← Chapters

အခန်း (၁၀၁၇-၁၀၁၈)

Vol. 85 Ch. 1017-1018

အခန်း (၁၀၁၇-၁၀၁၈)

Vol. 85 Ch. 1017-1018

အခန်း ၁၀၁၇ - လေပြာအင်ပါယာ နောက်တစ်ကြိမ် လာရောက်လည်ပတ်ခြင်း

ချီလင်၏ အရွယ်အစားမှာ လက်ရှိတွင် ခွေးကလေးတစ်ကောင်ကဲ့သို့သာ ရှိသော်လည်း စောစောက စိုက်ကြည့်လိုက်သည့် အကြည့်တစ်ချက်ကပင် S အဆင့်ရှိနေပြီဖြစ်သော ဒူခန်းကို ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားအောင်ပင် ခြောက်လှန့်နိုင်ခဲ့သည်။

“ရှောင်လင်... ဒူခန်းကို အဲ့ဒီလို လိုက်မခြောက်နဲ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ထိုအခါမှသာ ချီလင်သည် မြေပြင်ပေါ်သို့ ပြန်လှဲသွားတော့သည်။ ဒူခန်းသည်မူ ကြောက်စိတ်မပြေသေးချေ။

“ကျုပ်က ဒီချီလင်ကို အဆောင်အယောင် သားရဲလေးလို့ပဲ အမြဲထင်ခဲ့တာ။ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။”

“ဒါက အစွမ်းထက်တယ်၊ မထက်ဘူးဆိုတဲ့ အယူအဆထက်တောင် ကျော်လွန်နေပြီ။”

အန်းယွဲ့က ပြုံးကာ ပြောလိုက်သည်။

“ဘယ်လောက်ပဲ အစွမ်းထက်တဲ့သူဖြစ်ဖြစ် အကြည့်တစ်ချက်နဲ့တင် မင်းကို ကြမ်းပြင်ပေါ် လဲကျအောင် လုပ်နိုင်ပါ့မလား။”

ထိုအခါ ဒူခန်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ဦးလေးအန်း မသိလို့နော်။ ခုနက အကြည့်ကလေ... ကမ္ဘာဦးသားရဲကြီးတစ်ကောင်ရဲ့ စိုက်ကြည့်တာကို ခံလိုက်ရသလိုပဲ။ နောက်တစ်စက္ကန့်မှာတင် ဝါးမျိုခံရတော့မယ်လို့ ခံစားလိုက်ရတာ။ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။”

“ကောင်းပြီ... ဒါတွေကို ဆက်မပြောကြနဲ့တော့။ ဦးလေးအန်း... ကျွန်းအသီးသီးကလူတွေကို သတိပေးထားပါဦး။ ကျုပ်တို့ ပေါ့ဆလို့ မဖြစ်ဘူး။ အားလုံးပဲ ပြန်ပြီး အနားယူကြတော့။”

ထို့နောက် ရှောင်းယီသည် အပေါ်ထပ်သို့ တက်လာခဲ့ရာ ချီလင်သည်လည်း သဘာဝအတိုင်း သူ၏နောက်မှ လိုက်ပါသွားခဲ့သည်။

အိပ်ခန်းသို့ ရောက်သောအခါ ရှောင်းယီသည် ဂရုချတ်ထဲမှ မက်ဆေ့ခ်ျများကို ဆက်လက်ဖတ်ရှုလိုက်၏။

‘ကတုံးကောင် ငါ့ဆရာကို အခုချက်ချင်းပြန်ပေး’ က သူ့ထံ မက်ဆေ့ခ်ျတစ်ခု ထပ်မံချန်ထားပြီး သတ္တုများ ထပ်မံလဲလှယ်လိုကြောင်း ပြောထားသည်။

“သူဌေး... ကျွန်မ သတ္တုတွေ ထပ်လိုချင်ပါသေးတယ်။”

သူမက စာပို့ထားသည်။

“ဒီတစ်ခါတော့ ပမာဏ အများကြီးပဲ လဲလှယ်ရအောင်။ ယူနစ် ၁ သိန်းကနေ စလိုက်ကြတာပေါ့။”

ထိုတောင်းဆိုချက်ကို မြင်သောအခါ ရှောင်းယီက ပြုံးလိုက်သည်။

“မင်းရဲ့ ဘရောင်နင်း ပစ္စတိုတွေ တော်တော်လေး အရောင်းသွက်နေပုံပဲ။”

အရင်က သူမသည် တစ်ကြိမ်လျှင် ယူနစ် ၁ သောင်းခန့်သာ တောင်းဆိုလေ့ရှိပြီး ၎င်းမှာ သူမ၏လက်ထဲတွင် အုတ်မြစ်ကျောက် အလုံအလောက် မရှိသောကြောင့် ဖြစ်သည်။ ယခုအခါ သူမသည် ပစ္စတိုများကို အတော်အတန် ရောင်းချပြီးပြီဖြစ်သဖြင့် အုတ်မြစ်ကျောက် အများအပြား ရရှိထားပြီ ဖြစ်ရမည်။

