အခန်း (၁၀၀၅-၁၀၀၆)
Vol. 84 Ch. 1005-1006
အခန်း ၁၀၀၅ - အစွမ်းထက်လှသော ဝမ်ချိုင်
ထန်လော့က လန်ယုံကို ဘေးမှ မသင်္ကာသလို ကြည့်ပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး... မဟာမိတ်ခေါင်းဆောင် ရှောင်းက တချို့ အကွက်တွေ ပြင်ဆင်ထားတယ် ဆိုဦးတော့ အခု သူတို့က ကျွန်တော်မျိုးတို့ အင်ပါယာရဲ့ နယ်မြေထဲမှာ ရှိနေတာပါ။ ပြီးတော့ သူတို့ဆီမှာ သင်္ဘောတစ်စင်းပဲ ရှိတယ်။ ဒီသင်္ဘောက ဘယ်လောက်ပဲ အဆင့်မြင့်နေပါစေ ပြဿနာ တစ်စုံတစ်ရာ ရှာနိုင်မယ် မထင်ဘူး မဟုတ်လား။”
‘ခြင်္သေ့တစ်ကောင်ဟာ ဝံပုလွေအုပ်ကို မယှဉ်နိုင်ဘူး’ ဟူ၍ စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော။
ရေနွေးငွေ့တာဘိုင်သင်္ဘော၏ စွမ်းဆောင်ရည်က သံချပ်ကာသင်္ဘောထက် များစွာ သာလွန်နေသော်လည်း ဤနေရာတွင် တစ်စင်းတည်းသာ ရှိပြီး ကျန်သည်များမှာ လန်ဖုန်း အင်ပါယာက ဝယ်ယူထားသည့် ထိပ်တန်းအဆင့် သံချပ်ကာ သင်္ဘောများသာ ဖြစ်သည်။
ထိုအခါ လန်ယုံက ကုန်းပတ်ပေါ်တွင် ဝပ်နေသော ကျေးလက်ခွေးလေးကို ညွှန်ပြကာ ပြောလိုက်သည်။
“အဲဒီခွေး တစ်ကောင်တည်းနဲ့တင် ငါတို့ကို အဖိုးအခ အကြီးအကျယ် ပေးဆပ်ခိုင်းဖို့ လုံလောက်တယ်။”
“အဲ့ဒီခွေးလား...။”
ထန်လော့သည် ဆိပ်ကမ်း၏ မှိန်ဖျဖျ အလင်းရောင်အောက်မှတစ်ဆင့် ရေနွေးငွေ့တာဘိုင်သင်္ဘောပေါ်ရှိ ခွေးလေးကို ကြည့်ကာ မယုံနိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီခွေးက အဲဒီလောက် အစွမ်းထက်တာလား။”
အကယ်၍ အရှင်မင်းကြီး လန်ယုံသာ မညွှန်ပြခဲ့ပါက သူသည် ဤခွေးနက်လေးကို သတိပင် ထားမိမည် မဟုတ်ပေ။
လန်ယုံက ခေါင်းငြိမ့်ပြလိုက်သည်။
“အရမ်း အစွမ်းထက်တယ်။ ငါတို့ဘက်က အဲ့ဒီခွေး အနားမကပ်နိုင်အောင် အင်အားအလုံးအရင်းနဲ့ အဝေးကနေ မတားဆီးနိုင်ဘူးဆိုရင် သူ ငါတို့အနား ရောက်လာတာနဲ့ ငါတို့ အကုန်သေလိမ့်မယ်။”
လန်ယုံ၏ သုံးသပ်ချက်ကို ကြားလိုက်ရသောအခါ အားလုံး မှင်တက်သွားကြသည်။
SS အဆင့်ရှိသော လန်ယုံက ကျေးလက်ခွေးတစ်ကောင်ကို ဤမျှအထိ အထင်ကြီးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
သို့ဆိုလျှင် ဤခွေးလေးမှာ SSS အဆင့်များ ဖြစ်နေပါသလော။
ထန်လုံက သတိကြီးစွာဖြင့် မေးလိုက်သည်။
“အရှင်မင်း... ဒီခွေးက အဆင့် မြင့်တယ်လို့ ဆိုလိုတာလား။”
“ဟုတ်တယ်။ ပြီးတော့ ရိုးရိုး SSS အဆင့်တောင် မဟုတ်ဘူး။”
လန်ယုံက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါ ထန်လုံက မသင်္ကာသလို ထပ်မေးလိုက်၏။
“ဘာကို ဆိုလိုတာလဲ။”
“သာမန် SSS အဆင့်ထက်တောင် ပိုပြီး အစွမ်းထက်တယ်။”
လန်ယုံက ရှင်းပြလိုက်သည်။
“ပိုပြီး အစွမ်းထက်တယ် ဟုတ်လား။”
လူတိုင်း ပို၍ပင် ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
“ဟုတ်တယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့ ကိုယ်ပိုင်ခံစားချက်ပဲ။ အတိအကျ မှန်၊ မမှန်တော့ မသိဘူး။”
