လင်းကျိရန်၏ ရွေးချယ်မှု
Vol. 25 Ch. 346
နေသွေးနီနီဂိုဏ်းတွင် ရှိခဲ့ဖူးသည့် နေ့ရက်များက ဝေ့ဝူယင်၏ စိတ်ထဲသို့ တရေးရေး ပြန်လည် တိုးဝင် လာခဲ့သည်။ ဂိုဏ်းထဲသို့ ပထမဆုံး ရောက်ရှိစဥ်အခါက သူကား အမုန်းတရားနှင့် ပြည့်နှက်နေသည့် မိစ္ဆာတစ်ကောင်သာ ဖြစ်ခဲ့သည်။
မိသားစု အတွက်၊ မျိုးနွယ်အတွက်၊ နောက်ပြီး အကိုကြီး အတွက်... ခွန်အားကို ရှာဖွေရန်မှ လွဲ၍ သူ ဘာကိုမှ မမြင်ခဲ့။
ထိုနေ့ရက်များ၊ ထိုနှစ်လများ၌ သူ အိပ်မက်ဆိုးများနှင့် နိုးထခဲ့ရသည်။ ဖိအားများနှင့်သာ အိပ်ရာဝင်ခဲ့ရသည်။ ဘဝတစ်ခုလုံးကို လက်စားချေရေးတွင် မြှုပ်နှံထားခဲ့သည်။ အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်ခဲ့သည်။ ဘယ်တော့မှ လက်မလျှော့ခဲ့။ အကိုကြီးက ထိုစိတ်ဓာတ်ကို ငယ်ငယ်ကတည်းက သူ့နှလုံးသာထဲ ရိုက်သွင်းပေးထားခဲ့သည်။
ဤသို့နှင့် ဂိုဏ်းအတွင်း သူ ခပ်မြန်မြန်ပင် မြင့်တက်လာခဲ့သည်။ သူ မေ့မေ့နှင့် တွေ့ဆုံခဲ့သည်။ နောက်ပြီး... သူ့ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ ရန်သူများကို လက်စားချေနိုင်ခဲ့သည်။ အနာဂတ် လမ်းကြောင်းသစ် တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။
သူ အဓိက တပည့် ဖြစ်လာသည့် နှစ်တွင်ပင် နေသွေးနီနီဂိုဏ်းနှင့် လခရမ်းဂိုဏ်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုပွဲတွင် ကံကြမ္မာက နာ့ရှင်းရီနှင့် သူ့ကို ဆုံစည်းပေးခဲ့သည်။ သူမ၏ အကူအညီနှင့် အတူ ချီပျစ်ခဲခြင်း အဆင့်လေးကို သူ တက်ရောက်နိုင်ခဲ့သည်။ အကျိုးဆက် အနေဖြင့် လုပ်ကြံသူများ၏ လက်ထဲမှ လွတ်မြောက်ကာ အရူးလူငယ်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။
ထို့နောက်...
ထို့နောက်...
ဤသို့နှင့် ထို့နောက် ပေါင်းများစွာ ကျော်လွန်ပြီးနောက် သူ၏ နာမည်မှာ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် တဟုန်းဟုန်း ကျော်ကြားနေခဲ့ပြီ ဖြစ်လေသည်။ ရာထူး၊ စည်းစိမ်၊ အာဏာ၊ မိန်းမ... လစ်ဟာနေသော အရာဟူ၍ သူ့တွင် မရှိတော့။
ဝေ့ဝူယင် တိတ်တဆိတ်နှင့် ကျန်းဖေးလန်ကို ငုံ့ကြည့် လိုက်၏။ သူမမှာ မဟာ အင်အားစုကြီး တစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။ သန်းထောင်ပေါင်းများစွာသော လူများ၏ လေးစားမှုများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ယခုတွင်တော့ ထိုနတ်ဘုရားမလေးမှာ သူ့ရှေ့မှောက်တွင် ဒူးထောက်ကာ ပြုသမျှ နုခံရမည့်လူ ဖြစ်နေချေပြီ။
