← Chapters

အခန်း (၁၀၀၇-၁၀၀၈)

Vol. 84 Ch. 1007-1008

အခန်း (၁၀၀၇-၁၀၀၈)

Vol. 84 Ch. 1007-1008

အခန်း ၁၀၀၇ - ကျွန်းပေါ်တွင် လေဟာနယ်တံခါးတစ်ခု ဘာကြောင့် ပေါ်လာရသနည်း

ရှောင်းယီအတွက်မူ ဤအရိုးစုများသည် အလွန်အားနည်းသော်လည်း အရေအတွက်မှာ အလွန်အမင်း များပြားလွန်းလှသည်။ ရှောင်းယီနှင့် သူ၏ အိမ်မွေးတိရစ္ဆာန်သုံးကောင်မှာ အရှိန်အဟုန်ဖြင့် သတ်ဖြတ်နေကြသော်လည်း မသေမျိုးမျိုးနွယ်များ လေဟာနယ်တံခါးမှ တိုးထွက်လာသည့် အရှိန်ကို မမီနိုင်ကြပေ။

အချိန်ကြာလာသည်နှင့်အမျှ မသေမျိုးမျိုးနွယ်များမှာ ပို၍ပို၍ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာကြသည်။ တစ်ဖက်ရန်သူမှာလည်း ဤနေရာတွင် ရှောင်းယီ၌ ခံစစ်အင်အား သိပ်မရှိသည်ကို သိနေပုံရရာ ထွက်လာသည့် အရေအတွက်မှာ ပို၍ပင် များပြားလာခဲ့သည်။

“အစ်ကိုကျန်း... မင်းတို့ အမြန်မလာဘူးဆိုရင် ပင်မကျွန်းကြီးတစ်ခုလုံး အရိုးစုတွေနဲ့ ပြည့်သွားတော့မယ်။”

ရှောင်းယီသည် ပိုမိုများပြားလာသော အရိုးစုများကို ကြည့်ရင်း စိုးရိမ်စိတ်ဖြင့် ပြောလိုက်မိသည်။

အရိုးစုပင်လယ်ကြီးအတွင်း နစ်မြုပ်မသွားစေရန်အတွက် ရှောင်းယီသည် သူ၏ သားရဲလေးများနှင့်အတူ နောက်ဆုတ်ပေးလိုက်ရ၏။

အတိအကျ ထိုအချိန်မှာပင် သူတို့၏ နောက်ဘက်မှ အမြောက်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဝုန်း ဝုန်း ဝုန်း

လေဟာနယ်တံခါးအနားရှိ အရိုးစုများသည် အမြောက်ကျည်များ၏ ဒဏ်ကြောင့် တစ်စစီ လွင့်စင်သွားခဲ့ကြသည်။

“ဟူး... နောက်ဆုံးတော့ ရောက်လာပြီပဲ။”

ယခုမှသာ ရှောင်းယီ သက်ပြင်းချလိုက်နိုင်တော့သည်။

ဒိုင်း ဒိုင်း ဒိုင်း

ကာဘိုင်ရိုင်ဖယ်များ၏ ဆက်တိုက်ပစ်ခတ်သံများသည် ရှောင်းယီတို့အဖွဲ့၏ ဘေးတစ်ဖက်တစ်ချက်စီမှ ထွက်ပေါ်လာခဲ့၏။ ထိုကဲ့သို့ ပြင်းထန်သော ပစ်ခတ်မှုများအောက်တွင် အရိုးစုများမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြတော့လေသည်။

“ကျွန်းပိုင်ရှင်...”

ကျန်းယွင်ထျန်း သူ့နားသို့ လျှောက်လာပြီး အဝေးရှိ လေဟာနယ်တံခါးကို ကြည့်ကာ နားမလည်သလို မေးလိုက်သည်။

“ဒီလေဟာနယ်တံခါးက ငါတို့ကျွန်းပေါ်မှာ ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ။”

ရှောင်းယီသည်လည်း ခေါင်းကို အားကိုးရာမဲ့စွာ ခါယမ်းလိုက်သည်။ အကယ်၍ သူသာ အကြောင်းရင်းကို သိပါက ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပြီးသား ဖြစ်ပေလိမ့်မည်။

“ဒီနေရာကို ဝိုင်းထားပြီးပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်ကဲ့ အကုန်ဝိုင်းထားပြီးပါပြီ။ ဒီနေရာမှာ သစ်ပင်တွေလည်း ပြန်မပေါက်တော့ဘူးဆိုတော့ ဒီတစ်ဝိုက်ကို တံတိုင်းတစ်ခုနဲ့ ပတ်ပြီးကာလိုက်ရင် မကောင်းဘူးလား။ အဲ့ဒါဆို သူတို့ကို ရှင်းထုတ်ဖို့ ပိုလွယ်သွားလိမ့်မယ်။ မသေမျိုးမျိုးနွယ်တွေလည်း ပြန့်မသွားတော့ဘူး ငါတို့ စစ်သားတွေအတွက်လည်း ပိုစိတ်ချရတာပေါ့။”

