အခန်း (၁၀၁၉-၁၀၂၀)
Vol. 85 Ch. 1019-1020
အခန်း ၁၀၁၉ - လူတိုင်းထက် လေဟာနယ်လမ်းကြောင်း တစ်ခု ပိုများနေခြင်း
ကျွန်းပေါ်အထိ မသေမျိုးမျိုးနွယ်စုများ၏ တိုက်ခိုက်ခြင်းကို ခံနေရသည့် အခြားမဟာမိတ်အဖွဲ့များ၏ အနီးနားပင်လယ်ပြင်တွင် လေဟာနယ်လမ်းကြောင်းအသစ်များ ထပ်ပေါ်၊ မပေါ်ကို အတည်ပြုရန် နည်းလမ်းမရှိသောကြောင့် ရှောင်းယီအတွက် ဤမေးခွန်းများ၏ အဖြေကို ရှာဖွေရန် ခက်ခဲနေခဲ့သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ဂရုထဲတွင် ထပ်မံမေးမြန်းလိုက်သည်။
“တိလင်းဂိုဏ်းချုပ်... ခင်ဗျားတို့ အရင်ကရှိခဲ့တဲ့ မသေမျိုးလေဟာနယ်လမ်းကြောင်း ကိုးခုစလုံးကို ပိတ်ဆို့ထားနိုင်ပြီလား။”
“အင်း လေဟာနယ်လမ်းကြောင်းတွေရဲ့ အဝင်ဝနားမှာတင် အကုန်ပိတ်ဆို့ထားပြီးပြီ။”
တိလင်းထျန်းရှားက ချက်ချင်း ပြန်ဖြေလိုက်သည်။ ထိုအခါ ရှောင်းယီ၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ခနဲ ပေါ်လာ၏။
“ဒါဆို ဒီလိုမျိုးလား။”
သူရော၊ တိလင်းအင်ပါယာအဖွဲ့ရောသည် မသေမျိုးများကို လေဟာနယ်လမ်းကြောင်း အဝင်ဝမှာတင် ပိတ်ဆို့ထားကြ၏။ ထိုအခါ မသေမျိုးမျိုးနွယ်စုများသည် ထိုးဖောက်ရန် လမ်းစကို အမြဲမပြတ် ရှာဖွေနေကြပြီး ထို့ကြောင့်ပင် လေဟာနယ်လမ်းကြောင်းအသစ်များကို ဆက်တိုက် ဖန်တီးနေခြင်း ဖြစ်နိုင်သည်။
ကိုးခုစလုံး ပွင့်နေပြီးသား အခြားမဟာမိတ်အဖွဲ့များအတွက်မူ ရှိရင်းစွဲလမ်းကြောင်းများကပင် သူတို့၏ စစ်တပ်ကြီးကို ပို့လွှတ်ရန် လုံလောက်နေပြီဖြစ်သဖြင့် လမ်းကြောင်းသစ် ထပ်မံဖန်တီးရန် မလိုခြင်း ဖြစ်ပေလိမ့်မည်။ ဤခန့်မှန်းချက်မှာ လက်ရှိတွင် အဖြစ်နိုင်ဆုံး အဖြေပင် ဖြစ်သည်။
ထိုအချိန်တွင် ယီထျန်းဂရုချတ်အတွင်း၌လည်း ဆွေးနွေးမှုများ စတင်လာခဲ့သည်။
“သူဌေးဆီမှာ လေဟာနယ်လမ်းကြောင်းတွေ ဒီလောက်အများကြီး ထပ်ပေါ်လာတာက သူဌေးရဲ့ အင်အားက အရမ်းကြီးမားလွန်းလို့ ဖြစ်မယ်လို့ မင်းတို့ ထင်လား။”
“ဖြစ်နိုင်ခြေ အရမ်းများတယ်။ သူဌေး အရင်က ပြောဖူးတာတော့ သူတို့ရင်ဆိုင်နေရတဲ့ မသေမျိုးတွေက S အဆင့်တွေတဲ့။ အဲ့ဒီအဆင့်ရှိတဲ့ စစ်တပ်ကြီးတစ်ခုအကြောင်း စဉ်းစားကြည့်ရုံနဲ့တင် ကြောက်စရာပဲ။ သူဌေး သူတို့ကို ဘယ်လိုများ တားဆီးထားလဲဆိုတာ ငါတကယ်ကို မသိတော့ဘူး။”
“ဟုတ်တယ်။ S အဆင့်တဲ့။ ငါတို့ မဟာမိတ်အဖွဲ့တစ်ခုလုံးမှာတောင် S အဆင့် တစ်ယောက်ပဲ ရှိတာ။”
“မင်းတို့အဖွဲ့မှာ S အဆင့် ရှိသေးတယ်လား။ ငါတို့ဆီမှာ တစ်ယောက်မှ မရှိသေးဘူး။”
“အပေါ်ကလူ... မင်း ယီရန်ပင်းသူဌေးရဲ့ အသက်ရှင်ကျန်ရစ်သူများ ဖိုရမ်မှာ တင်ထားတဲ့ ပို့စ်ကို မဖတ်ဘူးလား။ မြန်မြန်သွားဖတ်ပြီး အဆင့်မြှင့်ဖို့ ငါအကြံပေးချင်တယ်။”
“မှန်တယ်။ သူဌေးပြထားတဲ့ နည်းလမ်းအတိုင်းဆိုရင် အဆင့်တက်တဲ့နှုန်းက အရင်ကထက် သေချာပေါက် အဆပေါင်းများစွာ ပိုမြန်လာလာတယ်။”
