အခန်း (၁၀၁၁-၁၀၁၂)
Vol. 85 Ch. 1011-1012
အခန်း (၁၀၁၁) - အကောင်ကြီးကို အလွယ်တကူဖြေရှင်းခြင်း၊ စိတ်တိုင်းကျ အဆင့်တက်ပါ
ရှောင်းယီ၏ စကားကို ကြားသောအခါ ကျန်းယွင်ထျန်းက အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ငါတို့မှာ တော်ပီဒို အမျိုးအစားသစ် ရောက်နေပြီလား။”
“ဟုတ်တယ်။ မနေ့ကမှ ရလိုက်တာ။ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လို့ရတယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
မနေ့က အကျိုးခံစားခွင့် နှစ်ဆရရှိသောကာလဖြစ်ပြီး သူသည် လန်ဖုန်းအင်ပါယာ၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် လက်မှတ်ထိုးဝင်ရာမှ ရရှိထားသော ဆုလာဘ်များကို ထုတ်မကြည့်ရသေးပေ။
မဟာဧရာမသားရဲကြီး တစ်ကောင် မဟာမိတ်ကျွန်းကို နောက်ဆုံးတိုက်ခိုက်ခဲ့သည်မှာ ၉၄ ရက်မြောက်နေ့ကဖြစ်ပြီး ယနေ့မှာ ၁၀၁ ရက်မြောက်နေ့ ဖြစ်သည်။ ယခင်က တွက်ချက်ထားသည့် ဧရာမသားရဲကြီးများ ကျွန်းကို တိုက်ခိုက်တတ်သော ပုံစံအရ ယနေ့တွင် သားရဲကြီးတစ်ကောင်၏ တိုက်ခိုက်မှု ရောက်ရှိလာမည်ဖြစ်သည်။ ထို့ကြောင့်လည်း ရှောင်းယီသည် စောစောက “နောက်ဆုံးတော့ ရောက်လာပြီ” ဟု ပြောခဲ့ခြင်းဖြစ်သည်။
မကြာမီမှာပင် ရှောင်းယီသည် မဟာမိတ်အနောက်ဘက်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။
“ငါတို့ကျွန်းနဲ့ ဘယ်လောက်ဝေးသေးလဲ။”
ရှောင်ယီက မေးလိုက်သည်။
“ကီလိုမီတာ ၂၀ လောက်ပဲ ဝေးတော့တယ်။”
ကျန်းယွင်ထျန်းက ဖြေလိုက်၏။
“ငါတို့ တော်ပီဒိုအသစ်က ဘယ်မှာလဲ။”
သူက ထပ်မေးလိုက်သည်။
“ရေငုပ်သင်္ဘောပေါ်ကို ပို့ပေးလိုက်ပြီ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“နာမည်ကို ကြည့်တာနဲ့တင် အဲ့ဒီတော်ပီဒိုရဲ့ ထူးခြားချက်ကို သိနိုင်ပါတယ်။ အရင်ကသုံးတဲ့ ရေနွေးငွေ့သုံး တော်ပီဒိုတွေထက် အများကြီး ပိုကောင်းတယ်။”
“ဟုတ်တယ်။ ရေငုပ်သင်္ဘောပေါ်က စစ်သားတွေ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မသိမှာကိုပဲ နည်းနည်းစိုးရိမ်မိတယ်။”
ကျန်းယွင်ထျန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ဒီတော်ပီဒိုမှာ ပစ်မှတ်နောက်ကို အလိုအလျောက်လိုက်တဲ့စနစ် ပါတယ်။ သူ့ရဲ့ ထိမှန်နှုန်းက အရင် တော်ပီဒိုတွေထက် အများကြီး ပိုမြင့်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီလိုမှန်းသာ ကြိုသိရင် ငါကိုယ်တိုင် ရေငုပ်သင်္ဘောပေါ်မှာ အဆင်သင့် စောင့်နေပါတယ်ကွာ...။”
ကျန်းယွင်ထျန်းက နောင်တရသလို ပြောလိုက်၏။ လက်နက်ခဲယမ်းအသစ်များနှင့် တွေ့တိုင်း ကျန်းယွင်ထျန်းက ပထမဆုံး ကိုင်တွယ်စမ်းသပ်ချင်သူ ဖြစ်သည်။
“စိတ်မပူပါနဲ့။ နောက်ဆို အခွင့်အရေးတွေ အများကြီး ရှိလာဦးမှာပါ။”
ရှောင်းယီက သူ့ကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ ဧရာမသားရဲကြီးနဲ့ ၅ ကီလိုမီတာ အကွာအဝေးကို ရောက်ပါပြီ။ တော်ပီဒိုတွေ လွှတ်တင်ရတော့မလား။”
ရေငုပ်သင်္ဘောစစ်သားတစ်ဦး၏ တောင်းဆိုသံတစ်ခု ဝေါ်ကီတော်ကီမှ ထွက်ပေါ်လာ၏။
“ပစ်လိုက်။”
ရှောင်းယီက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
စစ်သားက အမိန့်ကို နာခံလိုက်သော်လည်း ရှောင်းယီတို့မှာ တော်ပီဒို လွှတ်တင်လိုက်သည့် လက္ခဏာကို ဘာမှ မမြင်ရသေးပေ။ ထိုအခါ အနီးတွင် ရပ်နေသော ပိုင်ချီက စိုးရိမ်တကြီးဖြင့် “ပစ်လိုက်ပြီလား” ဟု မေးလိုက်သည်။