ကျန်းယွင်ထျန်းက အကြံပြုလိုက်သည်။

“အင်း... အကြံကောင်းပဲ။ ငါ အခုချက်ချင်း ပြန်ပြီး တည်ဆောက်လိုက်မယ်။”

ရှောင်းယီ ခေါင်းငြိမ့်ပြပြီး မြို့ပြန်ကျောက်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ခိုင်ခံ့သော ကွန်ကရစ်တံတိုင်းများကို ရွေးချယ်ကာ ထိုနေရာကို လုံးဝပိတ်ဆို့ကာ ကာရံလိုက်တော့သည်။

ရုတ်တရက် ပေါ်လာသော တံတိုင်းများကို ကြည့်ရင်း ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ချက်ချင်း တံတိုင်းပေါ်တက်ပြီး ခံစစ်ပြင်ကြ။ တံတိုင်းအပြင်ဘက် ကင်းလှည့်ဧရိယာကိုလည်း ချက်ချင်းချဲ့လိုက်။ မသေမျိုးမျိုးနွယ် တစ်ကောင်တစ်လေမှ လွတ်မသွားစေနဲ့။”

“ဟုတ်ကဲ့”

စစ်သားများက ပြန်ဖြေလိုက်ကြသည်။

တံတိုင်းရှိသွားပြီဖြစ်ရာ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ စစ်သားများသည် ရန်သူ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုတော့ဘဲ မသေမျိုးမျိုးနွယ်များကို အားရပါးရ တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ ရှောင်းယီ တည်ဆောက်ထားသော တံတိုင်းမှာ S အဆင့်ဖြစ်ပြီး မသေမျိုးမျိုးနွယ်များမှာလည်း S အဆင့်သာ ဖြစ်သဖြင့် ဤတံတိုင်းကို ဖျက်ဆီးရန်မှာ သူတို့အတွက် အလွန်ခက်ခဲလှပေသည်။ တံတိုင်းပေါ်မှ စစ်သားများ၏ တိုက်ခိုက်မှုနှင့် ပေါင်းစပ်လိုက်ပါက မသေမျိုးမျိုးနွယ်များ ဤခံစစ်ကြောင်းကြောင်းကို ဖောက်ထွက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

တံတိုင်းများ တည်ဆောက်ပြီးနောက် ရှောင်းယီသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ မျက်မှောင်ကြုတ်လျက် စဉ်းစားခန်း ဝင်တော့သည်။

“လေဟာနယ်တံခါးက ကျွန်းပေါ်မှာ ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ။”

ရှောင်းယီ စဉ်းစား၍ မရပေ။

အကယ်၍ ဤသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် ကာကွယ်ရသည်မှာ အလွန်ခက်ခဲသွားမည် မဟုတ်ပါလော။

ရှောင်းယီသည် ယီထျန်း ဂရုချက်တင်ကို ချက်ချင်း ဖွင့်လိုက်ပြီး မေးလိုက်သည်။

“မသေမျိုးမျိုးနွယ်တွေရဲ့ လေဟာနယ်တံခါးတွေ မင်းတို့ကျွန်းပေါ်မှာ ပေါ်လာတာမျိုး ကြုံရတဲ့သူ ရှိလား ”

သူ၏ အခြေအနေမှာ အထူးဖြစ်ရပ်တစ်ခု ဖြစ်နိုင်သဖြင့် ရှောင်းယီအနေဖြင့် မသေမျိုးမျိုးနွယ်များ ပေါ်လာသည့် ပုံစံကို ဆုံးဖြတ်နိုင်ရန် နောက်ထပ် သာဓကများစွာကို သိရှိဖို့ လိုအပ်နေခြင်း ဖြစ်သည်။

“သူဌေးက ခုထိ မအိပ်သေးဘူးလား။ တကယ်ကို ကြိုးစားတာပဲ။ ငါသာ ယီရန်ပင်း မဟာမိတ်အဖွဲ့လောက် အင်အားရှိရင် အေးအေးဆေးဆေး အိပ်နေပြီ။ ဘယ်သူက အခုထိ မအိပ်ဘဲ နေမှာလဲ။”

“အပေါ်ကလူရေ... အဓိကအချက်ကိုပဲ အာရုံစိုက်စမ်းပါ။ သူဌေးက သူ့ကျွန်းပေါ်မှာတင် မသေမျိုးမျိုးနွယ်တွေရဲ့ လေဟာနယ်တံခါးကို တွေ့နေရတာတဲ့ဟ။”

“မဖြစ်နိုင်တာ...။ အခု ကျွန်းတွေပေါ်မှာပါ လေဟာနယ်တံခါးတွေ ပေါ်နေပြီလား။ ငါ့ကျွန်းမှာ ကင်းလှည့်အဖွဲ့တောင် မစီစဉ်ရသေးဘူး။”

“ငါ့စစ်သားတွေဆို အကုန် ရှေ့တန်းရောက်နေတာ။ ကျွန်းထဲမှာ ကင်းလှည့်ဖို့ ဘယ်မှာ စစ်သားပိုရှိမှာလဲ။”

