အခန်း (၁၀၁၅-၁၀၁၆)
Vol. 85 Ch. 1015-1016
အခန်း ၁၀၁၅ - နဂါးလူသားမျိုးနွယ်စု၏ ကြောက်မက်ဖွယ်ရာ ခုခံနိုင်စွမ်း
မသေမျိုးစစ်တပ်ကြီးထဲကို ပြေးဝင်သွားသော ရွှမ်းချီသည် သူ၏ဓားမကြီးကို ဝှေ့ယမ်းပြီး ဘယ်ပြန်ညာပြန် ခုတ်ပိုင်းကာ အလွန်ကြမ်းတမ်းနေဆဲ ဖြစ်သည်။ ထို S အဆင့် အရိုးစုစစ်သည်များသည် သူ၏ဓားချက်များကို လုံးဝ ခုခံနိုင်စွမ်းမရှိကြပေ။
အခြားသော နဂါးလူသားများသည် ရွှမ်းချီလောက် မကြမ်းတမ်းသော်လည်း သုံးယောက်တစ်စု၊ ငါးယောက်တစ်စု ဖွဲ့ပြီး စနစ်တကျ တိုက်ခိုက်ခြင်းဖြင့် မသေမျိုးများကို အလျင်အမြန် သုတ်သင်နိုင်ကြသည်။
ထိုအရာများမှာ ပုံမှန်သာဆိုသော်လည်း မဟာမိတ်စစ်သည်များကို အံ့အားသင့်စေသည်မှာ ထို S အဆင့် အရိုးစုများ၏ တိုက်ခိုက်မှုများသည် နဂါးလူသားများအပေါ် ကျရောက်သည့်အခါ မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိသကဲ့သို့ ဖြစ်နေခြင်းပင်။
ရွှမ်းချီက မျိုးနွယ်စုခေါင်းဆောင်ဖြစ်သဖြင့် သူ၏အဆင့်မှာ အလွန်မြင့်မားမည်မှာ သေချာပေသည်။ ထို့ကြောင့် အရိုးစုများက သူ့ကို ဒဏ်ရာမပေးနိုင်ခြင်းမှာ နားလည်ပေး၍ ရသည်။ သို့သော် အခြားသော နဂါးလူသားများကရော။
နဂါးလူသားမျိုးနွယ်စုဝင်တိုင်းက မျိုးနွယ်စုခေါင်းဆောင်လောက် အဆင့်မြင့်နေဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ကြည့်ခြင်းအားဖြင့် သူတို့အဆင့်က ခေါင်းဆောင်ထက် နိမ့်ကျသည်မှာ သေချာပေသည်။
“သူတို့ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
“ဟုတ်တယ်။ ငါတို့သာ အဲ့ဒီလို မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမယ်ဆိုရင် အထဲပြေးဝင်ပြီး စိတ်ကြိုက် သတ်ပစ်လိုက်မှာပဲ။”
“ဒီနဂါးလူသားတွေက တကယ် ကြမ်းလွန်းတယ်။”
ရွှမ်းချီသည် နဂါးလူသားအဖွဲ့ကို ဦးဆောင်ကာ မသေမျိုးများကြားတွင် တစ်နာရီကြာအောင် တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွက် “ဆုတ်ခွာမယ်” ဟု အော်ဟစ်လိုက်တော့သည်။
နဂါးလူသားများသည် မြို့တံတိုင်းဆီသို့ ချက်ချင်း ပြေးထွက်လာကြ၏။ မသေမျိုးများက ရွှမ်းချီနှင့် အဖွဲ့ကို ဝိုင်းရံတိုက်ခိုက်နေသော်လည်း သူတို့ကို လုံးဝ ဟန့်တားနိုင်ခြင်း မရှိပေ။ ရွှမ်းချီနှင့် အဖွဲ့သည် မြို့တံတိုင်းအနီးသို့ လျင်မြန်စွာ ရောက်ရှိသွားကြလေသည်။
မြို့တံတိုင်းပေါ်ရှိ နတ်သူငယ်မျိုးနွယ်နှင့် နာဂမျိုးနွယ်တို့သည် တံတိုင်းနား ကပ်လာသော မသေမျိုးများကို ချက်ချင်း ပစ်ခတ်ကြတော့၏။ နတ်သူငယ်များက လေးနှင့်မြားကို အသုံးပြုပြီး နာဂမျိုးနွယ် အချို့ကလည်း လေးနှင့်မြားကိုပင် အသုံးပြုကြသည်။
မျိုးနွယ်စုနှစ်ခုလုံး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သောအခါ တံတိုင်းအနီးရှိ မသေမျိုးများမှာ ချက်ချင်းပင် ပြုန်းတီးသွားကြတော့သည်။ ထိုအခွင့်အရေးကို အသုံးချကာ နဂါးလူသားများသည် မြို့တံတိုင်းပေါ်သို့ တက်လာခဲ့ကြသည်။
