အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁) - ဝတ်ရုံဖြူနှင့် ဘူးစေ့တို့၏ နိမိတ်
နေအိမ်နှင့် မလှမ်းမကမ်းတွင် ရှေ့နောက်ဖောက်ထွင်းမြင်နေရသော ကျောက်ဂူငယ်တစ်ခု
ရှိသည်။ အနက် တစ်ပေခန့်သာရှိသဖြင့် ဂူဟု ဆိုရသည်ထက်
ကျောက်ကွင်းကြီးတစ်ခုနှင့် ပို၍ တူနေသည်။
နံနက်မိုးသောက် အလင်းရောင်လာသည်နှင့် ဖန်းချန် နိုးထလာသည်။ အမြဲထိုင်နေကျ
ကျောက်တုံးကြီးပေါ်တက်၍ အသက်ရှူအလုပ်ပေး ကျင့်စဉ်ကို
ပွားများ၏။ ကျင့်စဉ်ပြီးဆုံးသော် အိမ်ထဲ၌ မီးမွှေးကာ
ဝါးကျည်တောက်ဖြင့် ရေနွေးတည်ရင်း လက်ဖက်ရည်သောက်ရန်
ပြင်ဆင်လိုက်သည်။
ထို့နောက် သူသည် အပြင်သို့ထွက်ကာ ချိုင့်ဝှမ်းထဲမှ ကြိမ်နွယ်ပင်ရှည်ကြီးတစ်ပင်ကို
ယူဆောင်လာပြီး ဟိုဘက်ဒီဘက် ပေါက်နေသော ကျောက်ကွင်း၌ ချည်နှောင်လိုက်သည်။ ညအခါ
မီးပုံဘေးတွင် စာဖတ်ရင်း ပျင်းပျင်းရှိသည်နှင့် သက်ငယ်မြက်နှင့်
နွယ်လျှော်များကို အသုံးပြုကာ ကြိုးအချို့ကိုလည်း
ကျစ်ထားသေးသည်။ သို့သော် ထိုကြိုးများမှာ မရှည်လှသဖြင့် ယခုမူ ကြိမ်နွယ်ကိုသာ
အားကိုးရတော့သည်။
ယနေ့ နေသာသည်။ တောက်ပသော နေရောင်ခြည်က မြူနှင်းတို့ကို ခွင်းလိုက်သည့်အခါ
ပြာလွင်သော မိုးကောင်းကင်အောက်၌ စိမ်းစိုသော တောင်ထိပ်များ
ပေါ်ထွက်လာသည်။ တောင်ကုန်းတောင်တန်းတို့၏ အကွေ့အကောက် အနိမ့်အမြင့်များမှာ
နေရောင်အောက်တွင် အထင်အရှား ရှိနေ၏။
ဖန်းချန်က လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်သည်။ နံနက်စာအတွက် သားကောင်ငယ်တစ်ကောင်လောက်
ဖမ်းပြီး ကင်စားရမည်။ ယင်းနောက်မှ တောင်အောက်မဆင်းမီက မပြီးပြတ်သေးသော
အလုပ်များကို ဆက်လုပ်ရမည်ဖြစ်သည်။
ဥပမာအားဖြင့် မီးသွေးဖိုကဲ့သို့ အလုပ်မျိုး။
ဝက်အူချောင်းပုံစံ မှောက်ထားသော မီးသွေးဖိုလေးမှာ ယခင်အတိုင်း ရှိနေဆဲ။
တောင်အောက်ဆင်းနေစဉ်အတွင်း မိုးမရွာသဖြင့် မီးသွေးဖိုမှာ
သူသွားခါစကအတိုင်းပင်... ကြည့်ရသည်မှာ မြေပုံဟောင်းလေးတစ်ခုနှင့် တူလှသည်။
သူသည် မီးသွေးဖိုကို အမြန်ပင် ဖွင့်လိုက်သည်။ အလုပ်မစမီ သူ၏ တဲစုတ်လေးကို ဦးစွာ
စစ်ဆေးကြည့်၏။ တဲလေးမှာ ခိုင်ခန့်ဆဲဖြစ်ပြီး မိုးဒဏ်ကို
ကာကွယ်နိုင်စွမ်းရှိသည်။ တဲအလယ်၌
အုတ်ခဲများဖြင့် ပြုလုပ်ထားသော မီးသွေးသိုလှောင်ကန်မှာလည်း
ခြောက်သွေ့နေဆဲပင်။
မီးသွေးဖို၏ အပြင်ဘက်နံရံကို အသာအယာ ဖယ်ရှားလိုက်ရာ အတွင်းရှိ ထင်းတုံးများမှာ