“သူဌေး ဘာတွေဖြစ်နေတာလဲဆိုတာ မြန်မြန်ပြောပြပါဦး။ ခင်ဗျားကျွန်းပေါ်မှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ။”

ရှောင်းယီအနေဖြင့် သူ၏အခြေအနေကို ရှင်းပြရန်မှတစ်ပါး အခြားမရှိတော့ပေ။

“အားလုံး အရမ်းကြီး မထိတ်လန့်ကြပါနဲ့။ ဘာလို့လဲဆိုတော့ ကျွန်းပေါ်မှာ မသေမျိုးမျိုးနွယ်တွေ ပေါ်လာရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေ သတိပေးချက် ထုတ်ပြန်ပေးမှာမို့လို့ပါ။ ဒါကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးသံ မကြားရသေးသရွေ့တော့ ခင်ဗျားတို့ကျွန်းပေါ်မှာ မသေမျိုးမျိုးနွယ်တွေ မရှိသေးဘူးလို့ ဆိုလိုနိုင်ပါတယ်။”

“ဟူး... လန့်သွားတာပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးချက်ရှိတာ တော်သေးတယ်။ အရင်တုန်းက ပင်လယ်သတ္တဝါတွေ ကျွန်းကိုလာတိုက်တုန်းက သတိပေးချက်မျိုးပဲလား။”

“ဟုတ်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် တော်သေးတာပေါ့။ ငါ့ဆီမှာတော့ ဘာသတိပေးချက်မှ မတက်သေးဘူး။”

“ငါ့ဆီမှာလည်း မရှိဘူး။”

“ဒီမှာလည်း မရှိဘူး +၁။”

အဖွဲ့ထဲမှ လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် တခြားမည်သည့်ကျွန်းပေါ်တွင်မှ မသေမျိုးမျိုးနွယ် လေဟာနယ်တံခါးများ ပေါ်ပေါက်ခြင်း မရှိကြောင်း ရှောင်းယီ အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။ သို့သော် သူ၏ကျွန်းပေါ်တွင်မှ ဘာကြောင့် ပေါ်လာရသနည်း။

“အခြေအနေချင်း မတူတာက ငါ့ကျွန်းက တခြားမဟာမိတ်အဖွဲ့တွေရဲ့ ကျွန်းနဲ့ မတူလို့ ဖြစ်ရမယ်။”

ရှောင်းယီ တွေးလိုက်သည်။

“ငါ့ကျွန်းက တခြားကျွန်းတွေထက် အရမ်းကျယ်နေလို့များလား။”

“ဒါပဲ...။”

ရှောင်းယီသည် ကျန်းယွင်ထျန်း ခုနကပြောခဲ့သော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွား၏။

“ဒီနေရာမှာ သစ်ပင်တွေလည်း ပြန်မပေါက်တော့ဘူးဆိုတော့...”

ထိုနေရာသည် သူအသစ်ချဲ့ထွင်ထားသော နေရာဖြစ်၏။ ယနေ့နေ့ခင်းပိုင်းတွင် သူသည် စတုရန်းကီလိုမီတာ ၈ သိန်းကျော်အထိ ကျွန်းကို ချဲ့ထွင်ခဲ့သောကြောင့်များလော။

၎င်းမှာ အဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်သည်ဟု ရှောင်းယီ ခံစားလိုက်ရသည်။ ဆယ်ပုံတွင် ကိုးပုံမှာ ဤလေဟာနယ်တံခါးသည် သယံဇာတ အရင်းအမြစ်များ ပြန်လည်မပေါက်ဖွားနိုင်သော ကွက်လပ်နေရာများတွင် ပေါ်ပေါက်လာရန် စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ဤသည်မှာ ယူဆချက်တစ်ခုသာ ဖြစ်သေးသဖြင့် ရှောင်းယီအနေဖြင့် အတည်ပြုရန် လိုအပ်နေသေးသည်။ ထို့ကြောင့် သူက အဖွဲ့ထဲတွင် ထပ်မံ မေးလိုက်သည်။

“ဒီနေ့ ကျွန်းကို ချဲ့ထွင်ထားတဲ့သူ ရှိလား။”

“အမ်...သူဌေးက ဒါကို ဘာလို့ ရုတ်တရက်ကြီး စိတ်ဝင်စားနေတာလဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့ကတော့ မချဲ့ဖြစ်ဘူး။ အုတ်မြစ်ကျောက်တွေ အကုန်လုံးက သေနတ်နဲ့ အမြောက်ဝယ်တာနဲ့တင် ကုန်သွားပြီ။”

“ဒီမှာလည်း အတူတူပဲ။ ကျွန်းချဲ့ဖို့ အုတ်မြစ်ကျောက်တွေ ဘယ်မှာ ပိုရှိမှာလဲ။”

“မှန်တယ်။ အခုကျွန်းရဲ့ အကျယ်အဝန်းက ကွက်တိပဲ။ ဒီထက် ပိုကျယ်သွားရင် ငါတို့မှာ ကာကွယ်ဖို့ လူအင်အား မလောက်တော့ဘူး။ ဒါကြောင့် ကျွန်းမချဲ့တာ တော်တော်ကြာပြီ။”