ထိုစဉ် အခြားတစ်ဖက်မှ ချက်ချင်း ပြန်ဖြေလာခဲ့သည်။

“ကျွန်မက အသေးစား စီးပွားရေးလေး လုပ်နေတာပါ။ သူဌေးနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ ရပါ့မလဲ။”

“အရမ်းကြီး နှိမ့်ချမနေပါနဲ့။ အုတ်မြစ်ကျောက်တွေ ရှာနိုင်တယ်ဆိုတာက မင်းရဲ့ အရည်အချင်းပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ငါ့ဘက်မှာလည်း သတ္တု ၅ သောင်းပဲ ရှိဦးမယ်။ ငါ့ဆီမှာ ထပ်ရမှ ထပ်ပြောကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် သူဌေး။”

သူမက ပြန်ပို့လာခဲ့သည်။

မကြာသေးမီက မသေမျိုးမျိုးနွယ်စုများကို ရင်ဆိုင်ရာတွင် လက်နက်နှင့် ခဲယမ်းများ အလွန်အမင်း သုံးစွဲခဲ့ရသဖြင့် မဟာမိတ်အဖွဲ့ အားလုံးမှာ သူတို့တွင်ရှိသော နောက်ဆုံး သတ္တုအပိုင်းအစအထိ ညှစ်ထုတ်သုံးစွဲနေရသည်ကို လူတိုင်းသိကြသည်။

သူမထံသို့ သတ္တုများ လဲလှယ်ပေးပြီးနောက် ရှောင်းယီက စိတ်ထဲမှ တွေးမိလိုက်သည်။

“မနက်ဖြန်ကျရင် လေပြာအင်ပါယာကို နည်းနည်း တိုက်တွန်းရဦးမယ် ထင်တယ်။”

ထိုအချိန်တွင် လေပြာအင်ပါယာ၏ နန်းတော်အတွင်း၌ ထန်လုံသည် သူ၏ခရီးစဉ်မှ ရရှိလာသော ရလဒ်များကို လန်ယုံထံသို့ စိတ်လှုပ်ရှားစွာ အစီရင်ခံနေခဲ့လေသည်။

“အရှင်မင်းကြီး... ပတ်ဝန်းကျင်က အင်အားစုတွေက ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေကို အရမ်း စိတ်ဝင်စားနေကြပါတယ်။”

အမြဲတမ်း တည်ငြိမ်လှသော ထန်လုံပင်လျှင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ချေ။

“ကျွန်တော်မျိုး သူတို့ကို ဝယ်ဈေးရဲ့ ဆယ်ဆအထိ ဈေးခေါ်ခဲ့တာတောင် သူတို့က ဝယ်ဖို့ ဆန္ဒရှိနေကြတုန်းပဲ။”

“ကောင်းတယ်။”

လန်ယုံက ခေါင်းညိတ်လိုက်သည်။

“ဒါက ငါတို့ မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူတို့ကို အရောင်းအဝယ် လုပ်မယ့် နည်းလမ်းကိုရော ပြောပြခဲ့လား။”

“ပြောခဲ့ပါတယ်။ သူတို့အားလုံးကလည်း ပြဿနာမရှိဘူးလို့ ထင်နေကြတယ်။”

ထန်လုံက ပြန်ဖြေလိုက်သည်။ ထိုအခါ လန်ယုံက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

“ဒါဆိုရင် မနက်ဖြန် ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီကို တစ်ခေါက် သွားဖို့ လိုလိမ့်မယ်။”

“ဟုတ်ကဲ့...ဒီအရောင်းအဝယ်တွေကို အမြန်ဆုံး အတည်ပြုနိုင်ရင် ကျွန်တော်မျိုးတို့ အမြတ်အစွန်း အများကြီး ရနိုင်မှာပါ။”

ထန်လုံက ထောက်ခံလိုက်သည်။

“ကောင်းပြီ... အခုတော့ အနားယူကြစို့။ မနက်ဖြန် မင်း ငါနဲ့အတူ ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီ လိုက်ခဲ့ရမယ်။”

လန်ယုံက အမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ။”

နောက်တစ်နေ့တွင် ရှောင်းယီ နိုးနိုးချင်းမှာပင် မြောက်ဘက်ကျွန်း မဟာမိတ်အဖွဲ့ထံမှ သတင်းတစ်ခု ရရှိခဲ့လေသည်။

“ကျွန်းပိုင်ရှင်... လေပြာအင်ပါယာရဲ့ အရှင်မင်းကြီး ရောက်နေပါတယ်။”