မီးခိုးရောင်သန်းကာ အစီအရီ ရှိနေကြသည်။ ထင်းစနှစ်ခုကိုယူ၍
ခေါက်ကြည့်လိုက်ရာ သတ္တုချင်း ထိခတ်မိသကဲ့သို့
တုံခနဲ အသံမြည်သွား၏။ ထင်းစကို ချိုးကြည့်လိုက်သောအခါ အတွင်းသားအထိ
ကောင်းစွာ ကျွမ်းနေသည်ကို တွေ့ရသည်။
“အင်း... အောင်မြင်သားပဲ၊ မီးသွေးကောင်းတွေပဲ”
ဤမီးသွေးဖိုမှာ တစ်ကြိမ်သုံးသာ ဖြစ်သည်။ နောက်တစ်သုတ် ဖုတ်လိုပါက ရွှံ့မြေဖြင့်
အသစ်ပြန်ဆောက်ရဦးမည်။ ဖန်းချန်တွင် အချိန်များစွာ ရှိသော်လည်း
နောင်တစ်ချိန်တွင်မူ အကြိမ်ကြိမ် ပြန်သုံးနိုင်မည့်
မီးသွေးဖိုမျိုးကို စိတ်ကူးပေါက်လျှင် ဆောက်ရဦးမည်ဟု တွေးလိုက်သည်။
မြေသားများကို ဖယ်ရှားပြီးနောက် ဖန်းချန်က မီးသွေးများကို ခြင်းတောင်းထဲထည့်ကာ
သိုလှောင်ကန်ထဲသို့ တစ်ခေါက်ချင်း သယ်ယူလေသည်။ ဤတစ်ခေါက် ဖုတ်လိုက်သော
မီးသွေးများမှာ ကန်၏ တစ်ဝက်ခန့်အထိ ပြည့်သွား၏။
သို့သော်လည်း မီးသွေးမှုန့်များကြောင့် သူ၏လက်နှင့် အဝတ်အစားများမှာ အကွက်လိုက်
အပြောက်လိုက် ပေကျံကုန်သည်။ အဝတ်သစ်ကလေးနှင့် လက်ဖဝါးကို တစ်လှည့်၊
ဝေးလံသော စမ်းချောင်းဆီသို့ တစ်လှည့် ကြည့်ရင်း ဖန်းချန် ခဏမျှ
စဉ်းစားနေမိသည်။ တစ်ခါတစ်ရံတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေရခြင်းသည်
အမြဲတမ်းတော့ မကောင်းလှဟု သူတွေးမိသည်။
သူသည် ဤတောတောင်ထဲ၌ ဖန်တီးရခြင်း၏ အရသာနှင့် သဘာဝ၏ အေးချမ်းမှုကို ခံစားရန်
လာခဲ့ခြင်းဖြစ်ပြီး မိမိကိုယ်ကို ညှဉ်းဆဲရန် လာခဲ့ခြင်းမဟုတ်ပေ။
ထို့ကြောင့်...
ဖန်းချန်က လက်ချောင်းလေးများကို လှုပ်ရှားကာ စိတ်ကို စုစည်းလိုက်သည်။
လေပြင်းတစ်ချက် ဝှေ့ယမ်းသွားသကဲ့သို့ အဝတ်အစားနှင့်
လက်ပေါ်ရှိ မီးသွေးမှုန့်များ၊ ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့်များအားလုံး
လွင့်စင်သွားပြီး သူ၏ ပတ်လည်တွင် စက်ဝိုင်းပုံစံ ဖုန်မှုန့်များ ကျကျန်ရစ်သည်။
ဤသည်မှာ “ဖုန်ခါမန္တန်” ပင် ဖြစ်သည်။ ဤနည်းလမ်းသည် များစွာ အလုပ်သက်သာစေပြီး
သဘာဝတရားနှင့် ပိုမိုနီးစပ်သော အနေအထားတွင် သက်သောင့်သက်သာ
နေထိုင်နိုင်စေသည်။ ဖန်းချန်အနေဖြင့် ဤမန္တန်ကို ပထမဆုံးအကြိမ်
အသုံးပြုခြင်းဖြစ်သော်လည်း မည်သည့် ဂါထာနှင့် လက်ဟန်ခြေဟန်မျှ မလိုဘဲ
စိတ်ညွှတ်ရုံဖြင့် အောင်မြင်သွားခြင်းဖြစ်သည်။