မသေမျိုးများ အပြင်သို့ အရှိန်ဖြင့် ထွက်မလာနိုင်စေရန် ရှောင်းယီ တည်ဆောက်ထားသော မြို့တံတိုင်းတွင် တံခါးပေါက်ပင် မရှိပေ။ ထို့ကြောင့် နဂါးလူသားများသည် ကြိုးများ သို့မဟုတ် လှေကားများကို အသုံးပြု၍ တံတိုင်းပေါ်သို့ တက်ခဲ့ရလေသည်။
“ဒီနေရာကို မင်းတို့ဆီ ခဏလွှဲပေးထားမယ်။ ငါတို့ အနားယူဖို့ လိုတယ်။”
ရွှမ်းချီက တိုက်ရိုက်ပြောလိုက်သည်။ ဖိလစ်က ခေါင်းညိတ်ပြလိုက်၏။
“စိတ်ချပါ။ သူတို့ကို ကျွန်မတို့ သေချာပေါက် ထိန်းချုပ်ထားနိုင်ပါတယ်။”
ဤနေရာတွင် ဖြစ်ပျက်သမျှ သတင်းများသည် ကျန်းယွင်ထျန်းနှင့် ရှောင်းယီတို့၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွား၏။ စစ်သည်တစ်ဦးက ဗီဒီယိုတိုတစ်ခုကိုပင် ရိုက်ကူးပြီး သူတို့ထံ ပို့ပေးလိုက်လေသည်။
“ဒီနဂါးလူသားတွေက တကယ်ပဲ အဲ့လောက်တောင် ကြမ်းတာလား။ S အဆင့် မသေမျိုးတွေတောင် သူတို့ရဲ့ ခန္ဓာကိုယ် ခုခံမှုကို မထိုးဖောက်နိုင်ဘူးလား။”
ကျန်းယွင်ထျန်းက အံ့အားသင့်စွာ ပြောလိုက်သည်။ ဗီဒီယိုကို ကြည့်ပြီးနောက် ရှောင်းယီက ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“ဒါက နဂါးလူသားတွေရဲ့ အထူးစွမ်းရည်တစ်ခု ဖြစ်လိမ့်မယ်။ အချိန်အတိုင်းအတာတစ်ခုအထိ သူတို့ရဲ့ ခုခံနိုင်စွမ်းကို မြှင့်တင်နိုင်တာမျိုးပေါ့။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သော်လည်း “ဒါပေမဲ့ ဒီကြာချိန်က နည်းနည်းတော့ ရှည်လွန်းတယ်။” ဟု ရေရွတ်မိလိုက်ဆဲပင်။
“ဂြိုဟ်သားမျိုးနွယ်စု တိုင်းမှာ ကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြတာပါပဲ။ ဖြစ်နိုင်တာက ဒါက နဂါးလူသားတွေရဲ့ ထူးခြားချက်ဖြစ်တဲ့ မဖောက်ထွင်းနိုင်တဲ့ ခုခံမှု ဖြစ်မှာပေါ့။”
ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။
“ဒါက မဖောက်ထွင်းနိုင်တာတော့ မဟုတ်လောက်ဘူး။”
ကျန်းယွင်ထျန်းက အတည်အပေါက်ဖြင့် ပြန်ပြောလိုက်သည်။ ရှောင်းယီက အားကိုးရာမဲ့သွား၏။
“ငါက နာမည်တစ်ခု ပေးလိုက်တာပါ။ တင်စားပြီး ပြောလိုက်တာပါကွာ...။”
ကျန်းယွင်ထျန်းတစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွား၏။
“ဒီလိုအချိန်မှာ မင်းရဲ့ မူလတန်းအဆင့် တရုတ်စာ စွမ်းရည်တွေကို လာပြီး မထုတ်ပြစမ်းပါနဲ့။”
“ဒီနေ့ ပင်လယ်ထဲက လေဟာနယ်လမ်းကြောင်းတွေကိုရော သေချာ စောင့်ကြည့်ထားရဲ့လား။”
ရှောင်းယီက စကားလမ်းကြောင်း လွှဲလိုက်သည်။
သူတို့အနေဖြင့် နဂါးလူသားများ၏ ထူးခြားချက်ကို အားကျရုံသာ တတ်နိုင်ပြီး သင်ယူ၍ မရနိုင်သောကြောင့် သိထားလျှင်ပင် လုံလောက်ပြီဖြစ်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ဒါပေါ့... ငါတို့ရဲ့ စစ်အင်အားနဲ့ ခဲယမ်းတွေက အဲဒီလေဟာနယ်လမ်းကြောင်းတွေကို စောင့်ကြပ်ဖို့ လုံလောက်တယ်။ သူတို့ လုံးဝ ထိုးဖောက်လာနိုင်စရာ အကြောင်းမရှိဘူး။”