စွန်းကုထောင်က အစီရင်ခံလာခဲ့သည်။ ရှောင်းယီ အနည်းငယ် မှင်တက်သွား၏။

“ငါကလည်း သူ့ကို ရှာတော့မလို့ပဲ။ သူ့ကို အပန်းဖြေစခန်းက ဘားမှာ အရင် စောင့်ခိုင်းထားလိုက်ပါ။ ငါ ပြင်ဆင်ပြီးတာနဲ့ လာခဲ့မယ်။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလျင်အမြန်ကိုင်တွယ်ပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့သည်။

“ကျွန်ပိုင်အရှင်... အရှင်မင်းကြီးလန်က သီးသန့်အခန်းထဲမှာ စောင့်နေပါတယ်။”

စွန်းကုထောင်က အပေါက်ဝတွင် ရှောင်းယီကို စောင့်ကြိုနေ၏။ ရှောင်းယီက ခေါင်းညိတ်ပြပြီး ခြေလှမ်းကျဲကျဲဖြင့် အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။

“အရှင်မင်းကြီးလန်... ကိုယ်တိုင်ကိုယ်ကျ ထွက်မကြိုနိုင်တာ ခွင့်လွှတ်ပါ။”

ရှောင်းယီက ပြုံးကာ နှုတ်ဆက်လိုက်သည်။

လန်ယုံနှင့် ထန်လုံတို့မှာ ချက်ချင်း ထရပ်လိုက်ကြ၏။

“မဟာမိတ်ခေါင်းဆောင်ရှောင်းကလည်း အားနာနေစရာမလိုပါဘူး။ အရမ်းယဉ်ကျေးနေပြန်ပါပြီ။”

“အားလုံးပဲ ထိုင်ကြပါဦး။”

ရှောင်းယီက ဖိတ်ခေါ်လိုက်သည်။

ထိုစဥ် ဒူခန်းသည် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သစ်သီးဖျော်ရည် အနည်းငယ်ကို လာချပေးပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့သည်။

“အရှင်မင်းကြီးတို့ဘက်က ဘာတွေတိုးတက်မှုရှိလဲဆိုတာ မနေ့ညကမှ ကျုပ်တွေးနေတာ။ ဒီလောက်မြန်မြန် သတင်းထူးလာလိမ့်မယ်လို့ မထင်ထားမိဘူး။”

ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။ ထိုအခါ လန်ယုံက လက်ယှက်ကာ ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်းက ကျုပ်တို့ကို သီးသန့်အရောင်းကိုယ်စားလှယ် အခွင့်အရေး ပေးထားတာဆိုတော့ ဒီအခွင့်အရေးကို ကျုပ်တို့ကလည်း အမိအရ ဆုပ်ကိုင်ရမှာပေါ့။ အနည်းဆုံးတော့ မဟာမိတ်ခေါင်းဆောင်ရှောင်းကို စိတ်ပျက်အောင် လုပ်လို့မရဘူးလေ။”

“အရှင်မင်းကြီးလန်က အားနာစရာတွေ ပြောနေပြန်ပါပြီ။ ဒါက လက်တွဲဖော်တွေပဲလေ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတာက မှန်ကန်တဲ့လမ်းစဉ်ပါပဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“အရှင်မင်းကြီးတို့ဘက်က သတင်းတွေကို ပြောပါဦး။”

“ထန်လုံ... မဟာမိတ်ခေါင်းဆောင်ရှောင်းကို မင်းပဲ ရှင်းပြလိုက်တော့။”

လန်ယုံက ချက်ချင်း ညွှန်ကြားလိုက်သည်။ထန်လုံက ခေါင်းညိတ်ပြလိုက်၏။

“မဟာမိတ်ခေါင်းဆောင်ရှောင်း... အရင်ဆုံး ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းကို ရှင်းပြပါရစေ။ ကျုပ်တို့က ခင်ဗျားတို့ မဟာမိတ်အဖွဲ့ဆီက ပစ္စည်းတွေကို ဝယ်ယူပြီးတော့ ဆယ်ဆလောက် ဈေးတင်ရောင်းပါမယ်။ ရရှိလာတဲ့ အမြတ်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကို ခင်ဗျားတို့ မဟာမိတ်အဖွဲ့ကို ခွဲပေးပါ့မယ်။ ဒီအပေါ်မှာ မဟာမိတ်ခေါင်းဆောင်ရှောင်းအနေနဲ့ ကန့်ကွက်စရာရှိပါသလား။”

ထိုစကားကို ကြားသောအခါ ရှောင်းယီမှာ လုံးဝ မှင်တက်သွားတော့သည်။

ရောင်းလိုက်တဲ့ ပစ္စည်းတွေပေါ်ကနေ အပိုဆောင်း အမြတ်ငွေ ထပ်ရဦးမည်တဲ့လား။ ဒီလောက်ကောင်းတဲ့အရာမျိုး ရှိသေးတာလား။