ယခုတစ်ကြိမ်တွင် ဧရာမသားရဲကြီးမှာ အနောက်ဘက်ကျွန်းကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ အနောက်ဘက်ကျွန်း၏ တာဝန်ခံတစ်ဦးအနေဖြင့် သားရဲကြီးမှာ ကျွန်းနှင့် နီးကပ်လွန်းပါက ပျက်စီးဆုံးရှုံးမှုများ ရှိမည်ကို သူစိုးရိမ်နေခြင်းဖြစ်သည်။
“စိတ်မပူပါနဲ့။ တော်ပီဒို ခဏလောက် ပျံပါစေဦး။”
ကျန်းယွင်ထျန်းက ဘေးမှ ပြုံး၍ ပြောလိုက်သည်။ ဤတော်ပီဒိုမှာ အမျိုးအစားသစ် ဖြစ်သော်လည်း ယခင်လက်နက်များထက် ပိုမိုစမတ်ကျသဖြင့် စစ်သားများ အသုံးမပြုတတ်မည်ကို စိတ်ပူစရာ မလိုပေ။
ပိုင်ချီကမူ ပင်လယ်ပြင်တွင် ရေမှုန်ရေမွှားများ ကျွန်းဘက်သို့ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် စိုးရိမ်နေဆဲ ဖြစ်သည်။ ထိုစဉ်...
“ဝုန်း ဝုန်း”
ဧရာမသားရဲကြီး ရုန်းကန်နေသည့် ရေပြင်မှ ၁၀ မီတာခန့် မြင့်သော လှိုင်းလုံးကြီးများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အသားစအချို့ပါ လွင့်ထွက်လာ၏။ ထို့နောက်တွင် နောက်ထပ် လှိုင်းလုံးကြီးများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင် သားရဲကြီး မသေသေးပါဘူး။ တော်ပီဒို နောက်ထပ် နှစ်လုံးလောက် ထပ်ပစ်ရမလား။”
ရှောင်းယီ၏ ဝေါကီတော်ကီမှ အသံ ပြန်ထွက်လာသည်။
“တစ်လုံး အရင်ပစ်ကြည့်လိုက်။ ပြီးမှ အခြေအနေကြည့်ပြီး နောက်တစ်လုံး ထပ်ပစ်မယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
မကြာမီမှာပင် သားရဲကြီး ရုန်းကန်နေသည့်နေရာ၌ နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြန်သည်။ ပေါက်ကွဲသံ အဆုံးတွင် ထိုနေရာမှာ ငြိမ်သက်သွားတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာလည်း သွေးရောင်များဖြင့် ရဲရဲနီသွားတော့လေသည်။
“သတင်းပို့ပါတယ် ကျွန်းပိုင်ရှင်။ သားရဲကြီးဆီက ဘာလှုပ်ရှားမှုမှ မရှိတော့ပါဘူး။”
“အခုလောလောဆယ် နောက်ထပ် တော်ပီဒို ထပ်ပစ်ဖို့ မလိုသေးဘူး။ အတည်ပြုဖို့အတွက် ငါ လူလွှတ်လိုက်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။ ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အစ်ကိုကျန်း... လေကြောင်းခံတပ်နဲ့ လူတချို့ခေါ်သွားပြီး အဲဒီ့အကောင်ကြီး သေ၊ မသေ သွားကြည့်လိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီးနောက် အသင့်စောင့်နေသည့် လေကြောင်းခံတပ်ပေါ်သို့ သူ့လက်အောက်ငယ်သားများကို ဦးဆောင်ကာ တက်သွားတော့လေသည်။
လေကြောင်းခံတပ်မှာ အလွန်မြန်သဖြင့် မကြာမီမှာပင် သားရဲကြီးရှိရာ အပေါ်တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။
“အမြင့်ကို လျှော့ချလိုက်။”
ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
လေကြောင်းခံတပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀ မီတာခန့်အထိ လျင်မြန်စွာ ဆင်းသက်သွား၏။ ကျန်းယွင်ထျန်း အောက်သို့ ငုံ့ကြည့်ပြီးနောက် သူ၏ ကာဘိုင်ရိုင်ဖယ်ကို ထုတ်ကာ အောက်ရှိ သားရဲကြီး၏ ခန္ဓာကိုယ်ကို ဆက်တိုက် ပစ်ခတ်လိုက်လေသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
သားရဲကြီး၏ အရေခွံများမှာ စုတ်ပြတ်သွားပြီး ရဲရဲနီသော သွေးများ စီးထွက်လာသော်လည်း သားရဲကြီးမှာ ဘာတုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
ကျန်းယွင်ထျန်းသည် ခဏမျှ စဉ်းစားပြီးနောက် လက်ပစ်ဗုံးနှစ်လုံးကို ထုတ်ကာ စနက်တံကိုဆွဲ၍ အောက်သို့ ပစ်ချလိုက်တော့သည်။
ဝုန်း... ဝုန်း...