“ကောင်းပြီ... ဒီနေ့ သန်းခေါင်ယံမှာ လေဟာနယ်လမ်းကြောင်း အသစ်တွေ ထပ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမယ်။ ငါတို့ အသစ်တိုးချဲ့ထားတဲ့ ကျွန်းခွဲနေရာတွေကိုလည်း အထူးသတိထားပေးဦး။”
ရှောင်းယီက မှာကြားလိုက်သည်။
“ဟုတ်ကဲ့... အဲ့ဒီနေရာတွေကို စောင့်ဖို့ အဖွဲ့သုံးဖွဲ့ကို အလှည့်ကျ တာဝန်ပေးထားပြီးပါပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“အင်း... ညဦးပိုင်းမှာတော့ အနားယူထားလိုက်ဦး။ ညဉ့်နက်ပိုင်းမှာ မသေမျိုးတွေ ဘာပြဿနာ ထပ်ရှာဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”
ရှောင်းယီက ဆိုသည်။
“ကောင်းပါပြီ။ ဒါဆို ငါ အခု သွားနားတော့မယ်။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ငါ့ကို သားရဲကြီးအသား နည်းနည်းလောက် ထပ်ပေးပါဦး။”
“ရေခဲသေတ္တာထဲမှာ ကိုယ့်ဘာသာ သွားယူလိုက်ပါ။ စားနိုင်သလောက် ယူသွား။”
ရှောင်းယီက အနားရှိ ရေခဲသေတ္တာကို ညွှန်ပြလိုက်သည်။
“ဟုတ်ပြီ။”
ကျန်းယွင်ထျန်းသည် အသား နှစ်ပိဿာခန့် ယူကာ ထွက်ခွာသွားခဲ့သည်။
ကျန်းယွင်ထျန်း ထွက်သွားသည်ကို မြင်သောအခါ ရှောင်းယီသည် ခဏမျှ စဉ်းစားပြီးနောက် ကျွန်းပေါ်ရှိ လေဟာနယ်လမ်းကြောင်းဆီသို့ ထွက်လာခဲ့လိုက်သည်။
လေဟာနယ်လမ်းကြောင်းအနီးရှိ တံတိုင်းပေါ်သို့ ရောက်လာသောအခါ နတ်သူငယ်မျိုးနွယ်နှင့် နာဂမျိုးနွယ်တို့သည် တံတိုင်းနားသို့ ကပ်လာသော မသေမျိုးမျိုးနွယ်စုများကို အဆက်မပြတ် ပစ်ခတ်သတ်ဖြတ်နေကြဆဲဖြစ်သည်။
စောစောက အနားယူနေသည့် နဂါးလူသားမျိုးနွယ်စုဝင်များသည်လည်း အောက်သို့ပြန်ဆင်းကာ တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
“ဒီတစ်ခါ သူတို့အောက်ဆင်းတိုက်နေတာ ဘယ်လောက်ကြာပြီလဲ။”
ရှောင်းယီက မေးလိုက်သည်။ မယ်ဒူဆာက ပြုံးကာ ချက်ချင်းပြန်ဖြေလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်းကို သတင်းပို့ပါတယ်။ မိနစ်လေးဆယ် ရှိပါပြီ။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး အဝေးရှိ လေဟာနယ်လမ်းကြောင်းကို လှမ်းကြည့်လိုက်ရာ ထိုအချိန်တွင် မသေမျိုးများ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။ ဤတစ်ကြိမ် တည်နေရာကူးပြောင်းခြင်း ဖြစ်စဉ်မှာ ပြီးဆုံးသွားပုံရသည်။
ရွှမ်းချီသည် သူ၏အဖွဲ့ကို ဦးဆောင်ပြီး နောက်ထပ် မိနစ်နှစ်ဆယ်ခန့် ဆက်လက်တိုက်ခိုက်ကာ အောက်ရှိ မသေမျိုးများ၏ ထက်ဝက်နီးပါးကို သုတ်သင်ခဲ့ပြီးနောက် သူ၏မျိုးနွယ်စုဝင်များကို မြို့တံတိုင်းအနီးသို့ ခေါ်ဆောင်လာကာ ထိုင်၍ အနားယူကြတော့သည်။ မသေမျိုးများ များများစားစား မကျန်တော့သဖြင့် မြို့တံတိုင်းပေါ်သို့ ပြန်တက်ကာ အနားယူနေရန် မလိုတော့ပေ။
ရှောင်းယီသည် မြို့တံတိုင်းပေါ်မှ တိုက်ရိုက်ခုန်ချလိုက်ရာ ဘေးရှိ မယ်ဒူဆာနှင့် ဖိလစ်တို့မှာ သူကဲ့သို့ ကျွန်းပိုင်ရှင်တစ်ဦးက ကိုယ်တိုင် ခုန်ချလိမ့်မည်ဟု မထင်မှတ်ထားကြပေ။ အနီးရှိ စစ်သည်များမှာမူ သာမန်စစ်သည်တစ်ဦး ခုန်ချလိုက်သည့်အလား မည်သည့်တုံ့ပြန်မှုမျှ မရှိကြချေ။
ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ စစ်သည်များအားလုံးမှာ ရှောင်းယီ၏ အစွမ်းထက်မှုကို သိရှိထားကြသည်။ သူ၏အစွမ်းမှာ သူတို့၏ နည်းပြများပင်လျှင် အလွန်အမင်း ချီးကျူးရသည့် အဆင့်ဖြစ်သည်။
အကယ်၍ ရှောင်းယီပင်လျှင် အသက်အန္တရာယ်ရှိသော ဘေးဒုက္ခနှင့် ကြုံတွေ့ရပါက သူတို့အင်အားဖြင့် သွားရောက်ကူညီခြင်းမှာ အဓိပ္ပာယ်မရှိနိုင်သလို သူတို့လည်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထို့ပြင် ရှေ့ရှိ ကျန်ရှိနေသော မသေမျိုးများမှာလည်း ရှောင်းယီကို အန္တရာယ်ပေးနိုင်စရာ အကြောင်းမရှိချေ။
ရှောင်းယီ ခုန်ချလာသည်ကို မြင်သောအခါ ရွှမ်းချီသည် ကမန်းကတန်း ထရပ်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်း... ဘာလို့ ဒီအထိ ဆင်းလာတာလဲ။”
“ငါတို့စစ်သည်တွေက မင်းတို့က ဓားမတိုး၊ လှံမတိုးဘူးလို့ ပြောနေကြတာနဲ့ လာကြည့်တာလေ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ရွှမ်းချီမှာ ခေတ္တမျှ မှင်တက်သွားပြီး ပြုံးလိုက်သည်။
“တကယ်တော့ ကျုပ်တို့က ဓားမတိုး၊ လှံမတိုးတာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေနဲ့ ဒန်ထျန်းက ချီကို ပေါင်းစပ်အသုံးပြုပြီး ဒီလိုအကျိုးသက်ရောက်မှုကို ရယူလိုက်တာပါ။ တကယ့် ကျွမ်းကျင်ပညာရှင်နဲ့ ကြုံရင်တော့ ကျုပ်တို့ရဲ့ ခုခံမှုကို ချက်ချင်းထိုးဖောက်နိုင်မှာပါ။”
ရှောင်းယီက ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။
“ဒီလိုဆိုရင်တောင်မှ မသေမျိုးစစ်တပ်ထဲမှာ ဒီလို ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နိုင်တာက တကယ်ကို ချီးကျူးစရာပဲ။”
“ကျွန်းပိုင်ရှင်ရှောင်းက မြှောက်ပင့်လွန်းနေပါပြီ။”
ရွှမ်းချီက နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“ဒီညအတွက် အလှည့်ကျ အနားယူဖို့ လိုဦးမလား။”
ရှောင်းယီက မေးလိုက်သည်။
“မလိုပါဘူး။ ကျုပ်တို့အချင်းချင်းပဲ အလှည့်ကျ လုပ်လို့ရပါတယ်။ စိတ်ချပါ ကျွန်းပိုင်ရှင်ရှောင်း... ဒီနေရာကို ကျုပ်တို့ သေချာပေါက် ကာကွယ်ထားနိုင်ပါတယ်။”
ရွှမ်းချီက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကျုပ်တို့ဘက်က လိုအပ်တဲ့ စောင့်ကြည့်ရေးဝန်ထမ်းတွေပဲ ထားခဲ့မယ်။ ကျန်တာကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်သွားပြီနော်။”
“စိတ်ချပါ။”
ရွှမ်းချီက သူ၏ရင်ဘတ်ကို ပုတ်လျက် ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် မြို့တံတိုင်းမှ ချထားသော ကြိုးကို လက်တစ်ဖက်ဖြင့် ဆွဲကာ ခြေနှစ်လှမ်းတည်းဖြင့် အပေါ်သို့ တက်သွား၏။ သူသည် မယ်ဒူဆာနှင့် ဖိလစ်တို့ကိုလည်း မှာကြားစရာရှိသည်များ မှာကြားပြီးနောက် အနီးရှိ မဟာမိတ်စစ်သည်များ၏ ကင်းစခန်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