လန်ယုံက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“ငါ အထူးတလည် သတိမထားမိခင်တုန်းကတော့ ဒီခွေးကို သတိတောင် မထားမိဘူး။ ဒါပေမဲ့ ငါ တကယ် အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ကျောပြင်ကို ဆူးတစ်ချောင်းနဲ့ အထိုးခံလိုက်ရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။”
လန်ယုံ ဤသို့ ပြောသည်ကို ကြားလိုက်ရသောအခါ ကျန်ရှိသူများသည် ဝမ်ချိုင်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်မိလိုက်ကြ၏။
ဝမ်ချိုင်သည် တစ်စုံတစ်ယောက်က မိမိကို ကြည့်နေသည်ကို အာရုံခံမိပုံရပြီး လန်ယုံတို့ရှိရာဘက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
ဤတစ်ချက်လေး ကြည့်လိုက်ရုံနှင့်ပင် လန်ယုံနှင့် တခြားသူများသည် ကမ္ဘာဦး သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ထို့နောက် ဝမ်ချိုင်က နှာတစ်ချက်မှုတ်ပြီး ကုန်းပတ်ပေါ်တွင် ပြန်လှဲချလိုက်သည်။
ထိုအခါမှသာ လန်ယုံနှင့် တခြားသူများ သက်ပြင်းချနိုင်တော့လေသည်။ ဤအချိန်တွင် သူတို့၏ ကျောပြင်များမှာ ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။
“ဂလု”
ထန်လော့က တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။
“ဒါ ဘယ်လိုခွေးမျိုးလဲ။ ဖိအားက ဘာလို့ ဒီလောက် ပြင်းထန်နေရတာလဲ။”
လန်ယုံက ခေါင်းသာခါပြပြီး ဘာမှ ပြန်မပြောတော့ပေ။ ယခုအခါ သူ၏ အရင်ခံစားချက်ကို သူ ပို၍ပင် ယုံကြည်သွားခဲ့ပြီဖြစ်သည်။
ဝမ်ချိုင်မှာ SSS အဆင့်သို့ တက်လှမ်းခဲ့သည်မှာ ကြာပြီဖြစ်သလို မကြာသေးမီကလည်း ရှေးဦး သားရဲကြီးများ၏ အသားများကို အမြောက်အမြား စားသုံးခဲ့ရသည်။ ထို့ပြင် ရှောင်းယီနောက်သို့ နေ့စဉ်လိုက်ပါရင်း တာအိုကျမ်းစာ ရွတ်ဖတ်သံများကို ကြားနေရသဖြင့် သူ၏ အဆင့်မှာလည်း တဖြည်းဖြည်းနှင့် မြင့်တက်လာနေခြင်း ဖြစ်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒီအတိုင်း ထားခဲ့တဲ့ ခွေးတောင်မှ ဒီလောက် အစွမ်းထက်နေတာလား။ ဒါဆို မဟာမိတ်ခေါင်းဆောင် ရှောင်းကိုယ်တိုင်ကရော ဘယ်အဆင့်ကို ရောက်နေပြီလဲ။”
ထန်လုံက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“သူက အဆင့်ရှိလို့လား။ ကျုပ်အထင်တော့ သူက သာမန်လူတစ်ယောက်လိုပဲ ခံစားရတယ်။”
လန်ရှန်းက မသင်္ကာသလို မေးလိုက်သည်။
လန်ရှန်းနှင့် ထန်လော့တို့သည် ဖမ်းဆီးခံခဲ့ရသော်လည်း ရှောင်းယီ၏ အင်အားအစစ်အမှန်ကို မသိရှိကြပေ။ တစ်ဖက်အဖွဲ့၏ လက်နက်အင်အားက အလွန်တောင့်တင်းသည်ဟုသာ ခံစားခဲ့ရခြင်း ဖြစ်သည်။
“သူက အဆင့်အတန်းတွေကို ကျော်လွန်ပြီး သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်နေပြီ။”
လန်ယုံက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင် ရှောင်းက လုံးဝ မရိုးရှင်းဘူး။ သူ SSS အဆင့်ကို ကျော်လွန်သွားပြီလား ဆိုတာတောင် ငါ မသိနိုင်တော့ဘူး။”
ထန်လုံနှင့် တခြားသူများမှာမူ ပြောမပြနိုင်လောက်အောင် ထိတ်လန့်အံ့အားသင့်သွားကြလေတော့သည်။
“ကောင်းပြီ ဒီနေ့ကစပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လုဖို့ဆိုတဲ့စိတ်ကို လုံးဝမတွေးကြနဲ့တော့။ ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ရုံနဲ့တင် လုံလောက်ပြီ။”