“ငါတို့ မဖတ်ဘူးလို့ ဘယ်သူပြောလဲ။ ဖတ်တာပေါ့ကွ။ ဒါပေမဲ့ ငါတို့က အဆင့်တွေ အဲ့ဒီလောက်အထိ မြန်မြန် မတက်ချင်သေးဘူးလို့ ထင်တာပဲ။”
“ဘာလို့လဲ။ အခြားအရာတွေက ပြင်ပပစ္စည်းတွေပဲလေ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အင်အား တိုးတက်ဖို့ကမှ အရေးကြီးဆုံး မဟုတ်ဘူးလား။ မင်းတို့က ဘာလို့ အဆင့်မတက်ချင်ရတာလဲ။”
“စဉ်းစားကြည့်လေ။ ငါတို့ အဆင့်တွေ အရမ်းမြန်မြန် တက်သွားရင် သူဌေးလိုမျိုး ပိုခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။”
“အဲ့ဒါကလည်း ကျိုးကြောင်းဆီလျော်သလိုပဲဟ။”
“အခုဆိုရင် ငါတို့က သူဌေးဆီကရတဲ့ အဆင့်မြင့်လက်နက်တွေကို သုံးပြီး အဆင့်နိမ့်တဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်နေရတာလေ။ ဒါက ပိုပြီး မလွယ်ကူဘူးလား။”
“အဲ့ဒီအတွေးအခေါ်က တကယ်ကို ဟုတ်နေတာပဲ။ အား... ဒါကို ဘာလို့ ငါ့ကို စောစောက မပြောကြတာလဲ။”
“မင်းတို့ ပြောတာက ကျိုးကြောင်းဆီလျော်တယ် ဆိုပေမဲ့လည်း ငါကတော့ ကိုယ့်ရဲ့ ရုပ်ခန္ဓာအဆင့်ကို အရင်မြှင့်ထားတာက ပိုကောင်းမယ်လို့ ယုံကြည်တယ်။ နောက်ထပ် ဘယ်လိုစမ်းသပ်မှုတွေ လာဦးမလဲဆိုတာ ငါတို့ မသိနိုင်ဘူးလေ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အင်အားက သဘာဝအတိုင်း အရေးကြီးဆုံးပဲ။ အကယ်၍ နောက်တစ်ဆင့် စမ်းသပ်မှုမှာ ပြင်ပပစ္စည်းတွေ သုံးခွင့်မပေးတော့ဘူးဆိုရင် မင်းတို့ ဘာလုပ်ကြမလဲ။”
“အဲ့ဒီလို အန္တရာယ်မျိုးတော့ တကယ်ရှိနိုင်တယ်။ တခြားလူတွေ အကုန်လုံး အဆင့်တက်သွားပြီး မင်းတစ်ယောက်တည်း နောက်ကျကျန်နေခဲ့ရင် သဘာဝအတိုင်း မင်းပဲ ဖယ်ထုတ်ခံရမှာပဲ။”
“အတိအကျပဲ။ ဒီကမ္ဘာကြီးက အတော်ဆုံးသူသာ ရှင်သန်နိုင်ခြင်းပဲ။ အဆင့်မတက်ဘဲ အဆင့်နိမ့်စမ်းသပ်မှုတွေကို အဆင့်မြင့်လက်နက်တွေနဲ့ ထာဝရ ရင်ဆိုင်သွားမယ်ဆိုတဲ့ အပေါက်မျိုးကတော့ ဖြစ်နိုင်ခြေ နည်းလိမ့်မယ်လို့ ငါခံစားရတယ်။”
“သဘောတူတယ်။ ငါတို့ ရုပ်ခန္ဓာ ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ လိုနေတုန်းပဲ။”
“ငါ အခုမှ သတိထားမိတယ်။ ငါတို့က ဘာမှမတော်ပေမဲ့ စကားလမ်းကြောင်း လွှဲတဲ့နေရာမှာတော့ အတော်ဆုံးပဲ။ သူဌေးဆီမှာ ဘာလို့ လေဟာနယ်လမ်းကြောင်း ပိုများနေတာလဲဆိုတာ ဆွေးနွေးနေတာ မဟုတ်ဘူးလား။”
“ဟုတ်သားပဲ... အဲ့ဒါ ဆွေးနွေးနေတာလေ။ ဒါက မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရုပ်ခန္ဓာအဆင့်နဲ့ ဆက်စပ်နေမယ်လို့ ငါတို့ သံသယရှိတယ်။”
“မဖြစ်နိုင်ပါဘူး။ မသေမျိုးတွေရဲ့ အဆင့်ကလည်း အတော်လေး မြင့်နေပြီပဲ။ လေဟာနယ်လမ်းကြောင်းတွေ ထပ်တိုးဖို့ မလိုလောက်တော့ပါဘူး။”
“စမ်းတဝါးဝါးနဲ့ လျှောက်မခန့်မှန်းကြနဲ့တော့။ ငါ့ရဲ့ ပညာရှင်ဆန်တဲ့ ဝေဖန်ဆန်းစစ်ချက်ကိုပဲ နားထောင်လိုက်ကြတော့။”