သူသည် အဝတ်လျှော်ရခြင်းကို အမှန်တကယ်ပင် ဝါသနာမပါလှချေ။
“နောင်ဆိုရင် ဝတ်ရုံဖြူလေး ဘာလေး ဝတ်ဖို့ စဉ်းစားရမယ်”
နောက်ပိုင်းရက်များတွင် ဖန်းချန်က ထုံးဖုတ်ခြင်း၊ အုတ်ဖုတ်ခြင်းနှင့်
မီးသွေးဖုတ်ခြင်း အလုပ်တို့ကိုသာ အထပ်ထပ်
ပြုလုပ်နေခဲ့သည်။ ထုံးပုံများ၊ အုတ်ပုံများနှင့်
မီးသွေးပုံများကို ကြည့်ကာ သူ အားရကျေနပ်နေမိသည်။
အိမ်ထဲရှိ မီးဖိုလေးတွင် မီးမြှိုက်ထားဆဲ ဖြစ်သည်။ အလုပ်များနေသည့် ကြားမှပင်
တောထဲသို့သွားကာ ထင်းများကိုလည်း ရှာဖွေစုဆောင်းထားသေးသည်။ ယခုဆိုလျှင်
ထင်းများမှာ နည်းမသွားသည့်အပြင် ပို၍ပင် တိုးလာပြီး တဲထဲ၌ အစီအရီ ရှိနေသည်။
ဖန်းချန် နေထိုင်သည့် ဝါးတဲလေးမှာ ယခင်ကကဲ့သို့ ထင်းများဖြင့် ရှုပ်ပွမနေတော့ဘဲ
အရေးပေါ်သုံးရန် ထင်းအချို့ကိုသာ ကုတင်အောက်တွင် ထည့်ထားသည်။
မီးဖိုထဲတွင် ထင်းစများမှာ တဖြောက်ဖြောက် မြည်သံပေးရင်း အေးဆေးစွာ
လောင်ကျွမ်းနေသည်။ မီးခိုးများမှာ အပေါ်သို့
လွင့်တက်သွားပြီး မီးဖိုအထက်တွင် ချိတ်ဆွဲထားသော ဝက်ပေါင်ခြောက်များကို
ရစ်သိုင်းကာ အနံ့မွှေးပျံ့စေသည်။ သို့သော် ဝက်ပေါင်ခြောက်များမှာ စားရန်
အချိန်မကျသေးပေ။
တောင်ပေါ်သို့ စတက်ခါစက ပါလာသော ဆားကြမ်းများ ကုန်သွားသဖြင့် သူသည် ယခင်ကကဲ့သို့
အသားများကို ဆားနယ်၍ မရတော့ပေ။ ထို့ကြောင့်လည်း မကြာသေးမီက သူ၏ အစားအသောက်မှာ
အနည်းငယ် ပျင်းရိဖွယ် ကောင်းနေသည်။
လက်ရှိတွင် သူ၏ နေရာလေးမှာ စတင်ပျိုးထောင်ဆဲသာ ဖြစ်သဖြင့် ဝါးကုတင်နှင့်
မီးဖိုမှလွဲ၍ အခြား ပရိဘောဂ မရှိသေးပေ။
သစ်တုံးကြီးတစ်တုံးကိုသာ ထိုင်ခုံအဖြစ်
အသုံးပြုထားသည်။
ဝါးကပ်နံရံပေါ်တွင် ကြိုးခွေအချို့ ချိတ်ဆွဲထားပြီး ဘေးနားတွင် အစိမ်းရောင်
မပြယ်သေးသော ဘူးသီးခြောက်ကြီးတစ်လုံး ရှိသည်။ သူသည် ဘူးသီးကို
ဖြုတ်ယူလိုက်ရာ အတွင်း၌ ဗလာဖြစ်နေသည်ကို သိလိုက်သည်။ တောင်အောက်က
ဝယ်လာသော အရက်များ ကုန်သွားခဲ့ပြီ။
အရင်ကမူ လသာသောညများတွင် ဤဘူးသီးထဲမှ အရက်ကို တစ်ငုံချင်း မြည်းစမ်းရင်း
ကောင်းကင်ယံကို ကြည့်ကာ ဇိမ်ခံလေ့ရှိသော်လည်း ယခုမူ
အရက်ပြတ်သွားပြီဖြစ်သည်။ အရက်မရှိခြင်းက လူနေမှုကို
မထိခိုက်စေသော်လည်း ရသတစ်ခုတော့ လျော့ပါးသွားစေသည်။
သူသည် ကုတင်ဘေးရှိ ထုပ်ပိုးထားသော အထုပ်ထဲမှ အစေ့အချို့ကို နှိုက်ယူလိုက်သည်။
ယင်းတို့မှာ ဖရဲစေ့နှင့် တူသော်လည်း ပို၍ လေးထောင့်ဆန်ပြီး