လန်ယုံက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။”
အားလုံးက တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။
အန်းယွဲ့ ဗီလာသို့ ပြန်ရောက်လာချိန်တွင် ရှောင်းယီနှင့် တခြားသူများသည် ဧည့်ခန်းထဲတွင် ထိုင်၍ စကားပြောနေကြသည်။
“ဦးလေးအန်း ဟိုဘက်ကကိစ္စတွေ ပြီးပြီလား။”
အန်းယွဲ့ ပြန်လာသည်ကို မြင်သောအခါ ရှောင်းယီက မေးလိုက်သည်။
“အင်း အခြေခံအားဖြင့်တော့ တည်ငြိမ်သွားပါပြီ။ ဟိုမှာ လုပ်ဆောင်ပေးမယ့်သူရှိရင် လုံလောက်သွားပြီ။”
အန်းယွဲ့က အန်းရန် ပြင်ဆင်ပေးထားသော ထမင်းပန်းကန်ကို ယူရင်း ပြန်ဖြေလိုက်သည်။
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုစဉ် ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းက သူ၏ဖုန်းကို ချလိုက်ပြီး မေးလိုက်သည်။
“လန်ဖုန်းအင်ပါယာက ငါတို့ရဲ့ ကုန်သွယ်ရေးသင်္ဘောကို ခိုးယူတိုက်ခိုက်တာမျိုး လုပ်လာနိုင်မလား။”
“ဘာမှမဖြစ်ပါဘူး။ ဝမ်ချိုင်က သင်္ဘောပေါ်မှာ ရှိနေတာပဲ။”
ရှောင်းယီက လက်ကာပြရင်း ပြန်ဖြေလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျန်းယွင်ထျန်းက သူ၏ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည်။
ဝမ်ချိုင်သည် ယခုအခါ အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်ကပင် သူသည် ရှောင်ပိုင်နှင့် အကြောင်းရင်းမရှိဘဲ လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့သေးသည်။
သို့သော် နောက်ဆုံးရလဒ်က အားလုံးကို မှင်တက်သွားစေခဲ့သည်။ ရှောင်ပိုင်သည် ဝမ်ချိုင်ကို တစ်စုံတစ်ရာမျှ မလုပ်နိုင်ခဲ့ပေ။
သားရဲတို့၏ ဘုရင်ဖြစ်သော ကျားဖြစ်သည့်အပြင် ရှောင်ပိုင်သည် ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန်များထဲတွင် SSS အဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။ အတိအကျပြောရလျှင် ရှောင်ပိုင်သည် ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန် မဖြစ်လာမီကတည်းက SSS အဆင့်သို့ ရောက်နှင့်ပြီးသား ဖြစ်သည်။
သို့သော် သူသည် တရုတ်ကျေးလက်ခွေးတစ်ကောင်ကို ဘာမှ မလုပ်နိုင်ခဲ့ပေဘူးလော။
၎င်းက ရှောင်ပိုင်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ သို့သော် သူ အကြီးအကျယ် ဒေါသထွက်နေချိန်တွင် ဝမ်ချိုင်က အခွင့်ကောင်းယူပြီး သူ၏ကိုယ်ပေါ်တွင် ကုတ်ရာအနည်းငယ်ပင် ချန်ထားနိုင်ခဲ့၏။
နောက်ဆုံးတွင် ရှောင်ပိုင်သည် တိုက်လေတိုက်လေ ဒေါသထွက်လေ၊ ဒေါသထွက်လေလေ ဖိနှိပ်ခံရလေလေ ဖြစ်လာပြီး အားကိုးရာမဲ့စွာ ဟိန်းဟောက်ရင်း အလံဖြူထောင်လိုက်ရလေတော့သည်။
ကျန်းယွင်ထျန်းနှင့် တခြားသူများသည်လည်း ထိုတိုက်ပွဲကို ဘေးမှ ကြည့်နေခဲ့ကြပြီး အလွန်အမင်း အံ့အားသင့်ခဲ့ကြရသည်။
ဝမ်ချိုင်၏ အင်အား ဤမျှအထိ တိုးတက်လာသည်ကို မြင်သောအခါ ရှောင်းယီ ချက်ချင်း နားလည်သွားခဲ့သည်။ သူသည် နံနက်ခင်းအချိန်တိုင်း တာအိုကျမ်းစာကို ဖတ်ရှုရင်း တရားထိုင်လေ့ရှိရာ ဝမ်ချိုင်သည် အမြဲတမ်း သူ၏ဘေးနားတွင် ရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