သားရဲကြီး၏ ခန္ဓာကိုယ်မှာ အသားစများ လွင့်ထွက်သွားအောင် ထပ်မံပေါက်ကွဲသွားသော်လည်း သားရဲကြီးမှာ လှုပ်ပင်မလှုပ်တော့ပေ။
“ကျွန်းပိုင်ရှင်... ငါ ဒီဘက်မှာ စမ်းသပ်ကြည့်ပြီးပါပြီ။ ဒီသားရဲကြီး သေသွားပါပြီ။”
ကျန်းယွင်ထျန်းက ရှောင်းယီထံ ဖုန်းဆက်၍ အကြောင်းကြားလိုက်သည်။
“ဒါဆိုရင် ကမ်းပေါ်ကို ဆွဲတင်လိုက်တော့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
ဘေးကင်းစေရန်အတွက် ကျန်းယွင်ထျန်းနှင့် အခြားသူများသည် လေကြောင်းခံတပ်ပေါ်မှ ငါးမျှားချိတ်ကြီးများကို တိုက်ရိုက်ပစ်ချလိုက်၏။ ငါးမျှားချိတ်ကြီးများမှာ သားရဲကြီး၏ အလောင်းထဲသို့ စွဲမြဲစွာ စိုက်ဝင်သွားပြီးနောက် လေကြောင်းခံတပ်ကို စက်နှိုးကာ ကမ်းခြေဘက်သို့ ဆွဲယူသွားတော့သည်။
ဤနည်းဖြင့် အကယ်၍ သားရဲကြီးမှာ သေချင်ယောင်ဆောင်နေပါကလည်း ငါးမျှားကြိုးများကို ချက်ချင်းဖြတ်ပြီး အလျင်အမြန်ပျံတက်ရန် အချိန်ရမည်ဖြစ်သည်။
ကျန်းယွင်ထျန်းတို့က သားရဲကြီး၏အလောင်းကို ဆွဲယူလာစဉ် ရှောင်းယီက မှန်ပြောင်းဖြင့် သေချာကြည့်နေခဲ့သည်။ သားရဲကြီး၏ အလောင်းမှာ တဖြည်းဖြည်း စတင်ပျောက်ကွယ်နေသည်ကို သူ သတိထားမိလိုက်သည်။
“တောက်...။ မသေမျိုးတပ်ဖွဲ့ ယူလာတဲ့ အဲ့ဒီ အဏုဇီဝပိုးမွှားတွေပဲ နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီ။”
ရှောင်းယီက အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်၏။
မူလက ကြီးမားလှသော အလောင်းကြီးမှာ ယခုအခါ လျင်မြန်စွာ ကျုံ့ဝင်လာနေပြီဖြစ်သည်။
“ပိုးသတ်ဆေးတွေ အဆင်သင့်ပြင်ထား။”
ရှောင်းယီက ကမ်းခြေမှ လှမ်းအော်လိုက်သည်။
“ကျွန်းပိုင်ရှင်... ပြင်ဆင်ပြီးပါပြီ။”
ပိုင်ချီက ဘေးမှ ပြန်ဖြေလိုက်သည်။
သားရဲကြီး၏ အလောင်းကို ကမ်းခြေသို့ ဆွဲယူလာသော်လည်း လေကြောင်းခံတပ်၏ ဆွဲအားတစ်ခုတည်းနှင့် ကုန်းပေါ်သို့ တင်ရန်မှာ မလွယ်ကူလှပေ။ ကမ်းခြေရှိ စစ်သားများက ချက်ချင်းပင် ပိုးသတ်ဆေးများကို ဖြန်းလိုက်ကြတော့သည်။ ထိုအခါမှသာ သားရဲကြီး၏ အသားများ ပျောက်ကွယ်နေမှု ရပ်တန့်သွားတော့သည်။
“မြန်မြန်... လူတွေခေါ်ပြီး ဒီအသားတွေကို ခွဲစိတ်ကြတော့။”
ရှောင်းယီက ပြောလိုက်၏။
အနီးရှိ လူတစ်ယောက်မှာ လွှစက်ကို အဆင်သင့်ပြင်ထားပြီးဖြစ်ရာ ချက်ချင်းပင် ရှေ့သို့တက်၍ စတင်ခွဲစိတ်တော့သည်။
“အသားတွေကို ခွဲပြီးရင် ၁၀ ရာခိုင်နှုန်းကို အနောက်ဘက်ကျွန်းအတွက် ချန်ထားပြီး ကျန်တာကို ပင်မကျွန်းမဆီ ပို့လိုက်ပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
ထိုစကားကိုကြားသောအခါ ပိုင်ချီ၏ မျက်လုံးများမှာ ဝင်းလက်သွား၏။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