“ကောင်းပြီ... အားလုံးပဲ အပေါ်ကလူ ပြောမယ့် အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်ပေးလိုက်ကြပါဦး။”
“မင်းတို့ကို ငါတစ်ခုမေးမယ်။ ဒီစမ်းသပ်မှုရဲ့ အဓိက ခေါင်းစဉ်က ဘာလဲ။”
“အပေါ်ကလူက အရူးလား။ ဒါက ကမ္ဘာ့စစ်မြေပြင်ဆိုတာ လူတိုင်းသိတာပဲလေ။ လိုရင်းကိုပဲ မြန်မြန်ပြောစမ်းပါ။ စကားတွေကို ဝေ့ဝိုက်မနေနဲ့။”
“ဒါက ကမ္ဘာ့စစ်မြေပြင် ဖြစ်တဲ့အတွက် အဓိကအကြောင်းအရာက တိုက်ခိုက်ရေးနဲ့ အသက်လုပွဲပဲ ဖြစ်ရမယ်။ လေဟာနယ်လမ်းကြောင်းကို အဝင်ဝမှာတင် ပိတ်ဆို့ထားပြီး မသေမျိုးတွေ ထွက်မလာအောင် တားဆီးဖို့ မဟုတ်ဘူး။”
“ပြီးတော့ရော...။”
“ငါ ရဲရဲကြီး ပြောရဲတယ်။ သူဌေးရှောင်းနဲ့ တိလင်းဂိုဏ်းချုပ်တို့ရဲ့ မဟာမိတ်အဖွဲ့ နှစ်ခုစလုံးက အဲ့ဒီမသေမျိုးတွေကို လေဟာနယ်လမ်းကြောင်း အဝင်ဝမှာတင် အသေသတ် ပိတ်ဆို့ထားကြတာပဲ ဖြစ်ရမယ်။”
“ငါ နားလည်သွားပြီ။ သူဌေးတို့က သူတို့ကို ပိတ်ဆို့ထားတဲ့အတွက်ကြောင့်ပဲ မသေမျိုးတွေဘက်ကဖြစ်ဖြစ်၊ ကမ္ဘာ့စည်းမျဉ်းတွေကြောင့်ပဲဖြစ်ဖြစ် သူတို့ဟာ ကျူးကျော်ဖို့အတွက် တခြားနေရာတွေကို ရှာဖွေရတော့တာပဲ။ အဲဒါကြောင့် လမ်းကြောင်းအသစ်တွေ ပေါ်လာရတာပေါ့။”
“ဉာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောရတာ တကယ်ကို သက်သာတာပဲ။ အဲ့ဒီယုတ္တိအတိုင်းပဲ။ ပြီးတော့ ဒီယုတ္တိကပဲ ဘာကြောင့် တခြားမဟာမိတ်အဖွဲ့တွေမှာ လမ်းကြောင်းအသစ်တွေ ထပ်မတိုးလာတာလဲဆိုတာကို ရှင်းပြပေးနေတယ်။ သူတို့က မပိတ်ဆို့ထားဘူးလေ။”
“အတိအကျပဲ။ တခြားအဖွဲ့တွေက မပိတ်ဆို့ထားတော့ မသေမျိုးတွေ အလုံးအရင်းနဲ့ ဝင်လာဖို့အတွက် အဟန့်အတား မရှိဘူး။ အဲ့ဒီတော့ လမ်းကြောင်းသစ် ထပ်ဖန်တီးနေဖို့ မလိုတော့ဘူးပေါ့။ အပေါ်ကလူက တကယ်ကို အမြင်စူးရှတာပဲ။”
ရှောင်းယီသည်လည်း စိတ်ထဲမှ အတော်လေး ချီးကျူးမိသွားခဲ့သည်။ တကယ်ပင် ဉာဏ်ပြေးသည့်လူများ ရှိနေကြသည်ပင်။ သူနှင့် တိလင်းထျန်းရှားတို့၏ စကားအနည်းငယ်ကို ကြည့်ရုံဖြင့် ဤကဲ့သို့ ကောက်ချက်ချနိုင်သည်မှာ မခဲယဉ်းလှပေ။
ထိုအချိန်တွင် တိလင်းထျန်းရှားက ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့လေသည်။
“ကျွန်းပိုင်ရှင်ရှောင်း... ဂရုထဲက အဲ့ဒီလူရဲ့ ဆန်းစစ်ချက်ကို ခင်ဗျား ဘယ်လိုမြင်လဲ။”
“အထင်ကြီးစရာပဲ။ ငါလည်း သဘောတူတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆို ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ။ ဒီအတိုင်းပဲ ဆက်ပြီး ပိတ်ဆို့ထားမှာလား။ တစ်ချိန်ကျရင်တော့ ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ စစ်အင်အားက လုံလောက်မှာ မဟုတ်တော့ဘူး။”