“ကျွန်းမချဲ့ဘူး +၁။”

ဂရုထဲတွင် ကျွန်းချဲ့ထားသူ တစ်ယောက်မှ မရှိသဖြင့် ဤယူဆချက်မှာ မှန်၊ မမှန်ကို ရှောင်းယီ လောလောဆယ် အတည်မပြုနိုင်သေးပေ။

ထိုအချိန်တွင် တိလင်းထျန်းရှားက အဖွဲ့ထဲတွင် မေးလိုက်သည်။

“ယီရန်ပင်း မင်းဆိုလိုတာက ကျွန်းချဲ့ထွင်တာကြောင့် ကျွန်းပေါ်မှာ လေဟာနယ်တံခါး ပေါ်လာတာလို့ ပြောချင်တာလား။”

“ဒါက လောလောဆယ် ယူဆချက်တစ်ခုပဲ ရှိပါသေးတယ်။ ဒီနေ့ ငါက လက်နက်တွေ အများကြီး ရောင်းလိုက်ရလို့ အုတ်မြစ်ကျောက်တွေ အများကြီး ရလိုက်တယ်။ အဲ့ဒါနဲ့ ကျွန်းကို ထပ်ချဲ့လိုက်တာ။ အခု ဒီပြဿနာတွေ တက်လာတာပဲ။ တကယ်ကို ခေါင်းကိုက်စရာပဲ။”

ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။

“အဲ့ဒီလိုဆိုရင်တော့ ဒီယူဆချက်ကို အတည်ပြုဖို့အတွက် ငါ ပူးပေါင်းပေးမယ်။”

ထိလင်းထျန်းရှားက ထပ်ပြောလိုက်သည်။

“အင်း ကောင်းပြီ။ ငါလည်း ဒီစမ်းသပ်မှုကို လုပ်ဖို့ ပြင်နေတာ။”

ရှောင်းယီက ပြန်ဖြေသည်။

“ငါတို့ လေ့လာချက်အရ လေဟာနယ်တံခါးရဲ့ အချင်းက ၁၅ မီတာလောက် ရှိတယ်။ ဒါကြောင့် ငါတို့က အတိုင်းအတာ ၅x၅၊ ၁၀x၁၀၊ ၁၅x၁၅ နဲ့ ၂၀x၂၀ ဆိုပြီး အဖွဲ့ လေးဖွဲ့ခွဲပြီး တိုစချဲ့ကြည့်မယ်။ ကျွန်းခွဲရှစ်ကျွန်းကို သုံးပြီး တစ်ဖွဲ့ကို နှစ်ကျွန်းနှုန်းနဲ့ စမ်းသပ်ကြည့်မယ်။”

“ကောင်းပြီ။ ငါတို့ လင်းအင်ပါယာ မဟာမိတ်အဖွဲ့မှာလည်း တစ်ဖွဲ့ကို နှစ်ကျွန်းနှုန်းနဲ့ စမ်းသပ်ပေးပါ့မယ်။”

တိလင်းထျန်းရှားက ပြန်ပြောလာခဲ့သည်။

“ကျေးဇူး အများကြီး တင်ပါတယ်။”

ရှောင်းယီက ဆိုသည်။

“ကိစ္စမရှိပါဘူး။ ငါလည်း ဒါက စည်းမျဉ်းတစ်ခုလားဆိုတာ သိချင်လို့ပါပဲ။ မဟုတ်ရင် နောက်ပိုင်း ကျွန်းတိုးချဲ့တိုင်း စိုးရိမ်တကြီး ဖြစ်နေရလိမ့်မယ်။”

တိလင်းထျန်းရှားက ပြန်ပြောလိုက်သည်။

စမ်းသပ်သည့် အုပ်စုများလေလေ ရလဒ်က ပိုပြီး တိကျသေချာလေလေ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တိလင်းထျန်းရှားနှင့်အတူ ပူးပေါင်းစမ်းသပ်ခြင်းက ပိုမိုခိုင်မာသော ရလဒ်ကို ရရှိစေမည် ဖြစ်သည်။

“ဒါနဲ့ သတိပေးစရာ တစ်ခုရှိတာက ကျွန်းကို ချဲ့ပြီးတာနဲ့ အဲ့ဒီနေရာအသစ်ကို တံတိုင်းတွေနဲ့ ချက်ချင်း ကာရံလိုက်ပါ။ အဲ့ဒါဆိုရင် မတော်တဆ တစ်ခုခုဖြစ်ရင်တောင် တုံ့ပြန်ရတာ ပိုလွယ်သွားလိမ့်မယ်။”

အခန်း ၁၀၀၈ - စမ်းသပ်မှု၊ လေဟာနယ်တံခါးအသစ်

ရှောင်းယီ၏ သတိပေးချက်ကို ကြားသောအခါ တိလင်းထျန်းရှားက “နားလည်ပါပြီ” ဟု ပြန်ဖြေလိုက်သည်။