အနမ်းပေးကြသည့် အချိန်ကတည်းကပင် ဝေ့ဝူယင်သည် ဘာလုပ်ရမည်ကို ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ သူက လက်တွေ့ကျသူ ဖြစ်သည်။ ခွန်အားကို သူ လိုချင်သည်။ ချင်းရိုင်ကို သဘောကျခဲ့ခြင်းမှာလည်း သူမက မူလယင်ကို ပိုင်ဆိုင်ထားသည့် ချောမောလှပသော အယ်ဗန် မှင်စာမလေး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ဝေ့ဝူယင်သည် အခြားကျင့်ကြံသူများ ကဲ့သို့ပင် တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက် ဖြစ်သည်။ ကျန်းဖေးလန်၏ ကမ်းလှမ်းမှုကို သူ ပယ်ချလိမ့်မည် မဟုတ်ပါချေ။ အဂ္ဂိရတ် ထုတ်ကုန်များ ရှိသည် ဆိုလျှင်ပင် ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို နားလည်ရန် သူ့အတွက် လိုအပ်ဆဲ ဖြစ်သည်။ ကျန်းဖေးလန်၏ မြင့်မားလှသည့် ကျင့်ကြံခြင်း အဆင့်နှင့် ကုန်းရှင်း ယင်ခန္ဓာတို့မှာ သူ့အတွက် များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။
“ကျုပ် ခင်ဗျားကို အဆင့်ခုနစ် ရောက်အောင် ကူညီနိုင်တယ်... ဒါပေမဲ့ ကတိတော့ မပေးနိုင်ဘူး... အဆင့်တက်ဖို့ အတွက် ခင်ဗျားရဲ့ ကိုယ်ပိုင် အားထုတ်မှုနဲ့ ပါရမီကလည်း အရေးပါတယ်”
ဝေ့ဝူယင်က ရှင်းလင်းစွာပင် အသိပေးလိုက်သည်။ ကျန်းဖေးလန်၏ မျက်လုံးများက တောက်ပသွားကာ အသာအယာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်ကား...
...
ချင်းရိုင်နှင့် ထို့ပိဟန်တို့မှာ အပြင်ဘက်တွင် ရှိနေကြ၏။ သူတို့က ကောင်းကင်အလွှာ အောက်တွင် တိုက်ရိုက်ပင် မြောလွင့်နေကြသည်။ ချင်းရိုင်မှာ အတွေးများ အတွင်း နစ်မြုပ်နေဟန် ရ၏။ တစ်ချိန်တည်း၌ ထို့ပိဟန်မှာလည်း တိတ်ဆိတ်နေသည်။
“ကျွန်မ ရွေးချယ်လိုက်တာ မှားသွားတယ်လို့ ထင်လား မဟာ သူတော်စင်ထို့...”
ချင်းရိုင်က တီးတိုးစွာပင် မေးလိုက်၏။ မရေရာသော အကြောင်းပြချက် အချို့ကြောင့် မိမိ ပိုင်ဆိုင်ရမည့် အခွင့်အရေးကို အခြားလူ တစ်ယောက်က လုယူသွားသလို သူမ ခံစားနေရသည်။
ထို့ပိဟန်က ခေါင်းမညိတ်သလို ခေါင်းလည်း မခါချေ။
“ရွေးချယ်မှုက ရွေးချယ်မှုပဲလေ... မှန်တယ်မှားတယ်ရယ်လို့ မရှိဘူး... ကောင်းတယ်ဆိုးတယ် ဆိုတ ဘယ်သူ သိနိုင်မှာ မလို့လဲ...နင်က နှလုံးသားရဲ့နောက်ကို လိုက်ခဲ့တာ မလား... အဲဒီ အကြောင်းပြချက် တစ်ခုတည်းနဲ့တင် မမှားဘူး လို့ ပြောလို့ ရတယ်”
ထို့ပိဟန်က နှစ်သိမ့်စကား ဆိုလိုက်၏။ သို့သော်လည်း ထိုစကားလုံးများက မှန်လား မှားသလား ဆိုတာ သူ ကိုယ်တိုင် ဝေခွဲမရပါချေ။
ချင်းရိုင်က နှုတ်ခမ်းကို ကိုက်လိုက်၏။ ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ် ကဲ့သို့ သမိုင်းသစ် တစ်ခုကို ဖန်တီးမည့် ပုဂ္ဂိုလ် ဖြစ်သည်။ သူ့နှင့် ပတ်သက်သမျှ လူအားလုံးမှာ အနာဂတ်တွင် တူညီသော ကံကြမ္မာများနှင့် ကောင်းကင်၏ ကောင်းချီးပေးခြင်းကို ခံကြရလိမ့်မည် ဖြစ်သည်။ ယခုအချိန် ရွေးချယ်မှုကို ပြောင်းလဲလိုက်လျှင် ဝေ့ဝူယင်က လက်ခံပါမည်လော။