လန်ယုံနှင့် ထန်လုံတို့၏ အနည်းငယ် စိုးရိမ်နေသော မျက်နှာပေးများကို ကြည့်ကာ ရှောင်းယီသည် သူတို့ အဘယ်ကြောင့် ဤသို့လုပ်သည်ကို နားလည်သွားခဲ့သည်။ အမှန်စင်စစ် သူသည် လက်ဝါးကြီးအုပ်ထားသူ ဖြစ်သည်မဟုတ်ပါလော။ သူတို့အနေဖြင့် အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေကြသေးသည်ပင်။

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... အကယ်၍ အရောင်းအဝယ်ကို ကျုပ်တို့မဟာမိတ်အဖွဲ့ရဲ့ ဒစ်ဂျစ်တယ် ငွေကြေး ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ လုပ်မယ်ဆိုရင် ရသမျှ အမြတ်အားလုံးကို ခင်ဗျားတို့ပဲ ယူလိုက်ပါ။ ဒါပေမဲ့ အုတ်မြစ်ကျောက်နဲ့ လဲလှယ်တာဆိုရင်တော့ ကျုပ်ကို ၈၀ ရာခိုင်နှုန်း ပေးပါ။ ဘယ်လိုလဲ။”

ရှောင်းယီ၏ စကားကို ကြားသောအခါ လန်ယုံနှင့် ထန်လုံတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။ အကယ်၍ သူတို့အားလုံးက သူတို့ငွေကြေးနဲ့ပဲ အရောင်းအဝယ် လုပ်ကြမည်ဆိုလျှင် အမြတ်အားလုံးက သူတို့နိုင်ငံအတွက် ဖြစ်မနေဘူးလော။

ဒါပေါ့... လန်ယုံတို့ကတော့ ထိုသို့ လုံးဝလုပ်မည် မဟုတ်ပေ။

“မဟာမိတ်ခေါင်းဆောင်ရှောင်း... တကယ်ပဲ ဒီနည်းလမ်းနဲ့ ပူးပေါင်းချင်တာ သေချာရဲ့လား။”

လန်ယုံက စမ်းတဝါးဝါးဖြင့် မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

“အရှင်မင်းကြီးတို့လည်း မြင်နိုင်မှာပါ။ ကျုပ်တို့လို အပြင်လူတွေအတွက်တော့ အုတ်မြစ်ကျောက်က ပိုအရေးကြီးတယ်။ ကျန်တာတွေကိုတော့ ဘေးဖယ်ထားလို့ ရပါတယ်။”

လန်ယုံက ခေါင်းညိတ်ကာ အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်းက ဒီလောက်အထိ ပွင့်လင်းနေပြီဆိုမှတော့ ကျုပ်တို့လည်း ဝေ့ဝိုက်မနေတော့ပါဘူး။ လူတိုင်း အုတ်မြသ်ကျောက်နဲ့ လဲလှယ်ကြဖို့ ကျုပ်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ ရသမျှ အုတ်မြသ်ကျောက် အားလုံးကို ခင်ဗျားကို ပေးပါ့မယ်။ အဲဒီအထဲက ၂၀ ရာခိုင်နှုန်းကိုတော့ ဒစ်ဂျစ်တယ် ငွေကြေးအဖြစ် ပြောင်းလဲပြီး ကျုပ်တို့ လေပြာအင်ပါယာရဲ့ ကတ်ထဲကို ထည့်ပေးရင် ရပါပြီ။”

“ဒါက ပိုတောင် ကောင်းသေးတယ်။”

ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်၏။

“ဒါဆို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြစို့။”

“ဟုတ်ကဲ့... အတည်ပြုလိုက်ပါပြီ။”

လန်ယုံက ခေါင်းညိတ်လျက် ဆိုလိုက်သည်။ ခေါင်းဆောင်နှစ်ဦးက ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သဖြင့် ကျန်သူများမှာလည်း ကန့်ကွက်စရာ မရှိကြတော့ပေ။

ထန်လုံက ဆက်လက်ပြောကြားလိုက်သည်။

“နောက်တစ်ခုက မနေ့က ပတ်ဝန်းကျင် အင်အားစုတွေနဲ့ ကျုပ် သွားရောက် ဆက်ဆံခဲ့တဲ့ အခြေအနေပါ။ တစ်ခွန်းတည်းနဲ့ အနှစ်ချုပ်ရရင်တော့ သူတို့တွေဟာ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ လက်နက်နဲ့ ခဲယမ်းတွေကို အရမ်း စိတ်ဝင်စားနေကြပါတယ်။ ကျုပ် ဆယ်ဆဈေး ခေါ်လိုက်တာတောင် သူတို့က စိတ်ဝင်စားနေကြတုန်းပါပဲ။”