ခုနက ရှင်းပြခဲ့သော အုပ်စုလေးစုအရ ရှောင်းယီသည် ကျွန်းခွဲရှစ်ကျွန်းတွင် စမ်းသပ်မှုကို ချက်ချင်းစတင်လိုက်၏။ ကံကောင်းထောက်မစွာဖြင့် အရင်အရောင်းအဝယ်များမှ အုတ်မြစ်ကျောက်တချို့ ကျန်ရှိနေသေးသဖြင့်သာ ရှောင်းယီအနေဖြင့် ဤစမ်းသပ်မှုကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ကျွန်းခွဲရှစ်ကျွန်း၏ သက်ဆိုင်ရာ ဧရိယာများကို ချဲ့ထွင်ပြီးနောက် အသစ်တိုးလာသော နေရာများကို ချက်ချင်းပင် တံတိုင်းခတ်လိုက်သည်။ ကျွန်းခွဲရှစ်ကျွန်း၏ တာဝန်ခံများမှာ ဇဝေဇဝါဖြစ်နေကြသော်လည်း ရှောင်းယီ၏ စီစဉ်ညွှန်ကြားချက်များကို အတိအကျ လိုက်နာဆောင်ရွက်ခဲ့ကြသည်။

အားလုံးက ရှောင်းယီ၏ အမိန့်ကို အကောင်အထည်ဖော်ပြီးသောအခါ တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်တော့သည်။

“ကျွန်းပိုင်ရှင်... ဘာလို့ ဒီလောက် ဧရိယာသေးသေးလေးကို တိုးချဲ့ရတာလဲ။ ပြီးတော့ ဘာလို့ တံတိုင်းတွေ ခတ်ခိုင်းရတာလဲ။”

စွန်းကုထောက်ရ သိလိုစိတ်ဖြင့် မေးလိုက်သည်။

ဤတာဝန်ခံများသည် ဂရုချက်တင်မှ သတင်းစကားများကို စစ်ဆေးရန် အချိန်မရသေးပေ။ သူတို့အားလုံးမှာ ရှေ့တန်းတိုက်ပွဲများကို ကြီးကြပ်နေရသူများ သို့မဟုတ် အလှည့်ကျနားနေသူများ ဖြစ်ကြသည်။

ရှောင်းယီက အကျိုးအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ အားလုံး နားလည်သွားကြတော့သည်။

“နောက်ဆိုရင် ဂရုချက်တင်က သတင်းတွေကို စောင့်ကြည့်ဖို့အတွက် လက်ထောက်နှစ်ယောက်လောက် စီစဉ်ထားလိုက်ပါ။ အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို သူတို့ကတစ်ဆင့် စစ်ထုတ်ပြီး မင်းတို့ကို ပြန်တင်ပြခိုင်းလိုက်ပေါ့။”

ရှောင်းယီက အကြံပြုလိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

အားလုံးက တုံ့ပြန်လိုက်ကြသည်။

ပင်မကျွန်းကြီးပေါ်တွင်မူ ကျန်းယွင်ထျန်းသည် လေဟာနယ်တံခါး၏ ၁၀ ကီလိုမီတာ ပတ်လည်အတွင်းရှိ နေရာတိုင်းကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်။ မသေမျိုးမျိုးနွယ်များကို မတွေ့ရတော့သဖြင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

“ကျွန်းပိုင်ရှင်ရဲ့ တုံ့ပြန်မှုက တကယ်ကို အချိန်မီခဲ့တာပဲ။”

ကျန်းယွင်ထျန်းက တွေးလိုက်သည်။

ထို့နောက် သူသည် လေဟာနယ်တံခါးအနားသို့ ချဉ်းကပ်ကြည့်လိုက်ရာ အထဲမှ မသေမျိုးမျိုးနွယ်များ ထပ်မံတိုးထွက်လာခြင်း မရှိတော့သည်ကို တွေ့လိုက်ရလေသည်။

“ဒါက အစမ်းသပ်ခံလိုက်ရုံပဲ ဖြစ်နိုင်တယ်။”

ငြိမ်သက်သွားသော လေဟာနယ်တံခါးကို ကြည့်ကာ ကျန်းယွင်ထျန်းက တွေးတောလိုက်မိသည်။ ထိုနေရာရှိ စစ်သားများအတွက် အလှည့်ကျကင်းစောင့်ရန် စီစဉ်ပေးပြီးနောက် သူသည် ဗီလာသို့ ပြန်လာခဲ့လိုက်တော့လေသည်။

မြို့ရိုးတံတိုင်းများ ကာရံထားသဖြင့် ဤနေရာမှာ ပင်လယ်ပြင်ထက် ခုခံရသည်မှာ ပို၍ပင် လွယ်ကူနေတော့သည်။

ထိုအချိန်တွင် ယီထျန်းဂရုချက်တင်၌ တစ်စုံတစ်ယောက်က သတင်းတစ်ခု ပေးပို့လိုက်သည်။

“အားလုံး သတိထားကြဦး။ ငါ့ဘက်မှာ နောက်ထပ် လေဟာနယ်တံခါးတစ်ခု ထပ်ပေါ်လာပြန်ပြီ။”