“ဒီသားရဲကြီးကို မင်းတို့ အနောက်ဘက်ကျွန်းက နှိမ်နင်းခဲ့တာဆိုတော့ သဘာဝအတိုင်း မင်းတို့လည်း ဝေစုရရမှာပေါ့။”
ရှောင်းယီက ပြုံးကာ ပြန်ပြောသည်။
“နောက်ဆိုရင် သားရဲကြီးအသားတွေ အများကြီး ရလာဦးမှာပါ။ လူတိုင်း ဝေစုရလိမ့်မယ်။”
ပိုင်ချီက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း လေကြောင်းခံတပ်ပေါ်မှ ဆင်းလာခဲ့လေသည်။
“ကျွန်းပိုင်ရှင်... ဒီတစ်ခါတော့ တော်ပီဒို ၃ လုံးတည်းနဲ့တင် ဒီသားရဲကြီးကို အပြတ်ရှင်းနိုင်ခဲ့ပြီ။ နောက်ဆို သားရဲကြီးတွေ တိုက်ခိုက်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူး။”
သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ အခု အစ်ကိုကျန်း မင်းလည်း အဆင့်ကို မထိန်းထားဘဲ စိတ်ကြိုက် အဆင့်တက်လို့ရပြီ။”
ယီရန်ပင်းမဟာမိတ်ထဲတွင် ကျန်းယွင်ထျန်းမှာ SSS အဆင့်သို့ ရောက်ရှိရန် အနီးစပ်ဆုံး လူဖြစ်သည်။
ယခင်က သားရဲကြီးများ၏ တိုက်ခိုက်မှုကြောင့် ရှောင်းယီက ကျန်းယွင်ထျန်းကို SSS အဆင့်သို့ အမြန်မတက်ရန် တားမြစ်ထားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျန်းယွင်ထျန်းပါ SSS အဆင့်ဖြစ်သွားလျှင် သားရဲကြီး နှစ်ကောင် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာနိုင်သဖြင့် ယခင်က ရေနွေးငွေ့သုံး တော်ပီဒိုများဖြင့် ကိုင်တွယ်နိုင်ရန် ရှောင်းယီ ယုံကြည်မှုမရှိခဲ့ပေ။
ရေနွေးငွေ့သုံး တော်ပီဒိုများမှာ သွားသည့်လမ်းကြောင်းတွင် ရေလှိုင်းအမှတ်အသား ထင်ရှားလွန်းသဖြင့် သားရဲကြီးက သတိထားမိပါက ရှောင်တိမ်းသွားနိုင်သည်။ ထို့အပြင် ၎င်းတို့တွင် အလိုအလျောက် ပစ်မှတ်လိုက်သည့် စနစ်မပါဝင်ပေ။
ယခုအခါ လျှပ်စစ်အားသုံး ပစ်မှတ်လိုက်စနစ်ပါသော တော်ပီဒိုများ ရှိလာပြီဖြစ်ရာ သားရဲကြီးများကို သတ်ဖြတ်ရန်မှာ ပိုမိုလွယ်ကူသွားပြီဖြစ်သည်။
“ကောင်းလိုက်တာ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက ငါ့မှာ အဆင့်မြင့် အစားအစာတွေကိုတောင် သတိထားပြီး စားနေရတာ။ အခုတော့ စိတ်ကြိုက် စားလို့ရပြီပေါ့။”
ကျန်းယွင်ထျန်းက ဝမ်းသာအားရ ပြောလိုက်တော့လေသည်။
အခန်း ၁၀၁၂ - ဆော့ဖ်ဝဲလ်အပ်ဒိတ်၊ ကွန်ပျူတာကြောင့် အံ့အားသင့်ခြင်း နှင့် အေဂျင်စီ
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“အင်း... မင်းဘက်မှာလည်း မြန်မြန်အဆင့်မြှင့်ထားလိုက်ဦး။ မင်း SSS အဆင့် ရောက်သွားပြီဆိုရင် ငါတို့အရင်က သုံးသပ်ထားတဲ့ ပုံစံတွေက မှန်၊ မမှန်ဆိုတာကို ကြည့်လို့ရပြီ။”