ဖောင်းကားနေသည်။ ၎င်းတို့မှာ သူ စိုက်ပျိုးရန်
ဝယ်ယူလာခဲ့သော ဘူးစေ့များပင် ဖြစ်သည်။
ဖန်းချန်က ဘူးစေ့များကို လက်ထဲထည့်ကာ ပြုံးကြည့်ရင်း ပြောလိုက်သည်။
“မင်းတို့ကို မြေချပေးမယ်၊ ကောင်းကောင်း ရှင်သန်ကြစမ်း”
သူသည် စိုက်ခင်းဘေးတွင် လှည့်ပတ်ကြည့်ရှုရင်း ဘူးပင်မှာ အေးမြသော အရိပ်ကို
ကြိုက်သဖြင့် ဖရဲခင်းနှင့် မသင့်တော်ဟု ယူဆသည်။ ထို့ကြောင့်
နေအိမ်နောက်ဘက်နှင့် လျှိုစောက်အစပ်ကြားတွင် ရွေးချယ်ရင်း နောက်ဆုံး၌
လျှိုစောက်အစပ်ကိုသာ ရွေးလိုက်သည်။
တစ်နေ့နေ့တွင် အိမ်ကို ပြုပြင်ရမည်ဆိုပါက အိမ်နောက်ရှိ အပင်ပေါက်ကလေးများမှာ
နုနယ်သဖြင့် ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ သူသည် ကျောက်တုံးကြီး၏
အရိပ်ရသောဘက်တွင် မြေဆွကာ အစေ့များကို စိုက်ပျိုးလိုက်သည်။ ဤနေရာမှာ
မြေဩဇာကောင်းပြီး ရေလောင်းရလည်း လွယ်ကူသည့်အပြင်
နွယ်တက်ရန် ကျောက်တုံးကြီးလည်း ရှိသည်။
ဖန်းချန်၏ စိုက်ပျိုးပုံမှာ အလွန်ပင် ရိုးရှင်းလှသည်။ မျိုးစေ့ကို ရေစိမ်ခြင်း၊
ပျိုးထောင်ခြင်းတို့ကို မလုပ်ဘဲ မြေညှိ၊ ပေါင်းမြက်ရှင်းကာ မြေထဲသို့သာ
မြှုပ်လိုက်သည်။ သူသည် အပင်ကို အပင်ပန်းခံ၍ ပြုစုပျိုးထောင်နေမည်မဟုတ်ဘဲ အပင်၏
ရှင်သန်ကြီးထွားမှုနှင့် အသီးအပွင့်ကို ကံတရားအတိုင်းသာ လွှတ်ထားရန်
ဆုံးဖြတ်လိုက်လေတော့သည်။
အခန်း (၄၂) - ဆားအစအန ရှာပုံတော်
မလှမ်းမကမ်းရှိ ကျောက်ကျင်းထဲတွင် ထုံးကျောက်တို့မှာ အမှုန့်များအဖြစ်
ကြေပျက်နေလေပြီ။ ဖန်းချန်က ထုံးအချို့ကို
ကောက်ယူစစ်ဆေးကြည့်ရာ အရည်အသွေးမှာ မဆိုးလှသဖြင့်
အခန်းတွင်း မြေညီထပ်ကို ပြန်ခင်းရန် သင့်တော်သည်ဟု တွေးလိုက်သည်။
ဤသည်မှာ စိုထိုင်းဆကို ကာကွယ်ရန်နှင့် ရေငွေ့ဒဏ် ခံနိုင်ရန်အတွက် ဖြစ်သည်။
ပြုလုပ်ပုံမှာလည်း မခက်ခဲလှပေ။ မြေကြီးနှင့် ထုံးကို သမအောင်ရောစပ်ပြီး အခန်းထဲတွင်
ဖြန့်ခင်းရုံသာ။ ဤအရောအနှောမှာ ရေကို လုံးဝ စုပ်ယူနိုင်စွမ်း မရှိသော်လည်း
မြေကြီးထဲမှ တက်လာမည့် အစိုဓာတ်ကိုမူ ကောင်းစွာ
ကာကွယ်ပေးနိုင်သည်။
ထို့အပြင် အိမ်ထဲရှိ မီးဖိုမှာလည်း အမြဲတစေ လောင်ကျွမ်းနေသဖြင့် အခန်းတွင်း
နေထိုင်မှုမှာ ယခင်ကထက် ပို၍ သက်သောင့်သက်သာ ရှိလာမည်ဖြစ်သည်။
အလုပ်အရှုပ်ဆုံး အပိုင်းမှာ ဝါးကုတင်ကို ထောက်ပံ့ထားသော ထင်းတုံးကြီးများကို ခေတ္တ