“ဘာ..အဲ့ဒါကလည်း ကျွန်းပေါ်မှာ ပေါ်လာတာလား။”

“အရင် လေဟာနယ်တံခါး ရှစ်ခုနဲ့တင် ငါတို့ လူအင်အားတွေ အကုန်သုံးနေရတာ။ နောက်ထပ် တစ်ခု ထပ်ထွက်လာရင် ငါတို့ ဘယ်လိုလုပ်မလဲ။”

“အဲ့ဒါ မင်းရဲ့ ကျွန်းပေါ်မှာ ပေါ်တာလား။”

ရှောင်းယီကလည်း စိုးရိမ်တကြီးဖြင့် မေးလိုက်ပြီး ခုနက ပြောလိုက်သူကို @ ခေါ်လိုက်သည်။

“မဟုတ်ဘူး။ ပင်လယ်ထဲမှာပဲ။ အရင် လေဟာနယ်တံခါး ရှစ်ခုရှိတဲ့ နေရာမှာ မဟုတ်ဘူး။ နည်းနည်း ဘေးရောက်နေတယ်။”

“သေစမ်း... ဒီလောက် ကျယ်ပြောတဲ့ သမုဒ္ဒရာထဲမှာ နေရာတိုင်းကို ကင်းလှည့်ဖို့ စစ်သားတွေ ဘယ်လိုမှ မစီစဉ်နိုင်ဘူး။”

“ဒါဆိုရင်တော့ သွားပြီပဲ။ ကျွန်းတွေပေါ်မှာပဲ အခိုင်အမာ တပ်စွဲထားတာ ပိုကောင်းမယ်။”

ထိုအခါ ရှောင်းယီက လေးနက်သော အသံဖြင့် ထပ်မေးလိုက်သည်။

“အဲ့ဒီနေရာနဲ့ မင်းတို့ကျွန်းရဲ့ အကွာအဝေးက အရင်တွေ့ထားတဲ့ လေဟာနယ်တံခါး ရှစ်ခုနဲ့ အကွာအဝေး အတူတူပဲလား။”

“အဲ့ဒါတော့ သတိမထားမိလိုက်ဘူး။ ကျုပ် အခုချက်ချင်း စစ်ဆေးခိုင်းလိုက်မယ်။”

မကြာမီ ထိုသူက ပြန်ဖြေလာခဲ့သည်။

“ထူးထူးခြားခြား ကွာခြားမှု မရှိဘူး။ အကွာအဝေးက အတူတူလောက်ပဲ။”

ရှောင်းယီ မျက်မှောင်ကြုတ်သွားသည်။ ထိုအချိန်တွင် ယီထျန်းဂရုချက်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

“သေစမ်း... ငါတို့ဘက်မှာလည်း လေဟာနယ်တံခါး အပိုတစ်ခု ပေါ်လာပြီ။ မသေမျိုးမျိုးနွယ်တွေ အလုံးအရင်းနဲ့ လာနေကြပြီ။”

“ဒီမှာလည်း အတူတူပဲ။ ဒါက စည်းမျဉ်းတွေကို လုံးဝ မလိုက်နာတာပဲ။ အားကစားစိတ်ဓာတ် လုံးဝ မရှိဘူး။”

“မလွယ်တော့ဘူး။ ငါတို့ နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ခံနေရပြီ။ အချိန်ဆွဲဖို့အတွက် ကျွန်းပေါ်ကိုပဲ ပြန်ဆုတ်လိုက်ရတော့မယ်။”

အဖွဲ့ထဲတွင် လေဟာနယ်တံခါးများ တစ်ခုပြီးတစ်ခု ပေါ်လာကြောင်း သတင်းပို့နေကြသည်ကို မြင်သောအခါ ရှောင်းယီသည် ယီရန်ပင်း မဟာမိတ်အဖွဲ့ထဲတွင် ချက်ချင်း အမိန့်ပေးလိုက်တော့လေသည်။

“ရှေ့တန်းတပ်ဖွဲ့တွေ သတိထားကြ။ မသေမျိုးမျိုးနွယ်တွေက ပင်လယ်ထဲမှာ တခြား လေဟာနယ်တံခါးတွေ ထပ်ဖွင့်နေကြပြီ။”

“ဟုတ်ကဲ့...။”

တာဝန်ကျနေသော ရှေ့တန်းတာဝန်ခံများက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

သူတို့၏ အချိန်မီ တုံ့ပြန်မှုများကို မြင်သောအခါ ရှောင်းယီက ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ယီထျန်းဂရုချက်တွင် ထပ်မံမေးမြန်းလိုက်သည်။

“အဲ့ဒီ လေဟာနယ်တံခါးတွေရဲ့ တည်နေရာ အချက်အလက်ကို သတိထားမိတဲ့သူ ရှိလား။”