“စိတ်မပူပါနဲ့။ ငါ အမြန်ဆုံး အဆင့်မြှင့်တင်မှာပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဤနေရာတွင် ကိစ္စများ ပြီးစီးသွားပြီဖြစ်၍ ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့လိုက်တော့သည်။
သူ့ဖုန်းရှိ ချတ်ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်သောအခါ ဆော့ဖ်ဝဲလ်အပ်ဒိတ်ရှိကြောင်း အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။ သူသည် လက်ပ်တော့ကို ထိုဆော့ဖ်ဝဲလ်ရေးသူများထံ ယနေ့နံနက်ကမှ ပေးခဲ့ခြင်းဖြစ်ရာ ဤမျှမြန်မြန် အပ်ဒိတ်လုပ်နိုင်ကြလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။
သူ အပ်ဒိတ်ကို နှိပ်ကြည့်လိုက်၏။ အင်စတောလုပ်မည့် ဖိုင်တွဲများမှာ ချက်ချင်းဒေါင်းလုဒ်ဆွဲပြီး အပ်ဒိတ်စတင်သွားတော့သည်။ ၁၀ စက္ကန့်ပင်မပြည့်မီ အပ်ဒိတ်လုပ်ခြင်း ပြီးဆုံးသွားခဲ့သည်။
ပြန်ဖွင့်လိုက်သောအခါ ယီထျန်းဂရုချတ်ထဲတွင် ပုံမျိုးစုံ တက်လာသည်ကို တွေ့လိုက်ရပြီး အသံဖိုင်နှင့် စာတိုများလည်း ရောနှောပါဝင်နေခဲ့သည်။
“ဟေ့လူတွေ... ခဏလောက် နားကြပါဦး။ ငါ့ဖုန်းထဲမှာ မင်းတို့ပို့နေတဲ့ ပုံတွေနဲ့ ပြည့်နေပြီ။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မရပ်လိုက်နဲ့ဦး။”
“အပေါ်က ညီအစ်ကို... နွေဦးရာသီတောင် ကုန်သွားပြီ။ အရမ်းကြီးလည်း မဆာလောင်ပြပါနဲ့ဦး ဟုတ်ပြီလား။”
“ဒီချတ်ဆော့ဖ်ဝဲလ် အပ်ဒိတ်က တကယ် လန်းတယ်ဟ။ အသံဖိုင်နဲ့ ပုံတွေကို တစ်ပြိုင်တည်း ပို့လို့ရသွားပြီ။”
“ဒါပေမဲ့ ဖုန်းတစ်လုံးတည်းနဲ့တင် ဒီလိုလုပ်ဆောင်ချက်တွေ အကုန်လုံး ဖန်တီးနိုင်ဖို့ဆိုတာ သူတို့ တော်တော်ပင်ပန်းခဲ့မှာပဲ။”
“ဘယ်သူက ဖုန်းနဲ့ ဒီလုပ်ဆောင်ချက်တွေကို ဖန်တီးတယ်လို့ ပြောလို့လဲ။”
ဆော့ဖ်ဝဲလ်ရေးသူတစ်ဦးက မနေနိုင်ဘဲ မက်ဆေ့ခ်ျပို့လိုက်၏။
ထိုဆော့ဖ်ဝဲလ်ရေးသူ အနည်းငယ်မှာ ထူးခြားသော အကောင့်များရှိကြသဖြင့် လူတိုင်းက သူတို့ကို မှတ်မိကြသည်။
“ဟားဟားဟား...ဆော့ဖ်ဝဲလ်ရေးသူတစ်ယောက် ထွက်လာပြီဟေ့။ မင်းတို့က ဖုန်းမသုံးရင် ဘာသုံးမှာလဲ။ ဒါမှမဟုတ် ဘောပင်တစ်ချောင်းနဲ့ မှတ်စုစာအုပ်ထဲမှာ ကုဒ်တွေ ရေးနေတာလား။”
“မင်း ခန့်မှန်းတာ တကယ်မှန်သွားတာပဲ။ ငါတို့ တကယ်ပဲ မှတ်စုစာအုပ် သုံးတာလေ။”
“လာနောက်နေတာလား။ မင်းတို့ မှတ်စုစာအုပ်ထဲမှာ ရေးပြီးရင်တောင် ဖုန်းထဲမှာ ကုဒ်တွေ ပြန်မရိုက်ရဘူးလား။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မင်းတို့ စာရွက်ပေါ်မှာ လျှောက်ရေးထားတဲ့ ကုဒ်တွေကို သိလို့လား။”
“ငါတို့က လက်ပ်တော့ပေါ်မှာ ကုဒ်ရေးနေတာပဲဟာ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သိဖို့ ဘာလို့လိုမှာလဲ။”