တာအိုကျမ်းစာသည် သူ၏ ကိုယ်ပိုင်အင်အားကို မြှင့်တင်ပေးနိုင်ရုံသာမက သူ၏ဘေးပတ်ဝန်းကျင်ရှိ သတ္တဝါများကိုလည်း အကျိုးပြုနိုင်စွမ်း ရှိသည်။ ချီလင်ကဲ့သို့သော သတ္တဝါလေးပင် သူ၏ဘေးတွင်သာ နေချင်ပြီး တခြားဘယ်မှ မသွားချင်သည်မှာလည်း မဆန်းတော့ပေ။
“တကယ်တော့ ငါ ပိုစိုးရိမ်တာက အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေပဲ။ သူတို့က ငါတို့လာခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်လာပြီး လန်ဖုန်း အင်ပါယာကို တိုက်ရိုက် တိုက်ခိုက်လာနိုင်မလား။”
အန်းယွဲ့က ထမင်းစားရင်း ပြောလိုက်သည်။
သူတို့အနေဖြင့် အနီရောင်ဝံပုလွေ ပင်လယ်ဓားပြများကို မကြောက်သော်လည်း လန်ဖုန်း အင်ပါယာ၏ အင်အားက ကန့်သတ်ချက်ရှိနေသည်။ ၎င်းပြင် လန်ဖုန်း အင်ပါယာမှာ သူတို့၏ အဓိက ငွေရှာပေးမည့် ဖောက်သည်ကြီး ဖြစ်သည်မဟုတ်ပါလော။
“ကိစ္စမရှိပါဘူး။ ကျုပ်တို့ဆီကနေ လက်နက်တွေ အများကြီး ဝယ်ပြီးတာတောင် အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ သူတို့ကး အရည်အချင်းမရှိလွန်းရာ ရောက်သွားမှာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အတိအကျပဲ။ အဲ့ဒီပင်လယ်ဓားပြတွေက သာမန်ပါပဲ။ သူတို့မှာ မော်တာအမြောက်တွေ ပိုများနေရုံပဲ။ သူတို့ကို အနားမကပ်ခိုင်းသရွေ့တော့ အဲ့ဒီအမြောက်တွေက အသုံးမဝင်ဘူး။”
ကျန်းယွင်ထျန်းက ဖုန်းကြည့်နေရင်းပင် စကားဝိုင်းကို ဝင်ပြောလိုက်သည်။
“ဒါနဲ့ မော်တာအမြောက်အကြောင်း ပြောရရင်... အဲ့ဒါက မသေမျိုးမျိုးနွယ်တွေကို ခုခံဖို့အတွက် တကယ်ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ ပစ္စည်းက အရမ်းရှားနေတယ်။”
အန်းယွဲ့က ခေါင်းငြိမ့်ရင်း ဆိုလိုက်သည်။
“ဟုတ်တယ်။ အရေအတွက်က အရမ်းနည်းတယ်။ ငါတို့ သိမ်းဆည်းရမိတာက အရပ်မျက်နှာ တစ်ခုစာအတွက်ပဲ လောက်လိမ့်မယ်။”
ကျန်းယွင်ထျန်းကလည်း ထောက်ခံလိုက်သည်။
“ငါတို့ဆီမှာ ဓာတ်ခွဲခန်းရှိနေတာပဲ မဟုတ်ဘူးလား။ ဒီလိုမျိုး ခေတ်နဲ့အညီ တိုးတက်လာတဲ့ လက်နက်တွေကို သုတေသနလုပ်ဖို့က သိပ်မကြာပါဘူး။ စိတ်ချထားလိုက်ပါ။ မကြာခင်မှာ ပုံစံခွက် ရလာပါလိမ့်မယ်။”
ရှောင်းယီက ဆိုလိုက်သည်။
ထိုစကားကြောင့် ကျန်းယွင်ထျန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဟုတ်သားပဲ။ ဒါဆို ကောင်းတာပေါ့။ မော်တာအမြောက်တွေ ရှိရင် အစုလိုက်အပြုံလိုက် လာနေတဲ့ မသေမျိုးမျိုးနွယ်တွေကို တိုက်ခိုက်ဖို့အတွက် တကယ်ကို သင့်တော်သွားလိမ့်မယ်။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ပုံစံခွက်ကို အမြန်ဆုံး သုတေသနလုပ်နိုင်ဖို့ ငါ ဓာတ်ခွဲခန်းကို ထပ်ပြီး တိုက်တွန်းပေးလိုက်ပါ့မယ်။”
အားလုံးက ခေါင်းငြိမ့်လိုက်ကြသည်။
“ကောင်းပြီ... တော်တော်လည်း နောက်ကျနေပြီ။ အားလုံး သွားနားကြတော့။ အစ်ကိုကျန်း... ဟိုဘက်မှာ ညဂျူတီအတွက် စီစဉ်လိုက်ပါဦး။ ဒီညတော့ သိပ်ပြီး အေးအေးဆေးဆေး ရှိမှာမဟုတ်ဘူးလို့ ငါ ထင်တယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် အားလုံးသည် ထိုင်နေရာမှ ထကာ အသီးသီး ထွက်ခွာသွားကြလေတော့သည်။