“ကျွန်းပိုင်ရှင်ကို ဂါရဝပြုပါတယ်။”
ကင်းစခန်းရှိ စစ်သည်များသည် ချက်ချင်း တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ ရှောင်းယီကို အလေးပြုလိုက်ကြလေသည်။
အခန်း ၁၀၁၆ - အပိုဆောင်း ထမင်းတစ်နပ်နှင့် သဘာဝဘေးအန္တရာယ် မရှိရခြင်း အကြောင်းရင်း
“နေကောင်းကြရဲ့လား ရဲဘော်တို့... အားလုံးပဲ ပင်ပန်းသွားကြပြီ။”
ရှောင်းယီက ပြန်လည် နှုတ်ဆက်လိုက်သည်။
သို့သော် စကားပြောပြီးနောက် “ပြည်သူ့အတွက် အလုပ်အကျွေးပြုပါ” ဆိုသည့် စာသားကြီး ငါးလုံးမှာ ရှောင်းယီ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာတော့သည်။
“မပင်ပန်းပါဘူး။ ဒါက ကျုပ်တို့ရဲ့ တာဝန်ပါပဲ။”
တပ်စုမှူးလေးတစ်ဦးက ပြန်ဖြေလာခဲ့သည်။
ရှောင်းယီသည် ခေါင်းခါလိုက်မိ၏။ မျှော်လင့်ထားသည့်အတိုင်းပင် မဟာမိတ်အဖွဲ့၏ စစ်သည်များသည် သူ၏ စိတ်ထဲတွင် ရှိနေသည့် အဖြေမျိုးကို ပေးလိမ့်မည် မဟုတ်ပေ။
“ခဏနေရင် စားဖိုဆောင်ကို မင်းတို့အတွက် အပိုဆောင်း ထမင်းတစ်နပ် ပြင်ဆင်ပေးဖို့ ငါပြောထားလိုက်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စစ်သည်များက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ကြသည်။
ရှောင်းယီက အပိုဆောင်းထမင်းတစ်နပ်ဟု ပြောလိုက်လျှင် ၎င်းမှာ သားရဲကြီးအသားကို ဆိုလိုခြင်းဖြစ်သည်မှာ သေချာသလောက်ပင်။ ယီရန်ပင်း မဟာမိတ်အဖွဲ့အနေဖြင့် သားရဲကြီး သုံးကောင်ကို သတ်ဖြတ်ခဲ့သော်လည်း ပထမတစ်ကောင်၏ ကိုယ်ထည်တစ်ခုလုံးကိုသာ အကောင်းအတိုင်း ရရှိခဲ့ခြင်း ဖြစ်သည်။
ဒုတိယတစ်ကောင်မှာမူ မသေမျိုးမျိုးနွယ်စုများ ယူဆောင်လာသော အလွန်အစွမ်းထက်သည့် အသားပုပ်ပိုးမွှားများ၏ တိုက်စားခြင်းကို ခံခဲ့ရသဖြင့် အသားများစွာ မကျန်တော့ပေ။ တတိယတစ်ကောင်မှာမူ ဓာတ်ခွဲခန်းမှ ဖော်စပ်ထားသော အထူးပိုးသတ်ဆေးဖြင့် ထိုပိုးမွှားများကို အချိန်မီ သတ်နိုင်ခဲ့သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ထိန်းသိမ်းနိုင်ခဲ့သည်။
အကောင်းအတိုင်းရှိသော ခန္ဓာကိုယ် နှစ်ခုရှိနေသော်လည်း ကျွန်းကိုးကျွန်းသို့ ခွဲဝေပြီးနောက် ကျွန်းအသီးသီးရှိ အဖွဲ့များသို့ ထပ်ဆင့်ခွဲဝေလိုက်သောအခါ စစ်သည်အများစုမှာ စားခွင့်မရကြသေးပေ။ ထို့ပြင် သားရဲကြီးအသားကို အသက်ရှင်ကျန်ရစ်သူများအတွက် ဦးစားပေးထားသဖြင့် ဒေသခံစစ်သည်များမှာ ပို၍ပင် စားခွင့်ရရန် ခဲယဉ်းလှပေသည်။
ယခုအခါ ရှောင်းယီက ကိုယ်တိုင်ကတိပေးလိုက်သဖြင့် ဤစစ်သည်များသည် သူတို့အလွန် မျှော်လင့်နေကြသော သားရဲကြီးအသားကို နောက်ဆုံးတွင် မြည်းစမ်းခွင့်ရကြတော့မည် ဖြစ်သည်။
“ဒီည မသေမျိုးတွေရဲ့ လေဟာနယ်လမ်းကြောင်းကို သေချာစောင့်ကြည့်ထားပါ။ အကယ်၍ ဟိုဂြိုဟ်သားတွေက မခုခံနိုင်ဘူးဆိုရင် အများကြီး တွေးမနေနဲ့။ ချက်ချင်းသာ ဝင်တိုက်လိုက်တော့။”
ရှောင်းယီက မှာကြားလိုက်သည်။
“ဟုတ်ကဲ့။”