“သူတို့ စိတ်ဝင်စားတယ်ဆိုရင် ကိစ္စတွေက ကိုင်တွယ်ရ ပိုလွယ်သွားတာပေါ့။”

ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။

“အဲ့ဒီနိုင်ငံတွေမှာ သတ္တု အရံသင့် စုဆောင်းထားတာ ဘယ်လောက်ရှိလဲ။”

သူက ထပ်မံ မေးမြန်းလိုက်သည်။

“ကျုပ်တို့ လေပြာအင်ပါယာလောက် မများပေမဲ့ အတော်အတန် ကြွယ်ဝတယ်လို့တော့ ပြောလို့ရပါတယ်။”

ထန်လုံက ချက်ချင်း ပြန်ဖြေလိုက်လေသည်။

အခန်း ၁၀၁၈ - အထူးထုတ်ကုန်များကို မြည်းစမ်းခြင်းနှင့် စမ်းသပ်မှုရလဒ်များ

“ကောင်းပြီ။ ဒါဆိုရင် သတ္တုတွေကို စပြီးဝယ်ကြစို့။”

ရှောင်းယီက ပြောလိုက်သည်။ ထန်လုံက မျက်မှောင်ကြုတ်လိုက်၏။

“မဟာမိတ်ခေါင်းဆောင်ရှောင်း... ကျုပ် နည်းနည်းတော့ စိုးရိမ်မိတယ်။ အကယ်၍ ကျုပ်တို့က သူတို့ဆီက သတ္တုဝယ်မယ်ဆိုရင် သူတို့က ဈေးတွေကို အဆမတန် တင်ပစ်ကြလိမ့်မယ်။”

“ကျုပ်တို့ရဲ့ဈေးနှုန်းတွေကို အသေသတ် သတ်မှတ်ထားတယ်လို့ ဘယ်သူပြောလဲ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဗျာ...။”

ထန်လုံသည် ရှောင်းယီ ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွား၏။

“ဆိုလိုတာက... သူတို့က ကျုပ်တို့ကို သတ္တုရောင်းတဲ့ဈေးအပေါ် မူတည်ပြီးတော့ လက်နက်ဈေးနှုန်းကို သတ်မှတ်မယ်လို့ ပြောတာလား။”

“အတိအကျပဲ။ ခင်ဗျားက သူတို့ကို ဆယ်ဆဈေးတင်ရောင်းဖို့ ဆုံးဖြတ်ထားပြီးသား မဟုတ်လား။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါဆို သူတို့တင်လိုက်တဲ့ဈေးကို တစ်ဆယ်နဲ့မြှောက်ပြီး သူတို့ကို ပြန်ရောင်းလိုက်ပေါ့။”

“ကောင်းလိုက်တဲ့ အကြံ။”

ထန်လုံက ရယ်မောလိုက်၏။

“ကျုပ်က အရင်အတိုင်း ပုံသေပဲ စဉ်းစားနေမိတာပဲ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး။”

“အားနာစရာ မလိုပါဘူး။ ကျုပ်ကလည်း အမြတ်ဝေစုကို မျှော်လင့်နေတာပဲလေ။”

ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။

“ဒါ့အပြင် ကျုပ်ဆီမှာ တခြားပစ္စည်းအချို့လည်း ရှိသေးတယ်။ အဲ့ဒါတွေကိုလည်း တခြားအင်အားစုတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။”

“ဘာပစ္စည်းတွေလဲ...။”

ထန်လုံက အလောတကြီး မေးလိုက်သည်။

“ခင်ဗျားတို့ ဒီအပန်းဖြေစခန်းမှာ တစ်ရက်လောက်နေပြီး ကျုပ်တို့မဟာမိတ်အဖွဲ့မှာရှိတဲ့ အရာတွေကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်သင့်တယ်။ မဟုတ်ရင် ကျုပ်ပြောနေတာကိုပဲ နားထောင်နေရရင် ခင်ဗျားတို့အတွက် ခံစားချက် သိပ်ရှိမှာမဟုတ်ဘူး။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဥပမာ ဒီစားပွဲပေါ်က ဖျော်ရည်မျိုးပေါ့။”

“အဆင့်မြင့် အစားအသောက်တွေကို ပြောတာလား။”

ထန်လုံက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါတင် မကဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အရင်ဆုံး ကိုယ်တိုင် မြည်းစမ်းကြည့်လိုက်ကြပါ။ ခင်ဗျားတို့ သိလာပါလိမ့်မယ်။”

လန်ယုံက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။ ဒီမှာရှိတဲ့ ပစ္စည်းအမျိုးမျိုးကို ကျုပ်တို့ အမြန်ဆုံး သိရှိနိုင်အောင် ကူညီပေးမယ့်သူတစ်ယောက် စီစဉ်ပေးနိုင်ရင် အကောင်းဆုံးပဲ။”