အခန်း ၁၀၀၆ - အခြားကျူးကျော်မှုလမ်းကြောင်းများ၊ ကျွန်းပေါ်တွင် ပေါ်လာသော လေဟာနယ်တံခါး
ရှောင်းယီသည် သူ၏အိပ်ခန်းသို့ ပြန်ရောက်သောအခါ ဖုန်းကိုထုတ်၍ ယီထျန်း ဂရုချက်ကို ဖွင့်ကြည့်လိုက်သည်။
“သူဌေးက လက်နက်နဲ့ ခဲယမ်းတွေကို အချိန်မီ အလုံအလောက် ရောင်းပေးခဲ့လို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတို့ မဟာမိတ်အဖွဲ့တော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ဒါပေမဲ့ အုတ်မြစ်ကျောက် ကုန်ကျစရိတ်ကတော့ တကယ်များတယ်။ ငါတို့ ခက်ခက်ခဲခဲ စုဆောင်းထားတဲ့ အုတ်မြစ်ကျောက်တွေ အကုန်လုံးနီးပါး လက်နက်ဝယ်တာနဲ့တင် ကုန်သွားပြီ။”
“မဟာမိတ်အဖွဲ့ကို ဆက်ပြီး ထိန်းထားနိုင်တာပဲ တော်လှပြီ။ အုတ်မြစ်ကျောက်တွေ ရှိနေပြီး လူမှမရှိရင် ဘာလုပ်မှာလဲ။ အသက်ရှင်ဖို့က အဓိကပဲ။”
“အပေါ်က ညီအစ်ကိုတို့... မသေမျိုးမျိုးနွယ်တွေကို လေဟာနယ်တံခါးထဲ ပြန်မောင်းထုတ်နိုင်ကြပြီလား။”
“လေဟာနယ်တံခါးထဲ ပြန်မောင်းထုတ်ဖို့ ဟုတ်လား။ မင်း အိပ်မက်မက်နေတာလား။ သူတို့က အပြင်ကို အလုံးအရင်းနဲ့ ထွက်လာပြီးပြီဆိုတော့ ပြန်မောင်းထုတ်ဖို့ဆိုတာ လုံးဝ မလွယ်ဘူး။”
“ဟုတ်တယ်။ ငါတို့ဘက်မှာလည်း မသေမျိုးမျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုကို အကြိမ်ကြိမ် တွန်းလှန်ထားရတယ်။ ဒါပေမဲ့ လေဟာနယ်တံခါး အနားမှာ သူတို့တွေ အများကြီး ထွက်လာနေပြီဆိုတော့ ပြန်မောင်းထုတ်ဖို့က မဖြစ်နိုင်သလောက်ပဲ။”
“ငါ ထင်ထားတဲ့အတိုင်းပဲ။ သူတို့က တစ်ခါတည်း အတင်းတိုးထွက်လာပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခံစစ်ကို ဖောက်ထွက်နိုင်ခဲ့ပြီဆိုရင် လေဟာနယ်တံခါး ပတ်ဝန်းကျင်ကို အရင်ဆုံး အခိုင်အမာ တပ်စွဲဖို့ ကြိုးစားကြမှာပဲ။”
“ဒါဆိုရင် ခံစစ် ထိုးဖောက်ခံလိုက်ရတဲ့ မဟာမိတ်အဖွဲ့တွေက မသေမျိုးမျိုးနွယ်တွေရဲ့ အဆုံးမရှိတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတော့မှာပေါ့။”
“အဲ့ဒီလို နားလည်လို့ ရတယ်။”
“ဒါဆို နောက်ပိုင်းကျရင် တကယ်ကို ဖရိုဖရဲတွေ ဖြစ်ကုန်တော့မှာပဲ။”
“အရမ်းကြီးတော့ အဆိုးမမြင်ကြပါနဲ့ဦး။ အခုအချိန်မှာ မသေမျိုးမျိုးနွယ်တွေက မဟာမိတ်အဖွဲ့ရဲ့ အင်အားပေါ် မူတည်ပြီး ကျူးကျော်တဲ့ အင်အားကို သတ်မှတ်နေတုန်းပဲ။ ဆိုလိုတာက ရန်သူက ငါတို့ထက် အများကြီး ပိုမသာသေးဘူး။ ငါတို့ဆီမှာ သူဌေး ထောက်ပံ့ထားတဲ့ အဆင့်မြင့်လက်နက်တွေ ရှိနေသရွေ့ ထိပ်တိုက်တိုက်ပွဲတွေမှာ ခုခံနိုင်ပါသေးတယ်။”
“မှန်တယ်။ အရင်တုန်းက အုတ်မြစ်ကျောက်တွေအတွက် နေ့တိုင်း ပင်လယ်သတ္တဝါတွေ လာတိုက်တာနဲ့ သဘောတရားချင်း အတူတူပါပဲ။ အားလုံး အစွမ်းကုန် ခုခံကြမယ်ဆိုရင် တားဆီးနိုင်မှာပါ။”
“ဟူး... ရှေ့တန်းက စစ်သားတွေကို ပြန်ခေါ်ခဲ့မိတာ တကယ် နောင်တရတယ်။ အဲ့ဒီတုန်းက ပြန်မခေါ်ခဲ့ရင် အခုလောက်ထိ ခက်ခဲမှာ မဟုတ်ဘူး။”