စစ်သည်များက တုံ့ပြန်လိုက်ကြသည်။
ရှောင်းယီက ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်လာခဲ့လိုက်သည်။
“ဒါ တကယ် ကောင်းတာပဲ။ ငါတို့ တကယ်ပဲ သားရဲကြီးအသားကို စားခွင့်ရတော့မယ်ဆိုတာ မယုံနိုင်ဘူး။”
“ဟုတ်တယ်။ အဲ့ဒီသားရဲကြီးအသားကို စားပြီးရင် လူတစ်ယောက်ရဲ့ ခွန်အားက ဘာကြောင့်မှန်းမသိဘဲ အများကြီး တိုးလာတတ်တယ်လို့ ငါကြားဖူးတယ်။”
“မှန်တယ်။ လူတွေအများကြီးက အဲ့ဒီလို ပြောကြတာပဲ။ ဒါပေမဲ့ အဲ့ဒါက တကယ်လား၊ အလိမ်အညာလားဆိုတာ ဘယ်သူသိမှာလဲ။”
“တကယ်လား၊ အလိမ်အညာလားဆိုတာ ညကျရင် ငါတို့ သိရတော့မှာပါ။”
ရှောင်းယီသည် ကျန်းရွှဲ့ဆီသို့ ဖုန်းဆက်လိုက်၏။
“အစ်မရွှဲ့... ဒီည ကျွန်းပေါ်က လေဟာနယ်လမ်းကြောင်းကို စောင့်ကြပ်နေတဲ့ စစ်သည်တွေကို သားရဲကြီးအသားတွေ အပိုပေးလိုက်ပါ။”
“ကောင်းပါပြီ။”
ကျန်းရွှဲ့သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ချက်ချင်း ပြန်ဖြေလိုက်သည်။ ဖုန်းချပြီးနောက် ရှောင်းယီ ဗီလာသို့ ပြန်လာခဲ့လိုက်တော့လေသည်။
“ကျွန်းပိုင်ရှင်... အခု ညနေတောင် ရောက်နေပြီ။ ဒါပေမဲ့ ငါတို့ မဟာမိတ်အဖွဲ့မှာ ဘာသဘာဝဘေးအန္တရာယ်မှ တကယ် မဖြစ်သေးဘူး။”
အန်းယွဲ့က ရှောင်းယီကို မြင်သည်နှင့် ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“လူတိုင်းကို သတိထားဖို့ပဲ ဆက်ပြောထားလိုက်ပါ။ ကျုပ်တို့ဆီမှာ သဘာဝဘေးအန္တရာယ်တွေ မရှိနိုင်ဘူးဆိုရင်တောင် သတိကိုတော့ လျှော့လို့ မဖြစ်ဘူး။”
“သဘာဝဘေးအန္တရာယ်တွေ မရှိနိုင်ဘူးလား။”
အန်းယွဲ့သည် ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူ ဘာကို ဆိုလိုမှန်း နားမလည်ပေ။
“မှန်တယ်...။ ရှောင်လင်း ထွက်လာခဲ့ဦး။”
ရှောင်းယီသည် အပေါ်ထပ်သို့ လှမ်းခေါ်လိုက်၏။ ချီလင်သည် ရှောင်းယီ၏ အိပ်ခန်းထဲမှ ချက်ချင်း ပြေးထွက်လာပြီး ပထမထပ် ဧည့်ခန်းသို့ ဆင်းလာခဲ့လေသည်။
ထိုအခါ ရှောင်းယီသည် ချီလင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ သဘာဝဘေးအန္တရာယ်တွေ မဖြစ်တာက သူ့ကြောင့် ဖြစ်နိုင်တယ်။”
အန်းယွဲ့သည် ချီလင်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေစဉ် ဘေးရှိ ယွမ်နွန်က ဝင်ပြောလိုက်သည်။
“ချီလင်ဆိုတာ မင်္ဂလာရှိတဲ့ သားရဲလေ။ ဒါက တကယ်လည်း ဖြစ်နိုင်ပါတယ်။”
“မှန်တယ်...။ မဟာမိတ်အဖွဲ့ရဲ့ အနောက်တောင်ဘက်ကျွန်းက ဝေပေါ်ပြောတာကို ငါကြားဖူးတယ်။ သူဌေးက တစ်ခါတုန်းက ရွှမ်းယွမ်ဓားနဲ့ လေဆင်နှာမောင်းကိုတောင် မောင်းထုတ်ခဲ့ဖူးတယ်တဲ့။ အသက်မရှိတဲ့ ရွှမ်းယွမ်ဓားတောင် ဒီလောက်အစွမ်းထက်နိုင်ရင် မင်္ဂလာရှိတဲ့ သားရဲ ချီလင်ကလည်း အားနည်းမှာ မဟုတ်ဘူး။”
ဒူခန်းက ဘေးမှ ချက်ချင်း ဝင်ရောက်ထောက်ခံလိုက်သည်။
သူ၏ စကားမဆုံးသေးမီမှာပင် ရှောင်းယီ၏ ဘေးရှိ ရွှမ်းယွမ်ဓားမှာ နှစ်ကြိမ်တိုင်တိုင် တုန်ခါသွားလေတော့သည်။
ထိုအခါ ဒူခန်းသည် ချက်ချင်း ဒူးထောက်လိုက်၏။