“ဒါပေါ့။”

ထို့နောက် ရှောင်းယီသည် သူ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခု နှိပ်လိုက်၏။

“ဒူခန်း... သီးသန့်အခန်းကို ခဏလာခဲ့ပါဦး။”

မကြာမီ ဒူခန်း ဝင်လာခဲ့လေသည်။

“ကျွန်းပိုင်ရှင်... ဘာကိစ္စရှိလို့လဲ။”

ရှောင်းယီက အနားရှိ လန်ယုံနှင့် ထန်လုံကို ညွှန်ပြကာ ပြောလိုက်သည်။

“ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အထူးထုတ်ကုန်တွေကို သူတို့ လေ့လာနိုင်ဖို့ မင်း သူတို့ကို နာရီဝက်လောက် လိုက်ပြပေးလိုက်ပါ။ အဆင်ပြေလား။”

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ အထူးထုတ်ကုန်တွေက အများကြီးပဲလေ။ နာရီဝက်လောက်နဲ့တော့ အကုန်ပြဖို့ မဖြစ်နိုင်ဘူး။”

ဒူခန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါဆိုရင် ဒီက ဒေသခံတွေနဲ့ ပိုကိုက်ညီမယ့်၊ အထိရောက်ဆုံးဖြစ်မယ့် အရာအချို့ကိုပဲ ရွေးပြလိုက်ပါ။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“အကုန်လုံးကို တစ်ပြိုင်တည်း မိတ်ဆက်ပေးနေဖို့ မလိုပါဘူး။ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့။”

ဒူခန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။ အရှင်မင်းကြီးလန်ယုံနဲ့ မစ္စတာထန်လုံ... ကျုပ်နောက် လိုက်ခဲ့ပေးပါ။”

“ဒါဆိုရင် မင်းကိုပဲ အားကိုးရတော့မယ်။”

လန်ယုံနှင့် ထန်လုံတို့က မတ်တတ်ရပ်ကာ ပြောလိုက်ကြလေသည်။

ပြီးခဲ့သည့်အကြိမ်က သူတို့သည် အပန်းဖြေစခန်းတွင် ခဏမျှသာ ကစားပြီး ပြန်သွားခဲ့ကြသဖြင့် အချို့သော ဖျော်ဖြေရေးများကိုသာ သိရှိခဲ့ကြပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အထူးထုတ်ကုန်များအကြောင်းကိုမူ နားလည်မှု သိပ်မရှိခဲ့ကြပေ။

ယခုတစ်ကြိမ်တွင်မူ သူတို့၏ ကိုယ်ပိုင်ကုန်ပစ္စည်းများကို ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ဒူခန်းသည် သူတို့ကို အပန်းဖြေစခန်းအတွင်းရှိ စီးပွားရေး အဆောက်အဦး ဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

ထိုအဆောက်အဦးကြီး စတင်ပြီးစီးစဥ်က အလွတ်ကြီး ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ အတွင်းရှိ ဆိုင်ခန်းများအားလုံး ဖွင့်လှစ် လည်ပတ်နေပြီ ဖြစ်သည်။

ဆိုင်ခန်းများ အမြန်ဆုံး ပြည့်နှက်သွားစေရန်အတွက် အန်းယွဲ့သည် ဆိုင်ခန်းငှားရမ်းခ လျှော့ပေါ့ပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့် ပေးခြင်း စသည့် မက်လုံးအမျိုးမျိုးကိုပင် ပေးခဲ့ရသည်။

အန်းယွဲ့၏ ဖိတ်ခေါ်မှုဖြင့် ဆိုင်ခန်းလာဖွင့်သူများသည် ယခုအခါ ချမ်းသာနေကြပြီ ဖြစ်သည်။ လက်ရှိတွင် အပန်းဖြေစခန်းသို့ လာရောက်သူဦးရေမှာ နေ့စဉ်နှင့်အမျှ အလွန်များပြားနေပြီး လာရောက်ကစားသူတိုင်းသည် ယီရန်ပင်း၏ စီးပွားရေး အဆောက်အဦးသို့ ဝင်ရောက်လေ့လာလေ့ ရှိကြသည်။

အဆောက်အဦးထဲသို့ ခြေချမိသည်နှင့် လူတိုင်းသည် အနည်းနှင့်အများ တစ်ခုခုတော့ ဝယ်ယူလေ့ရှိကြသည်။ ထို့ကြောင့် ဆိုင်ခန်းထဲတွင် ပလာတာဆိုင်လေး ဖွင့်ထားလျှင်ပင် အမြတ်အစွန်း အကြီးအကျယ် ရရှိနိုင်ပေသည်။