“တကယ်တော့ အဲ့ဒါကလည်း အမြဲတမ်း မဟုတ်ပါဘူး။ ငါ့အမြင်ပြောရရင် ခင်ဗျားတို့က မသေမျိုးမျိုးနွယ်တွေရဲ့ အကြီးအကျယ် ကျူးကျော်မှုကို ကြိုပြီး ကြုံတွေ့နေရတာပဲ။ နောက်ပိုင်းကျရင် တခြား မဟာမိတ်အဖွဲ့တွေလည်း ဒီလိုအခြေအနေမျိုးနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပဲ။”
“ဒီလို အခြေအနေမျိုး ဟုတ်လား။ မင်းက လေဟာနယ်တံခါးကို ဝိုင်းထားတဲ့ ငါတို့ရဲ့ ခံစစ်ကြောင်းကြောင်းတွေပါ ထိုစဖောက်ခံရမယ်လို့ ဆိုလိုတာလား။”
“ထိုးဖောက်ခံရတာမျိုး မဟုတ်ရင်တောင် သူတို့မှာ တခြားလမ်းကြောင်းတွေကနေ လာနိုင်တဲ့ နည်းလမ်းတွေ ရှိလိမ့်မယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်။ အဲ့ဒီလိုဆိုရင် လေဟာနယ်တံခါးကို ဘယ်လောက်ပဲ ပိတ်ဆို့ထားထား အလကားပဲ။”
ထိုသူ၏ မှတ်ချက်ကို မြင်သောအခါ ရှောင်းယီလည်း အလေးအနက် သဘောတူမိသည်။ အကယ်၍ ဤကမ္ဘာကို ကျူးကျော်ရန် ဤတစ်လမ်းတည်းသာ ရှိသည်ဆိုပါက အသက်ရှင်ကျန်ရစ်သူများက လေဟာနယ်တံခါးအနားတွင် ဝိုင်းပတ်ပိတ်ဆို့ထားရုံဖြင့် ကျူးကျော်မှုကို လုံးဝ တားဆီးထားနိုင်မည် ဖြစ်သည်။ သို့ဆိုလျှင် ဤစမ်းသပ်မှုဆိုသည်မှာ အဓိပ္ပာယ်ရှိတော့မည် မဟုတ်ပေ။
၎င်းကို တွေးမိသည်နှင့် ရှောင်းယီသည် ကျန်းယွင်ထျန်းထံ ဖုန်းပြန်ဆက်လိုက်၏။
“အစ်ကိုကျန်း...လေဟာနယ်တံခါးကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေအပြင် တခြားနေရာတွေကိုပါ ကင်းလှည့်ဖို့အတွက် အဖွဲ့တချို့ကို ထပ်ပြီး စီစဉ်လိုက်ပါဦး။”
ကျန်းယွင်ထျန်းသည် ထိုဖုန်းလက်ခံရရှိသောအခါ ခဏမျှ ကြောင်သွားခဲ့သည်။
“ကျွန်းပိုင်ရှင် ဘာကို ဆိုလိုတာလဲ။ မသေမျိုးမျိုးနွယ်တွေက တခြား ကျူးကျော်မှု လမ်းကြောင်းတွေ ထပ်ဖွင့်နိုင်တယ် ထင်လို့လား။”
“ဘယ်သူက အသေအချာ ပြောနိုင်မှာလဲ။ ငါတို့က အခုအတိုင်းပဲ ဆက်ပြီး ပိတ်ဆို့ထားနိုင်မယ်ဆိုရင် သူတို့က ငါတို့ရဲ့ ခံစစ်ကို ဘယ်တော့မှ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။ ဒါက အရမ်းလွယ်ကူလွန်းနေတယ်လို့ မင်း မထင်ဘူးလား။”
ရှောင်းယီက ပြန်မေးလိုက်သည်။ ကျန်းယွင်ထျန်း အနည်းငယ် စဉ်းစားလိုက်၏။
“တကယ်လည်း အဲ့ဒီလို ဖြစ်နိုင်ပါတယ်။ ငါ သူတို့ကို အခုချက်ချင်း အလေးအနက် သတိပေးလိုက်ပါ့မယ်။”
ရှောင်းယီက ဤသို့ ဖုန်းဆက်၍ သတိမပေးလျှင်ပင် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ကင်းလှည့်တပ်ဖွဲ့များသည် မူလစီမံကိန်းအတိုင်း မဟာမိတ်အဖွဲ့၏ ကီလိုမီတာ ၃၀ ပတ်လည်အတွင်းရှိ ပင်လယ်ပြင်အားလုံးကို အမြဲမပြတ် ကင်းလှည့်နေကြသည်သာ ဖြစ်သည်။
ရှောင်းယီ၏ ဖုန်းခေါ်ဆိုမှုသည် သူတို့ကို ပေါ့ဆမှုမရှိစေရန် သတိပေးခြင်းလည်း ဖြစ်သည်။
ယီထျန်းဂရုချက်တင်တွင် သူတင်ထားသော အရောင်းအဝယ်များကို ကြည့်လိုက်ရာ လွန်ခဲ့သည့် သုံးနာရီကျော်အတွင်း နောက်ထပ် အုတ်မြစ်ကျောက် ၁၅၀ သန်း ရရှိခဲ့သည်။
သူသည် အရောင်းအဝယ်အားလုံးကို လက်ခံလိုက်သည်။
“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်များ: အုတ်မြစ်ကျောက် သန်း ၃၀၀။”