လူတိုင်းသည် ဘဝတွင် တစ်ကြိမ်တစ်ခါတော့ ကမ္ဘာလောကကို သိမ်းပိုက်ဖို့ အခွင့်အရေး ရရှိခဲ့လိမ့်မည် ဖြစ်သည်။ တစ်ခါတစ်ရံ သင် ထိုအရာကို လွဲချော်ပေလိမ့်မည်။
သို့သော်... အခွင့်အရေးကတော့ ဘယ်တော့မှ နောက်ပြန်လှည့်မလာတော့။
…
"လုံးဝ မဖြစ်နိုင်ဘူး…"
အလိုမကျမှုနှင့် ဒေါသများ ပြည့်ရွှမ်းနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
အဂ္ဂိရတ် တိုက်ပွဲ အဆုံးသတ်ပြီးနောက် အနန္တဧကရာဇ်ဂိုဏ်း အတွင်းရှိ များစွာသော အခန်းများမှာ လူများဖြင့် ပြည့်ကြပ်လျှက် အကြောင်းအရာမျိုးစုံကို အကြိတ်အနယ် ဆွေးနွေး နေကြသည်။ သူတို့က အာဏာရှင် ဧကရာဇ် ဝေ့ဝူယင်နှင့် ပူးပေါင်းကာ သစ်လွင်သော အနာဂတ် တစ်ခုကို ပုံဖော်ကြရန် တိုင်ပင် နေကြသည်။
သည်အခန်း တစ်ခုကို သာလျှင် မတူကွဲပြားသော အကြောင်းပြချက်က သိမ်းပိုက်ထားသည်။
"လုံးဝ မဖြစ်နိုင်ဘူး လင်းကျိရန်… သူ နင့်ကို တစ်ခုခု လုပ်ထားတာ သေချာတယ်"
လုံချန် လင်းကျိရန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့၏။ သူ့မျက်ဝန်းထောင့်များက အနည်းငယ်ပင် စိုဆွတ်နေသည်။
သူ သူမကို အနန္တကုန်းမြေတိုက်ကြီးတွင် စတင် တွေ့ဆုံခဲ့သည်။ မြင်မြင်ချင်းပင် သူမ၏ အပြာရောင် မျက်ဝန်းများကို သူ ရင်ခုန် ခဲ့ရသည်။ ကံကောင်းထောက်မစွာပင် ကံကြမ္မာက သူတို့ နှစ်ယောက်ကို ဆုံစည်းခွင့် ပေးခဲ့သည်။
ဤသို့နှင့် သူတို့ နှစ်ယောက်မှာ အချစ်ရဆုံးသော စုံတွဲများ ဖြစ်လာခဲ့သည်။ အနန္တကုန်းမြေတိုက်ကြီးမှသည် အနန္တ ဧကရာဇ်ဂိုဏ်းထဲသို့ ဝင်ရောက်ချိန် အထိ သူတို့ နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲကာ တိုက်ခိုက်ခဲ့ကြသည်။ ဆင်းရဲ ချမ်းသာကို အတူ ဖြတ်ကျော်ခဲ့ကာ ဘယ်အရာကို မဆို မျှဝေခံစားခဲ့ကြသည်။
သူ ဆင်းရဲ ဒုက္ခ ကြုံရချိန်များတွင် ပထမဆုံး ပွေ့ဖက် နှစ်သိမ့်ပေးခဲ့သူကလည်း သူမပင်။ သူ အောင်မြင်ချိန်တိုင်း၌ ပထမဆုံး ဂုဏ်ပြုပေးခဲ့သူကလည်း သူမပင်။ သူမ၏ အကြည့်တို့မှ တစ်ဆင့် သူ သတ္တိများ ရရှိခဲ့သည်။ သူမ၏ နွေးထွေးမှုတို့မှ တစ်ဆင့် သူ ခွန်အားများ ရရှိခဲ့သည်။
ယခုမူကား…
မျက်တောင်ကော့ကော့တို့ အောက်မှ အပြာရောင် မျက်ဝန်းတို့မှာ သူ့အား ထူးထူးခြားခြား စိမ်းကားနေချေပြီ ဖြစ်သည်။
…
အခြားတစ်ဖက်၌ လင်းကျိရန်မှာလည်း မတူကွဲပြားသော အတွေးတို့ဖြင့် လုံချန်ကို မျက်နှာချင်းဆိုင် နေခဲ့၏။ သူမအတွက် လုံချန်မှာ ကမ္ဘာတစ်ခု ဖြစ်ခဲ့ဖူးသည်။ မျိုးနွယ်စု၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့ဖူးသည်။ သူမသည် သူ့အတွက် အရာအားလုံးနှင့် ရင်းနှီး၍ ပေးဆပ်ခဲ့သည်။