အပြင်ထုတ်ရခြင်းပင်။ မြေကြီးကို သမအောင် ခင်းကျင်းပြီးနောက်မှသာ
ထိုပစ္စည်းများကို နေရာတကျ ပြန်လည်ထားရှိရသည်။
ပြီးမှ မြက်ခြောက်များနှင့် ဝါးကျည်ခင်းများကို ကုတင်ပေါ်သို့
ပြန်ခင်းလိုက်သည်။
ဖန်းချန်က အုတ်ခဲများစွာကို ဖုတ်ခဲ့သော်လည်း အုတ်ဟူသည်မှာ အသုံးဝင်သော အရာဖြစ်ရာ
လောလောဆယ် မြေခင်းသည့်အလုပ်တွင် အသုံးမပြုသေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်
သူသည် ယခင်က စုပုံထားသော အုတ်ခဲများကို အသုံးပြု၍ မြက်ခြောက်တဲလေး၏
ပတ်ပတ်လည်တွင် အကာအရံ နံရံတစ်ခုကိုတော့ ဆောက်လိုက်သေးသည်။
ထိုနံရံမှာ နှစ်ပေခန့်သာ မြင့်သဖြင့် အကာအရံတစ်ခုအဖြစ်သာ သဘောထားနိုင်သည်။
အင်္ဂတေများလည်း သုံးမထားပေ။ ထို့နောက်တွင်မူ မြက်ခြောက်တဲနှင့်
ထင်းရုံလေးကို ရေငွေ့ဒဏ်ခံနိုင်အောင် ပြုပြင်လိုက်သည်။
ပတ်ဝန်းကျင်ကို အနည်းငယ်စီ ပြုပြင်ပြောင်းလဲခြင်းကပင် လူကို ပို၍
စိတ်ချမ်းမြေ့စေသည် မဟုတ်ပါလား။
…
အဝတ်အထည်များကို နေလှန်းပြီးသည့်အခါ “နေရောင်နံ့” ဟု ခေါ်ကြသည့် သင်းပျံ့သော
အနံ့ကလေး ရနေတတ်သည်။ အချို့ကမူ ယင်းမှာ နေရောင်ကြောင့်
သေကျေပျက်စီးသွားသည့် ဖုန်ပိုးမွှားလေးများ၏ အနံ့ဟု
ဆိုကြသော်လည်း မည်သို့ပင်ဖြစ်စေ ထိုအနံ့လေးမှာ မွှေးပျံ့နေသည်ကတော့ အမှန်ပင်။
ဖန်းချန်က ကျောက်ကွင်း၌ လှန်းထားသော စောင်များကို ပြန်သိမ်းလိုက်သည်။
မွန်းလွဲပိုင်း နေရောင်ခြည်ကို ဝဝလင်လင် ရထားသဖြင့်
စောင်များမှာ ခြောက်သွေ့ပြီး အိစက်နေ၏။
ဝါးကုတင်ကို ပြန်ပြင်ပြီးနောက် အပြင်ဘက်ကို ကြည့်လိုက်ရာ နေမင်းမှာ အနောက်ဘက်သို့
တဖြည်းဖြည်း ယိုင်နေလေပြီ။ သူသည် ကျောက်ဆိန်ကို ခြင်းတောင်းထဲထည့်ကာ
လျှိုစောက်အောက်သို့ ဆင်းလာခဲ့သည်။
အမဲလိုက်ရန် အချိန်ရောက်ပြီ။
တောအုပ်ထဲတွင် သမင်တစ်ကောင် ပြေးလွှားသွားပြီးနောက် ဖန်းချန်က ချုံပုတ်ထဲသို့
ခုန်ဝင်ကာ ယုန်ကလေးတစ်ကောင်ကို ဖမ်းဆီးလိုက်သည်။ “မင်း ဘယ်ပြေးမလဲ”
ဤယုန်ကလေးမှာ ဖန်းချန် အမဲလိုက်သည်ကို အဝေးမှ မြင်ဖူးပုံရပြီး သူ၏
ကြမ်းတမ်းပြတ်သားသော လက်လှမ်းကို
မှတ်မိနေပုံရသည်။ ယခုအခါ ဖန်းချန်၏ လက်ထဲသို့
ကျရောက်သွားပြီဖြစ်ရာ ရုန်းကန်သော်လည်း မလွတ်နိုင်သည်ကို
သိသဖြင့် မျက်လုံးလေးမှိတ်ကာ “ငါတော့ သေပါပြီ” ဟု တွေးနေဟန် တူသည်။