ရှောင်းယီသည် ဤသန်း ၃၀၀ ကို ကျွန်းချဲ့ထွင်ရန်အတွက် ဆက်မသုံးတော့ဘဲ ဂိုဒေါင်ထဲတွင်သာ သိမ်းဆည်းထားလိုက်သည်။
အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ကျော်နေပြီဖြစ်၍ ရှောင်းယီသည် ကုတင်ပေါ်သို့ တန်းခနဲ လှဲချလိုက်တော့သည်။
သူ မျက်စိပင် မမှိတ်ရသေးမီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ရုတ်တရက် သတိပေးသံ ထွက်ပေါ်လာသည်။
“ဒီ ဒီ ဒီ... ကျွန်းပေါ်တွင် မသေမျိုးမျိုးနွယ်များ ထွက်ပေါ်လာပါသည်။ ကျေးဇူးပြု၍ အချိန်မီ ကိုင်တွယ်ပါ။”
ရှောင်းယီသည် ကုတင်ပေါ်မှ တန်းနေအောင် ခုန်ထလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသွားကာ မြေပုံသို့ ပြောင်းကြည့်လိုက်ရာ သူ၏ကျွန်းပေါ်ရှိ အသစ်ချဲ့ထွင်ထားသော နေရာတစ်ခုတွင် အစက်အနီလေးတစ်ခုကို တွေ့လိုက်ရလေသည်။
ရှောင်းယီသည် မဟာမိတ်အဖွဲ့၏ ပင်မကျွန်းကြီးဂရုထဲတွင် ချက်ချင်း အော်ပြောလိုက်တော့သည်။
“အားလုံး သတိထားကြ။ ပင်မကျွန်းကြီးပေါ်မှာ မသေမျိုးမျိုးနွယ်တွေ ပေါ်လာပြီ။ ကိုဩဒိနိတ်က အနောက်တောင်ဘက်မှာပဲ။”
တစ်ချိန်တည်းမှာပင် သူသည် မသေမျိုးမျိုးနွယ်များ ထွက်ပေါ်လာသော တည်နေရာကို မဟာမိတ်အဖွဲ့အတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အားလုံးထံသို့ မျှဝေပေးလိုက်၏။
ထိုသတင်းကို ပို့ပြီးသည်နှင့် ကျန်းယွင်ထျန်းထံမှ ဖုန်းဝင်လာတော့သည်။
“ကျွန်းပိုင်ရှင် ဒါက ဘယ်လို အခြေအနေလဲ။ ပင်မကျွန်းကြီးပေါ်မှာ မသေမျိုးမျိုးနွယ်တွေ ဘယ်လိုလုပ် ရှိနေတာလဲ။”
“ငါလည်း မသေချာဘူး။ မင်း အဖွဲ့တွေကို စုစည်းလိုက်။ ငါ အရင်သွားနှင့်မယ်။”
ရှောင်းယီက တိုက်ရိုက် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်းယီသည် ဗီလာထဲမှ အပြေးအလွှား ထွက်လာခဲ့ရာ သူ၏အိပ်ခန်းထဲတွင် ရှိနေသော ရှောင်လင်းနှင့် ကျားဖြူတို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြလေသည်။
ထို့နောက် ရှောင်းယီသည် ဗီလာအဝင်ပေါက်ရှိ ကားထဲသို့ ဝင်ကာ အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားတော့သည်။
ယခု မသေမျိုးမျိုးနွယ်များ ပေါ်လာသည့်နေရာမှာ ဗီလာနှင့် ကီလိုမီတာ ၅၀ သာ ကွာဝေးသော်လည်း ထိုနေရာသို့ရောက်ရန် နာရီဝက်ခန့် မောင်းရဦးမည်ဖြစ်သည်။
ရှောင်းယီ စိတ်ပူနေသည်မှာ ထိုနာရီဝက်ဆိုသော အချိန်သည် မသေမျိုးမျိုးနွယ်များအနေဖြင့် တပ်ရင်းတစ်ခုလုံးကို တည်နေရာကူးပြောင်းရန် လုံလောက်သော အချိန်ဖြစ်နေ၍ပင်။
ပင်မကျွန်းကြီးပေါ်တွင် မသေမျိုးမျိုးနွယ်များ ရုတ်တရက် ပေါ်လာခြင်းမှာ ဆယ်ပုံကိုးပုံမှာ လေဟာနယ်တံခါးတစ်ခု ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ ထိုသတ္တဝါများမှာ သည်အတိုင်း ပေါက်ဖွားလာနိုင်သည် မဟုတ်ပေ။
အကယ်၍ ၎င်းသည် တကယ်ပင် လေဟာနယ်တံခါး ဖြစ်နေပါက တကယ်ကို ပြဿနာကြီးပေတော့မည်။
ရှောင်းယီသည် ကားကို အလွန်အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ရာ နာရီဝက်ကြာမည့် ခရီးကို မိနစ် ၂၀ ဖြင့် ရောက်ရှိသွားခဲ့သည်။