တိလင်းထျန်းရှားက မေးလိုက်သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဒီလို ပိတ်ဆို့ထားတာက ရေရှည်အတွက်တော့ နည်းလမ်းကောင်း မဟုတ်တာ အမှန်ပဲ။ ဒါပေမဲ့ ဒီလေဟာနယ်လမ်းကြောင်းတွေ တည်ဆောက်ရတာက လွယ်ကူမယ်လို့ ငါမထင်ဘူး။ မသေမျိုးတွေဘက်ကလည်း အကန့်အသတ်မရှိ ဆက်တိုက် တည်ဆောက်နိုင်မယ်လို့ မယုံကြည်ဘူး။ အကယ်၍ မဟာမိတ်အဖွဲ့မှာ စစ်သည်အင်အား လုံလောက်တယ်ဆိုရင် သူတို့ ဘယ်လောက်အထိ ထပ်တိုးနိုင်မလဲဆိုတာ သိရအောင် ခဏလောက် ထပ်ထိန်းထားကြည့်သင့်တယ်။ စစ်အင်အားက တကယ်ပဲ မနိုင်မနင်း ဖြစ်လာပြီဆိုရင်တော့ တချို့ကို တမင်တကာ ပေးဖြတ်လိုက်ပေါ့။”
တိလင်းထျန်းရှားက ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ။ ကျုပ်လည်း တတ်နိုင်သလောက် ထပ်ပြီး ထိန်းထားကြည့်ပါဦးမယ်။ တော်သေးတာက အခု လေဟာနယ်လမ်းကြောင်းတွေ ပေါ်လာတတ်တဲ့ ပုံစံကို ကျုပ်အကြမ်းဖျင်း သိသွားပြီ။ သူတို့ကို တစ်နေရာတည်းမှာ စုပြီး ပေါ်လာအောင် လုပ်လိုက်မယ်။ ဒါဆိုရင် ခုခံရတာ ပိုလွယ်သွားလိမ့်မယ်။”
“ကောင်းလိုက်တဲ့ အကြံ။”
ရှောင်းယီ၏ မျက်လုံးများ ဝင်းလက်သွား၏။ ဤအချက်မှာ တကယ့်ကို အကြံကောင်းပင်။
လေဟာနယ်လမ်းကြောင်းများသည် ကုန်းမြေပေါ်တွင် ပေါ်လာရန် ဦးစားပေးလေ့ရှိသောကြောင့် သူတို့ ပေါ်လာရန်အတွက် သီးသန့်နေရာတစ်ခုကို တိုးချဲ့ပေးထားလိုက်လျှင် အဆင်ပြေပေလိမ့်မည်။
ရှောင်းယီ၏ လက်ထဲတွင် အသုံးမပြုရသေးသော အုတ်မြစ်ကျောက်းများစွာ ရှိနေသေးသည်။ ဤလေဟာနယ်လမ်းကြောင်းများကို လက်ခံရန်အတွက် သီးသန့်ကျွန်းငယ်လေးတစ်ခုကို သူ လုံးဝ တည်ဆောက်နိုင်စွမ်း ရှိပေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ပင်မကျွန်း၏ အရှေ့တောင်ဘက်တွင် ကျွန်းငယ်လေးတစ်ခုကို ချက်ချင်း တိုးချဲ့လိုက်တော့၏။ ထိုကျွန်းငယ်လေးသည် ပင်မကျွန်းနှင့် ငါးမီတာသာ ကျယ်သော လမ်းကျဉ်းလေးဖြင့်သာ ဆက်သွယ်ထားသည်။
ထိုကျွန်းငယ်၏ အကျယ်အဝန်းမှာ ၂၀x၂၀ သာ ရှိပေသည်။
ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းထံ တိုက်ရိုက် ဖုန်းဆက်လိုက်တော့သည်။
“အစ်ကိုကျန်း... ပင်မကျွန်းရဲ့ အရှေ့တောင်ဘက်မှာ ငါအသစ်တိုးချဲ့ထားတဲ့ ၂၀x၂၀ ကျွန်းငယ်လေးကို ဝိုင်းရံထားဖို့ ရေတပ်အဖွဲ့တစ်ခု စီစဉ်လိုက်ပါ။”
“ဟမ်...။”
ကျန်းယွင်ထျန်း အနည်းငယ် မှင်တက်သွား၏။
“ကျွန်းပိုင်ရှင်... ဆိုလိုတာက မသေမျိုးတွေရဲ့ လေဟာနယ်လမ်းကြောင်းကို အဲ့ဒီနေရာမှာ ပေါ်လာအောင် လုပ်မလို့လား။”
“ဟုတ်တယ်။ အတိအကျပဲ။ အဲ့ဒီမှာပဲ ပေါ်လာပါလိမ့်စေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆို ဘာလို့ ပင်မကျွန်းပေါ်မှာပဲ ပေါ်လာအောင် မလုပ်တာလဲ။ မြို့တံတိုင်းတွေကို သုံးပြီး ခုခံရတာက ပိုမလွယ်ဘူးလား။”
ကျန်းယွင်ထျန်းက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