ထိုဆော့ဖ်ဝဲလ်ရေးသူက နောက်ပြောင်လိုက်သည်။
“နေဦး... ခဏ... သူ ခုနက ဘာပြောလိုက်တာလဲ။ လက်ပ်တော့ဟုတ်လား။ ကွန်ပျူတာလား။”
“လာနောက်နေတာလား။ အခုချိန်မှာ တီဗီတစ်လုံးရဖို့တောင် ကံကောင်းမှဖြစ်တာ။ ကွန်ပျူတာတွေ ရှိနေပြီလား။ အိတ်ဆောင် လက်ပ်တော့ဆိုတာကိုတော့ မပြောနဲ့တော့။”
“မင်းတို့ ရဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူဌေးဆီမှာတော့ ရှိနိုင်တယ်။ ငါတို့ စတူဒီယိုက အခု သူဌေးရဲ့ ဘားထဲမှာ ရှိနေတာ။ မယုံရင် လာကြည့်လို့ရတယ်။”
“အား... ဒါက ဘယ်လို အခြေအနေကြီးလဲ။ ငါတို့ မဟာမိတ်အဖွဲ့က တီဗီတောင် မရသေးဘူး။ သူဌေးက လက်ပ်တော့တောင် သုံးနေပြီလား။ ဒီကွာခြားချက်က အရမ်းကြီးလွန်းမနေဘူးလား။”
“ဟုတ်တယ်။ ဒီဆော့ဖ်ဝဲလ်ရေးသူက ငါတို့ကို လျှောက်နောက်နေတာလား။”
“သူဌေးဆီမှာ အဆင့်မြင့်ပစ္စည်းတွေ အများကြီးရှိတယ်ဆိုတာ သိပေမဲ့ အခုချိန်ကြီး လက်ပ်တော့ ပေါ်နေပြီဆိုတာက နည်းနည်း စောမနေဘူးလား။”
“ဘာစောမှာလဲ။ သူဌေးက အစကတည်းက အပျော်စီးရွက်သင်္ဘောကြီးနဲ့ စခဲ့တာလေ။”
“အင်း... မင်း အဲဒီလိုပြောတော့လည်း လက်ပ်တော့ရှိတာက သိပ်ပြီး မထူးဆန်းတော့သလိုပဲ။”
“စကားပဲ ပြောမနေနဲ့။ ပုံတင်လိုက်။ ပုံမရှိရင် မယုံဘူးကွ။”
ထိုဆော့ဖ်ဝဲလ်ရေးသူသည် တကယ်ပင် သူ၏လုပ်ဖော်ကိုင်ဖက် ကုဒ်ရေးနေသည့်ပုံကို ရိုက်ပြီး တင်ပေးလိုက်၏။
ထိုပုံကို ဂရုထဲတွင် တင်လိုက်သောအခါ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
“ငါ အပြည့်အဝ ယုံကြည်သွားပြီ။ ငါတို့က လယ်ယာစိုက်ပျိုးရေးခေတ်မှာပဲ ရှိသေးတယ်။ သူဌေးကတော့ ဒစ်ဂျစ်တယ်ခေတ်ကို ရောက်သွားပြီ။”
“ကြည့်ရတာ သူတို့အားလုံး လက်ပ်တော့ အမျိုးအစားတူတွေ သုံးနေကြတာပဲ။ သူဌေးဆီမှာ ရလာတာက ပစ္စည်းတစ်ခုတည်းရဲ့ ထုတ်လုပ်မှုပုံစံ မဟုတ်ဘဲ ပုံစံခွက်ပဲ ဖြစ်ရမယ်။ ငါ ရလာသမျှက ဘာလို့ တစ်ခုတည်းသော ထုတ်လုပ်မှုပုံစံတွေပဲ ဖြစ်နေရတာလဲ။”
“လူလူချင်း တကယ်ကို နှိုင်းယှဉ်လို့ မရဘူးပဲ။ ဟူး... ထားလိုက်ပါတော့။ ငါသွားပြီး မသေမျိုးမျိုးနွယ်စုတွေ ငါတို့ကို ဆက်ပြီးတိုက်ခိုက်နေသေးလားဆိုတာပဲ သွားစစ်တော့မယ်။”
“မင်းတို့ရဲ့ စိတ်ဓာတ်က သိပ်မကောင်းဘူးပဲ။ ငါ့ရဲ့ စိတ်ဓာတ်ကို ကြည့်စမ်း။ အရမ်း ကောင်းတယ်။ သူဌေးဆီမှာ ကောင်းတာတွေ ရှိနေတာက ငါတို့အတွက် ကောင်းတဲ့အချက်လို့ ငါထင်တယ်။ နောက်ကျရင် ဒါတွေက အရောင်းထွက်လာမှာပဲလေ။ အဲ့ဒီအခါကျရင် ငါတို့လည်း အဆင့်မြင့်ပစ္စည်းတွေရဲ့ အကျိုးကျေးဇူးကို ခံစားရမှာပေါ့။”
ရှောင်ယီသည် ဂရုထဲက မက်ဆေ့ခ်ျများကို ကြည့်ပြီး ပြုံးကာ ခေါင်းခါလိုက်မိသည်။
ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ‘ကတုံးကောင်၊ ငါ့ဆရာကို အခုချက်ချင်းပြန်ပေး’ က သူ့ထံ ကုန်သွယ်မှု မက်ဆေ့ခ်ျတစ်ခု ထပ်မံပေးပို့လာပြီး သတ္တုကုန်ကြမ်းအချို့ ဝယ်ယူလိုကြောင်း ပြောလာခဲ့လေသည်။ ရှောင်းယီသည် သူမ၏ လိုအပ်ချက်အရ သတ္တုတစ်သုတ်ကို ထပ်မံပေးပို့လိုက်သည်။
“သူဌေး... ရှင်တို့ဘက်မှာ ဘရောင်းနင်း ပစ္စတိုတွေ မလိုဘူးလား။”
သူမက မနေနိုင်ဘဲ မေးလိုက်မိ၏။ အကြောင်းမှာ သူမသည် ထိုပစ္စတိုအမျိုးအစားကို ဂရုထဲတွင် အရောင်းတင်ထားသော်လည်း ယီရန်ပင်း မဟာမိတ်အဖွဲ့မှ မည်သူမျှ ဝယ်ယူသည်ကို မတွေ့ရသောကြောင့် ဖြစ်သည်။
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ငါ့ဆီမှာ တခြားသေနတ်တွေ ရှိနေလို့ပါ။ လောလောဆယ်တော့ ဒီလို ဘရောင်းနင်း ပစ္စတိုမျိုးကို မလိုအပ်သေးပါဘူး။”
ရှောင်းယီ၏ အဖြေကို ကြားလိုက်ရသောအခါ သူမ ချက်ချင်း နားလည်သွားခဲ့သည်။ ရှောင်းယီထံတွင် ပိုမိုအဆင့်မြင့်သော လက်နက်များ ရှိနေမည်မှာ သေချာလှသည်။ ထို့ကြောင့်လည်း သူမ၏ ပစ္စတိုကို စိတ်မဝင်စားခြင်း ဖြစ်ပေလိမ့်မည်။
“ဟုတ်ကဲ့... နားလည်ပါပြီ။”
သူမက ပြန်ပြောလိုက်၏။
သူမနှင့် စကားပြောပြီးနောက် ရှောင်းယီသည် ခဏမျှ စဉ်းစားကာ လန်ယုံထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင် ရှောင်း... ဒီအချိန်ကြီး ဖုန်းဆက်လာတာ ကိစ္စရှိလို့လား။”
လန်ယုံက ပြုံးကာ ပြောလိုက်သည်။
“ဒါပေါ့...အရှင်မင်းကြီးတို့ဆီကို အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ လာပြီး အနှောင့်အယှက် ပေးနေလားဆိုတာကို လှမ်းမေးတာပါ။”
ရှောင်းယီကလည်း ပြုံးလျက်ပင် ပြန်ဖြေလိုက်သည်။
“အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေ ကျုပ်တို့ကို ရှာတွေ့ဖို့ကတော့ အချိန်နည်းနည်း ကြာဦးမှာပါ။ ဒါပေမဲ့ မဟာမိတ်ခေါင်းဆောင် ရှောင်း ပေးထားတဲ့ သင်္ဘောတွေနဲ့ လက်နက်တွေရှိနေရင်တော့ သူတို့ကို လုံးဝ ကြောက်စရာမလိုပါဘူး။”
လန်ယုံက ပြန်ပြောလိုက်သည်။
ရှောင်းယီက ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ကျုပ် ဒီနေ့ ဖုန်းဆက်ရတာက အရှင်မင်းကြီးနဲ့ ဆွေးနွေးချင်တဲ့ ပိုအရေးကြီးတဲ့ စီးပွားရေး ကိစ္စတစ်ခု ရှိလို့ပါ။”
“စီးပွားရေးလား...။”
လန်ယုံက ဇဝေဇဝါ ဖြစ်သွား၏။
“ကျုပ်တို့ ခုလေးတင်ပဲ အရောင်းအဝယ်တစ်ခု ပြီးထားတာ မဟုတ်ဘူးလား။ ကျုပ်တို့ အင်ပါယာအနေနဲ့ လက်နက်နဲ့ ခဲယမ်းတွေကို ကာလတိုအတွင်း ထပ်ဝယ်ဖို့ မရှိသေးဘူး ထင်တယ်။”
“လက်နက်ဝယ်ဖို့ မဟုတ်ပါဘူး။ သတ္တုတွေနဲ့ ပတ်သက်တဲ့ အရောင်းအဝယ်တစ်ခုပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သတ္တုတွေလား။”