ယခင်က အပြင်ဘက်တွင် လမ်းဘေးဈေးသည်အဖြစ် ရောင်းချခဲ့သူများ အားလုံးသည် အဆောက်အဦးအတွင်းသို့ ပြောင်းရွှေ့ခဲ့ကြ၏။ ဤစီးပွားရေး အဆောက်အဦးကြီးသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အထူးထုတ်ကုန်များ အားလုံး စုစည်းရာနေရာ ဖြစ်သည်ဟုပင် ဆိုနိုင်လေသည်။

ဒီတော့ ဒူခန်းသည် လန်ယုံနှင့် ထန်လုံတို့ကို ဤနေရာကို တိုက်ရိုက် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။

“အရင်ဆုံး ကျုပ် ခင်ဗျားတို့ကို လိုက်ပြပေးပါမယ်။ ပြီးမှ ဘယ်ပစ္စည်းတွေက အရောင်းရဆုံးဖြစ်နိုင်မလဲဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် မြည်းစမ်းကြည့်ကြပေါ့။”

ဒူခန်းက အကြံပြုလိုက်သည်။

“ကောင်းတာပေါ့။”

လန်ယုံက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ထို့နောက် ဒူခန်းသည် လန်ယုံတို့အဖွဲ့ကို ကုန်တိုက်ကြီးအတွင်း လိုက်လံပြသလေတော့သည်။

တစ်ဖက်တွင်လည်း ရှောင်းယီသည် ကျန်းယွင်ထျန်းထံသို့ ချက်ချင်း ဖုန်းဆက်ကာ မေးလိုက်သည်။

“အစ်ကိုကျန်း... မနေ့ညက စမ်းသပ်မှုရလဒ်တွေ ဘယ်လိုရှိလဲ။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ မနေ့ညက အသစ်တိုးချဲ့ထားတဲ့ ၂၀x၂၀ ဧရိယာထဲမှာ မသေမျိုးမျိုးနွယ်စုရဲ့ လေဟာနယ်လမ်းကြောင်းတစ်ခု ပေါ်လာပါတယ်။ တခြားကျွန်းတွေမှာတော့ လေဟာနယ်လမ်းကြောင်းအသစ်တွေ ထပ်မတွေ့ရပါဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါဆို တကယ်ပဲ အဲ့ဒီအတိုင်းဖြစ်နေတာပေါ့။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“အသစ်တိုးချဲ့လိုက်တဲ့ နေရာက လေဟာနယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အရွယ်အစားနဲ့ ကိုက်ညီသွားရင် အဲ့ဒီနေရာမှာ လေဟာနယ်လမ်းကြောင်း ပေါ်လာနိုင်ခြေ ရှိနေတာပဲ။”

“လက်ရှိ စောင့်ကြည့်ချက်တွေအရတော့ အဲ့ဒီအတိုင်းပါပဲ။”

ကျန်းယွင်ထျန်းက ဆိုသည်။ သူတို့သည် အသစ်တိုးချဲ့လိုက်သော နေရာကို တံတိုင်းများဖြင့် ကြိုတင်ပိတ်ဆို့ထားသဖြင့် အရာအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ဖုန်းချပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုချတ်အတွင်းရှိ တိလင်းထျန်းရှားကို ရှာဖွေကာ မေးလိုက်သည်။

“တိလင်းဂိုဏ်းချုပ်... ခင်ဗျားတို့ဘက်က စမ်းသပ်မှု ဘယ်လိုရှိလဲ။”

“၂၀x၂၀ အကျယ်အဝန်းရှိတဲ့ ကွင်းပြင်မှာ လေဟာနယ်လမ်းကြောင်းတစ်ခု တကယ်ပေါ်လာတယ်။”

တိလင်းထျန်းရှားက ချက်ချင်းပြန်ဖြေလိုက်သည်။

ရှောင်းယီ ခဏမျှ စဉ်းစားပြီးနောက် ဂရုထဲတွင် ထပ်မံမေးမြန်းလိုက်သည်။

“မနေ့က တခြားမဟာမိတ်အဖွဲ့တွေရဲ့ အနီးနားက ပင်လယ်ပြင်တွေမှာ လေဟာနယ်လမ်းကြောင်းအသစ်တွေ ထပ်ပေါ်တာမျိုး ရှိလား။”

“မနေ့ညက တိုက်ပွဲက အရမ်းပြင်းထန်နေတော့ အဲ့ဒါတွေကို လိုက်ကြည့်ဖို့ အင်အားမရှိပါဘူး။”

“ဟုတ်တယ်။ ခုခံနိုင်တာတင် ကံကောင်းလှပြီ။ တော်သေးတာက ရဲဘော် မြည်းကတုံးဆီကနေ ဘရောင်းနင်းပစ္စတို အုပ်စုလိုက် ဝယ်လိုက်ရလို့ပေါ့။ တစ်ခါပစ်ရင် အချက် ၂၀ ထွက်တဲ့ ဒီလိုလက်နက်မျိုးမှ အသုံးတည့်တာ။ ပင်ဖိုင်းယားသေနတ်တွေက မရတော့ဘူး။”