အခန်း ၁၀၂၀ - လက်မှတ်ထိုးဝင်ခြင်းနှင့် ပစ္စတင်တိုက်လေယာဉ် ပုံစံခွက်
ရှောင်းယီက ပြုံးကာ ရှင်းပြလိုက်သည်။
“ငါ ဒီနေရာကို လေဟာနယ်လမ်းကြောင်းကျွန်းအဖြစ် ပြောင်းလဲဖို့ ငါစီစဉ်နေတာ။ အဲ့ဒီကျွန်းကိုတော့ လူတိုင်း စိတ်ကြိုက် ဗုံးကြဲလို့ရတယ်။ ပင်မကျွန်းပေါ်မှာတော့ မဖြစ်ဘူးလေ။ ငါတို့ မဟာမိတ်အဖွဲ့မှာ အရပ်သားတွေလည်း ရှိနေတာဆိုတော့ တစ်ခုခု မှားယွင်းသွားရင် သက်ရောက်မှုက အကြီးကြီးဖြစ်သွားလိမ့်မယ်။”
“လေဟာနယ်လမ်းကြောင်းကျွန်းလား။”
ကျန်းယွင်ထျန်းက ဤဝေါဟာရကို တစ်ခါမှ မကြားဖူးကြောင်း အမူအရာပြလိုက်သည်။
ရှောင်းယီလည်း မတတ်သာတော့ဘဲ သူ၏ အရင်က ခန့်မှန်းချက်များကို ပြန်လည် ပြောပြလိုက်ရတော့သည်။
“ကျွန်းပိုင်ရှင်... ဆိုလိုတာက ငါတို့က သူတို့ကို အရမ်း ပိတ်ဆို့ထားလွန်းလို့ တစ်ဖက်က လေဟာနယ်လမ်းကြောင်း အသစ်တွေကို အဆက်မပြတ် ဖွင့်နေတာလို့ ပြောတာလား။”
ကျန်းယွင်ထျန်းက အံ့အားသင့်စွာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“အကြမ်းဖျင်းတော့ အဲ့ဒီလိုပဲ။ ရှေးလူကြီးတွေ ပြောသလိုပေါ့...။ ပိတ်ဆို့တာထက် လမ်းကြောင်းလွှဲပေးလိုက်တာက ပိုကောင်းတယ်လေ။”
“ဒါဆိုရင် ငါတို့ လမ်းကြောင်း လွှဲပေးလို့ ရတာပဲ။ ဘာလို့ ဆက်ပြီး ပိတ်ဆို့နေဦးမှာလဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သူတို့ကို ပေးဝင်လိုက်ရင်တောင် ငါတို့ လုံးဝ ကိုင်တွယ်နိုင်တာပဲ။”
“ဒါကိုတော့ ငါလည်း သိတာပေါ့။ ငါက မသေမျိုးတွေရဲ့ လေဟာနယ်လမ်းကြောင်းတွေက အလကားရတာလား၊ စိတ်ကြိုက် တည်ဆောက်လို့ရတာလားဆိုတာ သိချင်လို့ပဲ။”
ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။
“ပြီးတော့ တိလင်းထျန်းရှား ငါ့ကို သတိပေးလိုက်သလိုပဲ။ တယ်လီပို့လမ်းကြောင်းတွေ ပေါ်လာမယ့် ပုံစံကို သိနေမှတော့ သူတို့ကို တစ်နေရာတည်းမှာ စုထားလိုက်တာပေါ့။ ဒါမှ ခုခံဖို့နဲ့ စီမံခန့်ခွဲဖို့ ပိုလွယ်မှာ။”
“နားလည်ပါပြီ။ ငါ အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ဖုန်းချပြီးနောက် ရှောင်းယီသည် ယနေ့အတွက် လက်မှတ်ထိုးမဝင်ရသေးသည်ကို ရုတ်တရက် သတိရသွားသဖြင့် ချက်ချင်းပင် လုပ်ဆောင်လိုက်လေသည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - ပစ္စတင်တိုက်လေယာဉ် ပုံစံခွက် (SS အဆင့်) ၁။”
ဤဆုလာဘ်ကို မြင်သောအခါ ရှောင်းယီမှာ ဝမ်းသာလွန်း၍ ထခုန်မိတော့မတတ်ပင် ဖြစ်သွားခဲ့၏။
နောက်ဆုံးတော့ ငါတို့ ကောင်းကင်ကို စိုးမိုးနိုင်တော့မယ်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပုံစံခွက်ကို ချက်ချင်း အသုံးပြုလိုက်ပြီး ထိုတိုက်လေယာဉ်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးကာ တစ်စီး ချက်ချင်း ထုတ်လုပ်လိုက်တော့သည်။