လန်ယုံက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ခင်ဗျား မနေ့ကမှ ကျုပ်တို့ဆီက သတ္တုတွေ အများကြီး ဝယ်သွားတာ မဟုတ်ဘူးလား။ ဒီလောက်မြန်မြန် ကုန်သွားပြီလား။”
“အခုလောလောဆယ်အတွက်တော့ လုံလောက်ပါတယ်။ ဒါပေမဲ့ ကျုပ်ပ်တို့က ရေရှည်အတွက် ကြည့်ရမယ်လေ။ မသေမျိုးမျိုးနွယ်စုတွေ ဘယ်လောက်တောင် များလာဦးမလဲဆိုတာ ကျုပ်တို့ မသိနိုင်ဘူး။ အခုရှိနေတဲ့ သတ္တုနဲ့တင်ဆိုရင် တကယ်ပဲ မလောက်ငှတာမျိုး ဖြစ်နိုင်တယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဒါပေမဲ့ အရင်က ပေးလိုက်တဲ့ သတ္တုတွေက ကျုပ်တို့ အင်ပါယာ လက်ကျန်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် ရှိနေတာပဲ။ အဲ့ဒါနဲ့တောင် မလုံလောက်ဘူးဆိုရင် ကျုပ်တို့လည်း မတတ်နိုင်တော့ပါဘူး။”
လန်ယုံက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
“ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်ဆိုလိုတာက အရှင်မင်းကြီးတို့ကတစ်ဆင့် အရှင်မင်းကြီးတို့ဘက်မှာရှိတဲ့ ဒေသခံမျိုးနွယ်စုတွေရဲ့ ဈေးကွက်ကို ဖွင့်ချင်တာပါ။ တခြား ဆဒသခံတွေဆီကနေ သတ္တုတွေနဲ့ အုတ်မြစ်ကျောက်တွေကို ပိုပြီး စုဆောင်းချင်တာပါ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လန်ယုံသည် ရှောင်းယီ၏ ဆိုလိုရင်းကို နားလည်သွားပြီး မျက်လုံးများ တောက်ပလာခဲ့သည်။
အကယ်၍ လေပြာအင်ပါယာအနေဖြင့် ရှောင်းယီထံမှ သီးသန့် အရောင်းကိုယ်စားလှယ် အခွင့်အရေးကိုသာ ရရှိခဲ့လျှင် ရှောင်းယီ၏ လက်နက်နှင့် ကိရိယာများကို ဤဘက်က ဒေသခံများထံ ဖြန့်ချိပေးခြင်းက တကယ်ပင် အကြီးအကျယ် ပေါက်သွားပေလိမ့်မည်။ ထို့ပြင် သူတို့၏ လေပြာအင်ပါယာသည်လည်း ထိုမှတစ်ဆင့် ကြီးမားသော အမြတ်အစွန်းများ ရရှိလာနိုင်မည်ဖြစ်သည်။
လန်ယုံ၏ စိတ်ထဲက အတွေးကို သိနေသည့်အလား ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကျုပ် အရှင်မင်းကြီးတို့ လေပြာအင်ပါယာကို သီးသန့် အရောင်းကိုယ်စားလှယ် အခွင့်အရေး ပေးနိုင်ပါတယ်။ ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လက်နက်နဲ့ ကိရိယာ အားလုံးကို အရှင်မင်းကြီးတို့ အင်ပါယာကတစ်ဆင့်ပဲ တခြား ဒေသခံ အင်အားစုတွေဆီ ဖြန့်ချိပေးမှာပါ။ ဘယ်လိုလဲ။”
ဤကဲ့သို့ အခွင့်အရေးမျိုးကို ငြင်းပယ်ရန် အကြောင်းမရှိသဖြင့် လန်ယုံက ချက်ချင်းပင် သဘောတူလိုက်သည်။
“ကောင်းပါပြီ... မဟာမိတ်ခေါင်းဆောင် ရှောင်းရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို အကောင်းဆုံးဖြစ်အောင် ကျုပ် သေချာကိုင်တွယ်လိုက်ပါ့မယ်။”
လန်ယုံက ချက်ချင်း ပြန်ဖြေလိုက်လေသည်။