“မြင့်မြတ်လှတဲ့ အရှင်ရွှမ်းယွမ်ဓားခင်ဗျာ... ကျွန်တော်မျိုးမှာ စော်ကားလိုတဲ့ စိတ်ရည်ရွယ်ချက် မရှိပါဘူး။ ကျေးဇူးပြုပြီး စိတ်ထားကြီးကြီးထားပြီး ကျုပ်လို လူကို အပြစ်မယူပါနဲ့။”
ထိုအခါမှ ရွှမ်းယွမ်ဓားသည် ပြန်လည် ငြိမ်သက်သွားတော့သည်။
“ဒူခန်း... မင်း ဘာတွေလုပ်နေတာလဲ။”
အန်းယွဲ့က အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်၏။ စောစောက သူသည် ချီလင်ကိုသာ အာရုံစိုက်နေသဖြင့် ရွှမ်းယွမ်ဓား၏ ထူးခြားမှုကို မမြင်လိုက်မိပေ။
ရွှမ်းယွမ်ဓား ငြိမ်သက်သွားသည်ကို မြင်မှ ဒူခန်းသည် သတိထား၍ ထရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဦးလေးအန်း... ရွှမ်းယွမ်ဓားက ခုနက သူ့အလိုလို လှုပ်သွားတာဗျ။ ကျုပ် ပြောလိုက်တာကို သူ သဘောမကျလို့ ထင်တယ်။”
“မင်း မျက်စိမှားတာ မဟုတ်ဘူးလား။”
အန်းယွဲ့က ရွှမ်းယွမ်ဓားကို နားမလည်နိုင်သလို ကြည့်ရင်း မေးလိုက်သည်။
ထိုအခါ ဘေးတွင် ရှိနေသည့် အန်းရန်ကလည်း အတည်ပြုပေးသည်။
“သူ မျက်စိမှားတာ မဟုတ်ဘူး။ ကျွန်မလည်း ရွှမ်းယွမ်ဓား လှုပ်သွားတာကို မြင်လိုက်တယ်။”
ရွှမ်းယွမ်ဓားသည် အမြဲတမ်း ထူးခြားသည့် အရည်အသွေးများ ရှိနေခဲ့သည်မှာ မှန်သော်လည်း ယခုတစ်ကြိမ်တွင် ဒူခန်း၏ စကားတစ်ခွန်းကြောင့် ထူးခြားမှု ဖြစ်သွားခြင်းမှာ အမှန်တကယ် အံ့အားသင့်စရာပင်။
ရှောင်းယီသည်လည်း ဇဝေဇဝါဖြင့် ဓားကို ကောက်ကိုင်လိုက်ပြီး တစ်ဝက်ခန့် ဆွဲထုတ်ကြည့်သော်လည်း ဘာထူးခြားမှုမှ မတွေ့ရပေ။
ဤလုပ်ရပ်ကြောင့် ဒူခန်းမှာ သေမတတ် ကြောက်လန့်သွားပြီး အော်ဟစ်လိုက်၏။
“ကျွန်းပိုင်ရှင်... အဲ့ဒါကို သေသေချာချာ ထိန်းထားပါဦး။”
“မင်းကလည်း ကြောက်တတ်လိုက်တာ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့။ သူက လူတွေကို အကြောင်းမဲ့ သတ်မှာ မဟုတ်ပါဘူး။”
ထိုစဉ် အန်းယွဲ့သည် မျက်လုံးအပြူးသားဖြင့် အနားသို့ တိုးလာကာ မေးလိုက်သည်။
“ဒီရွှမ်းယွမ်ဓားက တကယ်ပဲ အဲ့လောက်တောင် ထူးခြားတာလား။”
“ကျုပ်တို့ ဆွေးနွေးရမယ့် အကြောင်းအရာက သဘာဝဘေးအန္တရာယ် မဟုတ်ဘူးလား။”
ရှောင်းယီက လူတိုင်း၏ အာရုံကို သဘာဝဘေးအန္တရာယ်ဆီသို့ ချက်ချင်း ပြန်လည် လွှဲပြောင်းလိုက်၏။ အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
“ဂရုထဲက စကားဝိုင်းတွေအရဆိုရင် မဟာမိတ်အဖွဲ့ အားလုံးနီးပါးက သဘာဝဘေးဒဏ်တွေ ခံနေရပြီဆိုတာ လူအတော်များများ သိနေကြပြီ။ ဒါပေမဲ့ အခုထိတော့ ငါတို့ မဟာမိတ်အဖွဲ့မှာ ဘာမှ မဖြစ်သေးဘူး။”
“နီးပါး မဟုတ်ဘူး။ အားလုံးပဲ။”
ဆုဝမ်က ကြားဖြတ် ပြောလိုက်သည်။
“ဂရုထဲမှာ စာရင်းတွေ တွက်ချက်ကြည့်ပြီးပြီ။ ကျွန်မတို့ကလွဲလို့ ကျန်တဲ့ မဟာမိတ်အဖွဲ့ တစ်ဖွဲ့မှ ချွင်းချက်မရှိဘဲ ခံစားနေရတယ်။”
“ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား။ ကျုပ်တို့က သဘာဝဘေးအန္တရာယ် လာစေချင်နေလို့လား။”