ထို့နောက် ဖုန်းထုတ်ကာ ကျန်းယွင်ထျန်းထံ ဆက်လိုက်လေသည်။
“အစ်ကိုကျန်း... စစ်စခန်းရဲ့ သီးသန့်မြေနေရာမှာ လေဆိပ်အတွက် နေရာတစ်ခု သတ်မှတ်လိုက်ပါ။”
ထိုအမိန့်ကို ကြားသောအခါ ကျန်းယွင်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်တော့သည်။
“ငါတို့ မဟာမိတ်အဖွဲ့မှာ လေယာဉ်တွေ ရှိလာပြီလား။”
“ဟုတ်တယ်။ ပစ္စတင်တိုက်လေယာဉ်လေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပစ္စတင်အင်ဂျင်နဲ့လား။ အဆင်ပြေတာပေါ့။ ဂျက်လေယာဉ်လောက် မကောင်းပေမဲ့ ဒါကလည်း လုံလောက်ပါတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ငါ့ကို သုံးမိနစ်လောက် အချိန်ပေးပါ။”
ဖုန်းချပြီးနောက် ကျန်းယွင်ထျန်းသည် စစ်စခန်းအတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ သီးသန့်မြေနေရာ ဘေးပတ်ပတ်လည်တွင် တံတိုင်းတစ်ခု ချက်ချင်း ရေးဆွဲလိုက်တော့သည်။
ထိုမြေနေရာမှာ မြေသားမာပြီးသား ဖြစ်သဖြင့် လေဆိပ်အဖြစ် အသုံးပြုရန် ပြဿနာမရှိပေ။ ကုန်ကြမ်းပစ္စည်းသာ လုံလောက်လျှင် ကျောက်တိုင်ကို အသုံးပြု၍ တံတိုင်းတစ်ခု ကာရံရန်မှာ အလွန်လွယ်ကူလှပေသည်။
တံတိုင်းကာရံပြီးသည်နှင့် ကျန်းယွင်ထျန်းသည် ရှောင်းယီထံ မက်ဆေ့ခ်ျပို့လိုက်ပြီး လေဆိပ်ဆီသို့ သူကိုယ်တိုင် ကားမောင်း၍ ထွက်လာခဲ့လိုက်သည်။ တိုက်လေယာဉ်အသစ်ဆိုတော့ သူ ကိုယ်တိုင် သွားရောက် စမ်းသပ်ကြည့်ချင်နေပြီ ဖြစ်သည်။
ရှောင်းယီသည် သူ ထုတ်လုပ်ထားသော တိုက်လေယာဉ်ကို လေဆိပ်တွင် ချထားလိုက်ပြီး မြို့ပြန်ကျောက်ကို သုံးကာ စစ်စခန်းအတွင်းသို့ ကူးပြောင်းလိုက်လေသည်။
“မင်းတို့ရဲ့ နည်းပြကျန်း ဘယ်မှာလဲ။”
ကျန်းယွင်ထျန်းကို မတွေ့သဖြင့် ရှောင်းယီက မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ နည်းပြကျန်းက ခုနတင်ပဲ အလောတကြီး ကားမောင်းထွက်သွားပါတယ်။”
အနားရှိ အစောင့်တစ်ဦးက ဖြေလိုက်သည်။
“ကျစ် သူက အဲ့လောက်တောင် စိတ်စောနေရလား။”
ရှောင်းယီက ကူကယ်ရာမဲ့သွာဖြင့် ခေါင်းခါလိုက်ပြီး သူကိုယ်တိုင်လည်း ကားပေါ်တက်ကာ ဒရိုင်ဘာကို လေဆိပ်ဆီသို့ မောင်းခိုင်းလိုက်သည်။
မကြာမီ ရှောင်းယီ လေဆိပ်တံတိုင်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ဂိတ်ဝရှိ အစောင့်များက ချက်ချင်း အလေးပြုကာ လွှတ်ပေးလိုက်ကြသည်။
ရှောင်ယီ အတွင်းသို့ လျှောက်သွားသောအခါ တိုက်လေယာဉ်တစ်စီးကို ပတ်ချာလည် ကြည့်နေသော ကျန်းယွင်ထျန်းကို တွေ့လိုက်ရလေသည်။
“မင်း ငါ့ကိုတောင် မစောင့်နိုင်ဘူးလား။”
ရှောင်းယီမှာ ပြောစရာ စကားပင် ပျောက်ရှသွားခဲ့သည်။
“မင်း အခု ရောက်လာပြီ မဟုတ်ဘူးလား။ ငါ အပေါ်တက်ပြီး စမ်းကြည့်လို့ ရမလား။”
ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“သွား... သွား... စမ်းကြည့်လိုက်။”