ယုန်ကလေးမှာ ခုခံမှုကို စွန့်လွှတ်လိုက်ပြီး ဖန်းချန်၏ အလိုအတိုင်း ငြိမ်နေတော့သည်။
“အော်... ဒီယုန်ကလေးလည်း အသိဉာဏ် ပွင့်နေတာပဲ”
ဖန်းချန်က ယုန်နားရွက်ကို ကိုင်ကာ မြှောက်ကြည့်ရင်း တောင်တန်းကြီးထဲတွင်
မိစ္ဆာသတ္တဝါများ မြောက်မြားစွာ ရှိနေခြင်းကို အံ့သြမိသည်။
ယူကျုံးတောင်တန်းကြီးက တကယ့်ကို ထူးခြားလှပေသည်။
လက်ထဲက ယုန်ကလေးမှာ ယခင် ရေကြီးစဉ်က သူ ကယ်တင်ခဲ့သော သတ္တဝါများထဲက တစ်ကောင်လည်း
ဖြစ်နိုင်၏။ အသိဉာဏ်ပွင့်နေသော သတ္တဝါများ၏ အသားမှာ အရသာထူးကဲသည်ဟု
ဆိုကြသော်လည်း ဖန်းချန်မှာမူ ထိုအသားကို မြည်းစမ်းရန်
စိတ်မကူးမိပေ။ ယင်းက သူ၏ ကျင့်စဉ်နှင့် စိတ်ဓာတ်ကို
အနှောင့်အယှက် ဖြစ်စေနိုင်သည့်အပြင် အသိဉာဏ်ရှိသည့်
သတ္တဝါလေးများမှာ အမှန်တကယ်ပင် ချစ်စရာကောင်းလှသည်။
သူသည် ယုန်ကလေးကို အသာအယာ လှုပ်ခါလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ဒီမှာကြည့်စမ်း... သေရတော့မယ့် မျက်နှာပေးမျိုး မလုပ်ပါနဲ့၊ ငါ မင်းကို
ဘာမှမလုပ်ပါဘူး”
ယုန်ကလေးသည် တောင့်တင်းနေသော ကိုယ်ခန္ဓာကို လျှော့ချလိုက်ပြီး ဖန်းချန်ကို
မော့ကြည့်သည်။
“မင်း လူလို ပြောတတ်သလား” ဟု ဖန်းချန်က မေးလိုက်သည်။
နားရွက်ကို ဆွဲမြှောက်ခံထားရသော်လည်း ယုန်ကလေးမှာ သူ၏ အာစပ်အရိုး မကျေသေးကြောင်း
(စကားမပြောတတ်သေးကြောင်း) ခေါင်းကို ခက်ခက်ခဲခဲ ခါယမ်းပြရှာသည်။
အသိဉာဏ်ပွင့်နေသော မိစ္ဆာများကို ခွဲခြားရလွယ်သော်လည်း အာစပ်အရိုး ကျေ၊ မကျေမှာမူ
အပြင်ပန်းကြည့်ရုံဖြင့် သိနိုင်ရန် ခဲယဉ်းလှသည်။
ယုန်ကလေး စကားမပြောနိုင်သည်ကို သိသော်လည်း ဖန်းချန် စိတ်မပျက်မိပေ။ အာစပ်အရိုး
ကျေပျက်ပြီး စကားပြောနိုင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်။ ဆယ်ကောင်တွင်
တစ်ကောင်ပင် ဖြစ်ခဲလှသည်။
“ဒီ ယူကျုံးတောင်ထဲမှာ ဆား ဘယ်မှာရနိုင်လဲ မင်းသိလား”
ဖန်းချန်၏ မေးခွန်းကြောင့် ယုန်ကလေးမှာ အံ့အားသင့်သွားပုံရသည်။ ဆားဟူသည်မှာ ဘာလဲဟု
မသိ၍ ဖြစ်နိုင်သလို အမေးခံရခြင်းကြောင့် မှင်တက်သွားခြင်းလည်း ဖြစ်နိုင်သည်။
ယုန်ကလေး မှင်တက်နေသဖြင့် ဖန်းချန်က အဓိပ္ပာယ်ကို ပြောင်းလဲရှင်းပြလိုက်သည်။
“မင်းတို့ လျှာနဲ့ လျက်ကြည့်ရင် အားအင်ဖြစ်စေတဲ့ အရာမျိုးလေ၊
မြေကြီးထဲမှာ ဖြစ်ဖြစ်၊ ကျောက်နံရံမှာ ဖြစ်ဖြစ် ရှိတတ်တယ်၊
အဖြူရောင်လည်း ဖြစ်နိုင်တယ်”