“သူဌေးရာ... ကျုပ်တို့မှာ စစ်သားတွေ အများကြီး ဆုံးရှုံးနေရတာ။ အဲ့ဒါတွေ ဘယ်ကထွက်လာသလဲဆိုတာကို ကြည့်ဖို့ အချိန်ဘယ်မှာ ရှိမှာလဲ။”

“ဟုတ်တယ်။ ကျုပ်တို့ တိုက်ရင်းခိုက်ရင်းနဲ့ ကျွန်းပေါ်ကိုပဲ ပြန်ဆုတ်နေရတယ်။ အခု ခံစစ် တည်ဆောက်ဖို့ အသည်းအသန် လုပ်နေရပြီ။ ပင်လယ်ထဲမှာလည်း မသေမျိုးမျိုးနွယ်တွေရဲ့ သင်္ဘောတွေနဲ့ ပြည့်နေပြီ။”

“သူဌေး... ကျုပ်တို့ သတိထားမိပါတယ်။ ကျုပ်တို့ကျွန်းနဲ့ အကွာအဝေးကတော့ အရင် လေဟာနယ်တံခါးတွေနဲ့ အတူတူလောက်ပါပဲ။”

“ဒီမှာလည်း အတူတူပဲ။ ဒါပေမဲ့ နည်းနည်းတော့ ပိုနီးလာသလိုပဲ။”

“ကျုပ်တို့ဆီမှာတော့ နည်းနည်း ပိုဝေးသွားတယ်။ ဟူး... ဒီလိုမျိုး ကစားနေရင်တော့ မသေမျိုးမျိုးနွယ်တွေကို လေဟာနယ်တံခါးအနားမှာ ပိတ်ဆို့ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။”

“ဟုတ်တယ်။ ရှစ်ခုဆိုတာတောင် တော်တော်များနေပြီ။ အခု နောက်ထပ် တစ်ခု ထပ်ထွက်လာပြန်ပြီ။ ငါတို့ ကျွန်းတွေမှာ လူအင်အားက မလောက်ပါဘူးဆိုမှ။ ဟူး... အခိုင်အမာ တပ်စွဲပြီး ခုခံဖို့ပဲ ရှိတော့တယ်။”

“နောင်တရတယ်...။ ငါ တကယ့်ကို နောင်တရတယ်။ ငါ့ကျွန်းကို ဘာလို့ ဒီလောက်ကြီးအောင် ချဲ့ခဲ့မိပါလိမ့်။ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာ မဟုတ်ဘူးလား။”

“ဟူး... ဒီက စည်းမျဉ်းတွေက တကယ်ကို ကသိကအောက် နိုင်လွန်းတယ်။ ကျွန်းကို မချဲ့ပြန်ရင်လည်း သယံဇာတတွေက မမီပြန်ဘူး။ တခြားသူဆီကပဲ အကုန်ဝယ်နေလို့လည်း မရဘူးလေ။ ဒါပေမဲ့ ချဲ့လိုက်ပြန်ရင်လည်း ဒီစမ်းသပ်မှုက ကျွန်းအကျယ်ကြီးရှိတဲ့သူတွေကိုပဲ ပစ်မှတ်ထားနေသလိုပဲ။”

“စည်းမျဉ်းတွေက ကသိကအောက် နိုင်တာမဟုတ်ဘူး။ ငါတို့ကိုက အင်အားမတောင့်တင်းတာ။ သူဌေးကို ကြည့်ပါဦး။ သူ့ကျွန်းအကျယ်အဝန်းက တခြားသူတွေ အားလုံးပေါင်းတာထက်တောင် ပိုကြီးဦးမယ်။ ဒါပေမဲ့ သူက ခံစစ်အတွက် ခေါင်းခဲနေတာမျိုး မရှိဘူး။”

ရှောင်းယီ ခေါင်းကို အားကိုးရာမဲ့စွာ ခါယမ်းလိုက်ပြီး အဖွဲ့ထဲတွင် ဝင်ပြောလိုက်သည်။

“ငါလည်း ခေါင်းခဲနေတာပဲ။ ဒါပေမဲ့ မသေမျိုးမျိုးနွယ်တွေ တိုက်ခိုက်လို့ မဟုတ်ဘူး။ ဒီလေဟာနယ်တံခါးတွေက ဘယ်လိုစည်းမျဉ်းတွေနဲ့ ပေါ်လာသလဲဆိုတာကို သိရဖို့ ခေါင်းခဲနေရတာ။”

“သူဌေးတောင် စိုးရိမ်ရတဲ့အရာ ရှိနေတာပဲ။ ဘယ်သူမှ မလွယ်ကူကြဘူး ထင်တယ်။”

“ဒါပေါ့။ သူဌေးသာ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားဘူးဆိုရင် ငါတို့ထက် ဒီလောက်အဝေးကြီးကို ဘယ်လိုရောက်နေပါ့မလဲ။”

“ဟူး... မသေမျိုးတွေ ဒီလောက်များနေတာ။ ငါတို့ဆီက လက်နက်တွေနဲ့တော့ ဘယ်လိုမှ တားလို့ မရတော့ဘူး။”