ရှောင်းယီက လက်ဝှေ့ယမ်း ပြလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းသည် လေယာဉ်ပေါ်သို့ ချက်ချင်း စတင်တက်ရောက်လေတော့သည်။
ရှောင်းယီသည် တိုက်လေယာဉ်ကို သေချာကြည့်လိုက်၏။
“ပစ္စတင်တိုက်လေယာဉ် (SS အဆင့်) - ပစ္စတင်အင်ဂျင်ကို အသုံးပြုထားပြီး စက်သေနတ်စင်များနှင့် စက်အမြောက်စင်များ တပ်ဆင်ထားသည်။ အတွင်း၌ ရေဒီယိုဆက်သွယ်ရေး ကိရိယာများ ပါဝင်ပြီး အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ၈၀၀ ကီလိုမီတာ ဖြစ်သည်။ ပေ ၄၉၀၀၀ (၁၅၀၀၀ မီတာ) အမြင့်အထိ ပျံသန်းနိုင်ကာ တိုက်ပွဲဝင်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁၀၀၀ အထိ ရှိသည်။ ဤအမျိုးအစား တိုက်လေယာဉ်များထဲတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိထားခြင်း ဖြစ်သည်။”
ဤအမြန်နှုန်းမှာ အနှိုင်းမဲ့ပင်။ သူ အစောဆုံးရရှိခဲ့သော ဇိမ်ခံသင်္ဘောထက်ပင် ပို၍မြန်ဆန်နေသေးသည်။ တိုက်လေယာဉ်ဖြစ်သည့်အတွက် ထိုင်ခုံအရေအတွက် နည်းပါးသည်ကလွဲ၍ အပြစ်ပြောစရာ မရှိပေ။ စနစ်၏ နောက်ဆုံးစာသားအရ ရှောင်းယီသည် ဤလေယာဉ်ကို ထပ်မံပေါင်းစပ်၍ မရနိုင်တော့ကြောင်း သိလိုက်သော်လည်း လက်ရှိအခြေအနေတွင် ဤစွမ်းဆောင်ရည်မှာ လုံလောက်နေပြီ ဖြစ်သည်။
ရှောင်းယီ လေယာဉ်၏ စွမ်းဆောင်ရည်များကို စစ်ဆေးနေစဉ်မှာပင် ကျန်းယွင်ထျန်းက သူ့ကို အိုကေဟု အချက်ပြကာ အင်ဂျင်ကို နှိုးလိုက်တော့လေသည်။ အင်ဂျင်သံ ဟိန်းခနဲ မြည်ဟည်းသွားပြီးနောက် တိုက်လေယာဉ်သည် ပြေးလမ်းပေါ်တွင် ဖြည်းဖြည်းချင်း လှိမ့်ဆင်းကာ အရှိန်မြှင့်လာခဲ့သည်။ ပျံတက်မည့် အရှိန်သို့ ရောက်သောအခါ ဘီးများကို သိမ်းဆည်းပြီး ကောင်းကင်ယံသို့ ထိုးတက်သွားလေတော့သည်။
တိုက်လေယာဉ်၏ ဟိန်းသံကို စစ်စခန်းရှိ အခြားနေရာများမှပါ ကြားနေရ၏။
“ဒါက ဘာအသံကြီးလဲ။ ဘာလို့ အဲ့လောက်တောင် ကျယ်နေရတာလဲ။”
“ကောင်းကင်ကနေ လာနေသလိုပဲ။”
“ဟိုမှာကြည့်ကြဦး... အဲ့ဒါ ဘာကြီးလဲ။”
စစ်စခန်းရှိ စစ်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ မော့ကြည့်လိုက်ကြရာ အတောင်ပံပါသော စက်ပစ္စည်းတစ်ခုမှာ အပေါ်သို့ ပျံတက်နေသည်ကို တွေ့လိုက်ရ၏။ အသက်ရှင်ကျန်ရစ်သူစစ်သည်များမှာ ချက်ချင်းပင် သိလိုက်ကြလေသည်။
“ဒါက လေယာဉ်ပျံ မဟုတ်ဘူးလား။”
“လေယာဉ်ပျံလား။”
ဒေသခံစစ်သည်များမှာ ဇဝေဇဝါဖြင့် ကြည့်လိုက်ကြလေသည်။
“အတိအကျပြောရရင် တိုက်လေယာဉ်ပေါ့။ မင်းတို့ တီဗွီထဲမှာ မြင်ဖူးတဲ့ အမျိုးအစားပဲ။ ဒါပေမဲ့ ဒါက စစ်ရေးအတွက် သီးသန့်သုံးတာ “
အသက်ရှင်ကျန်ရစ်သူ စစ်သည်က ပြန်ဖြေလိုက်သည်။
“အသေးစိတ်ကိုတော့ ငါလည်း သိပ်မသိဘူး။ နည်းပြ လာရှင်းပြတာကိုပဲ စောင့်ရအောင်။”
“ငါတို့ တကယ်ပဲ ကောင်းကင်မှာ ပျံနိုင်တော့မှာလား။”