တောင်ပေါ်တက်စဉ်က ပါလာသော ဆားများ ကုန်သွားပြီဖြစ်ရာ စားမြုံ့ပြန်သတ္တဝါများမှာ
ဆားဓာတ်ကို မဖြစ်မနေ လိုအပ်သည်ကို သူ သတိရသွားသည်။ တိရစ္ဆာန်များကို
မေးမြန်းကြည့်ခြင်းဖြင့် ဆားထွက်ရာနေရာကို ရှာဖွေနိုင်မည်ဟု သူ
တွေးမိသည်။
ယခုတစ်ကြိမ်တွင်မူ ယုန်ကလေး နားလည်သွားပုံရသည်။ သူသည် လေထဲတွင် ရှိနေစဉ်မှာပင်
ဦးညွှတ်ပြကာ ရှေ့လက်တစ်ဖက်ကို ဆန့်ထုတ်၍ လမ်းညွှန်ပြလေသည်။
ဖန်းချန်က ပြုံးလျက် ယုန်ကလေးကို မြေပေါ်သို့ အသာအယာ ချပေးလိုက်ပြီး “ယုန်ညီလေး...
ငါ့ကို လမ်းပြပေးနိုင်မလား” ဟု မေးလိုက်သည်။
ယုန်ကလေးမှာ ငြင်းဆန်ရန် အကြောင်းမရှိပေ။ သူသည် ခေါင်းငြိမ့်ပြကာ ရှေ့မှ
ခုန်ပေါက်ပြေးလွှား၍ လမ်းပြလေတော့သည်။ ဖန်းချန်ကလည်း နောက်မှ
ခပ်သွက်သွက် လိုက်ပါလာခဲ့သည်။
တောင်ကုန်းများစွာကို ကျော်ဖြတ်ပြီးနောက် ကျောက်တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာသည်။
ယုန်ကလေးမှာ ကျောက်ဆောင်များကြားတွင် ကျွမ်းကျင်စွာ ခုန်ကူးရင်း ရှေ့သို့
တိုးသွား၏။
ဖန်းချန်မှာလည်း နောက်ကောက်ကျမကျန်ရစ်ဘဲ အေးအေးလူလူပင် လိုက်ပါလာနိုင်သည်။
တဖြည်းဖြည်း အမြင့်ပိုင်းသို့ ရောက်လာသည်နှင့် ပတ်ဝန်းကျင်မှာ
ခြောက်သွေ့လာပြီး လေထုထဲတွင် ရေငွေ့ဓာတ် နည်းပါးသွားသည်။
ရှေ့မှ ပြေးနေသော အဖြူရောင် လုံးလုံးကလေးမှာ တစ်နေရာတွင် ရုတ်တရက် ရပ်တန့်သွားပြီး
ဖန်းချန်ကို လှည့်ကြည့်သည်။ ရှေ့တွင်မူ ပုံသဏ္ဌာန်မမှန်သော ဂူဝတစ်ခု ရှိနေ၏။
“ဒီလို အမြင့်ပိုင်းမှာ ဆားတွင်း ရှိနေတာလား”
ယုန်ကလေးသည် ဂူထဲသို့ အသာအယာ တိုးဝင်သွားသည်။ ဂူဝပတ်လည်တွင် တိရစ္ဆာန်ခြေရာ
မြောက်မြားစွာ ရှိနေသဖြင့် ဤနေရာမှာ တောတွင်းသတ္တဝါများ
ဆားဓာတ်လာရောက် စုပ်ယူရာနေရာ ဖြစ်ကြောင်း ဖန်းချန်
အတပ်သိလိုက်သည်။
“ဆားတွင်းပဲ... တကယ်ကို ဆားတွင်းကြီးပါလား” ဖန်းချန် အံ့သြသွားမိသည်။
ယူကျုံးတောင်တန်းကြီး၏ သယံဇာတမှာ တကယ်ကို ကြွယ်ဝလှပေသည်။ ယခုဆိုလျှင် ဆားရေကို
အပင်ပန်းခံ ကျိုချက်နေစရာ မလိုတော့ပေ။
ဂူအတွင်းပိုင်းသို့ ရောက်လေလေ ကျောက်နံရံများတွင် ပုံဆောင်ခဲဖြူဖြူများကို
တွေ့ရလေလေ ဖြစ်သည်။ ကြည်လင်နေသော ထိုကျောက်ခဲများမှာ စစ်မှန်သော
ဆားခဲများပင် ဖြစ်၏။ ဆားခဲများနှင့် ကျောက်နံရံကြားတွင် ကျောက်စိမ်းရောင်သန်းသော