ဒူခန်းတစ်ယောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
“ဒါက ကောင်းတဲ့အချက်လည်း ဟုတ်သလို မကောင်းတဲ့အချက်လည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ တခြားလူတွေ အကုန်ဖြစ်နေတယ်ဆိုတာ ကမ္ဘာ့စည်းမျဉ်းတွေထဲမှာ ဒီလိုမျိုး ယန္တရားတစ်ခု ရှိနေလို့ပဲ။ ငါတို့ဆီမှာ အကျိုးသက်ရောက်မှု မရှိတာဟာ ငါတို့ကျွန်းပေါ်က တစ်စုံတစ်ရာက ဒီယန္တရားကို ဖျက်ဆီးလိုက်လို့လား၊ ဒါမှမဟုတ် ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့အတွက် သီးသန့် ပိုခက်ခဲတဲ့ တခြားယန္တရားတစ်ခု ပြင်ဆင်ထားလို့လားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”
ရှောင်းယီက ရှင်းပြလိုက်သည်။ ထိုအခါမှသာ ဒူခန်း နားလည်သွားတော့၏။
“ဪ... ဒီလိုကိုး။ ကျွန်းပိုင်ရှင်က ကမ္ဘာ့စည်းမျဉ်းတွေက ကျုပ်တို့အတွက် ပိုခက်ခဲတဲ့ စိန်ခေါ်မှုမျိုး ပြင်ဆင်ထားမှာကို စိုးရိမ်နေတာလား။”
“ဒါက ငါစိုးရိမ်နေတဲ့ အချက်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ယွမ်နွန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“အဲဒီလိုတော့ မဖြစ်နိုင်ပါဘူး။ ကမ္ဘာ့စည်းမျဉ်းတွေက မဟာမိတ်အဖွဲ့ တစ်ခုနဲ့တစ်ခုအပေါ် စမ်းသပ်မှု အခက်အခဲ အဆင့်ချင်း မတူတာမျိုး ရှိနိုင်ပေမဲ့ စမ်းသပ်မှု ပုံစံတွေကတော့ အခြေခံအားဖြင့် အတူတူပဲ ဖြစ်ရမယ်။ ဒါကြောင့် တခြားလူတွေ သဘာဝဘေးဒဏ် ခံနေရရင် ငါတို့လည်း ခံရမှာပဲ။ ပြီးတော့ ငါတို့က ပိုပြီးတောင် ပြင်းထန်ရဦးမယ်။”
“ဒါပေမဲ့ အခုပြဿနာက ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ ဘာမှ မဖြစ်တာလေ။”
အန်းယွဲ့က ပြန်ပြောလိုက်သည်။
“အဲ့ဒီလိုဆိုရင်တော့ ငါတို့ကျွန်းပေါ်မှာရှိတဲ့ တစ်စုံတစ်ခုက ဒီစမ်းသပ်မှုကို ပျယ်ပြယ်သွားအောင် လုပ်လိုက်တာပဲ ဖြစ်ရမယ်။ ဥပမာ ချီလင် ပေါ့။”
ယွမ်နွန်က ဆိုသည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ကျုပ်အမြင်ကလည်း ဆရာကြီးနွန်နဲ့ အတူတူပါပဲ။ ဒီရှောင်လင်က အလုပ်မလုပ်ဘဲ အလကား စားနေမှာတော့ မဟုတ်ပါဘူး။”
ထိုအခါ အနားတွင် လှဲနေသည့် ချီလင်သည် ချက်ချင်း ခေါင်းထောင်လာပြီး ရှောင်းယီကို မကျေမနပ် ကြည့်ကာ လည်ချောင်းထဲမှ အသံအချို့ ထွက်ပေါ်လာခဲ့သည်။
“စတာပါကွာ။ မင်းကလည်း အတည်ကြီး ယူလို့။”
ရှောင်းယီက ၎င်း၏ ခေါင်းကို ပုတ်ပေးလိုက်၏။
ထိုအခါမှ ချီလင်သည် စိတ်မပါတပါဖြင့် မြေပြင်ပေါ် ပြန်လှဲသွားတော့သည်။ ချီလင်၏ လူစကား နားလည်ပုံကို ကြည့်ပြီး လူတိုင်း အံ့အားသင့်သွားကြ၏။
“ဒီရှောင်လင်က လူစကားကို ဒီလောက်တောင် နားလည်တာလား။”
ဒူခန်းက စူးစမ်းလိုစိတ်ဖြင့် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်၏
ချီလင်သည် ခေါင်းပြန်ထောင်လာပြီး ဒူခန်းကို စိုက်ကြည့်လိုက်ရာ ဒူခန်းမှာ လန့်ဖျန့်သွားပြီး မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားလေတော့သည်။