“ငါတို့ ပျံနိုင်နေတာ ကြာပြီလေ။ မိုးပျံပူဖောင်းတွေရော၊ လေကြောင်းခံတပ်တွေရောက ငါတို့ကို ပျံသန်းပေးနိုင်တာပဲ မဟုတ်ဘူးလား။”
“မဟုတ်ဘူးလေ... ဒီလောက်မြန်တဲ့ အရှိန်နဲ့ ပျံတာကို ပြောတာ။”
“ဟုတ်တယ်ာ အဲ့ဒီတိုက်လေယာဉ်က မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်သွားပြီ။”
သူတို့ စကားပြောနေစဉ်မှာပင် တိုက်လေယာဉ်မှာ အမည်းစက်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားတော့သည်။
“တန်းစီ...။”
အဝေးသို့ ငေးကြည့်နေသော စစ်သည်များကို မြင်သောအခါ နည်းပြတစ်ဦးက အော်ဟစ်လိုက်၏။ စစ်သည်များမှာ ချက်ချင်းပင် တန်းစီလိုက်ကြပြီး နောက်ထပ် သင်တန်းအတွက် ပြင်ဆင်လိုက်ကြတော့လေသည်။
ကျန်းယွင်ထျန်းသည် မြောက်ဘက်သို့ ဦးတည်ပျံသန်းနေ၏။ ဤကမ္ဘာ၏ စည်းမျဉ်းများကြောင့် လေယာဉ်မောင်းနှင်ရသည်မှာ အလွန်လွယ်ကူလှပေသည်။ သူ တိုက်လေယာဉ် မမောင်းရသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအခါ မည်သည့် ထစ်ငေါ့မှုမျှ မရှိဘဲ ကျွမ်းကျင်စွာ မောင်းနှင်နိုင်ခဲ့သည်။
ခရီးတစ်ခုသို့ ရောက်သောအခါ သူသည် အောက်ဘက် ပင်လယ်ပြင်တွင် သင်္ဘောအုပ်စုတစ်စုကို ရုတ်တရက် တွေ့လိုက်ရ၏။ အမြင့်ကို အနည်းငယ် နှိမ့်ချကာ ကြည့်လိုက်သောအခါ သင်္ဘောများပေါ်တွင် ရင်းနှီးနေသော တံဆိပ်တစ်ခုကို တွေ့လိုက်ရလေသည်။
“အနီရောင်ဝံပုလွေ ပင်လယ်ဓားပြတွေပဲ။”
ကျန်းယွင်ထျန်းက ရေရွတ်လိုက်သည်။
“သူတို့ ငါတို့ကို ရှာတွေ့ဖို့ ဒီလောက်တောင် ကြာသွားတာလား။ သူတို့ရဲ့ စုံစမ်းထောက်လှမ်းမှုက တော်တော်လေး နှေးတာပဲ။”
လောလောဆယ်တွင် ကျန်းယွင်ထျန်း တစ်ယောက်တည်းသာ တိုက်လေယာဉ်ပေါ်တွင် ရှိနေသဖြင့် အောက်ရှိ ပင်လယ်ဓားပြများကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် လှည့်ပြန်လာခဲ့၏။ တိုက်လေယာဉ်၏ အရှိန်ဖြင့်ဆိုလျှင် သူသည် ပြန်သွားကာ လူခေါ်ပြီး သူတို့ကို ပြန်လိုက်ရန် အချိန်အလုံအလောက် ရှိပေသည်။
မကြာမီ ကျန်းယွင်ထျန်းသည် လေဆိပ်သို့ ပြန်ရောက်လာပြီး ရှောင်းယီက သူ့ကို သွားကြိုကာ မေးလိုက်သည်။
“ဘယ်လိုလဲ... ခံစားချက်က။”
“အရမ်းရိုးရှင်းတယ်။ အခြေခံ မောင်းနှင်မှုတင်ဆိုရင်တော့ ဘယ်သူမဆို လုပ်နိုင်မှာပါ။ အထူးစစ်သည်တွေ လုပ်ချင်ရင်တော့ လေ့ကျင့်မှု နည်းနည်းလိုလိမ့်မယ်ယ”
ကျန်းယွင်ထျန်းက အမြန်ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ဒီစမ်းသပ်ပျံသန်းမှုမှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့လည်း တွေ့ခဲ့တယ်။”
“မိတ်ဆွေဟောင်းလား။”
ရှောင်းယီက သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ကောင်းကင်မှာ မိတ်ဆွေဟောင်းနဲ့ တွေ့တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။
“တခြားလူတွေလည်း တိုက်လေယာဉ် ရထားကြလို့လား။”