တွင်းထွက်များလည်း ရှိနေသည်။ ဂူဝမှ အလင်းရောင် ဝင်လာသည့်အခါ ဂူအတွင်းပိုင်းမှာ
ရောင်စုံလင်းလက်ကာ ကြည့်မဝစရာ ဖြစ်နေတော့သည်။
ဖန်းချန်က ယုန်ကလေးအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူသည် အကူအညီအတွက်
အကြွေးမတင်လိုသဖြင့် တွက်ချက်ကြည့်ပြီးနောက် ဤသို့ လမ်းညွှန်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ယုန်ညီလေး၊ ဒါဟာ ငါ့အတွက် သိပ်အသုံးဝင်တယ်။ မင်းအတွက် ငါ
စကားတစ်ခွန်း လက်ဆောင်ပေးမယ်... မင်း အာစပ်အရိုး ကျေပျက်ဖို့
အခွင့်အလမ်းဟာ ယူကျုံးတောင်တန်းရဲ့ မြောက်ဘက်မှာ ရှိတယ်၊ အားတဲ့အခါ
မြောက်ဘက်ကို ခဏခဏ သွားကြည့်ပေါ့”
ယုန်ကလေးမှာ ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ဖြစ်သွားပုံရသည်။ သူသည် ဖန်းချန်ကို
သုံးကြိမ်တိုင်တိုင် ဦးချပြီးနောက် ဆားဂူထဲမှ ထွက်ကာ တောင်အောက်သို့
ခုန်ပေါက်ဆင်းသွားလေတော့သည်။
ဖန်းချန်က ဂူအတွင်းရှိ ဆားပုံဆောင်ခဲများကို ငေးကြည့်နေမိသည်။ အောက်ဘက်ရှိ
ဆားခဲအချို့မှာ တိရစ္ဆာန်များ လျက်ထားသဖြင့် ချောမွတ်နေ၏။ သူသည်
ဆားခဲအချို့ကို ခွာယူကာ မြည်းစမ်းကြည့်ရာ အရသာမှာ အလွန်စစ်မှန်ပြီး ဈေးထဲက
ဆားကြမ်းများထက်ပင် သာလွန်နေသေးသည်။
ဤမျှ မြောက်မြားလှစွာသော ဆားတွင်းထွက်များ ရှိနေခြင်းက တစ်ချိန်က
ဤယူကျုံးတောင်တန်းကြီးမှာ သမုဒ္ဒရာပြင်ကြီး
ဖြစ်ခဲ့ဖူးကြောင်း သက်သေပြနေသည်။
လောကကြီး၏ အပြောင်းအလဲမှာ တကယ်ကိုပင် ဆန်းကြယ်လှပေစွ။
စာဖြင့် ရေးသားထားသော သမိုင်းမတိုင်မီ ကမ္ဘာဦးကာလက ဤတောင်တန်းကြီးမှာ
ပင်လယ်ရေအောက်၌ ရှိနေခဲ့သည်။ အချိန်ကာလများ
ကုန်လွန်ပြီးနောက် ပင်လယ်ရေများ ခန်းခြောက်ကာ ဆားနုန်းများ
တင်ကျန်ရစ်ခဲ့သည်။ ထို့နောက် ကမ္ဘာ့မြေမျက်နှာပြင် လှုပ်ရှားမှုကြောင့်
ဤနေရာမှာ မြင့်တက်လာပြီး တောင်တန်းကြီး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းသမိုင်းကြောင်းကို ဆင်ခြင်မိရင်း ဖန်းချန်၏ စိတ်ဓာတ်နှင့် ခန္ဓာကိုယ်မှာ
သဘာဝတရားနှင့် ပိုမို တစ်သားတည်း ဖြစ်လာကာ သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း တစ်ဆင့်
မြင့်တက်သွားလေသည်။
သူသည် ဆားခဲစစ်စစ် အချို့ကို ခွာယူကာ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
ဤဆားများကိုသာ အသုံးပြုမည်ဆိုလျှင် အချိန်အတော်ကြာအောင်
ဖူလုံသွားမည်ဖြစ်တော့သည်။