ်ကြီးမှာ တစ်ခဲနက်
လက်ခုပ်တီးကာ အောင်ပွဲခံကြတော့သည်။
ဖန်းချန် ပြုံးလိုက်သည်။ သူသည် ခွေးဝါလေး လျှူအဝါကို ခေါ်၍ လူအုပ်နှင့် အနည်းငယ်
ဝေးရာသို့ ထွက်လာခဲ့ပြီးနောက် မေးလိုက်သည်။
“ကဲ... အားလုံးလည်း ပြီးသွားပြီဆိုတော့၊ အဝါလေး... မင်း ရှေ့ဆက် ဘာလုပ်ဖို့
စိတ်ကူးထားသလဲ”