သို့သော်လည်း ရင်နာစရာကောင်းအောင်ပင် ထိုယုံကြည်ချက်များက တစ်ချိန်လုံး မှားယွင်းနေခဲ့သည်။ ထိုခါးသီးမှုများ အတွက် မင်ရှုဖုန်းကို အပြစ်တင် ရမည်လော၊ လုံချန်ကို အပြစ်တင် ရမည်လော… သို့တည်းမဟုတ် သူမကိုယ် သူမသာ အပြစ်တင်ရမည်လော။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက နတ်ဘုရား အရှင်မ တစ်ပါး အဖြစ် အနန္တ ကုန်းမြေတိုက်ကြီးတွင် သူမ ရှင်သန် နေထိုင်ခဲ့ဖူးသည်။ လှပကာ အလွန် ပါရမီ မြင့်မားသည့် ကျင့်ကြံသူလေး ဖြစ်ခဲ့သည်။
အာဏာ၊ စွမ်းအား၊ လေးစားမှု… ဘာဆို ဘာကိုမှ သူမ မလိုအပ်ခဲ့။
သူမ ဂိုဏ်းတကာကို ရောက်ခဲ့သည်။ တိုင်းပြည်များ အနှံ့ လှည့်လည် သွားလာခဲ့သည်။ ကောင်းကင်ချီ နှလုံးသား နည်းလမ်းကို လူငယ်များထံ လက်ဆင့်ကမ်း ဖြန့်ဝေခဲ့သည်။ အစားအသောက် အသစ်အဆန်းများကို မြည်းစမ်းခဲ့သည်။ ဖူးစာရှင်ကို မျှော်တလင့်လင့် ရှာဖွေခဲ့သည်။
သို့သော်လည်း လုံချန်၏ နောက်သို့ လိုက်ရန် ဆုံးဖြတ်ပြီးနောက်တွင် သူမ၏ ဘဝက ကြောက်စရာကောင်းအောင် ပြောင်းလဲသွားခဲ့သည်။ သူမ အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်ရှိလာခဲ့သည်။ အဆင့်နိမ့် အလုပ်အကိုင်များအား လုပ်ကိုင်ရသည့် ကျွန်တပည့် တစ်ယောက် ဖြစ်လာခဲ့သည်။
တစ်ခါတစ်ရံ၌ လှပခြင်းသည် ဆုလာဘ် တစ်ခု ဖြစ်သလို တစ်ခါတစ်ရံ၌လည်း ကံဆိုး မိုးမှောင်ကျစေသော အရာများကို ယူဆောင် လာလေ့ရှိသည်။ မြင့်မြတ် ထည်ဝါသော အလှတရားကြောင့်ပင် များစွာသော ယောက်ျားသားများမှာ သူမထံ ချည်းကပ် လာခဲ့သည်။ သို့သော်လည်း လုံချန် အတွက်နှင့် အားလုံးကို သူမ ငြင်းဆိုခဲ့သည်ချည်းသာ ဖြစ်သည်။
ကံဆိုးမိုးမှောင်ကျမှုများက ထိုမျှနှင့် မရပ်တန့်။ လုံချန်၏ ရန်သူများက သူမကို ထင်ထင်ရှားရှားပင် ပစ်မှတ်ထားလာခဲ့သည်။ သူမက လုံချန် ဘေးနားရှိ မိန်းမများထဲတွင် အသုံးမဝင်ဆုံး၊ အလွယ်ကူဆုံး ပစ်မှတ်ဖြစ်သောကြောင့် ဖြစ်နိုင်သည်။
ဤသို့နှင့်… သူမ ရန်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ အဆိုးရွားဆုံး ညှင်းပန်း နှိပ်စက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အရှင်လတ်လတ် ငရဲကျသလို အဖြစ်ဆိုးများနှင့် ခံစားခဲ့ရသည်။ နောက်ဆုံး… ကျင့်ကြံခြင်း အခြေခံပါ ဖျက်ဆီးခံခဲ့ရသည် အထိ။
ဤနှစ်များ အတွင်း သူမ အကြိမ်ကြိမ် ပြန်လည် မေးခွန်းထုတ်မိ၏။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ကံကြမ္မာဆိုးများနှင့် ကြုံတွေ့ခဲ့ရသနည်း။ အဘယ်ကြောင့် လုံချန်နှင့် တွေ့ဆုံမှုက အဖြစ်ဆိုးများကို ယူဆောင် လာရသနည်း။
နောက်ဆုံး၌ အမှန်တရားကို သူမ သိရှိခဲ့ရပြီ ဖြစ်သည်။ မင်ရှုဖုန်း ဟောခဲ့သည့် ဖူးစာရှင် ဆိုသည်က လုံချန် မဟုတ်ခဲ့။ သူမ တစ်ချိန်လုံး လျစ်လျူခဲ့မိသည့် ဝေ့ဝူယင် ဖြစ်နေခဲ့ခြင်းပင်။
***