“ပင်ဖိုင်းယားသေနတ် သုံးရတာထက် အဆင့်မြင့် လက်ပစ်ဒူးလေးသုံးရတာကမှ ကျည်ဖြည့်ရတာ ပိုမြန်သလိုပဲ။”

“အမှန်ပဲ။ ငါတို့မဟာမိတ်အဖွဲ့ဆိုရင် မနေ့က မသေမျိုးတွေရဲ့ စစ်ရှိန်ကို သူဌေးရဲ့ အဆင့်မြင့် လက်နက်အေးတွေနဲ့ပဲ ခုခံနိုင်ခဲ့တာ။ မဟုတ်ရင် အကြာကြီးကတည်းက ကျရှုံးနေလောက်ပြီ။”

“မင်းတို့ကလည်း စကားလမ်းကြောင်းတွေ လွဲကုန်ပြန်ပြီ။ သူဌေး လေဟာနယ်လမ်းကြောင်းတွေ ထပ်ပေါ်လာသလားလို့ မေးနေတာလေ။ ငါ လေယာဉ်နဲ့ စစ်ဆေးကြည့်ပြီးပြီ။ လေဟာနယ်လမ်းကြောင်းအသစ်တွေ ထပ်မပေါ်လာပါဘူး။”

“တစ်ခုမှ ထပ်မပေါ်လာဘူးလား။”

ရှောင်းယီက ထိုသူပို့သော စာကို ဇဝေဇဝါဖြင့် ကြည့်ကာ “သေချာရဲ့လား” ဟု မေးလိုက်သည်။

“သေချာပါတယ်။ ကျုပ်တို့လေယာဉ်တွေက ခဏပဲ ပျံသန်းနိုင်ပေမဲ့ အနီးနား ပင်လယ်ပြင်ကို တစ်ခေါက်ပတ်ကြည့်ဖို့တော့ လုံလောက်ပါတယ်။ ဒီမှာ လေဟာနယ်လမ်းကြောင်း ကိုးခုပဲ ရှိတယ်။ ကျွန်းခွဲတွေနဲ့ တည့်တည့်မှာရှိတဲ့ ရှစ်ခုရယ်၊ ကျပန်းပေါ်လာတဲ့ တစ်ခုရယ်ပဲ။”

“သူဌေးရဲ့ လေသံအရဆိုရင်လေဟာနယ်လမ်းကြောင်းတွေ ထပ်ပေါ်လာနိုင်လို့လား။”

“မင်းကလည်း သူဌေးနှစ်ယောက် ပြောနေတာ မကြားဘူးလား။ သူတို့ကျွန်းတွေပေါ်မှာ လေဟာနယ်လမ်းကြောင်းတွေ ထပ်ပေါ်လာလို့ ဖြစ်မှာပေါ့။”

“တောက်... ဒါဆို သူတို့ဆီမှာ စုစုပေါင်း တစ်ဆယ်ခုတောင်ပေါ့။ သူဌေးကတော့ သူဌေးပါပဲ။ လေဟာနယ်လမ်းကြောင်း အရေအတွက်တောင် ငါတို့ သာမန်မဟာမိတ်အဖွဲ့တွေထက် ပိုများနေသေးတယ်။”

“ဒါပေမဲ့ ငါတို့ဆီမှာ ဘာလို့ ထပ်မတိုးတာလဲ။ ငါ ဖက်တီးကျားကို အထင်သေးတာလားကွ။”

“ဟားဟား... မင်းက တကယ် ထပ်လိုချင်လို့လား။ အခုရှိတာကိုတောင် မင်းနိုင်အောင် ထိန်းနိုင်လို့လား။”

“မနိုင်ဘူးလေ။ ဒါပေမဲ့ တခြားလူတွေမှာ ရှိရင် ငါ့မှာလည်း ရှိရမှာပေါ့။ မဟုတ်ရင် မတရားဘူးလေ။”

“အပေါ်ကလူ မင်း ရူးနေတာလား။”

“ဆောရီး ဆောရီး... ငါတို့အိမ်က ခွေးရူးက ကြိုးပြတ်သွားလို့ပါ။”

ရှောင်းယီသည် ဂရုထဲမှ ဆွေးနွေးမှုများကို လျစ်လျူရှုလိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ဘာကြောင့် သူနဲ့ တိလင်းထျန်းရှားတို့ဆီမှာပဲ အပိုတစ်ခုစီ ပေါ်နေရတာလဲ။

တခြား ဘယ်မဟာမိတ်အဖွဲ့တွေမှာရော အပိုထပ်ရှိနေသေးလဲ။

All Chapters