“ဟားဟားဟား...။ ငါ့ဘိုးဘွားသင်္ချိုင်းက မီးခိုးတွေတောင် ထွက်လာပြီ (ကံကောင်းပြီလို့ ဆိုလိုခြင်း)။”

“အပေါ်က ညီအစ်ကို... မင်း ဘိုးဘွားတွေရဲ့ အရိုးစုတွေကို မြင်လိုက်ရလို့လား။”

“သွားစမ်းပါ...။ ငါ ဆီမီးအော်တိုပစ္စတို ပုံစံခွက်တစ်ခု ရလိုက်တာကွ။ ဘရောင်နင် (Browning) ပစ္စတို ပုံစံခွက်ပဲ။”

“ဝိုး... ညီအစ်ကို... အဲ့ဒါ တစ်လက်လောက် လုပ်ကြည့်စမ်းပါ။ ကျည်အိမ်က ကျည်ဆန် နှစ်ရန်းဆင့် ထည့်လို့ရတဲ့ အမျိုးအစားလား။”

“လုပ်ပြီးသွားပြီ။ ဓာတ်ပုံကိုလည်း အသက်ရှင်ကျန်ရစ်သူများ ဖိုရမ်မှာ တင်ပေးထားတယ်။ သွားကြည့်လိုက်ကြဦး။ ဒီချက်တင်ဆော့ဖ်ဝဲက ဓာတ်ပုံတွေ ဘယ်တော့မှ ပို့လို့ရမလဲ မသိဘူး။”

“ငါ ကြည့်ပြီးပြီ။ ကျည်နှစ်ရန်းဆင့် ကျည်အိမ်ပဲ။ အရင်ကမ္ဘာကထက်တောင် ကျည်ဆန် ပိုဆံ့သေးတယ်။ အတောင့် ၂၀ တိတိပဲ။”

“ဒီလောက် အများကြီး ဆံ့တယ်ဆိုရင် စက်သေနတ်အသေးစားလိုတောင် သုံးလို့ရတာပေါ့။”

“ညီအစ်ကို... မြန်မြန် ထုတ်လုပ်ပါတော့။ ငါတို့ မဟာမိတ်အဖွဲ့က အများကြီး ဝယ်ချင်လို့။”

“ရပါတယ်။ အခု ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ စုနေတုန်းပဲ။ နောက်မှ အဖွဲ့ထဲမှာ တင်ပေးမယ်။”

ထိုအချိန်တွင် ရှောင်းယီ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သီးသန့်မက်ဆေ့ချ်တစ်ခု ဝင်လာခဲ့သည်။

ရှောင်းယီ ကြည့်လိုက်ရာ ‘ကတုံးကောင်၊ ငါ့ဆရာကို အခုချက်ချင်းပြန်ပေး’ ဆိုသည့် အိုင်ဒီဖြစ်ပြီး ခုနက ဘရောင်နင် ပစ္စတို ပုံစံခွက် ရလိုက်သူ ဖြစ်သည်။

“သူဌေး... ခင်ဗျားဆီမှာ သတ္တုအပိုတွေ ရှိလား။ ကိုပ်ဆီမှာမှာ ကုန်ကြမ်းတွေ လိုနေလို့ပါ။ နည်းနည်းလောက် ဝယ်လို့ရမလား။”

တစ်ဖက်လူက မေးလာခဲ့သည်။

“ရတာပေါ့။ မင်း ဘယ်လောက် လိုချင်လို့လဲ။”

ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။

“အမျိုးအစား တစ်ခုစီကို ယူနစ် တစ်သောင်းလောက်ကနေ စကြည့်ရအောင်။”

တစ်ဖက်လူက ဆိုသည်။

ရှောင်ယီသည် တစ်ဖက်လူ လိုအပ်သော သတ္တုအားလုံးကို ချက်ချင်း အရောင်းအဝယ် လုပ်ပေးလိုက်၏။ ဈေးနှုန်းမှာတော့ ပုံမှန် ဈေးကွက်ပေါက်ဈေးအတိုင်းပင် ဖြစ်သည်။

သို့သော် ရှောင်းယီသည် မသေမျိုးမျိုးနွယ်များက လေဟာနယ်တံခါးအနားရှိ ခံစစ်ကြောင်းကြောင်းများကို ဖောက်ထွက်လာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များ၏ ခဲယမ်းမီးကျောက် လိုအပ်ချက်မှာ အဆပေါင်းများစွာ မြင့်တက်လာတော့မည်ကို သိထားသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က လေဟာနယ်တံခါးအနားကိုသာ အမြောက်ကျည် အနည်းငယ်ဖြင့် ပစ်ခတ်ရန် လိုအပ်သော်လည်း ယခုအခါ မသေမျိုးမျိုးနွယ်များက ပင်လယ်ပြင်အနှံ့ ပျံ့နှံ့သွားပြီဖြစ်ရာ အရင်ကထက် အမြောက်ကျည်များစွာ ပိုမို အသုံးပြုရတော့မည် ဖြစ်သောကြောင့်ပင်။

All Chapters