ထိုနေရာသို့ ရောက်သောအခါ ရှောင်းယီ အံ့အားသင့်သွား၏။ အဘယ်ကြောင့် ထိုနေရာကို ခုခံကာကွယ်နေသော တပ်ဖွဲ့တစ်ခု အမှန်တကယ် ရှိနေခြင်းကြောင့်ပင်။
“တကယ်ကို လေဟာနယ်တံခါးတစ်ခု ဖြစ်နေတာပဲ။”
ရှောင်းယီသည် ဟင်းလင်းပြင်ထဲတွင် ပေါ်လာပြီး လည်ပတ်နေသော ဝဲဂယက်ကြီးကို ကြည့်ကာ တွေးတောရင်း ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ အထဲသို့ တိုက်ရိုက် တိုးဝင်လိုက်တော့သည်။
ထိုအချိန်တွင် လေဟာနယ်တံခါးအနားတွင် မျောက်အုပ်စုတစ်စုမှာ တုတ်များကို ကိုင်ဆောင်ကာ လေဟာနယ်တံခါးထဲမှ ထွက်လာသော အရိုးစုများကို တိုက်ခိုက်နေကြသည်။
“ပဏ္ဍိတငယ်လေး... မင်း ဒီတစ်ခေါက်တော့ တကယ်ကို အမှုထမ်းကောင်းတာပဲ။ နောက်ကျရင် မင်းစားဖို့ သားရဲကြီးရဲ့ အသားကောင်းကောင်းတွေ ငါ ချန်ထားပေးမယ်။”
ရှောင်းယီသည် ဘေးပတ်ပတ်လည်ရှိ အရိုးစုများကို ခုတ်ပိုင်းရင်း အကျယ်ကြီး အော်ပြောလိုက်သည်။
“ကျိကျိ ကျိကျိ...။”
ပဏ္ဍိတငယ်လေးက ပျော်ရွှင်စွာ အော်မြည်လိုက်၏။
အမှန်တွင် ဤလေဟာနယ်တံခါးကို ပဏ္ဍိတငယ်လေး၏ မျောက်အနွယ်ဝင်များက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပဏ္ဍိတငယ်လေးကို ချက်ချင်း သတင်းပို့ခဲ့ခြင်း ဖြစ်သည်။
ရှောင်ရှန်းသည် ထိုလေဟာနယ်တံခါးမှာ ဘာလဲဆိုသည်ကို မသိသော်လည်း ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိသဖြင့် ချက်ချင်း လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် သူရောက်လာသောအခါ ဝဲဂယက်ထဲမှ အရိုးစုများ ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။
ကြည့်ရုံနှင့်ပင် ၎င်းမှာ ကောင်းသည့်အရာ မဟုတ်ကြောင်း သိသဖြင့် ရှောင်ရှန်းက ချက်ချင်း စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရှောင်းယီ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နောက်မှပါလာသော ရှောင်လင်းနှင့် ကျားဖြူတို့ကလည်း တိုက်ပွဲထဲသို့ ပါဝင်လာခဲ့ကြသည်။
ဤသားရဲလေးနှစ်ကောင်မှာ ငယ်သေးသည်ဆိုသော်လည်း အစစ်အမှန် SSS အဆင့်များဖြစ်ရာ လက်သည်းတစ်ချက်ဖြင့်ပင် အရိုးစုတစ်ကောင်ကို ဖြိုလဲနိုင်စွမ်း ရှိကြသည်။
လေဟာနယ်တံခါးထဲမှ အရိုးစုများ ပိုမိုများပြားလာသည်ကို ရှောင်းယီ မြင်လိုက်ရ၏။ ထို့ကြောင့် လက်တစ်ဖက်က ရွှမ်ယွမ်ဓားကို ကိုင်ထားရင်း ကျန်တစ်ဖက်က ဖုန်းထုတ်ကာ ကျန်းယွင်ထျန်းထံသို့ ဖုန်းခေါ်လိုက်တော့သည်။
“မင်းတို့ ဘယ်ရောက်နေပြီလဲ။ မြန်မြန်လာခဲ့ကြ။ ဒီမှာ လေဟာနယ်တံခါးတစ်ခု ရှိနေတယ်။”
“ရောက်ဖို့ နောက်ထပ် ၁၀ မိနစ်လောက် လိုသေးတယ်။ မင်းရှိတဲ့နေရာကို ဝိုင်းနိုင်ဖို့ အပြင်ဘက်ကနေ အရင်ဆုံး ခံစစ်ကြောင်းကြောင်း ချလိုက်မယ်။”
ကျန်းယွင်ထျန်းက သူ၏ စီမံချက်ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
“ကောင်းပြီ။ မင်းရဲ့ အစီအစဉ်အတိုင်းသာ လုပ်လိုက်...။ မြန်မြန်... မြန်မြန်။”
ရှောင်းယီက စိုးရိမ်တကြီး ပြန်ဖြေလိုက်ပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်ကာ ရှေ့ရှိ အရိုးစုများကို ဆက်လက် ခုတ်ပိုင်းနေလေတော့သည်။